no

ပြဿနာတက်ပြီ (၂)

မာဂရက်၏ ရှင်းပြမှုကို နားထောင်ပြီးနောက် အယ်လီနာ ဒေါသထွက်သွားသည်။ ကောလာဟလများက အသေးစိတ်ကျပြီး တစ်စုံတစ်ယောက်သည် ထိုလှုပ်ရှားမှုတိုင်းကို ကိုယ်တိုင်ပြုလုပ်ခဲ့သလိုနှယ်။ အယ်လီနာ့နောက်သို့ အချိန်တစ်ခုကြာအောင် အလိုက်ခံခဲ့ရတာကြောင့် ဖြစ်နိုင်၏၊ ဇာတ်လမ်းက သူ(မ)၏လှုပ်ရှားမှုများနှင့် ပြည့်စုံစွာလိုက်ဖက်နေတော့သည်။ အယ်လီနာ၏နားထဲတွင်တောင် ကောလာဟာလများက အစစ်အမှန်တိုင်းပင်။

လက်တွေ့မှာ သူ(မ)က ညသန်းခေါင်အချိန်၌ ကာလိုင်းဆီကို တစ်ခါလေးသာသွားခဲ့ဖူးသော်လည်း ယခု သူ(မ)က ညတိုင်း မတူညီသောယောက်ျားများကို သွားတွေ့တတ်သောအမျိုးသမီးအဖြစ် နာမည်တပ်ခံလိုက်ရသည်။ သူ(မ)သည် ဘလောဆယ်အိမ်တော်၌ ကောလာဟာလများကို အလျင်အမြန် ချိတ်ပိတ်နိုင်ခဲ့သော်လည်း ဟယ်လင်ကတော့ မျက်မြင်သက်သေများကို ခေါ်ဆောင်သွားခဲ့သည် - ဆိုဖီယာတင်သာမက ကောလာဟာလများကို ကြားဖူးထားသော အစေခံများကိုလည်း ခေါ်ထားခြင်းဖြစ်၏။

ထိုမျှသာမကပေ။

"ပြီးတော့ လေဒီဘလေဆယ်... ရှင်နဲ့ အိပ်ဖူးတယ်ဆိုပြီး ပြောနေတဲ့ အမျိုးသားတစ်ယောက်လည်းရှိတယ်။"

"..."

အယ်လီနာ ထိုးထွက်လာသောဒေါသများကို ထိန်းချုပ်ရန် သူ(မ)၏မေးရိုးများကို တင်းနေအောင် အံကြိတ်ထားမိသည်။

'... ငါ ယုံတောင်မယုံနိုင်ဘူး။"

ဤကောလာဟလက ဘလေဆယ်အိမ်တော်မှာ ပျံ့နှံ့ခဲ့သောတစ်ခုထက် ပိုပြီးထိတ်လန့်စရာကောင်းပေသည်။ မကြာမီ အရှုပ်အထွေးများနှင့် ပြည့်နှက်လာနိုင်ပြီး ကာလိုင်းကိုလည်း အယ်လီနာ၏သွေးဆောင်မှုများကြား သားကောင်တစ်ကောင်အဖြစ် ပုံဖော်လိုက်နိုင်၏။ ၎င်းတို့ တတ်နိုင်သမျှမြန်မြန်လက်ထပ်ရန် စီစဥ်ထားသော်လည်း ကောလာဟလများကိုကိုင်တွယ်ဖို့မှာ ခက်ခဲမည့်ပုံပင်။

'ငါ ဘာလုပ်သင့်လဲ။'

သူ(မ) ကာလိုင်းနှင့် ရိုးရိုးသားသားတွေ့ဆုံခဲ့ကြောင်း သက်သေပြချင်သော်လည်း တစ်စုံတစ်ခုမှားယွင်းသွားပါက သူ(မ)အား သူ၏သက်တော်စောင့် 'လန်' အဖြစ် ရှာတွေ့သွားနိုင်၏။ ဟယ်လင်က ၎င်းအား ရည်ရွယ်ထားတာမဟုတ်သော်လည်း သူ(မ)သည် လန့်ကိုပါ ထောင်ချောက်ထဲ ဖမ်းမိသွားနိုင်သည်။ ဥပမာအားဖြင့် အယ်လီနာနှင့် ကာလိုင်းတို့ ပန်းတံတား၌ အတူတူရှိနေကြောင်း ဖော်ပြလို့မဖြစ်ပေ။ ထိုနေရာ၌ မျက်မြင်သက်သေများစွာရှိပြီး သက်တော်စောင့်များထဲ မျက်နှာသစ်က လန်တစ်ယောက်သာ။ အယ်လီနာသာ ထိုဇာတ်လမ်းအား ဆင်ခြင်မဲ့စွာ ငြင်းဆန်လိုက်လျှင် ဟယ်လင်က ထူးဆန်းမှုကို သတိပြုမိသွားနိုင်သည်။ အယ်လီနာ ကာလိုင်းနှင့် သက်ဆိုင်မှုမရှိအောင် ထိုကိစ္စအား ဖြေရှင်းရမည်။

အယ်လီနာ၏ရင်ဘတ်ထဲ အပူမီးများ မြင့်တက်လာနေသော်လည်း သူ(မ) ခေါင်းအေးအောင် ကြိုးစားနေရသည်။ ယခုအခိုက်အတန့်တွင် သူ(မ)၏ဒေါသထက် ထိုပြဿနာကို ဖြေရှင်းဖို့က ပို၍အရေးကြီး၏။ ဖိတ်ကျသွားသောရေများကို ပြန်လည်ခပ်ယူဖို့ မဖြစ်နိုင်တော့လျှင် ထိုရေများကို ခြေရာလက်ရာမကျန်အောင် ရှင်းလင်းရပေမည်။

သို့သော်လည်း သူ(မ) အဖြေမရှာနိုင်သေးပေ။ လူ့အဖွဲ့အစည်း၌ အတင်းအဖျင်းများ ပြောကြသည့်ကိစ္စမှာ ကောင်းသတင်းထက် မကောင်းသတင်းက ပို၍ပျံ့နှံလွယ်၏။ ကောလာဟလများက အတုအယောင်ပါဟု အယ်လီနာ မည်မျှပင် အော်နေပါစေ၊ လူများ၏ပါးစပ်များအား မည်သို့ ထိန်းချုပ်နိုင်လိမ့်မည်နည်း။ မကောင်းသတင်းအား ပြန်လည်ရုပ်သိမ်းဖို့က မလွယ်ကူချေ။

'... ငါ ဘယ်လောက်ပဲစဥ်းစားနေပါစေ၊ ဖြေရှင်းဖို့အတွက် မဖြစ်နိုင်ဘူး။'

သူ(မ) အဆိုးဆုံးကို ကြောက်ရွံ့မိသည်။ မာဂရက်က အယ်လီနာ၏ တင်းမာနေသောအမူအရာကို သတိပြုမိပြီး သူ(မ)ထံ ချဥ်းကပ်လာခဲ့၏။

"လေဒီဘလေဆယ် အဆင်ပြေရဲ့လား။"

"...အင်း။ ကျွန်မ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမှန်း မသိသေးရုံတင်ပါ။"

"တို့ အဲ့ဒီခံစားချက်ကို နားလည်ပါတယ်။ အစတုန်းက တို့ ဒီကိစ္စကို မပြောပြချင်ခဲ့ဘူး။ ဒါပေမဲ့ တို့လည်း လေဒီရှယ်ဘီကြောင့် စွပ်စွဲခံခဲ့ရတယ်။ စိတ်မပျက်ပါနဲ့၊ အချိန်ကြာလာရင် ဖြည်းဖြည်းချင်း မေ့သွားကြမှာပါ။"

မာဂရက်၏စကားများက တခြားသူများကို နှစ်သိမ့်ပေးနိုင်သော်လည်း အယ်လီနာ့ကိုတော့ မနှစ်သိမ့်နိုင်ချေ။ အယ်လီနာက ကာလိုင်းနှင့် အမြန်ဆုံးလက်ထပ်ရမည်။ ဧကရာဇ်စူလီဗန်က လအနည်းငယ်ဆို ကွယ်လွန်တော့မည်ဖြစ်ပြီး သစ္စာဖောက်ဖေးဗလုက ထီးနန်းသိမ်းယူဖို့ ပြင်ဆင်နေသည်မှာ ယခုဆို တစ်နှစ်နီးပါးရှိတော့မည်။ ထိုကဲ့သို့ ကောလာဟလများကို ဖြေရှင်းရန် အချိန်မရှိပေ။ အယ်လီနာ သူ(မ)၏စိတ်ပျက်မှုတို့ကို ဖုံးကွယ်မထားနိုင်သော်လည်း မာဂရက်၏စိုးရိမ်မှုအတွက် ကျေးဇူးတင်မိ၏။

"ဒီကိစ္စကို လူကိုယ်တိုင် လာပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ လေဒီလောရင့်။"

"ဒါပေါ့။ လေဒီရှယ်ဘီက တစ်ခုခုလုပ်လိုက်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ဘာလုပ်မယ်မှန်း မသိခဲ့ဘူး။ တို့ သူ(မ)ကြောင့် ခံစားခဲ့ရတာကို မမှတ်မိဘူးဆိုရင် တို့လည်း ကောလာဟလတွေနဲ့ အရူးလုပ်ခံရလောက်တယ်။"

အခြားသူများက ကောလာဟလများကြား အရူးလုပ်ခံနေရစဥ် မာဂရက်က ၎င်းအား အလိမ်အညာပါဟူ၍ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။ အယ်လီနာ လက်ဖက်ရည်ပါတီကကိစ္စအား ပြန်တွေးလိုက်၏။

"လက်ဖက်ရည်ထဲကို ဆားထည့်တဲ့သူက ရှင်မဟုတ်ဘူးဆိုတာ ကျွန်မ အရင်ကတည်းက ပြောပြခဲ့သင့်တယ်။"

ထိုအချိန်က သူ(မ)အတွက် တရားခံကမည်သူဖြစ်နေပါစေ အရေးမပါခဲ့ပေ။ ဟယ်လင်၊ ဆာရာနှင့် မာဂရက်တို့အားလုံး အယ်လီနာ့အား ဆားလက်ဖက်ရည်သောက်ရန် အကွက်ချခဲ့ကြပြီး မိုင်ယာဘယ်လာက သောက်မိလုနီးပါးဖြစ်ခဲ့၏။ အယ်လီနာက ထိုအချက်ကို သည်းမခံနိုင်ခဲ့ပေ။ အယ်လီနာ၏ ယခင်ဘဝတုန်းက ထိုလက်ဖက်ရည်အား သောက်မိခဲ့သူမှာ သူ(မ)ဖြစ်နေခဲ့သည့်အတွက် ခွင့်လွှတ်ပေးနိုင်ခဲ့သည်။

မာဂရက်က လက်ဝှေ့ယမ်းပြခဲ့၏။

"မဟုတ်တာ! လေဒီရှယ်ဘီက ဦးဆောင်ခဲ့ပေမဲ့ တို့က သူ(မ)နောက်ကနေ လိုက်ခဲ့တာပဲလေ။ ရှင့်နေရာမှာ တို့သာဆိုရင် ခွင့်လွှတ်ပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ရှင်ကတော့ ကြင်နာတတ်တဲ့နှလုံးသားရှိတယ်၊ အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်။"

ရုတ်တရက် အယ်လီနာ၏စိတ်ထဲ 'သူငယ်ချင်း' ဟူသောစကားလုံး ပေါ်ပေါက်လာခဲ့သည်။ သူ(မ)၏အတိတ်ဘဝ၌ သူ(မ)နှင့်အတူ တိုက်ပွဲဝင်ခဲ့သော ရဲဘော်ရဲဘက်များနှင့်တောင် ထိုစကားလုံးအား အသုံးမပြုခဲ့နိုင်ပေ။ သူ(မ)၏မိသားစုကို ဆုံးရှုံးသွားပြီးနောက် သူ(မ)၏စိတ်နှလုံးထဲ ထိုအတွက် အခန်းကဏ္ဍမရှိသလို ထိုအရင်ကလည်း ရဲတိုက်ထဲကနေ အပြင်ထွက်ခဲသည့်အတွက် အပေါ်ယံနှုတ်ဆက်ခြင်းများအပြင် နက်ရှိုင်းသောဆက်ဆံရေးမျိုး မရှိခဲ့ဖူးပေ။ သူ(မ) အရင်တုန်းက သူ(မ)အရွယ် အမျိုးသမီးများနှင့် သူငယ်ချင်းမဖွဲ့ဖူးခဲ့ချေ။ အယ်လီနာ၏ လက်ရှိအခြေအနေက သူ(မ) ကြုံတွေ့ခဲ့ရသည့်အဆိုးဆုံးသောအရာများ မဟုတ်သော်လည်း ထွက်ပေါ်လာသော ချိတ်ဆက်မှုလေးက သူ(မ)အား နွေးထွေးမှုအသစ်တစ်ခုကို ဆောင်ကျဥ်းပေးခဲ့သည်။

"လေဒီလောရင့်။"

အယ်လီနာ အခြားသူများကို မပြသဖူးသော ရှားရှားပါးပါးအပြုံးတစ်ခုကို လျစ်ဟပြလိုက်သည်။ မာဂရက်မှာ ထိုမြင်ကွင်းကြောင့် မျက်လုံးများပြူးကျယ်သွားလေ၏။ အယ်လီနာက သံချိုလေးဖြင့် ဆက်လက်ပြောကြားခဲ့သည်။

"ကျေးဇူးတင်ပါတယ်။"

...

စကားပြောပြီးနောက် အယ်လီနာ မာဂရက်အား လိုက်လံပို့ဆောင်ခဲ့သည်။ အယ်လီနာ၏ လက်ရှိအခြေအနေက ခက်ခဲနေသဖြင့် သူ(မ)နှင့် အချိန်အကြာကြီး အတူမရှိနိုင်ပေ။ သို့သော်လည်း အယ်လီနာ မည်မျှကြိုးစားနေပါစေ ကောလာဟလများကို ပျောက်ကွယ်သွားဖို့ နည်းလမ်းတစ်ခုတည်းမှလွဲ၍ တခြားနည်းလမ်းများကို မစဥ်းစားနိုင်ခဲ့ချေ။

'မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပေါ့။'

ကောလာဟလအားတိုက်ထုတ်ရန် နည်းလမ်းက... နောက်ထပ်ကောလဟတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။ အယ်လီနာ၏အနီရောင်မျက်လုံးများက သွေးများနှယ် တောက်ပလျက်ရှိ၏။

"ဒီကိစ္စအတွက် ကျွန်မကို အပြစ်မတင်ပါနဲ့ လေဒီရှယ်ဘီ။"

အိပ်နေသောခြင်္သေ့အား လာနှိုးဆွသည့်သူက သူ(မ)ပင်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment