no

Font
Theme

ဒီနေ့သူ(မ)မငိုခဲ့ဘူး (၁)

"အယ်လီနာ၊ ဘာတွေလုပ်နေခဲ့တာလဲ။"

အယ်လီနာ အံ့သြထိတ်လန့်ကာ တုန်ယင်သွားသော်လည်း အဲလ်ဖော့မေးသည့်ကိစ္စကို သူ(မ) နားလည်ပေ၏။ သူက ပျံ့နှံ့နေသော ကောလာဟလများအကြောင်း မေးနေခြင်းဖြစ်၏။ သို့သော် သူ(မ)မှာ မေးစရာရှိနေသည်။

'သူ ဘယ်ကနေကြားခဲ့တာလဲ။'

အဲလ်ဖော့က ဟယ်လင့်ကြောင့်ပျံ့နှံ့နေသော ကောလာဟလများကို မေးနေခြင်းလော၊ သို့မဟုတ် ကာလိုင်းနှင့်ကိစ္စကို မေးနေခြင်းလော မရှင်းလင်းပေ။ သို့သော် သူသာ အပုပ်ချထားသောကောလာဟလများကို ကြားခဲ့ရလျှင် အိမ်တော်သို့ ယခုထက်ပိုပြီး စောစီးစွာပြန်လာလိမ့်မည်။ သူ ယခုအချိန်မှ ပေါ်လာသည်ကိုကြည့်ခြင်းအားဖြင့် ကာလိုင်းနှင့်ကိစ္စကို ကြားခဲ့ခြင်းဖြစ်လောက်သည်။

'... သူ ကောလာဟလတွေအားလုံးကို မသိလောက်ပါဘူး၊ ဟုတ်တယ်မလား။"

သို့သော် သူက ကောလာဟလများအားလုံးကို လျစ်လျူရှုထားပြီး ကာလိုင်းပါဝင်နေသည်ဟုကြားကြားချင်း အပြေးလာခဲ့တာလည်း ဖြစ်နိုင်၏။ သူ(မ)၏အဖေက ပြတ်သားပြီး သူ့ကိုယ်သူ ကောင်းကောင်းမဖော်ပြတတ်သော်လည်း သူ(မ)ကို ချစ်နေဆဲဖြစ်ကြောင်း ယုံကြည်ထားပေသည်။ သူ(မ) တည်ငြိမ်သောလေသံဖြင့် ပြန်ပြောကာ တုန်ယင်နေသောအကြည့်များကို ကွယ်ဝှက်ထားခဲ့သည်။

"အထဲကို အရင်ဝင်ပြီး ညစာအရင်စားလိုက်မလား။"

"တော်ပြီ။ အခုလောလောဆယ် ညစာထက် မင်းဆီကစကားကို အရင်နားထောင်ချင်တယ်။"

"... ဟုတ်ကဲ့ပါ၊ အဖေ။"

အယ်လီနာ သူ(မ)အဖေ၏စကားကို မလိုက်နာလို့မရချေ။ တခြားအစေခံများကို သွားခိုင်းလိုက်ပြီး သူ၏ရုံးခန်းထဲသို့ သူ(မ)၏မိသားစုဝင်များနှင့်သာ လမ်းလျှောက်သွားခဲ့ကြသည်။ အဲလ်ဖော့၊ အယ်လီနာနှင့် မိုင်ယာဘယ်လာတို့က အိမ်တော်၏ သခင်များဖြစ်စေကာမူ အစေခံများ၏ရှေ့မှာ အရေးကြီးကိစ္စများပြောခြင်းက အကြံကောင်းမဟုတ်ပေ။ လူတိုင်း ကြားသွားနိုင်ပြီး ဆိုဖီယာ့တုန်းကလို ထိတ်လန့်စရာဇာတ်လမ်းများကို ဖြန့်လိုက်နိုင်ပေ၏။

၎င်းတို့သည် အဲလ်ဖော့၏သီးသန့်ရုံးခန်းထဲသို့ စကားတစ်ခွန်းမပြောဘဲ ဝင်သွားခဲ့ကြ၏။

ဘန်း။

အဲလ်ဖော့က ရုံးခန်းတံခါးကိုဖွင့်ကာ ခြေလှမ်းကျဲများဖြင့် အရင်ဆုံးဝင်သွားခဲ့၏။ အယ်လီနာ လိုက်ဝင်ရန်ပြင်လိုက်သော်လည်း မိုင်ယာဘယ်လာက သူ(မ)၏အင်္ကျီစကို ဆွဲလိုက်သည်။

"ညီမလေးလည်း လိုက်ခဲ့မယ်။"

"အဆင်ပြေပါတယ်။ ဒါက မမရဲ့ပြဿနာမို့ အဖေနဲ့ နှစ်ယောက်တည်းပဲ ပြောလိုက်မယ်။"

"ဒါပေမဲ့... ညီမလေး စိတ်ပူတယ်။"

အဲလ်ဖော့တစ်ယောက် မုန်တိုင်းထန်နေသောမျက်နှာထားဖြင့် ပြန်ရောက်လာသည်ကို မိုင်ယာဘယ်လာ တွေ့လိုက်ရသည်။ သူ(မ) အသေးစိတ်ကိုမသိသော်လည်း အဲလ်ဖော့သည် အယ်လီနာနှင့်ကာလိုင်းတို့၏ ဆက်ဆံရေးနှင့်ပတ်သက်၍ တစ်စုံတစ်ခုကိုကြားပြီး ပြန်လာခဲ့ခြင်းဖြစ်ရမည်။ စကားဝိုင်းက ပြင်းထန်လိမ့်မည်ဖြစ်ကြောင်း သူ(မ) ခန့်မှန်းမိနေသည်။

"စိတ်မပူပါနဲ့၊ အပြင်ကနေပဲ စောင့်နေနော်။"

အယ်လီနာက ပြုံးပြလိုက်သည်။ ထိုစဥ် အဲလ်ဖော့က အထဲကနေ ကျယ်လောင်စွာအော်ပြောခဲ့၏။

"ဝင်မလာဘဲ ဘာလုပ်နေတာလဲ။"

"လာပါပြီ၊ အဖေ။"

သူ(မ)က မိုင်ယာဘယ်လာ၏ဦးခေါင်းလေးကို ပွတ်သပ်ကာ သူ(မ)အဖေစောင့်နေရာသို့ အမြန်ဝင်သွားလိုက်၏။ တံခါးပိတ်လိုက်ချိန်မှာ မိုင်ယာဘယ်လာ၏မျက်နှာထက် နောင်တရနေသောအမူအရာတို့ ဖြတ်ပြေးသွားခဲ့သည်။

အဲ့လ်ဖော့က အယ်လီနာဝင်လာသည်ကို စိုက်ကြည့်နေပြီး စကားဝိုင်းကို တဲ့တိုးစတင်လိုက်၏။

"ကောလာဟလတွေက ဘာတွေလဲဆိုတာ ရှင်းပြစမ်း။"

"အဖေ ဘာကိုမေးနေတာလဲဆိုတာ တိတိကျကျမသိ-"

ဘန်း။

အဲ့လ်ဖော့က စားပွဲကို လက်သီးဖြင့်ရိုက်ချလိုက်သည်။

"ငါ မင်းကို မင်းသားကာလိုင်းနဲ့ပတ်သက်ပြီး မေးနေတာ! မင်း သူနဲ့တွေ့ခဲ့တယ်ဆိုတာ အမှန်ပဲလား!"

"...!"

အယ်လီနာ သူ(မ)အဖေ၏ ရုတ်တရက်ဒေါသထွက်မှုကြောင့် စကားပြောတာကို ရပ်လိုက်သည်။ အဲ့လ်ဖော့က အိမ်တော်မှာ မည်သည့်အခါမှ မအော်ဖူးသလို၊ ကြမ်းကြမ်းတမ်းတမ်းလည်း မလုပ်တတ်သည့် စည်းကမ်းကြီးသော သူရဲကောင်းတစ်ဦးဖြစ်သည်။ သူ(မ)၏အစ်ကို ဒဲရက်လည်း အတူတူပင်။ အတိတ်ဘဝက ဓားသမားဖြစ်ခဲ့သော အယ်လီနာသည် ၎င်းတို့၏အသက်မွေးဝမ်းကြောင်း၌ သင့်တင့်သော ကိုယ်ရည်ကိုယ်သွေးကိုထိန်းရန် မည်မျှခက်ခဲကြောင်း ကောင်းကောင်းသိပေသည်။ အကြောင်းတချို့ကြောင့် ဓားသမားအများစုမှာ တစ်ကိုယ်ကောင်းဆန်ကာ ရက်စက်တတ်ကြပြီး ရွာထဲမှအရက်ဆိုင်များတွင် အမြဲတမ်းစည်ကားနေတတ်၏။

ပထမတော့ အယ်လီနာ ၎င်းတို့၏ အရိုင်းဆန်သောစိတ်ခံစားချက်များကို ပုံဖော်၍မတတ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနားလည်လာခဲ့သည်။ ၎င်းက လက်ကိုသွေးစွန်းဖူးသူတို့သာသိသော စိတ်ခံစားချက်တစ်ခုပင်။ စစ်ပွဲ၌ သေခြင်းတရားများစွာကိုတွေ့လေ စိတ်အစဥ်က ပြိုလဲလာလေဟု ခံစားရလိမ့်မည်။ တည်ငြိမ်သော အယ်လီနာပင်လျှင် တစ်ခါတစ်ရံ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ဘဲ ညသန်းခေါင်ကြီး အရူးတစ်ယောက်လို ပြေးလွှားခဲ့ဖူးသည်။ သူ(မ) သေခြင်းတရားများစွာကို မျက်မြင်တွေ့ခဲ့ဖူး၏။ ရန်သူများသာမက သူ(မ)နှင့် အရင်တစ်ရက်ကပဲ နှုတ်ဆက်ခဲ့ဖူးသော စစ်သားများအားလုံးပင်။ အတွေးပေါင်းများစွာက

သူ(မ)ကို နှိပ်စက်ခဲ့ကြသည်။ 'သူ(မ)လည်း သူတို့လို သေရမှာလား၊ သူ(မ)သတ်လိုက်တဲ့သူတွေမှာ မိသားစုတွေရှိနေမှာလား။' သူ(မ) ဓားကိုင်လိုက်သည်နှင့် ထိုစကားများက သူ(မ)ကို အရိပ်တစ်ခုလို ခြောက်လှန့်နေခဲ့ကြသည်။ အမှောင်စိတ်ခံစားချက်တို့ သူ(မ)၏စိတ်ထဲ စုစည်းလာပြီး မည်သို့မှ အဖြေရှာလို့မရသလို မေ့လျော့မသွားခဲ့ပေ။ သူ(မ)မိသားစုအတွက် လက်စားချေရန် ဆုံးဖြတ်ချက်ခိုင်မာနေတာကြောင့်သာ မဟုတ်ပါက အယ်လီနာ အလဲလဲအကွဲကွဲဖြစ်နေလောက်ပြီ။ ၎င်းမှာ အတိတ်တုန်းက သူ(မ)၏ဘဝဖြစ်ပြီး တော်ဝင်မိသားစု၏သူရဲကောင်းဖြစ်သော သူ(မ)၏ဖခင်သည်လည်း ထိုကဲ့သို့နေထိုင်ခဲ့ရသလားဟု သူ(မ) သိချင်မိ၏။

"အဖေ ကောလာဟလကို ကြား-"

"ဘယ်တစ်ခုလဲ။ မင်းရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ကောလာဟလလား။ ဒါမှမဟုတ် အိမ်ရှေ့စံမင်းသားက မင်းကြောင့် မင်းမျိုးမင်းနွယ်တစ်ယောက်ကို ခေါင်းဖြတ်လိုက်တဲ့အကြောင်းလား။"

"...အဖေ အဲ့ဒါကိုပါ သိနေတယ်?"

အဲ့လ်ဖော့၏မှတ်ချက်များက အယ်လီနာနှင့်ပတ်သက်သော ဆိုးဝါးလှသည့်ကောလာဟလများကို သူသိနေသည်ဟု ဆိုလိုနေ၏။ ဒါပေမဲ့... သူက ကာလိုင်းနဲ့ဆက်ဆံရေးကို ပိုပြီးသိချင်နေခဲ့တာ။

"အာ..."

အယ်လီနာ သက်ပြင်းချလိုက်သည်။ သူ(မ) ရေရှည်စုစည်းခဲ့သော ဒေါသတို့က သူ(မ)စိတ်ထဲ တိုးထွက်လာနေသည်ကို ခံစားမိပေ၏။ သူ(မ)သည် ထိုကောလာဟလများက မည်သို့ဖြစ်လာကြောင်း ရှင်းပြနိုင်ရန် သူ(မ)အဖေ၏နှုတ်မှ ဟယ်လင်၏အမည်ထွက်လာဖို့ မျှော်လင့်နေမိသည်။ သို့သော် သူ(မ)၏အဖေက ထိုအကြောင်းအား မသိချင်ခဲ့ပေ။

'...ဘာလို့ ဒီလိုမျိုးလုပ်နိုင်ရတာလဲ။'

အယ်လီနာ ညတိုင်း ယောက်ျားများနှင့်တွေ့ကြောင်း ကောလာဟလက ဖခင်တစ်ယောက် သည်းခံနိုင်စရာကိစ္စမဟုတ်ပေ။ သို့သော် သူက သူ့သမီးထက် အိမ်ရှေ့စံမင်းသားအကြောင်းကို ပိုပြီးသိချင်နေလေ၏။

"ငါပြောတာကြားလား။ အိမ်ရှေ့စံမင်းသားနဲ့ ဘယ်လိုပတ်သက်တာလဲ။"

သူ(မ) သူ့ကိုကြည့်လိုက်သောမခါ သူ(မ)၏ရင်ဘတ်အား ဓားဖြင့်အမွှန်းခံရသလို ခံစားလိုက်ရသည်။ ဤဝမ်းနည်းမှုက... သူ(မ) တွေးမိသည့်အရာကို ငြင်းဆန်ချင်သော်လည်း သူ(မ)အဖေအား တိုက်ရိုက်မေးပစ်လိုက်ချင်၏။

'သမီးကို ချစ်သေးရဲ့လား။'

သူ(မ)က အမြဲတမ်း ဒဲရက်နှင့် မိုင်ယာဘယ်လာတို့နောက်မှာသာ ရှိနေခဲ့သော်လည်း သူ(မ)၏အဖေက သူ(မ)ကိုချစ်သည်ဟု အမြဲတမ်းယုံကြည်ထားခဲ့သည်။ တစ်ခါလောက်ဖြစ်ဖြစ် သူ(မ) သူ၏ရင်ခွင်ကျယ်ထဲကိုပစ်ဝင်ကာ သူ့ကို ပြုံးရယ်လာအောင် ပြုလုပ်ချင်မိ၏။ တစ်ခါလောက်... သူ(မ) မည်မျှခက်ခဲခဲ့ကြောင်း ညည်းတွားပြချင်မိခဲ့သည်။

ဤသည်က အယ်လီနာ၏ဘဝမှာ ခွင့်ပြုချက်မရှိသော တစ်စုံတစ်ခုဖြစ်နိုင်သည်။

"အယ်လီနာ!"

အဲလ်ဖော့က သူ(မ)ကို အော်လိုက်၏။ အယ်လီနာ တည်ငြိမ်သောလေသံဖြင့် ပြန်ဖြေခဲ့သည်။

"အိမ်ရှေ့စံမင်းသားက..."

သူ(မ)၏ရင်ဘတ်ထဲမှာ အပေါက်ကြီးဖြစ်နေသလို ခံစားရသော်လည်း သူ(မ)ကိုယ်သူ(မ) ပြန်လည်မာကျောစေခဲ့၏။ သူ(မ) ဤအရာကို အတုအယောင်ဖန်တီးနိုင်သည်။ အယ်လီနာသည် သူ(မ)၏အဖေ အိမ်တော်သို့ပြန်လာမည်ဟု ကြားလိုက်ရပြီးနောက် မှန်ထဲမှာ ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့၏။ သူ(မ) တစ်ချက်ကလေးတောင် တွန့်မသွားဘဲ ပြောနိုင်ခဲ့သည်။

"ကျွန်မတို့က အချင်းချင်းတွေ့တာ နည်းနည်းကြာပါပြီ။ တစ်ရက်မှာ အမှတ်မထင်ဘဲ တွေ့ခဲ့ကြပြီး အစကတည်းက အချင်းချင်း မေတ္တာမျှခဲ့ကြတာပါ။ အဲ့ဒီအချိန်ကတည်းက လျှို့ဝှက်ပြီး တွဲခဲ့ကြပါတယ်။"

"ဒါဆို မောရစ်မိသားစုဘက်က လက်ထပ်ခွင့်တောင်းတယ်လို့ပြောတော့ ဘာလို့ ဘာတစ်ခွန်းမှမပြောခဲ့တာလဲ။"

"အရင်တုန်းက... အဖေ ဘာပြောမလဲဆိုတာ မသေချာလို့ပါ။"

ကာလိုင်းနှင့် သဘောတူညီချက်က ပျက်သွားခဲ့သည်ရှိသော် သူ(မ)၏အဖေကို သူ(မ)၏ စံထားသောအမျိုးသားပုံစံအား ပြောပြခဲ့သည်။ နိုင်ငံရေးလက်ထပ်မှုများက အိမ်တော်၏ခေါင်းဆောင်မှ ဆုံးဖြတ်သောကြောင့် သူ(မ)အလိုရှိသော ယောက်ျားမျိုးကို သူ့အားပေးသိထားတာ ပိုကောင်းမည်ဟု သူ(မ) တွေးခဲ့မိသည်။ ထို့ပြင် ကနဦးအစီအစဥ်က ကပွဲပြီးနောက် ကာလိုင်းနှင့်လက်ထပ်ရန်ဖြစ်သော်လည်း ယခု ဟယ်လင့်ကြောင့် အခြေအနေက ပြောင်းလဲသွားချေပြီ။

အဲ့လ်ဖော့က သူ၏သမီးဖြစ်သူကို စိတ်ပျက်လက်ပျက်ကြည့်နေ၏။

"မင်း အိမ်ရှေ့စံနဲ့တွေ့လိုက်တာနဲ့ လက်ထပ်ပွဲကိုတောင် မစဥ်းစားတော့ဘူးလား။ မင်း သူနဲ့ကွဲသွားခဲ့ရင် မင်းကိုယ်မင်းမြှင့်တင်ဖို့ လက်ထပ်ပွဲကို စဥ်းစားထားသင့်တယ်။"

အယ်လီနာ သူ၏မေးခွန်းအား ပြန်မဖြေနိုင်ခဲ့ပေ။ သူ(မ) သူ့ကို 'သူ(မ) ချစ်နေတာကို အခြားတစ်စုံတစ်ယောက်နဲ့ လက်ထပ်ဖို့လိုအပ်လို့လား။' နှင့် 'အခုက ဘယ်ခေတ်ကိုရောက်နေပြီလဲ သိရဲ့လား။' ဟု မေးမြန်းလိုက်ချင်၏။

သို့သော် သူ(မ) မလုပ်ခဲ့ပေ။ သူ(မ)က သူ(မ)အဖေရှေ့မှာ အမြဲလိုလို အသံတိတ်နေခဲ့သည်။

'...ဘာလို့လဲ။'

သူ(မ)ကိုယ်သူ(မ) ပြန်မေးမိလိုက်သည်။ ထို့နောက် သူ(မ) ရက်စက်သည့်အပြုံးတစ်ခုကို ပြန်လည်ထိန်းချုပ်လိုက်ရ၏။

'ဘာလို့ဆို ငါ အမုန်းမခံချင်လို့...'

မယုံကြည်နိုင်စွာဖြင့် အယ်လီနာ သူ(မ)၏သွေးအေးသောဖခင်အား တစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပေ။ ဤမိသားစု၌ အောင်မြင်မှုရရှိခဲ့သည့် ဒဲရက်နှင့် အမြဲတမ်း ကာကွယ်ပေးခံရသော မိုင်ယာဘယ်လာတို့ရှိသော်လည်း...

'...သမီးကိုလည်း ကြည့်ပေးပါ၊ အဖေ။'

ကျေးဇူးပြုပြီး နည်းနည်းလောက်ဖြစ်ဖြစ် ချစ်ပေးပါ။ သူ(မ) မပြောနိုင်သောစကားတို့က သူ(မ)၏နှုတ်ခမ်းထက်မှာ ရစ်သီနေကြ၏။ သူ(မ)လုပ်ခဲ့သော အရာအားလုံးတို့က ဤမိသားစုအတွက်ဖြစ်သည်။ အယ်လီနာ၏မျက်လုံးများက ဝမ်းနည်းမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဲလ်ဖော့က ထပ်ပြောရန်ပြင်လိုက်ချိန် ရုတ်တရက်ဆိုသလို တံခါးက အသံကျယ်ကြီးဖြင့်ပွင့်သွားပြီး မိုင်ယာဘယ်လာက စိတ်မရှည်စွာဖြင့် ခြေလှမ်းကျဲများနှင့် ဝင်လာခဲ့လေ၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment