ဘာလို့မပြောတာလဲ (၂)
"မြို့စားကတော်ဗီဗီယာနာ ပြောနေတာဆိုတော့ အမှန်ပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား။"
"တို့လည်း သိပ်မကြာသေးခင်က လေဒီရှယ်ဘီအကြောင်း ကောလာဟလတွေကြားခဲ့ရတယ်။ သူ(မ)က လေဒီဘလေဆယ်ကို မနာလိုပြီး ဇာတ်လမ်းတွေဆင်နေတာတဲ့... အစေခံနဲ့အတူတူပေါ့။"
"အိုး၊ တို့လည်းကြားတယ်။ ဒါဆို အဲ့ဒါက အမှန်ပဲပေါ့?"
တိကျသော သက်သေမရှိဘဲနှင့်တောင် အများ၏အမြင်ကို ချက်ချင်းပြောင်းလဲလိုက်နိုင်သည်။ ၎င်းမှာ အယ်လီနာရည်ရွယ်ထားသော ရလဒ်ဖြစ်ပြီး မာဂရက်၏တည်ရှိမှုကြောင့် ပို၍လွယ်ကူသွားခဲ့သည်။ မာဂရက်က အနည်းငယ် အံ့အားသင့်နေဟန်ပင်။ အယ်လီနာ သူ(မ)ကို ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်လိုက်ရာ သူ(မ)က ပြန်ပြုံးပြခဲ့လေ၏။
သို့သော်လည်း ဤသည်က အယ်လီနာ ဟယ်လင့်အတွက်ပြင်ဆင်ထားသည့် အစသာရှိသေးသည်။
"ကပွဲမှာတုန်းက လေဒီဘလေဆယ် မက်ဒေါနားသရဖူမရခဲ့တော့ ကျွန်မကိုတောင် ခြိမ်းခြောက်ခဲ့သေးတယ်။"
"တို့ ဘယ်တုန်းက...!"
ဟယ်လင်က ငြင်းရန်ကြိုးစားလိုက်သော်လည်း သူ(မ)၏မျက်နှာက အရောင်ပြောင်းနေလေပြီ။ ၎င်းမှာ အလိမ်အညာမဟုတ်ပေ။ သူ(မ)က 'လေဒီဘလေဆယ် ရယ်နိုင်တုန်းရယ်ထား' ဟု ပြောခဲ့၏။
အယ်လီနာက တတ်နိုင်သလောက် ညှိုးငယ်စွာဖြင့် ဆက်ပြောခဲ့သည်။
"တစ်ခါက သူ(မ) ပြောခဲ့ဖူးတယ်... သူ(မ) ကျွန်မရဲ့မျက်နှာကို ဖျက်ဆီးပစ်မယ်တဲ့။"
"ရှင် ဘာတွေပြောနေတာလဲ! တို့ ဘယ်တုန်းက အဲ့လိုပြောလို့လဲ!"
ဟယ်လင်က မီးတောက်လောင်နေသော်လည်း အယ်လီနာက အဆုံးမသတ်ခဲ့ပေ။
"သိပ်မကြာသေးခင်တုန်းက ကျွန်မ သံသယဖြစ်စရာကောင်းတဲ့လူတချို့ဆီကနေ တိုက်ခိုက်ခံခဲ့ရတယ်။ ကျွန်မရဲ့မျက်နှာ ဒဏ်ရာရလုနီးပါးဖြစ်ခဲ့ပေမဲ့ ကံကောင်းစွာနဲ့ ဖြတ်သွားတဲ့သူရဲကောင်းတချို့က ကယ်ခဲ့ပေးလို့ပေါ့။"
လူတိုင်း၏ ထိတ်လန့်ဖွယ်အကြည့်များက ဟယ်လင့်ပေါ် ကျရောက်သွားခဲ့၏။ ဟယ်လင်က အရူးမကြီးတစ်ယောက်လို အော်ဟစ်ရင်း ခေါင်းယမ်းနေခဲ့လေသည်။
"ဒါ အတုအယောင်တွေ! တို့ ဘယ်တုန်းကမှ အဲ့လိုမလုပ်ခဲ့ဘူး!"
"ကျွန်မ အဲ့ဒီလူတွေကို စစ်ဆေးကြည့်လိုက်တော့ သူတို့ကို လေဒီရှယ်ဘီကလွှတ်လိုက်တာပါလို့ ဝန်ခံခဲ့တယ်။ ရှင်သိချင်ရင် ကျွန်မ သက်သေတွေခေါ်လာခဲ့လို့ရတယ်။"
ဤသည်မှာ အယ်လီနာ ဟယ်လင့်အတွက်ပြင်ဆင်ထားသော ထောင်ချောက်တစ်ခုဖြစ်သည်။ အမှန်တော့ အယ်လီနာဆိုလိုသောလူများမှာ လမ်းကြားလေးထဲ သူ(မ)နောက်ကို လိုက်ခဲ့သောသူများဖြစ်၏။ ၎င်းတို့က သက်သေများဖြစ်ပြီး ဟယ်လင်၏အစီအစဥ်နှင့် ကိုက်ညီပေသည်။ ဟယ်လင်က အယ်လီနာ၏လှုပ်ရှားမှုတို့ကို စစ်ဆေးကာ သူ(မ)ကိုဆန့်ကျင်ဖို့ အသုံးချခဲ့သည့်အတိုင်း အယ်လီနာကလည်း သူ(မ)ကို ထိုနည်းတူစွာပြန်ပေးဆပ်ခိုင်းမည်။
"လေဒီဘလေဆယ်၊ တို့ များများစားစားမသိပေမဲ့ ရှင်က လိမ်ညာတဲ့နေရာမှာ တကယ်ထူးချွန်တာပဲ။ ရှင့်ရဲ့စကားတွေအတွက် အပြစ်ရှိသလိုမခံစားရဘူးလား။"
ဟယ်လင်က သူ(မ)လုပ်လိုက်သည့်အရာကို သတိမမူမိဘဲ အယ်လီနာ့ကို စက်ဆုပ်နေ၏။ ဟယ်လင်က သူ(မ)ကိုယ်သူ(မ)သာ ဂရုစိုက်သူမျိုးဖြစ်သည်။ အယ်လီနာ ဟယ်လင့်အား အအေးစက်ဆုံးအကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျွန်မလည်း ရှင့်ကို အဲ့လိုပဲပြန်ပြောချင်တယ်။"
"...!"
ဟယ်လင် သတိပြုမိသွား၍ မျက်လုံးများပြူးကျယ်သွားပြီးနောက် ဒေါသထွက်သွားလေသည်။ အယ်လီနာက သူ(မ)အတွက် ထောင်ချောင်ဆင်နေမှန်း သတိပြုမိလိုက်ပြီး သူ(မ)ဘာသာ တီးတိုးရေရွတ်လိုက်သည်။
'ဒီတော့ အခုပွဲစပြီပေါ့?'
သူ(မ)က ညစ်ပတ်သောအကြည့်များဖြင့် အယ်လီနာ့ကို စိုက်ကြည့်နေပြီး ကျယ်လောင်သောအသံဖြင့် အော်ပြောခဲ့သည်။
"လေဒီဘလေဆယ် ဘာပဲပြောပြော အမှန်တရားတစ်ခုက ပြောင်းလဲသွားမှာမဟုတ်ဘူး! သူ(မ)က ညတိုင်း ယောက်ျားတွေနဲ့ ပလူးနေတာလေ!"
"လေဒီရှယ်ဘီက မနာလိုတွေဖြစ်ပြီး လှည့်စားချင်နေတာပဲ။"
"သက်သေတွေ အများကြီးရှိနေတာကို ဘယ်လိုလုပ် လှည့်စားတယ်ဖြစ်ရမှာလဲ။ ပြီးတော့ တို့က လေဒီအယ်လီနာ့ကို မနာလိုဖြစ်တယ်ဆိုရင်တောင် ဒါက မသက်ဆိုင်တဲ့ကိစ္စတစ်ခုပါ။"
ပတ်ပတ်လည်ရှိလူများက ပို၍စိတ်လှုပ်ရှားလာကြသည်။ မြို့စားသမီးတို့ကြား တိုက်ခိုက်မှုက ရင်ဖိုစရာကောင်းလှ၏။
"အမှန်ပဲ။ လေဒီရှယ်ဘီ အမှားတစ်ခုခုလုပ်ခဲ့တာကြောင့်နဲ့ လေဒီဘလေဆယ်ရဲ့ ကောလာဟလတွေက အတုအယောင်တွေလို့ မဆိုလိုဘူးလေ။"
အဆုံးသတ်တွင် မင်းမျိုးမင်းနွယ်တစ်ယောက်အတွက် အမှားတစ်စုံတစ်ခုလုပ်ခဲ့သည်က ကိစ္စမရှိပေ။ ၎င်းတို့၏ တစ်ခုတည်းသောစိတ်ဝင်စားမှုက အတင်းအဖျင်းများသာ။ မမျှော်လင့်ထားသောအလှည့်အပြောင်းကြောင့် အယ်လီနာ တောင့်တင်းသွား၏။
'လေဒီရှယ်ဘီက ငါ့ကို ကိုက်ခဲထားချင်နေတာပဲ။'
သူ(မ)တွင် ဟယ်လင်နှင့်ပတ်သက်၍ ဖော်ထုတ်စရာများ ကျန်ရှိနေသေး၏။ ဥပမာ၊ ဂါဝန်များကို စုတ်ဖြဲသည့်ကိစ္စမျိုးပင်။ သို့သော် ဟယ်လင်က သူ(မ)၏ဆုပ်ကိုင်မှုကို ပို၍တင်းကျပ်စွာညှစ်ထားလေသည်။
'...သေလိုက်တော့။'
ဆဲရေးသည့်စကားလုံးများက သူ(မ)၏လျှာဖျားထိ ရောက်ရှိလာကြ၏။ အယ်လီနာ အရေးကြီးသောအချက်ကို လျစ်လျူရှုလိုက်မိသည်။ သူ(မ)သည် ဟယ်လင်၏ဂုဏ်သိက္ခာကို ဖျက်ဆီးခြင်းဖြင့် ကောလာဟလများကို ဖျောက်ဖျက်ရန် ကြိုးစားခဲ့သော်လည်း ထိုကိစ္စအပေါ် လူတိုင်းက သူ(မ)ထင်ထားတာထက်ပို၍ လျစ်လျူရှုသောအမြင်များရှိနေကြ၏။ အမှားလုပ်ခဲ့သူအတွက် ဘာအကျိုးဆက်မှရှိမနေပေ။ ၎င်းက ဟယ်လင်ဖန်တီးထားသည့် အလိမ်အညာများဖြစ်ကြောင်း ဖော်ထုတ်ရန်အတွက် သက်ရောက်မှုနည်းနည်းလေးသာရှိခဲ့ပြီး ၎င်းတို့မှာ စိတ်မဝင်စားကြပေ။
'ငါ ဘာလုပ်ရမလဲ။ လူတိုင်းသာ ကောလာဟလတွေကို ယုံကြည်သွားရင်...'
၎င်းက ကာလိုင်းနှင့် လက်ထပ်ဖို့အတွက် ပြဿနာရှိလာစေလိမ့်မည်။ သူ(မ) တားဆီးရန်ကြိုးစားလိုက်သော်လည်း သူ(မ)၏ခန္ဓာကိုယ်ထက် ချွေးအေးများထွက်လာခဲ့သည်။ သူ(မ)လုပ်ခဲ့သည့်အရာက ဟယ်လင့်ကိုဖျက်ဆီးကာ သူ(မ)၏ကိုယ်ပိုင်ပုံရိပ်ကို ပြန်လည်ရယူရန် လုံလောက်သင့်ပေသည်။
သူ(မ) စိတ်ပျက်လက်ပျက်ဖြင့် စတယ်လာ့ဘက်သို့လှည့်ကာ အကူအညီတောင်းလိုက်သော်လည်း စတယ်လာက ရှုံးနိမ့်မည့်ကိစ္စတစ်ခုနှယ် ခေါင်းယမ်းပြလာခဲ့သည်။ စတယ်လာဘက်က သူ(မ)၏ခွန်အားကို ငှားရမ်းပေးလို့ရသော်လည်း ကောလာဟလများကို လုံးဝပျောက်ကွယ်သွားအောင် လုပ်မပေးနိုင်ချေ။ ဆိုဖီယာ၏စကားများနှင့်ပင် ဟယ်လင့်ကိုယုံကြည်လက်ခံလာစေရန် လုံလောက်နေ၏။
အယ်လီနာ၏ ရှုံးနိမ့်သွားသောအမူအရာကို မြင်လိုက်ရသောအခါ ဟယ်လင်တစ်ယောက် လှောင်ပြုံးပြုံးလိုက်သည်။
ထိုအချိန်၌။
တစ်စုံတစ်ယောက်သည် ပုံမှန်ခြေလှမ်းများဖြင့် ကပွဲခန်းမထဲသို့ ဝင်ရောက်လာ၏။ ထင်မှတ်မထားသောဧည့်သည်ကြောင့် တစ်ယောက်ပြီးတစ်ယောက် အံ့အားသင့်ကုန်ကြသည်။
'ဘယ်သူ...?'
လေထုထဲ၌ အပြောင်းအလဲတစ်ခုကို ခံစားမိလိုက်သောအခါ အယ်လီနာ လူတိုင်းကြည့်နေကြသောနေရာဆီ လိုက်ကြည့်လိုက်၏။
"အရှင့်သားကို ဂါရဝပြုပါတယ်! ရုဖို့ဒ်အင်ပါယာကြီး ထာဝရအသေရေထွန်းလင်းပါစေ!"
ကာလိုင်း၏တည်ရှိမှုကို သတိပြုမိကြသောလူတိုင်း သူ့ကိုဂါရဝပြုနှုတ်ဆက်ကာ ဦးညွတ်လိုက်ကြသည်။ အခိုက်အတန့်တစ်ခုလောက်ထိ အယ်လီနာတစ်ယောက် မတူညီသောကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားလိုက်ရ၏။ သူ(မ)ပတ်ပတ်လည်ရှိ အရာအားလုံး လေထုထဲမှာအေးခဲသွားသလိုထင်ရပြီး ကာလိုင်းတစ်ယောက်တည်းကသာ လှုပ်ရှားနေသောအရာဖြစ်သည်။ သူက အယ်လီနာ့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားခဲ့၏။
သူ၏မျက်ဝန်းပြာများထဲ သူ(မ)မြင်နေကျဖြစ်သည့် ထူးခြားသောအပူလှိုင်းများဖြင့် တောက်လောင်နေသည်။ သူက အယ်လီနာ့ရှေ့ရပ်ကာ လှည့်ပတ်ကြည့်လိုက်သည်။
"ဒီမှာ ဘာလုပ်နေတာလဲ။"
ယနေ့ သူက သူ(မ)ကိုတွေ့ချင်နေသော်လည်း သူ(မ)ကငြင်းဆိုခဲ့ကြောင်း အယ်လီနာ ရုတ်တရက်အမှတ်ရလိုက်သည်။
"အရှင့်သား၊ ကျွန်မ-"
ကာလိုင်းက တည်ငြိမ်သောလေသံဖြင့် သူ(မ)ကို စကားဖြတ်ပြောလိုက်သည်။
"အမှန်တရားကို ဖော်ထုတ်ပြလိုက်ဖို့ ကိုယ်မင်းကို မပြောခဲ့ဘူးလား။"
တစ်ချိန်တည်းမှာပင် သူက သူ(မ)၏သေးသွယ်သောလက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"မင်းက ကိုယ့်ရဲ့မိန်းကလေးပါလို့ ဘာလို့မပြောပြလိုက်တာလဲ။"
သူ၏အပြုအမူကြောင့် လူတိုင်း၏အမူအရာများ ပြောင်းလဲသွားခဲ့သည်။ သို့သော် အံ့အားအသင့်ဆုံးတစ်ယောက်က အယ်လီနာပင်။
'တစ်ခုခုသာ မှားယွင်းသွားရင် သူ(မ)ရဲ့ လန်ဆိုတဲ့အထောက်အထားကို ဖော်ထုတ်ခံရတော့မှာပဲ... သူ ဘာတွေလုပ်နေတာလဲ။'
သူက သူ(မ)အား သတိလက်လွတ် ဖော်ထုတ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ...
သူ၏စိတ်ထဲမှာ ဘာတွေတွေးနေမှန်း အယ်လီနာမပြောနိုင်ချေ။
***
Aurora Novel Translation Team