no

Font
Theme

အဝတ်စုတ်အနံ့မဟုတ်လား (၁)

"ရှင့်ရဲ့‌လျှို့ဝှက်ချက်ကိုထိန်းပေးရတဲ့အတွက် အလဲအလှယ်အနေနဲ့ ကျွန်မအတွက် တစ်စုံတစ်ခုလုပ်ပေးပါ။"

စတယ်လာ မျက်မှောင်ကြုတ်လိုက်၏။

"အရင်ဆုံး ဒီကိစ္စကို ဘယ်လိုသိတာလဲဆိုတာ ရှင်းပြရမယ်။ ပြီးတော့ တခြားသူတွေကို သတင်းဖြန့်ပြီးသားလားဆိုတာလည်း တို့သိထားဖို့လိုတယ်။"

"ကျွန်မသာ လုပ်ခဲ့မယ်ဆို ရှင် သိပြီးသားဖြစ်နေမှာမဟုတ်ဘူးလား။"

စတယ်လာ အယ်လီနာ၏မေးခွန်းကြောင့် ပါးစပ်ပိတ်သွားလေသည်။ သူ(မ)၏သားကို မွေးစားသားအဖြစ် နို့ထိန်းတစ်ဦးမှ ပျိုးထောင်ပေးထား၏။ အနာဂတ်တွင် သူ၏ ဖခင်အရင်း ပေါ်ပေါက်လာချိန်ထိ ထိုအချက်အား ထုတ်ဖော်လို့မရချေ။ အယ်လီနာ ဆက်ပြောလိုက်သည်။

"အခြေအနေတချို့ကြောင့် ကျွန်မ ဒီကိစ္စကိုဘယ်လိုသိလဲဆိုတာ ရှင်းမပြနိုင်ပါဘူး။ ဒါပေမဲ့ ရှင်သာ ကျွန်မကို ကူညီပေးရင် ကျွန်မ အဆုံးထိ ပါးစပ်ပိတ်နေမှာပါ။"

စတယ်လာက တွန့်ဆုတ်နေသော်လည်း အဆုံးသတ်တွင် ၎င်းက သူ(မ)ရှုံးနိမ့်မည့် တိုက်ပွဲတစ်ခုဖြစ်နေသည်လေ။

"...ဘာအကူအညီလဲ။"

အယ်လီနာ သူ(မ)ယူလာသော စာရွက်စာတမ်းများကို စတယ်လာ့ဆီ ပေးလိုက်သည်။ ၎င်းတို့က ဟယ်လင်နှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းထားခြင်းဖြစ်သည်။ စတယ်လာက စာရွက်များကို ဖြည်းဖြည်းချင်းဖတ်နေချိန် အယ်လီနာက ပြောလာ၏။

"ကျေးဇူးပြုပြီး ဒီအချက်အလက်တွေအရ ကောလာဟလတွေဖြန့်ပေးပါ။"

"...?"

"လေဒီရှယ်ဘီက ကျွန်မကို မနာလိုဖြစ်နေခဲ့တာ ကြာပါပြီ။ ဒီတစ်ခေါက် ကပွဲမှာ မက်ဒေါနားသရဖူကို ဆုံးရှုံးခဲ့ရလို့ ကျွန်မကို အငြိုးထားနေခဲ့တယ်။ သူ(မ)က လိမ်လည်တဲ့နေရာမှာ တော်သလို..."

အယ်လီနာ ဆက်လက်ပြောနေခိုက် စတယ်လာ၏မျက်လုံးများက ကျယ်သည်ထက်ပိုကျယ်လာရင်း မယုံကြည်နိုင်စွာဖြင့် ဖြတ်ပြောခဲ့လေသည်။

"မင်းက တို့ကို ဒီကောလာဟလအတုတွေ ဖြန့်စေချင်နေတာလား။"

"ဘာလို့ ဒါတွေကို အတုအယောင်လို့ထင်ရတာလဲ။"

စတယ်လာ အခိုက်အတန့်တစ်ခုလောက် ပြောစရာများ ပျောက်ရှသွား၏။ အယ်လီနာက အေးစက်နေသောအမူအရာဖြင့် ဆက်လက်ပြောကြားခဲ့သည်။

"လူ့အဖွဲ့အစည်းထဲမှာ အမှန်တရားက အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်ထိ ဇာတ်လမ်းကျန်နေခဲ့ဖို့က ပိုအရေးကြီးတာမဟုတ်လား။"

အယ်လီနာ သူ(မ)၏အဖြစ်ကို အသေးစိတ်ရှင်းပြဖို့ ရည်ရွယ်ချက်မရှိပေ။ သေမျိုးများက အမှန်တရားကို မဖော်ထုတ်ကြပေ။ လူ့အဖွဲ့အစည်း၌ အမှန်တရားအား အာဏာဖြင့် ဖန်တီးလေသည်။

ယခုလည်း အတူတူပဲဖြစ်၏။ စတယ်လာက အမှန်တရားကို ဖော်ထုတ်လိုက်လျှင် ယခုအနေအထားသို့ ရောက်လာနိုင်မည်မဟုတ်သလို ၎င်းမှာ အယ်လီနာ့ထက်အရင် ဤနေရာသို့ရလာခဲ့သည့် အကြောင်းပြချက်လည်းဖြစ်သည်။ အယ်လီနာ ယခင်ဘဝတုန်းက အမျိုးသမီးသူရဲကောင်းအဖြစ် အရေးပါသောသင်ခန်းစာတစ်ခုကို သင်ယူခဲ့ရ၏။

'အာဏာမရှိတဲ့ အမျိုးသားတစ်ယောက်က ဘယ်အရာကိုမှ မပြောင်းလဲနိုင်ဘူး။ အမှန်တရားက အမြဲတမ်း မမှန်နိုင်ဘူး။'

သူ(မ)၏အတိတ်ဘဝ၌ ဘလေဆယ်တို့ ချောက်ချခံရပြီး သူ(မ)၏တစ်မိသားစုလုံး ဖျက်ဆီးခံခဲ့ရ၏။ သူ(မ) သေဆုံးခဲ့ချိန်အထိ လက်စားချေဖို့တစ်ခုတည်းကိုသာ အိပ်မက်မက်ခဲ့ရသော်လည်း ဖေးဗလု၏ဦးခေါင်းကို မဖြတ်နိုင်ခင် သူ(မ) သေဆုံးခဲ့ရသည်။ သူ(မ)၏ဘဝက သူ(မ)ဆန္ဒရှိသလို ဖြစ်မလာခဲ့ပေ။ အဆုံးသတ်တွင် ဒေါသနှင့် တရားမျှတမှုက ကွဲပြားမှုမရှိဘဲ မကြာခင်မှာပဲ ပို၍သန့်ရှင်းပြီး စိတ်ချရသော အခြားနည်းလမ်းများရှိကြောင်း သူ(မ)သတိပြုမိလာခဲ့၏။

စတွေ့ကတည်းက တည်တည်တန့်တန့်မျက်နှာထားနှင့် စတယ်လာမှာ ပထမဆုံးအကြိမ်အဖြစ် ရယ်မောခဲ့သည်။

"ဟားဟားဟား-"

သူ(မ)၏ ရုတ်တရက်ရယ်သံက အယ်လီနာ့အား ကြောင်အမ်းသွားစေသည်။ စတယ်လာက သူ(မ)၏ရွှင်မြူးမှုကို ထိန်းသိန်းမထားဘဲ ရယ်ရယ်မောမောဖြင့် ပြောလာ၏။

"တို့ အစတုန်းက မင်းကို အရမ်းငယ်သေးတာပဲလို့ တွေးနေခဲ့တာ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းက ဘယ်လောက်ထိ နှလုံးသားမဲ့သလဲဆိုတာကို မင်းက ကောင်းကောင်းနားလည်တာပဲ။ မင်းပြောတာ မှန်ပါတယ်။ အမှန်တရားက အရေးမကြီးဘူး။ တို့တွေကသာ အမှန်တရားကို ဖန်တီးကြတာ။"

"ဒါဆို ကျွန်မတို့ သဘောတူညီချက်ရပြီလား။"

အခိုက်အတန့်တစ်ခုလောက် စဥ်းစားနေပြီးနောက် စတယ်လာက ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ၊ တို့ မင်းကိုကူညီပေးမယ်။ ဒါက တို့အတွက် အခက်အခဲမရှိပါဘူး။"

"ကျေးဇူးတင်ပါတယ်။"

"တို့ကို ကျေးဇူးတင်ဖို့ စောနေသေးတယ်။ တို့ သတိပေးလိုက်မယ်။ မင်း စကားမတည်ဘဲ တို့ရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်ရင် နောင်တရစေရမယ်။"

"ဒါက ခြိမ်းခြောက်မှုတစ်ခုလား။"

"မင်းလုပ်ခဲ့သလိုမျိုးပေါ့။ မင်းအနေနဲ့ တို့ရဲ့လျှို့ဝှက်ချက်တစ်ခုကို တူးဆွပြီး တို့ကို အမိန့်ပေးနိုင်မယ်လို့ တွေးနေတာလား။ တို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြထားမယ် - မင်း မလုပ်နိုင်ဘူး။"

အယ်လီနာ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်၊ စတယ်လာ၏ လက်ရှိအနေအထားက တောင်ပိုင်းမှလာသော လူသစ်လေးဖြစ်သည့် အယ်လီနာနှင့် အလွန်ခြားနားပေရာ သဘောတူညီချက်တစ်ခုသာ လုပ်ဆောင်နိုင်လိမ့်မည်။ အယ်လီနာ လက်တွေ့ကို နားလည်သည်။ သူ(မ) စတယ်လာအား ဤအားနည်းချက်ဖြင့် ထပ်ပြီးခြိမ်းခြောက်လျှင် စတယ်လာက အယ်လီနာအား မျှော်လင့်မထားသည့်နည်းလမ်းဖြင့် တုံ့ပြန်လိမ့်မည်။

"လူ့အဖွဲ့အစည်း၏ပန်းကလေး" က အလှတရားတစ်ခုတည်းနှင့် ရရှိနိုင်သော်လည်း လူ့အဖွဲ့အစည်းထဲရှိ အင်အားအကြီးမားဆုံး စတယ်လာ၏ဂုဏ်သိမ်ရာထူးမှာ အခြားသော တော်ဝင်မျိုးနွယ်များထက် အထွတ်အထိပ်မှာတည်ရှိသော အာဏာတစ်ရပ်ဖြစ်သည်။ ထိုကဲ့သို့အမျိုးသမီးအား အလွယ်တကူ ခြယ်လှယ်လို့မရချေ။ စတယ်လာက ဤနေရာသို့ သူ(မ)ထက်အရင် ရောက်နှင့်နေပြီးသားပင်။ အနာဂတ်မှ အယ်လီနာကြားဖူးသောစကားအရ မြို့စားကတော်သည် အလွယ်တကူ လျစ်လျူရှုလို့မရသော ကြောက်မက်ဖွယ်ရန်သူတစ်ဦးဖြစ်သည်။

'အတိတ်ဘဝတုန်းက... သူ(မ)ကိုယ်သူ(မ) သတ်သေခဲ့တာမလား။'

အယ်လီနာ သူ(မ)ရှေ့မှာထိုင်နေသော စတယ်လာကို စိုက်ကြည့်နေမိ၏။ စတယ်လာက ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးဖြစ်သည်။ သူ(မ)က ဉာဏ်ရည်ထက်မြက်ကာ ပါးနပ်မှုရှိပြီး သူ(မ)၏ဘဝ၌ အပြစ်အနာဆာရှိခဲ့ပါက မှားယွင်းသောလူနှင့် တွေ့ဆုံခဲ့တာလေးတစ်ခုသာ။ သူ(မ)လျှို့ဝှက်ထားသောသား၏ဖခင်သည် တစ်ခွန်းတည်းပြောရလျှင် နိမ့်ကျသည်။ သူက လောင်းကစားသမားများ၊ အရက်သမားများနှင့် ဆေးသမားများနှင့်တောင် ပေါင်းသင်းဆက်ဆံခဲ့၏။ ထိုထဲတွင် နိမ့်ကျသောအမျိုးသားတစ်ဦးနှင့် မြင့်မြတ်သောအမျိုးသမီးတို့ လက်မထပ်ခင် ပတ်သက်ယှက်နွယ်ခဲ့သည့်ကိစ္စ မပါသေးပေ။

'ဒါပေမဲ့... အဲ့ဒါနဲ့ပတ်သက်ပြီး အံ့သြထိတ်လန့်စရာ တစ်ခုရှိတယ်။'

စတယ်လာ၏လျှို့ဝှက်ချက်က အလင်းပေါ်လာသောအခါ သူ(မ)၏ အပြစ်များအားလုံးကိုဝန်ခံကာ ဗီဗီယာနာမိသားစုကို အတင်းအဖျင်းပြောကြမည်စိုး၍ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ရွေးချယ်သွားခဲ့သည်။

၎င်းမှာ အံ့သြထိတ်လန့်စရာကောင်းသည့် ဆုံးဖြတ်ချက်ဖြစ်၏။ သို့သော်လည်း သူ(မ)သေဆုံးပြီးနောက် သူ(မ)၏ခင်ပွန်း မြို့စားဗီဗီယာနာမှာ လုံးဝကို ပြိုလဲသွားခဲ့သည်။ သူက သူ(မ)အား နှလုံးသားတစ်ခုလုံးပုံအပ်၍ အကြွင်းမဲ့ချစ်ခဲ့သည်။ သူက ထိုအမှန်တရားများကြောင့် ယိမ်းယိုင်သွားတာမဟုတ်ပေ။ နောက်ပိုင်း စတယ်လာ၏လျှို့ဝှက်သား အရွယ်ရောက်လာပြီး မြို့စားဗီဗီယာနာအပေါ် အံ့မခန်းလက်စားချေမှုကြီး ပြုလုပ်ခဲ့ခြင်းပင်။

စတယ်လာကတော့...

သူ(မ)ကိုယ်သူ(မ) သတ်သေရန် ရွေးချယ်ခဲ့သော်လည်း သူ(မ)ခင်ပွန်းနှင့် သားဖြစ်သူတို့ဆီကနေ စစ်မှန်သောချစ်ခြင်းတရားဖြင့် အချစ်ခံခဲ့ရသည်။ ၎င်းမှာ အလွန်ကြေကွဲဝမ်းနည်းစရာကောင်းပြီး လူမှုအသိုင်းအဝိုင်းများကြား အချစ်ဇာတ်လမ်းလေးအဖြစ် နာမည်ကြီးလာခဲ့၏။ ၎င်းက အချစ်ပါသောအိမ်ထောင်ရေးများ ရှားပါးသည့် လူ့အဖွဲ့အစည်းထဲမှာ ဇနီးကိုချစ်သည့် မြို့စားဗီဗီယာနာ၏ ဇနီးသည်ကိုဆုံးရှုံးလိုက်ရသော ဇာတ်လမ်းလေးတစ်ပုဒ်ပင်။

"တို့ကို ဘာလို့ အခုလိုစိုက်ကြည့်နေတာလဲ။"

အယ်လီနာ ခေါင်းယမ်းပြလိုက်၏။

"... ဘာမှမဟုတ်ပါဘူး။"

ယခုဘဝ၌ ထိုဇာတ်လမ်းလေး ထပ်ဖြစ်လာဦးမလား၊ သို့မဟုတ် နောက်ထပ်ဇာတ်လမ်းသစ်တစ်ပုဒ် ပေါ်ပေါက်လာလေမလားကို အယ်လီနာမသိပေ။ သို့သော် အနည်းဆုံးတော့ သူ(မ) ကတိတစ်ခုပေးခဲ့၏။

"ကျွန်မကတိကို ထိန်းသိမ်းထားမှာပါ။ ရှင် ဒီကိစ္စကို ကူညီပေးရင် ကျွန်မ ရှင့်အကြောင်းကို ဘယ်သူ့ကိုမှ ပြောမှာမဟုတ်ပါဘူး။"

"တို့ အခုလောလောဆယ်တော့ မင်းကို ယုံလိုက်မယ်... ကောင်းပြီလေ၊ တို့ကလည်း လွယ်လွယ်ယုံတတ်တဲ့သူမဟုတ်ဘူးနော်။"

စတယ်လာက ထိတ်လန့်စရာအပြုံးမျိုးဖြင့် ပြုံးပြလာ၏။ အနာဂတ်တွင် သူ(မ) အယ်လီနာ့ကို စောင့်ကြည့်နေတော့မည်ပင်။ သူ(မ)၏လျှို့ဝှက်ချက်ကို သိထားသူတိုင်းအား တစ်ယောက်တည်းထားမည်မဟုတ်ပေ။

'သူ(မ) ငါ့ကို သတ်ဖို့မကြိုးစားဖို့ကိုပဲ ဆုတောင်းတယ်။'

၎င်းတို့က ယခု အချင်းချင်းပျူငှာစွာ ဆက်ဆံနေကြသော်လည်း သူ(မ) အခန်းထဲကထွက်သွားသည်နှင့် စတယ်လာသည် ကြေးစားတစ်ယောက် ငှားရမ်းလိုက်နိုင်၏။ သို့သော်လည်း ယခုလက်ရှိတွင် အယ်လီနာ အချိန်ကျပ်နေပြီး ထိုကိစ္စအား စိုးရိမ်ပူပန်နေဖို့ မတတ်နိုင်ချေ။ ထို့ပြင် ကြေးစားလူသတ်သမားက သူ(မ)၏ဆံချည်မျှင်လေးကိုတောင် ထိနိုင်မှာမဟုတ်ပေ။ အယ်လီနာက တည်ငြိမ်သောအမူအရာဖြင့် ဆက်လက်ပြောကြားခဲ့၏။

"အခု၊ ကျွန်မလိုချင်တဲ့အရာကို အသေးစိတ်ပြောပြပါရစေ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment