no

Font
Theme

အံ့သြစရာပဲ (၂)

မိုင်ယာဘယ်လာ၏မေးခွန်းများက အယ်လီနာ့ကို ချွေးပျံလာစေခဲ့၏။ ၎င်းတို့၏ဇာတ်လမ်းအသစ်ကို ကာလိုင်းနှင့် ပြောထားပြီးသားဖြစ်ပြီး ယခုတစ်ခေါက်၌ ပြီးပြည့်စုံစွာ ပြင်ဆင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့ကို အချစ်ကြောင့်လက်ထပ်ကြသည်ဟူသာ လူတိုင်းမြင်ပေလိမ့်မည်။ ၎င်းက စာချုပ်ပေါ်မှ ပထမဆုံးသောအချက်လည်းဖြစ်၏။

လူအများရှေ့မှာ ချစ်ကြိုက်နေသလို ဟန်ဆောင်ရမည်။

သူ(မ)၏မိသားစုကို စိတ်မပူစေချင်သည့်အတွက် အယ်လီနာတစ်ယောက် ပြောရမည့်စကားတို့ကို မှန်ကြည့်ကာ လေ့ကျင့်ခဲ့သည်။

"မင်းသားက မမတို့ရဲ့ဆက်ဆံရေးကို မဖော်ထုတ်စေချင်ဘူး။ သူက တစ်ချိန်လုံး စစ်ပွဲထဲမှာရောက်နေတာဆိုတော့ နောက်ပိုင်းကျမှ မြို့တော်ကိုပြန်လာပြီး မမတို့မိသားစုနဲ့တွေ့ဖို့ စီစဥ်ခဲ့တာ... အဲ့အချိန်ထိ မမကို လျှို့ဝှက်ပေးဖို့ တောင်းဆိုခဲ့တယ်။"

သူ(မ)ချစ်ရသောညီမလေးကို လိမ်ညာနေရသည့်အတွက် ခါးသီးနေသော်လည်း ဘဝဆိုသည်မှာ တစ်ခါတစ်ရံ ဥပေက္ခာပြုတတ်ရသည်။

"မမ သူနဲ့ ဘယ်တုန်းက တွေ့ခဲ့တာလဲ။"

"အမှတ်မထင်ပဲ... တွေ့ခဲ့တာပါ။ သူက အမြဲလိုလို အဝေးရောက်နေတာကြောင့် မမတို့ မကြာခဏမတွေ့ဖြစ်ခဲ့ဘူး။"

"မမ ညီမလေးကို မပြောပြဘဲထားထားတာကို နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။"

အယ်လီနာ သူ(မ)၏နှလုံးသားထဲ၌ အပြစ်ရှိစိတ်တို့ကို ခံစားနေရ၏။ ကာလိုင်းနှင့် ချစ်မှုရေးရာကိစ္စက အလိမ်အညာတစ်ခုဖြစ်သော်လည်း ယခုအခြေအနေကတော့ စစ်မှန်သည်။ သူ(မ) အတတ်နိုင်ဆုံး သူ(မ)၏ညီမလေးကို မဖုံးကွယ်ထားချင်ပေ။

"...တောင်းပန်ပါတယ်။"

အယ်လီနာ၏ အရိုးသားဆုံးသောစကားလုံးများကြောင့် မိုင်ယာဘယ်လာ၏ အလိုမကျသောအမူအရာက ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့သည် အတူတူရှိလာသည်မှာ အချိန်တစ်ခုကြာနေပြီး အချင်းချင်းနားလည်ရန် စကားလုံးတို့ကို မလိုအပ်ပေ။ မိုင်ယာဘယ်လာ့အမြင်တွင် အယ်လီနာက သူ(မ)ကိုလျှို့ဝှက်ထားရလောက်အောက်အထိ ကာလိုင်းကို သဘောကျနေသည်ဟူ၍။

"ဒါဆို... ဂါဝန်နဲ့ ရတနာတွေပို့ပေးခဲ့တဲ့သူက အိမ်ရှေ့စံမင်းသားလား။"

"...အင်း။"

"ဝိုး၊ မိုက်လိုက်တာ။"

သူ(မ)သည် ထိုမိတ်ဆွေဆိုသူက မည်မျှအရေးပါအရာရောက်ကြောင်း သိချင်နေခဲ့သော်လည်း ထိုလူက အိမ်ရှေ့စံမင်းသားဖြစ်နေ၏။

"ဒါဆို သူက ခံ့ညားတဲ့မျက်နှာရှိရုံတင်မကဘူး မမအပေါ်ကိုလည်း နက်ရှိုင်းတဲ့ခံစားချက်တွေရှိလောက်တယ်။'

အယ်လီနာ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူ(မ)၏အခြေအနေကြောင့် ရုတ်တရက် ရှက်ရွံ့လာခဲ့လေသည်။ သူ(မ) အစစ်အမှန်သဘောကျသောအမျိုးသားအား အမှန်တကယ်မိတ်ဆက်ပေးနေသည့်အလားပင်။

"မမကရော?"

"...ဘာကိုလဲ။"

"မမရော သူ့ကိုချစ်လား။"

"အာ..."

သူ(မ) အခိုက်အတန့်တစ်ခုလောက် ရပ်သွားပြီးနောက် အမြန်ပြန်ဖြေလိုက်သည်။

"အင်း၊ မမ သူ့ကိုအရမ်းချစ်တယ်။"

၎င်းအားကြားလိုက်ရသောအခါ မိုင်ယာဘယ်လာ ထပ်ပြီးမေးနေစရာမလိုတော့ဟု ခံစားလိုက်ရ၏။

"ဒါဆို ရပါပြီ။"

"...?"

"မမက ချစ်နေပြီပဲ။ တစ်လောကလုံးမှာ သူတစ်ယောက်တည်း ရှိသလိုမျိုး... အဲ့ဒါက အချစ်ပဲ။"

"အ-အင်း။"

အယ်လီနာ ခေါင်းညိတ်လိုက်၏။ ထို့နောက် မိုင်ယာဘယ်လာက အယ်လီနာ့၏လက်ကိုဆုပ်ကိုင်ကာ ပျော်ရွှင်စွာပြောလာခဲ့သည်။

"မမ၊ ဂုဏ်ယူပါတယ်! အရင်တစ်ခေါက် ကပွဲမှာတွေ့တုန်းက မမနဲ့ အရမ်းလိုက်တာပဲလို့ တွေးနေခဲ့တာ... အင်း၊ ဒါက အံ့သြစရာကောင်းတယ်!"

မိုင်ယာဘယ်လာက ပျော်ရွှင်စွာ တုံ့ပြန်ခဲ့သော်လည်း အယ်လီနာကတော့ အဆုံးစွန်မှာပဲရှိနေဆဲဖြစ်၏။

"အဲ့...အဲ့ဒါပဲလား။"

"ဟမ်? ထပ်ရှိသေးလို့လား။"

အယ်လီနာသည် မိုင်ယာဘယ်လာက စိတ်ဆိုးလိမ့်မည်ဟု ထင်နေခဲ့သော်လည်း ထိုအစား သူ(မ)က အလွယ်တကူလက်ခံလိုက်ပုံပင်။

"မမပျော်ဖို့ပဲ လိုအပ်တာပါ။ မမ အိမ်ရှေ့စံမင်းသားကို ချစ်သရွေ့ ညီမလေးလည်း လိုက်ချစ်ပေးမှာပေါ့!"

ယခုအခြေအနေက အလိမ်အညာဖြစ်သော်လည်း မိုင်ယာဘယ်လာ၏ နွေးထွေးသောနှလုံးသားလေးက စစ်မှန်ပေသည်။ အယ်လီနာ၏မျက်နှာထက် အပြုံးတစ်ပွင့်ဖြစ်တည်လာခဲ့သည်။

"...ကျေးဇူးပါ၊ မိုင်ယာဘယ်လာ။"

၎င်းက အခြားသူများအတွက် အသေးအမွှားကိစ္စဖြစ်နိုင်သော်လည်း မိုင်ယာဘယ်လာက အယ်လီနာ့ကို ပျော်ရွှင်မှုဆိုသည့်အရာအား သင်ကြားပေးခဲ့သည်။ သူ(မ)ကြောင့် အယ်လီနာ ဘဝသစ်၏မိနစ်တိုင်းကို တန်ဖိုးထားတတ်လာ၏။

"အို! ညီမလေးကိုပြောပြလို့ မမကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို အဖေ့ကိုလည်း လျှို့ဝှက်မထားသင့်ဘူးလို့ထင်တယ်..."

"အင်း၊ မမ လက်ထပ်ဖို့စဥ်းစားနေပြီဆိုတော့ အဖေ့ကိုပြောပြဖို့ အချိန်ကျပြီထင်တယ်။"

"လက်-လက်ထပ်မယ်?"

မိုင်ယာဘယ်လာတစ်ယောက် ၎င်းတို့ချစ်ကြိုက်နေကြောင်း စောစောလေးတင်မှသိလိုက်ရသော်လည်း ယခု လက်ထပ်ဖို့အကြောင်း ပြောနေလေသည်။ သူ(မ)တို့၏အဖေ မည်သို့တုံ့ပြန်မလဲကို သူ(မ) စိုးရိမ်နေမိ၏။

"မမ..."

မိုင်ယာဘယ်လာက အယ်လီနာ၏လက်တို့ကို နောက်တစ်ခါစုကိုင်လိုက်သည်။

"အဖေ့ကိုပြောတဲ့အချိန်ကျ မမကို ကူညီပေးမယ်နော်။"

အယ်လီနာ ပြုံးပြလိုက်၏။ နိုင်ငံရေးလက်ထပ်မှုများဖြင့် ပြည့်နှက်နေသော မင်းမျိုးမင်းနွယ်အသိုင်းအဝိုင်း၌ သူ(မ)အဖေ လက်ခံလိမ့်မလားကို သူ(မ) မသိပေ။

"ကျေးဇူးတင်ပါတယ်၊ မိုင်ယာဘယ်လာ။ မမ ဒဲရက်ကိုလည်း ဒီအကြောင်းပေးသိဖို့ စာရေးလိုက်မယ်။"

သူ့ဆီကိုစာရောက်ဖို့က အချိန်တစ်ခုကြာလိမ့်မည်။ ဖြစ်နိုင်လျှင် မြို့တော်ရှိကောလာဟလများ တောင်ပိုင်းသို့ရောက်မသွားခင် အယ်လီနာ အမြန်ဆုံးပြောပြချင်မိသည်။

မိုင်ယာဘယ်လာနှင့် စကားပြောပြီးနောက် အယ်လီနာ သူ(မ)၏စားပွဲတွင်ထိုင်ကာ ဒဲရက်ဆီသို့ စာရေးခဲ့၏။

ဤစာက နောင်တစ်ချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်လာစေမည်မှန်း သူ(မ) မသိခဲ့ပေ။

...

မကြာခင် ညနေခင်းသို့ ရောက်ရှိလာခဲ့သည်။ တော်ဝင်ရုံးတော်၌ အနေများသော အဲလ်ဖော့က အိမ်ပြန်လာမည်ဖြစ်ကြောင်း စာတစ်စောင်ပို့ခဲ့သည်။ ဤသည်က သူ(မ)နှင့်ကာလိုင်း၏ဆက်ဆံရေးကို ဖော်ထုတ်ရတော့မည်အချိန်ဖြစ်ကြောင်း သူ(မ)သိပေသည်။ သူ(မ)အဖေက ကောလာဟလများကိုကြားခဲ့ရသဖြင့် အိမ်ပြန်လာခြင်းဖြစ်နိုင်၏။

"ဒီနေ့ည အဖေပြန်လာပါလိမ့်မယ်။ အဲ့ဒါကြောင့် စားတော်ကဲကို အသားဟင်းအစား ငါးကိုပြင်ပေးဖို့ ပြောပေးပါ။"

"ဟုတ်ကဲ့ပါ သခင်မလေး။"

မိုက်ကယ်က ဤနေရာမှာအလုပ်လုပ်တာ သိပ်မကြာသေးသော်လည်း အိမ်တော်တာဝန်များကိုစီမံရာ၌ တော်တော်လေးအကူအညီရ၏။ အယ်လီနာ အလုပ်ကြိုးစားနေသော အစေခံများကိုကြည့်နေရင်း သူ(မ)၏စိတ်တို့ကို နောက်တစ်ခါခိုင်မာစေလိုက်သည်။

'... စိတ်ကိုခိုင်အောင်ထား။'

သူ(မ)တို့၏ဆက်ဆံရေးအကြောင်း မိုင်ယာဘယ်လာ့ကို ပြောပြရခြင်းက သူ(မ)အဖေကို ပြောပြခြင်းနှင့်ယှဥ်လိုက်လျှင် ဥယျာဥ်ထဲမှာ လမ်းလျှောက်နေရသလိုသာ။

အချိန်များ တရွေ့ရွေ့နှင့်ကုန်ဆုံးကာ အဲလ်ဖော့လည်း မကြာခင် အိမ်ပြန်ရောက်လာခဲ့သည်။ အယ်လီနာ အစေခံများအားလုံးကို စုဝေးရန်အမိန့်ပေးလိုက်၏။

အဲလ်ဖော့က သူရဲကောင်းတစ်ယောက်ဖြစ်ပြီး မြင်းစီး၍ခရီးနှင်ရသည်ကို ပိုသဘောကျသော်လည်း များသောအားဖြင့် ရထားလုံးကိုသာစီးတတ်သည်။ သို့သော် ယခုတစ်ခေါက်၌ သူ(မ)၏အဖေက မြင်းစီးလာကြောင်း တွေ့လိုက်ရ၏။

'ဘာတွေအလျင်လိုနေလို့လဲ။'

သူ(မ)၏ဦးနှောက်ထဲ မေးခွန်းကို အတိအကျပုံမဖော်နိုင်သေးခင် အဲလ်ဖော့က အိမ်တော်ရှေ့ကိုရောက်လာပြီး မြင်းပေါ်ကနေ လွှားခနဲဆင်းကာ အယ်လီနာ့ဆီ တန်းတန်းမတ်မတ်လျှောက်လာခဲ့သည်။ သူ၏ဘေးပတ်ပတ်လည်၌ ကြောက်မက်ဖွယ်ရာလေထုတို့ ရစ်ပတ်လွှမ်းခြုံနေ၏။

"ကြိုဆိုပါတယ်၊ သခင်ကြီး။"

အဲလ်ဖော့က မိုက်ကယ်၏နှုတ်ဆက်စကားကို လျစ်လျူရှုကာ အယ်လီနာ့ရှေ့မှာ ရပ်တန့်လိုက်၏။ ထို့နောက် ပြင်းရှသောအသံဖြင့် သူ(မ)ကိုအော်လိုက်သည်။

"အယ်လီနာ၊ ဘာတွေလုပ်နေခဲ့တာလဲ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment