ထိပ်တန်းလျှို့ဝှက်ချက် (၁)
အယ်လီနာ သူ(မ)ကိုဖိတ်ကြားထားသော လူမှုရေးပွဲများ၏နေ့စွဲများကို အတည်ပြုကာ အရင်ဆုံးရောက်လာမည့်ပွဲအား စစ်ဆေးလိုက်သည်။ သူ(မ)၏ဂုဏ်သတင်းက ကပွဲကြီးပြီးနောက် နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့သော်လည်း သူ(မ)က ထိုပွဲများကို လာရောက်မည်ဟု ပြောထားခဲ့၏။
'ငါ့ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြဖို့... လေဒီရှယ်ဘီကို လူလိမ်တစ်ယောက်ဖြစ်သွားအောင်လုပ်ရမယ်။'
၎င်းမှာ သူ(မ)အတတ်နိုင်ဆုံးသော တုံ့ပြန်မှုဖြစ်သည်။ သူ(မ)၏စွပ်စွဲချက်က မမှန်ကန်တာမဟုတ်သော်လည်း ယခုမှာမူ ဟယ်လင်က သူ(မ)နှင့်ပတ်သက်၍ အတုအယောင်ဇာတ်လမ်းများကို ဖြန့်နေခဲ့လေ၏။
'စတင်ဖို့အတွက် ငါ လေဒီရှယ်ဘီနဲ့ပတ်သက်တဲ့ အချက်အလက်တွေလိုအပ်တယ်။'
ဟယ်လင်လုပ်ခဲ့သလို သတင်းအချက်အလက်များနှင့် သူ(မ)အား ထောင်ချောက်ဆင်ရလိမ့်မည်။ အချိန်တိုအတွင်း အယ်လီနာ ဟယ်လင်နှင့်ပတ်သက်သမျှ မျက်မြင်သက်သေများနှင့် သက်သေများစွာ စုစည်းနိုင်ဖို့က အဓိကအချက်ဖြစ်သည်။
'သူ(မ) ငါ့ကို ဆားလက်ဖက်ရည်ပေးခဲ့တဲ့အချိန်ကနဲ့ စကြတာပေါ့။'
မျက်မြင်သက်သေအဖြစ် ဆိုဖီယာရှိသည့် ဟယ်လင်နှင့်မတူဘဲ မာဂရက်က သူ(မ)၏အပြုအမူအား သက်သေခံပေးနိုင်လျှင် အယ်လီနာ့အတွက် ပို၍ယုံကြည်ရပေ၏။ မာဂရက်က တော်ဝင်မျိုးနွယ်ဖြစ်ရာ အစေခံတစ်ယောက်ထက် ပို၍ယုံကြည်ထိုက်သည်ဟု ယူဆလို့ရသည်။
သို့သော် ၎င်းက မလုံလောက်ပေ။ အယ်လီနာက ညတိုင်း ယောက်ျားအမျိုးမျိုးနှင့် တွေ့ဆုံပါသည်ဟူသော ဇာတ်လမ်းလို စိတ်ကိုဆွပေးသော မချင့်မရဲဖြစ်စရာ တစ်စုံတစ်ခုလိုအပ်၏။ ထိုအခါမှ ကောလာဟလများက ချက်ချင်း ရပ်တန့်သွားလိမ့်မည်။
၎င်းအား ထပ်တလဲလဲတွေးတောပြီးနောက် အယ်လီနာ ထရပ်ကာ မိုင်ရာဘယ်လာ့အခန်းဆီ ဦးတည်ခဲ့သည်။ အခန်းထဲမဝင်ခင် သူ(မ)က တံခါးခေါက်လိုက်၏။
"အင်း၊ ဝင်ခဲ့ပါ။"
အယ်လီနာ တံခါးဖွင့်လိုက်သော် အပ်ချုပ်စက်၏အသံများ ပျံ့လွင့်လာခဲ့သည်။
အစေခံအနည်းငယ်၏ အကူအညီဖြင့် မိုင်ယာဘယ်လာက ကာလိုင်းပို့လိုက်သောဂါဝန်များကို ပြုပြင်ခြင်း၌ သူ(မ)ကိုယ်သူ(မ) နစ်မြုပ်ထားလေသည်။ မိုင်ယာဘယ်လာ မော့ကြည့်လိုက်ပြီး အခန်းထဲဝင်လာသူအား မြင်လိုက်ရသောအခါ သူ(မ)၏နေရာကနေ ထလာခဲ့၏။
"ဘာဖြစ်လို့လဲ မမ။"
"ရက်အနည်းငယ်နေရင် လူမှုရေးပွဲတစ်ပွဲရှိတယ်။ ညီမလေးကို ဂါဝန်တစ်ထည်လောက် တောင်းဆိုမလို့ပဲ၊ ဒါပေမဲ့ ကြည့်ရတာ ညီမလေးက လုပ်တောင်နေပြီထင်တယ်။"
"မမအတွက် ဂါဝန်တွေ ပြန်ပြင်ပေးမယ်လို့ ကပွဲမှာတုန်းက မမကို ပြောခဲ့တယ်လေ။ ပြီးတော့လည်း ဖိတ်စာတွေအများကြီးရောက်လာတော့ အနှေးနဲ့အမြန် လိုအပ်လာတော့မယ်လို့ ညီမလေးတွေးမိလိုက်လို့ပါ။"
မိုင်ယာဘယ်လာက အလွန်ချစ်စရာကောင်းနေရာ အယ်လီနာ မပြုံးဘဲ မနေနိုင်တော့ချေ။
သူ(မ)ပြောတာ မှန်ပေ၏။ အယ်လီနာ လာမည့်ပွဲများ၌ အခြားသူများလို လှနေဖို့လိုအပ်သည်။ အသွင်အပြင်များက အရာရာမဟုတ်သော်လည်း သူ(မ)၏စံနှုန်းများကို နှိမ့်ချလို့မဖြစ်ပေ။ ထို့အပြင် ထိုနေ့၌ ... ဟယ်လင်ဖြန့်ခဲ့သော ကောလာဟလများအားလုံးအတွက် ဒီရေအလား ပြောင်းလဲစေမည်ပင်။
အယ်လီနာ အမြန်ဆုံးသော ဖိတ်စာရက်စွဲကို ပြန်တွေးလိုက်၏။ ထိုပွဲသို့ လူမည်မျှတက်ရောက်ကြမည်ကို သူ(မ)မသိသော်လည်း တော်တော်လေးလူစည်မည်ဖြစ်ကြောင်း ရှင်းလင်းပေသည်။ ပြင်ဆင်စရာများစွာရှိနေရာ ယခု ဂါဝန်ကိစ္စအတွက်တော့ စိတ်ပေါ့သွားချေပြီ။
"ဒါဆို မမ နောက်မှပြန်လာခဲ့မယ်၊ မိုင်ယာဘယ်လာ။"
"ဟုတ်! ပြီးသွားရင် မမကို အသိပေးမယ်နော်။"
"အင်း၊ ကျေးဇူးတင်ပါတယ်။"
အယ်လီနာ သူ(မ)၏အခန်းသို့ ပြန်ရောက်သွားချိန်၌ ပြတင်းပေါက်တွင် အနီရောင်လက်ကိုင်ပဝါကို ချက်ချင်းချည်နှောင်လိုက်သည်။ အချက်အလက်များကိုစုစည်းဖို့ ဘလေဆယ်အရင်းအမြစ်များနှင့်ယှဥ်လျှင် ခွန်းကသာ အလျင်မြန်ဆုံးနှင့် လျှို့ဝှက်ဆုံးနည်းလမ်းဖြစ်ကြောင်း တွေးမိသွား၏။ သူယူဆောင်လာသော သတင်းအချက်အလက်များက သူ(မ)အား တစ်ခါမှစိတ်မပျက်စေခဲ့ပေ။
ခါတိုင်းလိုပင် အယ်လီနာ ပြတင်းပေါက်အားဖွင့်ထားပြီး လူတိုင်း၏မျက်လုံးများအား ကျော်ဖြတ်လာမည့်ခွန်းကို စောင့်နေခဲ့သည်။ ထို့နောက် စားပွဲဆီသို့သွားကာ သူ(မ)၏ဦးခေါင်းထဲမှ အစီအစဥ်များကို စာရွက်ပေါ် ချရေးလိုက်သည်။ သူ(မ)၏တန်ပြန်တိုက်ခိုက်မှုကသာ ကျရှုံးခဲ့လျှင် အယ်လီနာနှင့်ပတ်သက်သည့် ကောလာဟလများက ပို၍စစ်မှန်သလို ထင်သွားစေနိုင်၏။ ထိုသို့ဖြစ်လာလျှင် သူ(မ) ဘာမှတတ်စွမ်းနိုင်တော့မည်မဟုတ်ပေ။ အချိန်က တိုတောင်းသော်လည်း သူ(မ)၏အစီအစဥ်ထဲ ဟာကွက်တို့ရှိလို့မဖြစ်ချေ။
'လေဒီရှယ်ဘီ... ရှင် ကျွန်မကိုပေးခဲ့တဲ့အရာထက် ရှင့်ကို နှစ်ဆပြန်ပေးဆပ်စေရမယ်။'
သူ(မ)၏ဂုဏ်သတင်းက ယခုလို စွန်းထင်းနေချိန် သူ(မ)က အရူးတစ်ယောက်လို ငြိမ်ငြိမ်လေးထိုင်နေဖို့ ရည်ရွယ်ချက်မရှိသလို ယခု အယ်လီနာက တုံးအသည့်အမျိုးသမီးမဟုတ်တော့ပေ။ သူ(မ)က နိုင်ငံရေးထက် ဓားရေးကို ပိုမိုကျွမ်းကျင်သည်မှာ မှန်ကန်သော်လည်း သူ(မ)သည် ရှက်စရာကောင်းသော လှည့်စားမှုများကို ခံရလောက်အောင်ထိ မပျော့ညံ့ချေ။
...
အယ်လီနာ အရှိန်အဟုန်ကို တည်ဆောက်နေ၏။
သူ(မ) ခွန်းအား ဟယ်လင်နှင့်ပတ်သက်သည့် သတင်းများကိုစုဆောင်းကာ တတ်နိုင်သမျှ အမြန်ဆုံးပြန်လာဖို့ တောင်းဆိုလိုက်သည်။ မကြာမီ မိုက်ကယ်ကိုဆင့်ခေါ်ကာ မြို့စားကတော်ဗီဗီယာနာနှင့် ချိန်းဆိုမှုလုပ်ရန် မိန့်ကြားလိုက်၏။
စတယ်လာဗီဗီယာနာ။ သူ(မ)က တော်ဝင်မျိုးနွယ်များကြား ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ခွန်း၏ မြို့တော်အကြောင်းတင်ပြချက်ထဲ ဖော်ပြအခံရဆုံး နာမည်ဖြစ်သည်။ အယ်လီနာ၏ ဗဟုသုတအရင်းအမြစ်မှာ တင်ပြချက်များသာမဟုတ်ဘဲ သူ(မ) အနာဂတ်၏ ထိတ်လန့်စရာပေါ်ထွန်းမှုအပြီးတွင် သူ(မ) ထိုနာမည်ကို မှတ်မိနေဆဲပင်။
အယ်လီနာ ထိုပုဂ္ဂိုလ်နှင့် တွေ့ချင်သည့်အကြောင်းပြချက်က တစ်ခုသာရှိ၏။ မြင့်မားသောလူ့အဖွဲ့အစည်း၌ လွှမ်းမိုးမှုရှိသောပုဂ္ဂိလ်ထံမှ အကူအညီလိုအပ်သည်။
'ဟယ်လင်ရဲ့အားနည်းချက်ကို ဘယ်လောက်ပဲ ပစ်မှတ်ထားနေပါစေ၊ လူတွေက ငါ့ကို လွယ်လွယ်နဲ့ ယုံကြည်ကြမှာမဟုတ်ဘူး။'
အယ်လီနာက မြို့တော်၏လူမှုအသိုင်းအဝိုင်းတွင် မပါဝင်သေးချေ။ သူ(မ)မှာ အဆက်အသွယ်မရှိသလို သူ(မ)ပြောစကားအား နားထောင်ပေးမည့်လူလည်းမရှိပေ။ ကောလာဟလများမှ သူ(မ)၏ပုံရိပ်ကြောင့် သူ(မ)ကို အခြားသောတော်ဝင်မျိုးနွယ်များက ဥပေက္ခာပြုကာ ရှောင်သွားကြလိမ့်မည်။
'လေဒီရှယ်ဘီက လူလိမ်တစ်ယောက်ဆိုတဲ့ကောလာဟလကို ဖြန့်ပေးမဲ့တစ်စုံတစ်ယောက်လိုအပ်တယ်။'
သူ(မ)၏စကားကို ထောက်ခံပေးမည့် တစ်စုံတစ်ယောက်ကိုလိုအပ်ပြီး ထိုအတွက် စတယ်လာက အကောင်းမွန်ဆုံးရွေးချယ်မှုဖြစ်သည်။ သို့သော်လည်း ထိုအမျိုးသမီး၏နှာခေါင်းက သူ(မ)၏ဂုဏ်သတင်းလိုပဲ မော်ချီနေတတ်၏။ သူ(မ)က အယ်လီနာ၏အကူအညီကို အလွယ်တကူ လိုက်လျောပေးမည်မဟုတ်သလို သူ(မ)အား လက်ခံတွေ့ဆုံပါ့မလားတောင် အယ်လီနာမသိပေ။ မိုက်ကယ်ကိုယ်တိုင် သူ(မ)ဆီသွားရောက်ခဲ့ပြီးနောက် ပြန်လည်တုံ့ပြန်မှုရရှိရန် ရက်အနည်းငယ်ကြာခဲ့သည်။ နောက်ဆုံး၌ အယ်လီနာစိတ်ပူနေသောအဖြေအား အိမ်တော်ထိန်းက ယူဆောင်ပေးလာလေသည်။
"သခင်မလေး၊ မြို့စားကတော် ဗီဗီယာနာဆီက..."
"ဆက်ပြောပါ။"
"သူ(မ)ကပြောတယ်၊ သူ(မ)ရဲ့အချိန်စာရင်းက ကျပ်နေလို့ သခင်မလေးနဲ့တွေ့ဖို့ တော်တော်ခက်လိမ့်မယ်တဲ့။"
အယ်လီနာ သက်ပြင်းရှည်ကြီး ချလိုက်မိလေသည်။
"...ဟူး။"
အယ်လီနာတစ်ယောက် ကောလာဟလများကြောင့် အိပ်မပျော်နိုင်ခဲ့ပေ။ သူ(မ)၏မျက်လုံးများကို လက်ချောင်းထိပ်လေးများဖြင့် ပွတ်သပ်လိုက်ပြီး သူ(မ)အား စိုးရိမ်တကြီးကြည့်နေသော မိုက်ကယ်ကို ပြောလိုက်၏။
"ခဏလောက်စောင့်ဦး။"
"ဟုတ်ကဲ့ပါ သခင်မလေး။"
သူ(မ)က စားပွဲဆီသွားကာ တစ်စုံတစ်ခုကိုရေးလိုက်၏။ ထို့နောက် စာအိတ်ထဲထည့်ကာ ချိတ်ပိတ်လိုက်ပြီး မိုက်ကယ်ဆီလှမ်းပေးလိုက်သည်။ သူက စူးစမ်းလိုစိတ်ဖြင့် စာအိတ်ကိုလက်ခံယူခဲ့၏။
"ဒါကို မြို့စားကတော်ဗီဗီယာနာဆီပို့ပြီး သူ(မ)ကို နောက်ထပ်ချိန်းဆိုမှုတစ်ခုလုပ်ဖို့ တောင်းဆိုခဲ့ပါ။"
"သူ(မ)က သခင်မလေးကို တစ်ခါငြင်းပြီးသွားပြီလေ... ဒါက ဖြစ်နိုင်ပါ့မလား။"
အိမ်တော်ထိန်း၏ သံသယဖြစ်နေသောအမူအရာကြောင့် အယ်လီနာက ပြတ်သားစွာ ပြန်ဖြေပေးလိုက်သည်။
"အင်း၊ ဒီတစ်ခေါက်က ဖြစ်နိုင်တယ်။"
အနာဂတ်က အသိဉာဏ်များကို လက်နက်အဖြစ် အသုံးမချချင်သော်လည်း အခြေအနေများက ယခုလိုဖြစ်လာရာ သူ(မ)မှာ ရွေးချယ်စရာမရှိတော့ပေ။ ခြိမ်းခြောက်စာပို့လိုက်ရသည့်အတွက် နောင်တရနေသော်လည်း သူ(မ) ထပ်ပြီးစောင့်ဆိုင်းနေလို့မဖြစ်ချေ။
***
Aurora Novel Translation Team