ထိပ်တန်းလျှို့ဝှက်ချက် (၂)
ပထမတောင်းဆိုချက်ကို အကြောင်းပြန်ရန် ရက်အနည်းငယ်အချိန်ယူခဲ့သော မြို့စားကတော်ဗီဗီယာနာက ယခုတစ်ခေါက်တွင်မူ ကွဲပြားသွား၏။ အယ်လီနာ၏ ဒုတိယစာပို့ဆောင်ပြီး နာရီပိုင်းအတွင်း မိုက်ကယ်တစ်ယောက် ပြန်ရောက်လာခဲ့သည်။
"သခင်မလေး! မြို့စားကတော် ဗီဗီယာနာက သခင်မလေးနဲ့ အမြန်ဆုံးတွေ့ဆုံဖို့ လက်ခံလိုက်တယ်!"
"ကောင်းပြီ။"
အယ်လီနာ သူ(မ)ကိုယ်သူ(မ) အတော်လေးကျေနပ်သွား၏။
"ဒါပေမဲ့ သခင်မလေး ဘာပြောလိုက်လို့ သူ(မ)က ရုတ်တရက် စိတ်ပြောင်းသွားရတာလဲ၊"
"အဲ့ဒါက... ထိပ်တန်းလျှို့ဝှက်ချက်။"
အယ်လီနာ ထပ်ပြီးမပြောတော့ပေ။ မည်သို့ပင်ဖြစ်စေ မြို့စားကတော်ဗီဗီယာနာ၏ ဘဝင်မြင့်ပုံမျိုးနှင့် သူ(မ)၏သဘောထားအား အလျင်အမြန်ပြောင်းလဲနိုင်သည့်အပေါ် မိုက်ကယ်တစ်ယောက် သိချင်မိတာထက် ကျေနပ်နေတာကပိုပေ၏။ သူ ပထမအကြိမ်သွားတုန်းက ထိုနေရာရှိအစေခံများဆီကနေ လျစ်လျူရှုခံခဲ့ရသော်လည်း ဒုတိယအကြိမ်မှာတော့ သူ့အား အဖိုးတန်ဧည့်သည်တစ်ဦးပမာ ဆက်ဆံခဲ့ကြသည်။ ပြောင်းလဲမှု၏ အကြောင်းအရင်းကို သူ သိချင်မိသော်လည်း အယ်လီနာ့အား ယုံကြည်ပေ၏။
"မြို့စားကတော် ဗီဗီယာနာ့ဆီ တစ်စုံတစ်ယောက်စေလွှတ်ပြီး ဒီနေ့တွေ့လို့ရနိုင်မလားလို့ မေးခိုင်းလိုက်ပါ။"
"ဟုတ်ကဲ့ပါ၊ သခင်မလေး!"
စတယ်လာက အမြန်ဆုံးတွေ့ချင်နေသော်လည်း ယနေ့ချက်ချင်းချိန်းဆိုရန်မှာ ခက်ခဲပေလိမ့်မည်။ မိုက်ကယ်က အယ်လီနာ၏အမိန့်များကို တစ်တဝေမသိမ်းလိုက်နာခဲ့သည်။ ဤသည်မှာ သူ(မ)အပေါ် သူမည်မျှယုံကြည်ကြောင်းပင်။
ယခုတစ်ခေါက်တွင် မိုက်ကယ်က ဗီဗီယာနာ့ဆီ ကိုယ်တိုင်မသွားတော့ဘဲ အယ်လီနာ၏တောင်းဆိုချက်ကို ပေးပို့ဖို့အတွက် အစေခံတစ်ယောက်အား စေလွှတ်လိုက်သည်။
ညအချိန်တွင် အစေခံက မြို့စားကတော်ဗီဗီယာနာက အခုချက်ချင်း တွေ့ဆုံကြမည်ဆိုသောစာနှင့်အတူ ပြန်ရောက်လာခဲ့သည်။ ညရောက်နေပြီဖြစ်သော်လည်း အယ်လီနာ ထွက်ခွာရန်ပြင်ဆင်လိုက်၏။ လူမှုစုဝေးပွဲက သိပ်မလိုတော့ရာ သူ(မ) စတယ်လာ၏အထောက်အပံ့ကို ရယူဖို့လိုအပ်ပေသည်။
"ပြန်လာခဲ့ပါ့မယ်။"
"ဟုတ်ကဲ့၊ ဂရုစိုက်ပါ၊ သခင်မလေး။"
မိုက်ကယ်က သူ(မ)အား ရထားလုံးထဲတက်သွားချိန်ထိ စောင့်နေပေးခဲ့၏။
စတယ်လာက 'လျှို့ဝှက်ချက်' ဟုခေါ်သော ခမ်းနားသည့်ဧည့်ခံဆောင်တစ်ခုမှာ တွေ့ဆုံရန်ချိန်းဆိုခဲ့သည်။ အယ်လီနာ ၎င်းအားသိပေ၏။ ၎င်း၏နာမည်အတိုင်း တင်းကျပ်သော အဖွဲ့ဝင်စနစ်ရှိပြီး ရာထူးမြင့်မားသည့် တော်ဝင်မျိုးနွယ်တို့ သီးသန့်စကားဝိုင်းများပြုလုပ်ရာ နေရာတစ်ခုဖြစ်သည်။
လျင်မြန်သောရထားလုံးက သူ(မ)အား သွားလိုရာအရပ်သို့ ပို့ဆောင်ပေးခဲ့သည်။
"ရောက်ပါပြီ၊ သခင်မလေး။"
"ကျေးဇူးပါ။"
ရထားလုံးမောင်းသမားက တံခါးဖွင့်ပေးလာရာ သူ(မ) အပြင်သို့လှမ်းထွက်လိုက်သည်။ ဝင်ပေါက်ရှေ့က 'လျှို့ဝှက်ချက်' ဆိုသောဆိုင်းဘုတ်ကို တစ်ချက်ကြည့်ကာ အထဲသို့ဝင်သွားလိုက်၏။ အထဲရှိလေထုက မှုန်မှိုင်းကာ စင်္ကြံလမ်းများကလည်း ကျဥ်းမြောင်းလှသည်။ လမ်းတစ်လျှောက်မှာ မည်သူ့ကိုမှမတွေ့ခဲ့ရာ ဤနေရာက ဧည့်သည်တော်များအချင်းချင်း အလွယ်တကူ တွေ့ဆုံနိုင်ခြင်းမရှိစေရန် တည်ဆောက်ထားပုံပင်။ ဖျော့တော့သော ဆေးရွက်ကြီးရနံ့က လေထုထဲ ပျံ့လွင့်နေ၏။ အမှောင်ရိပ်ကျသောစင်္ကြံလမ်းကနေ လျှောက်သွားလိုက်ပြီး နောက်ဆုံးတွင် စားပွဲနောက်မှာရပ်နေသော စာရေးတစ်ယောက်ကို တွေ့လိုက်ရသည်။
"ချိန်းဆိုထားတာရှိပါသလား။"
"ရှိပါတယ်။"
"ဘယ်သူနဲ့ လာတွေ့တာလဲမသိဘူး။"
"မြို့စားကတော် ဗီဗီယာနာနဲ့ပါ။"
စာရေးက ယခုလိုကြိမ်ပေါင်းများစွာ ပြုလုပ်ဖူးသည့်အလား အယ်လီနာ့ကို လက်ဟန်ပြလိုက်သည်။
"ကျေးဇူးပြုပြီး ဒီလမ်းအတိုင်းလိုက်ခဲ့ပေးပါ။"
အလုပ်သမားများက အတွေ့အကြုံရှိကာ စေ့စပ်သေချာသည်။ ဤသည်က လျှို့ဝှက်တည်ဆောက်မှုတစ်ခုဖြစ်ကြောင်း သူ(မ)သိသော်လည်း မျှော်လင့်ထားတာထက်ပင် အသေးစိတ်ကျနေ၏။ စာရေးက သူ(မ)အား အဆောက်အအုံအထဲထိ ခေါ်ဆောင်သွားခဲ့ပြီး နောက်ဆုံးတွင် ပွတ်တိုက်မှုအသံဖြင့် ပွင့်သွားသော ရှေးဟောင်းတံခါးတစ်ခုရှေ့သို့ ရောက်ရှိသွားခဲ့သည်။ အခန်းထဲ၌ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ အယ်လီနာ အထဲသို့ဝင်သွားပြီးနောက် စာရေးက တံခါးပြန်ပိတ်ပေးခဲ့သည်။ အမျိုးသမီးနှစ်ဦးက အချင်းချင်း ကြည့်နေကြလေ၏။
"..."
"..."
တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက အယ်လီနာဖြစ်သည်။
"နေကောင်းပါရဲ့လား။ ကျွန်မက အယ်လီနာဘလေဆယ်ပါ။"
"တို့သိတယ်။ မင်းက ဒီရက်ပိုင်းမှာ လူပြောများနေတဲ့သူပဲ။"
သူ(မ)လေသံက အက်ရှကာ သူ(မ)၏အကြည့်များထဲ ဆူးများပြည့်နှက်နေပေသည်။
"ကွေ့ဝိုက်ပြီး ပြောမနေတော့ဘူး။ မင်း တို့ဆီကို ရေးခဲ့တဲ့စာ... အဲ့ဒါကို ဘယ်လိုသိထားတာလဲ။"
အယ်လီနာ ထိုမေးခွန်း၏အဖြေအား အမှန်တိုင်းမပြောနိုင်ပေ။
"မေးခွန်းက ကျွန်မ မြို့စားကတော်ဗီဗီယာနာရဲ့လျှို့ဝှက်ချက်ကို ဘယ်လိုသိခဲ့တာလဲမဟုတ်ဘဲ တစ်စုံတစ်ယောက်ကို ပြော၊မပြော ဆိုတဲ့တစ်ခုဖြစ်ရမှာလေ။ ကျွန်မ မမှားဘူးမဟုတ်လား။"
အယ်လီနာ စတယ်လာ့ဆီပို့လိုက်သောစာက အလွန်တိုတောင်းပေ၏။
[ကျွန်မ ရှင့်ရဲ့ ဝှက်ထားတဲ့သားအကြောင်းကို သိတယ်။]
စတယ်လာသည် လူ့အဖွဲ့အစည်း၌ ထိပ်တန်းပုဂ္ဂိုလ်နှင့် မြို့စားကတော်ဖြစ်မလာခင် အမျိုးသားတစ်ယောက်နှင့် အတူရှိခဲ့ပြီး သားတစ်ယောက်ကို လျှို့ဝှက်စွာ မွေးဖွားခဲ့သည်။ စတယ်လာ၏မိဘများက ထိုကိစ္စအား သေသေချာချာဖုံးကွယ်ခဲ့ကြပြီး ထိုကိစ္စအား မည်သူမှမသိဘဲ ဗီဗီယာနာက လက်ထပ်ခဲ့လေ၏။ အယ်လီနာ၏ ယခင်ဘဝတုန်းက ထိုအမှန်တရား ပေါ်ပေါက်လာသောအခါ မြို့စားကတော်ဗီဗီယာနာ၏ဂုဏ်သတင်းက ကျဆင်းသွားခဲ့သည်။ သို့သော်လည်း ၎င်းမှာ ဇာတ်လမ်း၏အဆုံးသတ်မဟုတ်ပေ။ ထိုကိစ္စပြီးနောက် နောက်ထပ်ကြေကွဲစရာများလည်း ရှိနေသေးသည်။
"တို့ကို ခြိမ်းခြောက်နေတာလား။"
"ဟုတ်ပါတယ်။"
အယ်လီနာက မျက်တောင်တစ်ချက်မခတ်ဘဲ ပြန်ဖြေခဲ့၏။
"ရှင့်ရဲ့လျှို့ဝှက်ချက်ကိုထိန်းပေးရတဲ့အတွက် အလဲအလှယ်အနေနဲ့ ကျွန်မအတွက် တစ်စုံတစ်ခုလုပ်ပေးပါ။"
***
Aurora Novel Translation Team