no

Font
Theme

အံ့သြစရာပဲ (၁)

ကာလိုင်းပြောသလိုပင် ပါတီ၌ဖြစ်ပွားခဲ့သော အတင်းအဖျင်းများက လူ့အဖွဲ့အစည်း၌ လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ စကားပြောနူးညံ့သော ဧကရာဇ်စူလီဗန်နှင့်ယှဥ်လိုက်လျှင် ကာလိုင်း၏ကြမ်းကြုတ်ပုံတို့က မင်းမျိုးမင်းနွယ်များကြား ပြောစရာတစ်ခုဖြစ်လာပြီး သူ လူ့အဖွဲ့အစည်း၌ ပေါ်ပေါက်မလာခင် စစ်မြေပြင်၌သာ အချိန်ကုန်ဆုံးခဲ့ရပုံတို့ကိုလည်း ထည့်ပြောခဲ့ကြ၏။ မင်းသားရက်ဖီးနှင့်ပတ်သက်၍ ဇာတ်လမ်းများရှိခဲ့ဖူးသော်လည်း ယခု တော်ဝင်နန်းတော်နှင့်ပတ်သက်သည့် စကားတို့က အတိတ်ကနှင့်မတူတော့ပေ။

အယ်လီနာ၏နာမည်ကလည်း စကားဝိုင်းများကြားမှာ ပြောစရာတစ်ခုဖြစ်လာခဲ့သည်။ သူ(မ)နှင့် ကာလိုင်းတို့၏ အချိန်တစ်ခုကြာပြီဖြစ်သော ဆက်ဆံရေးကို ဖော်ထုတ်လိုက်ခြင်းက အခြားသောကောလာဟလများကို လုံးဝပျောက်ကွယ်သွားစေခဲ့၏။ သူ(မ)ကို နာမည်ဖျက်ဖို့ကြိုးစားခဲ့သူကိုတောင် ကာလိုင်းက သတ်ပစ်ခဲ့သည်။ ရလဒ်အနေဖြင့် အယ်လီနာစတင်ခဲ့သော ဟယ်လင်နှင့်ပတ်သက်သည့် ကောလာဟလများသာ ကျန်နေခဲ့ပြီး လက်တစ်လောတွင် ဟယ်လင်နှင့်ပတ်သက်၍ အပျက်သဘောဆောင်သည့် ရည်ညွှန်းချက်များကို စတင်ခဲ့ကြသည်။

"နင် ဘာလို့ ငါ့ကိုမနာလိုဖြစ်နေရတာလဲ။ နင်က လေဒီရှယ်ဘီ့အတိုင်းပဲ။"

"ငါ ဘယ်မှာ နင့်ကိုမနာလိုဖြစ်လို့လဲ!"

ထိုကဲ့သို့သောစကားဝိုင်းများက ယနေ့ခေတ် မင်းမျိုးမင်းနွယ်များကြား တွေ့ရများလာ၏။ ထို့ပြင် ဟယ်လင်တစ်ယောက် သူ(မ)၏အိမ်တော်ထဲမှာပဲ သော့ပိတ်ပြီးနေနေသည်ဟု ပြောကြသည်။

သို့သော် အယ်လီနာ အာရုံစိုက်ဖို့လိုအပ်သည့် ရောက်ရှိလာတော့မည့်ပြဿနာတစ်ခု ရှိနေသည်။ သူ(မ)သည် ကနဦးတုန်းက ကပွဲမှာတွေ့ဆုံခဲ့သောကာလိုင်းနှင့် လက်ထပ်ပါမည်ဟု သူ(မ)၏မိသားစုကိုပြောရန် ဇာတ်တိုက်ထားခဲ့သည်...

သို့သော် ယခု သူ(မ)က သူနှင့် လျှို့ဝှက်ပြီးတွဲနေကြောင်း လူသိရှင်ကြားဖြစ်သွားချေပြီ။ သို့သော်လည်း မိုင်ယာဘယ်လာက အယ်လီနာ မင်းသားနှင့် တိတ်တိတ်လေးတွေ့နေကြောင်းကို မသိသေးပေ။ အယ်လီနာ ဝန်ခံရမည်။ ၎င်းတို့သည် မည်သည့်ကိစ္စမဆို အချင်းချင်းဖုံးကွယ်မထားတတ်ကြရာ မိုင်ယာဘယ်လာ သူ(မ)ကို စိတ်ဆိုးသွားမည်အား သူ(မ) စိုးရိမ်နေမိ၏။

အယ်လီနာ ခြောက်ကပ်စွာဖြင့် ဆံတွေးမျိုချလိုက်မိသည်။

"မိုငိယာဘယ်လာ၊ မမ ညီမလေးကို ပြောစရာရှိတယ်..."

"ဟမ်? ဘာပြောမလို့လဲ။"

မိုင်ယာဘယ်ဘာက သူ(မ)၏အခန်းထဲမှာ အေးအေးလူလူထိုင်နေပြီး အယ်လီနာ၏ခေါ်သံကြောင့် အပြင်ထွက်လာခဲ့၏။ မိုင်ယာဘယ်လာက ချိုမြိန်မှုပုံရိပ်လေးဖြစ်သော်လည်း အယ်လီနာ ထိုမြင်ကွင်းကိုမြင်ရတာတောင် မပြုံးနိုင်ဘဲ သူ(မ)၏မျက်နှာက တောင့်တင်းနေ၏။

"ညီမလေးကို ဝန်ခံစရာရှိတယ်။ ပြောရမှာရှည်တော့... မမတို့ တစ်နေရာရာသွားပြီး လက်ဖက်ရည်သောက်ရင်း ပြောကြရအောင်လား။"

"ဘာလို့လဲ။ မမ ဘာလို့ လေးလေးနက်နက်ဖြစ်နေရတာလဲ။"

မိုင်ယာဘယ်လာက စိတ်ပူနေ၏။ ပုံမှန်ဆို အယ်လီနာက တည့်တိုးဆန်ပြီး ပြောစရာရှိလျှင်လည်း ကွေ့ဝိုက်ပြီးမပြောတတ်ပေ။

မိုင်ယာဘယ်လာ အယ်လီနာ့နောက်မှ အပြင်ဘက်ရှိစားပွဲဝိုင်းရှိရာသို့ လိုက်လာခဲ့ပြီး မယ်ရီမှ မိုင်ယာဘယ်လာ၏အကြိုက် နို့လက်ဖက်ရည်လာချပြီးတဲ့အထိ စကားမဆိုခဲ့ကြပေ။ အယ်လီနာတစ်ယောက် ဘယ်ကစပြောရမှန်းမသိဖြစ်နေ၏။ တော်တော်ကြာပြီးမှ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"မိုင်ယာဘယ်လာ၊ လက်ဖက်ရည်ပူတုန်း သောက်လိုက်ဦး။"

"သောက်ပါ့မယ်။ ဒါပေမဲ့ မမ ပြောစရာရှိတာကို အရင်ပြောလို့ရမလား။"

မိုင်ယာဘယ်လာက စူးစမ်းလိုစိတ်ဖြင့် မောကြည့်လာသော်လည်း အယ်လီနာက တွန့်ဆုတ်နေဆဲပင်။ သူ(မ)၏အစ်မက ရုန်းကန်နေရကြောင်း မိုင်ယာဘယ်လာ သိသဖြင့် သူ(မ)၏ဘက်ဖက်ရည်ကိုသောက်ကာ စိတ်ရှည်စွာဖြင့်စောင့်ပေးခဲ့သည်။

မိုင်ယာဘယ်လာက လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကိုင်ကာ အငွေ့များထနေသောမျက်နှာပြင်အား မှုတ်နေသည်ကိုကြည့်ရင်း ယခုအခိုက်အတန့်က တကယ့်အစစ်အမှန်ဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူ(မ)၏စကားလုံးများက ကာလိုင်းနှင့်လက်ထပ်ဖို့ကို ဦးတည်လိမ့်မည်ဖြစ်ပြီး သူ(မ) ထိုဆုံးဖြတ်ချက်ကို ထပ်တလဲလဲ တွေးတောထားပြီးဖြစ်သော်လည်း သူ(မ)၏မိသားစုကို ပထမဆုံးအကြိမ်အဖြစ် ပြောပြခြင်းပင်။

"...မိုင်ယာဘယ်လာ။"

"ဟုတ်။"

"တကယ်တော့..."

မိုင်ယာဘယ်လာက အယ်လီနာ့ကို တိုက်တွန်းလိုက်သည်။

"ဘာလဲဟင်။"

အခိုက်အတန့်တစ်ခုကြာပြီးနောက် အယ်လီနာက တောင့်တင်းသောလေသံကြီးဖြင့် ဖြေလိုက်၏။

"... မမ ချစ်နေမိပြီ။"

မိုင်ယာဘယ်လာက ကြောင်အမ်းစွာဖြင့် မျက်တောင်ခတ်လိုက်ပြီးနောက် အသိစိတ်ပြန်ဝင်လာခဲ့သည်။

"ဘ-ဘာကြီး?"

သူ(မ)၏အသံက အရင်ကထက် ပိုကျယ်သွား၏။

"တကယ်တော့... အခု အချိန်တစ်ခုလောက်ကြာတဲ့အထိ မမ တွေ့နေတဲ့အမျိုးသားတစ်ယောက်ရှိတယ်။"

"ဘာာာာ?"

မိုင်ယာဘယ်လာ ပါးစပ်အဟောင်းသားဖြစ်နေမိ၏။ ထို့နောက် သူ(မ)၏ရိုင်းပျမှုကို သတိရသွားပြီး သူ(မ)၏ပါးစပ်အား လက်နှစ်ဖက်ဖြင့် ဖုံးကွယ်ထားလိုက်သည်။ အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်မှုတို့ ကြီးစိုးသွားပြန်သည်။ မိုင်ယာဘယ်လာ ၎င်းအား မယုံကြည်နိုင်ပေ။ အယ်လီနာက တစ်စုံတစ်ခုနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေမှန်း သူ(မ) သံသယဖြစ်မိသော်လည်း တစ်စုံတစ်ယောက်နှင့် တွေ့နေသည့်အတွက်ကြောင့်ဟု သူ(မ) တစ်ခါမှတောင် အိပ်မက်မမက်ခဲ့ဖူးပေ။ အယ်လီနာသည် အရင်တုန်းက မည်သည့်ယောက်ျားလေး သို့မဟုတ် ဆက်ဆံရေးကိုမှ စိတ်ဝင်စားခြင်းမရှိခဲ့ချေ။ တကယ့်လက်တွေ့တွင် မိုင်ယာဘယ်လာ၏သံသယတို့က မမှားချေ။ ကာလိုင်းနှင့် အယ်လီနာတို့၏ လက်ထပ်ပွဲက သဘောတူညီမှုကြောင့်သာဖြစ်၏။

"'အချိန်တစ်ခုထိ'ဆိုတော့... မမတို့တွေ့နေတာ ဘယ်လောက်ကြာပြီလဲ။ မဟုတ်သေးဘူး၊ နေပါဦး။ အဲ့ဒီလူက ဘယ်သူလဲ။"

နောက်ဆုံးတော့ ယခုအခိုက်အတန့်က ရောက်ရှိလာခဲ့ပြီ။ သူ(မ) တစ်စုံတစ်ယောက်နှင့်တွေ့နေကြောင်း သူ(မ)၏ညီမလေးကိုပြောပြရန်က ကိစ္စတစ်ခုဖြစ်ပြီး ထိုလူကမည်သူဖြစ်ကြောင်း ပြောပြရန်မှာ ပို၍ထိတ်လန့်စရာကောင်းသော ကိစ္စရပ်ပင်။

"ဟို..."

"သူက မြို့တော်ကလား။"

"... အဲ့ဒါ အရှင့်သားပါ။"

"အရှင့်သား? ဘယ်သူ... အိုး?"

မိုင်ယာဘယ်လာတစ်ယောက် မျက်လုံးပြူးသွား၏။ ၎င်းက ကာလိုင်းဖြစ်မည်ဟု သူ(မ) တွေးလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် ကပွဲ၌ အယ်လီနာနှင့် အတူကခဲ့သောသူက သူဖြစ်နေသည့်အတွက်ကြောင့်ပင်။ မိုင်ယာဘယ်လာ သူ(မ)၏အစ်မကို မယုံကြည်နိုင်စွာစိုက်ကြည့်နေမိပြီး သူ(မ)အား ကာလိုင်းနှင့် အမှန်တကယ်ချိန်းတွေ့နေတာလားဟု မေးမြန်းခဲ့၏။ အယ်လီနာက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြခဲ့သည်။

"ဘုရားရေ!"

မိုင်ယာဘယ်လာ သူ(မ)နေရာကနေထခုန်ကာ စားပွဲကို ဝိုင်းကြီးပတ်ပတ်ဒူဝေဝေလုပ်နေခဲ့၏။ သူ(မ)သည် ကပွဲမှာ ၎င်းတို့အတူရှိနေချိန်က အလွန်လှပသည်ဟု တွေးခဲ့မိသော်လည်း... ၎င်းတို့ကို အတူရှိနေလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။ သူ(မ)၏စကားလုံးများက သူ(မ)စိတ်ထဲမှာ အကြိတ်အနယ်ဖြစ်နေ၏။ မိုင်ယာဘယ်လာ စိတ်တည်ငြိမ်အောင်ကြိုးစား၍ စားပွဲဆီပြန်လာပြီး နေရာတကျပြန်ထိုင်လိုက်သည်။ သူ(မ)၏မျက်လုံးများကတော့ စူးစမ်းလိုစိတ်များဖြင့် တောက်ပနေလေ၏။

"မမတို့ တွေ့နေတာ ဘယ်လောက်ကြာသွားပြီလဲ။ ဘာလို့ ညီမလေးကို မပြောပြရတာလဲ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment