no
သေချာအောင်လုပ်ရမယ် (၂)
"ရောက်ပြီ မမ! ဒီမှာပဲ!"
မိုင်ယာဘယ်လာက လက်ဝတ်ရတနာအသစ်ဆိုင်ကို ထိုးပြရင်း အော်ပြောခဲ့သည်။ သူ(မ)ညီမလေး စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောအခါ အယ်လီနာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။
"ဂရုစိုက်ဦး၊ ချော်လဲဦးမယ်။"
အယ်လီနာက သူ(မ)အရှေ့ကနေ ခပ်သွက်သွက်သွားနေသော မိုင်ယာဘယ်လာ့ကို သတိပေးလိုက်၏။ ခွန်း ပြန်သွားပြီးနောက် အယ်လီနာ သူ(မ)၏စာရွက်စာတမ်းများကို လက်စသတ်လိုက်ပြီး မိုင်ယာဘယ်လာနှင့်အတူ ထွက်လာခဲ့ကြသည်။ သူ(မ)မှာ လုပ်စရာအလုပ်များ တောင်လိုပုံနေသော်လည်း မိသားစုနှင့်အတူရှိရမည့် ဤအချိန်လေးများကို လက်မလွှတ်ချင်ပေ။ သူ(မ)၏ဒုက္ခခံစားမှုအကြောင်းအရင်းက ဤပျော်ရွှင်မှုလေးကို ခံစားရဖို့ဖြစ်သည်။
ကလင်၊ ကလင်။
လက်ဝတ်ရတနာဆိုင်တံခါးက ကြည်လင်ပေါ့ပေါးသော ခေါင်းလောင်းအသံနှင့်အတူ ပွင့်သွား၏။ မိုင်ယာဘယ်လာ အဆောက်အအုံထဲသို့ လျှောက်ဝင်သွားလိုက်ရင်း အသက်ပြင်းပြင်းရှူသွင်းမိလိုက်သည်။ ၎င်းမှာ ပရိဘောဂအသစ် သို့မဟုတ် ပစ္စည်းအသစ်များ၏ အနံ့ဖြစ်နိုင်ပြီး သူ(မ) ထိုဆိုင်လေး၏ရနံ့ကို သဘောကျသွား၏။
အထဲကိုဝင်သွားသော မိုင်ယာဘယ်လာ့ကိုကြည့်ကာ ၎င်းတို့အနောက်မှ လိုက်ပါလာသော သူရဲကောင်း ဆယ့်လေးငါးယောက်လောက်ကို အယ်လီနာ လှည့်ကြည့်လိုက်သည်။ ဒဲရက်သည် ထိုနေ့က အယ်လီနာပျောက်သွားချိန်မှစပြီး ပုံမှန်ထက်ပိုပြီး သူရဲကောင်းများကို စောင့်ကြပ်ခိုင်းထား၏။ ဟယ်လင်၏လူများ ၎င်းတို့နောက်သို့ လိုက်လာနိုင်သောကြောင့် အယ်လီနာ ယခုတစ်ခေါက်၌ မငြင်းဆန်ခဲ့ချေ။
"ဒီမှာပဲ စောင့်နေပါ။"
"ဟုတ်ကဲ့ပါ၊ သခင်မလေး။"
အယ်လီနာ၏အမိန့်ဖြင့် သူရဲကောင်းများသည် စကားတစ်ခွန်းမဆိုတော့ဘဲ ဆိုင်ရှေ့မှာ မတ်မတ်ရပ်ကာ စီတန်း၍စောင့်နေခဲ့ကြသည်။ ၎င်းတို့က လက်ထဲမှာ လက်နက်များကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကြပြီး ညီညီညာညာရပ်နေကြ၏။
အယ်လီနာလည်း မိုင်ယာဘယ်လာ့နောက်ကနေ ဆိုင်ထဲလိုက်ဝင်သွားပြီး ဘလေဆယ်သူရဲကောင်းများက ပြောရဆိုရမခက်ကြောင်း တွေးနေမိသည်။ အထဲမှာ အမှောင်ကျနေ၏။ သို့သော် လက်ဝတ်ရတနာများ ထည့်ထားသည့်ဗီရိုများက တောက်ပစွာလင်းလက်နေပြီး ၎င်းတို့အား ထွန်းလင်းနေစေ၏။ အယ်လီနာ အခိုက်အတန့်တစ်ခုလောက်ထိ တိတ်တဆိတ် လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
"ဒါက ဘယ်လိုရတနာမျိုးလဲ။"
သူ(မ) မိုင်ရာဘယ်လာ့အသံကြားရာဆီ လှည့်ကြည့်လိုက်ရာ ဆိုင်ဝင်ပေါက်နားမှာ ပြသထားသော လည်ဆွဲတစ်ကုံးကို မြင်လိုက်ရသည်။ ဆွဲသီးမှာ လက်သည်းခွံအရွယ်ရှိ အနီရောင်ကျောင်မျက်တစ်လုံး မြှုပ်နှံထားပြီး အဝေးကနေကိုပင် အာရုံဖမ်းစားနိုင်သည်။ ၎င်းက ပတ္တမြားနှင့်တူသော်လည်း အလင်းပေးသည့်ရှုထောင့်ပေါ်မူတည်၍ ၎င်းနှင့်မတူညီသော အလင်းဖြာမှုကို ပေးစွမ်းနေသည်။
"မဒမ်က အမြင်ကောင်းရှိတာပဲ။ ဒါက အသန့်စင်ဆုံးစိန်နဲ့ပြုလုပ်ထားတဲ့ လည်ဆွဲပါ။"
ပြောပြလာသော စာရေးက အနက်ရောင်တူညီဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ အဝတ်အစားကနေ အကဲခတ်ရလျှင် ဆိုင်ရှင်က ဤလုပ်ငန်းမှာ မည်မျှအားစိုက်ထုတ်ထားကြောင်း သိနိုင်ပေသည်။ အနှေးနှင့်အမြန်ဆိုသလို ဤဆိုင်က တောင်ပိုင်း၌ နာမည်အကြီးဆုံး လက်ဝတ်ရတနာဆိုင် ဖြစ်လာပေလိမ့်မည်။
"ဒါက စိန်နီလား။"
"ဟုတ်ပါတယ်။ ဒီလိုအနီရောင်မျိုးက အရမ်းကိုရှားပါးတဲ့အရာပါ။ အရောင်ပါတဲ့စိန်တွေကို စိန်ဖြူထက် တန်ဖိုးပိုကြီးတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ ဒါက အရည်အသွေးအမြင့်ဆုံးထဲက တစ်လုံးပါ။"
"အာ..."
မိုင်ယာဘယ်လာ၏ သဘောကျနေသောအကြည့်ကြောင့် အယ်လီနာ နောက်ထပ်ရှုထောင့်ကနေ လည်ဆွဲကို ထပ်ကြည့်ကြည့်လိုက်သည်။ အရောင်ပါသောစိန်များက တန်ဖိုးပိုကြီးကြောင်း သူ(မ)သိထားသော်လည်း သူ(မ)၏မျက်လုံးဖြင့် မျက်ဝါးထင်ထင် မတွေ့ခဲ့ဖူးပေ။ မိုင်ယာဘယ်လာက သိချင်နေသောအကြည့်ဖြင့် မေးလိုက်သည်။
"ဒီလည်ဆွဲက ဘယ်လောက်ကျလဲမသိဘူး။"
"စျေးနှုန်းကို ဒီမှာရေးထားပါတယ်။"
စာရေးမှညွှန်ပြသော စျေးနှုန်းကတ်ကို အယ်လီနာ မြင်လိုက်ရသောအခါ မှင်တက်မိသွား၏။ ၎င်းမှာ ဘလေဆယ်အိမ်တော်အတွက် တစ်နှစ်တာအသုံးစရိတ်နှင့် ညီမျှပေ၏။ ရတနာများ၏စျေးနှုန်းက အမျိုးအစားအလိုက် ပြောင်းလဲမှုရှိကြောင်း သူ(မ)သိသော်လည်း ဤတစ်ခုကတော့ သူ(မ)စိတ်ကူးထက်ကို ကျော်လွန်နေသည်။ မိုင်ယာဘယ်လာ၏မျက်လုံးများကလည်း စျေးနှုန်းကြောင့် ပြူးကျယ်သွားခဲ့၏။
အယ်လီနာက မိုင်ယာဘယ်လာ့ဆီ ချဥ်းကပ်လိုက်သည်။
"ဒီမှာ ဘာလုပ်နေတာလဲ။ အထဲကိုသွားပြီး တခြားပစ္စည်းတွေကို သွားကြည့်ရအောင်လေ။"
"အိုး၊ မမက ဒီမှာပဲ?"
အယ်လီနာက မိုင်ယာဘယ်လာ့အနားရောက်သော် သူ(မ)ကို ပြုံးပြလိုက်သည်။ ပါးနပ်သောစာရေးက အယ်လီနာ့ကို နှုတ်ဆက်လာ၏။
"ကြိုဆိုပါတယ်။ ကျွန်တော် အထဲကို လိုက်ပြပေးပါ့မယ်။ ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ။"
အယ်လီနာနှင့် မိုင်ယာဘယ်လာတို့က စာရေး၏အနောက်မှ ဆိုင်အတွင်းထဲသို့ လိုက်သွားခဲ့ကြသည်။ သူ(မ)က စိန်နီလည်ဆွဲကနေ အကြောင်းအရာပြောင်းခဲ့ပြီး စာရေးက ၎င်းအား သိလိုက်ပုံပင်။ သူ(မ) သေချာမသိသော်လည်း တော်ဝင်မိသားစုအတွက်တောင် ထိုမျှစျေးရှိသော လည်ဆွဲအား ဝယ်ယူတာရှားပါးလိမ့်မည်။
အယ်လီနာနှင့် မိုင်ယာဘယ်လာတို့ စင်္ကြံလျှောက်လမ်းကနေ စားပွဲတစ်လုံးနှင့် သက်သောင့်သက်သာရှိသော ဆိုဖာပါဝင်သည့် ခမ်းနားစွာ အလှဆင်ထားသော အခန်းကျဥ်းလေးထဲကို လိုက်ပါသွားခဲ့ကြ၏။ မျိုးရိုးမြင့်လူတန်းစားများအတွက် စျေးဝယ်ထွက်စဥ် သီးသန့်အခန်းလေးထဲမှာ လက်ဖက်ရည်သောက်ပြီး အနားယူကြသည်က ပုံမှန်ကိစ္စရပ်ပင်။ အခန်း၏အရွယ်အစားက ရာထူးနှင့် ချမ်းသာကြွယ်ဝမှုအပေါ် မူတည်ပြီး အယ်လီနာ လှည့်ပတ်ကြည့်လိုက်ရာ ၎င်းတို့ကို ပေးထားသည့်အခန်းက သာမန်ဖြစ်ပုံမရပေ။
"မဒမ်တို့ရှာနေတဲ့အရာများ ရှိပါသလား။"
"ဟမ်- အထူးတလှယ် စိတ်ထဲရှိနေတဲ့အရာမျိုး မရှိတာမို့ ကျေးဇူးပြုပြီး အဆင်ပြေတာပြပေးပါ။"
"ဟုတ်ကဲ့ပါ၊ မဒမ်။ ပြီးတော့ ဘယ်လိုလက်ဖက်ရည်မျိုးကို သုံးဆောင်ချင်ပါသလဲ။"
အယ်လီနာက မိုင်ရာဘယ်လာ့ကို လှည့်ကြည့်လိုက်သည်။
"သောက်ချင်တာ တစ်ခုခုရှိလား။"
"အင်း၊ နွားနို့နဲ့ လက်ဖက်ရည်သောက်ချင်တယ်။"
"ဒါဆို ကျွန်မကိုလည်း အတူတူပဲပေးပါ။"
"ဟုတ်ကဲ့၊ ကျေးဇူးပြုပြီး ဒီမှာ ခဏစောင့်နေပေးပါ။"
စာရေးက အခိုက်အတန့်တစ်ခုလောက် အပြင်ထွက်သွားပြီး မကြာမီ သူ၏လက်ထဲမှာ ကျောက်မျက်တချို့ကိုသယ်ကာ ပြန်ပေါ်လာခဲ့သည်။ အကျွမ်းတဝင်ရှိလှသော လှုပ်ရှားမှုများနှင့် သူယူလာသော ကျောက်မျက်များကို စားပွဲပေါ်တင်ကာ ရှင်းပြခဲ့၏။
"မဒမ်တို့ ဒီကျောက်မျက်တွေကို သဘောကျရင် မဒမ်တို့အတွက် စိတ်ကြိုက်ပစ္စည်းအဖြစ် ထုတ်လုပ်ပေးနိုင်သလို ပြုလုပ်ပြီးသားကိုလည်း ဝယ်ယူလို့ရပါတယ်၊ ကျွန်တော် နှစ်မျိုးလုံးကို ရှင်းပြပေးပါ့မယ်။ ဘယ်တစ်ခုကို သဘောကျလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးပါ။"
စာရေးက ကျောက်မျက်များနှင့် အဆင်တန်ဆာများအကြောင်း ရှင်းပြရန် ပြင်လိုက်ချိန် -
ဒေါက်၊ ဒေါက်။
တံခါးခေါက်သံနှင့်အတူ အမျိုးသားတစ်ယောက် ဝင်ရောက်လာပြီး စားပွဲပေါ်သို့ နွားနို့နှင့် လက်ဖက်ရည်တို့ကို ယဥ်ကျေးစွာချပေးခဲ့၏။ တိုတောင်းလှသော အချိန်ခဏလေးပြီးနောက် စာရေးက ဆက်လက်ရှင်းပြခဲ့သည်။
"ဒီနေ့ခေတ်မှာ ခေတ်အစားဆုံးကျောက်မျက်က ဥဿဖရားပါ။ ဒါက ဥဿဖရား၊ သူ့ဘေးက နီလာ၊ ဒီတစ်ခုက ပတ္တမြားနဲ့ ဟိုဘက်က စိန်ဖြစ်ပါတယ်။ နောက်ဆုံးပေါ် ခေတ်မီတဲ့ဒီဇိုင်းတွေက..."
ဤစာရေးက စကားပြောကောင်းသူဖြစ်၏။ စျေးဝယ်ခြင်းကို များများစားစားမလုပ်ဖူးသော အယ်လီနာတောင် သူပြောတာကို အလွယ်တကူ နားလည်နိုင်ကြောင်း ခံစားမိပေသည်။ ပစ္စည်းတစ်ခုစီ၏အောက်မှာ စျေးနှုန်းကို အသေးစိတ်ရေးထားရာ တစ်ခုစီအတွက် ကုန်ကျငွေကို မေးမြန်းနေစရာမလိုအပ်ပေ။ သူ(မ) ပြင်ဆင်ထားသောဘတ်ဂျက်နှင့် စျေးဝယ်နိုင်သောကြောင့် ပို၍ကျေနပ်မိသွား၏။ အယ်လီနာ သူ၏ရှင်းလင်းချက်ကို ငြိမ်ငြိမ်လေးနားထောင်နေပြီး စကားစလိုက်သည်။
"ဒီအဝါရောင် ဥဿဖရား၊ ဒါကို စောစောက ရှင်ပြောခဲ့သလို ဆံညှပ်အဖြစ်လုပ်မယ်ဆိုရင် ဘယ်လောက်ကြာမလဲ။"
"အိုး၊ မဒမ်ပြောတာ လိပ်ပြာဆံညှပ်ပါလား။"
"ဟုတ်ပါတယ်။"
"တစ်ပတ်လောက် ကြာပါလိမ့်မယ်။"
"ကျွန်မတို့က မကြာခင် မြို့တော်ကို သွားရမှာမို့ အဲ့ကို ပို့ပေးနိုင်မလား။"
"ဒါပေါ့။ သယ်ယူပို့ဆောင်မှုအတွက် စရိတ်စခနည်းနည်းထပ်ကုန်ပြီး အချိန်လည်း နည်းနည်းလောက်ပိုကြာနိုင်ပါတယ်။"
စကားဝိုင်းကို နားထောင်နေသော မိုင်ယာဘယ်လာက ဝင်ပြောလာ၏။
"မမက ဆံပင်ကို လိပ်ပြာပုံနဲ့ အလှဆင်ချင်လို့လား။"
"မဟုတ်ပါဘူး။ အဲ့ဒါက ညီမလေးနဲ့ ကြည့်ကောင်းမယ်ထင်လို့။"
မိုင်ယာဘယ်လာ၏မျက်နှာက ချက်ချင်းဆိုသလို နီမြန်းသွားသည်။
"အို၊ မဟုတ်သေးပါဘူး! ညီမလေးတို့က မမအတွက် တစ်ခုခုဝယ်ဖို့ ရောက်လာတာလေ။ ဘာလို့ ရုတ်တရက်ကြီး ညီမလေးအတွက် ဝယ်နေရတာလဲ။"
"မမအတွက်လည်း ဝယ်မှာပါ။ ဒါပေမဲ့ ရောက်တုန်းရောက်ခိုက် ညီမလေးအတွက်ပါ ဝယ်ရမယ်။"
"မလိုပါဘူး..."
"မမ ဂျလင်းရဲ့မင်္လာပွဲကိုသွားတုန်းက ပြန်လာရင် လက်ဆောင်ဝယ်ခဲ့မယ်လို့ ပြောခဲ့ပေမဲ့ မမ ကတိမတည်ခဲ့ဘူး။ အဲ့ဒါကြောင့် ဒီတစ်ခေါက် အခွင့်အရေးရတုန်း ညီမလေးအတွက် ဝယ်ပေးချင်လို့ လက်ခံလိုက်ပါ။"
သူ(မ)က မိုင်ယာဘယ်လာအား ချစ်မြတ်နိုးသော အမူအရာပြသကာ သူ(မ)၏ဦးခေါင်းလေးအား ပွတ်သပ်ပေးလိုက်၏။ သူ(မ)တို့ ဤဆိုင်ကို မလာခင်က အယ်လီနာတစ်ယောက် သူ(မ) စုဆောင်းထားသောငွေကို တွက်ချက်ကြည့်ခဲ့သည်။ သူ(မ) ကာလိုင်းနှင့် လက်မထပ်ခင် မိုင်ယာဘယ်လာအတွက် တစ်စုံတစ်ခု ဝယ်ပေးချင်သည်။
"ဒါပေမဲ့..."
မိုင်ယာဘယ်လာက ငြင်းဆန်ချင်နေဆဲ။ သို့သော် အယ်လီနာ၏ ညှိနှိုင်းလိုခြင်းမရှိသောအကြည့်အောက်၌ ပါးစပ်ပြန်ပိတ်လိုက်၏။ ထို့နောက် မိုင်ယာဘယ်လာက လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည်။
"... ကျေးဇူးတင်ပါတယ်။ ညီမလေး တန်ဖိုးထားပါ့မယ်။"
"ဟုတ်ပါပြီ။"
အယ်လီနာ ပြုံးပြကာ မိုင်ယာဘယ်လာ၏ လိပ်ပြာဆံညှပ်အတွက် အမှာစာတင်ရန် စာရေးအားပြောလိုက်၏။ ထို့နောက် မိုင်ယာဘယ်လာက သူ(မ)၏ဘေးကနေ ထပြောလိုက်သည်။
"ဒီတစ်ခေါက် မမအတွက် ရွေးရအောင်!"
...
အယ်လီနာက မိုင်ယာဘယ်လာရွေးထားပေးသော မြကျောက်နားကပ်တစ်စုံကို ဝယ်ယူလိုက်သည်။ ၎င်းက စိတ်ကြိုက်ဖန်တီးစရာမလိုသည့် ပြီးစီးပြီးသားပစ္စည်းဖြစ်ရာ စာရေးက ၎င်းအား ချက်ချင်းထုတ်ပိုးပေးခဲ့၏။ ငွေပေးချေပြီးနောက် အယ်လီနာက ထွက်ခွာရန်ပြင်လိုက်သည်။
"တစ်စိတ်လောက်... မဒမ်ရဲ့လက်စွပ်က တမူထူးခြားနေလို့ပါ။"
"ဒီဟာ?"
သူပြောနေသည်မှာ သူ(မ)ယခင်ဘဝတုန်းက အမြဲတမ်းဝတ်ထားခဲ့သည့် အပြာရောင်ကျောက်ပါသော လက်စွပ်လေးဖြစ်ကြောင်း သူ(မ) သတိပြုမိလိုက်သည်။ သူ(မ) လျှောက်ဝင်လာကတည်းက သူသည် သူ(မ)၏လက်ကို စိုက်ကြည့်နေခဲ့ကြောင်း သူ(မ) သတိထားမိခဲ့ပြီး သူ(မ)၏သံသယက မှန်ကန်နေပုံပင်။
"စိတ်မရှိဘူးဆိုရင် ကျွန်တော် အနီးကပ်ကြည့်ရှုလို့ရနိုင်မလား။"
ငြင်းဆန်ရန် အကြောင်းပြချက်မရှိရာ အယ်လီနာက လက်စွပ်ဝတ်ထားသောလက်အား မြှောက်ပြလိုက်၏။ စာရေးက စူးရှသောမျက်လုံးများနှင့် လက်စွပ်ကို ငုံ့ကြည့်လိုက်သည်။
"ဒီလိုကျောက်မျိုးကို အရင်က တစ်ခါမှမမြင်ခဲ့ဖူးဘူး။ စိတ်မရှိရင် ကျွန်တော် -"
"ဟင့်အင်း၊ ဒါက ရောင်းဖို့အတွက်မဟုတ်ပါဘူး၊"
"အာ... ဟုတ်ကဲ့ပါ။"
သူ၏အပြုံးအောက်မှာ စိတ်ပျက်သွားသော အမူအရာတို့ကို တွေ့လိုက်ရသည်။ ဤကျောက်က သာမန်မဟုတ်တာကို အယ်လီနာသိထား၏။ စာရေး၏ စိတ်ဝင်စားမှုကို ထည့်တွက်မနေဘဲ မြကျောက်နားကပ်အထုပ်အပိုးကို ကောက်ယူလိုက်သည်။
"မိုင်ယာဘယ်လာ၊ မမတို့ အိမ်မပြန်ခင် ပေါင်မုန့်ဆိုင်ဝင်ကြမလား။"
"ဝိုး၊ တကယ်လား။"
"အင်း၊ အရင်နေ့က လက်ဖက်ရည်ပါတီမှာလို အရသာရှိတဲ့တစ်ခုခုကို သွားရှာကြမယ်။"
အယ်လီနာနှင့် မိုင်ယာဘယ်လာတို့က ရတနာဆိုင်မှထွက်ကာ လက်ချင်းတွဲလျက် ပျော်ရွှင်စွာ စကားဆိုနေခဲ့ကြသည်။
ကလင်၊ ကလင်-
၎င်းတို့ ဝင်လာတုန်းကအသံနှင့်အတူ တံခါးက ပြန်ပိတ်သွားခဲ့သည်။ သို့သော် ၎င်းတို့၏နောက်ကျောများနောက်မှာ အကြည့်တစ်ခုက ကပ်ပါလာခဲ့၏။ စာရေးက ပြတင်းပေါက်နားမှာရပ်ကာ အယ်လီနာနှင့် မိုင်ယာဘယ်လာတို့ ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေခဲ့သည်။ သူက လေးနက်သောအမူအရာဖြင့် မေးစေ့ကိုပွတ်သပ်နေရင်း အတွေးထဲနစ်မြုပ်သွား၏။
"... အရမ်းတူတယ်။"
သူ၏အတွေးက လက်စွပ်ပေါ်မှာ ညှိတွယ်ဆဲဖြစ်ပြီး ရတနာဆိုင်၏ အတွင်းပိုင်းထဲထိ လျှောက်ဝင်သွားခဲ့သည်။ လှပသော အပြင်အဆင်များနှင့်မတူဘဲ ခန်းမက တဖြည်းဖြည်း ဗလာကျင်းလာ၏။ သူက အမှတ်တစ်ခု၌ ရပ်လိုက်ပြီး နံရံပေါ်ရှိ နာရီကို လှည့်လိုက်ရာ ထူးထူးဆန်းဆန်းတစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဂျိန်း-
နံရံက ပွင့်သွားပြီး လျှို့ဝှက်ဧရိယာတစ်ခု ပေါ်ပေါက်လာ၏။ စာရေးက ပိန်းပိတ်သောအမှောင်ထုထဲကို တီးတိုးပြောလိုက်သည်။
"ဒါကို မင်းရဲ့သခင်ဆီပြောလိုက်။ မင်းတို့ရှာနေတဲ့အရာနဲ့ ဆင်တူတဲ့တစ်စုံတစ်ခုကို ငါတွေ့ပြီလို့။"
ထို့နောက် အမှောင်ထုထဲကနေ စကားပြန်ထွက်ပေါ်လာခဲ့သည်။
"အမိန့်အတိုင်းပါ။"
ထို့နောက် စာရေးက ခေါင်းလှည့်ကာ စောစောတုန်းက အယ်လီနာနှင့် မိုင်ယာဘယ်လာတို့ ရှိခဲ့သည့်နေရာကို ကြည့်လိုက်သည်။
"...သံသယဝင်စရာကောင်းတဲ့အရာတွေကို ရှင်းလင်းအောင်လုပ်ရမယ်။"
*****
Aurora Novel Translation Team
There is No Eng Version