no

အတောမသတ်နိုင်သောလောဘ (၁)


"ကြိုဆိုပါတယ်၊ ဖေဖေ။"


"ကျေးဇူး။"


အလဲဖော့က တိုတိုတုတ်တုတ်ပြောပြီးနောက် ချက်ချင်းဆိုသလို မိုင်ယာဘယ်လာရှေ့ ရပ်လိုက်၏။ သူ(မ)က စကတ်ကိုမထားရင်း ချစ်စရာကောင်းစွာဖြင့် မော့ကြည့်လိုက်ရာ အဲလ်ဖော့၏ တင်းမာနေသောအမူအရာက အနည်းငယ်ပြေလျော့သွား၏။ သူက သူ့သမီး၏ဦးခေါင်းအား ကြီးမားသောလက်တစ်ဖက်ဖြင့် ညင်သာစွာပွတ်သပ်ပေးလိုက်သည်။


"နေကောင်းရဲ့လား။"


"ဟုတ်ကဲ့၊ ကောင်းပါတယ်။"


"တစ်နေရာရာက နာသေးလား။"


"မမက ဂရုစိုက်ပေးတာကြောင့် အခု အများကြီးသက်သာနေပါပြီ။"


မိုင်ယာဘယ်လာက အငယ်ဆုံးလေးဖြစ်ပြီး ပြန်ဖြေပုံပြန်ဖြေနည်းက တော်တော်လေး ချစ်စရာကောင်းပေသည်။ စကားပြောနေသော ၎င်းတို့နှစ်ဦးကို အယ်လီနာ ကြည့်နေစဥ် သူ(မ)၏အဖေက သူ(မ)ဘက်သို့ လှည့်ကြည့်လာခဲ့သည်။ အယ်လီနာ အနည်းငယ်တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။


"လမ်းခရီးက သိပ်ပြီးမခက်ခဲဖို့ မျှော်လင့်ပါတယ်။"


အဲလ်ဖော့က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ သူ(မ) အခိုက်အတန့်တစ်ခုလောက်ထိ အသက်မရှူနိုင်ခဲ့ပေ။ သူ(မ)၏နှလုံးသားက ပြည့်ကျပ်နေပြီး သူ(မ) ဘယ်တော့မှထပ်မတွေ့ရတော့ဘူးဟုထင်နေသည့် သူ(မ)၏အဖေက သူ(မ)၏မျက်စိရှေ့မှာရှိနေသည်။


"ထမင်းစားပြီးသွားပါပြီလား။"


"မစားရသေးဘူး။ ငါပြန်လာတာ နောက်ကျတာမို့ မင်းတို့အားလုံး စောင့်နေမယ်လို့ တွေးခဲ့တာ။ အရင်ဆုံး စားလိုက်ကြတာပေါ့။"


အဲလ်ဖော့က ထမင်းစားခန်းကို အရင်ဦးဆုံးဝင်သွားပြီး သူ့နောက်မှ သားသမီးသုံးဦးက လိုက်သွားခဲ့ကြသည်။ သူက ရဲတိုက်ဆီသို့ နောက်ကျမှပြန်ရောက်တိုင်း ထမင်းစားခန်းဆီသို့ အရင်သွားလေ့ရှိသည်။ ယနေ့ညစာက အယ်လီနာ့အတွက် မည်မျှထူးခြားကြောင်း မည်သူမှမသိချေ။ မျက်လုံးထဲကစိုစွတ်မှုတို့ကို ဖုံးကွယ်ဖို့ကြိုးစားရင်း သူ့အနောက်ကနေ တိတ်တဆိတ် လိုက်သွားခဲ့လေသည်။


ထမင်းစားခန်း၏အလယ်၌ စားပွဲရှည်ကြီးတစ်လုံးရှိပြီး ၎င်းအား စားပွဲခင်းအဖြူရောင်ဖြင့် ဖုံးအုပ်ထားသည်။ စားပွဲက လူအယောက်နှစ်လောက် ထိုင်လို့ရပြီး ဖယောင်းတိုင်များ၊ ပန်းများဖြင့် သေသပ်စွာ အလှဆင်ထားလေသည်။ အဲလ်ဖော့ ပြန်မရောက်ခင်က အယ်လီနာ ဂရုတစိုက် စီစဥ်ထားခဲ့ခြင်းဖြစ်၏။


ပုံမှန်အတိုင်း သူ(မ)၏အဖေက ထိပ်ဆုံးမှာထိုင်ကာ သူ၏ညာဘက်တွင် ဒဲရက်ကထိုင်ပြီး အယ်လီနာနှင့် မိုင်ယာဘယ်လာတို့က သူ၏ဘယ်ဘက်တွင် ထိုင်ခဲ့ကြ၏။ အစေခံများက အစားအသောက်များ ယူဆောင်ပေးလာပြီး ပန်းကန်များချပြီးနောက် နောက်ထပ်ပန်းကန်များက ထပ်ရောက်လာခဲ့သည်။ အတိတ်တုန်းက အဲလ်ဖော့အိမ်ပြန်လာသည်ကို ကြိုဆိုသည့်အခါမျိုး၌ အယ်လီနာ၏ဂရုတစိုက်စီစဥ်မှုများကြောင့် မိသားစုညစာကို စားသုံးတတ်ကြသော်လည်း ယနေ့ညမှာ သူ(မ)က အများကြီးချက်ပြုတ်ပြင်ဆင်ထား၏။ မည်သူကမှ ဘာမှမပြောသော်လည်း စားပွဲကြီးပေါ်မှာ စားတော်ပွဲကြီးကျင်းပသည့်နှယ် ဟင်းလျာမျိုးစုံ ပြည့်နှက်နေသည်။ မိုင်ယာဘယ်လာက တီးတိုးရေရွတ်လိုက်၏။ "တစ်ခုခုကတော့ မှားနေပြီ။" ထိုစဥ် အဲလ်ဖော့နှင့် ဒဲရက်က အစားအသောက်များကို အသံတိတ်စားသုံးနေခဲ့ကြသည်။ တိတ်ဆိတ်မှုကို ဖြုခွင်းလိုက်သူက အဲလ်ဖော့ဖြစ်၏။


"ဒီနှစ် ဓားရေးပြိုင်ပွဲမှာ ဝင်ပြိုင်မှာလား။"


စားပွဲရှိလူတိုင်းသည် သူက ဒဲရက်ကိုပြောနေကြောင်း သိကြပေ၏။ ဒဲရက်သည် လေ့ကျင့်ရေးမှာတုန်းက ဒဏ်ရာရခဲ့သောကြောင့် အရင်တစ်ခေါက်မြို့တော်ရှိပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့ပေ။ သူ(မ)အဖေနှင့် အစ်ကိုက ထိုအကြောင်းကို မပြောခဲ့ကြသော်လည်း ဒဲရက်သည် မပါဝင်နိုင်ခဲ့သောကြောင့် နောင်တရနေကြောင်း သူ(မ)သိပေ၏။


"ဟုတ်၊ ကျွန်တော် ဒီတစ်ခေါက် သွားမယ်လို့စဥ်းစားထားပါတယ်။"


"ပါဝင်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် ကြိုးစားပြီး ကောင်းကောင်းလုပ်ဆောင်ရမယ်။"


"ဟုတ်ကဲ့။"


ဤသည်မှာ သားအဖကြားက စကားဝိုင်းပင်။ အယ်လီနာတစ်ယောက် တူညီသောအမျိုးသားနှစ်ယောက်ကြားက စကားဝိုင်းကိုနားထောင်ရင်း ပြုံးနေမိ၏။ အတိတ်တုန်းက တင်းမာသောလေသံများနှင့် အမျိုးသားနှစ်ယောက်ကြားရှိ စကားဝိုင်းက သက်သောင့်သက်သာမရှိဘူးဟု ခံစားခဲ့ရသော်လည်း ယခု သူ(မ) ပြုံးနေမိသည်။ အစားအသောက်များ ဆက်လက်စားသုံးနေရင်း အဲလ်ဖော့က အယ်လီနာ့ဘက်သို့ လှည့်လာ၏။


"မင်းက ဂျလင်းရဲ့မင်္ဂလာပွဲကို တက်ရောက်ရမှာမဟုတ်ဘူးလား။"


"အာ၊ ဟုတ်ကဲ့။"


"လမ်းမှာ အစာအိမ်နာတာကြောင့် ပြန်လာခဲ့တာလို့ကြားတယ်။ မင်း တခြားအရာတွေကို ဂရုစိုက်တယ်ဆိုတာ ငါသိပေမဲ့ ဒီနေရာကို ပစ်ထားခဲ့လို့မရဘူး။ ဒီအရာကနေ မင်းသင်ယူနိုင်ပေမဲ့ ကိုယ့်ဘဝကို ဘယ်လိုစီမံရမလဲဆိုတာကို အရင်သင်ယူဖို့လိုအပ်တယ်။"


"... ဟုတ်ကဲ့။"


"ဒဲရက်က ဒီတစ်ခေါက်ဓားရေးပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ ငါနဲ့အတူ မြို့တော်မှာနေဖြစ်ဖို့များတယ်။ ဒီတော့ မင်းက အိမ်မှာ ပိုပြီးတာဝန်ကြီးလာလိမ့်မယ်။ တခြား မလိုအပ်တဲ့အရာတွေကို အာရုံစိုက်မနေဘဲ အိမ်အလုပ်ကိုပဲ ပိုပြီးအားရုံစိုက်ထား။"


အယ်လီနာ၏ ခက်ရင်းကိုင်ထားသောလက်တို့က ရပ်တန့်သွား၏။ ထို့နောက် နာခံမှုရှိသောအသံဖြင့် ပြန်ဖြေခဲ့သည်။


"ဟုတ်ကဲ့ပါ၊ ဖေဖေ။"


"မိုင်ယာဘယ်လာရဲ့ကျန်းမာရေး တိုးတက်လာတာကို ငါဝမ်းသာပေမဲ့ ညီမလေးကို တစ်ချိန်လုံးဂရုစိုက်ရမယ်ဆိုတာကို မေ့လို့မဖြစ်ဘူး။"


"...ဟုတ်ကဲ့။"


"မင်းတို့အစ်ကိုက ဒီမိသားစုရဲ့ ထောက်တိုင်ပဲ။ သူက ငါ့ခြေရာကိုလိုက်နင်းပြီး တော်ဝင်မိသားစုရဲ့စတုတ္ထမြောက်အမိန့်တာဝန်ကို ဦးဆောင်လိမ့်မယ်။ ငါပြောခဲ့ဖူးသလိုပဲ၊ အမျိုးသမီးတွေက အိမ်မှာ အိမ်အလုပ်ကောင်းကောင်းလုပ်ပြီး ကလေးတွေကို ထိန်းကျောင်းရမယ်။ ငါ မင်းဆီကနေ ဘာမှမျှော်လင့်မထားပေမဲ့ လက်မထပ်ခင်အချိန်ထိ အိမ်အလုပ်ကို ကြိုးစားစေချင်တယ်။"


ယခင်ဘဝက ထိုသို့သောအရာကို တစ်ချိန်လုံး ကြားနေခဲ့ရသော်လည်း ရုတ်တရက်ဆိုသလို ထိုစကားလုံးများက သူ(မ)၏ပခုံးပေါ် မည်မျှအလေးချိန်စီးနေကြောင်း အဖြေမရှာနိုင်ခဲ့ပေ။ အယ်လီနာ၏အမူအရာက စူပုတ်သွားပြီး မိုင်ယာဘယ်လာကတော့ ဒေါသထွက်သွား၏။


"အမျိုးသမီးတွေက ဘာလို့ အိမ်အလုပ်ပဲလုပ်ရမှာလဲ။ ဖေဖေ ဆန့်ကျင်နေရင်တောင် အမျိုးသမီးတွေလည်း ဓားရေးလေ့ကျင့်ပြီး ကျွမ်းကျင်ရာအလုပ်တွေ ရှိနိုင်တာပဲ။"


"ဘာလို့ဆို အဲ့ဒီလူတွေက မျိုးရိုးမြင့်တဲ့မိသားစုထဲမှာ မွေးဖွားလာတာမဟုတ်လို့။ မင်းတို့က အဲ့လိုဒုက္ခမျိုးကို ခံစားစရာမလိုအပ်ဘူး။"


"ပြီးတော့ မမကို သူ(မ)လက်ထပ်မဲ့လက်တွဲဖော်ကို ကိုယ်တိုင်ရွေးခွင့်ပေးလိုက်လို့မရဘူးလား။"


"အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ။ အယ်လီနာ၊ အိမ်မှာ မင်းညီမကို ဘယ်လိုသင်ကြားထားတာလဲ။"


အယ်လီနာက မိုင်ယာဘယ်လာ့ကို ရပ်တန့်ဖို့ရာ အကြည့်စူးစူးတစ်ချက်ပေးလိုက်၏။ ထို့နောက် သူ(မ)၏အဖေကို ပျော့ပျောင်းစွာ ပြန်ဖြေလိုက်သည်။


"တောင်းပန်ပါတယ်။ မိုင်ယာဘယ်လာက ငယ်သေးလို့ပါ။"


"မိုင်ယာဘယ်လာ၊ မင်းအစ်မခြေရာကို လိုက်မနင်းနဲ့။"


"... ကျစ်။"


အဲလ်ဖော့၏ လေသံမာမာနှင့်တောင် မိုင်ယာဘယ်လာက နှုတ်ခမ်းစူထား၏။ ထိုသို့လုပ်သည်မှာ အယ်လီနာသာဆို အပြစ်တင်ခံရလိမ့်မည်ဖြစ်ပြီး သူ(မ)၏အသက်တစ်ဝက်မျှ ဆူပူခံရမည်ဖြစ်သော်လည်း မိုင်ယာဘယ်လာက နေမကောင်းဘဲ အသက်ရှည်ရှည်နေရဖို့ မမျှော်လင့်နိုင်သည့်အတွက် သူ(မ)ကို တစ်ခါမှ မဆူဖူးပေ။ ပုံမှန်အတိုင်း အဲလ်ဖော့က မိုင်ယာဘယ်လာ့ကို စိတ်ပျက်သည့်အကြည့်ဖြင့် စိုက်ကြည့်ပြီးနောက် အဆင်ပြေသွားသလိုမျိုး လျင်မြန်စွာကျော်သွားခဲ့လေသည်။


အယ်လီနာ ကလေးဘဝကတည်းက သူ(မ)အမေ၏ လစ်လပ်နေသောနေရာကို ဖြည့်ဆည်းဖို့အတွက် တာဝန်အများကြီး ယူခဲ့ရသည်။ မိသားစုကို ဂရုစိုက်ရ၏၊ မိသားစုထဲကအမျိုးသားများကို ဂရုစိုက်ရ၏၊ သူ(မ)၏ညီမလေးကို ဂရုစိုက်ရသည်။ ၎င်းက သူ(မ)အပေါ်မှာ မူတည်ခဲ့သော်လည်း သူ(မ)၏ကံကြမ္မာအတွက် ဘယ်တုန်းကမှ မညည်းညူခဲ့ပေ။ သို့သော် ယနေ့ညတွင် သူ(မ)အဖေပြောခဲ့သောစကားကြောင့် စိတ်ပျက်မိသွားလေသည်။ သူ(မ)က သူ(မ)၏စတေးမှုကို အသိအမှတ်ပြုခံချင်တာ ဖြစ်လောက်ပေမည်။ သူ(မ)၏မိသားစု သေဆုံးသွားခဲ့စဥ်က သူ(မ) အများကြီးတောင့်ခံခဲ့ရပြီး ဤမိသားစုအတွက် သူ(မ)ပေးဆပ်ခဲ့သော မျက်ရည်များ၊ ချွေးများကို အသိအမှတ်ပြုဖို့ သူ(မ)မျှော်လင့်ခဲ့မိ၏။ သူ(မ)သည် သူ(မ)၏အဖေလိုမျိုး စွမ်းဆောင်နိုင်သူဖြစ်သည်။


အယ်လီနာ ခါးသက်သောအပြုံးတစ်ခုကို မျိုချလိုက်၏။ ယခုလိုမျိုး ညစာအတူစားဖို့မှာ အိပ်မက်တစ်ခုနှယ်ဖြစ်နေပြီးသားပင်။ လူသားများ၏အလိုလောဘက အဆုံးမရှိပေ။ သူ(မ)၏မိသားစုကို သူ(မ)နေထိုင်ခဲ့ရသောဘဝအား မသိစေချင်သော်လည်း တစ်ချိန်တည်းမှာပင် သူ(မ)က ဆုချီးမြှင့်ခံချင်နေသေးသည်။ အယ်လီနာ သူ(မ)၏တစ်ကိုယ်ကောင်းဆန်မှုအတွက် စိတ်ထဲကနေ ရယ်မောလိုက်မိသည်။ မှန်ပေ၏။ သူ(မ) ယခုထက်ပိုပြီး မလိုချင်သင့်ပေ။ အယ်လီနာ သူ(မ)၏အလိုလောဘတို့ကို မျိုသိပ်လိုက်ပြီး ညစာကိုပဲ အဆင်ပြေပြေစားသုံးနိုင်ရန် ကြိုးစားခဲ့သည်။


ဇွန်းခက်ရင်းအသံများ၊ တိုတောင်းသော စကားစမြည်ပြောသံများနှင့်အတူ ညစာစားသုံးပြီးသွားကြသည်။ နောက်ဆုံးတော့ မိသားစုဝင်တိုင်း ကိုယ့်အခန်းဆီ ပြန်သွားခဲ့ကြစဥ် အယ်လီနာက ထမင်းစားခန်းကို သန့်ရှင်းရေးလုပ်ဖို့ ကျန်နေခဲ့လေ၏။ သူ(မ)က အင်္ကျီလက်ခေါက်ပင့်ကာ ကိုယ်တိုင်ဝင်လုပ်စရာမလိုဘဲ အစေခံများအား ညွှန်းကြားပြီး ကြီးကြပ်ပေးရ၏။


အလုပ်ပြီးနောက် ထမင်းစားခန်းကနေထွက်လာခဲ့ပြီး သူ(မ)အား စောင့်ကြိုနေသော အငွေ့တထောင်းထောင်ထနေသည့် မတ်ခွက်တစ်ခွက်ကို မြင်လိုက်ရပေသည်။ သူ(မ) မြင်လိုက်ရသည်နှင့် ၎င်းက ချိုမြိန်သော ချောကလက်အပူမှန်း သူ(မ)သိလိုက်၏။ ၎င်းမှာ အယ်လီနာအတွက် ရံဖန်ရံခါ ချန်ထားရစ်တတ်သော ဒဲရက်၏လက်ဆောင်ပင်။ သူ(မ) ငယ်စဥ်ကတည်းက မိသားစုစုံညီတွေ့တိုင်း ဒေါသထွက်စရာတစ်ခုခု ဖြစ်စေခဲ့လျှင် ဒဲရက်က သူ(မ)ကို ချောကလက်အပူတစ်ခွက်ပေးတတ်သည်။ ယနေ့ညစာစကားဝိုင်းက ဒဲရက်၏စိတ်ထဲ ရှိနေသည့်ပုံပင်။


'... ငါ ချောကလက်အပူကို မသောက်ခဲ့ရတာ တော်တော်ကြာနေပြီပဲ။ အရင်တုန်းက ငါ့အစ်ကိုရဲ့ကြင်နာမှုကို ဘာလို့များ မသိခဲ့ရတာလဲ။"


မတ်ခွက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူ(မ)၏လက်များကို နွေးထွေးစေလိုက်ပြီး သက်သောင့်သက်သာရှိမှုက သူ(မ)၏အတွေးထဲ စီးဝင်သွားခဲ့သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment