no
အားလုံးနားထောင်ကြ (၁)
"မင်းအကြောင်းပြောနေကြတာ ကိုယ်ကြားခဲ့တယ်။ အဲ့လိုကောလာဟလတွေပျံ့နေရင် မင်း အမှန်တိုင်းပြောလိုက်သင့်တာပေါ့။"
အယ်လီနာ 'ရှင်ဘာတွေလုပ်နေတာလဲ' ဟု ပြောချင်နေသော်လည်း သူ(မ)၏စကားလုံးများကို ပြန်လည်မျိုသိပ်လိုက်ရသည်။ သူ ဘာလုပ်ချင်နေမှန်း သူ(မ)နားမလည်သော်လည်း သူက သူ(မ)ဘက်မှာရှိနေသည်ဆိုသောအချက်ဖြင့် သူပြောမည့်အရာကို လက်ခံပေးမည်ပင်။
"အားလုံး နားထောင်ကြ။"
ကာလိုင်းက အခန်းတစ်ခုလုံးကို စူးစူးရဲရဲကြည့်လိုက်သည်။
"အယ်လီနာဘလေဆယ်က ငါ့ရဲ့မိန်းကလေးပဲ။"
ကာလိုင်း၏အသံက အခန်းထဲကို ပြတ်ပြတ်သားသားပျံ့လွင့်သွားရာ လူတိုင်း အသက်ရှူသံများကို အောင့်ထားမိကြသည်အထိ။ သူ၏ ရုတ်တရက်ဆန်သောကြေညာချက်ကြောင့် မင်းမျိုးမင်းနွယ်များအားလုံး တံတွေးမျိုချလိုက်ကြသလို အံ့အားသင့်စွာ အသက်ပြင်းပြင်းရှူရှိုက်လိုက်မိကြသည်။ ကောလာဟလနှင့်ပတ်သက်သည့် အမှန်တရားက စိတ်လှုပ်ရှားဖွယ်ကောင်းသော ဦးတည်ရာအသစ်တစ်ခုဆီသို့ ရွေးလျားနေပြီဖြစ်၏။
"လေဒီဘလေယ်ဆယ်က ငါနဲ့တွေ့နေတာကြာပြီ။ ဒါကို တရားဝင်မကြေညာရသေးခင်အထိ လျှို့ဝှက်ထားဖို့စီစဥ်ခဲ့ကြတာ။ ဒါပေမဲ့ ဒီလိုအဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေပျံ့နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။"
ကာလိုင်းက အခန်းတစ်ခုလုံးကို ကဲ့ရဲ့ရှုံ့ချသလို ဝေ့ကြည့်လိုက်သော်လည်း ဟယ်လင်တစ်ယောက် ခေါင်းယမ်းကာဖြင့် ကြားဖြတ်ပြောလိုက်သည်။
"ဒါဆို သူ(မ)က မင်းသားကို သစ္စာဖောက်လိုက်တာပဲ! လေဒီဘလေဆယ်နဲ့ အတူတူရှိနေခဲ့တယ်လို့ပြောတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။ တကယ်လို့ မင်းသားမယုံရင်-"
ကာလိုင်း၏ အမူအရာမဲ့သောအကြည့်က ဟယ်လင့်ထံ ဒိုင်းခနဲကျရောက်သွား၏။
"ဘယ်သူက အဲ့လိုအဓိပ္ပာယ်မရှိတဲ့အရာကို ပြောခဲ့တာလဲ။"
ကာလိုင်း၏လေသံက အန္တရယ်အငွေ့အသက်များလွှမ်းခြုံကာ နိမ့်ကျနေသော်လည်း ဟယ်လင်ကတော့ သူနှင့် မျက်လုံးချင်းဆုံသွားသည့်အတွက် စိတ်လှုပ်ရှားနေတော့သည်။ ပထမဆုံး အသက်ပြင်းပြင်းရှူရှိုက်ကာ အပြစ်ကင်းသောမျက်နှာအမူအရာမျိုးကို တပ်ဆင်လိုက်၏။
"မြို့စားတစ်ယောက်က ပြော-"
(TN/မြို့စားတွေပဲရေးခဲ့တော့ ရှုပ်နေမှာစိုးလို့ ပြန်ရှင်းပြပေးပါမယ်။ တော်ဝင်မျိုးနွယ်မှာ duke - မြို့စားကြီး၊ marquess - မားကွစ်မြို့စား၊ count - ကောင့်မြို့စား၊ viscount - မြို့စား၊ baron - မှူးမတ် ဆိုပြီး ရာထူးမြင့်ဆုံးကနေစီထားပါတယ်။ ဖေးဗလုက - duke၊ အဆင့်အမြင့်ဆုံးပါ။ ဟယ်လင်က marquess ရဲ့သမီးဖြစ်ပြီး၊ အယ်လီနာတို့အဖေက count ပါ။ မြို့စားတွေချည်းပဲရေးနေရင် မမြင်သာမှာစိုးလို့ပါ။ ဒါလေး မှတ်ထားပေးနော်။)
ဟယ်လင်၏စကားမဆုံးခင် ကာလိုင်းက တံခါးအပြင်ဘက်သို့ အမိန့်ပေးလိုက်၏။
"ယူလာခဲ့ ဇက်နစ်။"
"ဟုတ်ကဲ့ပါ အရှင့်သား။"
ဇက်နစ်က ယဥ်ကျေးစွာပြန်ဖြေခဲ့ပြီး ပါတီထဲသို့ ခြေလှမ်းကျဲများဖြင့် လှမ်းလာခဲ့လေသည်။
"ချလိုက်။"
ဇက်နစ်က သူ့လက်ထဲမှ ခပ်ဝိုင်းဝိုင်းအရာတစ်ခုကို ဖြည်လိုက်၏။ ထိုအရာက အဝတ်စထဲမှထွက်လာကာ ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်ကျသွားပြီး ရှေ့သို့လှိမ့်သွားလေသည်။
ဒုန်း၊ ဒုန်း၊ ဒုန်...
၎င်းက စားပွဲခြေထောက်ဖြင့်တိုက်ကာ ရပ်တန့်သွား၏။ ထိုအခါမှ လူတိုင်း မြင်လိုက်ကြရသည်မှာ-
အမျိုးသားတစ်ယောက်၏ဦးခေါင်းဖြစ်နေသည်!
"အား!"
ပါတီတစ်ခုလုံး အမျိုးသမီးများ၏အော်သံများဖြင့် ပြည့်နှက်သွား၏။ အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်မရွေး ဖြူဖျော့ကုန်ကြပြီး ထိုမြင်ကွင်းအား မျက်လုံးပြူးမျက်ဆံပြူး ကြည့်နေခဲ့ကြသည်။ ကာလိုင်း၏ တည်ငြိမ်နေသောအမူအရာက ထိုကြားထဲမှာ ထင်းထွက်နေတော့၏။
"အဲ့လိုပြောခဲ့တာ ဒီတစ်ယောက်လား။"
ဟယ်လင် အံ့သြတုန်လှုပ်စွာဖြင့် ကာလိုင်းကို စိုက်ကြည့်နေမိသည်။ သူ(မ) သူ့ကို အမှတ်မမှားနိုင်ပေ။ သူက သတင်းအတုများဖြန့်ရန် သူ(မ)ပိုက်ဆံပေးထားသော မြို့စားပင်။
"... အို... ဘုရားရေ..."
ဟယ်လင် လုံးဝထုံထိုင်းသွား၏။ ကာလိုင်းက ပေါ့ပေါ့ပါးပါး တုံ့ပြန်ခဲ့သည်။
"သေချာကြည့်ပြီး ပြန်ဖြေကြ။ တကယ်လို့ သူ့လိုမျိုး နောက်တစ်ယောက်ရှိလာမယ်ဆိုရင်လည်း သူ့လိုပဲဇာတ်သိမ်းရလိမ့်မယ်။"
ဆူညံနေသောအခန်းလေးက ချက်ချင်းဆိုသလို တိတ်ဆိတ်မှုတို့ ကြီးစိုးသွားလေ၏။ ဂီတသံလည်း ရပ်တန့်သွားတာကြာပြီဖြစ်သလို လူတိုင်းက ကာလိုင်းကိုကြည့်ကာ အသက်ရှူသံများကို ထိန်းထားကြလေသည်။
စူလီဗန်အုပ်စိုးနေသည်မှာ အချိန်တချို့ကြာပြီဖြစ်၏။ ယခုမတိုင်ခင်အထိ ရုဖို့ဒ်အင်ပါယာ၏ ယခင်မင်းဆက်များက စစ်ပွဲများကိုခုံမင်ကာ ရပ်စက်ကြမ်းကြုတ်ပြီး သွေးကိုမကြောက်ရွံ့သော ဧကရာဇ်များသာ။ စူလီဗန် ဧကရာဇ်အဖြစ် နန်းတက်ပြီးနောက် အင်ပါယာကြီးက အေးချမ်းမှုတို့ ကြီးစိုးခဲ့၏။ မင်းမျိုးမင်းနွယ်တစ်ယောက် ယခုလိုကြုံတွေ့ရသည်က ပထမဆုံးအကြိမ်ဖြစ်သလို အသက်ကြီးသောသူများမှာ ယခင်ဧကရာဇ်များကို ပြန်လည်တွေးမိသွားပြီး မျက်နှာများမည်းမှောင်ကုန်ကြသည်။ အေးအေးချမ်းချမ်းနေခဲ့ရသော မင်းမျိုးမင်းနွယ်အငယ်လေးများမှာ ကာလိုင်း၏လုပ်ရပ်ကြောင့် အံ့သြထိတ်လန့်ကုန်ကြ၏။
ကာလိုင်းကို မည်သူကမှ ဘာမှမပြောရဲကြပေ။ သူ၏တည်ရှိမှုက လွှမ်းမိုးနိုင်လွန်းသည်။
"ငါ့ရဲ့မိန်းကလေးကို ဘယ်သူက အပုပ်ချရဲတာလဲ။ ဒီကောလာဟလတွေကို ဆက်ပြောရဲတဲ့သူရှိရင် အခုရှေ့ထွက်လာခဲ့လိုက်။"
၎င်းတို့၏လည်ပင်းများအတွက် စိုးရိမ်ကာ မည်သူကမှ စကားမပြောရဲခဲ့ပေ။ အိမ်ရှေ့စံဖြစ်သူကာလိုင်းနှင့် ဧကရီ၏အထောက်အပံ့ရရှိထားသော ဒုတိယမင်းသားရက်ဖီးတို့ကြား ရွေးချယ်စရာများများစားစားမရှိပေ။ ရုဖို့ဒ်အင်ပါယာကြီးက ယခင်ကတည်းက ထိုကဲ့သို့နေရာမျိုးဖြစ်ပြီး ဧကရာဇ်များ၏ သွေးစွန်းနေသောသမိုင်းကြောင်းက သက်သေပြခဲ့သည်။ မင်းမျိုးမင်းနွယ်များများအားလုံး တိတ်ဆိတ်သွားလေ၏။
"...အရှင့်သား။"
နူးညံ့သောအသံလေးတစ်သံက တင်းမာနေသောလေထုကို ဖြိုခွင်းလိုက်သည်။ မျက်လုံးများအားလုံး ထိုအသံလာရာဆီ ကျရောက်သွားကြ၏။
ထိုနေရာ၌ အယ်လီနာရှိနေသည်။
"အခု ရပ်လိုက်လို့ရပါပြီ။ သူတို့တွေလည်း ကောလာဟာလအကြောင်းကို အမှန်တိုင်းသိသွားလောက်ပါပြီ။"
ထိုအခါမှ ကာလိုင်းက သူ(မ)ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာက ခါတိုင်းလိုပင် တည်ငြိမ်နေသော်လည်း အပေါ်ယံအောက်က သူ၏ဒေါသတို့ကို အယ်လီနာမြင်နေရသည်။
"ဒါကို လုံလောက်ပြီလို့ ထင်နေတာလား။ ကိုယ်ကတော့ ကောလာဟလတွေစဖြန့်ခဲ့တဲ့သူကို ရှာမတွေ့မချင်း မရပ်တန့်နိုင်ဘူး။ ပြီးရင် သူတို့ကို အပိုင်းပိုင်းစုတ်ဖြဲပစ်လိုက်မယ်။"
ကာလိုင်း၏အေးစက်သောမျက်ဝန်းများက ဟယ်လင့်ဆီကို ရောက်ရှိသွားသည်မှာ တာဝန်ရှိသူအား သိနေသည့်အလား။ ထို့နောက် ၎င်းမှာ အဆုံးမသတ်သေးပေ။
အယ်လီနာ သူ့ကိုတားဆီးသင့်ကြောင်း ခံစားလိုက်ရသည်။ ယခင်ရုဖို့ဒ်ဧကရာဇ်များ မည်မျှပင်သွေးစွန်းခဲ့ပါစေ၊ ကာလိုင်းအား လူတိုင်း၏မျက်လုံးထဲမှာ အာဏာရှင်တစ်ယောက်အဖြစ် မမြင်စေလိုပေ။ ထို့ပြင် သူက သူ(မ)အတွက်လုပ်ပေးနေခြင်းဖြစ်သောကြောင့် သူ(မ) ပို၍တားဆီးချင်ခဲ့သည်။
"လုံလောက်ပါပြီ။ ကျွန်မအဆင်ပြေပါတယ် အရှင့်သား။"
အယ်လီနာက ကာလိုင်း၏လက်မောင်းကို ဆွဲလိုက်ရာ သူ(မ)၏လက်ဖဝါးအောက်၌ တောင့်တင်းနေသောကြွက်သားများကို သူ(မ) ခံစားမိနေ၏။
သိမ်မွေ့သောထိုအထိအတွေ့၊ နွေးထွေးသောခန္ဓာကိုယ်အပူချိန်နှင့်... နောက်ဆုံး၌ ကာလိုင်း၏ကိုယ်နေဟန်ထားမှာ ပြေလျော့သွားခဲ့ရသည်။
"လေဒီဘလေဆယ်၊ မင်းက ကိုယ့်ရဲ့မိန်းကလေးပါ။ ကိုယ့်အပိုင်ကို တခြားသူတွေလာထိကြတာကို ကိုယ်မုန်းတယ်။"
၎င်းမှာ တခြားသူများကြားရစေရန် သတိပေးလိုက်ခြင်းဖြစ်သည်။ အယ်လီနာ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
"သူတို့တွေ သေချာပေါက်သိကြမှာပါ။ ဒီမှာမနေပါနဲ့တော့၊ ကျွန်မနဲ့လိုက်ခဲ့ပါ အရှင့်သား။"
သူ(မ) သူ၏လက်မောင်းကိုဆွဲလိုက်ချိန် ကာလိုင်းက မျက်ခုံးများတွန့်ချိုးလိုက်သော်လည်း သူ(မ)ခေါ်ရာနောက်သို့ လိုက်သွားခဲ့လေသည်။ အယ်လီနာက မသိသော်လည်း လူတိုင်းမှာ ကြမ်းပြင်ထက်ကျနေသော ခေါင်းပြတ်ကြီးရှိနေသည့်အတွက် သူ(မ)ကို အံ့အားသင့်စွာ ကြည့်နေခဲ့ကြ၏။
သားသတ်သမား၊ သွေးစာနေသော မိစ္ဆာနတ်ဆိုး၊ အုပ်စိုးသူအာဏာရှင် - ရုဖို့ဒ်အင်ပါယာ၏ဧကရာဇ်တစ်ပါးကို ဖော်ပြဖို့အတွက် စကားလုံးများစွာရှိသော်လည်း အမျိုးသမီးတစ်ယောက်အတွက် အားနည်းသွားသည့်ဧကရာဇ်ဟူ၍ မကြားခဲ့ဖူးပေ။ စောစောက အခန်းထဲရှိလူတိုင်းကို သတ်ဖြတ်ရန်အဆင်သင့်ဖြစ်နေသည့်ကာလိုင်းကို ထိုကဲ့သို့အသာလေးဆွဲခေါ်သွားနိုင်သော တစ်စုံတစ်ယောက်ရှိနေသည်အား လူတိုင်း ခက်ခက်ခဲခဲနှင့် လက်ခံယုံကြည်လိုက်ကြရ၏။
နောက်ဆုံးတွင် အယ်လီနာနှင့်ကာလိုင်းတို့ အခန်းထဲမှ ထွက်ခွာသွားခဲ့ကြသည်။
တံခါးပိတ်သွားသော်လည်း အခန်းထဲမှာတော့ လူတိုင်း ဖြစ်ပျက်သွားသည်များကို နားလည်ရန်ကြိုးစားရင်း တိတ်ဆိတ်နေဆဲပင်။
"...ဟင့်။"
ငိုရှိုက်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဟယ်လင်က နှုတ်ခမ်းကိုက်ထားရင်း မျက်ရည်များကျနေ၏။ သူ(မ)က လက်နှစ်ဖက်ဖြင့် ပါးပြင်များကိုသုတ်လိုက်ပြီး သူ(မ)၏အကြည့်များထဲမှာ အဆိပ်များပါနေ၏။
"...ရဲတင်းလိုက်တာ။ ငါ သူ(မ)ကိုသတ်ပစ်မယ်။"
ဟယ်လင် အယ်လီနာ့ကို ခွင့်မလွှတ်နိုင်တော့ပေ။ သူ(မ) ကာလိုင်းနှင့် အကြည့်ချင်းဆုံခဲ့၏။ သူက သူ(မ)၏အလှကို သဘောကျသွားလောက်သော်လည်း ရုတ်တရက် အယ်လီနာက ကာလိုင်း၏လက်ကိုဆွဲကာ သူ့ကို ခိုးယူသွားခဲ့လေသည်။
'ရွံစရာကောင်းတဲ့ခွေးမ၊ ငါ့လူကို ခေါ်သွားရဲတယ်။'
ဟယ်လင် ဒေါသများကြောင့်တုန်ယင်လျက် ပါတီမှ ထွက်ခွာသွားခဲ့ပြီး သူ(မ)၏အနောက်မှာ အဖော်နှစ်ယောက်ပါလာ၏။ ဆိုဖီယာက စွန့်စားပြီးမေးလိုက်သည်။
"သ-သခင်မလေး၊ ကျွန်မတို့ ဘယ်လိုလုပ်-"
ဟယ်လင်က အေးစက်စွာဖြတ်ပြောလိုက်၏။
"ပါးစပ်ပိတ်ထား! အသုံးမကျတဲ့ဟာမ။"
ဆိုဖီယာနှင့် ဆာရာတို့မှာ ဟယ်လင့်မျက်လုံးထဲမှ စူးရှမှုတို့ကြောင့် တုန်ယင်သွားကြသည်။
***
Aurora Novel Translation Team
There is No Eng Version