no

Font
Theme

ဘာလို့မပြောတာလဲ (၁)

"အိုး၊ အဲ့ဒါ အဝတ်စုတ်အနံ့ကြီးမဟုတ်လား။"

ဟယ်လင်၏စကားကြောင့် လူအုပ်ကြီးက တခိခိရယ်မောကြတော့၏။ ယခု ဟယ်လင့်ဘေးတွင် ဆိုဖီယာသာမက ဆာရာလည်းရှိနေ၏။ ဟယ်လင်၏မှတ်ချက်က အယ်လီနာကို တုန်လှုပ်မသွားစေပေ။ သူ(မ)၏မာနက ဤနေရာ၌ ပွင့်ပွင့်လင်းလင်းအလှောင်ခံရခြင်းကနေ ကာကွယ်ပေးထားသည်။ အယ်လီနာ လျစ်လျူရှုသော အပြုံးမျိုးကိုတပ်ဆင်ကာ လက်သီးဆုပ်လိုက်လေ၏။

"အမ်၊ တစ်နေရာရာကနေ ကဖျက်ယဖျက်အသံတွေ ကြားနေရတာပဲ။ မနာလိုမှုတွေကြောင့် အမှောင်ဖုံးနေတဲ့မိန်းကလေးတစ်ယောက်က ငါ့ကို ကုတ်ခြစ်ဖို့ ကြိုးစားနေပါလား။"

ဟယ်လင်၏မျက်နှာ နီမြန်းသွားလေသည်။ ထိုစကားကို ကြားလိုက်ရသူတိုင်း သူ(မ)အားပြောနေမှန်း သိသာပေ၏။

"မနာလိုတယ်? ရှင့်ကိုယ်ရှင် ဘာပြောနေတယ်ဆိုတာရော သိရဲ့လား။"

"ကျွန်မက လေဒီရှယ်ဘီပါလို့ နာမည်တပ်မပြောဘူးလေ။ ဒါပေမဲ့ ရှင့်ကိုကြည့်ရတာ အရှိုက်တည့်တည့်ထိသွားသလို ပြုမူနေတာပဲ။"

အယ်လီနာ သူ(မ)၏ပါးစပ်ကို လက်ဖြင့်ဖုံးကွယ်ထားလိုက်၏။

"ရှင်...!"

ဟယ်လင်၏ပါးပြင်များ နီမြန်းနေစဥ် ဆာရာက အခြားသူများဆီက အာရုံစိုက်မှုရရန် လေသံမြှင့်လိုက်သည်။

"လေဒီဘလေဆယ်၊ တို့ကြားတာတော့ ရှင်က ညဘက်မှာ ယောက်ျားတစ်ယောက်မရှိရင် မအိပ်နိုင်ဘူးဆို။ မနေ့ညက ဘယ်သူနဲ့တွေ့ဖို့ သွားခဲ့လဲဆိုတာ တို့သိချင်မိသား။"

ကောလာဟလကို ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်သည့်အခိုက်အတန့်မှာ လူများက စိတ်ဝင်စားသောမျက်လုံးများဖြင့် ကြည့်လာခဲ့ကြပြီး အခန်းအလယ်မှ ပြဿနာဖြစ်နေရာဆီ ကြက်ပျံမကျ လူစုလာခဲ့ကြ၏။ အယ်လီနာက တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။

"ဘယ်သူက ဒီလိုကောလာဟလကို ဖြန့်ခဲ့တာလဲ။"

ဆာရာက သူ(မ)ကြားလိုက်ရသည်ကို မယုံကြည်နိုင်သည့်အလား ပြောလာ၏။

"ကောလာဟလ? ဘလေဆယ်အိမ်မှာ အလုပ်လုပ်ခဲ့တဲ့အစေခံကိုယ်တိုင် ပြောခဲ့တာလေ။"

အယ်လီနာ၏အကြည့်တို့က ဆိုဖီယာထံ ပြောင်းလဲသွား၏။ ဆိုဖီယာက ဘလေဆယ်အိမ်တော်အတွက် အချိန်အကြာကြီး အလုပ်လုပ်ပေးခဲ့သူဖြစ်သည်။ အယ်လီနာ၏ ရေခဲတမျှအေးစက်သောမျက်လုံးများ ဆိုဖီယာ့ပေါ်ကျရောက်သွားချိန်၌ ထိုအစေခံ၏ခန္ဓာကိုယ်မှာ ထိန်းမနိုင်စွာ တုန်ယင်လာခဲ့သည်။ အရင်တစ်ခေါက်က အယ်လီနာ သူ(မ)အား အေးစက်စွာကြည့်ခဲ့သည်ကို ပြန်သတိရလိုက်ပြီး သူ(မ)ဖန်တီးခဲ့သော အလိမ်အညာများကြောင့် ထိတ်လန့်သွားလေ၏။

သို့သော်လည်း သိပ်မကြာခင် အပြစ်ရှိစိတ်ထက် ယုတ်မာချင်စိတ်က အစားထိုးဝင်ရောက်သွား၏။ ဆိုဖီယာသည် ဘလေဆယ်အိမ်တော်မှ မောင်းထုတ်ခံခဲ့ရသော်လည်း သူ(မ)အရင်ကထက် ပိုကောင်းလာခဲ့သည်။ အယ်လီနာ့အား သူ(မ)ကိုတန်ဖိုးမထားသည့်အတွက် နောင်တရသွားအောင် ပြုလုပ်ချင်ခဲ့ပြီး သူ(မ)က ကြောက်မက်ဖွယ်ကိစ္စတစ်ခုကို ပြုလုပ်လိုက်သည်ဆိုသောအချက်အား မေ့လျော့နေခဲ့၏။

"ကျွန်မမျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တာပါ။ လေဒီအယ်လီနာက မတူညီတဲ့ယောက်ျားတွေနဲ့တွေ့ဖို့ ညတိုင်းအပြင်ထွက်တတ်ပါတယ်။"

ဆိုဖီယာက လူအုပ်ကြီးအား ရဲတင်းစွာလိမ်လည်နေသည့်အတွက် အယ်လီနာ အံ့သြမိသွားသည်။ အစေခံက အယ်လီနာ၏တုံ့ပြန်မှုကြောင့် သာ၍ပျော်ရွှင်သွားပုံရပြီး ယုံကြည်မှုအပြည့်ဖြင့် သူ(မ)၏အသံက ပို၍တောင်ကျယ်လောင်လာခဲ့သည်။

"ဒီကိစ္စကို ကျွန်မအပြင် လဘလေဆယ်အိမ်တော်ကလူတိုင်း သိကြတယ်။ သက်သေက တစ်ယောက်ထက်တောင်ပိုပါတယ်။"

၎င်းတို့၏ပတ်ပတ်လည်၌ တီးတိုးပြောသံများ ပို၍ကျယ်လောင်လာခဲ့သည်။ အယ်လီနာ တခြားသူများပြောနေသောအရာများကို ရှင်းရှင်းလင်းလင်း ကြားနေရပေသည်။

"ကောလာဟလတွေက အမှန်ပဲထင်တယ်။"

"ငါ အစတုန်းက မယုံနိုင်ခဲ့ဘူး၊ ဒါပေမဲ့ တကယ် ထူးဆန်းလိုက်တာ။"

အယ်လီနာ၏နားထဲ နောက်ထပ်စကားတစ်ခွန်းကိုပါ ကြားလိုက်ရသည်။

"...ညစ်ပတ်လိုက်တာ။"

စူးစူးရဲရဲအကြည့်များနှင့် ဆိုးဝါးသောစကားများက သူ(မ)ဆီကို ဦးတည်နေကြပြီး တစ်ခုစီက ပြတ်သားလှသည်။ သို့သော်လည်း သူ(မ) ဒေါသမထွက်မိအောင် ထိန်းထားရ၏။

"ဆိုဖီယာ၊ မင်းကို အိမ်တော်ကနေ အလုပ်ဖြုတ်လိုက်ပြီးနောက်ပိုင်း ရှိသမျှပိုက်ဆံတွေကို လောင်းကစားလုပ်ပစ်လိုက်တာဆိုတော့ တော်တော်ခက်ခဲခဲ့မှာပဲ။ မင်းကို ဒီလိုလုပ်ဖို့ ဘယ်သူပြောခဲ့တာလဲ။"

ယခုကစပြီး စိတ်ဓာတ်စစ်ဆင်ရေး စတင်လေပြီ။

"ကျွန်မကို ဘယ်သူကမှ လိမ်ပြောမခိုင်းပါဘူး! ကျွန်မပြောနေတာတွေက အမှန်တွေချည်းပဲ!"

"မင်းကို အလုပ်ဖြုတ်လိုက်ပြီးနောက်ပိုင်း မင်းဘာသာဖန်တီးထားတဲ့ အတုအယောင်မြင်ကွင်းတွေကြောင့် ခြောက်လှန့်ခံနေရပြီး နောက်ဆုံးကျ အဲ့ဒီအတုအယောင်တွေကို ယုံကြည်လာခဲ့တာဖြစ်ရမယ်။"

"...!"

ဆိုဖီယာ မကျေမနပ်ဖြစ်ကာ စိတ်တိုသွား၏။ အရိပ်တစ်ခုက အယ်လီနာ့ဘေးတွင် ပေါ်ပေါက်လာပြီး သူ(မ)လှည့်ကြည့်လိုက်ရာ မာဂရက်ကို တွေ့လိုက်ရလေသည်။

"အစေခံတစ်ယောက်ပြောတဲ့စကားကို ဘယ်-ဘယ်လိုဖြစ်လို့ လူတိုင်းယုံကြည်နိုင်ရတာလဲ။ အထူးသဖြင့် နိမ့်ကျတဲ့သူတွေက ပိုက်ဆံအတွက် အလွယ်တကူလိမ်ညာနိုင်ကြတာကို သိရဲ့သားနဲ့။"

မထင်မှတ်ထားသော မာဂရက်၏ပေါ်ထွက်လာမှုကြောင့် ဟယ်လင်နှင့် ဆာရာတို့ မျက်လုံးများပြူးကျယ်သွားခဲ့သည်။ ၎င်းတို့သုံးဦးက အချင်းချင်း သူစိမ်းများမဟုတ်ကြပေ။ တောင်ပိုင်း၌ မကြာသေးခင်က ဆားလက်ဖက်ရည်ပြဿနာကြောင့် ၎င်းတို့မှာ သူငယ်ချင်းများလို ဖြစ်လာခဲ့ကြ၏။

"လေဒီလောရင့်?"

မာဂရက်က ဟယ်လင့်ကြောင့် ထိတ်လန့်နေဆဲဖြစ်ရာ မျက်လုံးချင်းဆုံအောင် မကြည့်နိုင်ခဲ့ပေ။ သို့သော် မာဂရက်က သူ(မ)၏အကြောက်တရားကို ဖိနှိပ်၍ တွန့်ဆုတ်မှုမရှိဘဲ တုံ့ပြန်လိုက်သည်။

"မ-မတွေ့တာ ကြာပြီနော်၊ လေဒီရှယ်ဘီ။"

မာဂရက်သည် အာရုံစိုက်ခံရသည်နှင့် အသားမကျသေးသော်လည်း သူ(မ)ဘေးနားကပုဂ္ဂိုလ်ထံကနေ သတ္တိများကို စုဆောင်းလိုက်သည်။

အယ်လီနာသည် မာဂရက်ကိုလာခဲ့ဖို့ တောင်းဆိုခဲ့သော်လည်း သူ(မ) တကယ်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"လေဒီလောရင့်..."

အယ်လီနာ၏ခေါ်သံကြောင့် မာဂရက် သူ(မ)ကိုလှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

"ဆားလက်ဖက်ရည်နဲ့ပတ်သက်ပြီး အမှန်တရားကိုဖော်ထုတ်ရတော့မယ်ထင်တယ်။"

အယ်လီနာသည် မာဂရက် သူ(မ)အတွက်သတ္တိမွေးပေးခဲ့သည်ကို ကျေးဇူးတင်နေမိ၏။ ဟယ်လင်က ၎င်းတို့နှစ်ဦးကြားရှိ နွေးထွေးသောလေထုကို ဝင်ရောက်နှောင့်ယှက်လိုက်သည်။

"ဘာလို့ ဒီမှာရှိနေတာလဲ၊ လေဒီလောရင့်?"

"တို့-တို့က လေဒီဘလေဆယ်ရဲ့အပြစ်ကင်းမှုကို သက်သေပြမလို့ပါ။ လေဒီရှယ်ဘီ၊ ရှင် မနာလိုစိတ်တွေဖြစ်နေတာကို တို့သိပါတယ်၊ ဒါပေမဲ့ အခုလိုလုပ်တာကတော့ တရားလွန်သွားပြီလေ။"

"ဟား၊ တကယ်?"

ဟယ်လင်က နှာမှုတ်လိုက်သည်။ မာဂရက်သည် ထိုကဲ့သို့သော ရှက်စရာကောင်းသည့် အပြုအမူသေးသေးလေးများအား ကျင့်သားရနေသော်လည်း ဟယ်လင် မာဂရက်အား သူ(မ)နှင့်ရောနှောရန် ရက်ရက်ရောရောခွင့်ပြုပေးလိုက်ပြီးနောက် သူ(မ)က ရုတ်တရက် ပြန်ကိုက်လာခဲ့သည်။ ဒါ သူ(မ)ကို ပြန်ပေးဆပ်လိုက်ပုံလား။

"လေဒီလောရင့် ရှင့်ခေါင်းထဲမှာ တစ်ခုခုဖြစ်နေတာလား။ တို့ကို ဘယ်လိုတောင် ပြန်ပြောရဲ-"

"လေဒီရှ-ရှယ်ဘီ၊ သတိဝင်စမ်းပါ! ရှင် လက်ဖက်ရည်ပါတီမှာတုန်းက လေဒီဘလေဆယ် ဆားလက်ဖက်ရည်သောက်အောင် တို့ကို လှည့်စားခိုင်းခဲ့တာလေ!"

သိသာသောတီးတိုးသံများက မာဂရက်၏အသံကို လွှမ်းသွား၏။ ဟယ်လင် ရုတ်တရက် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ မာဂရက်က အရှက်အကြောက်ကြီးသော မိန်းကလေးတစ်ဦးဖြစ်ပြီး သူ(မ)၏မိသားစုက ထူးထူးခြားခြားမရှိသော်လည်း မြို့စားလောရင့်၏သမီးဖြစ်သူမှ ပြောသောစကားများကို ရိုးရိုးရှင်းရှင်း ဘေးဖယ်ထားလို့မရနိုင်ပေ။

ဟယ်လင်၏အသံက ရှက်ရွံ့မှုကြောင့် ကျယ်လောင်သွား၏။

"ဒါ ဘယ်လိုလီဆယ်မှုမျိုးတုန်း။ အဲ့ဒါက ရှင့်ရဲ့အစီအစဥ်ပဲလေ လေဒီလောရင့်!"

ဟယ်လင် ချောင်ပိတ်ခံနေရသည်ကို မြင်လိုက်ရသောအခါ ဆာရာက အမြန်ဝင်ပြောလာ၏။

"အခု ရှင်က လေဒီရှယ်ဘီကို အပြစ်ပုံချဖို့ကြံစည်နေတာလား။ ဒါ ရှင့်ရဲ့အကြံမလား လေဒီဘလေဆယ်။ ရှင့်ရဲ့ဦးခေါင်းက တို့ထင်ထားတာထက် ပိုထူနေပါရောလား။"

"ဒါ-ဒါပေမဲ့... အဲ့နေ့က သူ(မ)ကိုလှည့်စားခဲ့တာ လေဒီရှယ်ဘီလေ။ အဲ့ဒါကို စကားလမ်းကြောင်းလွှဲမပစ်လိုက်နဲ့!"

ဆာရာက သူ(မ)ကို စိုက်ကြည့်လာသည်။

"သက်သေရှိလို့လား။"

"တို့-တို့..."

"ရှင်ပြောနေတာတွေအတွက် သက်သေရှိရဲ့လား။"

ထိုအဖြစ်အပျက်က အချိန်တချို့ကြာသွားပြီး မြို့တော်နှင့် အတော်လေးဝေးကွာလှသည်။ ဆာရာက အောင်ပွဲခံသလို ခေါင်းမော့လိုက်လေ၏။

ထိုစဉ် အဖြစ်အပျက်ကို မလှမ်းမကမ်းမှလေ့လာနေသော စတယ်လာ့ကို အယ်လီနာကြည့်လိုက်၏။ စတယ်လာက ပြန်လည်အချက်ပြကာ အရှေ့သို့တက်လာပြီး ရယ်ချင်ပက်ကျိအသံဖြင့် ပြောခဲ့သည်။

"တို့ ဒီအကြောင်းကိုကြားဖူးတယ်။ တောင်ပိုင်းကပါတီတစ်ခုမှာ တစ်စုံတစ်ယောက်က လေဒီဘလေဆယ်ရဲ့လက်ဖက်ရည်ထဲ ဆားထည့်ခဲ့တာဆို၊ ဟုတ်လား။ ဒါပေမဲ့ တကယ့်တရားခံအစစ်က လေဒီရှယ်ဘီလို့ တို့ကြားခဲ့တယ်..."

"မြို့စားကတော်ဗီဗီယာနာ၊ ရှင် ဘာတွေပြောနေတာလဲ...!"

စတယ်လာက အံ့အားသင့်သွားသလို ယပ်တောင်ဖြင့် ပါးစပ်ကိုကွယ်ရင်း ဆက်ပြောခဲ့သည်။

"အိုး၊ တို့ စကားတောင်မပြောရတော့ဘူးလား။"

စတယ်လာ့ကို ကိုးကွယ်ကြသောအမျိုးသမီးများက သူ(မ)အား ကာကွယ်ရန်ပြောလာကြသည်။

"မြို့စားကတော်ဗီဗီယာနာပြောသမျှတွေက အကြွင်းမဲ့မှန်ကန်တယ်။ သူ(မ)ပြောခဲ့သမျှထဲမှာ မှားတဲ့အရာရှိခဲ့ဖူးလို့လား။ တို့ဖြင့် လေဒီရှယ်ဘီကို သိပ်မမြင်ဖူးပါဘူး၊ ဒါပေမဲ့ သူ(မ)မှာ အမူအကျင့်ကောင်းတွေရှိမယ်လည်း မထင်ဘူး။"

"တို့သိတယ်။ သူ(မ)ကို မိန်းမကောင်းလေးလို့ထင်ခဲ့တာ၊ ဒါပေမဲ့ မြို့စားကတော်ဗီဗီယာနာကို အခုလိုဆန့်ကျင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။"

ဟယ်လင်၏မျက်နှာက ဖြူပြာနေ၏။ ၎င်းတို့၏တိုက်ပွဲနယ်မြေက မြို့တော်၏ အဆင့်မြင့်သောလူ့အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စတယ်လာက ဤအခန်းထဲတွင် အင်အားအကြီးဆုံးလူတစ်ယောက်ဖြစ်ပြီး သူ(မ)၏စကားလုံးများက သူ(မ)ထင်ထားတာထက် သာ၍အချိန်စီးပေသည်။

"တို့ လေဒီရှယ်ဘီကို သနားမိတယ်။ သူ(မ) အကွက်ဆင်ခံရမှာကို စိုးရိမ်မိပါရဲ့။"

ထို့နောက် မြန်မြန်ဆန်ဆန်ပဲ အယ်လီနာ့ကို မျက်နှာသာပေးသောဘက်သို့ စိတ်အခြေအနေပြောင်းသွားကြလေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment