no
ငါ့မိသားစုကို ကာကွယ်ပေးမယ် (၂)
"ရုတ်တရက်ကြီး ဘာလို့ လက်ဖက်ရည်ပါတီကို တက်ချင်ရတာလဲ။ လေကောင်းလေသန့်လေး ရဖို့အတွက်ဆိုရင် ဒီလို စုဝေးပွဲသေးသေးလေးကိုမဟုတ်ဘဲ ပျော်စရာကောင်းတဲ့ပွဲတစ်ခုစီ ခေါ်သွားပေးမယ်လေ။"
"လေဒီရှယ်ဘီကရော အဲ့ကိုသွားမှာလား။"
"ပါတီကို မှူးမတ်ကတော်ဟိုလန်က ကျင်းပတာဆိုတော့ ပုံမှန်မဟုတ်တာတစ်ခုခု ဖြစ်မလာရင်တော့ သူ(မ)လည်း ရှိနေလောက်တယ်။"
"အဲ့ဒါဆို ညီမလေးအတွက် လုံလောက်ပြီ။"
မိုင်ယာဘယ်လာက ပြတ်ပြတ်သားသားပြောလိုက်ရာ အယ်လီနာ၏သိချင်စိတ်တို့ကို တိုးပွားလာစေခဲ့၏။ မိုင်ယာဘယ်လာက လေဒီရှယ်ဘီနဲ့ အဆင်မပြေဘူးလား။ သူ(မ)က လူမှူရေးပွဲတွေကို မတက်ရောက်ဘဲနဲ့ ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက်နဲ့ အငြိုးအတေးတွေ ရှိနေနိုင်မှာလဲ။ လက်ရှိတွင် မိုင်ယာဘယ်လာက လူမှုရေးပွဲများ၌ အာရုံစိုက်မခံရသေးချေ။ သူ(မ)သာမက အယ်လီနာနှင့် ဘလေဆယ်မိသားစုတို့က အာရုံစိုက်မှု၏အလယ်မှာ တစ်ခါမှမရှိခဲ့ဖူးချေ။ သူ(မ) မည်သည့်မှတ်ဉာဏ်ကို မေ့လျော့နေကြောင်း သိချင်နေမိသည်။
"လေဒီရှယ်ဘီက ဘာဖြစ်လို့လဲ။"
"မမ မေ့သွားပြီလား။"
မိုင်ယာဘယ်လာက ထပ်ပြီးပြောမလာချေ။ အယ်လီနာ မှတ်မိဖို့ အတင်းကြိုးစားနေခဲ့သည်။ သူ(မ) ဘာကိုမှ သတိမရသည့်အခါ ဂရုတစိုက် တုံ့ပြန်လိုက်သည်။
"... မမ မမှတ်မိတော့ဘူး။"
"အဆင်ပြေပါတယ်။ မမက နားမလည်ပါဘူး။"
"...?"
"မမ မေ့သွားရင်တောင် မိုင်ယာဘယ်လာတို့က ရန်ငြိုးကို လုံးဝမေ့မှာမဟုတ်ဘူး။"
"...ရန်ငြိုး?
ယခုတစ်ခေါက်တွင် အယ်လီနာတစ်ယောက် သူ(မ)ညီမလေးနှင့် မလိုက်ဖက်သော စကားလုံးတို့ကိုနားထောင်ရင်း အမှန်တကယ် သိချင်လာခဲ့၏။
ရွှတ်-
မိုင်ယာဘယ်လာက အယ်လီနာ့လက်ထဲကဂါဝန်ကို ဆွဲယူသွားခဲ့သည်။
"ဘာပဲဖြစ်ဖြစ် မမရဲ့ဂါဝန်ကိုယူသွားပြီး ပြင်ပေးမယ်။ မမက အဖေ့ဆီကနေ ခွင့်ပြုချက်တောင်းလိုက်ရင် ညီမလေးလည်း မမနဲ့အတူ သွားလို့ရပြီ။"
ထိုသို့ပြောကာ မိုင်ယာဘယ်လာက သူ(မ)၏ဂါဝန်ကိုယူကာ ထွက်သွားခဲ့သည်။ အယ်လီနာ လေဒီရှယ်ဘီနှင့်ပတ်သက်ပြီး မသဲမကွဲမှတ်ဉာဏ်တချို့ ရှိနေသော်လည်း တခြားဘာကိုမှ မမှတ်မိခဲ့ပေ။
ဟယ်လင်ရှယ်ဘီ။
သူ(မ)က မှူးမတ်ရှယ်ဘီ၏ တစ်ဦးတည်းသောသမီးဖြစ်ပြီး သူ(မ)၏ဘဝမှာ ဘာမှချို့တဲ့မနေခဲ့ပေ။ သူ(မ)က လှပသောအသွင်အပြင်၊ သွယ်လျသောခန္ဓာကိုယ်နှင့် ကောင်းမွန်သောမျိုးရိုးကြောင့် လေးစားအားကျခံရသည်။ အယ်လီနာ၏အရင်ဘဝ၌ မျိုးရိုးမြင့်သော အမျိုးသားတော်တော်များများက လေဒီရှယ်ဘီကို လက်ထပ်ခွင့်တောင်းခဲ့ကြ၏။
'...ဘာဖြစ်ခဲ့တာပါလိမ့်!'
အယ်လီနာသည် သူ(မ)၏မိသားစု သေဆုံးသွားပြီးနောက် ရုဖို့ဒ်နယ်စပ်အကျော်က အခြားသောနိုင်ငံတစ်ခုဆီ ချက်ချင်းထွက်ပြေးခဲ့ရသည့်အတွက် လေဒီရှယ်ဘီနှင့်ပတ်သက်ပြီး မမှတ်မိချေ။ လေဒီရှယ်ဘီက သူ(မ)နှင့်ထိုက်တန်သော အမျိုးသားတစ်ဦးအား လက်ထပ်ခဲ့လောက်သည်။ အယ်လီနာ သူရဲကောင်းတစ်ဦး ဖြစ်လာပြီးနောက်မှ ဖေးဗလုကို လက်စားချေရန် ရုဖို့ဒ်အင်ပါယာ၏ အခြားသောတော်ဝင်မျိုးနွယ်များအကြောင်းကို စုံစမ်းခဲ့သည်။ သို့သော် မှူးမတ်ကတော်ရှယ်ဘီက သူ(မ)မှတ်မိသော နာမည်ထဲတွင် မပါဝင်ခဲ့ချေ။ ၎င်းမှာ လေဒီရှယ်ဘီက မြို့တော်အတွင်း တော်ဝင်မျိုးနွယ်တစ်ယောက် မဟုတ်ခဲ့သည့် အတွက်ကြောင့်ပေလော။
ယခု သူ(မ)သိရဖို့ နည်းလမ်းမရှိချေ။ သို့သော် ဟယ်လင်ရှယ်ဘီဆိုသည့်အမည်ကို တွေးလိုက်သောအခါ ထူးဆန်းသောမြင်ကွင်းတစ်ခုကို မှတ်မိလာခဲ့၏။ သူ(မ) လူများစွာရှိသော ကြီးမားသည့်ပါတီတစ်ခုကို သွားရောက်သောအခါ သူ(မ)အား အထူးတလှယ်ကြည့်ရှုနေသော တစ်စုံတစ်ယောက် ရှိနေခဲ့သည်။ အဘယ့်ကြောင့်မှန်း သူ(မ)မသိသော်လည်း ခံစားချက်က ဆိုးရွားနေ၏။ ၎င်းမှာ အလှလေးဟယ်လင်က အေးစက်သောမျက်လုံးများနှင့် သူ(မ)ကို စိုက်ကြည့်နေတာဖြစ်မည်ဟု တွေးလိုက်မိပေသည်။
...
ဒေါက်၊ ဒေါက်။
ထိုနေ့ညနေခင်းတွင် အယ်လီနာ မိုင်ယာဘယ်လာ၏တောင်းဆိုချက်ကြောင့် သူ(မ)အဖေ၏အခန်းတံခါးကို သွားခေါက်ခဲ့သည်။ သူ(မ)၏အဖေက အိမ်၌ ရက်အနည်းငယ်သာနေပြီး မြို့တော်ကို ထပ်မံထွက်ခွာရပေသည်။ ယခုတစ်ကြိမ်လည်း အတူတူပင်။ သူ(မ)၏နှလုံးသားက သူ(မ) မကြာခဏမမြင်တွေ့ရသော သူ(မ)၏အဖေကို တောင့်တစိတ်များဖြင့် ပြည့်နှက်နေခဲ့သော်လည်း အတိတ်ကိုပြန်ရောက်ပြီးနောက် သူ(မ)အဖေနှင့် သီးသန့်တွေ့ဆုံသည်မှာ ပထမဆုံးအကြိမ်ပင်။ အဘယ့်ကြောင့်ဆိုသော် သူနှင့်စကားပြောရသည်မှာ မလွယ်ကူသောကြောင့်ဖြစ်သည်။ ယခုတောင် သူ(မ)၏ခံစားချက်တို့ကို ရိုးသားစွာဖော်မပြနိုင်ဘူးဟု ခံစားနေရ၏။ သူ(မ)သာ မိုင်ယာဘယ်လာလို နည်းနည်းလောက် ချစ်စရာကောင်းပြီး စွဲမက်ဖွယ်ကောင်းနေလျှင် သို့မဟုတ် သူ(မ)၏အစ်ကိုလို သူ(မ)အဖေ၏ မျှော်လင့်ချက်များနှင့် အသက်ဆက်နေရလျှင်...
သူ(မ) လက်သီးဆုပ်ကာ ပြန်ပြီးလက်ဖြန့်လိုက်၏။ အဲလ်ဖော့၏အသံက အခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
"ဝင်ခဲ့။"
သူ၏ခွင့်ပြုချက်အရ အယ်လီနာ တံခါးကိုတွန်းဖွင့်ကာ အထဲကို ဂရုတစိုက်ဝင်သွားခဲ့သည်။ အဲလ်ဖော့က စားပွဲ၏တစ်ဖက်၌ စာရွက်အရှည်ကြီးတစ်ရွက်နှင့် ထိုင်နေခဲ့သည်။ သူ(မ)တစ်ယောက်တည်း အလုပ်ရှုပ်နေတာမဟုတ်ပေ။ သူသည် အချိန်အကြာကြီး အိမ်မှာရှိမနေသည့်အတွက် သူ(မ)ထက်ပိုပြီး စာရွက်စာတမ်းများ များပြားနေပေလိမ့်မည်။
သူက တိတ်တဆိတ်ရပ်နေသော အယ်လီနာ့ကို မော့ကြည့်ကာ အရင်ဆုံး ပါးစပ်ဟလိုက်၏။
"ဘာကိစ္စလဲ။"
အယ်လီနာ ပြောနေကျဖြစ်သော စကားလုံးတို့ကို ဖွင့်ဟပြောဆိုရန် ကြိုးစားလိုက်သော်လည်း သူ(မ)၏အဖေအတွက် နှုတ်ဆက်စကားကို ရှာမတွေ့ခဲ့ချေ။ သူ(မ)သည် ငယ်စဥ်ကတည်းက မိသားစုကို စောင့်ရှောက်ခဲ့ရပြီး ဉာဏ်ရည်ထက်မြက်ကာ လျင်မြန်စွာ ကြီးပြင်းလာခဲ့သော်လည်း အဲလ်ဖော့က မိသားစုအပေါ် ပြတ်ပြတ်သားသား ပြုမူတတ်သည်။ သူ(မ)သည် သူ(မ)အဖေနှင့် အစ်ကိုတို့၏အပြုအမူများကြောင့် နှိပ်စက်ခံနေရသည်ဟု မကြာခဏ ခံစားခဲ့ရသော်လည်း တစ်နည်းနည်းဖြင့် သူ(မ)ကလည်း ထိုသူတို့နှစ်ယောက်အတိုင်း အဆုံးသတ်သွားတတ်သည်။
"အလုပ်ရှုပ်နေရင် တောင်းပန်ပါတယ်။ အဖေ့ကို တောင်းဆိုစရာတစ်ခုရှိလို့ပါ။ မှူးမတ်ကတော် ဟိုလန် အိမ်ရှင်အဖြစ်ကျင်းပတဲ့ လက်ဖက်ရည်ပါတီပွဲဆီ မိုင်ယာဘယ်လာကို ခေါ်သွားချင်လို့ပါ။"
"မိုင်ယာဘယ်လာ? ဒီရက်ပိုင်း သူ(မ) ဘယ်လောက်ပဲ ကျန်းမာရေးကောင်းမွန်နေပါစေ သူ(မ)ကို အားစိုက်ထုတ်ခိုင်းရင် လဲသွားလိမ့်မယ်။ လူမှုရေးပွဲတွေကို တစ်ယောက်တည်းပဲသွားလိုက်။"
ဂုဏ်သိက္ခာကြီးမားသော သူရဲကောင်းမိသားစုအနေဖြင့် ဘလေဆယ်က အာဏာကို တန်ဖိုးအထားဆုံးဖြစ်သည်။ ၎င်းတို့က နိုင်ငံရေးအနည်းငယ်နှင့် လူမှုပတ်ဝန်းကျင်၏ အတင်းအဖျင်းများဖြစ်ရာ အယ်လီနာ၏ဘဝက သူ့အတွက် ကလေးကစားစရာအဆင့်မျှသာရှိသည်။
သူရဲကောင်းမိသားစု၌ ကြီးပြင်းလာခဲ့ရသည့်အတွေးအခေါ်ကို အယ်လီနာ သဘောပေါက်သော်လည်း သူ(မ)က လူ့အဖွဲ့အစည်းရှူထောင့်ကို လျစ်လျူရှုသည်အား သဘောမတူပေ။ ၎င်းတို့သည် အတင်းအဖျင်းများကို ပေါ့ပေါ့ပါးပါး မမှတ်ယူသင့်ပေ။ ၎င်း၏တန်ဖိုးကို တစ်သက်တာဖြတ်သန်းဖူးသော အယ်လီနာက ပိုပြီးနားလည်ပေသည်။
"နောက်ဆုံးကျ မိုင်ယာဘယ်လာလည်း မြို့စားမင်းရဲ့သမီးတစ်ဦးအနေနဲ့ လူမှုရေးပွဲတွေကို ဦးဆောင်ရဦးမှာပဲ။ သူ(မ)က ပါတီကိုသွားမယ်လို့ သူ(မ)ဘာသာပြောလာခဲ့တာပါ။ သူ(မ)ကို အပြင်မသွားခိုင်းဘဲ ထာဝရပိတ်လှောင်ထားလို့မရဘူးဆိုတာ အဖေလည်းသိတာပဲ။ ကျွန်မ သူ(မ)ကို အန္တရာယ်ကင်းစွာနဲ့ ပြန်ခေါ်လာခဲ့မှာမို့ သူ(မ)ကို စိတ်ချလို့ရပါတယ်။"
"မိုင်ယာဘယ်လာက မင်းလိုမျိုး ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ မင်းက သူ(မ)ကို စွန့်စားခိုင်းနေတာပဲ။"
"ကျွန်မလည်း မိုင်ယာဘယ်လာ့ကို စိတ်ပူပါတယ်။ ဒါပေမဲ့ သူ(မ) ဘယ်လောက်ပဲအားနည်းပါစေ သူ(မ)ကို လှောင်အိမ်ထဲကငှက်လေးလို ပျိုးထောင်လို့မရဘူး။ မိုင်ယာဘယ်လာ့စကားကို တစ်ခါလောက် နားထောင်ပေးသင့်တယ်လို့ ထင်တယ်။ ကျွန်မတို့တွေ သေချာဂရုစိုက်မှာပါ။"
အယ်လီနာက သူ(မ)ညီမလေး၏ကျန်းမာရေးကို ဂရုမစိုက်တာမဟုတ်ပေ။ သူ(မ)က မိုင်ယာဘယ်လာ သူ(မ)၏ဂါဝန်ကို ပြင်ဆင်ပေးတာကြောင့် ယခုလိုလုပ်နေတာမဟုတ်ဘဲ သူ(မ)၏ညီမလေးက အမှန်တကယ် တောင်းဆိုနေတာကြောင့်သာ။
အဲလ်ဖော့က အယ်လီနာ့ကို တိတ်တဆိတ်စိုက်ကြည့်ကာ သူ(မ)၏စကားတို့ကို ပြန်လည်တွေးတောပြီးနောက် အသိခက်သောအမူအရာဖြင့် ပြောလာခဲ့သည်။
"အယ်လီနာ၊ မင်းက မင်းနဲ့မတူတော့ဘူး။ ဘယ်အချိန်ကစပြီး ငါ့ကို အခုလိုပြောရဲလာတာလဲ။"
အယ်လီနာ သူ(မ)အဖေဆီမှာ အဆူခံလိုက်ရ၍ ရှက်ရွံသွားသည်။ အတိတ်တုန်းက သူ(မ)အဖေအတွက် သူ(မ)သည် မည်သို့မည်ပုံရှိကြောင်း မမှတ်မိတော့ပေ။ သူ(မ) အရင်တုန်းက အခုလိုမျိုး မပြောခဲ့ဖူးဘူးလား။
"ကျွန်မ-"
အယ်လီနာက တုန်ယင်နေသောမျက်လုံးများဖြင့် ရှင်းပြရန်ကြိုးစားလိုက်သော်လည်း အဲလ်ဖော့က ကြားဖြတ်ပြောလာ၏။
"ဟုတ်ပြီ၊ သူ(မ) အဲ့လောက်ထိသွားချင်နေရင် သွားလို့ရတယ်။"
"အာ... ကျေးဇူးတင်ပါတယ်။"
"မိုင်ယာဘယ်လာတစ်ခုခုဖြစ်ရင် မင်းက တာဝန်ယူရမယ်။"
"..."
"ဒါက နောက်ဆုံးအကြိမ်ပဲ။ အရင်တုန်းက ပြောခဲ့သလိုပဲ တတ်နိုင်သလောက် အပြင်မထွက်နဲ့။ အမျိုးသမီးတစ်ဦးက လက်မထပ်ခင်အချိန်ထိ အိမ်ကိုပဲ စောင့်ရှောက်သင့်တယ်။"
"... ဟုတ်ကဲ့ပါ။"
"မသေချာသေးတော့ မပြောဘဲ နေဦးမလို့ပဲ။ မင်းကို မောရစ်မိသားစုဘက်ကနေ လက်ထပ်ခွင့်တောင်းလာတယ်။"
သူ(မ)၏နားထဲ ထိုစကားလုံးများက ဖြတ်ပြေးသွားခဲ့သည်။ သူ(မ)က မျိုးရိုးမြင့်မိသားစုမှာ မွေးဖွားခဲ့သည့်အတွက် မိဘများစီစဥ်သော လက်ထပ်ပွဲကို မျှော်လင့်ထားရပေမည်။ သို့သော် သူ(မ)၏ယခင်ဘဝ၌ ထိုအကြောင်းကို မကြားခဲ့ဖူးပေ။ အယ်လီနာ တုန်ယင်နေသောလေသံဖြင့် သူ့ကို မေးခွန်းထုတ်လိုက်သည်။
"ကျွန်မအတွက် လက်ထပ်ခွင့်?"
"ဟုတ်တယ်။ အဲ့ဒါကြောင့် ငါစိုးရိမ်နေတာ။ မင်းက လက်ထပ်ဖို့အရွယ်ရောက်နေပြီ။ တကယ်ဆို မင်းအမေဆုံးပါးသွားတာကြောင့် နည်းနည်းလေးတောင် နောက်ကျနေပြီ။ အချိန်မလွန်ခင် မင်းရဲ့လက်ထပ်ပွဲကို ဆုံးဖြတ်ချက်ချပေးမယ်။"
ယခင်ဘဝက အဘယ့်ကြောင့် ထိုအကြောင်းကိုမပြောခဲ့ကြောင်း မေးချင်နေသော်လည်း အဖြေကို သူ(မ)သိပြီးသားပင်။ ယခုကနေစပြီး တစ်နှစ်နေလျှင် ဘလေဆယ်မိသားစုက ကျရှုံးတော့မည်။ ထို့ကြောင့် ထိုအောင်သွယ်ခြင်းက မအောင်မြင်ဖို့ အခွင့်အရေးများပေ၏။ ထို့ပြင် အစကတည်းက သူ(မ)၏အဖေသည် သူ(မ)ကိုပြောပြဖို့ ရည်ရွယ်ချက်မရှိရာ အတိတ်ဘဝတုန်းက ထိုကိစ္စကို မကြားခဲ့ဖူးခြင်းပင်။
လက်ထပ်ပွဲကိစ္စကို မိဘများက စီစဥ်ထားကြောင်း ကြားသိလိုက်ရချိန်၌ အခြားသောမျိုးရိုးမြင့်အမျိုးသမီးများ မည်သို့တုံ့ပြန်ကြသည်ကို သူ(မ) မသိပေ။ သို့သော် အဓိကအားဖြင့် နှစ်မျိုးရှိနိုင်၏။ မည်သူက မိမိ၏တွဲဖက်ဖြစ်လာမလဲကို သိချင်ကြလိမ့်မည်။ သို့မဟုတ် လက်မထပ်ချင်ဘူးဟူ၍ ငိုကြွေးကြလိမ့်မည်။
အယ်လီနာသည်လည်း မောရစ်မိသားစုကို သိချင်မိသည်။ သို့သော် သူ(မ)သည် အခြားသော သာမန်မိန်းကလေးများလို စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ဝမ်းနည်းမှုတို့ကို မခံစားရချေ။ မည်သို့ပင်ဖြစ်စေ သူ(မ)က သူ(မ)၏မိသားစုကောင်းကျိုးအတွက် လက်ထပ်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်၏။ သူ(မ)သည် သူ(မ)အဖေက သူ(မ)အပေါ် နွေးနွေးထွေးထွေးဆက်ဆံဖို့သာ ဆုတောင်းမိပြီး အခြားကန့်ကွက်စရာမရှိပေ။
"နားလည်ပါပြီ။ ဖေဖေ ကောင်းကောင်းရွေးချယ်ပေးမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဘလေဆယ်မိသားစုအတွက် အကျိုးအဖြစ်ဆုံးအနေအထားရှိတဲ့သူကို လက်ထပ်ချင်ပါတယ်။"
"...တကယ်လား။"
အဲလ်ဖော့၏ တင်းမာနေသော ပုံမှန်မျက်နှာထားက အံ့သြမှုတို့ ဖြတ်ပြေးသွား၏။ သူ(မ)က မိုင်ယာဘယ်လာနှင့် မခွဲချင်ဘူးဟူ၍ မျက်ရည်ကျလာလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ ယခုလိုမျိုး အကျိုးကြောင်းသင့်သောအဖြေကို ပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော် အံ့သြမှုက ထိုနေရာ၌ အဆုံးသတ်မသွားချေ။
"ဖြစ်နိုင်မယ်ဆိုရင် ကျွန်မလက်ထပ်မဲ့သူက မှူးမတ်ရာထူးထက်မြင့်တဲ့ မိသားစုက ဖြစ်စေချင်တယ်။ သူက သူရဲကောင်းတစ်ဦးဆိုရင် အနည်းဆုံး အစ်ကို့လောက် ဓားရေးကျွမ်းကျင်မှုရှိရမယ်။ သူက ကုန်သည်တစ်ဦးဆိုရင် အင်ပါယာမှာ အချမ်းသာဆုံးသူဖြစ်စေချင်တယ်။ မဟုတ်ရင်လည်း သူက အရှင်နဲ့ သီးသန့်စကားပြောဆိုနိုင်လောက်အောင် ရာထူးမြင့်နေစေချင်တယ်။"
"အဲ့ဒါက မင်းတောင်းဆိုချင်တဲ့အရာလား။"
သူ(မ)၏ အနာဂတ်အမျိုးသားက ခံ့ညား၍ ဂရုစိုက်တတ်ကာ နူးညံ့သိမ်မွေ့ဖို့လည်း သူ(မ)မျှော်လင့်မိသည်။
"ဟုတ်ပါတယ်။ ကျွန်မ လူအိုကြီးဖြစ်ပါစေ၊ လူဝကြီးဖြစ်ပါစေ ရုပ်ရည်၊ အသက်အရွယ် ဒါမှမဟုတ် စရိုက်သဘာဝကို လုံးဝ ဂရုမစိုက်ပါဘူး။ စောစောကပြောတဲ့အချက်တွေနဲ့ ကိုက်ညီရင် လုံလောက်ပါပြီ။"
"... ငါသိပြီ။"
သူ(မ)အဖေ၏စကားပြန်ကြောင့် အယ်လီနာ သက်ပြင်းတိုးတိုးလေး ချလိုက်၏။ သူ(မ) အလိုရှိသော စံပြအမျိုးသားမှာ ခံ့ညားပြီး စိတ်သဘောထားကောင်းရမည်။ သူ(မ)အဖေသည် သူ(မ)၏စကားအတိုင်း ရှာဖွေဖို့က ခက်ခဲပေလိမ့်မည်။ အနည်းဆုံးတော့ သူ(မ) သူ(မ)၏ဇာတ်လမ်းတစ်ပုဒ်လုံးကို မဖော်ထုတ်လိုက်သင့်ပေ။ ရက်အနည်းငယ်အတွင်း သူ(မ)က အိမ်ရှေ့စံမင်းသားနှင့် တွေ့ဆုံမည်ဖြစ်သော်လည်း ထိုလက်ထပ်ပွဲသာ မအောင်မြင်ခဲ့ပါက အယ်လီနာ နောက်ထပ်အမျိုးသားတစ်ယောက်ကို တွေ့ဆုံရပေဦးမည်။
'...အဖေသိလား၊ မသိဘူးလားဆိုတာ ဂရုမစိုက်ပေမဲ့ ကျွန်မ ဘလေဆယ်မိသားစုကို ကာကွယ်ပေးမယ်။'
အယ်လီနာ အခန်းထဲကနေ ဖြည်းဖြည်းချင်းလှည့်ထွက်သွားချိန် သူ(မ)၏အဖေက ထပ်ပြီးပြောလာခဲ့သည်။
"မိုင်ယာဘယ်လာက မင်းနဲ့မတူဘဲ နုနယ်တဲ့ကလေးတစ်ယောက်မို့ မင်း ဘယ်လောက်ဝေးဝေးကိုသွားပါစေ၊ ဘေးကင်းစွာနဲ့ ပြန်လာခဲ့ပါ။"
သူ(မ) ရပ်တန့်သွားခဲ့သော်လည်း ဘာမှမဖြစ်ခဲ့သည့်နှယ် ဆက်လျှောက်သွားခဲ့သည်။ အယ်လီနာ သူ့ကို ပျော့ပျောင်းစွာ ပြန်ပြောပြီးနောက် နောက်လှည့်မကြည့်ဘဲ တံခါးပိတ်လိုက်သည်။
"ကောင်းသောညပါ၊ ဖေဖေ။"
*****
Aurora Novel Translation Team
There is No Eng Version