no

Font
Theme

အားလုံးနားထောင်ကြ (၂)

နှစ်ဦးသား ပါတီနှင့်ခပ်လှမ်းလှမ်းသို့ ရောက်လာပြီးနောက် စကားတစ်ခွန်းမှမပြောဘဲ သူ(မ)ခေါ်ရာနောက်နောက်သို့ လိုက်လာသည့်ကာလိုင်းက နောက်ဆုံးတော့စကားပြောလာ၏။

"ကိုယ်တို့ ဘယ်အထိဆက်သွားဦးမှာလဲ။"

"အာ..."

သူ(မ) ရပ်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်သည်။ ၎င်းတို့က ပါတီကျင်းပရာ ပရဝုဏ်ထဲမှာရှိနေဆဲဖြစ်သော်လည်း အယ်လီနာ ဤနေရာသို့ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ သူ(မ) ဦးတည်ချက်မရှိဘဲ လျှောက်လာခဲ့ပြီး ခရမ်းရောင်လာဗန်ဒါပန်းများ ပွင့်လန်းရာနေရာဆီမှာ အဆုံးသတ်ခဲ့သည်။ ထိုနေရာ၌ ရှုခင်းအလှကိုခံစားချင်သူတိုင်းအတွက် သစ်သားခုံတန်းလေးတစ်ခုကို ထားပေးထားသည်။

"ဒီနေရာမှာ စကားပြောလို့ရနိုင်မလား။"

ကာလိုင်းက ခေါင်းညိတ်လိုက်ပြီး ၎င်းတို့နောက်မှလိုက်လာသော ဇက်နစ်ကို အမိန့်ပေးလိုက်သည်။

"ဒီနေရာကို ဘယ်သူမှမလာစေနဲ့။"

"ဟုတ်ကဲ့ပါ အရှင့်သား။"

ဇက်နစ်တစ်ယောက် ဦးညွတ်ကာ အကွာအဝေးတစ်ခုသို့ လျှောက်လှမ်းသွားလိုက်သည်။ သူ၏အပြုအမူက သူ(မ) သက်တော်စောင့်လန်အဖြစ် ဆောင်ရွက်ခဲ့ချိန်ကနှင့် ကွဲပြားနေ၏။ ယခင်က သူ(မ)အား မနှစ်မြို့စွာကြည့်ခဲ့သော်လည်း ယခု သူ(မ)ကိုကြည့်သောအကြည့်များ၌ အားကျမှုတို့ပါဝင်နေသည်။

ကာလိုင်းက မျက်လုံးဖြင့် သစ်သားထိုင်ခုံကို ညွှန်ပြလိုက်သည်။

"ထိုင်ရအောင်။"

အယ်လီနာ သူညွှန်ပြသောနေရာသို့ ချဥ်းကပ်သွားလိုက်ရာ ကာလိုင်းက သူ၏အနွေးထည်ကိုချွတ်၍ ခုံတန်းရှည်ပေါ်ခင်းလိုက်သည်။ သူ(မ) ရပ်တန့်သွား၏။ ကာလိုင်းက ကျင့်ဝတ်ကောင်းများရှိသော အမျိုးသားတစ်ယောက်ဖြစ်ကြောင်း သူ(မ) အစကတည်းကသိသော်လည်း ယခု သူ၏မျက်လုံးထဲရှိအကြည့်များမှာ အခြားသူများကိုကြည့်သည့်အကြည့်နှင့် မတူညီတော့ပေ။ သူ အယ်လီနာ့ကို ဆက်ဆံပုံနှင့် အခြားသောအမျိုးသမီးများကို ဆက်ဆံပုံတို့ကြား မတူညီမှုတို့ရှိနေသည်။

'ဒီအပြုအမူက ငါ့အတွက်ပဲတော့ မဖြစ်နိုင်ဘူး။'

ထိုအပြုအမူက သူ(မ)တစ်ယောက်တည်းအတွက်သာဖြစ်မည်ဆိုပါက အလွန်ထူးဆန်းနေရာ ထိုအတွေးများကိုဖယ်ရှားရန် သူ(မ)၏ဦးခေါင်းကို ခါယမ်းလိုက်ရ၏။ ယခု ၎င်းက အဓိကအချက်မဟုတ်ပေ။ သူ(မ) ကာလိုင်းက ဤနေရာသို့ မည်သို့ရောက်ရှိလာကြောင်း သူ(မ)သိချင်မိသည်။

"ကောလာဟလတွေ... ရှင် ဘယ်တုန်းက သိသွားတာလဲ။"

"သိပ်မကြာသေးဘူး။"

"ရှင် ကြားကြားချင်း ခွန်းကာရှာကို လွှတ်လိုက်တာလား။ ကျွန်မနဲ့ ချိန်းဆိုဖို့လေ?"

"ဟုတ်တယ်။ ပြီးတော့ ကိုယ် ဒီကိုတန်းလာခဲ့တာ။

ထိုသို့ဖြစ်လိမ့်မည်ဟု သူ(မ) စိတ်ကူးမကြည့်ခဲ့မိပေ။ သူ ယခု ဒေါသထွက်နေကြောင်း သူ(မ)ခံစားမိသော်လည်း ကောလာဟလများကို ကြားကြားချင်းတုန်းက သူ မည်သို့ဖြစ်နေမည်နည်း။ အယ်လီနာ အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားပြီးနောက်

"လေဒီရှယ်ဘီက ကျွန်မ အိမ်တော်ကနေထွက်ခွာသွားတဲ့အချိန်တွေကို အတည်ပြုခဲ့တယ်၊ အဲ့ကနေအခြေခံပြီး ကောလာဟလတွေကို ဖန်တီးခဲ့တာပါ။ ကျွန်မ အဲ့ဒါတွေကို ငြင်းလိုက်ရင်း ရှင့်ကိုထုတ်ဖော်မိသွားမှာကို စိုးရိမ်နေခဲ့တာ။ ကျွန်မ ရှင့်ကို ပထမဆုံးအကြိမ်လာကယ်ခဲ့တဲ့အချိန်၊ အော်ပရာအတူသွားကြည့်တဲ့အချိန်နဲ့ ပန်းတံတားဆီသွားတဲ့အချိန်တွေပေါ့။"

ထိုအချိန်တိုင်းမှာ လန်က လှုပ်ရှားနေသည်။ တစ်စုံတစ်ယောက်ကသာ ၎င်းအားသိရှိသွားလျှင် ၎င်းတို့က သက်သေများကို အတူတကွစုဆောင်းနိုင်ပေလိမ့်မည်။ သို့သော်လည်း ကာလိုင်း၏အမူအရာက ထိုအရာအား သိနေပြီးသားဖြစ်သလို ပြောင်းလဲသွားခြင်းမရှိပေ။

"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ဓားရေးက အရမ်းကောင်းနေမယ်လို့ ဘယ်သူကမှ တွေးမိမှာမဟုတ်ဘူး။"

"ရှင် ကျွန်မတို့ရဲ့ဆက်ဆံရေးကို အခုလိုမျိုးထုတ်ပြောလိုက်မယ်ဆိုရင် ကျွန်မကို ကြိုပြောသင့်တာပေါ့။"

သူ(မ)က ကပွဲမှာ ပထမဆုံးတွေ့ကြသလိုဖန်တီးရန် ကြိုးစားခဲ့ရသည်။ တောင်ပိုင်းနှင့် မြိုတော်ကြား ကာလိုင်း သူ(မ)ကို လာတွေ့ခဲ့ချိန်မှာ သူ့ကို မောင်းထုတ်ခဲ့ရသလို၊ သူက ၎င်းတို့၏အထောက်အထားများကို ဖုံးကွယ်ရန် အော်ပရာပွဲ၌ သီးသန့်ခန်းကိုဝယ်ယူကာ စားသောက်ဆိုင်ကိုလည်း တစ်ဆိုင်လုံးငှားရမ်းခဲ့သည်။ ထို့ပြင် နှစ်ဦးသားလုံး ကပွဲ၌ ပထမဆုံးတွေ့ဆုံကြသလိုဖန်တီးရန် ကြိုးစားအားထုတ်ခဲ့ရ၏။ သို့သော် ယနေ့ ကာလိုင်း၏စကားများက အားလုံးကို အလဟဿဖြစ်သွားစေခဲ့လေသည်။ အယ်လီနာ သူ(မ)၏မိသားစုကို မည်သို့ရှင်းပြရမှန်း မသိတော့ပေ။

"ကျွန်မက ကျွန်မရဲ့အထောက်အထားတွေ ပေါ်သွားမှာစိုးလို့ ကျွန်မတို့ရဲ့ဆက်ဆံရေးကို ဖုံးကွယ်ဖို့ကြိုးစားနေခဲ့တာ..."

"အဲ့ဒါက စံအခြေအနေတစ်ခုပါ။ ဒါပေမဲ့ မင်းရဲ့အထောက်အထားကို ဖော်ထုတ်တာနဲ့ ကိုယ်တို့ရဲ့လက်ထပ်ပွဲကြား တစ်ခုရွေးရမယ်ဆိုရင် လက်ထပ်ပွဲပဲဖြစ်လိမ့်မယ်။

"... သေချာတာပေါ့။"

"ကိုယ်လည်း မင်းရဲ့အထောက်အထားကို မသိစေချင်ပါဘူး။ ဒါပေမဲ့ ရယ်စရာကောင်းတဲ့ ဒီလိုကောလာဟလတွေကြောင့်နဲ့ ကိုယ်တို့ရဲ့လက်ထပ်ပွဲကို ဖျက်ခွင့်ပေးလိုက်ရမှာလား။"

"...!"

အယ်လီနာ မည်သို့တုံ့ပြန်ရမှန်း မသိတော့ပေ။ လက်ထပ်ပွဲသဘောတူညီချက်ကို ချိုးဖြတ်ရခြင်းက အဆိုးဝါးဆုံးဖြစ်လိမ့်မည်။ ထို့ကြောင့် ဟယ်လင်ဖြန့်လိုက်သော ကောလာဟလများက အလွန်နာကျင်နေရခြင်းပင်။

"မင်း ကောလာဟလကိုကြားကြားချင်း ကိုယ့်ကို အကူအညီတောင်းသင့်တယ်။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကိုယ်နဲ့ ဆွေးနွေးသင့်တယ်။"

"..."

ကာလိုင်းကို အကူအညီတောင်းရန် သူ(မ) တစ်ခါမှမတွေးခဲ့ဖူးပေ။ သူ(မ) တစ်စုံတစ်ယောက်ရှေ့ကို လက်ဖြန့်ရခြင်းနှင့် အသားမကျဖြစ်နေဆဲ။

"... တောင်းပန်ပါတယ်။ ကျွန်မ မတွေးလိုက်မိဘူး။"

သူ(မ)မှာ မည်သည့်ဆင်ခြေမှ ပေးစရာမရှိပေ။ လက်ထပ်ပွဲသဘောတူညီချက်က သူ(မ)တစ်ယောက်တည်းနှင့် သက်ဆိုင်တာမဟုတ်။ ဤစွပ်စွဲခံရခြင်းက ကာလိုင်းကိုလည်း ထိခိုက်စေမည်ပင်။

"မင်း တစ်ခုခုသိထားရင် နောက်တစ်ခါဆို ကိုယ့်ကို ပြောပါ။ ကိုယ် မင်းအတွက် ပါတီမှာရှိတဲ့လူတိုင်းကို သတ်မိတော့မလို့။"

ကြမ်းပြင်ထက်က ဦးခေါင်းပြတ်ကို ဟာသဟု အယ်လီနာ မယူဆနိုင်ပေ။ သူ(မ) သူ့ကို လေးလေးနက်နက်ကြည့်လိုက်သည်။

"အဲ့လိုမလုပ်ပါနဲ့။ ရှင် လူတွေကို လက်လွတ်စပယ်သတ်နေရင် ရှင့်ကို အာဏာရှင်ဆိုပြီး ဝေဖန်ကြလိမ့်မယ်။"

"အာဏာရှင်? အဲ့ဒါက ကိုယ့်အပိုင်ကို ထိပါးလာတဲ့သူတွေနဲ့ ရင်ဆိုင်ရတဲ့အချိန် မင်း ကိုယ့်အပေါ်ကို မြင်တဲ့အမြင်လား။ အဲ့ဒါက တခြားသူတွေရဲ့သွေးကို တောင့်တနေတဲ့ မင်းမျိုးမင်းနွယ်တွေအတွက် အပြစ်တစ်ခုမဟုတ်ဘူးလား။"

သူ၏စကားလုံးများက အဓိပ္ပာယ်အပြည့်ပင်။ အမှန်မှာ ရုဖို့ဒ်အင်ပါယာ၏အာဏာသည် စစ်တပ်ဆီမှ ဆင်းသက်လာခြင်းဖြစ်၏။ ကာလိုင်းက လေးနက်စွာဖြင့် ဆက်ပြောခဲ့သည်။

"ပြီးတော့ သူတို့တွေ ကိုယ့်ကိုဘယ်လိုပဲခေါ်ခေါ် ကိုယ်ဂရုမစိုက်ဘူး။ သူတို့က မင်းရဲ့ဂုဏ်သိက္ခာကို စော်ကားလာရင်၊ ကိုယ်တို့ရဲ့လက်ထပ်ပွဲကို ဖျက်ဆီးဖို့ကြိုးစားလာရင် သူတို့ကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး။"

ကာလိုင်းက သူ(မ)ကို သိတာမကြာသေးသော်လည်း အကြောင်းတချို့ကြောင့် သူ(မ)နှင့်ပတ်သက်သည့် ကောလာဟလများက အမှားများဖြစ်ကြောင်း အကြွင်းမဲ့ယုံကြည်ထားသည်။ သံသယများ လုံးဝမရှိပေ။ ရုတ်တရက် အတွေးတစ်ခုက သူ(မ)စိတ်ထဲ ဝင်ရောက်လာ၏။

"ကောလာဟလတွေက... အမှန်ဖြစ်နေရင် ရှင်ဘာလုပ်မှာလဲ။"

ထိုမေးခွန်းက အဓိပ္ပာယ်မရှိကြောင်း သူ(မ)သိသော်လည်း သူ(မ) သူ၏အဖြေကို သိချင်နေခဲ့သည်။

ကာလိုင်း၏မျက်လုံးများက အယ်လီနာ့ထံ အသံတိတ်ရောက်ရှိလာ၏။ သူ(မ) သူနှင့်အကြည်းချင်းဆုံသွားသည့်အခိုက်အတန့်၌ သူ(မ)၏ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထလာခဲ့သည်။ သူ၏မျက်ဝန်းပြာများက လွန်စွာအေးစက်နေ၏။

"... ကိုယ် သူတို့အားလုံးကို သတ်ပစ်မှာ။ မင်းနဲ့ ထိတွေ့ဖူးတဲ့ယောက်ျားတိုင်းကို။"

"တစ်ယောက်၊ နှစ်ယောက်တည်း မဟုတ်ရင်ရော။"

"ကိုယ်ပြောတယ်လေ၊ အားလုံးကို သတ်ပစ်မှာပါလို့။ တကယ်လို့ မင်းက မရပ်တန့်ဘူးဆိုရင် တိုက်ကြီးမှာရှိတဲ့ ယောက်ျားတိုင်းကို ကိုယ် သတ်ပစ်မှာ။"

အယ်လီနာ ခြောက်ကပ်စွာ တံတွေးမျိုချလိုက်မိသည်။ သူ၏အဖြေက သူ(မ)စိတ်ကူးထားတာထက် ကျော်လွန်နေပေ၏။

"ကမ္ဘာပေါ်မှာ ကိုယ်တစ်ယောက်တည်းပဲ ကျန်နေခဲ့ရင် မင်းက ကိုယ့်ကိုပဲကြည့်နေလောက်မှာပါ။"

"... တစ်ယောက်တည်းကိုပဲသတ်ပြီး အဲ့ဒါကို အဆုံးသတ်လိုက်ရင် အကောင်းဆုံးမဟုတ်ဘူးလား။"

၎င်းက အဓိပ္ပာယ်ရှိပေ၏။ အကယ်၍ မိမိက သစ္စာဖောက်ခံရခြင်းကို သဘောမကျလျှင် သစ္စာဖောက်သောသူကို သတ်လိုက်သင့်၏။ အခြားသောအမျိုးသားများအားလုံးနှင့် ရင်ဆိုင်ရန်က အလွန်ခက်ခဲပေမည်။ ကာလိုင်းက တိုးတိုးလေးရယ်မောလိုက်ပြီး သူ(မ)အား ခန့်မှန်းရခက်သောအမူအရာဖြင့် ကြည့်လာ၏။

"ကိုယ်က မင်းကိုသတ်ရမယ်တဲ့လား။ အဲ့ဒါက ဟာသတစ်ခုလိုပဲ။"

သူ၏မှတ်ချက်ကြောင့် အယ်လီနာ ကြောင်အမ်းသွား၏။ ကာလိုင်းက လီဆယ်၍ပြောခဲ့သော အမျိုးသားအား သတ်ခဲ့ပြီး ပါတီ၌ရှိနေသော တော်ဝင်မျိုးနွယ်များကိုပါ သတ်မိလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ပြင် တိုက်ကြီးရှိ အမျိုးသားများအားလုံးကိုပါ သတ်ပစ်မည်ဟု ပြောခဲ့၏...

သို့သော် အယ်လီနာ့ကိုတော့ မထိဘူးဆိုသည်က ထူးဆန်းနေသည်။

"ဘယ်လိုအခြေအနေမှာမဆို ကျွန်မကိုကယ်တင်ပေးမယ်ဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကောလာဟလတွေက ရှင့်ကျေးဇူးကြောင့် မီးသေသွားတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မရဲ့အထောက်အထားကို ဘယ်သူတွေ သံသယရှိလာနိုင်မလဲဆိုပြီး ကျွန်မစိုးရိမ်မိတယ်။"

"ကိုယ်လည်း အဲ့ကိစ္စကိုမကြိုက်ပေမဲ့ လုပ်နိုင်တာမရှိဘူးလေ။ ဒါပေမဲ့ ကိုယ် အခုလောက်ထိလုပ်ထားမှတော့ မကြာခင် ဇာတ်လမ်းတွေ ပျောက်ကွယ်သွားတော့မှာပါ။"

ကာလိုင်းက ထိုမျှရေရှည်တွေးထားသည့်အတွက် သူ(မ)အထင်ကြီးမိသွားသည်။ တစ်ခါတလေ သူက အလွန်ခေါင်းမာတတ်သော်လည်း တစ်ခါတလေ စေ့စပ်လွန်းလှသည်။

"ကောလာဟလတွေ စခဲ့တဲ့သူကို အပြစ်ပေးဖို့ အခွင့်အရေးမယူသင့်ဘူးလား။"

"အခုလောလောဆယ်အတွက် လုံလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ပတ်သက်တဲ့ ကောလာဟလတွေက ပျောက်ကွယ်သွားတော့မှာပဲလေ။ ကျန်ခဲ့မှာက လေဒီရှယ်ဘီရဲ့ ဂုဏ်သတင်းညှိုးနွမ်းမှုပဲ။"

"... မင်းက ယုံကြည်နိုင်လွန်းတယ်။"

အယ်လီနာ ဖျောတော့စွာပြုံးလိုက်သည်။ သူက နားမလည်လောက်သေးသော်လည်း သူ(မ)က အားနည်းသည့်အတွက် ထိုဆုံးဖြတ်ချက်ကိုချခြင်းမဟုတ်ပေ။

"ကားလ်က အရမ်းစိတ်လိုက်မာန်ပါလုပ်တတ်တယ်။ ရှယ်ဘီမိသားစုက အင်အားကြီးတဲ့မိသားစုဖြစ်လို့ အခု သူတို့ကိုထိပါးတာက ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။"

ဤသည်မှာ သူ(မ)တို့ကြားက တိုက်ခိုက်မှုဖြစ်သော်လည်း ကာလိုင်းကသာ ဟယ်လင့်ကိုအပြစ်ပေးခဲ့လျှင် မားကွစ်မြို့စားရှယ်ဘီကလည်း ပါဝင်လာလိမ့်မည်။ ထိုသို့ဆိုလျှင် ကာလိုင်းအတွက် အကူအညီမဖြစ်တော့ပေ။ ယခု အယ်လီနာ၏ရွေးချယ်မှုအားလုံးက သူ့အား ဧကရာဇ်ဖြစ်လာစေဖို့ကိုသာ ဗဟိုပြုထား၏။

"ရှင် ဧကရာဇ်ဖြစ်လာတော့မှ ကျန်တဲ့အကြွေးတွေကို ပြန်ယူကြမယ်လေ။"

ထိုအခါမှ ကာလိုင်းတစ်ယောက် အယ်လီနာ၏အတွင်းကျကျအတွေးများကို နားလည်သွားသည်။ သူက ရှုံးနိမ့်သွားသောအကြည့်မျိုး ပြသလာခဲ့ပြီး အခိုက်အတန့်တစ်ခုကြာပြီးနောက် သူ(မ)၏ပေါင်ပေါ် ခေါင်းအုံးလာ၏။ သူ၏ ရုတ်တရက်ဆန်သောအပြုအမူကြောင့် အယ်လီနာ ထိတ်လန့်သွားခဲ့သည်။

"ဘာလုပ်....!"

"ကိုယ့်ကို ပေါင်လေးခဏပေးငှား။ ကိုယ် မင်းကိုတွေ့ဖို့ သုံးရက်၊ သုံးည မြင်းစီးလာခဲ့ရတာ။"

အယ်လီနာ ဘာလုပ်ရမှန်းမသိသော်လည်း နောက်ဆုံး၌ ကာလိုင်း၏မျက်နှာကို ငုံ့ကြည့်လိုက်ရာ သူက မျက်လုံးများမှိတ်ထားကြောင်း တွေ့လိုက်ရလေသည်။ သူ(မ) အရင်က သူ့ကို အနီးကပ်မကြည့်ခဲ့ဖူးပေ။ ကာလိုင်းသည် သူ(မ)ပေါင်ပေါ် နေရာပြင်ကာ အသံတိုးတိုးလေးဖြင့် ပြောလာ၏။ သူ တကယ်ပဲအိပ်ငိုက်နေခြင်းလားဟု သူ(မ) စဥ်းစားနေမိသည်။

"ကိုယ် မင်းရဲ့မိသားစုဆီ မကြာခင်လာခဲ့မယ်။"

၎င်းအား စဥ်းစားကြည့်လိုက်တော့မှ သူ(မ) အိမ်ပြန်ရောက်လျှင် ကာလိုင်းနှင့်ဆက်ဆံရေးအကြောင်းကို သူ(မ)၏မိသားစုအား ရှင်းပြရပေဦးမည်။ ၎င်းတို့သည် မကြာခင် သိရှိသွားမည့်အတူတူ သူ(မ)ဆီကနေ အရင်ဆုံးသိတာက ပိုကောင်းပေ၏။

အယ်လီနာ သူ(မ)၏မိသားစုအား ပြောရမည်တို့ကိုစဥ်းစားနေခိုက် ကာလိုင်းဆီကနေ ဖြည်းဖြည်းမှန်မှန် အသက်ရှူသံတို့ ထွက်ပေါ်လာခဲ့သည်။ သူ တကယ်ပဲ ပင်ပန်းနေတာဖြစ်နိုင်၏၊ ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားခဲ့လေသည်။ အယ်လီနာ ရှူပ်ထွေးနေသောအတွေးများကို ခဏလောက် ဘေးဖယ်ထားလိုက်ပြီး အိပ်ပျော်နေသော သူ၏ပုံရိပ်လေးကို စိုက်ကြည့်နေမိသည်။

၎င်းမှာ အေးချမ်းသော နေ့လယ်ခင်းတစ်ခုပင်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment