အဝတ်စုတ်အနံ့မဟုတ်လား (၂)
အယ်လီနာ သူ(မ)၏အစီအစဥ်များကို စတယ်လာအားရှင်းပြဖို့ သိပ်မကြာလိုက်ဘဲ အိမ်တော်သို့ အမြန်ပြန်ရောက်လာခဲ့သည်။ ယခု သူ(မ) ပါတီတက်ရောက်ပြီး ဟယ်လင်၏ ကောလာဟလများနှင့် ရင်ဆိုင်ရန်သာ ကျန်တော့သည်။
အယ်လီနာ သူ(မ)၏အခန်းတံခါးကို ဖွင့်လိုက်၏။ ယခုအချိန်၌ အစေခံအများစုက အိပ်ပျော်နေကြပြီး မိုက်ကယ်တစ်ယောက်တည်းသာ သူ(မ)ကို တံခါးနားမှာစောင့်နေခဲ့၏။ သို့သော် သူ(မ)၏အခန်းထဲမှာ တစ်စုံတစ်ယောက်၏တည်ရှိမှုအား အာရုံခံမိလိုက်သည်။
'မြို့စားကတော် လုပ်ကြံတဲ့သူငှားဖို့အတွက်က အရမ်းစောလွန်းနေတယ်...'
အယ်လီနာ အမှောင်ခန်းထဲကိုဝင်ကာ ဘယ်သူမှန်းမသိသောရန်သူအား သတိထား၍ မီးများကိုထွန်းလိုက်ပြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။
၎င်းမှာ ခွန်းဖြစ်နေ၏။ မျှော်လင့်မထားသော ပေါ်ပေါက်လာမှုကြောင့် သူ(မ) အနည်းငယ်အံ့အားသင့်နေခဲ့သည်။
"ဒီမှာ ဘာလုပ်နေတာလဲ။"
ခွန်းသည် ပုံမှန်ဆိုလျှင် သူ(မ) ပြတင်းပေါက်မှာ လက်ကိုင်ပဝါမချည်သရွေ့ ရောက်မလာတတ်ပေ။ သူ(မ)မခေါ်ဘဲ ရောက်လာသည်က ဒါပထမဆုံးအကြိမ်ပင်။
"စစ်သူကြီးက မဒမ်ကို တွေ့ချင်နေပါတယ်။"
"ကျွန်မကို?"
ရုတ်ခြည်းတောင်းဆိုချက်ကြောင့် သူ(မ) ထူးထူးဆန်းဆန်းဖြစ်သွား၏။ ၎င်းတို့သည် နှစ်ဦးနှစ်ဖက်အကျိုးအမြတ်အတွက် အဆက်အသွယ်လုပ်လို့ရသော်လည်း ယခုလို နောက်ကျနေသည့်အချိန်ထိ ခွန်းတစ်ယောက် အကြာကြီးစောင့်နေခဲ့သည့်အပေါ် တစ်စုံတစ်ခုက မူမမှန်တော့ပေ။
"ကောင်းပါပြီ။ အခုချက်ချင်းလား။"
"မဟုတ်ပါဘူး။ အခု စစ်သူကြီးက အဝေးရောက်နေပေမဲ့ သုံးရင်နေရင် မြို့တော်ကို ပြန်လာပါလိမ့်မယ်။"
သုံးရက်။ သူ(မ) သူ့အတွက် အချိန်ပေးလို့မရပေ။ ထိုနေ့တွင် သူ(မ) ဟယ်လင်နှင့်ရင်ဆိုင်ရန် ပါတီပွဲကိုတက်ရောက်ရဦးမည်။
"အားနာပေမဲ့ သူ့ကို ပြောပေးပါ။ အဲ့နေ့ကျ ကျွန်မ လုပ်စရာလေးရှိနေတယ်။"
"ကျွန်တော် သတင်းပါးလိုက်ပါ့မယ်။ ဒါပေမဲ့ မဒမ် တုံ့ပြန်မှုရမယ်မထင်ပါဘူး။ အခု သူ့ဆီကို ချက်ချင်း မရောက်နိုင်သေးလို့ပါ။"
ကာလိုင်းက မြို့တော်နှင့် အဝေးမှာရောက်နေသည်ဟု သူ(မ)ကြားထားသော်လည်း ဘာကိစ္စအတွက်မှန်း သူ(မ)မသိပေ။ သူ(မ) ခွန်းကို မေးလိုက်လျှင် သူက 'စစ်သူကြီးကို တိုက်ရိုက်မေးလိုက်ပါ' ဟုသာ ပြန်ဖြေပေလိမ့်မည်။
အယ်လီနာ ဤစကားဝိုင်းကို အမြန်ဆုံး အဆုံးသတ်လိုက်ချင်၏။ ကောလာဟလများကြောင့် အိပ်ရေးပျက်ညများ များနေပြီဖြစ်သလို စတယ်လာနှင့်တွေ့ဆုံခဲ့ပြီးနောက် အလွန်ပင်ပန်းနေလေပြီ။
"သူပြန်လာတာနဲ့ ကျွန်မကိုအသိပေးပါ။ ကျွန်မတို့ တွေ့ဆုံမဲ့အချိန်ကို ပြန်ပြောပါ့မယ်။"
"...နားလည်ပါပြီ။"
ခွန်းက အနည်းငယ်အံ့သြနေပုံရသော်လည်း ကာလိုင်းအား ချက်ချင်းဆက်သွယ်၍မရသေးပါဟု ပြောထားသည့်အတွက် တခြားပြောစရာမရှိတော့ပေ။ နောက်ဆုံးတွင် သူက တိုတိုတုတ်တုတ်နှုတ်ဆက်လိုက်သည်။
"ကောင်းသောညပါ၊ မဒမ်။"
"ရှင်ရောပဲ။ ဂရုစိုက်ပါ။"
ခါတိုင်းလိုပင် ခွန်းက အမှောင်ထုထဲမှာ တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့သည်။ သူ(မ) ခဏလောက်စောင့်ကြည့်နေပြီးနောက် အိပ်ရာဝင်ရန် ပြင်ဆင်ခဲ့လေသည်။
...
နောက်ဆုံးတွင် တိုက်ပွဲဝင်ရမည့်နေသို့ ရောက်ရှိလာခဲ့ပြီ။ အယ်လီနာက ကျက်သရေရှိလှသော ဂါဝန်ကိုဝတ်ဆင်ပြီး မှန်ရှေ့မှာရပ်ကြည့်နေသလို မိုင်ယာဘယ်လာကလည်း ဂုဏ်ယူဝံ့ကြွားစွာ ကြည့်နေခဲ့သည်။
"ဟီး၊ ညီမလေးဘာသာလုပ်ထားပေမဲ့ မမနဲ့ တကယ်လိုက်ဖက်နေရော။"
"အာရုံစိုက်ပြီးလုပ်ထားပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီနေ့ တကယ်ကို ညီမလေးဆီကခွန်အားတွေ လိုအပ်တယ်။"
"ဘာလို့လဲ၊ ဘာဖြစ်လို့လဲဟင်။"
အတင်းအဖျင်းများကို စိတ်မဝင်စားသော မိုင်ယာဘယ်လာတစ်ယောက် အယ်လီနာနှင့်ပတ်သက်သော ကောလာဟလများကို လုံးဝမသိထားပေ။ သူ(မ)ညီမလေး၏ စူးစမ်းလိုသောအကြည့်ကြောင့် အယ်လီနာ ပြုံးပြလိုက်၏။
"ဘာမှမဟုတ်ပါဘူး။ ကပွဲမှာတုန်းက မက်ဒေါနားအဖြစ် ရွေးချယ်ခံခဲ့ရပြီး နောက်ထပ်ပါတီတစ်ခုမှာကျ ဝတ်ကောင်းစားလှဝတ်မသွားရင် ကြောင်တောင်တောင်ဖြစ်သွားမှာကိုပြောတာပါ။"
"အို၊ ဒါပေါ့!"
မိုင်ယာဘယ်လာ၏ အပြစ်ကင်းသောအပြုံးက အယ်လီနာ့အတွက် စွမ်းအင်များ ဖြည့်တင်းပေးခဲ့၏။ ဤသည်မှာ သူ(မ)မိသားစုကို ကာကွယ်ရန်ဖြစ်သည်။ ဤပျော်ရွှင်မှုကို ထိန်းသိမ်းထားရန် အယ်လီနာ အနာဂတ်တွင် ဆူးခင်းလမ်းကိုလည်း ဖြတ်ကျော်ရပေမည်။ အယ်လီနာ မိုင်ယာဘယ်လာ၏ပခုံးကိုဖက်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
"မမကို ကံကောင်းအောင်ဆုတောင်းပေးဦး။"
"အင်း၊ ကြိုးစားထား!"
သူ(မ)နောက်မှာ မိုင်ယာဘယ်လာ၏ ခိုင်မာသောအားပေးမှုရှိနေသဖြင့် အယ်လီနာ ပြုံးလိုက်ပြီး မျက်လုံးများမှိတ်လိုက်၏။ သူ(မ) ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်မနေနိုင်ချေ။ အယ်လီနာ့မှာ ကာကွယ်ရမည့်မိသားစုရှိသည်။ ထို့ကြောင့် တွန့်ဆုတ်နေဖို့အချိန်မရှိပေ။
...
ဤသည်မှာ ကပွဲပြီးနောက် သူ(မ)တက်ရောက်သည့် ပထမဆုံးလူမှုရေးပွဲဖြစ်၏။ သူ(မ)သည် အရင်ကလို လှလှပပဝတ်ဆင်ထားသော်လည်း သူ(မ)အပေါ်ကျရောက်လာသော အကြည့်များက ထိုနေ့ညကနှင့် ကွဲပြားနေသည်။
သူ(မ) တံခါးဖွင့်ကာ ကပွဲခန်းမထဲ ဝင်လိုက်သည်နှင့် သူ(မ)တစ်ကိုယ်လုံးအနှံ့ကို စူးစမ်းနေသော လူတိုင်း၏အကြည့်ကို ခံစားမိပေ၏။ စတယ်လာက ဟယ်လင်နှင့်ပတ်သက်ပြီး ကောလာဟလများ ဖြန့်ထားပြီးဖြစ်သော်လည်း အယ်လီနာနှင့်ပတ်သက်သည့်အကြောင်းအရာကလည်း ပို၍ပြင်းထန်လာခဲ့သည်။ အမျိုးသားများ၏ စူးစူးရဲရဲအကြည့်များကြောင့် အယ်လီနာ သတိထားနေသော်လည်း ဦးခေါင်းကိုတော့ မော့ချီထားခဲ့၏။
ခန်းမအလယ်၌ အယ်လီနာနှင့်ရင်းနှီးသော မျက်နှာနှစ်ခုအပါအဝင် လူအုပ်ကြီးရှိနေသည်။ ဟယ်လင်နှင့် ဆိုဖီယာ။ အယ်လီနာ ၎င်းတို့တက်ရောက်လာမလားကို သေချာမသိသောကြောင့် အစီအစဥ်နှစ်မျိုး ရေးဆွဲထားခဲ့သော်လည်း သူ(မ) ဟယ်လင်နှင့် ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ချင်သည်။
ဟယ်လင့်ဘေးမှ ဆိုဖီယာက လူအုပ်ကြီးအား ကျယ်လောင်စွာ ပြောပြနေခဲ့သည်။
"...ဒါနဲ့ ကျွန်မ လေဒီအယ်လီနာရဲ့အခန်းထဲကို ဝင်သွားလိုက်တော့ အဲ့မှာ ယောက်ျားတစ်ယောက်ရှိနေတယ်လေ!"
ဒေါက်၊ ဒေါက်။
အယ်လီနာ ခြေလှမ်းကျဲများဖြင့် ဆိုဖီယာ့ဆီ လျှောက်သွားလိုက်ရာ လူများစွာ၏မျက်လုံးများက သူ(မ)ဆီ ကျရောက်လာခဲ့သည်။ အယ်လီနာက အာရုံစိုက်မှုများကြား ရောက်ရှိသွားချိန် ဟယ်လင်က သတိထားမိလိုက်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွား၏။ ထို့နောက် သူ(မ)၏လက်ချောင်းလေးများဖြင့် နှာခေါင်းပိတ်ကာ ဤသို့ပြောလာသည်။
"အိုး၊ အဲ့ဒါ အဝတ်စုတ်အနံ့ကြီးမဟုတ်လား။
***
Aurora Novel Translation Team