Little Creampie:
အပိုင်းတစ် : အိုမီဂါအဖြစ်ပြောင်းလဲခြင်း၊ ဇာတ်လမ်းရဲ့အစ။
ညပိုင်းတွင်ဖြစ်သည်။ ကိုယ်ပိုင်စာကြည့်ချိန်နှင့် အချိန်ပိုအတန်းများကြားမှ အနားယူချိန်လေးအတွင်းပင်။
စာသင်ခန်းတစ်ခုလုံး ရုတ်တရက် ဆူညံသံမျိုးစုံနှင့် ပြည့်သွားရကာ ထိုဆူဆူညံညံအသံများအတွင်းမှ စိတ်လှုပ်ရှားစရာအသံတစ်ခုလည်း ထင်းထွက်လာခဲ့၏။
“ထွက်ပြီ! ဆေးစစ်ချက်အဖြေတွေထွက်လာပြီ!”
လူတစ်ချို့က အခန်းတစ်ဝိုက်မှာ ဟိုဟိုဒီဒီ ပြေးလွှားနေကြ၏။ စားပွဲနှင့်၊ခုံများသည်လည်း တွန်းထိုးလှုပ်ရှားမှုကြောင့် တဖျစ်ဖျစ်မြည်နေကြလျက်။ စားပွဲပေါ်တွင် အသာယာဖြန့်တင်ထားသည့် ကောင်လေး၏ လက်ချောင်းများမှာ အနည်းငယ်လှုပ်ခတ်သွား၏။
ခြေတံရှည်နှင့် လူငယ်လေးသည် စားပွဲပေါ်တွင် ခေါင်းမှောက်လျက်အနားယူနေစဉ်၊ တစ်ချိန်တည်းမှာပဲ စားပွဲခုံတွေရဲ့ တိုက်မိလှုပ်ခတ်မှုကို ခံလိုက်ရပြီး ခေါင်းအနည်းငယ်မော့လာခဲ့၏။
မျက်လုံးဘေးထောင့်မှာ စိတ်မရှည်မှု၏လက္ခဏာတွေ ပါဝင်နေသည့်တိုင် ထိုထဲတွင် အလှတရားနှင့် ရှုပ်ထွေးမှုအပိုင်းစတို့လဲ ရောနှောဝင်နေသေး၏။
သို့သော် သူ့မျက်နှာပေါ်က မကြည်မသာအမူအရာက အလွန်ပင် ဖိအားဖြစ်စေပြီး၊ သူ့အပေါ်အုပ်မိုးလာခဲ့သည့် "ကျောင်းလူဆိုး" အရှိန်အဝါက မူလကတည်းက နာခံလွယ်ပြီး နူးညံ့ပုံရသည့် သူ့မျက်နှာလှလှလေးအား အလွယ်တကူ ဖုံးဖိသွားခဲ့၏။
သူ့ကိုတိုက်မိသွားသည့် အတန်းဖော်ကမူ လည်ပင်းညှစ်ခံထားရသည့် ဘဲတစ်ကောင်ကဲ့သို့ တရွှီရွှီနှင့်၊ လေတစ်ချက်တောင်မှ မှန်မှန်မရှူရဲပဲ “ကျင်း…ကျင်းကော” ဟု တုန်တုန်ရီရီခေါ်လိုက်မိသည်။
ကျင်းလော့၏ မျက်ခွံတွေမှာ တဖြည်းဖြည်း မြှင့်တက်လာခဲ့ပြီး၊ လှပကာ ရက်စက်ပုံရသည့် သူ့မျက်နှာထက်တွင် ရေခဲသဖွယ် အေးစက်သည့်အရိပ်တစ်စပေါ်လာ၏။
စားပွဲခြေများကြားတွင် ကြက်ခြေခတ်ပုံ ခြေချိတ်ထိုင်နေတဲ့သူ၏ရှည်လျားသည့် ခြေထောက်များမှာ ထိုစားပွဲနှင့်ဆိုလျှင် အနည်းငယ်ကြပ်သိပ်နေပုံပေါ်သည်။
သူ့လက်ကောက်ဝတ်တွေဖြင့် မေးစေ့အားထောက်ထားလျက် မျက်နှာမှာအနည်းငယ်ပင်ပန်းနေပုံရနေသည့်တိုင်၊ တစ်ချိန်တည်းမှာပင် အိပ်ရာထခါစ ကြောင်တစ်ကောင်မှ သက်တောင့်သက်သာနှင့် လက်သည်းခြေသည်းလေးတွေ ဆန့်ထုတ်နေသကဲ့သို့လည်း ခံစားရစေ၏။
သူ စိတ်မရှည်သည့်လေသံနှင့်မေးလိုက်သည်။ “ဘာတွေဆူညံနေကြတာလဲ”
ကျင်းလော့က ကျောင်းသားများကိုင်ထားကြသည့် ဆေးစစ်မှုရလဒ်စာရွက်များအား ကြည့်ကာ သူ၏ပြည့်ဖြိုးလှပနေသည့် နှုတ်ခမ်းတွေကို အနည်းငယ်ဖွင့်ဟလျက် ပြက်လုံးထုတ်လိုက်၏။
“A လား O လား ဆိုတာ တစ်ချက်ကြည့်တာနဲ့ သိသာနေတာပဲမလား”
ကျင်းလော့၏ အလှအပမှာ ထက်မြက်စူးရှကာ ရန်လိုတတ်သည့် ကျားလေးတစ်ကောင်နှင့် တူသည်။ သူ့ကိုကြည့်လျှင် နူးညံ့သော Omega မျိုးမဟုတ်သလို၊ သာမန် Beta တစ်ဦးနှင့်လည်း မတူပေ။
ကျောင်းသားများသည် စစ်ဆေးမှုရလဒ်စာရွက်အား မကြည့်ဘဲနှင့်တောင်၊ ကျင်းလော့ဟာ ၁၀၀% Alpha ဖြစ်မည်မှန်း အားလုံးသိကြ၏။
ကျင်းလော့က ဒေါသမီးတောက်နေသည့် မျက်လုံးများနှင့် ထိုကောင်လေးအား စိုက်ကြည့်လိုက်ပြီး-
“Omega ဖြစ်နေရင်တောင် နောက်တစ်ကြိမ် ငါ့အိပ်ချိန်ကို နှောင့်ယှက်ရင် မင်းခေါင်းကို ပန်းအိုးထဲ ထည့်သိပ်ပစ်မယ်၊ နားလည်လား?”
ကျင်းလော့သည် လက်ကောက်ဝတ်နှင့် မေးစေ့အား ထောက်ထားလျက် အိပ်ငိုက်နေဆဲပုံနှင့်ပင်။
ကွဲပြားမှုရလဒ်များအား သူကြည့်မည်မဟုတ်။ ဘာပဲဖြစ်ဖြစ် သူက Alpha ဆိုတာ ထင်ရှားနေတာပဲမဟုတ်လား။
ကျင်းလော့ ထိုအချက်အလက်များအား လှည့်ကြည့်ချင်စိတ်တောင် ရှိမနေပေ။ သူ့ညီအစ်ကိုမောင်နှမအားလုံးသည် Alpha များဖြစ်ကြသည်ကြောင့်၊ သူလည်း Alpha ပဲဖြစ်လိမ့်မည်က သဘာဝကျ၏။
{ အစ်ကိုကျင်း!! မင်းကြိုက်နေတဲ့ အလှလေး လင်လု က ရှောင်းဝမ်လင် ကို လက်ခံတော့မယ့်ပုံပဲကွ!!! }
ကျင်းလော့ ချက်ချင်းစာပြန်လိုက်၏
“သူတို့ကိုတားထား ငါအခုလာပြီ”
ဘယ်က ရှောင်းဝမ်လင် လဲ?
ဒီကိစ္စမှာ ငါဆိုတဲ့ကျင်းလော့ကသာ အပြတ်အသတ်ဆုံးဖြတ်ပိုင်ခွင့်ရှိသူပဲ။
အဲ့ဒီကောင်က ဒီတိုင်း ဦးနှောက်မရှိတဲ့ သောက်ရူးတစ်ကောင်ထက်မပိုဘူး။
အရမ်းကို အရူးဆုံး အမျိုးအစားလေ။
ကံအကြောင်းတရားအရဆိုလျှင် ထိုသို့ထူးခြားသည့် ဖြစ်တည်မှုက သူတို့နှစ်ဦးသားအား စိတ်တူကိုယ်တူဖြစ်စေသင့်သည့်တိုင် လက်တွေ့တွင်မူ လမ်းခွဲသွားကြရုံသာမက ရန်သူဘဝကိုတောင် ရောက်သွားကြသေး၏။
တကယ့်ကို စစ်မှန်တဲ့ရန်သူတွေပင်။
ဘယ်လိုပဲကြည့်ကြည့်၊ ရှောင်းဝမ်လင်နှင့်သူ၊ တစ်ချိန်တည်းတွင် အတူတည်ရှိနေလို့မရပေ။
ရှောင်းဝမ်လင် အကြောင်းတွေးမိရုံနှင့်ပင် ကျင်းလော့၏ လှပစိုပြေသည့် မျက်နှာလေးက ရုတ်တရက် မည်းမှောင်သွားရ၏။
ရှောင်းဝမ်လင်က ကျင်းလော့၏ Alpha မဆန်စွာ နုနယ်လှပသည့်အသွင်ပြင်အား သည်းမခံနိုင်၊ Omega တစ်ယောက်လို နုနယ်လွန်းတယ်လို့ ထင်၏။ ကျင်းလော့ဘက်ကလည်း သူ့အား Omega နှင့်နှိုင်းယှဉ်သည်ကို အသည်းအသန် မုန်း၏။ နောက်ပြီးရှောင်းဝမ်လင်၏ 'ဦးနှောက်တစ်ခြမ်းပဲပါတဲ့' အသွင်အပြင်ကိုလည်း လုံးဝလက်မခံနိုင်ပေ။
အဆိုးဆုံးအချက်ကမူ ကျင်းလော့နှင့် ရှောင်းဝမ်လင်တို့သည် မိန်းကလေးတစ်ယောက်တည်းကို ချစ်ကြိုက်မိနေခဲ့ကြ၏။
ထိုသူက လင်လုဆိုသည့် အလှလေးပင်။
နှစ်ယောက်သား အရင်ကတည်းက မတည့်ကြတာမှန်သည့်တိုင်၊ “အချစ်ပြိုင်ဖက်” ဆိုသည့် အချက်က သူတို့၏မသင့်မြတ်မှုများအား ပိုလို့ပင်ပြင်းထန်လာစေခဲ့သည်။
လက်ရှိအချိန်တွင် ကျင်းလော့၏ နားထဲကို ထိုဉာဏ်မဲ့တဲ့အကောင်သည် ချစ်ခြင်းမေတ္တာအားထုတ်ဖော်ဖို့ အစီအစဉ်ရှိနေသည်ဆိုသည့် သတင်းက ရောက်လာခဲ့၏။
ကျင်းလော့အနေဖြင့် ထိုအရာကို လုံးဝခွင့်ပြုမည်မဟုတ်ပေ!!!
..................
အဆင့်မြင့်ပြီး သက်တောင့်သက်သာရှိသည့် ဟိုတယ်တစ်ခုတွင်ဖြစ်သည်။ နူးညံ့သိမ်မွေ့သည့် ဂီတသံများက လေထုထဲတွင် ညင်သာစွာ စီးဆင်းနေ၏။
နူးညံ့သောအလင်းရောင်၊ ဂုဏ်သရေရှိသည့်အခင်းအကျင်းနှင့် ပြည့်စုံလုံလောက်သည့်လေထုတို့က ဧည့်ခံပွဲကို အတန်ငယ်သာယာဖွယ်တိတ်ဆိတ်မှုဖြင့်ဖုံးလွှမ်းစေကာ၊ ဧည့်သည်များ၏အရိပ်အယောင်များက ပြေလျော့စွာ ရောယှက်ရွေ့လျားနေသည်။
ဝိုင်ဖန်ခွက်အား ကျွမ်းကျင်စွာကိုင်တွယ်ထားသည့် ရှောင်းဝမ်လင်သည် အနက်ရောင်ဆံပင်ရှည်နှင့် ကျော့ရှင်းလှပနေသည့် လင်လု၏နံဘေးတွင် ရပ်ကာ ယဉ်ကျေးသိမ်မွေ့သော အပြုံးတစ်ခုနှင့်: “လင်လု မင်းဒီနေ့ အရမ်းလှနေတယ်" ဟု ပြောလိုက်သည်။
လင်လုသည် သူမ၏လှပသည့် မျက်ဝန်း
လေးများအား ပင့်တင်ကာ ရှောင်းဝမ်လင်အား အေးစက်စွာကြည့်ရှုလျက် ခေါင်းအနည်းငယ်ညိတ်ပြလိုက်၏။ နားတစ်ဖက်စီမှ နားကပ်လေးများက မီးဆိုင်း၏အကူညီဖြင့် လင်းလက်တောက်ပနေလျက်ရှိသည်။
ဒေါက်မြင့်ဖိနပ်စီးလိုက်ပြီးနောက် သူမ၏အရပ်အမြင့်ဟာ ရှောင်းဝမ်လင်နှင့် သိပ်မကွာတော့ပေ။ သူမ၏ အမူအရာက စူးရှပြတ်သားပြီး လွှမ်းမိုးမှုရှိနေကာ၊ ထိုကဲ့သို့ ဝတ်စားဆင်ယင်မှုက သူမ၏ခြေထောက်များအား ပို၍ပင်ရှည်လျားလှပသကဲ့သို့ ဖြစ်နေစေ၏။
“ကျေးဇူးပါ”
ဤသည်က ကျောင်းကလပ်အဖွဲ့၏ ညစာစားပွဲပင်။
ညစာစားပွဲဟုအမည်တပ်ထားသည့်တိုင် တကယ်က လူငယ်များ အပြန်အလှန်ဆက်ဆံရန် စီစဥ်ထားသည့် စုဝေးမှုတစ်ခုသက်သက်ပင်။ လင်လုသည် သင်္ချာနှင့် အာကာသဗေဒ သုတေသနအသင်း၏ ဥက္ကဌဖြစ်သည်ကြောင့် ဒီစုဝေးပွဲတွင် ပါဝင်နေခြင်းမှာ သဘာဝကျ၏။
ရှောင်းဝမ်လင်အတွက်တော့ လင်လုနှင့်အဆင့်တက်ရဖို့ အခွင့်အရေး နည်းလွန်းတာကို သိထားပြီးသားပင်။ ပထမဆုံးအနေနှင့် လင်လုက အပြင်ထွက်တာ ရှား၏။ ဒုတိယအနေနှင့် လင်လုအနားတွင် အမြဲလူတွေစုဝေးနေတတ်သည်။ ယခုလို သဘာဝကျကျ နှစ်ယောက်တည်း အချိန်ပေးဖို့ဆိုတာ အခွင့်အရေးကအလွန်ရှားပါးလွန်းလှသည်။ ဒါ့အပြင် ကျင်းလော့ဆိုသည့် သကောင့်သားက မကြာခဏဆိုသလို ရောက်လာပြီး နှောင့်ယှက်တတ်သေး၏။
ဒီတစ်ကြိမ်မှာတော့ ကျင်းလော့အား အချိန်ပိုအတန်း တက်ခိုင်းထားသည်ကြောင့်၊ သူဒီကိုလာရဖို့ အခွင့်အလမ်းမရှိနိုင်ပေ။ ထို့ကြောင့် မည်သူကမှ သူ့အစီအစဉ်တွေကိုပျက်စီးစေတော့မည်မဟုတ်ချေ။
ရှောင်းဝမ်လင်က ခြေတံရှည်ပြီး ရင့်ကျက်သည့် အမျိုးသမီးတွေကို အမှန်တကယ်ပင် ကြိုက်နှစ်သက်၏။ လင်လုကလည်း သူ့အလှအပစံနှုန်းနှင့် လုံးဝကိုက်ညီနေသည်မဟုတ်ပေလော။
သို့ပေမယ့် လင်လုက အေးစက်လွန်းပြီး Alpha ဆန်လွန်းလှ၏။ ရှောင်းဝမ်လင်၏ တကယ့်အကြိုက်က စူးရှထက်မြက်ပြီး မိဖုရားဆန်ဆန် စိတ်ထားရှိတဲ့သူမျိုးမှန်ပေမယ့် တကယ်တမ်းကျတော့ နာခံလွယ်တဲ့သူမျိုးကိုပိုနှစ်သက်သည်။
ရှောင်းဝမ်လင်၏ အတွေးအခေါ်များက အာဏာရှင်ဆန်တဲ့ဘက်ကိုရောက်၏။
သို့သည့်တိုင် “လင်လုရဲ့ ရှည်လျားလှပတဲ့ ခြေတံသွယ်သွယ်လေးတွေရှေ့ဆိုရင်တော့ ဒီအတွေးတွေက ဘာမှအရေးမပါတော့ဘူး" ဟု ရှောင်းဝမ်လင် စိတ်ထဲ မှတ်ချက်ချလိုက်သည်။
ရှောင်းဝမ်လင်က စိတ်ဝင်စားဖွယ်အပြုံးလေးနှင့် မေးလိုက်၏၊ “မင်းတို့အသင်းက S293 ဂြိုဟ်ရဲ့တည်ဆောက်ပုံကို သုတေသနလုပ်နေကြတယ်လို့ ကြားတယ်။ ကိုယ်လဲစိတ်ဝင်စားလို့ အဲ့အကြောင်း နည်းနည်းလောက်ဆွေးနွေးကြမလား?"
ကျင်းလော့သည် ဖွင့်ပြောမည်ဟုသတင်းရထားသည့် ဟိုတယ်ဆီကို အလျင်စလိုရောက်သွားခဲ့သည်။ တံခါးဝမှာပဲ လုံခြုံရေးဝန်ထမ်းထံမှ ရေခဲတုံးလို အေးစက်သည့်အသံနှင့် ဟန့်တားခြင်းကိုခံလိုက်ရ၏ "ဖိတ်စာမပြရင် ဝင်လို့မရဘူး"
ကျင်းလော့က ခမ်းနားကြီးကျယ်လှသည့် ဟိုတယ်ကြီးအားကြည့်ကာ မျက်နှာမည်းမှောင်ကျသွား၏။
ရှောင်းဝမ်လင်သည် ထိုဧည့်ခံပွဲအား အပြည့်အဝကြီးကြပ်ကွပ်ကဲနေသူပင်။ သူ၏မိသားစုမှာ အလွန်ချမ်းသာသောကြောင့် သာမန်လူများမဝင်ရောက်နိုင်သော နည်းလမ်းဖြင့် သူ၏ချစ်ခြင်းမေတ္တာထုတ်ဖော်မှုအား အနှောင့်အယှက်မဖြစ်စေရန် အလွယ်တကူစီစဉ်နိုင်ခဲ့သည်။
ကျင်းလော့ စိတ်ရှုပ်စွာဖြင့် နှုတ်ခမ်းအားကိုက်လိုက်သည်။
သူစိတ်အနှောင့်ယှက်ဖြစ်နေချိန်တွင်ပဲ သူ့နံဘေးက မိန်းကလေးတစ်ယောက်မှာ ဟန့်တားခံရခြင်းမရှိဘဲ ဝင်သွားသည်ကို မြင်လိုက်ရ၏။ ထိုဟိုတယ်၏ ဆောင်ပုဒ်က “မိန်းကလေးဟူသမျှ မငြင်းဆိုနိုင်” ဆိုသည်မှန်း သိလိုက်ရချိန်တွင် ကျင်းလော့၏မျက်နှာထက်တွင် အရောင်မျိုးစုံဖြတ်ပြေးသွားတော့သည်။
သူ၏အေးစက်လှပသည့် မျက်နှာထက်တွင် အနည်းငယ်ရှုပ်ထွေးနေသည့် အမူအရာလေး ပေါ်လာ၏။
ကျင်းလော့က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဆယ်မိနစ်အကြာတွင် ဟိုတယ်ဝင်ပေါက်မှာ အနက်ရောင်ဆံရှည်နဲ့ အလွန်လှပသည့် မိန်းကလေးတစ်ဦး ထွက်ပေါ်လာခဲ့သည်။
ထိုမိန်းကလေးသည် ရိုးရိုးရှင်းရှင်း စကတ်အကားလေးနှင့်အတူ ဒေါက်ဖိနပ်နှင့် အနက်ရောင်စတော့ကင်ကိုဝတ်ဆင်ထား၏။ ထိုအရာတွေကပင် သူမ၏ ခြေတံများအား အလွန်သွယ်လျ လှပစွာပေါ်လွင်နေစေ၏။
‘သူမ’၏ မျက်နှာအမူအရာမှာ အေးစက်ကာ ဆွဲဆောင်မှုရှိနေသည်။ အနီရောင်နှုတ်ခမ်းပါးများက လေထုဖိအားကို အလွန်နည်းစေပြီး ဆက်စီကျနေ၏။ သူမ၏ ရင်သပ်ရှူမောဖွယ် မျက်နှာအား မိတ်ကပ်ထူထူဖြင့်ဖုံးထားလျက် မျက်နှာအစိတ်အပိုင်းချို့အား မှုန်ဝါးစေသည်။
သို့သော် သူမအနားရှိ အရှိန်အဝါသည်အလွန်လေးလံနေလျက် အမျက်ဒေါသဖြင့်ပြည့်နှက်လို့နေ၏။
ဤအရာသည် ကျန်းလော့ အနီးနားရှိ ဈေးဆိုင်တွင် အလျင်စလိုဝယ်ယူခဲ့သော ဒေါ်လာအနည်းငယ်သာတန်သည့် ဈေးပေါပစ္စည်းများပင်ဖြစ်သည်။ သူ့တွင် နေထိုင်စားသောက်ရန် ငွေကြေးအများကြီးမရှိပေ။
သို့သော် ဈေးတန်းထဲက ပစ္စည်းဖြစ်သည့်တိုင် ကျင်းလော့၏လှပသောမျက်နှာနှင့် ရှည်လျားသောခြေထောက်များက ထိုအဝတ်အစားအား ကြည့်ကောင်းစေခဲ့သည်။ အမှန်ပင် နဂိုလှပြီးသားသူများသည် မည်သည့်အဝတ်အစားကိုမဆို လှပစွာဝတ်ဆင်နိုင်စွမ်းရှိ၏။
ကျင်းလော့ ဟိုတယ်ထဲကို ချောမောစွာဝင်သွားနိုင်ခဲ့သည်။
ဟိုတယ်အတွင်း လျှောက်လမ်းတွင် ရပ်လျက် ခမ်းနားကာရောင်ပြန်ဟပ်နေသည့်နံရံကြီးများပေါ်မှ သူ့ပုံရိပ်အားကြည့်ရင်း နှုတ်ခမ်းလေးစူကာ တွေးလိုက်မိ၏။ “ရှောင်းဝမ်လင် အရူးကြီး!”
သူ့လက်ကောက်ဝတ်မှ နားအူစေသည့် 'ဘီစ်စ်' အသံလေးမြည်လာခဲ့သည်။
ထိုသည်က လိင်ကွဲပြားမှုစစ်ဆေးချက်ရလဒ်မှ အချက်ပေးသံပင်။
ကျင်းလော့က ထိုအရာအား လျစ်လျူရှူကာ ဖွင့်ပင်မကြည့်ခဲ့သည်ကြောင့် ထိုရလဒ်တွင်ရေးထားသည့်အဖြေကိုလည်း သူကျိန်းသေ မသိခဲ့ချေ။
[ လိင်အမျိုးစား : Omega ]
[ အသိပေးချက် : Heat ကာလ ဝင်ရောက်နိုင်ခြေရှိနေသည့်အတွက်ကြောင့် သတိပြုပေးပါ။ Omega လက်စွဲစာအုပ်ကိုသေချာစွာဖတ်ရှူပြီး Alpha များစုဝေးရာနေရာမှ ရှောင်ကြဉ်နေပါ။ ]
Chapter 1 ended