အပိုင်း ၄၁
'နောက်ဆိုရင် နေမကောင်းဘူးဆိုတဲ့ ဆင်ခြေကို ဘယ်တော့မှ မသုံးတော့ဘူး။'
ယူဂျင်းက ခုတင်ပေါ်တွင်ထိုင်ကာ သူ့အား ဝန်းရံထားကြသူများ၏ လေးနက်သော မျက်နှာများကိုကြည့်ရင်း တွေးလိုက်သည်။ ပိုပြီး သာသာကဲကဲ ပြောရလျှင် ယခုအချိန်အထိ မျက်နှာချင်းဆိုင်ခဲ့ဖူးသူအားလုံး ဤနေရာတွင်ရှိနေသလိုပင်။
စောစောကတော့ အပြင်သွားလည်ပြီး အေးအေးဆေးဆေး တစ်ယောက်တည်း အတွေးများကို ရှင်းလင်းချင်ခဲ့သည်။
အပြင်ထွက်ပြီးတာနှင့် ချက်ချင်းပြန်ဝင်လာပြီးသည့်နောက် စိတ်ဂနာမငြိမ်သည့်ပုံစံမျိုး ပြခြင်းထက် ဗိုက်နည်းနည်းမကောင်းသလို သာမန်နေမကောင်းဖြစ်မှုကို ဆင်ခြေပေးခြင်းက ပိုကောင်းသည့်နည်းလမ်းဖြစ်မည်ဟု ထင်ခဲ့မိ၏။
သို့သော် ယူဂျင်းတစ်ယောက် မိဖုရားဟူသော အရိုက်အရာက ဤကမ္ဘာတွင် မည်မျှအရေးပါကြောင်း လျစ်လျူရှုခဲ့မိသည်။ မိဖုရားတစ်ပါးအတွက် "သာမန်ဖျားနာမှု" ဟူ၍ မရှိနိုင်ပေ။
'ဒီအတိုင်း အဲ့ဒီတုန်းကနဲ့ အတူတူပဲ။'
ယူဂျင်း ရဲတိုက်ထဲသို့ ပထမဆုံး ဝင်လာသောနေ့ကလည်း သူ့ကျန်းမာရေးကို စစ်ဆေးမည့် သမားတော်များက ဝန်းရံကာ မေးခွန်းများမေးသည်ကို ပြန်ဖြေခဲ့ရသည်။
ယနေ့တော့ ထိုနေ့ကထက် ပိုဆိုး၏။ ယနေ့ ဘုရင်ပါရှိနေသည်။ အထိန်းတော်ချုပ် အပါအဝင် ရံရွေတော်များပါ နေရာယူထားကြ၏။ အခန်းထဲတွင် လူများပြည့်သိပ်စည်ကားလျက်။
“ပျို့ချင်အန်ချင်ဖြစ်တာမျိုး ရှိပါသလားခင်ဗျ။”
“နည်းနည်းလေး ရင်ပြည့်နေရုံပါ။ အဲ့ဒီလောက် အဆိုးကြီးတော့ မဟုတ်ပါဘူး။”
ယူဂျင်းတစ်ယောက် 'ဟန်ဆောင်နေတာပါ' ဟု ပြော၍မဖြစ်သဖြင့် သူ၏ ရောဂါလက္ခဏာကို သာမန်အဆင့်လောက်သာ ဟန်ဆောင်၍ပြောလိုက်သည်။
တိတ်တဆိတ် ဝင်လာသော ရံရွေတော်တစ်ယောက်က အထိန်းတော်ချုပ်ထံ စာရွက်တစ်ရွက်ပေးလိုက်တော့ ဆာရာက ထိုစာရွက်ကို သမားတော်ဆီ ကမ်းပေးခဲ့သည်။ သမားတော်က စာရွက်ကိုဖွင့်ပြီး အကျဉ်းချုပ်ဖတ်လိုက်၏။
“ပုံမှန်စားနေကျ ပမာဏထက် ပိုစားထားတာလည်း မရှိဘူး။ အရင်က မစားဖူးတဲ့ ဟင်းလျာအသစ်လည်း မရှိဘူးဆိုတော့...”
သမားတော်က တီးတိုးရွတ်ခဲ့သည်။ ယူဂျင်းလည်း ရံရွေတော်ယူလာသည့် စာရွက်ကို ဘာမှန်းသိသွားတော့၏။
'ဘာလဲဟ၊ ငါ ဘာတွေစားတယ်၊ ဘယ်လောက်စားတယ်ဆိုတာကို နေ့တိုင်း မှတ်တမ်းတင်ထားတာလား။'
မိဖုရားဟူသည်မှာ လွတ်လပ်သော ကိုယ်ပိုင်ဘဝ မရှိဘူးဟု အတိုင်းအတာတစ်ခုအထိ လက်ခံထားသော်လည်း အမြဲတမ်း စောင့်ကြည့်နေသည့် မျက်လုံးများ ရှိနေသည်ဟုတွေးလိုက်တော့ ကျောချမ်းသွားရ၏။
လျှို့ဝှက်စောင့်ကြည့်နေခြင်းတော့ မဖြစ်နိုင်ပေ။ စာရွက်ကို စစ်ဆေးနေသည့် သမားတော်၏ သဘောထားက ပွင့်လင်းမြင်သာလှ၏။ မိဖုရား၏ နေ့စဉ်ဘဝကို မှတ်တမ်းတင်ထားခြင်းမှာ သဘာဝကျသည့် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလိုပင်။
'ဂျင်က အဲ့ဒီလို အကြည့်တွေကိုရှောင်ပြီး နေခဲ့တာကိုး။ တော်တယ်ပဲ ပြောရမယ်။'
ယူဂျင်းလည်း စိတ်ရင်းအမှန်ဖြင့် ချီးကျူးလိုက်မိသည်။ ဂျင်နှင့် တစ်ယောက်ချင်းသာ ရင်ဆိုင်ရမည်ဆိုလျှင် သူက ဘယ်လိုမှယှဉ်သာမည်မဟုတ်ပေ။
"တိကျတဲ့ အကြောင်းရင်းကိုတော့ မပြောနိုင်ပါဘူး။ တစ်ခါတလေ စိတ်ပိုင်းဆိုင်ရာ အကြောင်းကိစ္စတွေကြောင့် အစာခြေမှုကို ထိခိုက်စေနိုင်တာလည်းရှိပါတယ်။ တော်သေးလို့ လေပွတာက သိပ်ဆိုးတဲ့အခြေအနေမဟုတ်ပါဘူး။ အဲ့ဒါကြောင့် အစာကြေစေဖို့ ဆေးပေးခဲ့ပါ့မယ်။ ဆေးသောက်ပြီးသွားရင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ပေးတာကလည်း အထောက်အကူဖြစ်စေမှာပါ။”
သမားတော်၏ စကားကို အာရုံစိုက်နားထောင်နေသော ခါဆယ်ရ်က အထိန်းတော်ချုပ်ကိုကြည့်ပြီး ပြောလိုက်သည်။
"လတ်တလော စားဖိုဆောင်မှာ လူအင်အား အပြောင်းအလဲရှိသေးလား။”
“လက်ထောက် စားဖိုမှူးအသစ်တစ်ယောက် ရောက်လာပါတယ်။ ကျွန်မ စစ်ဆေးကြည့်လိုက်ပါ့မယ်။”
“မိဖုရားရဲ့ ညစာအတွက် ချက်ပြုတ်တဲ့နေရာမှာသုံးတဲ့ ပါဝင်ပစ္စည်းတွေကိုပါ စစ်ဆေးလိုက်။”
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
'အဲ့ဒီလောက်အထိ လိုမှာမဟုတ်ပါဘူး။'
ယူဂျင်းတစ်ယောက် အသံမထွက်စေဘဲ စိတ်ထဲမှအော်ဟစ်လိုက်သည်။ ကိစ္စများ ပို၍ကြီးထွားလာပေပြီ။
အထက်ကလူတွေအဖို့တော့ “စစ်ဆေးလိုက်” ဟု ပြောလိုက်ရုံလေးဆိုသော်လည်း အောက်ကလူများအဖို့ မည်မျှအလုပ်ရှုပ်စေမှန်း သူကောင်းကောင်းသိ၏။ မလိုအပ်ဘဲ အလုပ်အများကြီး ပေးမိသလို ဖြစ်သွားသဖြင့် အားနာရတော့သည်။
“အရှင်မင်းကြီး၊ ကျွန်မ ဘာမှမဖြစ်ပါဘူး။ အခုလည်း ခုနကထက် အများကြီး ပိုသက်သာလာပါပြီ။ သီးသန့်ပြောစရာစကား ရှိပါတယ်။”
ယူဂျင်းက ခါဆယ်ရ် အထိန်းတော်ချုပ်ကို အလုပ်ပိုပေးတော့မည့်အရေးကို ကြားဖြတ်ဝင်ပြောလိုက်သည်။
ခါဆယ်ရ်က လူများကို ဝေ့ဝဲကြည့်ကာ ပြောလိုက်၏။
“အားလုံး ထွက်သွားကြ။”
လူတွေအကုန် ထွက်သွားပြီးသည့်နောက် အခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ယူဂျင်းလည်း သက်ပြင်းချလိုက်၏။ ရှေ့လျှောက် သူ့စကားတစ်ခွန်းက မည်မျှအထိ အကျိုးသက်ရောက်မှုရှိကြောင်းတွေးပြီး ဂရုစိုက်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
သို့သော် ဤအခြေအနေကို စိတ်ထဲမှ ကြိတ်ပြီးသဘောကျနေမိ၏။ လူတိုင်းက သူ့ကို စိုးရိမ်ပူပန်ပြီး တုံ့ပြန်နေသည်ကို မြင်ရတော့ ဝမ်းသာပီတိဖြစ်မိရသည်။ 'ယူဂျင်း' အဖြစ် နေခဲ့စဉ်က နေ့နေ့ညည ညည်းတွားနေလျှင်ပင် ကြည့်ရှုပေးမည့်သူ တစ်ယောက်မျှမရှိခဲ့။
“တောင်းပန်ပါတယ်၊ အရှင်မင်းကြီး။ အခုလိုမျိုး သွားလိုက် ပြန်လာလိုက်နဲ့ အချိန်တွေပဲ ဖြုန်းလိုက်ရတယ်လို့။”
“မင်းက တောင်းပန်ရမဲ့ကိစ္စမဟုတ်ဘူး။”
“အလုပ်ရှုပ်အောင် လုပ်မိသွားလို့ပါ။ အလုပ်များတဲ့ အရှင်မင်းကြီးက အချိန်ပေးပြီး ထွက်လာပေးခဲ့ရတာ မဟုတ်လားရှင့်။”
ယူဂျင်းတစ်ယောက် ခါဆယ်ရ် သူ့ကို မလှုပ်မယှက် စိုက်ကြည့်နေတော့ အလကားနေရင်း ကိုယ့်ပါးကိုယ် လက်ဖြင့်သပ်လိုက်မိသည်။
“...အလကား အချိန်ဖြုန်းလိုက်ရတယ်လို့ မတွေးဖူးဘူး။”
မသွေမဖည်ကြည့်ရင်း ပြောနေသည့် ခါဆယ်ရ်၏မျက်နှာက အနေခက်နေပုံပင်။ ယူဂျင်းလည်း ထူးဆန်းသည့် ခံစားချက်နှင့် မျက်တောင်ခတ်လိုက်ကာ ဘေးကို အကြည့်လွှဲလိုက်သည်။ ထူးဆန်းသည့် တင်းမာမှုတစ်ခု ပတ်ဝန်းကျင်တွင် ဝေ့ဝဲလည်ပတ်နေ၏။ ရင်ထဲတွင်မူ မရိုးမရွခံစားချက်က ပေါ်လာလိုက် ပျောက်သွားလိုက်။
“နားလိုက်ပါ။”
“အရှင်မင်းကြီး။”
ယူဂျင်းက အခုပဲဖြစ်ဖြစ် အခန်းထဲမှ ထွက်သွားတော့မလိုပြင်နေသည့် ခါဆယ်ရ်ကို လှမ်းခေါ်လိုက်သည်။ သူနှင့် မျက်လုံးချင်းဆုံတော့ ခေါင်းထဲတွင် ဘာမှမရှိတော့ပေ။ ခါဆယ်ရ်နှင့်အတူ အချိန်ပိုကုန်ချင်မိသည့် မိမိ၏စိတ်ရင်းအမှန်ကို ကိုယ်တိုင်လည်း အံ့ဩသွားရသည်။
“စောစောက...အထိန်းတော်ချုပ်ကို အမိန့်ပေးလိုက်တဲ့ကိစ္စလေ။ အလကားသပ်သပ် သိချင်မိတာမျိုးပဲလားတော့ မသိပေမဲ့ နဂိုကတည်းက လုပ်နေကျ လုပ်ရိုးလုပ်စဉ်လားရှင့်။”
ယူဂျင်းက မြန်မြန်လေး ဆင်ခြေပေးလိုက်သည်။
“မှတ်ဉာဏ်မရှိတော့ ဘာမှမသိတော့လို့ပါ။ ဒါကို ကျွန်မ သိထားလား၊ မသိထားလားဆိုတာတောင် မပြောနိုင်တဲ့ အခြေအနေမျိုးလို့ပဲ ပြောရမလား။”
ပြောရင်းပြောရင်းနှင့် ယူဂျင်းတစ်ယောက် သူခံစားနေရသော စိတ်ဖိစီးမှုများကို အရှိအတိုင်းဖွင့်ဟလိုက်မိသည်။
“မာရီအန်းရဲ့ အကူအညီက မလုံလောက်ဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ တစ်ခါတလေ မာရီအန်းကိုမေးဖို့ ခက်ခဲတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါမျိုးလေးတောင် မသိဘူးဆိုရင် မာရီအန်းက ကျွန်မကို ဘယ်လိုများတွေးမလဲဆိုပြီး... မာရီအန်းရဲ့ သဘောထားက ပြဿနာရှိတယ်လို့ ပြောနေတာ မဟုတ်ပါဘူး။”
ခါဆယ်ရ်က ရဲတိုက်၏ အပြင်ဘက်တံတိုင်းကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“မင်းခံစားနေရတဲ့ အခက်အခဲတွေကို ငါကိုယ်တိုင် မခံစားနိုင်ပေမဲ့ လက်အောက်ငယ်သားတွေကို အမြဲတမ်း ဘေးမှာထားရတာက မလွယ်ကူတဲ့ သဘောကိုတော့ နားလည်တယ်။”
“ဒါဆို ခုနက ကျွန်မမေးခွန်းရဲ အဓိပ္ပာယ်ကို အရှင်မင်းကြီးလည်း သိမှာပေါ့နော်။”
“ငါ အထိန်းတော်ချုပ်ကို အမိန့်ပေးလိုက်တဲ့ ကိစ္စတွေက ပုံမှန်လုပ်ရိုးလုပ်စဉ်လား၊ မင်း မှတ်ဉာဏ်တွေ ပျောက်သွားပြီးတဲ့နောက်မှ ငါက ပိုပြီး ဂရုစိုက်ပေးတာလားဆိုတာကို သိချင်တာမဟုတ်လား။”
“... ဟုတ်ပါတယ်။”
ယူဂျင်းတစ်ယောက် သူကိုယ်တိုင်ပင် အတွေးထဲတွင် စုစည်း၍မရသော အရာများအား လိုရင်းတိုရှင်း စုစည်းပေးနိုင်ခဲ့သည့် ခါဆယ်ရ်ကို အံ့ဩနေခဲ့၏။ သူက နားလည်မှုရှိပြီး အကင်းပါးသည့်လူတစ်ယောက်ပဲဟု တွေးလိုက်မိသည်။
တွေးကြည့်လိုက်လျှင် သူနှင့်စကားပြောရင်း စိတ်မသက်မသာဖြစ်ရခြင်းမျိုး တစ်ခါမှ မရှိဖူးခဲ့ပေ။ သူက ဘုရင်ဟူသောအရိုက်အရာကို အသုံးချပြီး ဖိအားပေးခြင်းမျိုး မလုပ်ခဲ့။ တစ်ဖက်လူ၏ စကားကို အလေးအနက် နားထောင်ပေးသည်။
ရလဒ်အနေနှင့် သုံးနှစ်ကြာ လက်ထပ်ပြီးသည့်နောက် စောင့်ဆိုင်းပြီး အလျှော့ပေးတတ်သော သဘောထားကိုကြည့်လျှင် သူ၏ သည်းခံနိုင်စွမ်းနှင့် အလျှော့ပေးတတ်သည့် စရိုက်ကို ခန့်မှန်းကြည့်နိုင်ပေ၏။
‘ဒီဘက်က အများကြီး ပိုကောင်းတာပဲ။’
ယူဂျင်း၏ ဝတ္ထုထဲတွင် ပါဝင်သော မရဏဘုရင်ထက်။
ဝတ္ထုထဲမှ မရဏဘုရင်ကား တစ်ခုဆိုတစ်ခုသာ အာရုံစိုက်တတ်သည့်လူပင်။ ဂျင်အပေါ် လက်စားချေလိုသောစိတ်ကသာ သူ့အား လှုပ်ရှားစေခဲ့၏။
ဝတ္ထုထဲတွင် မရဏဘုရင်က အင်အားကြီးပြီး နေရာအများကြီး ပါဝင်ခဲ့သော်လည်း ယူဂျင်းကမူ မရဏဘုရင်၏ ဇာတ်ကောင်ကို သိပ်သဘောမကျခဲ့။
အင်အားအကြီးဆုံးလူက ခေါင်းဆောင်မှု အရည်အချင်းပါရှိလျှင် တကယ်ကောင်းပေမည်။ သို့သော် ဘုရင်ခြောက်ပါးနှင့် ဖွဲ့စည်းထားသော စစ်ဆင်ရေးတပ်ဖွဲ့ထဲတွင် မရဏဘုရင်က လူများနှင့် ရောနှောခြင်းမရှိခဲ့။
အတူတူ လှုပ်ရှားနေကြစဉ် ရုတ်တရက် “စစ်ဆေးစရာရှိတယ်” ဟု စကားတစ်ခွန်းပြောပြီး ပျောက်သွားကာ ရက်အနည်းငယ်ကြာမှ ပြန်လာတတ်၏။
ထိုသို့သော မရဏဘုရင်ကို မကျေနပ်ကြသည့် ဘုရင်များက အရာရာတိုင်းတွင် မရဏဘုရင်ကို ရန်စခဲ့ကြသည်။ မည်သို့ပင်ဆိုစေ အခြေအနေကတော့ တင်းမာလာနိုင်၏။
ဝတ္ထုထဲမှ မရဏဘုရင်သာ ယခု ယူဂျင်းမျက်စိရှေ့မှ ခါဆယ်ရ်လို စရိုက်မျိုးရှိခဲ့မည်ဆိုလျှင် ယူဂျင်း ရေးခဲ့သော ဝတ္ထုပါ အကြောင်းအရာများသည်လည်း လုံးဝပြောင်းလဲသွားမည်သာ။
ဝတ္ထုထဲမှ ဇာတ်ကောင်များတွင် လူသားတို့၏ ရှုပ်ထွေးသော စရိုက်များကို အကုန်ထည့်သွင်း၍မရနိုင်ပေ။ အများအားဖြင့် ဇာတ်ကောင်တစ်ခုက ထူးခြားသည့် စရိုက်တစ်ခုတော့ ပိုင်ဆိုင်ပေသည်။ သို့မှသာ စာရေးဆရာက သူလိုချင်သည့် ရည်ရွယ်ချက်အတိုင်း ဇာတ်လမ်းကို ဦးဆောင်နိုင်ပေလိမ့်မည်။
ဝတ္ထုပါ အကြောင်းအရာ ပြောင်းလဲသွားနိုင်လောက်အောင် စရိုက်ကွာခြားလှသည့် ဇာတ်ကောင်မှာ စာရေးဆရာအမြင်အရ လုံးဝကွဲပြားသည့် လူပုဂ္ဂိုလ်ပင်။
‘လုံးဝ ကွဲပြားနေတယ်။ တခြားလူတစ်ယောက်ပဲ။’
ဝတ္ထုထဲမှ မရဏဘုရင်နှင့် သူတွေ့ခဲ့သော မရဏဘုရင်က အများကြီး ကွာခြားမှုရှိကြောင်း မကြာသေးမီကတည်းက သိထား၏။ သို့သော် သီးခြားစီ ခွဲခြားလက်ခံခြင်းကတော့ မတူပေ။ ယူဂျင်း၏ မျက်စိရှေ့တွင်ရှိနေသော ဤလူ၏ဖြစ်တည်မှုက ယခင်ကထက်ပို၍ ထင်ရှားလာပေပြီ။
“မင်းရဲ့ မေးခွန်းကို ဖြေရရင် ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုပဲ။”
“သာမန်ဖျားနာမှုလေးအတွက် လွန်ကဲတဲ့ လုပ်ရိုးလုပ်စဉ်မဟုတ်ဘူးလားရှင့်။”
“မင်း နေမကောင်းဘူးဆိုပြီး သမားတော်ကိုခေါ်တာ ဒါက ပထမဆုံးအကြိမ်ပဲ။”
‘နေ့စဉ်ဘဝမဟုတ်ဘဲ ထူးခြားတဲ့ဖြစ်စဉ် ဖြစ်နေတာကိုး။’
“ဒါဆို မိဖုရားက ပုံမှန်လည်း ခဏခဏ ဖျားနာတတ်ရင် စားဖိုဆောင်က လူအင်အားနဲ့ ပါဝင်ပစ္စည်းတွေကို စစ်ဆေးတာမျိုး လုပ်ခိုင်းမှာမဟုတ်ဘူးပေါ့နော်။”
“မလုပ်လောက်ဘူးပေါ့။”
‘ဂျင်က ကိုယ်လက်လှုပ်ရှားမှု မလုပ်ခဲ့တာတောင် တကယ် ကျန်းမာရေးကောင်းခဲ့တာပဲ။’
ခန္ဓာကိုယ်တင် ကျန်းမာခြင်းမဟုတ်။ သာမန် စိတ်ဓာတ်ခွန်အားမျိုးလောက်နှင့်တော့ ဤကမ္ဘာကို ဖျက်ဆီးဖို့တွေးရန် မဖြစ်နိုင်ပေ။
ခန္ဓာကိုယ်လည်း ကြံ့ခိုင်၊ စိတ်ဓာတ်ကလည်း ကြံ့ခိုင်သည်ကိုး။ တကယ်ပဲ ဇာတ်လိုက်အဆင့်ရှိသည့် ဗီလိန်က ဘယ်သူမဆို လုပ်နိုင်ခြင်းမဟုတ်။ အဓိပ္ပာယ်မရှိသည့် အတွေးများကိုတွေးရင်း ယူဂျင်း ရယ်လိုက်မိသည်။
“ခဏခဏ ဖျားပေးနေမှ အလုပ်ရှုပ်စရာတွေ မရှိမှာပေါ့။”
“အဲ့ဒီလိုဟာသမျိုးက မကောင်းဘူးနော်။”
ခါဆယ်ရ်က မျက်နှာကိုတည်လိုက်သည်။ ယူဂျင်းလည်း အနေခက်သလိုခံစားလိုက်ရကာ အကြည့်ကို အောက်စိုက်ထားလိုက်၏။
သူ့နှလုံးသားက မတည်မငြိမ် စတင်ခုန်လာတော့သည်။ ခါဆယ်ရ်က ဘာသဘောမှမဟုတ်ဘဲ ပြောလိုက်ခြင်းဖြစ်သော်လည်း အဓိပ္ပာယ်ရှိသည်ဟု သတ်မှတ်ချင်မိ၏။
ယူဂျင်းက ဤကမ္ဘာ၏ ဖန်ဆင်းရှင်ဖြစ်သဖြင့် အသာစီးရထားသည်ဟူသော အမြင်ကို လုံးဝ မစွန့်လွှတ်နိုင်ခဲ့။ ထို့ကြောင့် သူဖန်တီးထားသည့် ဇာတ်ကောင် ‘မရဏဘုရင်’ ၏ ပြုမူပုံနှင့် စရိုက်က သူခန့်မှန်းထားသည့် အတိုင်းအတာထဲ၌ပင်ရှိမည်ဟုထင်ထားခဲ့၏။
သို့သော် ခါဆယ်ရ်က သူထိန်းချုပ်နိုင်မည့်သူ မဟုတ်မှန်း သဘောပေါက်သွားတော့ ခါဆယ်ရ်၏ ဖြစ်တည်မှုက ပို၍သိသာထင်ရှားလာတော့သည်။ နှစ်ယောက်တည်း ရှိနေသည့် ဤအခြေအနေက ယခင်ကထက် အများကြီးပို၍ တင်းမာလာ၏။
“မာရီအန်းကို ပြောဖို့အဆင်မပြေတဲ့ ကိစ္စတွေရှိရင် ငါ့ကို ပြောလေ။”
ယူဂျင်း အကြည့်ကို ပင့်လိုက်သည်။ ခါဆယ်ရ့်ကို ကြည့်လိုက်တော့ စိတ်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်မျိုး လှုပ်ခတ်သွား၏။
ဘာကြောင့် သူ့ကို စိတ်ပျက်သွားအောင် မလုပ်ချင်ရတာများလဲ။ ‘မရဏဘုရင်ရဲ့အမြင်မှာ ကောင်းနေမှ အသက်ရှင်နိုင်မှာ’ ဟု ဆုံးဖြတ်ထားသည့် စိတ်ကူးနှင့် ဆန့်ကျင်စွာ ရှုပ်ထွေးနေ၏။
ထို့ကြောင့် စောစောက တွေ့ခဲ့ရသည့် တည်းခိုခန်းနှင့် ပေါ်လာသော မြင်ကွင်းများကို တွေးလိုက်မိတော့ တကယ်ပဲ လေပွသလို ရင်ဝမှာ အောင့်လာတော့သည်။ ဂျင်သာ မျက်စိရှေ့တွင်ရှိမည်ဆိုလျှင် 'ဘာတွေလုပ်ခဲ့တာလဲ' ဟု ဆွဲလှုပ်မေးပစ်ချင်စိတ်ပေါက်လာ၏။
“ဒီနေ့ ထွက်လာပြီးတာနဲ့ ချက်ချင်း ပြန်လိုက်ရတော့... အပြင်ကို သေချာမလည်လိုက်ရဘူးလေ။ အပြင်ထွက်ချင်ရင် ဆဗဲန်ကို ကိုယ်ရံတော်အဖြစ် ခေါ်သွားလို့ရမလားရှင့်။”
ခါဆယ်ရ်က တစ်ချက်လောက် တွေးလိုက်ပြီး ခေါင်းညိတ်ခဲ့သည်။ ဆဗဲန်က သူ၏တာဝန်ကို တစ်သဝေမတိမ်း သတ်မှတ်ကာ နာခံတတ်သူပင်။ နှုတ်လည်းလုံ၏။
ဘယ်ရုစ်နှင့် ဆဗဲန်၏ စရိုက်ကို သိနေသဖြင့် ရဲတိုက်အတွင်းပိုင်းကို စောင့်ကြည့်ရန် သီးခြားတာဝန်ပေးခဲ့ခြင်းပင်။
“ဆဗဲန်တစ်ယောက်တည်းတော့ မဖြစ်ဘူး။”
“ဟုတ်ကဲ့။ ဆဗဲန်ကို သူ့ဘာသာသူ ကိုယ်ရံတော်တပ်ဖွဲ့တစ်ခုဖွဲ့ဖို့ ပြောလိုက်ပါရှင့်။ ကျွန်မက ဘယ်သူ့ကိုမှ မသိတော့ ကိုယ်တိုင် ရွေးတာထက် ပိုကောင်းပါလိမ့်မယ်။”
ခါဆယ်ရ်က မယုံသင်္ကာမျက်နှာနှင့် ခေါင်းကို ငဲ့လိုက်သည်။ ယခင် ဤကိစ္စနှင့်ပတ်သက်ပြီး စကားပြောခဲ့စဉ်က မိဖုရား၏ သဘောထားကို တင်းမာသည်ဟု သူမှတ်မိနေ၏။
“အနည်းဆုံး ငါးယောက်။”
“ဟုတ်ကဲ့။”
“ဘာလို့ စိတ်ပြောင်းသွားတာလဲ။”
“စိတ်ပြောင်းသွားတာ မဟုတ်ဘဲ သဘောပေါက်သွားတာပါ။ အရှင်မင်းကြီးက ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူးဆိုတာကိုလေ။ ပြီးတော့ အရှင်မင်းကြီးပြောတာ မှန်တယ်ဆိုတာကိုလည်း သိသွားပါပြီ။”
ယူဂျင်းက မိဖုရားအနေနှင့် အရာအားလုံးကို ခံစားနေရသော်လည်း ကိုယ်ရံတော်နှင့် အပြင်ထွက်ဖို့ ငြင်းဆိုကာ အပြင်ထွက်သွားခဲ့သည့် သူ့လုပ်ရပ်က ကလေးဆန်ပြီး ရင့်ကျက်မှုမရှိဟု တွေးလိုက်မိသည်။
လာ့ခ်စစ်တပ်ကြီး ဝင်လာသော စစ်ပွဲက သူ့သဘောထားကို ပြောင်းလဲစေခဲ့၏။ မိဖုရားအရိုက်အရာနှင့် လိုက်ဖက်သူတစ်ယောက်လို တည်ငြိမ်မှု ရှိချင်မိသည်။
~~~~
မိဖုရား၏အိပ်ခန်းမှ ထွက်လာတော့ ခါဆယ်ရ်က အနည်းငယ် ပြုံးယောင်သမ်းနေသည့် သူ့နှုတ်ခမ်းထောင့်စွန်းကို လက်ဖြင့်သပ်လိုက်သည်။
မိဖုရား သူ့ထင်မြင်ချက်ကို အလျှော့ပေးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်မဟုတ်။ ယခင်က ရံရွေတော်ကို အပြစ်ပေးခြင်းနှင့် မာရီအန်းနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှု ရှိခဲ့စဉ်ကလည်း သူက နောက်ဆုတ်ခဲ့သည်။
သို့သော် ဤတစ်ကြိမ် အလျှော့ပေးမှုက ယခင်ကနှင့် ခံစားချက်ချင်းမတူပေ။ အတင်းအကျပ် နာခံခြင်းမျိုး မဟုတ်ဘဲ တစ်ဖက်လူ၏ ထင်မြင်ချက်ကို လက်ခံပြီး နားလည်ပေးခြင်းမျိုးပင်။
မိဖုရားနှင့် သဘောထားကွဲလွဲမှု ပြေလည်ပြီးနောက် ဤကဲ့သို့ ရှင်းလင်းသွားသည့်ခံစားချက်မျိုး ခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် ကိုယ်ရံတော်ကိစ္စနှင့်ပတ်သက်ပြီး မိဖုရားနှင့် ငြင်းခုံရသည်က နည်းနည်း ပျော်စရာကောင်း၏။ ဘယ်သူနိုင်နိုင် စိတ်ဖိစီးမှုမရှိသည့် အကြောင်းအရာဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်ထိခိုက်စရာမပါသော ငြင်းခုံမှုမျိုးပင်။
ဘာမဟုတ်သည့် ကိစ္စလေးအတွက် စိတ်လှုပ်ရှားနေသော မိဖုရား၏ မျက်နှာက ရယ်စရာကောင်းသဖြင့် တမင်သက်သက် ရန်စခဲ့သည်လည်းရှိ၏။
~~~~
Miel's Translations