အပိုင်း ၁၀၃
“ဆဗဲန်။”
ဘုရင်မင်းမြတ်၏အသံက အနည်းငယ်တင်းမာနေသည့် ထိုအနေအထားကို ဖြိုခွင်းလိုက်သည်။ မမျှော်လင့်သော အခြေအနေအတွက် အသင့်ပြင်ထားသည့်အလား လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေသော ဆဗဲန်က ဘုရင်မင်းမြတ်ထံသို့ အကြည့်ကိုလွှဲကာ ဦးညွှတ်လိုက်၏။
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
“တာဝန်ယူပြီး နှုတ်ပိတ်အောင်လုပ်။”
ဘုရင်မင်းမြတ်၏ အမိန့်က ဤနေရာတွင် ရှိနေသူ အားလုံးအတွက် သတိပေးချက်တစ်ခုပင်။
“အမိန့်တော်အတိုင်း နာခံပါ့မယ်။”
လူတိုင်း မျက်နှာတည်သွားကာ အကြည့်ကို အောက်သို့ စိုက်ချကုန်ကြတော့သည်။ ရုတ်တရက် အခြေအနေက တင်းမာသွားသဖြင့် ယူဂျင်းလည်း အတုန်တုန် အလှုပ်လှုပ်နှင့် သူ့ထံသို့ လှည့်ကြည့်လိုက်မိ၏။
ထို့နောက် ရုတ်တရက် ကန့်လန့်ကာကြားမှ ထိုးထွက်လာသော မြင်းနက်ကြီး၏ ဦးခေါင်းကို မြင်လိုက်ရသောအခါ လန့်ဖျပ်သွားလေသည်။
ခါဆယ်ရ်က သတိပေးခြင်းမရှိဘဲ ရောက်လာသော အာဘူကိုကြည့်ကာ အံ့အားသင့်သည့် အရိပ်အယောင်မရှိဘဲ လက်ရိပ်လက်ကဲပြလိုက်၏။ မြင်းနက်ကြီး၏ အရွယ်အစားက ဖြည်းဖြည်းချင်း ကျုံ့သွားကာ အာဘူက ခွေးကြီးတစ်ကောင် အရွယ်အစားရှိသော ကျားသစ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ အာဘူက ကြောင်မျိုးနွယ်ဝင် သားရဲများ၏ ထူးခြားသော လှပတင့်တယ်သည့် လမ်းလျှောက်ဟန်ဖြင့် ဝင်လာကာ ဘုရင်မင်းမြတ်၏ဘေးတွင် နေရာယူပြီး ထိုင်လေ၏။
ခါဆယ်ရ်က လူများကိုကြည့်ကာ ပြောလိုက်သည်။
“သူ့ကို ထားခဲ့ပြီး ကျန်တဲ့သူတွေ အကုန်ထွက်သွားကြ။”
လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကိုသာ ထားခဲ့ကာ စစ်သည်တော်များနှင့် ရဲတိုက်အမှုထမ်းများက ယာယီတဲနန်းမှ ထွက်ခွာသွားကြသည်။ ဘုရင့်အမိန့်ပင်ဖြစ်နေပါစေ မသင်္ကာဖွယ်လူတစ်ဦး ဘုရင်မင်းမြတ်နှင့် အလွန်နီးကပ်နေသည့် အခြေအနေတွင် ကိုယ်ရံတော်တာဝန်ယူထားသည့် စစ်သည်တော်များက တစ်ခွန်းတစ်ပါဒမျှ ပြန်မပြောဘဲ ထွက်သွားကြခြင်းမှာ သာမန်မဟုတ်ပေ။ ယူဂျင်းတစ်ယောက် မကြာမီ အကြောင်းရင်းကို သဘောပေါက်သွားလေသည်။
‘အာ… မှော်ဝင်သားရဲ ရှိနေလို့ကိုး။’
မှော်ဝင်သားရဲတိုင်း အားလုံး အင်အားကြီးသည်တော့ မဟုတ်သော်လည်း အာဘူက စစ်သည်တော် အမြောက်အမြား၏ အခန်းကဏ္ဍကို ထမ်းဆောင်နိုင်လောက်အောင် ကြံ့ခိုင်သည့် ကိုယ်ရံတော်ပင်။ စစ်သည်တော်များကလည်း ထိုအချက်ကိုသိကြသဖြင့် ဘုရင်မင်းမြတ်အား စောင့်ရှောက်ရမည့်တာဝန်ကို သားရဲကြီးထံ လွှဲပြောင်းပေးလိုက်သည်ဟု ယူဆကြပေလိမ့်မည်။
“လူတွေကို အပြင်ထုတ်ဖို့အတွက် အာဘူကို ခေါ်လိုက်တာပေါ့နော်။”
“ဒီအတိုင်း ထွက်သွားလို့ပြောရင် စောဒက တက်ကြတာများလို့။”
‘အရှင်မင်းကြီးကို အသက်စွန့်ပြီး ကာကွယ်ပါ့မယ်’ ဟူသည့် ဆန္ဒကို တစ်ကိုယ်လုံးဖြင့် အပြည့်အဝ ဖော်ပြနေသော ခေါင်းမာသည့် စစ်သည်တော်တို့၏ ပုံရိပ်က ခါဆယ်ရ်၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
လက်တွေ့ကျကျပြောရလျှင် မည်သူက မည်သူ့ကို ကာကွယ်သည်ဟူသော ကိစ္စက အဓိပ္ပာယ်မရှိဟု ယူဆထား၏။ ဤလောကတွင် ခါဆယ်ရ်ထက် ကြံ့ခိုင်သည့် စစ်သည်တော်မရှိပေ။
“ကျွန်မ စကားမှားသွားတာလားဟင်။ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ရဲ့ ဆေးမင်ကြောင်နဲ့ပတ်သက်ပြီး ပြောဖို့မသင့်တော်တဲ့ တားမြစ်ချက်တစ်ခုခုများ ရှိနေတာလားရှင့်။”
“အင်း…”
ခါဆယ်ရ်က ရှုပ်ထွေးသော မျက်နှာထားဖြင့် စဉ်းစားခန်းဝင်နေရာမှ ပြန်ပြောလာသည်။
“အရင်ဆုံး မင်းကို ပြစရာတစ်ခုရှိတယ်။ အာဘူ။”
ကျားသစ်နက်က သခင်၏ခေါ်သံကို တုံ့ပြန်သည့်အလား ခေါင်းထောင်လိုက်သည်။
“ငါနဲ့ ယူဂျင်းကလွဲပြီး ဒီတဲနန်းထဲမှာရှိတဲ့ လူကို နှိမ်နင်းလိုက်။”
အာဘူက အဖြေပေးသည့် အမြီးရှည်ကြီးကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ရှေ့ခြေနှစ်ချောင်းပေါ်တွင် မေးတင်ကာ ပြန်၍လဲလျောင်းနေ၏။
ယူဂျင်းလည်း အာဘူနှင့် လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို တစ်လှည့်စီကြည့်ကာ ခါဆယ်ရ်ပေးလိုက်သည့် အမိန့်၏အဓိပ္ပာယ်ကို နားလည်သွားသည်။
“အာဘူက…လှည့်လည်သွားလာသူကို မတိုက်ခိုက်ဘူးပဲ။”
ယူဂျင်းက တုတ်တုတ်မျှမလှုပ်ဘဲ ဒူးထောက်ထိုင်နေသည့် ထိုလူငယ်လေးကို ကြည့်လိုက်သည်။ သူ့ကို ချုပ်နှောင်ထားသူများအားလုံး ထွက်သွားသော်လည်း လူငယ်လေးက ဒူးထောက်ကာ ခေါင်းကို ငုံ့ထားဆဲပင်။ အရိုးများပေါ်နေသော ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အပြည့်ရှိနေသည့် ဆေးမင်ကြောင်များက ထူးဆန်းလှပေသည်။
“ဧကန္တ အာဘူက လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို မမြင်ရတာများလား။”
“အဲ့ဒီလိုတော့မဟုတ်ဘူး။ ဒါပေမဲ့ အာဘူက လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို လူသားအဖြစ် အသိအမှတ်မပြုနိုင်တာထင်တယ်။”
အာဘူ၏ တုံ့ပြန်ပုံမှတစ်ဆင့် အခြားလာ့ခ်များ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို မြင်လျှင် မည်သို့တုံ့ပြန်ကြမည်ကို ခန့်မှန်းကြည့်၍ ရပေသည်။
“အရှင်မင်းကြီး။ သိ…နေတာလားရှင့်။”
များစွာသော အကြောင်းအရာများကို ချန်လှပ်ထားသည့် မေးခွန်းဖြစ်သော်လည်း ခါဆယ်ရ်က နားလည်သဘောပေါက်ကာ ခေါင်းညိတ်ပြခဲ့သည်။
“ဘယ်တုန်းကတည်းက…”
“အထွတ်အမြတ်မြို့တော်က လျှို့ဝှက်စာကြည့်တိုက်နဲ့ ဆင်တူတဲ့အရာမျိုး ရဲတိုက်မှာလည်းရှိတယ်။ အဲ့ဒီလောက် ကြီးကျယ်ခမ်းနားတာမျိုးတော့ မဟုတ်ဘူးပေါ့။ ရှင်ဘုရင်တစ်ပါးအနေနဲ့ သိထားရမဲ့ အသိပညာတွေကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတာလေ။”
“ဒီအချက်ကို တခြား ဘယ်သူတွေ သိကြသေးလဲဟင်။”
“တခြားဘုရင့်တိုင်းပြည်တွေမှာလည်း သိကြမှာပေါ့။ ပြီးတော့ တခြားသူတွေလည်း သိချင်သိနိုင်တာပဲ။”
“ဒါဆို ဘာလို့…”
“လူသိရှင်ကြား လုပ်လိုက်ရင် ကြီးမားတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာလိမ့်မယ်။ လာ့ခ်တွေကို ရှောင်ရှားနိုင်မဲ့နည်းလမ်း ရှာဖွေဖို့အတွက် လူတိုင်းက စုံလုံးကန်းကုန်ကြမှာ။ စားဝတ်နေရေးကို ပစ်ထားပြီး ဒီကိစ္စထဲ ခုန်ဝင်လာမဲ့သူတွေ ပေါ်လာလိမ့်မယ်။”
“ဒါပေမဲ့ လူ့အသက်တွေ ပါဝင်ပတ်သက်နေတဲ့ကိစ္စလေ။ ဘာလို့ ကြိုးစားပြီး မရှာကြတာလဲ။”
“ငါလည်း ပထမဆုံး စသိတုန်းက မင်းလိုပဲ တွေးခဲ့တာပေါ့။”
ခါဆယ်ရ်က အရုပ်တစ်ရုပ်အလား မလှုပ်မယှက်ရှိနေသော လှည့်လည်သွားလာသူမျိုးနွယ်စုဝင်ကို စိုက်ကြည့်လိုက်သည်။
“ဒါပေမဲ့ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို ပထမဆုံး ဖမ်းမိတုန်းက အကြောင်းရင်းကို သိလိုက်ရတယ်။ သူတို့က အဲ့ဒီနည်းလမ်းကို လုံးဝ မျှဝေမှာမဟုတ်ဘူး။”
ယူဂျင်းလည်း သူ့အကြည့်နောက်သို့လိုက်ကာ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို ကြည့်လိုက်သည်။ အစောပိုင်းက သူပြောခဲ့သော ‘အလကားပဲ’ ဟူသည့် စကား၏ အဓိပ္ပာယ်ကို သဘောပေါက်သွား၏။ ဤလှည့်လည်သွားလာသူ မျိုးနွယ်စုဝင်၏ တုံ့ပြန်မှုက ကျိန်းသေပေါက် သာမန်မဟုတ်ပေ။ အသက်ရှင်သန်ခွင့်ရရန် အသနားခံခြင်းလည်းမရှိသလို၊ မိမိကိုယ်ကိုယ် ကာကွယ်ရန် ဆင်ခြေပေးခြင်းလည်းမရှိ။ သေခြင်းတရားကို စောင့်ဆိုင်းနေသည့်အလားပင်။
“အတိတ်မှာ ကြိုးပမ်းမှုတွေ အများကြီး ရှိခဲ့မှာပဲပေါ့။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူးကိုး။”
“အင်း။”
ခါဆယ်ရ် ခေါင်းညိတ်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ရှာတွေ့နိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ပြည်သူတွေ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်အကြောင်း သိလာရင် အရှုပ်အထွေးတွေပဲ ဖြစ်လာမှာ။”
သူက အေးစက်စက်အသံဖြင့် ထပ်ဖြည့်ပြောခဲ့သည်။
“ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားတဲ့ လျှို့ဝှက်ချက်မှန်းတော့မသိပေမဲ့ လူအများကြီးကို ကယ်တင်နိုင်မဲ့ ရွေးချယ်မှုကို ငြင်းခဲ့တဲ့လူတွေလေ။”
သူက ယူဂျင်းကို ကြည့်ကာ ပြောပြန်၏။
“မင်းရဲ့ ရှေးဟောင်းစာအုပ် စုဆောင်းတဲ့ဝါသနာက တော်တော်လေး နက်နဲတာပဲ။ ဒီလူရဲ့ ဆေးမင်ကြောင်ကို မြင်တာနဲ့ တစ်ခါတည်း ခန့်မှန်းနိုင်တယ်ဆိုတော့။”
ယူဂျင်းက ခပ်အမ်းအမ်း ပြုံးလိုက်သည်။ သူက အမှန်တကယ် ဘာကြောင့် ထိုမျှအထိ စိတ်ဝင်မှုရှိရခြင်း၏ အကြောင်းရင်းကို ခါဆယ်ရ်အား တစ်ခါမှ မပြောပြရသေးပေ။ မိမိကိုယ်တိုင်ပင် ဘာကိုရှာဖွေရန် စုံစမ်းနေမှန်း မသိသောကြောင့်ဖြစ်၏။
“အတိတ်က မအောင်မြင်ခဲ့ရင်တောင် အခုတစ်ခေါက်ရော အရှင်မင်းကြီးမှာ စမ်းသပ်ကြည့်ဖို့ စိတ်ကူးမရှိဘူးလားဟင်။ ဧကန္တများဆိုတာ မသိနိုင်ဘူးလေ။”
“သူတို့က ဆန်းဂျယ် ရာဇဝတ်သားအဖြစ် သတ်မှတ်ထားတဲ့သူတွေပဲ။ ဆန်းဂျယ်ရဲ့ အလိုတော်ကို ဆန့်ကျင်ပြီး မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်လို့ မခံစားရဘူး။”
“အဲ့ဒီအချက်ကို နားမလည်ပါဘူး။ ဘာဖြစ်လို့ ဆန်းဂျယ်က သူတို့ကို နှိပ်ကွပ်ရတာလဲရှင့်။ လောကရဲ့ စည်းမျဉ်းကို ဖျက်ဆီးတယ်ဆိုပြီး အဲ့ဒီလို အပေါ်ယံဆန်ဆန် အသုံးအနှုန်းနဲ့ လူ့အသက်တွေကို ဒီလိုလုပ်တာက…။ အရှင်မင်းကြီးရော ထူးဆန်းတယ်လို့ မထင်ဘူးလားဟင်။”
“မပြောတတ်ဘူး။”
စိတ်အားထက်သန်စွာ ပြောဆိုနေသော ယူဂျင်းကို ခါဆယ်ရ်က ထောက်ခံခြင်းမရှိခဲ့။
“ဆန်းဂျယ်အရှင်မြတ်ရဲ့ အမိန့်က အမြဲတမ်း အပေါ်ယံဆန်တယ်။ ဘုရားသခင်ရဲ့ အလိုတော်ဆိုတာ အဲ့ဒီလိုမျိုးပဲမဟုတ်ဘူးလား။”
ယူဂျင်းက ပြောစရာစကားမရှိလေဟန်ဖြင့် နှုတ်ခမ်းကို ဖိကိုက်ကာ ကိုယ့်ဘာသာ ရေရွတ်သလို ညည်းညူလိုက်သည်။
“ကျွန်မက အဲ့ဒါကြောင့် ဘာမဆို ဘုရားသခင်ကို ဆွဲထည့်ပြီး အကြောင်းပြချက်ပေးတဲ့ ဘုန်းတော်ကြီးတွေကို မကြိုက်တာပေါ့။”
ခါဆယ်ရ်က အံ့အားသင့်သလို မျက်လုံးများဖြင့် ယူဂျင်းကိုကြည့်ကာ ခပ်တိုးတိုး ရယ်စားခဲ့သည်။
“အာနီခါပြောတဲ့ စကားက လန့်စရာကောင်းလောက်အောင် ဘုရားသခင်ကို စော်ကားနေတာပဲ။”
ယူဂျင်းက သူ့ကို အသာလေး မျက်စောင်းထိုးပြီးနောက် လှည့်လည်သွားလာသူမျိုးနွယ်စုဝင်ကို ကြည့်လိုက်သည်။ နှစ်ယောက်သား ပြောဆိုနေသည်ကို အကုန်ကြားနေရသော်လည်း လူငယ်လေးက တုံ့ပြန်မှုမရှိဘဲ နေနေဆဲပင်။
“စကားမပြောဘူးဆိုရင် ဘာဖြစ်လို့ ပါးစပ်ကိုစည်းထားရတာလဲ။”
“လှည့်လည်သွားလာသူ မျိုးနွယ်စုရဲ့ လက်နဲ့ပါးစပ်ကို လွတ်လွတ်လပ်လပ် မထားနဲ့တဲ့။ ဆန်းဂျယ်အရှင်မြတ်က အမိန့်ချပြီး မှာကြားထားတာ။”
“ဘာဖြစ်လို့လဲရှင့်။”
“ပါးစပ်ကနေ ကျိန်စာတွေ ထုတ်လွှတ်ပြီးတော့ လက်နဲ့ အဲ့ဒီထူးထူးဆန်းဆန်း အကွက်တွေဆွဲပြီး လူတွေရဲ့ စွမ်းအင်ကို စုပ်ယူတယ်လို့ ပြောတာပဲ။ လှည့်လည်သွားလာသူ မျိုးနွယ်စုရဲ့ ကျိန်စာသင့်ရင် သေပြီးတဲ့နောက်မှာလည်း ဝိညာဉ်က အမြဲတမ်း လွင့်ပျောက်နေရလိမ့်မယ်တဲ့။”
ယူဂျင်းက သူ့ရှင်းပြချက်ကို အခြားနည်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။ ကျိန်စာလို အရာမျိုးကို မယုံကြည်သော ကမ္ဘာမှလာသူ ဖြစ်၍ပေပဲလားမသိ၊ ဆန်းဂျယ်၏ မှာကြားချက်က လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်၏ ပါးစပ်နှင့် လက်ကို ထိန်းချုပ်ရန် လှည့်စားမှုတစ်ခုလိုပင်။
ယူဂျင်းက လက်နှစ်ဖက်ကို နောက်ပြန်ချုပ်နှောင်ခံထားရသဖြင့် မသက်မသာအနေအထားရှိနေသော လူငယ်လေးကိုကြည့်ကာ ရေရွတ်လိုက်သည်။
“……အဲ့ဒီလိုဆိုရင်တောင် ပါးစပ်စည်းထားတာကို ဖြုတ်ပေးလို့ရော ဖြစ်ရဲ့လားရှင့်။”
“မင်းရှိနေလို့ အဆင်ပြေတယ်။”
“ရှင်။”
“မင်းက လာ့ခ်ကို သစ်ပင်အဖြစ် ပြောင်းလဲပစ်နိုင်လောက်တဲ့အထိ အစွမ်းထက်တဲ့ အာနီခါလေ။ မင်းကမှ ဘုရားသခင်ရဲ့ အလိုတော် အစစ်အမှန်ပဲပေါ့။ ဘယ်လိုကျိန်စာကများ ဘုရားသခင်ကို ထိပါးနိုင်မှာလဲ။”
နှစ်ဦးသား အချင်းချင်းကြည့်နေကြသဖြင့် လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်၏ ခန္ဓာကိုယ် သိသိသာသာ တုန်လှုပ်သွားသည်ကို မမြင်လိုက်ကြပေ။
ယူဂျင်းက မျိုးနွယ်စုဝင်ထံသို့ ခေါင်းလှည့်ကာ ပြောလိုက်သည်။
“ငါသိချင်တာက နင့်ရဲ့ ကိုယ်ပေါ်မှာ ရေးထိုးထားတဲ့ အစီအရင်ပဲ။ လာ့ခ်ကို ရှောင်ရှားတဲ့ နည်းလမ်းကို မပြောပြလည်း ရတယ်။ နင့်ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ အစီအရင်အပြင် တခြားသိတဲ့ အစီအရင်ရော ရှိသေးလား။ တအားရိုးရှင်းတဲ့ဟာမျိုးဆိုရင်လည်း ရတယ်။”
“……”
“ငါ နတ်ဝင်သည်လို့ခေါ်တဲ့သူတွေက အစီအရင်အကြောင်း သိတယ်ဆိုတဲ့ သတင်းအချက်အလက်ကို ရထားပြီးပြီ။ ပြီးတော့ မာရာရဲ့ အစွန်းရောက်ဂိုဏ်းကလည်း အစီအရင်ကို သုံးကြတာပဲ။ နင်သုံးတဲ့ အစီအရင်က သူတို့နဲ့ ဘယ်လိုဆက်စပ်မှုရှိလဲ။ လုံးဝ ကွဲပြားနေတာလား။”
စကားမပြောဘဲ တိတ်ဆိတ်နေသူကို ဆက်တိုက် စကားပြောနေရာမှ ယူဂျင်းတစ်ယောက် သက်ပြင်းချကာ ပါးစပ်ပိတ်လိုက်သည်။ လေဟာနယ်ထဲသို့ တစ်ယောက်တည်း ရေရွတ်နေရသလိုပင်။
စိတ်ပျက်ပြီး အားမလိုအားမရဖြစ်ရ၏။ သံသယက တစ်ခုတည်းမဟုတ်ဘဲ နှစ်ခုသုံးခု ရှိနေသော်လည်း အဖြေသိသူက လျှို့ဝှက်ချက်ကို ခေါင်းမာမာဖြင့် ဆုပ်ကိုင်ထားရင်း သေဆုံးသွားမည်ဖြစ်သောကြောင့်ပင်။ သို့သော် ထိုလူငယ်လေးကို သနားလည်း သနားမိ၏။
ထိုလှည့်လည်သွားလာသူ မျိုးနွယ်စုဝင်က ငယ်ရွယ်သေးသည်။ လျှို့ဝှက်ချက်ကို မိမိဆန္ဒအလျောက် ထိန်းသိမ်းထားခြင်းထက် ပညာပေးခြင်းနှင့် ဦးနှောက်ကျင်းခြင်းဖြင့် အတင်းအကျပ် ခိုင်းစေခံရနိုင်ခြေရှိ၏။ ကလေးတစ်ယောက်ကို အတင်းအကျပ် အသေခံဗုံးခွဲခိုင်းသလိုပင်။
“အရှင်မင်းကြီး။ ခက်ခဲတဲ့ တောင်းဆိုမှုမှန်း သိပေမဲ့ သူ့ကို လွှတ်ပေးလို့ မရဘူးလားဟင်။”
ခါဆယ််ရ်က ဘာမှမပြောဘဲ နေနေခဲ့ရာမှ ခက်ထန်သော မျက်နှာဖြင့် သူ့ကို ခေါ်ခဲ့သည်။
“ယူဂျင်း။”
ယူဂျင်းက သူ့အသံတွင် ပါနေသော ငြင်းဆန်ခြင်းအဓိပ္ပာယ်ကို ဖတ်မိသော်လည်း သူ့ကို နည်းနည်းထပ်၍ စည်းရုံးချင်မိ၏။
“ဘာအမှားမှ ကျူးလွန်ထားတာလည်း မရှိဘူး။ အခု ပါးစပ်စည်းထားတာကို ဖြုတ်လိုက်ပေမဲ့လည်း ကျိန်စာမတိုက်ဘူးလေ။ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်တွေက ဘယ်မေးခွန်းကိုမှ မဖြေဘူးဆိုတာ အရှင်မင်းကြီးလည်း သိနေတာပဲ။ မျိုးနွယ်စုဝင်ကိုဖမ်းပြီး စစ်မေးဖို့ ကြိုးစားခဲ့တယ်ဆို။ သူတို့မျိုးနွယ်စုဝင်က ကျိန်စာနဲ့ လူတွေကို ဒုက္ခပေးတယ်လို့ အရှင်မင်းကြီးရော ယုံကြည်လားရှင့်။ လှည့်လည်သွားလာသူ မျိုးနွယ်စုကို သတိထားဖို့ဆိုတဲ့ ဆန်းဂျယ်ရဲ့စကားကို သံသယဝင်ဖူးတာမျိုးရော မရှိဘူးလား။”
ယူဂျင်းက မိမိ၏ ပြောစကားကို အင်မတန် အန္တရာယ်ရှိမှန်းသိ၏။ လူတိုင်းက ဘာသာတရား ကိုင်းရှိုင်းသူများ မဟုတ်သော်လည်း အတွေးအခေါ်၏ အခြေခံတွင် မဟာက နေရာယူထားပြီးသားဖြစ်သည်။ ထို့အပြင် ဆန်းဂျယ်က နတ်ဘုရားပင်။
ခါဆယ်ရ် မျက်နှာထားတင်းမာကာ ဒေါသထွက်လိမ့်မည်ဟု တွေးထားခဲ့၏။ သို့ရာတွင် သူက သက်ပြင်းချရုံသာချခဲ့သည်။
“စစ်သည်တော်တွေပဲဆိုရင်တော့ နှုတ်ပိတ်ခိုင်းဖို့က ဖြစ်နိုင်တယ်။ ဒါပေမဲ့ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို မြင်လိုက်ရတဲ့သူတွေက တအားများနေပြီ။”
“ဒါဆို ဒီမှာ ကွပ်မျက်တာမျိုးမလုပ်ဘဲ မြို့တော်ကို ခေါ်သွားပြီးတော့မှ…”
“အဲ့ဒီနောက်မှာရော။ ဒီလူကို မြို့တော် ခေါ်သွားရင် အထွတ်အမြတ်မြို့တော်ဆီ ပို့ရတော့မှာ။ ဒီမှာ ကွပ်မျက်လိုက်တာကမှ သူ့ကို ကူညီရာရောက်သေးတယ်။ မြို့တော်ကို ဖမ်းခေါ်သွားတဲ့ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ထဲမှာ အထွတ်အမြတ်မြို့တော်အထိ အသက်ရှင်လျက် ရောက်တဲ့သူဆိုတာ ခပ်ရှားရှားပဲ။ အများစုက လမ်းမှာတင် နှိပ်စက်ခံရပြီး သေကုန်ကြတာ။”
ယူဂျင်း၏ မျက်ခုံးများ ကျုံ့သွားတော့သည်။ ပို၍ ဆန့်ကျင်လိုစိတ်များ ပေါ်လာ၏။ သို့ရာတွင် ထိုလူငယ်လေးကို ကယ်တင်ရန် နည်းလမ်းမရှိချေ။
“ဘာလို့ သူ့ကို ချမ်းသာပေးချင်ရတာလဲ။”
ယူဂျင်း ချက်ချင်း ပြန်မဖြေနိုင်ခဲ့။ အထူးတလည် အကြောင်းရင်းမရှိပေ။ ပုံမှန်ဖြစ်သော လူသားချင်းစာနာသည့် သနားကရုဏာသာ။
“……ကလေး ဖြစ်နေလို့လေ။ အရွယ်မရောက်သေးခင်မှာ လူတိုင်း အထူးကာကွယ်မှု ရသင့်တယ်လို့ ကျွန်မတော့ ထင်ပါတယ်။ အန္တရာယ်ရှိနိုင်ခြေကြောင့်နဲ့ ကလေးကိုပါ ကွပ်မျက်တဲ့ နည်းလမ်းက ရာဇဝတ်မှု…”
ယူဂျင်း စကားပြောနေရာမှ ရုတ်တရက် အလန့်တကြား ပါးစပ်ပိတ်သွားသည်။ ကြမ်းတမ်းစွာ အသက်ရှူသွင်းလိုက်သည့် ထူးဆန်းသောအသံကို ကြားလိုက်ရသောကြောင့်ပင်။ ထိုအသံ၏ ရင်းမြစ်က ခပ်လှမ်းလှမ်းတွင် ဒူးထောက်နေသော လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ဖြစ်နေ၏။
ခါဆယ်ရ်က ချက်ချင်း လှုပ်ရှားနိုင်ရန် ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းညွှတ်ကာ ကုလားထိုင်မှ ကိုယ်ကိုခွာလိုက်သည်။ ထိုအခိုက်အတန့်တွင် တောက်လျှောက် ကြမ်းပြင်ပေါ်သို့ ပြိုလဲတော့မတတ် ခေါင်းငုံ့ထားခဲ့သော လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်က ဖြည်းညင်းစွာ မျက်နှာကို မော့လာ၏။
ခံစားချက်ဆိုတာ ဘာမှန်းမသိသည့်အလား အမူအရာကင်းမဲ့နေသော မျက်နှာက ငိုသလိုလို၊ ရယ်သလိုလို့ တွန့်ရာများဖြင့် ပြည့်နှက်သွားကာ မျက်လုံးနှစ်ဖက်မှ စီးကျလာသော မျက်ရည်တို့က ခြောက်သွေ့နေသည့် ပါးပြင်ကို ရွှဲစိုသွားစေခဲ့သည်။
ခါဆယ်ရ်ရော၊ ယူဂျင်းပါ အံ့အားသင့်ကာ စကားမပြောနိုင်ဘဲ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို ကြည့်နေမိ၏။ တဒင်္ဂ တိတ်ဆိတ်မှုကို ဖြိုခွဲကာ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်က ပါးစပ်ဖွင့်ခဲ့သည်။
“အာဒရစ်ထ်။"
“……ဟား”
ခါဆယ်ရ်က အံ့ဩစရာပါလားဟူသောပုံစံဖြင့် သက်ပြင်းချလိုက်သည်။ အံ့အားသင့်နေလျက်ကပင် ဤအခြေအနေက မည်သို့သောအခြေအနေမှန်း နားမလည်နိုင်ခဲ့။ အော်ဟစ်သံမှအပ ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်သော လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်၏ အသံကို မယုံနိုင်၍ နားကြားမှားလေသလားဟုပင် တွေးမိရသည်။
“အာဒရစ်ထ်။ ကျွန်တော့် နာမည်ပါ။”
လူငယ်လေးက ရှင်းလင်းပြတ်သားသော အသံထွက်ဖြင့် ထပ်မံဖြေကြားခဲ့သည်။
ယူဂျင်းက မျက်နှာထားတင်းမာနေသော ခါဆယ်ရ်ကို အသာလေး အကဲခတ်ပြီး အာဒရစ်ထ်ကို ပြောလိုက်၏။
“စိတ်ပြောင်းသွားတာလား။ ငါ့မေးခွန်းတွေကိုဖြေဖို့ စိတ်ကူးရှိလား။”
“ဟုတ်ကဲ့။”
“ဒါဆိုရင်…”
“ခဏ။”
ခါဆယ်ရ်က တားမြစ်လိုက်သည်။ သူက ယူဂျင်းကို ပြောလေ၏။
“သူနဲ့ သီးသန့်စကားပြောနေတာ အချိန် တော်တော်ကြာနေပြီ။ ပြီးတော့ ဒီနေရာက အသံလည်းသိပ်မလုံဘူး။”
“ဒါဆို ဘယ်လိုလုပ်ရမလဲရှင့်။”
“……လောလောဆယ်တော့ စစ်သည်တော်ကို ပြန်ခေါ်သွားခိုင်းပြီးတော့ စောင့်ကြည့်ခိုင်းထားပြီး နည်းလမ်းရှာရမှာပေါ့။”
“စစ်သည်တော်ကိုမခေါ်ခင် တစ်ခုလောက်ပဲ မေးခွင့်ပြုပါ။”
မျက်နှာမမြင်ရအောင် ခေါင်းကို အပြည့်ငုံ့ထားခဲ့သော စောစောတုန်းကနှင့်မတူဘဲ မျက်နှာကို မြင်နိုင်လောက်အောင် ခေါင်းမော့ထားသည့် အာဒရစ်ထ်က အကြည့်ကိုသာ အောက်သို့စိုက်ချထားခဲ့သည်။ တစ်ဖန်ပြန်ပြီး အမူအရာကင်းမဲ့သွားသော အာဒရစ်ထ်ကိုမြင်တော့ သူ့မျက်နှာပေါ်တွင် ပေါ်လွင်ခဲ့သည့် ပြင်းပြင်းထန်ထန် ခံစားချက်က အတွေးထဲပြန်ပေါ်လာကာ စိတ်က တစ်မျိုးဖြစ်သွားရ၏။
“ဘာလို့ ငါတို့ဆီ ချဉ်းကပ်လာရတာလဲ။”
“ရေခပ်ဖို့ လာခဲ့တာပါ။ ရုန်းကန်လှုပ်ရှားရတဲ့ရာသီအတွင်း ဒီနေရာမှာ နေခဲ့ရာက ခဏတာ ပုန်းရှောင်နေခဲ့တာပါခင်ဗျ။”
~~~~
Miel's Translations