no

Font
Theme

အပိုင်း ၁၁၆

အထွတ်အမြတ်မြို့တော်၏ ဆင်ခြေဖုံးရှိ ကျဉ်းတိကျဉ်းကျပ် ရှည်လျားသော လမ်းကလေးထဲသို့ အတော်လေး သွားလိုက်လျှင် အတွင်းကို လုံးဝ မမြင်နိုင်လောက်အောင် မြင့်မားစွာ တည်ဆောက်ထားသည့် အပြင်ဘက် စည်းရိုးတံတိုင်းတစ်ခု ပေါ်လာပေမည်။

နေရာအနှံ့ အက်ရာများထင်ကာ ပြိုကျနေသော ကျောက်တံတိုင်းက ရှေးကျသည့် အသွင်အပြင်ကို ပေးစွမ်းနေပြီး စည်းရိုးထိပ်တွင် ပြည့်သိပ်စွာ စိုက်ထားသော သံချေးတက်နေသည့် သံဆူးတန်းများက ကျောချမ်းစရာ ခံစားချက်ကို ဖန်တီးပေးနေ၏။ တံတိုင်းတစ်လျှောက် လိုက်ပတ်ကြည့်ကာ ဤစည်းရိုးနှင့် ဝန်းရံထားသည့် အတွင်းဘက်ဧရိယာ၏ အတိုင်းအတာကို ခန့်မှန်းကြည့်မည်ဆိုလျှင် အထွတ်အမြတ်မြို့တော် လမ်းမ၏ တစ်ကွက်စာလောက်ကို နေရာယူထားနိုင်သည်အထိ ကျယ်ဝန်းလောက်ပေမည်။

နဂိုက အများပြည်သူပိုင်မြေဖြစ်ခဲ့သော်လည်း ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲသွားကာ လက်ရှိပိုင်ရှင် ဘယ်သူဘယ်ဝါလဲဆိုသည်ကတော့ ကောလာဟလများ အမျိုးမျိုး ထွက်ပေါ်နေ၏။ နေရာအနေအထားက သွားရလာရ အဆင်မပြေလွန်းသဖြင့် ပိုင်ရှင်က အသုံးပြုရန်အတွက် ရည်ရွယ်ချက်အသစ်ကို မရှာနိုင်ဘဲ အကျပ်ရိုက်နေသည်ဟူသော လူအချို့၏ပြောစကားက အမှန်တရားလိုဖြစ်သွားတော့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဤနေရာတွင် သရဲခြောက်သည်ဟု ကောလာဟလများပျံ့နှံ့ခဲ့ကာ တဖြည်းဖြည်းနှင့် ​ချောက်ချားဖွယ်ရာနေရာ ဖြစ်လာသဖြင့် လူအများက ချဉ်းကပ်ရန် ရှောင်ရှားခဲ့ကြ၏။

ကျက်သရေယုတ်သော ဤအဆောက်အအုံကို ဖျက်ဆီးပေးရန် အသနားခံစာများ ရံဖန်ရံခါ တက်လာသော်လည်း ပိုင်ရှင် သီးသန့်ရှိနေသည်ဟူသောအချက်နှင့် သွားမကြည့်လျှင် ရှိမှန်းပင်မသိနိုင်အောင် ဝေးလံခေါင်သီအရပ်တွင် ရှိနေသည်ဟူသော အချက်ကြောင့် အမြဲတမ်း ပျက်ပြယ်သွားလေ့ရှိသည်။

အထွတ်အမြတ်မြို့တော်သားတို့၏ စိတ်ဝင်စားမှုမှ ဝေးကွာသည့်နေရာဖြစ်သော်လည်း ဤအနီးပတ်ဝန်းကျင်မှ လူအများစုကမူ တံတိုင်းဖြင့် ဝန်းရံထားသည့် အတွင်းဘက်၌ ဘာရှိနေမှန်း သိကြ၏။ နဂိုက အကျဉ်းထောင်ဖြစ်ခဲ့သော်လည်း ယင်းရည်ရွယ်ချက်အတွက် မသုံးတော့သည်မှာ ကြာပေပြီ။

သို့ရာတွင် ဤစည်းရိုးတံတိုင်းနောက်ကွယ်မှ အကျဉ်းထောင်၏ပုံစံက မည်သို့ရှိမှန်းကိုမူ မည်သူမှ အတိအကျ မသိကြပေ။ ပြိုကျလုနီးပါး အဆောက်အအုံဟောင်းများနှင့် လူတစ်ရပ်ကျော်လောက် မြင့်မားစွာ ပေါက်နေသည့် မြက်ရိုင်းများရှိနေမည်ဟု ထင်ထားခဲ့ကြသော်လည်း အတွင်းသို့ ဝင်လိုက်သောအခါ မြင်ရသည့် မြင်ကွင်းကမူ ထင်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။

ပထမဆုံး တံခါးမှဝင်သွားသည်နှင့် အလယ်တွင်ရှိနေသော အဆောက်အအုံအထိ မျက်စိရှေ့တွင် မည်သည့်အတားအဆီးမှမရှိဘဲ ရှင်းလင်းနေ၏။ မြေပြင်တစ်ခုလုံးကို မြေကြီးလုံးဝမမြင်ရအောင် ကျောက်ပြားများနှင့် ခင်းထားသောကြောင့်ပင်။ ထို့ကြောင့် အနိမ့်စား မြက်ရိုင်းလေးများသာ ကျောက်ပြားကြားရှိ အပေါက်လေးများထဲမှ တွန်းထိုးကာ ကွက်တိကွက်ကျား ပေါက်ရောက်နေသည်။

ထို့အပြင် ကျောက်ပြားများပေါ်တွင် ကျောက်စရစ်အသေးလေးများကို အများအပြား ခင်းထားသဖြင့် နင်းလိုက်တိုင်း ဆူညံသံများ ထွက်ပေါ်လာ၏။ နဂိုက ထောင်အဖြစ် အသုံးပြုခဲ့သောနေရာဖြစ်၍ ထွက်ပြေးရန်ကြိုးစားကြသော အကျဉ်းသားများကို တားဆီးရန်အတွက် စီစဉ်ထားသော အစီအမံများပင်။

သို့ရာတွင် ကောလာဟလတွေအတိုင်းသာဆိုလျှင် ဤနေရာ၏ အကျဉ်းထောင်အနေနှင့် လုပ်ငန်းဆောင်တာက ပြီးဆုံးသွားခဲ့သည်မှာ ကြာလှပေပြီ။ သို့သော်လည်း ရှေးဟောင်းပုံစံကို ယခုအထိ မူမပျက် ထိန်းသိမ်းထားဆဲရှိနေသည်။ ပိုင်ရှင်က စိတ်မဝင်စား၍ ပစ်ထားသည်ဟု မပြောနိုင်လောက်အောင် ထောင့်ပေါင်းစုံအနှံ့တွင် ကျောက်စရစ်ခဲများကို ညီညီညာညာ ခင်းကျင်းထား၏။ ကျိန်းသေပေါက် လူလက်နှင့် စီမံထိန်းသိမ်းထားသည့် ပုံသဏ္ဌာန်ပင်။

ကျယ်ဝန်းသော မြေကွက်၏ အလယ်ဗဟိုတွင် ရှိနေသော အကျဉ်းထောင်ဟောင်းက အမြင့်တစ်ထပ်သာရှိသော အဆောက်အအုံနိမ့်နိမ့်တစ်လုံးဖြစ်သည်။ သို့သော်လည်း ဤအဆောက်အအုံက အပြင်ပန်းအမြင်နှင့် မတူပေ။ မြေပြင်ပေါ်တွင် ပေါ်နေသည့်အပိုင်းထက် မြေအောက်၌ ဖုံးကွယ်ထားသည့်အပိုင်းက ပိုများ၏။ ဤနေရာကား မြေအောက်အကျဉ်းထောင်ပင်။

ဧရာမသံတံခါးကိုဖွင့်ပြီး ဝင်သွားသည့်အခါ အပြင်ဘက်နှင့် ဆက်ထားသည့် တစ်ခုတည်းသော ဝင်ပေါက်ရှေ့တွင် အစောင့်နှစ်ယောက်က မတ်မတ်ရပ်ကာ စောင့်ကြပ်နေကြသည်။ အရုပ်လို တောင့်တောင့်ကြီးရပ်နေသော အစောင့်တစ်ယောက်က တစ်စုံတစ်ရာကို ခံစားမိကာ ခေါင်းလှည့်ကြည့်လိုက်၏။ နောက်တစ်ယောက်က ချက်ချင်း တုံ့ပြန်ကာ လေးကို အလိုအလျောက် ချိန်လိုက်သည်။

သူတို့ရှေ့တွင် ပေါ်လာသူက အင်မတန် ထူးခြားဆန်းပြားနေ၏။ လူပုံသဏ္ဌာန်ရှိသည့်တိုင် ဘယ်လိုမှ လူဟု သတ်မှတ်၍မရပေ။ တစ်ကိုယ်လုံး မှုန်ဝါးဝါးဖြစ်နေသဖြင့် သူ၏ ပုံသဏ္ဌာန်ကိုဖြတ်ကာ နောက်ခံရှုခင်းကို မြင်နေရသည်။ ဒူးအောက်ပိုင်းက အသွင်သဏ္ဌာန်မရှိဘဲ လေထဲတွင် မျောနေ၏။

ကောလာဟလများထဲမှ သရဲလိုပုံသဏ္ဌာန်မျိုး ရှိနေသည်ကို မြင်လျက်ကပင် အစောင့်များက အံ့သြခြင်းမရှိကြပေ။ ဆန့်ကျင်ဘက်အနေနှင့် ကာကွယ်ရန်ပြင်လိုက်သည်ကို လျှော့ချကာ ချက်ချင်းပင် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

အနီရောင်မျက်လုံးများက အစောင့်များကို စိုက်ကြည့်နေ၏။ သိပ်မထင်ရှားသော်လည်း ရွှေရောင်ဆံပင်က နေရောင်ခြည်ကိုခံယူကာ တောက်ပနေသည်။

“အထွေအထူးကိစ္စ မရှိဘူးမဟုတ်လား။”

သတ္တုချင်းခြစ်သလို ကြမ်းရှရှအသံမျိုး ထွက်လာသည်။ အတင်းအကျပ် ညှစ်ထုတ်လိုက်သလိုပင်။ ထို့အပြင် ရွှေရောင်ဆံပင်ပိုင်ရှင် အမျိုးသား၏ နှုတ်ခမ်းများက တစ်ချက်ကလေးပင် လှုပ်ရှားခြင်းမရှိခဲ့။

“မရှိပါဘူး၊ သခင်။”

ဆန်းဂျယ်က အနီရောင်မျက်လုံးများကို ကျုံ့သွားအောင်မှိတ်ကာ အစောင့်များကို အသေးစိတ် စုန်ချည်ဆန်ချည် အကဲခတ်ခဲ့သည်။ သို့ရာတွင် ထူးခြားသည့်အရိပ်အယောင် ဘာမှမတွေ့ရသောအခါ ကိုယ်ကို လှည့်လိုက်၏။

'အစီအရင် ပြန်လုပ်ဖို့ အချိန်တန်တော့မှာကိုး။'

အစီအရင်နှင့် အိပ်မွေ့ချကာ ဖန်တီးထားသည့် 'တာနီယာ' ဟုခေါ်သော ကျွန်များမှာ သစ္စာဖောက်မှုကိုမသိသည့် သစ္စာခံ နောက်လိုက်အလုပ်အကျွေးများပင်။ မည်သို့သောအမိန့်ကိုမဆို၊ မိမိ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့်ကိစ္စပင်ဖြစ်စေကာမူ လုံးဝနာခံကြ၏။

သို့သော် အိပ်မွေ့ချအစီအရင်၏ အကျိုးသက်ရောက်မှုက ထာဝရမတည်မြဲပေ။ အမြဲတစေ ခုခံရန် ကြိုးပမ်းနေသည့် မသိစိတ်၏ အလိုက အိပ်မွေ့ချမှုကို တဖြည်းဖြည်း ချိုးဖျက်ပစ်၏။ ထို့ကြောင့် ပုံမှန်လေး အစီအရင်ကို ပြန်လုပ်ရပေသည်။

ဆန်းဂျယ်က မြေအောက်ကို ဆင်းသွားရန်အတွက် တစ်ခုတည်းသော ဝင်ပေါက်သို့ ဝင်ရောက်သွား၏။ မည်းမှောင်နေသော အမှောင်ထုထဲသို့ သူက တုံ့ဆိုင်းခြင်းမရှိဘဲ လျှောဆင်းသွားသည်။ အလင်းရောင် တစ်စက်ကလေးမှမရှိသော ဝက်အူရစ်ပုံစံ ကျဉ်းမြောင်းမတ်စောက်သည့် လှေကားထစ်များပေါ်တွင် သူက တည်ငြိမ်စွာ လှုပ်ရှားနေလေ၏။ အလင်းရောင်နှင့် အမှောင်ထုက သူ့အတွက် ဘာအဓိပ္ပာယ်မှ ရှိမနေပေ။

ဆန်းဂျယ်က မြေအောက်ရှိ အနက်ရှိုင်းဆုံး အထပ်သို့ ရောက်ရှိလာသည်။ မြဲမြံစွာ ပိတ်ထားသော သံတံခါးကို သူ၏ ဖောက်ထွင်းမြင်နေရသည့် ခန္ဓာကိုယ်က ဖြတ်သန်းသွား၏။ ရှည်လျားသော စင်္ကြံလမ်းအတိုင်း အတွင်းဘက်သို့ ပို၍နက်နက်ရှိုင်းရှိုင်း ဝင်သွားခဲ့သည်။ ထို့နောက် စင်္ကြံလမ်းအလယ်ကို ပိတ်ဆို့ထားသော သံတိုင်များကို ဖြတ်ကျော်ပြီးနောက် ထပ်မံပေါ်လာသည့် သံတံခါးအတွင်းမှ အခန်းထဲသို့ ဝင်လိုက်၏။

အခြားနေရာများနှင့်မတူဘဲ အခန်းအတွင်းက မှောင်မည်းနေခြင်း မရှိပေ။ သို့ရာတွင် အခန်းထဲရှိ မည်သည့်နေရာတွင်မှ မီးမရှိခဲ့။ အလင်းရောင်က ဂျီဩမေတြီပုံသဏ္ဌာန် ရေးဆွဲထားသည့် ကြမ်းပြင်မှ စိမ့်ထွက်လာခြင်းဖြစ်သည်။ နံရံနှင့် ကြမ်းပြင်ကို ကွဲပြားအောင် ခွဲခြားနိုင်ရုံလောက်သာရှိသည့် မှိန်ဖျော့ဖျော့ အလင်းရောင်ပင်။

အလင်းရောင်ကို ထုတ်လွှတ်နေသော ပုံသဏ္ဌာန်၏ အလယ်ဗဟိုတွင်ထိုင်ကာ ဆုတောင်းနေသည့် လူတစ်ယောက်၏ အရိပ်က နံရံပေါ်တွင် ယိမ်းထိုးလှုပ်ရှားလျက်။

“အဲ့ဒီဆုတောင်းက အဖြေရနိုင်တဲ့ ဆုတောင်းမျိုးလား။”

မနားတမ်း နှုတ်ခမ်းကိုလှုပ်ရှားကာ ဆုတောင်းနေခဲ့သော အမယ်အိုက ဆုတောင်းခြင်းကိုရပ်ကာ ခေါင်းမော့လာသည်။ သူက နက်နက်ရှိုင်းရှိုင်း ကျုံ့နေသော မျက်ခွံများကို အားယူကာ ပင့်ကြည့်ခဲ့၏။ နွမ်းလျလျရုပ်သွင်နှင့် အမယ်အိုက ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် ဆန်းဂျယ်ကို စိုက်ကြည့်လိုက်သည်။

“အဖြေသာရခဲ့မယ်ဆိုရင် မင်းလည်း ဒီလိုပုံစံနဲ့ ဒီနေရာမှာ ရှိမနေလောက်ဘူးပေါ့။ မင်းရဲ့ဘုရားသခင်က ဘယ်တော့များမှ အဖြေပေးမှာလဲ။ သေဆုံးခြင်းကိုတောင် မချီးမြှင့်နိုင်တဲ့ မင်းရဲ့ အဲ့ဒီကြီးကျယ်မြင့်မြတ်တဲ့ ဘုရားသခင်ကလေ။”

“……”

အယ်လ်ဘာက ခနဲ့တဲ့တဲ့စကားကို တုံ့ပြန်ခြင်းမရှိခဲ့။ တုံ့ပြန်လျှင် ပို၍ သရော်ခံရရုံသာ ရှိပေလိမ့်မည်။ ဤအတောအတွင်း မထိတထိ ရန်စသော စကားများသာ ပို၍တိုးလာခဲ့၏။ အယ်လ်ဘာကမူ ဤသည်ကို ကောင်းသည့်လက္ခဏာအဖြစ် လက်ခံလိုက်သည်။ ဤမျှဆိုလျှင် တစ်ဖက်လူ စိတ်လောနေပြီဟု ပြနေသော သက်သေဖြစ်သလို၊ သူလိုချင်သည့်အတိုင်းမဖြစ်ဘဲ လွဲချော်နေပြီဟူသည့် အဓိပ္ပာယ်ပင်။

“အစီအရင်ရော။”

“အခုအထိ အသင့်မဖြစ်သေးဘူး။”

“မင်း လိုအပ်တယ်လို့ ပြောသမျှကို အကုန်ရှာပေးခဲ့ပြီးသားလေ။ ဘယ်အချိန်ထိ အချိန်ဆွဲနေဦးမှာလဲ။”

“အချိန်ဆွဲနေတာ မဟုတ်ဘူး။ အနာဂတ်ကို ဖတ်တဲ့ အစီအရင်က ဒီအတိုင်း ပုံသေနည်းရဲ့အစွမ်းနဲ့ အလုပ်လုပ်တဲ့ တခြားအစီအရင်တွေနဲ့ မတူဘူးလို့ အကြိမ်ကြိမ် ပြောထားပြီးသားပဲ။ ဘုရားသခင်က တံခါးဖွင့်ပြီး ပြသပေးမှဖြစ်မှာ။”

“ဘုရားသခင်။ တကယ်ပဲ မင်းရဲ့ ဘုရားသခင်က ဘယ်မှာရှိတာလဲ။”

“……ဘုရားသခင်က ဘယ်နေရာမှာမှ မရှိသလို၊ ဘယ်နေရာမှာမဆိုလည်း ရှိတယ်။”

“အဲ့ဒီလို အဓိပ္ပာယ်မရှိတဲ့ မေးခွန်းနဲ့ အဖြေမျိုး ထပ်ကြားချင်နေတာမဟုတ်ဘူး။”

နားဝင်မချိုသော ကြမ်းတမ်းသည့် အသံကြီးက ဆူညံစွာ အော်ဟစ်လေသည်။ အယ်လ်ဘာကို စိုက်ကြည့်နေသည့် အနီရောင်မျက်လုံးများက နိမိတ်မကောင်းစွာ လင်းလက်သွား၏။

“ထင်ယောင်ထင်မှား ဖြစ်မနေနဲ့။ မင်းတစ်ယောက်တည်းကပဲ တစ်ခုတည်းသော ရွေးချယ်စရာမဟုတ်ဘူး။ မင်းရဲ့ မျိုးနွယ်စုဝင်တွေကို အကုန်ဆွဲခေါ်လာပြီး ဒီမှာပစ်ထည့်ထားမှ ပူးပေါင်းဆောင်ရွက်ပေးမှာလား။”

တစ်လျှောက်လုံး စိတ်ကို တည်ငြိမ်အောင် ထိန်းထားခဲ့သည့် အယ်လ်ဘာ၏ မျက်နှာက ပျက်ယွင်းသွားတော့သည်။

“သူတို့ကို ထိခိုက်အောင်မလုပ်ဘူးလို့ ကတိပေးထားတယ် မဟုတ်လား။”

ဆန်းဂျယ်၏ နှုတ်ခမ်းများက မဲ့ကာရွဲ့ကာ အပေါ်သို့ ပင့်တက်သွားသည်။

“ကတိမဟုတ်ဘူး၊ အပေးအယူ။ ပြီးတော့ အပေးအယူဆိုတာ ပေးတဲ့အရာရှိရင် ပြန်လာတဲ့အရာလည်း ရှိရမှာက စည်းမျဉ်းပဲ။”

“ငါက ငါ့ရဲ့စွမ်းရည် ရောက်နိုင်တဲ့အထိ နင့်ကို ကူညီပေးခဲ့ပြီးပြီလေ။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းက ငါ ဖတ်ပေးခဲ့တဲ့ အနာဂတ်ရဲ့ ကျေးဇူးကို ခံစားပြီးမှ အခုမှလာပြီး စကားတစ်မျိုးပြောင်း​ချင်နေတာလား။”

ဆန်းဂျယ်က မှေးစင်းထားသော မျက်လုံးများဖြင့် ဒေါသထွက်နေသည့် အယ်လ်ဘာ၏ တုံ့ပြန်မှုကိုစောင့်ကြည့်ရင်း နှာခေါင်းရှုံ့ကာ ရယ်လိုက်သည်။

“တွေးကြည့်လိုက်တော့ မင်း မကြာသေးခင်က ဖတ်ခဲ့တဲ့ အနာဂတ်ဆိုတာ ဘာမှ ထူးထူးခြားခြား မဟုတ်ဘူးပဲ။ ဆယ်နှစ်ကြာမှ မွေးလာမဲ့ အာနီခါနှစ်ယောက်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့တာလေ။ ဒါပေမဲ့ အဲ့ဒီအနာဂတ်ကို သိသိ၊ မသိသိ စောင့်လိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် မွေးလာမှာပဲကို။ ပြီးတော့ မင်း ဖတ်ခဲ့တဲ့ အနာဂတ်ကြောင့် မာရာရဲ့လူတွေကို အကုန်ဖျက်ဆီးပစ်ချင်ခဲ့တာတောင် အသာလေး ကျော်ပေးခဲ့တာ။ ဒါပေမဲ့ အခုတော့ မင်းက တခြားအကြံအစည်တစ်ခု ရှိနေလို့ ငါ့ကို လိမ်ခဲ့တာဖြစ်နိုင်တယ်ဆိုပြီး တွေးမိနေပြီ။ မာရာ၊ အဲ့ဒီကောင်ရဲ့ အစွမ်းကို မြှင့်ပေးပြီး ငါနဲ့ ယှဉ်ခိုင်းဖို့ ကြံစည်နေတာမျိုးလေ။”

“……ငါက ကိုယ့်မျိုးနွယ်စုရဲ့ ကံကြမ္မာကို လောင်းကြေးထပ်ပြီးတော့ ပါချည်ပါချဲ့ လှည့်စားမှုမျိုးလေးတွေ လုပ်စရာလား။ တခြား အကြံအစည်တွေ ရှိခဲ့မယ်ဆိုရင် နင့်ကို မျိုးနွယ်စုရဲ့ရတနာ ပေးခဲ့မှာတောင်မဟုတ်ဘူး။”

ဆန်းဂျယ်က ထိုအချက်ကိုပါ ငြင်းဆိုသည်အထိတော့ အနိုင်ယူပြောဆိုခြင်းမရှိခဲ့။ အယ်လ်ဘာ ပေးခဲ့သော ရှေးဟောင်း မှော်ပညာကို အသုံးပြုပြီး မိုက်မဲသည့် လူသားများကို လှည့်ဖြားနိုင်မည့် အံ့ဖွယ်ရာများကို ပြသပေးရင်း သူတို့အပေါ်တွင် ဘုရားသခင်၏နေရာကို ရယူနိုင်ခဲ့သည်။ ယခုလည်း မှော်ပညာ၏ အကူအညီကို အပြည့်အဝရယူကာ အသုံးကျကျ သုံးစွဲနေဆဲပင်။

“ပြီးတော့ မာရာဆိုတာ နင်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ ရလဒ်ပဲ။ နင့်ရဲ့အမှားကို ငါ့ဆီ လာလွှဲမချနဲ့။”

ဆန်းဂျယ်က မကြားချင်ယောင်ဆောင်ကာ စကားဆက်​ခဲ့သည်။

“ဒါမှမဟုတ် မင်းရဲ့ အစွမ်းက အကန့်အသတ်ရောက်သွားတာများလား။ ဘာပဲဖြစ်ဖြစ် သုံးစားလို့ရမဲ့ မင်းရဲ့ဆက်ခံသူကို ရှာကြည့်ရမလားတောင် မသိတော့ဘူး။”

အယ်လ်ဘာက သွားများကို တင်းတင်းကြိတ်ထားသည့်ပုံစံနဲ့ ဒေါသထွက်လာခဲ့ပြီးနောက် လက်လျှော့သလို မျက်လုံးကို မှိတ်လိုက်သည်။

“မျိုးနွယ်စုဝင်တွေထဲက ဘယ်သူ့ကိုပဲ ဒီနေရာကို ခေါ်လာပါစေ နင်စိတ်ကျေနပ်လောက်အောင် အသုံးဝင်လာဖို့အတွက်ဆိုရင် အနည်းဆုံး ဆယ်စုနှစ်ချီပြီး ကြာမှာပဲ။ အဲ့ဒီလောက် အေးအေးဆေးဆေး စောင့်နေဦးမယ်ဆိုရင်တော့ နင့်သဘောအတိုင်းသာလုပ်ပေါ့။ ငါလည်း အခု စိတ်ကုန်လာပြီ။”

ဆန်းဂျယ်က ဘာမှမပြောဘဲ အယ်လ်ဘာကို စူးစိုက်ကြည့်လိုက်သည်။ အတွေ့အကြုံအရ လူသားများက ချောင်ပိတ်ခံရသည့်အခါ အကန့်အသတ်ထက်လွန်သော အစွမ်းကို ထုတ်ဖော်အသုံးပြုနိုင်ကြသော်လည်း အတိုင်းအတာတစ်ခုသို့ရောက်ပါက ပို၍ပင် လက်လျှော့တတ်ကြ၏။

တအားအကျပ်ကိုင်မိရာမှ အယ်လ်ဘာတစ်ယောက် မျိုးနွယ်စုကိုလည်း ဂရုမစိုက်တော့ဘူးဟူ၍ ထွက်သွားမည်ဆိုလျှင် အခက်တွေ့ရပေမည်။ ယခု ပို၍လိုအပ်နေသည့်ဘက်က သူ့ဘက်ဖြစ်နေ၏။

“နည်းနည်းလောက်တော့ စောင့်ပေးမယ်။ ဒါပေမဲ့ ငါ့ရဲ့ သည်းခံနိုင်စွမ်းက မကြာခင် ကုန်တော့မယ်ဆိုတာကိုတော့ မှတ်ထား။”

ကြောက်စရာ သတိပေးစကားကို ချန်ထားပြီးနောက် ဆန်းဂျယ်၏ အသွင်သဏ္ဌာန်က တဖြည်းဖြည်း မှိန်ဖျော့လာသည်။ လုံးဝပျောက်ကွယ်မသွားမီ ဆန်းဂျယ်က မေ့သွားသလို ပြောလိုက်၏။

“အကျိုးသက်ရောက်မှုရဲ့ သက်တမ်းက ကုန်တော့မှာမို့လို့ အစောင့်တွေကို အောက်ဆင်းလာခိုင်းလိုက်မယ်။ အိပ်မွေ့ချတဲ့ အစီအရင် လုပ်လိုက်ဦး။”

အယ်လ်ဘာက တွေဝေတုံ့ဆိုင်းစွာ ပြောလိုက်သည်။

“တခြားလူ အသစ်ခေါ်လာတာ မကောင်းဘူးလား။ ဒီထက်ပိုရင် အန္တရာယ်ရှိနိုင်တယ်။”

အစီအရင်နှင့် ထပ်ခါတလဲလဲ အိပ်မွေ့ချခြင်းက လူသားတို့၏ စိတ်ကို ပျက်စီးစေကာ နောက်ဆုံးတွင် ရူးသွပ်သူ၊ အသုံးမဝင်သူဖြစ်အောင် ဖျက်ဆီးနိုင်ပေသည်။

“ဘာလို့ အဲ့ဒီလိုလုပ်ရမှာလဲ။”

ဆန်းဂျယ်အဖို့ သူတို့က သုံးပြီးစွန့်ပစ်ရမည့် ကိရိယာများသာ။ ရူးသွပ်သွားသည်ဖြစ်စေ၊ မရူးသွပ်သည်ဖြစ်စေ ဂရုမစိုက်နေမည်မဟုတ်။

“ခက်ခဲတဲ့ကိစ္စမှ မဟုတ်တာကို။”

“စိတ်ရှုပ်စရာကိစ္စတွေ လုပ်နေရမှာပေါ့။”

“တန်ဖိုးရှိတဲ့အသက်ကို ဘာမဟုတ်တဲ့ စိတ်ရှုပ်စရာနဲ့ ယှဉ်နေတာလား။”

ဆန်းဂျယ်က စိတ်ဝင်စားသလို မျက်လုံးများဖြင့် အယ်လ်ဘာကိုကြည့်ရင်း လှောင်ရယ်သလို အပြုံးမျိုး ပြုံးလိုက်သည်။ စောင့်ကြည့်လာခဲ့သည့် နှစ်ပေါင်းက မနည်းတော့သော်လည်း ယခုအထိ နားမလည်နိုင်သေးသော လူသားပင်။ မိမိဘဝက ယခုလိုဖြစ်နေသည်ကို မျိုးနွယ်စုနှင့်မဆိုင်သည့် အခြားသူအတွက်ပါ ပူပန်ပေးနေသေး၏။

“ရယ်စရာပါလား။ အဲ့ဒီ အိပ်မွေ့ချတဲ့ မှော်အတတ်က မင်းတို့ပညာပဲ မဟုတ်ဘူးလား။ မင်းတို့ လူသားတွေကပဲ လူသားကို ကျွန်အဖြစ် ခိုင်းစေဖို့ ဖန်တီးခဲ့တဲ့ မှော်အတတ်လေ။”

ဆန်းဂျယ်က ဘာမှပြန်မ​ပြောနိုင်သည့် အယ်လ်ဘာကို လှောင်ပြောင်ရင်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

တစ်ယောက်တည်း ကျန်ခဲ့သော အယ်လ်ဘာက အတော်ကြာအောင် ငိုင်တိုင်တိုင် ထိုင်နေခဲ့ပြီးမှ အောင့်ထားသည့် ငိုသံကို လွှတ်ပေးလိုက်တော့၏။ အားပါးတရ အော်ဟစ် ငိုကြွေး၍လည်း မရပေ။ လက်သီးနှင့် ကိုယ့်ရင်ဘတ်ကိုယ်ထုကာ သားရဲတိရစ္ဆာန်၏ လည်ပင်းကို အခဲခံထားရသည့် သားကောင်အလား ဗလုံးဗထွေးအသံများဖြင့် ရှိုက်ငင်နေခဲ့၏။

‘အား... ဒီအပြစ်ကို ဘယ်လိုများ လုပ်ရပါ့မလဲ။’

အချိန်ကိုသာ နောက်ပြန်လှည့်နိုင်မည်ဆိုလျှင် ထိုမကောင်းဆိုးဝါးနှင့် မတွေ့ခင် အချိန်ဆီသို့ ပြန်သွားချင်သည်။ မိမိ၏ဝိညာဉ်က ထာဝရ ခရီးကို အဆုံးမသတ်နိုင်ဘဲ လှည့်လည်သွားလာနေရခြင်းအားဖြင့် တန်ကြေးကို ပေးဆပ်ရမည်ဆိုလျှင်ပင် ဝမ်းမြောက်ဝမ်းသာ လက်ခံမည်သာ။

ငယ်ရွယ်စဉ် ထိုအသက်အရွယ်မှ မိမိက အင်မတန် မိုက်မဲမိခဲ့၏။ မျိုးနွယ်စု၏ လုံခြုံရေးတစ်ခုတည်းကိုသာ စဉ်းစားကာ ကျန်သည့်အရာများကို မျက်စိမှိတ်ပြီး လျစ်လျူရှုခဲ့သည်။ ပြောင်မြောက်သော အရည်အချင်းကောင်းများနှင့် မွေးဖွားလာခဲ့သဖြင့် ခက်ခဲသော အစီအရင်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည့် မိန်းကလေးက ဘဝင်လေဟပ်ကာ အတ္တကြီးခဲ့မိ၏။

ပုန်းရှောင်ကာနေထိုင်ရသည့် မျိုးနွယ်စု၏ ဘဝကို အပြစ်တင်ခဲ့ကာ ဘာမဟုတ်သည့် လောကကြီးကိုလည်း နာကြည်းခဲ့မိသည်။ ထိုသို့သော ပုန်ကန်လိုစိတ်နှင့် ထိုမကောင်းဆိုးဝါးကို ပြီးပြည့်စုံလာအောင် ကူညီပေးခဲ့၏။ ထိုစဉ်ကတော့ ဤလုပ်ရပ်ကို မျိုးနွယ်စုအား ကာကွယ်ပေးသည့် နည်းလမ်းပဲဟု ယူဆခဲ့မိသည်။ ဤသည်မှာ အနာဂတ်ကို ဖတ်နိုင်သည့် မျိုးနွယ်စု၏သွေးကို ဆက်ခံသူတစ်ယောက်အနေနှင့် မြင်နိုင်သော အကောင်းဆုံး အနာဂတ်ပဲဟု ဆင်ခြေပေးခဲ့၏။ နောက်ဆုံးတွင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းပြန်စွပ်သလို ဖြစ်သွားမည်ဆိုသည်ကိုပင် မသိခဲ့ပါဘဲနှင့်။

မျိုးနွယ်စု၏ ရင်းမြစ်က မကောင်းဆိုးဝါးကို ခေါ်ခဲ့ကာ နောက်မျိုးဆက်က ထိုမကောင်းဆိုးဝါး ဤကမ္ဘာကို လွှမ်းမိုးနိုင်ရန်အတွက် ကူညီပေးခဲ့သည်။ အပြစ်ရှိစိတ်က နှစ်လရှည်ကြာလာသည်နှင့်အမျှ ပို၍လေးလံလာကာ အယ်လ်ဘာကို ဖိအားပေးနေတော့၏။

ဖြစ်ချင်တော့ အယ်လ်ဘာ ဖတ်ခဲ့သည့် အနာဂတ်က သူ့ကို ရှေ့ဆက်ရပ်တည်နိုင်အောင် လုပ်ပေးသည့် အင်အားဖြစ်နေခဲ့သည်။ မှော်ပညာမှတစ်ဆင့် ဖတ်ခဲ့ရသည့် အနာဂတ်က သေချာရေရာမှုမရှိပေ။ အမျိုးမျိုးသော ဖြစ်နိုင်ခြေများအနက် အချို့ကိုသာ ကြုံရာကျပန်း ပြသပေးရုံသာ။ သို့သော် ထိုဖြစ်နိုင်ခြေများထဲတွင် အယ်လ်ဘာတစ်ယောက် မျှော်လင့်ချက်ကို ရှာတွေ့ခဲ့သည်။

ဤနက်ရှိုင်းသော အကျဉ်းထောင်ထဲတွင် အယ်လ်ဘာ လုပ်နိုင်သည့်အရာက အနာဂတ်ကိုဖတ်သည့် အစီအရင် လုပ်ဆောင်သည့်အခါ မကောင်းဆိုးဝါး၏ မျက်လုံးများကို လှည့်စားပြီး မှော်ပညာ၏ လှိုင်းများကို အတတ်နိုင်ဆုံး ချဲ့ထွင်ပေးရန်ပင်။

ပါရမီရှိသည့် နောက်မျိုးဆက်က ထိုလှိုင်းများကို ခံစားမိလိမ့်မည်ဟူသော နည်းပါးလှသည့် ဖြစ်နိုင်ခြေ၊ ပြီးတော့ အယ်လ်ဘာ အမှန်တကယ် ဖြစ်လာစေချင်သည့် အနာဂတ်၏ အစိတ်အပိုင်း တစ်စုံတစ်ရာကိုပင် လှမ်းမြင်ရလိမ့်မည်ဟူသော ပို၍နည်းပါးသည့် ဖြစ်နိုင်ခြေ၊ ထိုမှတစ်ဆင့် ထိုအနာဂတ်ကို ဖြစ်လာနိုင်အောင် လှုပ်ရှားပေးလိမ့်မည်ဟူသော လုံးဝမဖြစ်နိုင်သလောက် အံ့ဖွယ်ရာကို မျှော်လင့်ရင်း အယ်လ်ဘာ ဆုတောင်းနေခဲ့၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment