အပိုင်း ၁၀၇
အမျိုးသားက တံခါးကို ခေါက်လိုက်သည်။
"လူကြီးမင်း။"
"ဝင်ခဲ့။"
အမျိုးသားလည်း အတွင်းသို့ ဝင်ရောက်သွားကာ စားပွဲရှေ့တွင် ထိုင်နေသော ရိုဒရစ်ဂ်ဆီသို့ လျှောက်သွား၏။ မကျဉ်းလှသော စားပွဲခုံပေါ်တွင် စာအုပ်များနှင့် စာရွက်စာတမ်းများက နေရာလပ်မရှိအောင် ပြန့်ကြဲလျက်။ အာရုံမရစွာဖြင့် ဟိုဟိုဒီဒီ လှန်လှောကြည့်နေသော ရိုဒရစ်ဂ်က ခေါင်းမော့ကြည့်လာသည်။
အမျိုးသားက အပြစ်ရှိသလို မျက်နှာထားဖြင့် ဦးညွှတ်အရိုအသေပေးလိုက်၏။
"ပြောပြထားတဲ့ ပစ္စည်းတွေကို စစ်ဆေးကြည့်တဲ့အခါ လိုအပ်နေတာတွေ ရှိနေပါတယ်။ ကျန်တာတွေကတော့ ရက်ပိုင်းအတွင်း ပြန်ဖြည့်လို့ ရနိုင်ပေမဲ့ ဘလူး အိန်ဂျလီကာကတော့ ရှားပါးပစ္စည်းဆိုတော့..."
"ငွေပိုပေးရင်တောင် အရောင်းအဝယ် လုပ်ပေးမဲ့သူ မရှိဘူးလား။"
"အရောင်းအဝယ် လုံးဝနီးပါး မလုပ်ကြတဲ့ ပစ္စည်းဆိုတော့ စရိတ်နဲ့ တွက်ခြေမကိုက်လို့ မကိုင်တွယ်ကြဘူးလို့ ပြောပါတယ်ခင်ဗျ။"
ရိုဒရစ်ဂ်က 'အင်း' ဟူ၍ မသက်မသာ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"မတတ်နိုင်ဘူးလေ။ ကိုယ်တိုင်ပဲ လူလွှတ်ပြီး သွားယူလာခိုင်းရတော့မှာပေါ့။ လျင်ပြီး အသုံးဝင်မဲ့ တောက်တိုမယ်ရတစ်ယောက် ရှာကြည့်လိုက်။ ခရီးဝေး သွားလာရမှာဆိုတော့ အတွေ့အကြုံရှိရင် ပိုကောင်းတယ်။"
"ဟုတ်ကဲ့ပါ၊ လူကြီးမင်း။"
အမျိုးသား ထွက်သွားပြီးနောက် ရိုဒရစ်ဂ်တစ်ယောက် ကြည့်လက်စ စာရွက်စာတမ်းများဆီသို့ အကြည့်ပြန်ပို့လိုက်ရာမှ ရုတ်တရက် ဒေါသက ထိုးတက်လာလေသည်။ သူက သစ်သားခဲတံဘူးကို ဆွဲယူကာ ပစ်ပေါက်လိုက်၏။ ပစ္စည်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီး ဆူညံစွာ ပဲ့တင်ထွက်သောအသံကို ကြားရသော်လည်း စိတ်သက်သာရာရမည့်အစား ရင်ထဲတွင် ပို၍မွန်းကျပ်လာလေသည်။
လွန်ခဲ့သော ရက်ပိုင်းက ယဇ်ပူဇော်ပွဲအတွက် ကန္တာရသို့ ထွက်ခွာသွားသည့် ခရီးသွားအဖွဲ့ ပြန်ရောက်လာပြီးနောက် ရံရွေတော်တစ်ဦး သတင်းဆိုးကို ယူဆောင်ကာ မော်လီ၏အိမ်သို့ ရောက်လာ၏။ ကန္တာရခရီးစဉ်အတွင်း မမျှော်လင့်ဘဲ မော်လီ သေဆုံးခဲ့ကြောင်း ပြောပြခဲ့သည်။ ဈာပနကိုလည်း ကန္တာရမှာပင် ပြုလုပ်ခဲ့သဖြင့် မော်လီ အသုံးပြုခဲ့သော ပစ္စည်းများနှင့် အဝတ်အထည်များကိုသာ ကျန်ရစ်သူ သိမ်းဆည်းထားရန်ပစ္စည်းအဖြစ် ယူဆောင်လာခဲ့၏။
မော်လီ ကန္တာရမှ ပြန်ရောက်လာလျှင် ခေါ်ယူကာ ဟိုဟာဒီဟာ ခိုင်းစေရန် စဉ်းစားနေသော ရိုဒရစ်ဂ်တစ်ယောက် ရုတ်တရက် ထိုသတင်းဆိုးကြောင့် အံ့ဩမှင်တက်ကာ ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။
'တာနီယာ သုံးယောက်တောင် သေသွားကုန်ပြီ။ ဘာကို သူတော်စင်လဲ။ ကြောက်စရာ စုန်းမပဲ မဟုတ်ဘူးလား။'
ထိုမျှနှင့်မပြီးသေးဘဲ စတုတ္ထမြောက် တာနီယာကို ပြင်ဆင်ရမည်ဟူသော အချက်ကြောင့် ပို၍ပင် အံတကြိတ်ကြိတ်ဖြစ်ရတော့သည်။ အာနီခါက မာရာ ဤမြေသို့ ဆင်းသက်လာရာ၌ အရေးပါသော ကြားခံတစ်ခုဖြစ်ကြောင်း အထွတ်အမြတ်ဘုန်းတော်ကြီးထံမှ ကြားသိထားပြီးဖြစ်ရာ မိဖုရား၏အပါးတွင် ထားရှိရန် အဆက်အသွယ်မှာ မရှိမဖြစ် လိုအပ်သောအရာပင်။
တာနီယာဟူသည်မှာ ဂိုဏ်းအတွင်း၌ လျှို့ဝှက်စွာ လက်ဆင့်ကမ်းလာသော အထူးယဇ်ပူဖော်ပွဲမှတစ်ဆင့် မြေတောင်မြှောက်ထားကာ ဂိုဏ်းအတွက် လိုလိုလားလား အသက်စွန့်အနစ်နာခံနိုင်သည့် သူရဲကောင်းအာဇာနည်များကို ခေါ်ဆိုခြင်းပင်။
သို့ရာတွင် တာနီယာကို ပြင်ဆင်ရသည့် လုပ်ငန်းစဉ်မှာ မလွယ်ကူလှပေ။ သက်ဝင်ယုံကြည်မှု နက်ရှိုင်းသော အစွန်းရောက်ဂိုဏ်းဝင်များကို ရွေးချယ်ရန်လည်း မလွယ်ကူသလို ယဇ်ပူဇော်ပွဲတွင် အသုံးပြုရသည့် ပစ္စည်းများထဲ၌ ရှားပါးသည့်အရာများလည်း များစွာရှိနေ၏။
ဘလူး အိန်ဂျလီကာမှာ ယင်းတို့အနက် တစ်ခုအပါအဝင်ဖြစ်ပြီး အေးသောဒေသတွင် ပေါက်ရောက်သော အဆိပ်ပင်ဖြစ်ကာ ထွက်ရှိရာအရပ်မှာ ဖလက်ခ် ဘုရင့်တိုင်းပြည်ဖြစ်သည်။ အထွတ်အမြတ်မြို့တော်ကို ဗဟိုပြုကာ မြောက်ဘက်အကျဆုံးအပိုင်းတွင် ဟာရှီဘုရင့်တိုင်းပြည်ရှိပြီး တောင်ဘက်အစွန်းဆုံးတွင် ဖလက်ခ် ဘုရင့်တိုင်းပြည်တည်ရှိ၏။ မဟာတွင် ထိုဘုရင့်တိုင်းပြည်နှစ်ခုကြားမှ အကွာအဝေးက အဝေးဆုံးဖြစ်ပေသည်။
တောက်တိုမယ်ရစေခိုင်းသူ ဖလက်ခ် ဘုရင့်တိုင်းပြည်သို့ သွားရောက်၍ ဘလူး အိန်ဂျလီကာကို ယူဆောင်ပြီး ပြန်ရောက်လာချိန်က ခြောက်သွေ့ရာသီ ပြီးဆုံးခါနီးအချိန် ဖြစ်လောက်ပေမည်။ ထိုအချိန်လောက်တွင် အရေးကြီးသည့် ယဇ်ပူဇော်ပွဲ အခမ်းအနားကိုလည်း ပြင်ဆင်နေရဦးမည်ဖြစ်ရာ မိဖုရားကို ယဇ်ပလ္လင်ဆီသို့ ဆက်သွယ်ရန်နည်းလမ်း မရှိတော့ပေ။ အထွတ်အမြတ်ဘုန်းတော်ကြီးကို ဆင်ခြေပေးရမည်ဟု တွေးလိုက်မိတော့ သူ့ခေါင်းက တဆစ်ဆစ်ကိုက်လာတော့သည်။
အတန်ကြာအောင် ဒေါသတကြီး အသက်ရှူနေရာမှ ရိုဒရစ်ဂ်တစ်ယောက် သက်ပြင်းတစ်ချက် အားပါးတရချလိုက်ကာ ထိုင်ခုံနောက်မှီကို မှီလိုက်သည်။ အသက်ရလာပြီဖြစ်၍ပဲလားမသိ၊ ဒေါသထွက်ရန်ပင် အားအင်ချည့်နဲ့နေ၏။
သူက စားပွဲဆီသို့ အကြည့်ကို ပြန်လွှဲလိုက်သည်။ ပြန့်ကြဲနေသော စာရွက်စာတမ်းများကို အပေါ်ယံ စုန်ဆန်ချည်ကြည့်လိုက်ပြီးနောက် စောစောက ဖတ်နေခဲ့သော ရှေးဟောင်း မှတ်တမ်းကို စာရွက်စာတမ်းများကြားမှ ဆွဲထုတ်ယူလိုက်၏။
'တချို့နောက်လိုက်တွေက စိတ်မရှည်ဘဲ မိုက်မဲတဲ့ လုပ်ရပ်မျိုးတွေ လုပ်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိနေလို့ပဲ။'
ရိုဒရစ်ဂ်က ယခင်တစ်ခါ အထွတ်အမြတ်ဘုန်းတော်ကြီး တမန်တော်လွှတ်လိုက်စဉ် ကြားခဲ့ရသော စကားကို စိတ်ထဲတွင် မတင်မကျဖြစ်နေသည်။ 'မိုက်မဲတဲ့လုပ်ရပ်' ဟု ဖော်ပြခဲ့သော ဖြစ်ရပ်ကို ခန့်မှန်းမိသည့်ကိစ္စတစ်ခု ရှိနေသဖြင့် ဆက်စပ်နေသော အကြောင်းအရာများကို စုံစမ်းနေစဉ်ဖြစ်၏။
မာရာအစွန်းရောက်ဂိုဏ်းက အဖွဲ့ခွဲများစွာအဖြစ် ခွဲထွက်နေသည်။ သို့ရာတွင် အင်အားကြီးမားလွန်း၍ အဖွဲ့များစွာခွဲပြီး အာဏာကိုဖြန့်ဝေထားသည့်ပုံစံတော့ မဟုတ်ခဲ့ပေ။ ဗဟိုချက် မရှိသောကြောင့် အဖွဲ့ခွဲများ၏ ဘုန်းတော်ကြီးများကို အခြေခံကာ ကိုယ်စီအသီးသီး လှုပ်ရှားနေခြင်းသာ။
အဖွဲ့ခွဲများကို ဖွဲ့စည်းသည့် နည်းလမ်းကလည်း စနစ်တကျမရှိခဲ့ပေ။ တစ်နေရာရာတွင် မာရာကိုးကွယ်သူ တစ်ယောက်ယောက်က ပတ်ဝန်းကျင်မှ လူများကို သွေးဆောင်စည်းရုံးကာ တိတ်တဆိတ် သာသနာပြုရင်း ထိုအဖွဲ့အစည်းက အရေးပါသော အရွယ်အစားသို့ ရောက်ရှိသွားသည့်အခါ အဖွဲ့ခွဲအဖြစ် အသိအမှတ်ပြုခံရသော ပုံစံမျိုးဖြစ်၏။ ထိုအခါ အဖွဲ့ခွဲ၏ ခေါင်းဆောင်က အထွတ်အမြတ်ဘုန်းတော်ကြီးထံမှ ဘုရားသခင်ပေးသောအစွမ်းကို ရရှိကာ ဘုန်းတော်ကြီးဖြစ်လာသည်။
ရိုဒရစ်ဂ်က စနစ်တကျမရှိသော ဂိုဏ်း၏ သဘောသဘာဝကို စိတ်တိုင်းမကျပေ။ အထွတ်အမြတ်ဘုန်းတော်ကြီးက မာရာ၏ တန်ခိုးစွမ်းအားကို ဖော်ထုတ်ပြသပြီး လိုအပ်သောအခါ ညွှန်ကြားချက်များ ပေးသည်မှအပ ဂိုဏ်းကို ဦးဆောင်သည့် ကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိ။ ထို့ကြောင့် တစ်စုံတစ်ယောက်က နတ်ဆိုး မဟာ၏ ဆန်းဂျယ်ကဲ့သို့ ဗဟိုချက်တစ်ခု ဖြစ်လာပြီး ဂိုဏ်း၏အင်အားကို စုစည်းရပေမည်။
ရိုဒရစ်ဂ်က ထိုအခန်းကဏ္ဍကို သူ ဆောင်ရွက်နိုင်သည်ဟု ယူဆထား၏။ ဂိုဏ်းသားအများစုက သူ၏ ဩဇာအာဏာကို အသိအမှတ်ပြုကြပေမည်။ ထို့အပြင် ရိုဒရစ်ဂ် ယခုရောက်ရှိနေသော အရိုက်အရာ၏ နောက်ကွယ်တွင် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်တစ်ခုရှိ၏။
လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ရိုဒရစ်ဂ်တစ်ယောက် သေးငယ်သောအဖွဲ့ခွဲမှ ဘုန်းတော်ကြီး၏ လက်အောက်ငယ်သားအဖြစ်သာ ရှိနေခဲ့စဉ် ဂိုဏ်း၏ အဖွဲ့ခွဲများထဲတွင် အကြီးဆုံးနှင့် အဓိကဗဟိုချက်အကျဆုံးသော နေရာတစ်ခု ရှိခဲ့သည်။
ထိုအဖွဲ့ခွဲ၏ ဘုန်းတော်ကြီးက ယခုလက်ရှိ ရိုဒရစ်ဂ်နှင့် အလားတူ အရိုက်အရာမျိုးကို ရရှိထား၏။ သူ၏ အဖွဲ့ခွဲအတွက်သာမကဘဲ အခြားအဖွဲ့ခွဲများတွင်ပါ ခိုင်မာသော ပြောရေးဆိုခွင့်ကို ပိုင်ဆိုင်ထားပြီး အထွတ်အမြတ်ဘုန်းတော်ကြီး၏ ကျေးဇူးတော်ကို ရရှိခဲ့သည်။
ထိုအဖွဲ့ခွဲသာ ယခုထက်ထိ ခိုင်မာစွာ တည်ရှိနေခဲ့မည်ဆိုလျှင် ရိုဒရစ်ဂ်လည်း ဤအခွင့်အရေးကို ရရှိမည်မဟုတ်ပေ။ အကြောင်းမူကား ထိုအဖွဲ့ခွဲ၏ ဘုန်းတော်ကြီးသော်လည်းကောင်း၊ ထိုဘုန်းတော်ကြီး၏ အရိုက်အရာကို ဆက်ခံသူကသော်လည်းကောင်း ဂိုဏ်းကို ဆက်လက်လွှမ်းမိုးထားမည်ဖြစ်သောကြောင့်ပင်။
သို့ရာတွင် ထိုအဖွဲ့ခွဲက နေ့ချင်းညချင်း ပြိုလဲပျက်စီးသွားခဲ့လေသည်။ အဖွဲ့ခွဲ၏ ခေါင်းဆောင်များ ကျူးလွန်ခဲ့သော အမှားများကြောင့် အထွတ်အမြတ်ဘုန်းတော်ကြီးက အကြီးအကျယ် အမျက်ဒေါသထွက်ကာ အာဏာကို ပြန်ရုပ်သိမ်းပြီး ပယ်ထုတ်ပစ်သည့် အရေးယူမှုကိုလုပ်ခဲ့၏။ သာမန် အောက်ခြေ နောက်လိုက်ဂိုဏ်းဝင်အချို့က အခြားအဖွဲ့ခွဲများသို့ ဝင်ရောက်သွားကြကာ အချို့မှာမူ တကွဲတပြားလွင့်သွားကြသည်။
သူတို့ မည်သို့သောအမှားကို ကျူးလွန်ခဲ့ကြကြောင်းကိုမူ ဂိုဏ်းအတွင်းရှိ မည်သူကမျှ ကောင်းစွာမသိခဲ့ကြပေ။ အထွတ်အမြတ်ဘုန်းတော်ကြီးက 'ခွင့်လွှတ်လို့မရတဲ့ အပြစ်ကို ကျူးလွန်ခဲ့တဲ့ အပြစ်သားတွေကို အပြစ်ပေးခဲ့တာ' ဟူ၍သာ အဖွဲ့ခွဲတိုင်း၏ ဘုန်းတော်ကြီးများကို ပြောခဲ့သည်။
ယခုလက်ရှိ ရိုဒရစ်ဂ်ကဲ့သို့ ဘုန်းတော်ကြီးများက အထွတ်အမြတ်ဘုန်းတော်ကြီး၏ ရှေ့မှောက်၌ ခေါင်းပင် ကောင်းစွာမမော့နိုင်ခဲ့ကြပေ။ ထို့ကြောင့် အခြေအနေက မည်သို့ရှိကြောင်း မေးမြန်းဝံ့သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သည်မှာလည်း သဘာဝကျ၏။
'အာနီခါရော ဒီဖြစ်ရပ်ထဲမှာ ပါဝင်ပတ်သက်ခဲ့တာလား။'
တကယ်ပဲ ထိုအချိန်က ထိုအဖွဲ့ခွဲ၏ ဘုန်းတော်ကြီး မည်သည့်အမှားကို ကျူးလွန်ခဲ့သလဲ။ တစ်ကိုယ်ရေ သိလိုစိတ်အပြင် သူနှင့် တူညီသည့် အမှားမျိုး မကျူးလွန်မိစေရန်အတွက်ပါ သိရှိထားဖို့လိုအပ်သည်ဟု ခံစားမိနေသည်။
'အာနီခါနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်သာဆိုရင် အထွတ်အမြတ်မြို့တော်မှာ ပွက်လောရိုက်ခဲ့မှာပဲ။ အဲ့ဒီအချိန်က ပွက်လောရိုက်ခဲ့တဲ့အဖြစ်ကို မှတ်မိနေတဲ့သူရှိရမယ်။'
ရိုဒရစ်ဂ်တစ်ယောက် မကြာမီ အထွတ်အမြတ်မြို့တော်သို့ လူလွှတ်ကာ စုံစမ်းစစ်ဆေးခိုင်းရမည်ဟု စဉ်းစားလိုက်သည်။
~~~~
အကြံပေးအရာရှိက စားပွဲပေါ်တွင် ပြင်ဆင်ထားသည့် အမည်စာရင်းကို တင်ပြခဲ့သည်။
"မနက်ပိုင်းက လူလွှတ်ပြီး မနက်ဖြန်ရဲ့ အစီအစဉ်အားလုံးကို အတည်ပြုပြီးပါပြီ။"
ယူဂျင်းက အမည်စာရင်းကို ယူလိုက်သည်။ နာမည်ခြောက်ခု ရေးသားထား၏။
"တာဝန်ကျေတယ်။ မနက်ဖြန် အစီအစဉ်တွေ အဆင်ပြေချောမွေ့အောင် ပြင်ဆင်ထားလိုက်။"
"ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။"
ယူဂျင်းက မနက်ဖြန်တွင် မှူးမတ်ကတော်များကို ဖိတ်ခေါ်ကာ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောရင်း လက်ဖက်ရည် သောက်သုံးရန် နေရာတစ်ခု စီစဉ်ခဲ့သည်။ တရားဝင် လူမှုရေး လှုပ်ရှားမှုများကို စတင်ခြင်းမပြုမီ အခြေအနေကို စနည်းနာရန်အတွက် ယဇ်ပူဇော်ပွဲအခမ်းအနားမှ ပြန်လာပြီးနောက် ပထမဆုံးသော တရားဝင် အစီအစဉ်ဖြစ်၏။
နဂိုကမူ မနေ့ကတည်းက ပြုလုပ်ရန် စီစဉ်ထားသော်လည်း အထွတ်အမြတ်နေရာသို့ သွားလာသည့် ကာလက စီစဉ်ထားသည်ထက် ပိုကြာသွားသဖြင့် အစီအစဉ်က တစ်ရက် နောက်ဆုတ်သွားခဲ့သည်။
မနက်ဖြန် တွေ့ဆုံရမည့် မှူးမတ်ကတော်များမှာ လူမှုရေး အသိုင်းအဝိုင်းမှ နာမည်ကြီး ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ သူတို့က အထွတ်အမြတ်မြို့တော်မှ ပြန်မလာကြသေး။ ခြောက်သွေ့ရာသီ စတင်ပြီးနောက် ရက်ပေါင်း ၂၀ မှ တစ်လခန့်ကြာမှသာ အများစုက ပြန်ရောက်လာတတ်ကာ ဘုရင့်တိုင်းပြည် မှူးမတ်များ၏ တရားဝင် လူမှုရေးလှုပ်ရှားမှုများ စတင်လေ့ရှိသည်။
မနက်ဖြန် ယူဂျင်း တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်များကမူ ရာထူးကြီး အရာရှိများ၏ ဇနီးသည်များ ဖြစ်ကြ၏။ သူတို့၏ ခင်ပွန်းများက ရာထူးကြီးသောနေရာများတွင် ရှိနေကြသဖြင့် အခြားသော မှူးမတ်ကတော်များကဲ့သို့ ရုန်းကန်လှုပ်ရှားရသည့် ရာသီ၌ပင် အထွတ်အမြတ်မြို့တော်သို့ မသွားနိုင်ကြပေ။
ထို့ကြောင့် အထွတ်အမြတ်မြို့တော်၏ ခေတ်မီသော ဖက်ရှင်ရေစီးကြောင်းနောက်သို့ မလိုက်နိုင်တော့ဘဲ လူမှုရေး အသိုင်းအဝိုင်းမှ ဘေးသို့ ရောက်သွားကြရ၏။ ထို့ကြောင့် တိုင်းပြည်ရှိ မှူးမတ်ကတော်များထဲတွင် မိမိတို့၏ ခင်ပွန်းသည်များ အရာရှိဖြစ်လာသည်ကို မနှစ်မြို့သူ အတော်အတန် များပြားသည်ဟု ကြားသိခဲ့ရသည်။
သူတို့၏ ရင်ထဲတွင်ရှိနေမည့် မကျေနပ်မှုများကို ဖြေလျှော့ပေးရန်မှာ မိဖုရား၏ တာဝန်ပင်။ ယူဂျင်းက ယခင် ဂျင် မိဖုရားဖြစ်ခဲ့စဉ် တစ်ခါမျှ မလုပ်ခဲ့ဖူးသော ထိုအလုပ်ကို သူ၏ ပထမဆုံးသော အစီအစဉ်အဖြစ် သတ်မှတ်လိုက်၏။
အကြံပေး ဆုတ်ခွာသွားပြီးနောက် ယူဂျင်းလည်း ယနေ့ရက်စွဲကို ရုတ်တရက် တွေးမိကာ သက်ပြင်းချလိုက်သည်။
'အချိန်ကုန်တာ တကယ် မြန်လိုက်တာ။'
ခြောက်သွေ့ရာသီ စတင်သည်မှာ ဆယ်ရက်ရှိသွားခဲ့ပေပြီ။ ယဇ်ပူဇော်ပွဲ အခမ်းအနားမှ ပြန်ရောက်လာကတည်းက အချိန်က ဤကဲ့သို့ပင်ဖြစ်နေခဲ့သည်။
စုစုပေါင်း ငါးရက်ဟု စီစဉ်ထားသည့် ယဇ်ပူဇော်ပွဲ ခရီးသွားအဖွဲ့ ကျောက်တံခါးဝသို့ ရောက်ရှိလာချိန်က စီစဉ်ထားသည်ထက် နှစ်ရက်ခွဲ ပိုကြာသွား၏။ ပြည်သူများ၏ အားတက်သရော ကြိုဆိုမှုကို ခံယူရင်း ရဲတိုက်သို့ ဝင်ရောက်သည်အထိ မြို့တော်၏ မူမမှန်သောအခြေအနေကို မသိခဲ့ပေ။
နောက်မှ ကြားရသည်က အရေးပေါ်အမိန့် မချမှတ်မီ အခြေအနေဖြစ်နေသည်ဟုဆို၏။ ပြန်ရောက်လာခြင်းသာ တစ်ရက်လောက် နောက်ကျခဲ့မည်ဆိုလျှင် စစ်သည်တော်များက ခရီးသွားအဖွဲ့ကို လာကြိုရန် ထွက်ခွာခဲ့ကြလောက်ပေသည်။
"ဘေးမသီရန်မခ ပြန်ရောက်လာတာ တော်ပါသေးရဲ့၊ အရှင်မိဖုရား။ အရှင်မင်းကြီး ရှိနေတာမို့ အန္တရာယ်ကြီးကြီးမားမားတော့ ရှိလောက်မှာမဟုတ်ဘူးလို့ ထင်ထားပြီးသားပါ။ ဒါပေမဲ့ သွားရတဲ့ခရီးကကြမ်းတော့ အရှင်မိဖုရား ပင်ပန်းနေမှာကို စိုးရိမ်မိပါတယ်။"
မာရီအန်းက 'မအီမသာ ဖြစ်တာမျိုးရော ရှိပါသေးလား' ဟု ထပ်ခါတလဲလဲ မေးမြန်းခဲ့သည်။ ထိုအချိန်မှစ၍ ယူဂျင်းလည်း မာရီအန်း၏ ထိုစဉ်က မျက်နှာထားကို သတိရမိတိုင်း အလိုလို ပြုံးစိစိ ဖြစ်လာတော့၏။
စိုးရိမ်ပူပန်ပြီး စောင့်မျှော်ပေးမည့်သူရှိနေသည်ဟူသော အသိ၊ ပြန်လာရန် အိမ်ရှိသည်ဟူသောအသိ။ ယင်းမှာ ဤသို့သော ခံစားချက်ပါလားဟု နားလည်လိုက်ရ၏။ ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်သော စိတ်ချလုံခြုံသည့် နွေးထွေးမှုက ကောင်းလှသော်လည်း ဘာကြောင့်မှန်းမသိ ကြောင်အမ်းအမ်းဖြစ်နေမိသည်။
"အရှင်မိဖုရား။"
အပြင်ဘက်မှ ရံရွေတော်၏ အသံကို ကြားလိုက်ရ၏။ ယူဂျင်းတစ်ယောက် အလကားနေရင်း ပြုံးနေမိသည့် မျက်နှာထားကို အလျင်အမြန် ထိန်းချုပ်ကာ ပြန်ဖြေလိုက်သည်။ ရံရွေတော်က ဝင်လာကာ လျှောက်တင်လေ၏။
"အစေခံတစ်ယောက် ရောက်နေပါတယ်။ အရှင်မင်းကြီးက အရှင်မိဖုရားကို ခေါ်ဆောင်လာဖို့ အမိန့်ပေးလိုက်တယ်လို့ ပြောပါတယ်။"
"ဘာကိစ္စလဲဆိုတာတော့ မပြောလိုက်ဘူးလား။"
"ဟုတ်ပါတယ်၊ အရှင်မိဖုရား။"
ယူဂျင်းလည်း နေရာမှ ထရပ်လိုက်သည်။ ရုံးခန်းအပြင်ဘက်တွင် စောင့်နေသည့် အစေခံနှင့်အတူ လိုက်သွားရင်း မကောင်းသော သတင်းတစ်ခုခု ရှိနေမည်ကို စိုးရိမ်နေမိ၏။ စောစောက အတူတူ ညစာစားနေစဉ်က သူက ဘာမှမပြောခဲ့။ နောက် နာရီပိုင်းလောက်ဆိုလျှင် အိပ်ခန်းထဲတွင် တွေ့ရမည်ဖြစ်၍ အရေးတကြီးမဟုတ်သည့်ကိစ္စအတွက် ယခုလို ခေါ်စရာအကြောင်းမရှိပေ။
အစေခံက ယူဂျင်းကို ဘုရင်မင်းမြတ်၏ သီးသန့်ဧည့်ခန်းဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ယူဂျင်းက အစေခံ အပြင်တံခါးကိုဖွင့်ကာ ဦးညွှတ်ရင်းသာ ရပ်နေသည်ကို တစ်ချက်ကြည့်ပြီး အတွင်းသို့ ဝင်သွားလိုက်၏။ ပုံမှန်ဆိုလျှင် လမ်းပြပေးသည့် ရံရွေတော်က အတူတူ လိုက်ဝင်လေ့ရှိသည်။
ယူဂျင်းက မျက်စိရှေ့သို့ ဝင်လာသော ကျားသစ်နက်ကြီးကိုကြည့်ကာ အံ့အားသင့်သွားပြီးနောက် ဝမ်းသာအားရ ပြုံးလိုက်သည်။
"အာဘူ။"
ခွေးကြီးတစ်ကောင်လောက် အရွယ်အစားရှိသည့် အာဘူက မတ်တပ်ရပ်လိုက်သည့်အခါ ခေါင်းအမြင့်က ယူဂျင်း၏ ခါးလောက်တွင် ရှိနေသည်။ ယူဂျင်းလည်း လက်နှစ်ဖက်ဖြင့် အာဘူ၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်၏။
"အာဘူ၊ အာဘူ။ ဒီမှာ ဘာလုပ်နေတာလဲ။ နင့်သခင်က ခေါ်လိုက်လို့ လာခဲ့တာလား။"
အကြာကြီး ကွဲကွာနေရာမှ ပြန်ဆုံရသည့်အလား စိတ်လှုပ်ရှားစွာ နှုတ်ဆက်သည့် အခမ်းအနားကို အဆုံးသတ်ပြီးသည့်နောက် ယူဂျင်း ခေါင်းမော့ကြည့်လိုက်သည်။ ခါဆယ်ရ်တစ်ယောက်တည်း ရှိနေမည်ဟု ယူဆထားသော်လည်း အခြားလူတစ်ယောက်ပါ ရှိနေသောကြောင့် လန့်သွားရ၏။ ဆိုဖာပေါ်တွင် ထိုင်နေသော ခါဆယ်ရ်၏ မျက်နှာချင်းဆိုင်တွင် အိုးတိုးအမ်းတမ်း မတ်တတ်ရပ်နေသည့် လူက ယူဂျင်း သူ့ကို ကြည့်လိုက်တော့ အလျင်အမြန် ခေါင်းငုံ့လိုက်သည်။
'တစ်ယောက်ယောက် အတူရှိနေရင်လည်း ရှိနေတယ် ပြောမှပေါ့။'
ဧည့်သည်ရှိနေမှန်း မသိခဲ့ပေ။ ယူဂျင်းတစ်ယောက် စိတ်ထဲမှ သူ့ကို မကျေမနပ်ဖြစ်ရင်း အာဘူဆီမှ လက်ကိုခွာလိုက်ကာ အလျင်အမြန် ကိုယ်ဟန်ကို ပြင်လိုက်သည်။ အဓိပ္ပာယ်မရှိသော စကားအားလုံးကို ထိုလူ ကြားသွားပြီဟု တွေးလိုက်မိတော့ မျက်နှာက ပူလာ၏။
ဆိုဖာဆီသို့ လျှောက်သွားပြီး ဧည့်သည်နှင့် အကွာအဝေး နီးကပ်အောင် ချဉ်းကပ်လိုက်သောအခါ ထိုလူက နေရာမှာတင် ဝပ်တွားခယကာ အရိုအသေ ပေးလေသည်။
"နိမ့်ပါးတဲ့ အပြစ်သားက ဂါရဝပြုပါတယ်။ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။"
အံ့ဩမှင်တက်နေသည့် မျက်နှာထားဖြင့် ထိုလူကို ငုံ့ကြည့်နေသော ယူဂျင်း၏ မျက်လုံးများလည်း တဖြည်းဖြည်း ပြူးကျယ်လာတော့သည်။
"နင်က... အာဒရစ်ထ်လား။"
"ဟုတ်ပါတယ်ခင်ဗျ။"
သပ်ရပ်သော အဝတ်အစားများ ပြောင်းလဲ ဝတ်ဆင်ထားသည့် ပုံစံက စိမ်းသက်နေသဖြင့် ချက်ချင်း မမှတ်မိခဲ့ပေ။ ယူဂျင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် တဖြည်းဖြည်းပေါ်လာတော့၏။ ရင်ထဲတွင် ဝမ်းသာခြင်း၊ စိတ်သက်သာရာရခြင်းနှင့် ကျေးဇူးတင်ခြင်းတို့ လွန်ဆွဲနေသည်။
အကယ်၍ အာဒရစ်ထ်သာ နောက်ဆုံးတွင် ရောက်မလာခဲ့လျှင် နောင်တစ်ချိန် အခြားလှည့်လည်သွားလာသူ မျိုးနွယ်စုဝင်များကို တွေ့သောအခါ အလားတူ ထောက်ထားသက်ညှာမှုမျိုးပေးရန် အခက်တွေ့ရပေမည်။
ဆက်လက်၍ ဝပ်တွားခယကာ မေးခွန်းများကို ဖြေရန်ပြင်နေသည့် အာဒရစ်ထ်ကို ဆိုဖာပေါ်တွင် အတင်းအကျပ် ထိုင်ခိုင်းပြီးနောက် စကားဝိုင်းကို အလေးအနက် စတင်ခဲ့၏။ ယူဂျင်းက ပထမဆုံး မေးခွန်းကို မေးလိုက်သည်။
"ရုန်းကန်လှုပ်ရှားရတဲ့ရာသီအတွင်း မှော်ဝင်သားရဲရဲ့ နယ်မြေမှာ နေခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဒါပေမဲ့ နင်တို့က လာ့ခ်ကို ရှောင်ရှားနိုင်တာပဲ မဟုတ်ဘူးလား။ ဘာလို့ မှော်ဝင်သားရဲရဲ့ နယ်မြေကိုပဲ ခိုလှုံရာအဖြစ်သုံးနေရတာလဲ။"
"လာ့ခ်ကို ရှောင်ရှားဖို့အတွက် အစီအရင်က အကန့်အသတ်မရှိတဲ့ ထိရောက်မှုမျိုး မရှိပါဘူး။ လာ့ခ်နဲ့ ရင်ဆိုင်ရတိုင်း သုံးလိုက်တဲ့ စွမ်းအားက နည်းနည်းချင်း ကုန်သွားပါတယ်။ အစီအရင်ရဲ့ အာနိသင်ကို တတ်နိုင်သလောက် မသုံးဘဲနေမှ ရေရှည်သုံးလို့ရမှာပါ။"
အာဒရစ်ထ်၏ ပါးစပ်မှ ယူဂျင်းကြားလိုသည့် စကားလုံးက အတိအကျပေါ်ထွက်လာသည်။
"အစီအရင်... တကယ်ပဲ အဲ့ဒီဆေးမင်ကြောင်က အစီအရင် ဖြစ်နေတာကိုး။"
~~~~
Miel's Translations