အပိုင်း ၁၁၀
"သူတို့ရဲ့ ထူးခြားတဲ့ အသွင်အပြင်က ဆံပင်အနက်ရောင်၊ မျက်လုံးအနက်ရောင်တွေ ဖြစ်မယ်။ အကုန်လုံး မိန်းကလေးအဖြစ်ပဲ မွေးလာကြတာမဟုတ်လား။"
ယူဂျင်း၏ အတည်ပြုလိုသော မေးခွန်းကို အာဒရစ်ထ်က ပြန်ဖြေခဲ့သည်။
"ဟုတ်ပါတယ်။"
ယူဂျင်း အတွေးထဲနစ်မျောသွားသည်။ သူ တိတ်ဆိတ်သွားသည့် တဒင်္ဂအတွင်း အာဒရစ်ထ်တစ်ယောက် တင်းမာမှုများနှင့် ပြည့်နေလေ၏။ ဤလောကတွင် အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်က နိမ့်ပါးသိမ်ဖျင်းသည့် ရာဇဝတ်သားများနှင့် ဇာစ်မြစ်ချင်းတူသည်ဟူသော သူ့စကားက အင်မတန် အခြေအမြစ်မရှိသောကြောင့်ပင်။
"ဒါဆိုရင်...နင်က ငါနဲ့ သွေးဝေးတဲ့ ဆွေမျိုးလား။"
"ခင်ဗျာ။"
မျက်လွှာချထားခဲ့သော အာဒရစ်ထ်က အံ့ဩတကြီး ပြန်မေးရင်း ခေါင်းထောင်လာလေသည်။ သူကြားလိုက်ရသည့် စကားကို မယုံနိုင်ဘဲ ယူဂျင်းကို အကြောင်သား ငေးကြည့်နေစဉ် ခါဆယ်ရ်၏ရယ်သံက ဧည့်ခန်းတစ်ခုလုံး အတိလွှမ်းသွားတော့၏။
"အရှင်မင်းကြီး။"
ယူဂျင်းက ခါဆယ်ရ်၏ ရယ်သံ ရပ်မသွားသောကြောင့် သတိပေးသလို အသံဖြင့် ခေါ်လိုက်သည်။ ခါဆယ်ရ်လည်း အလကားနေရင်း ချောင်းဟန့်ကာ ရယ်သံကို မျိုသိပ်ရန် ကြိုးစားခဲ့သော်လည်း ကျန်နေသေးသည့် တခစ်ခစ်ရယ်သံကြောင့် ပုခုံးများ တုန်နေ၏။ ပျော်ပျော်ပါးပါး ရယ်သံနှင့် မလိုက်ဖက်စွာ ယူဂျင်းကို ကြည့်နေသော သူ၏မျက်လုံးများကမူ ပူလောင်ပြင်းပြလှသည်။
ခါဆယ်ရ်က အိပ်ခန်းထဲ၊ အိပ်ရာထက်၌သာ ပြလေ့ရှိသည့် အကြည့်မျိုးနှင့် ကြည့်လာတော့ ယူဂျင်းလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားရ၏။ သူက မျက်နှာကိုစူထားလိုက်ကာ ခါဆယ်ရ်ကို ဆူငေါက်လိုက်သည်။
"ကျွန်မက ရုတ်တရက် အဓိပ္ပာယ်မရှိတဲ့စကား ပြောလိုက်လို့ အခုလိုမျိုး လူရှေ့သူရှေ့မှာ ပေါ်တင် ရယ်စားနေတာလားရှင့်။"
"ရယ်စားတာ မဟုတ်ဘူး။"
ခါဆယ်ရ်က တခစ်ခစ် ရယ်နေသည်ကို ခဏရပ်ကာ ပြောခဲ့သည်။
"မင်းက ထင်မှတ်မထားတဲ့ စကားအဆန်းကို ရုတ်တရက် ထပြောလိုက်တော့ ရယ်ရလို့။"
ယူဂျင်း၏ တစ်ယူသန်အစွဲမပါသော စကားကို ခါဆယ်ရ်က အံ့ဩကာ ကျေနပ်သဘောတွေ့နေမိသည်။ မှတ်ဉာဏ်မပျောက်ခင် ယူဂျင်းက အာနီခါဖြစ်ရခြင်းအပေါ် ဂုဏ်ယူကာ မာနထောင်လွှားခဲ့သည်မှာ မှန်သော်လည်း သူတစ်ယောက်တည်း ထူးခြားနေခြင်းမျိုး မဟုတ်ပေ။ အခြားအာနီခါများ၏ မောက်မာပလွှားမှုကလည်း အတူတူသာ။
အာဒရစ်ထ်က အာနီခါ၏ မြင့်မြတ်သော မျိုးရိုးကို စော်ကားခဲ့ခြင်းပင်။ အာနီခါ အားလုံးနီးပါး ဒေါသတကြီး အော်ဟစ်ပေါက်ကွဲကြပေလိမ့်မည်။ ဤနေရာမှ ထရပ်ကာ ထွက်သွားခြင်းကိုပင် အယဉ်ကျေးဆုံး တုံ့ပြန်မှုဟု ယူဆနိုင်လောက်၏။
ခါဆယ်ရ်က ယူဂျင်းကိုကြည့်ရင်း ပြုံးစိစိလုပ်နေသည်။
"လုံးဝ ရယ်စားတာမဟုတ်ဘူးလို့။ ငါက အူကြောင်ကြောင် စကားအဆန်းတွေ ပြောတတ်တဲ့ မင်းကို သဘောကျတယ်။"
ယူဂျင်းက မကြားချင်ယောင်ဆောင်ကာ မျက်လုံးကို အာဒရစ်ထ်ဆီ အမြန်လှည့်လိုက်သည်။ ဒီလူကြီး တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတာပဲဟု စိတ်ထဲမှ ညည်းတွားရေရွတ်မိ၏။ ရုတ်တရက် အထွတ်အမြတ်နေရာမှ ပြန်လာရာ လမ်းခရီး၏ နောက်ဆုံးညကို သတိရမိတော့ မျက်နှာတွေ ပူတက်လာတော့သည်။ နောက်တစ်နေ့မနက်တွင် ပတ်ဝန်းကျင်က လူများကို ကြည့်ရသည်မှာ ဘယ်လောက်တောင် ရှက်စရာဖြစ်ခဲ့ရသလဲ။
"အာဒရစ်ထ်။"
"ဟုတ်...ဟုတ်ကဲ့။ အရှင်မိဖုရား။"
အာဒရစ်ထ်က လန့်ဖျပ်ပြီး မျက်လွှာပြန်ချလိုက်သည်။ ယခင်တစ်ခါက ခံစားဖူးသော်လည်း ဤနှစ်ဦး၏ ဆက်ဆံရေးက အင်မတန်ရင်းနှီးကာ အကန့်အသတ်မရှိသည့်ပုံပင်။
'အဆင့်အတန်းအမြင့်ကြီးက ပုဂ္ဂိုလ်တွေဆိုတော့ ဇနီးမောင်နှံကြားမှာတောင် စည်းမျဉ်းစည်းကမ်းတွေ၊ ထုံးတမ်းအစဉ်အလာတွေ လိုက်နာရတာနဲ့ ခပ်တန်းတန်းဖြစ်နေကြမှာပဲလို့ ထင်ခဲ့တာကို။'
ဤနှစ်ယောက်၏ပုံစံက သူမြင်ဖူးသော မျိုးနွယ်စုအတွင်းမှ ချစ်သူစုံတွဲများ၏ပုံစံနှင့် မခြားသဖြင့် အံ့ဩနေမိ၏။
"နင်ပြောတဲ့အတိုင်းဆို အာနီခါတွေက ရှေးဟောင်း နတ်ဆရာမျိုးနွယ်စုရဲ့ မျိုးရိုးကို ဆက်ခံထားတာပဲပေါ့။ ဒါဆိုရင် ဇာစ်မြစ်တစ်ခုတည်းလို့ ပြောလို့ရတဲ့ နင်နဲ့ နင်တို့ မျိုးနွယ်စုက ဘာဖြစ်လို့ အခုလို အခြေအနေမျိုး ရောက်နေရတာလဲ။"
အာဒရစ်ထ်က အာနီခါထံမှ 'ဇာစ်မြစ်တစ်ခုတည်း' ဟူသော စကားကို ကြားရမည်ဟု လုံးဝ ထင်မထားခဲ့ပေ။ သူက မရေမရာ ခံစားချက်နှင့် ပြန်ဖြေခဲ့သည်။
"ဇာစ်မြစ်တစ်ခုတည်းဆိုတဲ့ စကားလုံးက လွန်ကဲလွန်းတယ်လို့ ထင်ပါတယ်။ အဲ့ဒီအချိန်မှာ ရှေးဟောင်းနတ်စရာ မျိုးနွယ်စုက ဂိုဏ်းသုံးဂိုဏ်း လုံးဝကွဲနေပါပြီ။ ပြီးတော့ အာနီခါက သေဆုံးခြင်းနဲ့ ပြန်လည်ရှင်သန်ခြင်းကို သုတေသနပြုခဲ့တဲ့ မျိုးနွယ်စုထဲကနေပဲ မွေးဖွားလာတာပါ။"
"အဲ့ဒီတော့။"
"အာနီခါ မွေးဖွားလာတဲ့အတွက် ရှေးဟောင်း နတ်ဆရာမျိုးနွယ်စုကို ခွင့်လွှတ်ပြီး လူတွေက လက်ခံလာခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာနီခါကပဲ..."
အာဒရစ်ထ်က တွေဝေတုံ့ဆိုင်းသွားခဲ့သည်။ ယူဂျင်းက သူ မပြောဝံ့သည့် စကားကို ကိုယ်စားဝင်ပြောလိုက်၏။
"အာနီခါကပဲ ဘုရင်ရဲ့ကလေးကို မွေးပေးနိုင်လို့ပေါ့။"
ယူဂျင်းက စိတ်ကူးစိတ်သန်းကိုသုံးကာ ထိုအချိန်က အခြေအနေကို ပုံဖော်ကြည့်လိုက်သည်။
ထူးခြားသော စွမ်းအားများ ပိုင်ဆိုင်ထားသည့် ဘုရင်က လူသားတို့အပေါ် အင်အားကြီးသည့် သြဇာလွှမ်းမိုးမှုကို ကျင့်သုံးပြီး သူတို့အပေါ် တဖြည်းဖြည်း လွှမ်းမိုးအုပ်စိုးကာ အာဏာကို ချုပ်ကိုင်ခဲ့ပေလိမ့်မည်။ ထို့အပြင် မျိုးဆက်ဖြန့်ခြင်းဟူသည်မှာ သက်ရှိတို့၏ ပင်ကိုဗီဇတစ်မျိုးပင်။ ဘုရင်က အခြားလူသားများ ကျောခိုင်းသည့်တိုင် သူ့ကလေးကို မွေးဖွားပေးနိုင်မည့် အာနီခါကိုတော့ လုံးဝ စွန့်ပစ်နိုင်မည်မဟုတ်ပေ။
ကျိန်းသေပေါက် တော်ဝင်မျိုးဆက် ရရှိရေးက လူသားတို့အတွက်လည်း အရေးကြီးပေမည်။ လာ့ခ်၏ အန္တရာယ်မှ သူတို့အား ကာကွယ်ပေးမည့် ဘုရင်ကို မဖြစ်မနေ လိုအပ်သောကြောင့်ပင်။ နတ်ဆရာမျိုးနွယ်စုကို ခွင့်လွှတ်ပြီး လက်ခံရန်ဟူသောအချက်တွင် ဘုရင်နှင့် လူသားတို့၏ သဘောထားချင်း တိုက်ဆိုင်ခဲ့ပေလိမ့်မည်။
'ဆန်းကြယ်လိုက်တာ။'
အာဒရစ်ထ်၏ စကားများသာ အားလုံး အမှန်ဖြစ်ခဲ့မည်ဆိုလျှင် ဘုရင်နှင့် အာနီခါမှာ ဤကမ္ဘာက သူ့အလိုလို ဖန်တီးခဲ့သည့် စစ်သည်တော်များပင်။
ယူဂျင်းက ဘာသာရေးကို ယုံကြည်သက်ဝင်ဖူးခြင်း မရှိသလို၊ ဘုရားသခင်၏ ဖြစ်တည်မှုကိုလည်း သံသယဝင်ခဲ့သူဖြစ်၏။ သို့ရာတွင် နာရီ၏ စက်သွားများကဲ့သို့ အံဝင်ခွင်ကျ လည်ပတ်နေသည့် စနစ်ကြီးတစ်ခုဖြစ်သော ဤလောက၏ အလိုဆန္ဒကို ဘုရားသခင်၏ စွမ်းအားဟု သတ်မှတ်နိုင်လောက်မည်ဟု တွေးလိုက်မိသည်။
"ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပဲ နတ်ဆရာမျိုးနွယ်စုက သုံးစုပါ။ သုံးစုထဲက အာနီခါ မွေးဖွားလာတဲ့ မျိုးနွယ်စုကိုပဲ ခွင့်လွှတ်ပေးခဲ့ပါတယ်။ လာ့ခ်ကြောင့် တိုင်းပြည်တွေ အကုန်ပျက်စီးသွားတဲ့ အခြေအနေမှာ အဲ့ဒီမျိုးနွယ်စုတစ်ခုတည်းကပဲ အသစ်တည်ထောင်မဲ့ တိုင်းပြည်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်ခဲ့တာပါ။"
အာဒရစ်ထ်က ခွင့်လွှတ်ခြင်းမခံရသည့် ကျန်နတ်ဆရာမျိုးနွယ်စုများက အနာဂတ်ကို မည်သို့ ရွေးချယ်ခဲ့ကြကြောင်းကိုပါ ရှင်းပြခဲ့သည်။
မျိုးနွယ်စုသုံးခုအနက် တစ်စုတည်းသာ ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံခဲ့ရသော်လည်း ကျန်နှစ်စုကမူ သွယ်ဝိုက်သောနည်းဖြင့် အကူအညီရရှိခဲ့ကြ၏။ လူသားတို့က ကျန်နှစ်စုကို လက်မခံခဲ့ကြသော်လည်း ထွက်ခွာသွားသည့် သူတို့ကို အပြစ်ပေးရန် လိုက်လံဖမ်းဆီးခြင်း မပြုခဲ့ကြပေ။
လောကပြင်ပကို တွန်းထုတ်ခံလိုက်ရသည့် ထိုမျိုးနွယ်စု နှစ်စုကတော့ မတူညီသော နည်းလမ်းများဖြင့် မိမိတို့မျိုးနွယ်စု၏ ကံကြမ္မာကို ဆုံးဖြတ်ခဲ့ကြသည်။
အပြစ်၏ မူလတရားခံဖြစ်ကြသော အာဒရစ်ထ်၏ ဘိုးဘေးများက သူတို့ ကျူးလွန်ခဲ့ကြသည့်အပြစ်အတွက် နောင်တရကာ မည်သည့်နေရာမှာမှ အတည်တကျမနေဘဲ လှည့်လည်သွားလာရသည့် အပြစ်ဒဏ်ကို မိမိတို့ဘာသာ ရွေးချယ်ခံယူခဲ့ကြ၏။
အနာဂတ်ကို ကြိုဖတ်နိုင်သည့် မျိုးနွယ်စုကလည်း ကူညီဆောင်ရွက်မှု မပြုခဲ့သည်ကိုပါ အပြစ်ဟု သတ်မှတ်ကာ ထာဝရ ပုန်းအောင်းနေထိုင်ရင်း ရှေးဟောင်းမှော်ပညာ၏ အစွမ်းကို ချိတ်ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ရှေးဟောင်းနတ်ဆရာများအနေနှင့် မိမိတို့၏ ဖြစ်တည်မှုကို မဆုံးရှုံးရစေရေးအတွက် အသိပညာအားလုံးကို ထိန်းသိမ်းထားကာ နောက်မျိုးဆက်များထံသို့ လက်ဆင့်ကမ်းပေးရန် တာဝန်ယူခဲ့ကြ၏။
ထို့နောက်တွင် သေဆုံးခြင်းနှင့် ပြန်လည်ရှင်သန်ခြင်း မျိုးနွယ်စုကမူ လူသားများနှင့် ရောနှောပေါင်းစည်းသွားလေသည်။ နှစ်ကာလ ကြာရှည်လာသည်နှင့်အမျှ သူတို့က မိမိတို့၏ မူလဇာစ်မြစ်ကို တဖြည်းဖြည်း မေ့လျော့သွားကုန်ကြ၏။
အာဒရစ်ထ်၏ စကားအဆုံးတွင် တိတ်ဆိတ်သွားတော့သည်။ ယူဂျင်းနှင့် ခါဆယ်ရ်က သူတို့ ကြားလိုက်ရသည့် အကြောင်းအရာများကို ပြန်စဉ်းစားကာ အတွေးများကို စုစည်းနေကြ၏။
ခါဆယ်ရ်က စကားနားထောင်နေစဉ်တစ်လျှောက်လုံး ထူးဆန်းစွာ စိတ်ထဲတွင် မတင်မကျဖြစ်နေသည့် အပိုင်းက ဘာမှန်းသိသွားခဲ့သည်။
"နားမလည်နိုင်တဲ့ အချက်တစ်ခုရှိတယ်။"
ခါဆယ်ရ်၏ မေးခွန်းကို အာဒရစ်ထ်က ပြန်ဖြေခဲ့သည်။
"မေးပါခင်ဗျ။"
"မင်းပြောသွားတဲ့ စကားထဲမှာ မဟာက တစ်ကြိမ်လေးတောင် ပါမလာပါ့လား။"
ယူဂျင်း သက်ပြင်းချလိုက်မိသည်။ အာဒရစ်ထ်က 'ဘုရားသခင်' ဟူသော စကားလုံးကို အကြိမ်အနည်းငယ် ပြောခဲ့သော်လည်း သူပြောသည့် ဘုရားသခင်က ဤလောကကို အုပ်စိုးသည့် တစ်ဆူတည်းသော ဘုရားသခင် 'မဟာ' ကို ဆိုလိုခြင်းထက် 'အကြွင်းမဲ့ပုဂ္ဂိုလ်' ကို ရည်ညွှန်းသည့် တင်စားချက်တစ်ခုလိုပင်။
ယူဂျင်းက မေးလိုက်သည်။
"အရင်တုန်းက ဘုရားသခင်ကို မဟာလို့ မဟုတ်ဘဲ တခြားနာမည်နဲ့ ခေါ်ခဲ့ကြတာများလား။"
"ကျွန်တော်ကတော့ မဟာဆိုတာ ရှေးပဝေသဏီကတည်းက ဒီလောကကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းလို့ သင်ယူခဲ့ရပါတယ်ခင်ဗျ။"
"ဘုရားသခင် မဟုတ်ဘူးပေါ့လေ။"
အာဒရစ်ထ်က နှစ်ဦးသား၏ မျက်နှာထားကို အကဲခတ်ပြီးမှ မဝံ့မရဲအသံနှင့် ပြန်ဖြေခဲ့သည်။
"......ဟုတ်ပါတယ်ခင်ဗျ။"
"ဒါဆို ဘယ်အချိန်ကစပြီး မဟာက ဘုရားသခင်ကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ် ဖြစ်လာတာလဲ။"
"အဲ့ဒါကိုလည်း မသိပါဘူးခင်ဗျ။ ကျွန်တော် သင်ယူထားတဲ့ အသိပညာ မဟုတ်သေးပါဘူး။"
"မာရာကရော။"
"အဲ့ဒါကိုလည်း မသင်ယူခဲ့ရပါဘူး။"
"ဒါဆိုရင် ငါက သေဆုံးခြင်းဖြစ်ပြီး အရှင်မင်းကြီးက ပျက်စီးပျောက်ကွယ်ခြင်းဖြစ်တယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။"
"ဘုရင်မင်းမြတ်ရဲ့အစွမ်းက လာ့ခ်ကို ပျောက်ကွယ်သွားအောင် ဖျက်ဆီးပါတယ်။ ဒါပေမဲ့ အာနီခါကတော့ လာ့ခ်ကို သေဆုံးသွားစေတာပါခင်ဗျ။"
"ဘယ်လို ကွာခြားတာလဲ။"
အာဒရစ်ထ်က အကျပ်ရိုက်ရသလို မျက်နှာထားဖြင့် ပြန်ဖြေခဲ့သည်။
"မသင်ယူခဲ့ရလို့... မသိပါဘူးခင်ဗျ။"
ယူဂျင်းတစ်ယောက် အတိုင်းထက်အလွန် ကြီးမားလှသော မျှော်လင့်ချက်များ တဖြည်းဖြည်း မှေးမှိန်သွားသည်ကို ခံစားလိုက်ရသည်။ သူ တကယ် သိလိုသည်က လှည့်လည်သွားလာသူ မျိုးနွယ်စု၏ မူလဇာစ်မြစ်သော်လည်းကောင်း၊ ဘုရင်နှင့် အာနီခါတို့၏ မွေးဖွားလာပုံသော်လည်းကောင်း မဟုတ်ခဲ့ပေ။
"နင့် ကိုယ်ပေါ်မှာ ထိုးထားတဲ့ အဲ့ဒီရှေးဟောင်းမှော်ပညာ။ အဲ့ဒီပညာကို အသက်သွင်းဖို့ လိုအပ်တဲ့ အချက်သုံးချက်က အစီအရင်၊ ကြားခံနဲ့ လက်ခံသူပဲ၊ ဟုတ်တယ်မဟုတ်လား။"
"ဟုတ်ပါတယ်၊ မှန်ပါတယ်ခင်ဗျ။"
"နင်သိထားတဲ့ ရှေးဟောင်းမှော်ပညာကို ငါ့ကို သင်ပေးလို့ရမလား။ အသေးအမွှားလေးပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။"
"အာ..."
ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည့် အာဒရစ်ထ်၏ မျက်လုံးများ တုန်ယင်သွားတော့သည်။ သူက ဦးကို ညွတ်နေအောင် ညွှတ်လိုက်၏။
"စိုးရွံ့မိပါတယ်။ ကျွန်တော်သိတဲ့ ရှေးဟောင်းမှော်ပညာ မရှိပါဘူး။"
"ဘာ။"
ယူဂျင်းတစ်ယောက် ယုံကြည်ထားသူထံမှ နောက်ကျော ဓားဖြင့် အထိုးခံလိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်မိသည်။
"ဘာလို့လဲ။ ဘာဖြစ်လို့ မသိရတာလဲ။ ရှေးဟောင်းနတ်ဆရာရဲ့ မျိုးဆက်ဆို။ နင့်ကိုယ်ပေါ်မှာ ထိုးထားတာကလည်း ရှေးဟောင်းမှော်ပညာပဲဆို။"
"ကျွန်တော်တို့ မျိုးနွယ်စု သင်ယူနိုင်တဲ့ ရှေးဟောင်းမှော်ပညာက လာ့ခ်ကို ရှောင်ရှားဖို့ နည်းလမ်းပဲ ရှိပါတယ်။ မျိုးနွယ်စုက နောက်မျိုးဆက်ကို လက်ဆင့်ကမ်းတဲ့ အသိပညာတွေမှာတော့ သမိုင်းနဲ့ ဘိုးဘေးတွေကျူးလွန်ခဲ့တဲ့ အပြစ်တွေပဲ ပါတာပါ။ ပြီးတော့ ကျွန်တော်က လာ့ခ်ကို ရှောင်ရှားတဲ့ ရှေးဟောင်းမှော်ပညာကိုတောင် မသင်ရသေးပါဘူး။"
ဒီလိုဖြစ်လို့မရဘူးလေ။
ယူဂျင်းတစ်ယောက် တစ်စုံတစ်ရာ ဝုန်းခနဲ ပြိုလဲသွားသည့် အသံကို ကြားလိုက်ရသလို ထင်ယောင်ထင်မှား ဖြစ်သွားရ၏။
စိတ်ပျက်လက်ပျက်ဖြစ်သွားသော ယူဂျင်းကို သနားသလို ကြည့်နေသည့် ခါဆယ်ရ်က ပြောခဲ့သည်။
"မင်းတို့ မျိုးနွယ်စုအပြင် တခြားမျိုးနွယ်စုကလည်း အသိပညာတွေကို ထိန်းသိမ်းထားတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ရှေးဟောင်းမှော်ပညာနဲ့ ပတ်သက်တဲ့ အသိပညာတွေကို သူတို့ရော သိကြလား။"
ယူဂျင်း၏ မျက်လုံးများ အသက်ဝင်လာပြန်သည်။ သို့သော် အာဒရစ်ထ်၏ ပုံစံကိုကြည့်ပြီး မျှော်လင့်ချက်ကို လက်လွှတ်လိုက်ရပြန်၏။ အာဒရစ်ထ်က မျက်လုံးပင် မပင့်နိုင်ဘဲ ပြန်ဖြေခဲ့သည်။
"သိမယ်လို့တော့ ထင်ပေမဲ့ သူတို့နဲ့ ဆက်သွယ်ဖို့ နည်းလမ်းကိုတော့ မသိပါဘူး။"
ယူဂျင်း၏ မျက်နှာလည်း ညှိုးမှိုင်သွားတော့သည်။ အာဒရစ်ထ်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ကာ ပြောလာ၏။
"စိုးရွံ့မိပါတယ်။ ကျွန်တော်သာ တကယ်သိခဲ့ရင် အကုန်လုံးကို လျှောက်တင်ပြီးသား ဖြစ်မှာပါ။"
"......ကောင်းပြီလေ။ နင့်ကို ဖုံးကွယ်ထားတယ်လို့လည်း မထင်ပါဘူး။ ဒါဆိုရင် ပုံသေနည်းကို မြင်ရင်ရော မသိဘူးလား။"
"ဘယ်လို ပုံသေနည်းလဲဆိုတာ မြင်ရမှ ပြောနိုင်ပါမယ်ခင်ဗျ။"
"ဒါဆို အခုပဲ စာကြည့်ခန်းကို..."
"ယူဂျင်း။"
ယူဂျင်းက မတ်တပ်ရပ်နေသည့် အနေအထားနှင့် ခါဆယ်ရ်ကို လှည့်ကြည့်လိုက်သည်။
"ရှင်။"
"မနက်ဖြန်မှ လုပ်။ ဒီနေ့ တော်တော် နောက်ကျနေပြီ။"
ယူဂျင်းက လသာဆောင် ပြတင်းပေါက်ဆီသို့ လှည့်ကြည့်လိုက်သည်။ အပြင်ဘက်ကောင်းကင်က မည်းမှောင်နေပေပြီ။ အချိန်က ဒီလောက်တောင် ဖြစ်နေပြီမှန်း သူ မသိလိုက်။
"နင်လည်း ပင်ပန်းနေမှာကို အကြာကြီး ဆွဲထားခဲ့မိတာပဲ။"
"ကျွန်တော် အဆင်ပြေပါတယ်ခင်ဗျ။"
"မဟုတ်တာ။ သွားနားတော့။ စိတ်အေးလက်အေး နားလို့ရတယ်။"
ခဏအကြာတွင် ခေါ်ထားသော အစေခံတစ်ယောက် ဧည့်ခန်းထဲသို့ ဝင်လာသည်။
ယူဂျင်းက အစေခံကို ကိုယ်ရေးကိုယ်တာ ဧည့်သည်ဖြစ်သဖြင့် အဆင်မပြေမှု မရှိစေရန် ဂရုစိုက်ဖို့ ညွှန်ကြားလိုက်၏။ အာဒရစ်ထ်က ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်အောင် ဝပ်တွားကာ သူတို့နှစ်ဦးကို ဂါရဝပြု အရိုအသေပေးပြီးနောက် အစေခံနောက်မှ လိုက်ပါသွားလေသည်။
"အာဘူ။"
တစ်လျှောက်လုံး အသာလေး လဲလျောင်းနေခဲ့သည့် အာဘူက ယူဂျင်း ခေါ်လိုက်သောအခါ တွားသွားပြီး ရောက်လာသည်။ ပွတ်သပ်ပေးနေသည့် လက်ပေါ်သို့ အာဘူက သူ့ခေါင်းလေးနှင့် ပွတ်သီးပွတ်သပ်လုပ်လာသောအခါ ရယ်သံသဲ့သဲ့လေး ပွင့်အန်ထွက်လာ၏။
"နင်လည်း ပင်ပန်းသွားခဲ့ပြီ။"
"အာဘူ။"
ခါဆယ်ရ်က လသာဆောင်ပြတင်းပေါက်ကို ဖွင့်ကာ အာဘူကို ခေါ်လိုက်သည်။ ပြန်သွားရန်ပြောလိုက်သည့် စကားကို နားလည်သွားသော အာဘူက ယူဂျင်း၏ လက်ကို လျှာဖြင့်လာလျက်ကာ လှည့်ထွက်သွား၏။ ယူဂျင်းက လသာဆောင် အပြင်ဘက်သို့ ထွက်သွားသော အာဘူ၏ ကျောပြင်ကို ကြည့်နေပြီးမှ ပြတင်းပေါက်ကိုပိတ်လိုက်ကာ သူ့ဆီသို့ လျှောက်လာသော ခါဆယ်ရ်ကို ပြုံးပြရင်း လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ခပ်တိုးတိုး ရယ်မောပြီး ခပ်လှမ်းလှမ်းမှ သူ့ဆီသို့ တည့်တည့်လာနေသည့်လူကို ပွေ့ဖက်လိုက်၏။
"ကျေးဇူးတင်ပါတယ်။"
ဆန်းဂျယ်က မကောင်းဆိုးဝါးဟု တရားဝင် ကြေညာထားသော လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို ရဲတိုက်ထဲအထိ ခေါ်သွင်းရန် သူ၏ဆုံးဖြတ်ချက်က လုံးဝ လွယ်ကူခဲ့မည်မဟုတ်ပေ။
အာဒရစ်ထ်နှင့်တွေ့ကာ အကြာကြီး စကားပြောခဲ့ရခြင်းက မျှော်လင့်ထားသလို မဖြစ်ခဲ့သော်လည်း အရေးကြီးသည့် သဲလွန်စများကို ရရှိခဲ့ခြင်းက အကုန် သူ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ကျေးဇူးကြောင့်ပင်။
ဂျင် တိုင်းပြည်ရတနာကို ခိုးယူပြီး ရံရွေတော်များကို လှည့်ဖြားကာ ကန္တာရဆီသို့ ခေါ်သွားပြီး ဘာတွေလုပ်ခဲ့သည်ဟူသော အကြောင်းအရာကို အနည်းငယ် ပုံဖော်မိချေပြီ။
'ဂျင်က ရှေးဟောင်းမှော်ပညာကို အသက်သွင်းခဲ့တာပဲ။ ပြီးတော့ ဒီရှေးဟောင်းမှော်ပညာကြောင့်ပဲ ငါ ဒီကိုရောက်လာခဲ့တာ ဖြစ်ရမယ်။'
ယူဂျင်းက ထိုရှေးဟောင်းမှော်ပညာ၏ အတိအကျ ရည်ရွယ်ချက်ကို သိရှိလိုစိတ် ထက်သန်နေ၏။ သူ့တွင် ဆန္ဒအသစ်တစ်ခု ပေါ်ပေါက်လာသည်။ ဤကမ္ဘာကို စရောက်လာစဉ်က ဂျင်၏ ခန္ဓာကိုယ်ကို ကိုယ့်အပိုင်ကဲ့သို့ ကျင်လည်စွာ အသားကျအောင် နေထိုင်မည်ဟူသော စိတ်ကူးကလည်း အခြားဘက်သို့ ပြောင်းလဲသွားခဲ့ပေပြီ။
ထို့ကြောင့် လူ့လောဘက အတိုင်းအဆမရှိဘူးဟု ပြောကြခြင်းဖြစ်ပေမည်။ ဆက်လက်၍ ဂျင်၏ ခန္ဓာကိုယ် အခွံကိုသာ ပိုင်ဆိုင်ရရုံဖြင့် နေထိုင်ရသည်ကို ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိတော့ပေ။
ယခု သူ့ကို ထွေးပွေ့ထားသည့် ဤလူ၏အရှေ့တွင် ဂျင်မဟုတ်ဘဲ ယူဂျင်းအဖြစ် ရပ်တည်လို၏။ အပြစ်မကင်းသည့်စိတ်ကို စိုးစဉ်းမျှမခံစားရဘဲ ထိုလူ၏ မျက်ဝန်းများထဲသို့ ကြည့်လိုပေသည်။
~~~~
မျက်လုံးကိုမှိတ်ပြီး လေးတိလေးပင် ပင့်သက်များကို ထုတ်လွှတ်နေသော ယူဂျင်းတစ်ယောက် မျက်လုံးကို ဆတ်ခနဲဖွင့်လိုက်သည်။ အာဒရစ်ထ်ကို မေးချင်သည့် မေးခွန်းတစ်ခု စိတ်ထဲတွင်ပေါ်လာ၏။ စောစောက ဘာလို့ မတွေးမိရတာပါလိမ့်ဟု အံ့ဩမိရလောက်အောင် အရေးကြီးသည့် မေးခွန်းပင်။
ဘာကြောင့် သူတို့မျိုးနွယ်စုက ယခုကဲ့သို့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသလဲ။ စောစောက အာဒရစ်ထ် ပြောခဲ့သော အကြောင်းအရာက ယခု လှည့်လည်သွားလာသူ မျိုးနွယ်စု၏ အခြေအနေနှင့် ရှေ့နောက်မညီပေ။
"ရေးမှတ်ထားမှပဲ။"
ယူဂျင်းက စိတ်ထဲတွင်သာ တွေးနေသည်ဟု ထင်ခဲ့သော်လည်း ကိုယ်တိုင်ပင်သတိမထားမိဘဲ အသံထွက်ကာ ရေရွတ်လိုက်မိသည်။ ရုတ်တရက် ခြေချင်းဝတ်ကို ဆတ်ခနဲ အကိုက်ခံလိုက်ရမှ အလန့်တကြား အော်လိုက်မိ၏။ တစ်ချိန်တည်းမှာပဲ ညစ်ကျယ်ကျယ် မာန်မဲသံက သူ့နားထဲတွင် ပဲ့တင်ထပ်လာတော့သည်။
"ဆက်တိုက် ဒီလိုပဲလုပ်နေတော့မှာလား။ အာရုံမစိုက်ဘူးလား။"
~~~~
Miel's Translations