no

Font
Theme

အပိုင်း ၁၀၅

ရေစိုနေသဖြင့် ပြောင်လက်နေသော ဦးခေါင်းပေါ်တွင် အနီရောင်ချိုနှစ်ချောင်း ပေါက်နေသည်။ လူ့ဦးခေါင်းအရွယ်ရှိသော ဧရာမ အနီရောင်မျက်လုံးများက လူနှစ်ဦးနှင့် မှော်ဝင်သားရဲကို စူးစမ်းကြည့်နေသလို လည်သွား၏။

ရေမျက်နှာပြင်ပေါ်သို့ ထိုးထွက်နေသော ဧရာမ ကျောခွံကြီး၏ အက်ကွဲကြောင်းများကြားတွင် စိမ်းပြာရောင်ရေညှိများ အပြည့်ရှိနေကာ သေးငယ်သောအပင်ငယ်လေးများပင် အမြစ်တွယ်ပြီး ပေါက်နေလေသည်။ အသက်ဝင်နေသော ကျောက်တုံးတစ်ခုလိုပင်။

ယူဂျင်းက တံတွေးကို ဂလုခနဲ မျိုချလိုက်သည်။ ဤမျှကြီးမားသော လိပ်မျိုးကို တစ်ခါမှ မမြင်ဖူးပေ။ လိပ်ကို အန္တရာယ်ရှိသော တိရစ္ဆာန်ဟု မထင်မှတ်ခဲ့ဖူးသော်လည်း ဤမျှကြီးမားလွန်းနေသဖြင့် သူ့ခန္ဓာကိုယ်က အလိုလို ကျုံ့သွားခဲ့ရ၏။ ခါဆယ်ရ်ကမူ လိပ်မှော်ဝင်သားရဲက ရန်လိုမှု မပြသော်လည်း သတိလက်လွတ်မနေခဲ့ပေ။ သူက ခဏတွင်းချင်း ချက်ချင်း ခုန်ပျံရှောင်ရှားနိုင်ရန် ဒူးကို အနည်းငယ်ကွေးကာ မြေပြင်ကို တွန်းကန်ပြီး ခုန်တက်ရန် အသင့်အနေအထား ပြင်ထား၏။

သူတို့က ထူးဆန်းသော တိတ်ဆိတ်မှုအတွင်းတွင်​ ခေတ္တမျှ မျက်နှာချင်းဆိုင်ကာ နေခဲ့ကြသည်။ အာဘူ၏ မာန်ဖီဟိန်းဟောက်သံကိုသာ ကြားနေရ၏။ လိပ်က ယင်း၏ အနီရောင်မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ကာ ရေထဲသို့ တဖြည်းဖြည်း ပြန်ဝင်သွားလေသည်။

လိပ်၏ကျောခွံ ရေမျက်နှာပြင်အောက်သို့ လှုပ်ခတ်ကာ နစ်မြုပ်သွားသည်နှင့်အမျှ ယူဂျင်းက အလောတကြီး အော်လိုက်၏။

"ခဏလေး။ မသွားပါနဲ့ဦး။"

ယူဂျင်း၏ ခေါ်သံကို တုံ့ပြန်သည့်အလား လိပ်၏ခန္ဓာကိုယ်က ရေအောက်တွင် နစ်မြုပ်လျက်ရှိသော်လည်း ဦးခေါင်းကိုသာ ရေမျက်နှာပြင်ပေါ်တွင် ထုတ်ထားလျက် လှုပ်ရှားမှု ရပ်တန့်သွားသည်။ လိပ်က 'ဘာဖြစ်လို့လဲ' ဟု မေးနေသည့်အလား ယူဂျင်းကို စိုက်ကြည့်လာတော့ ယူဂျင်းလည်း ကြောင်သွားရ၏။

"နင်က... ဒီနယ်မြေရဲ့၊ အဲ့ဒီတော့ကလေ ဒီပတ်ဝန်းကျင်က နင့်ရဲ့ ပိုင်နက်လား။"

ယူဂျင်းက အာဘူ စကားနားလည်ပြီး သူ့နည်းသူ့ဟန်ဖြင့် သဘောထားကို ထုတ်ဖော်နိုင်သကဲ့သို့ လိပ်မှော်ဝင်သားရဲသည်လည်း ထိုနည်းအတိုင်း ပြန်ဖြေလိမ့်မည်ဟု တွေးခဲ့မိသည်။ သို့သော် ထင်မှတ်မထားသောအဖြစ်တစ်ခု ဖြစ်ပျက်ခဲ့၏။

—ငါ့ကို ဖျက်ဆီးဖို့ လာတာလား။ ဖျက်ဆီးတာမပြောနဲ့ သေဆုံးခြင်းကိုလည်း လောလောဆယ် မလိုချင်သေးဘူး။

ကျား၊ မ ခွဲခြားရခက်သည့် ကြည်လင်သော အသံတစ်သံ ပဲ့တင်ထွက်လာသည်။ ယူဂျင်းတစ်ယောက် အံ့သြမှင်တက်စွာ ပင့်သက်ရှိုက်လိုက်မိ၏။ ခါဆယ်ရ်၏ မျက်လုံးများလည်း တုန်လှုပ်သွားကာ ယူဂျင်းကို ဖက်ထားသော လက်ထဲတွင် အားများ တင်းသွားလေသည်။

"စ၊ စကားပြောတယ်။ လူသားတွေရဲ့ စကားကို ပြောတတ်တာလား။"

—လူသားတွေရဲ့စကား မဟုတ်ဘူး။ ငါ့ရဲ့ ဆန္ဒကို ဖော်ပြနေတာ။

"အရှင်မင်းကြီး။"

ယူဂျင်းတစ်ယောက် ခေါင်းထဲတွင် ရှုပ်ထွေးသွားကာ သူ့ကိုသာ ခေါ်နိုင်တော့သည်။ ခါဆယ်ရ်က ယူဂျင်း၏ တိုတောင်းလှသည့် တစ်ခွန်းတည့်သော စကားထဲမှ ရှုပ်ထွေးမှုများနှင့် မေးခွန်းများကို ခန့်မှန်းမိကာ ပြန်ဖြေခဲ့၏။

"ငါလည်း မသိဘူး။ ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူး၊ မကြားဖူးဘူး။"

ယူဂျင်းလည်း အင်မတန် အံ့ဩမှင်တက်သွားတော့သည်။ သူရေးခဲ့သော ဝတ္ထုက ဤကမ္ဘာနှင့် အလုံးစုံ တူညီမှုမရှိသော်လည်း ဤကမ္ဘာအကြောင်း ဗဟုသုတများ၊ အထူးသဖြင့် မှော်ဝင်သားရဲများအကြောင်းကို အတော်အတန် သိသည်ဟု ထင်ခဲ့မိ၏။ သို့သော် ယူဂျင်း၏ဝတ္ထုတွင် စကားပြောတတ်သော မှော်ဝင်သားရဲမျိုး တစ်ခါမျှ ပေါ်လာခဲ့ခြင်းမရှိပေ။

ယူဂျင်းလည်း စိတ်ထဲတွင်ပေါ်လာသော မရေမတွက်နိုင်သည့် မေးခွန်းများကို ခေတ္တမေ့ဖျောက်ကာ လိပ်မှော်ဝင်သားရဲကို ဆွဲထားနိုင်ရန် နှစ်သိမ့်နားချလိုက်သည်။

"ငါတို့က နင့်ကို ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။ လန့်သွားစေခဲ့ရင် တောင်းပန်ပါတယ်။"

—ငါ့ကို ခြိမ်းခြောက်ရန်ပြုဖို့ မရည်ရွယ်ဘူးဆို ပရာ့ဂ်ျကို ဖယ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။

လူသားတစ်ယောက် စကားပြောနေသည့်အလား သဘာဝကျသော အသုံးအနှုန်းကို အသုံးပြုနိုင်သည့် ထိုမှော်ဝင်သားရဲ၏ စွမ်းရည်ကြောင့် ယူဂျင်းလည်း အံ့သြသွားရ၏။ ယူဂျင်းက ပရာ့ဂ်ျကို ဖြေလျှော့ဖယ်ရှားပေးဖို့မပြောဘဲ ခါဆယ်ရ်၏လက်မောင်းကို အသာဖွဖွလေးပုတ်ကာ ခေါ်လိုက်သည်။

"အရှင်မင်းကြီး။"

ခါဆယ်ရ်က မျက်မှောင်ကြုတ်ကာ ဧရာမ လိပ်မှော်ဝင်သားရဲကို စိုက်ကြည့်လိုက်သည်။ ထိုမိစ္ဆာက ပရိယာယ်ကြွယ်၍ စဉ်းလဲစွာ အကြံထုတ်နေခြင်းပေပဲလားဟု သံသယဖြစ်မိ၏။ သူ၏ စိုးရိမ်ပူပန်မှုနှင့် သံသယကို ထင်ဟပ်ပြသနေသည့်အလား အပြာရောင်မြွေကြီးက ယင်း၏ ကိုယ်လုံးရှည်ရှည်ကို ဆန့်တန်းလိုက်ကာ လိပ်ဆီသို့ ဦးတည်၍ ပါးစပ်ကို အကျယ်ကြီးဟပြီး ကြမ်းတမ်းစွာ ဟိန်းဟောက်လေသည်။

လိပ်က ယင်း၏ အနီရောင်မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ဖွင့်လိုက်လုပ်ရင်း အနောက်သို့ အသာလေး ကူးခတ်ဆုတ်ခွာသွား၏။ အချိန်မရွေး ထွက်ပြေးနိုင်ရန်အတွက် သင့်တော်သော အကွာအဝေးကို ယူထားသည့်ပုံပင်။ ကြောက်တတ်သူ လူထွားကြီးနှင့်တူသည့် ထိုပုံစံကိုမြင်တော့ ယူဂျင်းက 'ဖူး' ဟု ရယ်လိုက်မိသည်။

"အရှင်မင်းကြီး။ ဘာမှမဖြစ်ပါဘူး။ အဆင်ပြေမဲ့ပုံပါပဲ။"

ယူဂျင်းက ရယ်နေရင်း သူ့ခါးကို ဖက်ထားသော ခါဆယ်ရ်၏ လက်မောင်းကို ငုံ့ကြည့်လိုက်သည်။ ခါဆယ်ရ်၏ ခန္ဓာကိုယ်ကို ဝန်းရံကာ ပေါ်လာသည့် အပြာရောင်မြွေ၏ပုံသဏ္ဌာန်က ထင်ရှားသော အကြေးခွံများကိုပင် မြင်ရလောက်အောင် ထင်ရှားပြတ်သားလှ၏။

'နဂိုကတည်းက ဒီလိုပဲလား။'

မြွေ၏ပုံသဏ္ဌာန်က မရဏဘုရင်၏ ပရာ့ဂ်ျကို ကိုယ်စားပြုသည်။ ထို့ကြောင့် အခြားဘုရင်များ၏ ပရာ့ဂ်ျများက မြွေပုံသဏ္ဌာန်မဟုတ်သလို၊ မရဏဘုရင်ကဲ့သို့ ထင်ရှားပြတ်သားသော ပုံသဏ္ဌာန်ကိုလည်း ဖန်တီးနိုင်ခြင်းမရှိပေ။ သို့ရာတွင် မရဏဘုရင်၏ ပရာ့ဂ်ျက ဖန်တီးထားသော မြွေသည်လည်း အဝေးမှကြည့်လျှင် အစစ်နှင့်တူသော်ငြား အနီးကပ်ကြည့်လျှင် သိသာပေသည်။ လူကို တစ်ပိုင်းတစ်စ ထိုးဖောက်မြင်နေရခြင်းကြောင့်ပင်။

သို့သော် ယခု ယူဂျင်းမြင်နေရသည့် ပရာ့ဂ်ျမှာ မြွေအစစ်နှင့် တူနေ၏။ သူ့လက်မောင်းပေါ်တွင် ရစ်ပတ်ထားသော မြွေ၏ကိုယ်ကို ကျော်လွန်၍ သူ၏အသားကို မမြင်ရပေ။

ယူဂျင်းက လူအများစုကဲ့သို့ မြွေကို မုန်းတီးသော်လည်း ပရာ့ဂ်ျက ပုံသဏ္ဌာန်မဲ့သော စွမ်းအင်ဖြစ်ကြောင်း သိထားသဖြင့် မြွေဟု မသတ်မှတ်ခဲ့။ သို့သော် ယခုမူ အင်မတန် အစစ်နှင့်တူနေလေ၏။ လက်ဖြင့်ထိကြည့်လျှင် မြွေ၏ အေးစက်သော အကြေးခွံများကို ခံစားရမည်ဟု ထင်ရသဖြင့် အတည်ပြုကြည့်လိုသည့် ရည်ရွယ်ချက်ကို မပေါ်လွင်စေဘဲ မြွေ၏ကိုယ်ထည်အောက်ရှိ ခါဆယ်ရ်၏ လက်မောင်းကို သဘာဝကျကျလေး ထိကြည့်လိုက်သည်။ မည်သည့်အရာကိုမျှ သူ့လက်ဖြင့်မထိမိဘဲ ခါဆယ်ရ်၏အသားကိုသာ ခံစားမိရ၏။

ယူဂျင်းလည်း စိတ်သက်သာရာရသွားသည့် အပြုံးကို ပြုံးလိုက်ကာ သူ၏လက်မောင်းကို တစ်ခါထပ်ပြီး ဖွဖွလေး ပုတ်လိုက်သည်။

"အရှင်မင်းကြီး။"

အပြာရောင်မြွေ၏ ပုံသဏ္ဌာန်က တဖြည်းဖြည်း မှေးမှိန်သွားကာ သူ့လက်မောင်းထဲသို့ စိမ့်ဝင် ပျောက်ကွယ်သွားလေသည်။ ယူဂျင်းက ထိုဖြစ်စဉ်ကို ထူးဆန်းသော ခံစားချက်ဖြင့် ကြည့်နေခဲ့၏။ ဤမျှကြီးမားသော မှော်ဝင်သားရဲကိုပင် ကြောက်ရွံ့စေလောက်အောင် အစွမ်းထက်သည့် သားရဲ၏ထိန်းချုပ်သူ ဖြစ်သွားသလိုပင်။ လာ့ခ်က အာနီခါကို အန္တရာယ်မပြုနိုင်မှန်း သိသော်လည်း သူ့ကို ကာကွယ်ပေးနေသည့်အလား တင်းကျပ်စွာ ဖက်ထားသော ထိုလူကြောင့် အလွန်ပင် စိတ်ချလုံခြုံနေသည်။ တစ်သက်လုံး သူ့အပါးတွင် ဤလူကိုသာ ရှိနေစေချင်သည်ဟု တိုတောင်းသော အတွေးတစ်ခု ဖြတ်ပြေးသွား၏။

ယူဂျင်းက လိပ်ကို ပြောလိုက်သည်။

"နင့်လိုမျိုး စကားပြောနိုင်တဲ့... လူ့ဘာသာစကား မဟုတ်ဘူးလို့ ပြောခဲ့တယ်နော်။ ဘာပဲဖြစ်ဖြစ် ဒီလိုနည်းနဲ့ စကားပြောနိုင်တဲ့ မှော်ဝင်သားရဲတွေ နောက်ထပ်ရှိသေးလား။"

—မသိဘူး။ အခုအထိ ငါ့ထက်ပိုကြီးတဲ့ကောင်နဲ့ မတွေ့ဖူးသေးလို့။

"ဧကန္တ မှော်ဝင်သားရဲတွေအားလုံးက ငါတို့နဲ့ စကားပြောနိုင်ပေမဲ့ မပြောဘဲနေကြတာများလား။"

—အဲ့ဒီလိုတော့မဟုတ်ဘူး။ အရင်တုန်းကဆို ငါလည်း မလုပ်နိုင်ခဲ့ဘူး။

"နင်က ဘယ်တုန်းကစပြီး စကားပြောနိုင်သွားတာလဲ။ ဘယ်လို အကြောင်းရင်းကြောင့်လဲ။"

—ငါက ဟိုးလွန်ခဲ့တဲ့အချိန်တွေကတည်းက ဖြစ်တည်နေခဲ့တာ။ အဲ့ဒီလိုကနေ တစ်နေ့မှာ သူ့ဟာနဲ့သူ လုပ်နိုင်သွားတာပဲ။

ယူဂျင်းက လိပ်၏အဖြေကို 'အသက်ကြီးလာတော့ စကားပြောတတ်လာတာပဲ' ဟု အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။ မှော်ဝင်သားရဲများက အခြေခံအားဖြင့် လေ့လာမှုများမှတစ်ဆင့် သင်ယူကာ ဆင့်ကဲပြောင်းလဲနိုင်ကြသဖြင့် ဖြစ်နိုင်ခြေရှိ၏။ လိပ်၏ ခန္ဓာကိုယ်အရွယ်အစားကိုကြည့်လျှင် ဤမှော်ဝင်သားရဲက အလွန်ကြာရှည်စွာ အသက်ရှင်ခဲ့မည်မှာ သေချာပေသည်။ ရုတ်တရက် ယူဂျင်းတစ်ယောက် သူ မွေးဖွားကြီးပြင်းခဲ့ရာ ကမ္ဘာမှ ရိုးရာပုံပြင်များကို သတိရသွား၏။ ရှေးဟောင်းပုံပြင်များတွင် နှစ်ပေါင်းရာချီ သက်တမ်းရှိပြီး လူ့အသွင်ဆောင်နိုင်သော သားရဲတိရစ္ဆာန်များ မကြာခဏ ပေါ်လာတတ်ပေသည်။

ယူဂျင်း အာဘူကို ကြည့်လိုက်သည်။ အစောပိုင်းကထက် ပို၍တည်ငြိမ်သွားပြီဖြစ်သော်လည်း အမွေးလေးများ ထောင်နေဆဲဖြစ်ကာ သွားများကိုလည်း ဖြဲထားဆဲပင်။ မိမိထက် အဆပေါင်းများစွာ ပိုကြီးသော 'မှော်ဝင်သားရဲ' ရှေ့တွင်ပင် ရဲရင့်နေသည့် အာဘူကို ဂုဏ်ယူမိရ၏။ ထိုဉာဏ်ကောင်းသည့်ကောင်လေးက အသက်ကြီးလာသည့်နောက် တစ်ချိန်ချိန်တွင် စကားပြောနိုင်လာမည်ဆိုလျှင်လည်း အံ့သြစရာမဟုတ်ပေ။

"မင်းက ဘယ်တုန်းကစပြီး ဒီနေရာကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ခဲ့တာလဲ။"

ခါဆယ်ရ်က မေးလိုက်သည်။

— ဒီနားမှာနေတဲ့လူတွေ ထွက်သွားပြီးတဲ့နောက်ပိုင်းကတည်းကပဲ။

ဤခံတပ်မြို့ဟောင်းကို စွန့်ခွာကာ မြို့တော်သို့ ရွှေ့ပြောင်းခဲ့သည့်အချိန်ကဆိုလျှင် ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ ရှေးပဝေသဏီကတည်းကရှိခဲ့သည့် အထွတ်အမြတ်နေရာက မှော်ဝင်သားရဲ၏ အသိုက်အဖြစ် အသုံးပြုခံနေရသည်ဆိုတော့ ခါဆယ်ရ်တစ်ယောက် စိတ်ပျက်ဒေါသထွက်မိလေတော့သည်။

ယူဂျင်းကလည်း ရှေ့မတိုးသာ၊ နောက်မဆုတ်သာဖြစ်နေသည့် ရှုပ်ထွေးသော သူ၏ခံစားချက်ကို နားလည်၏။

'မှော်ဝင်သားရဲတွေက သူတို့နယ်မြေကို အရမ်းတွယ်တာတတ်ကြတော့ လွယ်လွယ်နဲ့ ထွက်သွားမှာ မဟုတ်ဘူး။'

ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ အမဲလိုက်ခြင်းပင်။ သို့ရာတွင် ရေကန်၏အနက်က မှော်ဝင်သားရဲအတွက်သာ တစ်ဖက်သတ် အားသာချက်ရှိစေမည်ဖြစ်၍ ဤအမဲလိုက်ခြင်းက ခက်ခဲသော အမဲလိုက်မှုဖြစ်လာမည်မှာ ကျိန်းသေပေသည်။ ဤနေရာ၌သာ ခြေချုပ်မိကာ မှော်ဝင်သားရဲကို အမဲလိုက်ရန် အာရုံစိုက်နေ၍လည်း မဖြစ်ပြန်ပေ။ ဘုရင်မင်းမြတ်တွင် လုပ်စရာများ အများအပြား ရှိနေသေးသည်။

'ဒီအတိုင်း ပိုင်နက်နယ်မြေအဖြစ် အသိအမှတ်ပြုပေးရမှာပေါ့။ အဲ့ဒီအစား ပြဿနာမရှာဖို့ပဲ သတိပေးပြီးတော့...... အာ။'

အကြံကောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

"ဒီမြေက ငါတို့အတွက် အင်မတန်ထူးခြားတဲ့ အဓိပ္ပာယ်မျိုးရှိတဲ့မြေပဲ။ နင့်ကို ဒီမှာနေဖို့ ခွင့်ပြုပေးမယ်၊ အဲ့ဒါကြောင့် ငါတို့ကို ကူညီပေး။ နင့်အကူအညီကို လိုအပ်တယ်။"

'ယူဂျင်း' က မှော်ဝင်သားရဲကို ပြောနေရင်း ခါဆယ်ရ်ကို ကြည့်လိုက်သည်။ မှော်ဝင်သားရဲနှင့် ညှိနှိုင်းခွင့်ပြုပါဟူသော သဘောပင်။ အကြည့်ချင်းဆုံတော့ ခါဆယ်ရ်က တိုပြတ်ပြတ် ခေါင်းညိတ်ခဲ့သည်။ ယူဂျင်း မှော်ဝင်သားရဲကို မည်သည့်ကိစ္စအတွက် အသုံးချချင်မှန်း သူလည်း သိချင်နေ၏။

~~~~

ဘုရင်မင်းမြတ်နှင့် မိဖုရားတို့ ရေကန်နားတွင် လမ်းလျှောက်ခြင်းကို အဆုံးသတ်ကာ ပြန်ရောက်လာချိန်က နေ့လယ် မွန်းတည့်ချိန်ကို ကျော်လွန်နေပေပြီ။ ခါဆယ်ရ်က ယနေ့ ခရီးဆက်ရန် နောက်ကျနေပြီဖြစ်သဖြင့် ဤနေရာမှာပင် နောက်တစ်ညအိပ်ကာ မနက်နေထွက်သည်နှင့် တစ်ပြိုင်တည်း ခရီးဆက်ဖို့ ပြင်ဆင်ထားရန် အမိန့်ပေးခဲ့သည်။

ထို့နောက် စစ်သည်တော်ကို အာဒရစ်ထ်အား ဆွဲခေါ်လာရန် အမိန့်ပေးကာ လူအားလုံး ကြည့်နေသည့်နေရာမှာပင် ပြောလိုက်၏။

"လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို ဘယ်လို စီရင်မလဲဆိုတာ ဆုံးဖြတ်တော့မယ်။ ကျကျနန အခမ်းအနားနဲ့ မြင့်မြတ်တဲ့နေရာမှာလုပ်ဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ ဒီလို သွေးထွက်သံယိုကိစ္စမျိုးက မင်္ဂလာမရှိဘူး။ ဒါပေမဲ့ စောစောက ရေကန်ကို လှည့်ပတ်ကြည့်ပြီးတဲ့နောက်မှာ မိဖုရားက ဒီအထွတ်အမြတ်မြေရဲ့ မြင့်မြတ်တဲ့ ရေကန်က လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ရဲ့ ကျက်သရေယုတ်တဲ့ အညစ်အကြေးတွေကို ဆေးကြောပေးလိမ့်မယ်လို့ဆိုတယ်။ ဆဗဲန်။"

"ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။"

"လှည့်လည်သွားလာသူ သူမျိုးနွယ်စုဝင်ကို ကွပ်မျက်စီရင်တဲ့ကိစ္စ မင်းကို လွှဲအပ်တယ်။ ရေနှစ်ပြီး ကွပ်မျက်စေ။ မျိုးနွယ်စုဝင်ရဲ့သွေးကြောင့် ရေကန်ရေ ညစ်ညမ်းသွားတာမျိုး မဖြစ်စေနဲ့။"

"ကျွန်တော်မျိုး သတိထားပြီး အမိန့်တော်အတိုင်း လိုက်နာဆောင်ရွက်ပါ့မယ်။"

"ကွပ်မျက်စီရင်မှုကို သက်သေအဖြစ် ကြည့်ရှုမဲ့သူတွေက လွတ်လွတ်လပ်လပ် သွားနိုင်တယ်။"

အမိန့်ပေးပြီးသည့်နောက် ဘုရင်မင်းမြတ်နှင့် မိဖုရားတို့က ယာယီတဲနန်းထဲ ဝင်သွားကြသည်။

ဆဗဲန်၏ ဦးဆောင်မှုအောက်တွင် စစ်သည်တော်များက ကွပ်မျက်စီရင်ရန်အတွက် လိုအပ်သောပစ္စည်းများကို ပြင်ဆင်ခဲ့ကြ၏။ လှည့်လည်သွားလာသူမျိုးနွယ်စုဝင်ကို ရေကန်နားဆီ ဆွဲခေါ်သွားသည့် စစ်သည်တော်များနောက်သို့ ရဲတိုက်အမှုထမ်းများနှင့် မှူးမတ်အရာရှိအချို့က သက်သေအဖြစ် လိုက်သွားကြလေသည်။

ယူဂျင်းက တဲနန်းအပြင်ဘက်မှ အခြေအနေကို နားစွင့်နေ၏။ ဆူဆူညံညံ အသံလေးများ ကြားလိုက်ရပြီး မကြာခင်မှာပင် တိတ်ဆိတ်သွားတော့ သူက သက်ပြင်းတစ်ချက်ချလိုက်သည်။

"အစီအစဉ်အတိုင်း အောင်မြင်ပါ့မလားဟင်။"

"အောင်မြင်မှာပါ။"

"အဲ့ဒီ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်က ကျွန်မပြောတဲ့အတိုင်း လိုက်နာပါ့မလား။ ကျွန်မကို လိမ်သွားရင်ရော။ ကျွန်မ လူကဲခတ်မှားခဲ့တာလည်း ဖြစ်နိုင်တာပဲကို။ အဲ့ဒီတိုင်း ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲဟင်။"

"အဲ့ဒါက မင်းရဲ့အမှားမှမဟုတ်တာ။ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်တစ်ယောက်လောက်ကို လွှတ်ပေးလိုက်လို့လည်း ပြဿနာ ကြီးကြီးမားမား ရှိမှာမဟုတ်ဘူး။"

ယူဂျင်းက ခါဆယ်ရ်ကို ငေးကြည့်နေရာမှ သူ့အား ဝှစ်ခနဲ ဆွဲဖက်ခဲ့သည်။ လက်နှစ်ဖက်ဖြင့် သူ၏ခါးကို ဖက်တွယ်ထားရင်း ရင်ခွင်ထဲသို့ ခေါင်းလေးတိုးဝှေ့ကာ ပြောလိုက်၏။

"ကျွန်မရဲ့ တောင်းဆိုမှုကို လိုက်လျောပေးလို့ ကျေးဇူးတင်ပါတယ်။"

ခါဆယ်ရ်က ပြုံးလိုက်ကာ ယူဂျင်း၏ ကျောပြင်လေးကို ထွေးပွေ့ခဲ့သည်။

"ဒါက ရှင့်အတွက် အန္တရာယ်များတဲ့ ပြဿနာအကြီးကြီးမှန်း သိပါတယ်။ ဆန်းဂျယ်ရဲ့ စည်းမျဉ်းကို ဆန့်ကျင်ရတာမဟုတ်လား။"

"..."

ခါဆယ်ရ်၏ လှည့်လည်သွားလာသူ မျိုးနွယ်စုအပေါ် ထားရှိသော ရန်လိုစိတ်က အခြားသူများနှင့် တစ်မူကွဲပြားပေသည်။ ဆန်းဂျယ်ပြောသည့် လှည့်လည်သွားလာသူ မျိုးနွယ်စု၏ ယုတ်ညံ့သော မစင်ကြယ်မှုကြောင့် ရွံမုန်းခြင်းထက် လူအမြောက်အမြား၏ အသက်အား ကယ်တင်နိုင်မည့် နည်းလမ်းကို သူတို့အချင်းချင်းသာ ဝေမျှထားကြခြင်းအပေါ် စိတ်ပျက်မိခြင်းပင်။ ထို့ကြောင့် ဆန်းဂျယ်၏ အမိန့်ကို မနာခံဘဲ ဖီဆန်ရသည့်အတွက် ခံစားရသော စိုးရိမ်မှုသည်လည်း အနည်းငယ်သာရှိလေ၏။

'ဆန်းဂျယ်အရှင်မြတ်ရဲ့ မိန့်ကြားချက်တွေကို သံသယဝင်ဖူးတာမျိုး မရှိဘူးလားရှင့်။'

စောစောက ယူဂျင်း မေးခဲ့သည့် မေးခွန်းကို သူက ယခု စိတ်ထဲမှ ပြန်ဖြေလိုက်သည်။

'သံသယဆိုတာတော့ အမြဲရှိနေတာပေါ့။'

သို့သော် သူက မိမိ၏ သံသယကို လုံးဝ ဖော်ထုတ်ပြသ၍ မဖြစ်ပေ။ တိုင်းပြည်၏ အရှင်သခင်ဖြစ်သော်လည်း ဘုရားသခင်၏ တမန်တော်ဖြစ်သော ဆန်းဂျယ်၏ အကြွင်းမဲ့အာဏာအောက်တွင် နေထိုင်နေရသောကြောင့်ပင်။

ရုတ်တရက် နတ်ရွာစံဘုရင်မင်းမြတ်၏ နောက်ဆုံးမှာကြားချက်ကို သတိရလိုက်သည်။ ခမည်းတော်ဘုရင်မင်းမြတ်က နတ်ရွာမစံမီ သူ၏ နောက်ဆုံးအချိန်ကို စောင့်ကြည့်နေသော ခါဆယ်ရ်အား အိပ်ရာအနားသို့ခေါ်ကာ ခါဆယ်ရ်တစ်ယောက်တည်းသာ ကြားနိုင်လောက်အောင် တိုးတိတ်သော လေသံဖြင့် ပြောခဲ့၏။

[ငါ့သား။ မဟာကို မယုံကြည်နဲ့။]

ထိုစကားအပြီးတွင် သတိလစ်သွားခဲ့ကာ ရက်ပိုင်းလောက်ကြာအောင် သတိပြန်မရတော့ဘဲ နတ်ရွာစံသွားခဲ့သဖြင့် နောက်ဆုံးမှာကြားချက်နှင့် မခြားပေ။ ဘုရားသခင်ကိုချည်း အားမကိုးဘဲ ကြိုးစားပြီး အသက်ရှင်နေထိုင်ရန် အကြံပေးခြင်းပဲလား၊ သို့မဟုတ် နောက်ကွယ်တွင် အခြားအဓိပ္ပာယ်များ ရှိနေသလားဆိုသည်ကိုမူ မသိနိုင်ခဲ့။

သို့သော် ခမည်းတော် ဘုရင်မင်းမြတ်က အသက်ရှင်နေစဉ်ကာလတစ်လျှောက်လုံး ရုတ်တရက် မထင်မှတ်သောစကားကို ပြောခြင်း၊ အပြုအမူများ ဆောင်ရွက်ခြင်းတို့ကို မကြာခဏ လုပ်လေ့ရှိသူဖြစ်ရာ ခါဆယ်ရ်လည်း သူ၏ နောက်ဆုံးမှာကြားချက်ကို အလေးအနက် မထားခဲ့ပေ။ သို့တိုင် သူ ၏မသိစိတ်တွင်တော့ လွှမ်းမိုးခံခဲ့ရပုံပင်။ အကြောင်းရင်းမရှိသော်လည်း ဆန်းဂျယ်နှင့် စိတ်ပိုင်းဆိုင်ရာ အကွာအဝေးကို ထားရှိချင်ခဲ့၏။

'ခိုင်လုံတဲ့အထောက်အထား ကြီးကြီးမားမားမရှိဘဲ ခံစားချက်သက်သက်ကြောင့် ဖြစ်လာတဲ့အကြောင်းရင်းပဲလားလည်း မသိဘူးပေါ့။'

ခါဆယ်ရ် ခါးသီးစွာ ပြုံးလိုက်သည်။ အလေးအနက်မထားရန် ကြိုးစားသော်လည်း ခမည်းတော် ဘုရင်မင်းမြတ်၏ နောက်ဆုံးမှာကြားချက်က သူ့စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာ၏။ အတိအကျပြောရလျှင် နောက်ဆုံးမှာကြားချက်၏ အကြောင်းအရာထက် စကားလုံး တစ်လုံးတည်းပင်။

[ငါ့သား။]

ယင်းမှာ သူ မွေးဖွားလာပြီးကတည်းက ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည့် အခေါ်အဝေါ်ပင်။ ထိုနေ့မှသာ သူက တစ်စုံတစ်ယောက်၏ သားဖြစ်ခဲ့သည်ကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။ တိုတောင်းသော ထိုအခေါ်အ​ဝေါ်လေးကို အစွဲအလမ်းကြီးနေသည့် မိမိကိုယ်ကိုယ် ကလေးဆန်သည်ဟု ချက်ချင်းပင် တွေးလိုက်မိ၏။

တိုင်းပြည်၏ ရှည်လျားသော သမိုင်းကို ကိုယ်စားပြုသည့် အထွတ်အမြတ်နေရာသို့ ရောက်လာသောကြောင့်ပဲ ဖြစ်မည်လား။ ခါဆယ်ရ်တစ်ယောက် ရုတ်တရက် စိတ်ထိခိုက်ခံစားလွယ်သော အတွေးများ ဝင်လာလေသည်။ သူ ထွေးပွေ့ထားသော ဤအမျိုးသမီးအား နတ်ရွာစံ ခမည်းတော်ကို ပြသချင်လာမိ၏။

~~~~

စစ်သည်တော်များက အာဒရစ်ထ်၏ ဦးခေါင်းပေါ်သို့ သားရေအိတ်ကို စွပ်လိုက်ကြသည်။ မည်မျှပင် ရုန်းကန်ပါစေ ပြတ်ထွက်မသွားစေရန် လက်နှင့် ခြေထောက်များကို သေသေချာချာ တုပ်နှောင်ထား၏။ ထို့အပြင် ကျောက်တုံးကြီးတစ်တုံးကို အိတ်ထဲထည့်ကာ ထိုအိတ်ကို ချည်ထားသည့် ကြိုးအား အာဒရစ်ထ်၏ ခြေချင်းဝတ်တွင် ချိတ်ဆက်၍ ချည်နှောင်လိုက်သည်။

မည်မျှပင် ထူးခြားဆန်းကြယ်သည့် အတတ်ပညာမျိုး ရှိနေပါစေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လေးလံသော ကျောက်တုံးက အာဒရစ်ထ်၏ ကိုယ်ကို ရေကန်အောက်ခြေအထိ နစ်မြုပ်အောင် ဆွဲချသွားမည်ဖြစ်ကာ သေကြေပျက်စီးရန် ဆယ်မိနစ်ပင်ကြာလိုက်မည်မဟုတ်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment