အပိုင်း ၁၀၄
“နင့်စကားက ရုန်းကန်လှုပ်ရှားရတဲ့ရာသီတစ်လျှောက်လုံး ဒီနေရာမှာ နေခဲ့တယ်ဆိုတဲ့ သဘောလား။”
“ဟုတ်ပါတယ်။”
“ဒီတစ်ခေါက် ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာပဲလား။”
“နှစ်အနည်းငယ်တော့ ရှိပါပြီ။”
နှစ်ယောက်သား၏ စကားဝိုင်းထဲ ဝင်မပါသော်လည်း အာဒရစ်ထ်ကို စိုက်ကြည့်နေသော ခါဆယ်ရ်၏ မျက်နှာထားက တဖြည်းဖြည်း မနှစ်မြို့သည့်မျက်နှာထား ဖြစ်လာသည်။ ဘုရင့်တိုင်းပြည်၏ သမိုင်းကြောင်းပါဝင်ပတ်သက်နေသော အထွတ်အမြတ်နေရာတွင် မကောင်းဆိုးဝါး၏သင်္ကေတလို လူမျိုးက ခြေချနေထိုင်ခဲ့သည်ဟူသောအချက်ကို သူက မကျေနပ်နိုင်ဖြစ်နေ၏။
ယူဂျင်းက အာဒရစ်ထ်၏ အဖြေကို နားမလည်သဖြင့် ထပ်မေးလိုက်သည်။
“အထွတ်အမြတ်နေရာက ကျဉ်းတဲ့မြေလည်း မဟုတ်တာကို၊ ရေကန်ဟိုဘက်ခြမ်းကနေ ပတ်ပြီးပြန်ရင် အဖမ်းခံရမှာမဟုတ်လောက်ဘူးထင်တယ်။”
“ဘယ်သူမှ မရှိလောက်ဘူးလို့ ထင်ခဲ့တာပါ။”
ယူဂျင်းလည်း ဖြစ်ပျက်ခဲ့သည့် အခြေအနေကို ခန့်မှန်းကြည့်လိုက်သည်။
‘ဘုရင်မင်းမြတ်ရဲ့ ခရီးသွားအဖွဲ့ လာနေတာကို မြင်လို့ အထွတ်အမြတ်မြေကနေ ထွက်သွားတာ မဟုတ်ဘဲ အဲ့ဒီမတိုင်ခင်ကတည်းက ရှောင်တိမ်းနေခဲ့တာပဲ။’
အာဒရစ်ထ်သာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက အထွတ်အမြတ်နေရာတွင် နေခဲ့သည်ဆိုလျှင် ခြောက်သွေ့ရာသီစတင်ပြီး မကြာခင် ဘုရင်မင်းမြတ် လာရောက်မည်ကို သိထားမည်သာ။ နှစ်စဉ် ဤအချိန်ရောက်လျှင် ဘုရင်မင်းမြတ်က အထွတ်အမြတ်မြေ၌ ယဇ်ပူဇော်ပွဲလုပ်ကာ ပြန်သွားပြီးသားဖြစ်ပေလိမ့်မည်။ သို့ရာတွင် ဤတစ်ကြိမ်တွင်တော့ ခရီးသွားအဖွဲ့ကြီးနှင့်အတူ ချီတက်လာခဲ့သည့်အပြင် သဲမုန်တိုင်းကြောင့် လမ်းကြောင်းပြောင်းသွား၍ နောက်ကျပြီးမှ ရောက်လာခဲ့၏။
အာဒရစ်ထ်တစ်ယောက် အထွတ်အမြတ်နေရာတွင် ဘယ်သူမှမရှိတော့ဘူးဟုထင်ကာ ရောက်လာခဲ့ရာမှ တုံ့ပြန်မှုမြန်ဆန်သည့် စစ်သည်တော်၏ မျက်စိအောက်တွင် အမိဖမ်းခံလိုက်ရပုံပင်။
“နင်တို့က တစ်နေရာတည်းမှာ မနေကြဘူးဆို။”
“ဟုတ်ပါတယ်။”
“ဒါဆို နင်က နင်တို့ရဲ့ စည်းကမ်းကို ချိုးဖောက်ခဲ့တာလား။”
“မဟုတ်ပါဘူး။ ခိုလှုံရာနေရာကို ရှာတွေ့ရင်တော့ ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာ နေလို့လည်းဖြစ်ပါတယ်။”
“ခိုလှုံရာနေရာတဲ့လား။”
“ဒီအနီးအနားကို လာ့ခ်က ချဉ်းကပ်မလာပါဘူး။ ကျွန်တော်တို့က ဒီလိုနေရာမျိုးကို ခိုလှုံရာနေရာလို့ ခေါ်ကြတာပါ။”
“အထွတ်အမြတ်မြေမှာ လာ့ခ် ပေါ်မလာဘူးပေါ့လေ။ ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာတောင် မပေါ်လာဘူးလား။”
“ဟုတ်ပါတယ်။”
ယူဂျင်းက သိထားတာလားဟူသောအကြည့်ဖြင့် ခါဆယ်ရ်ကို ကြည့်လိုက်သည်။ သူက ဤအချက်အလက်ကို အစိမ်းသက်သက် ကြားဖူးခြင်းမရှိသည့် အမူအရာမျိုး ပြလာ၏။ အာဒရစ်ထ်၏စကားက အမှန်တရားဖြစ်နေလျှင်ပင် ဤတစ်လျှောက်လုံး အထွတ်အမြတ်နေရာသို့ ခြောက်သွေ့ရာသီ စတင်ပြီးသည်နှင့် ချက်ချင်းပင် ဘုရင်မင်းမြတ်က လာရောက်တတ်ခြင်းဖြစ်၍ သိနိုင်စရာအကြောင်းမရှိပေ။
ခါဆယ်ရ်က အာဒရစ်ထ်ကို ပထမဆုံးအကြိမ် မေးခွန်းထုတ်ခဲ့သည်။
“ဘာလို့ ခိုလှုံရာနေရာလို့ ခေါ်တာလဲ။”
“ခိုလှုံရာနေရာဆိုတာက ကြံ့ခိုင်အားကောင်းတဲ့ လာ့ခ်ရဲ့ပိုင်နက်နယ်မြေကို ကျွန်တော်တို့ခေါ်ကြတဲ့ အထူးနာမည်တစ်မျိုးပါ။ ကိုယ့်ရဲ့ ပိုင်နယ်မြေထဲကနေ မရွေ့လျားဘဲနေတဲ့ လာ့ခ်တွေရှိပါတယ်။ အဲ့ဒီလိုဆိုရင် အဲ့ဒီထက် အားနည်းတဲ့ လာ့ခ်တွေ ချဉ်းကပ်မလာတော့ပါဘူး။”
ခါဆယ်ရ်က အံ့ဩတကြီးအသံနှင့် ရေရွတ်လိုက်သည်။
“မှော်ဝင်သားရဲ...”
မိမိတို့အတွက် သီးသန့်ပိုင်နက်နယ်မြေ ဖန်တီးပြီး ယင်းနယ်မြေထဲမှ မထွက်ခွာဘဲ နေတတ်သည့် လာ့ခ်။ ယင်းမှာ မှော်ဝင်သားရဲ၏ ထူးခြားချက်ပင်။ မင်းသားဘဝတွင် မဖြစ်မနေ ဖြတ်သန်းရမည့် အခမ်းအနားတစ်ခုအဖြစ် မှော်ဝင်သားရဲကို အမဲလိုက်သည့်အခါ ထိုသို့သော သားရဲ၏ထူးခြားချက်များကို အသုံးချခဲ့ခြင်းဖြစ်သည်။
ဘုရင့်တိုင်းပြည်တွင် ဘုရင့်အရိုက်အရာခံ မွေးဖွားပြီးသည်နှင့် ချက်ချင်းပင် မှော်ဝင်သားရဲကို ရှာဖွေရန် စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းလေ့ရှိ၏။ ၁၀ နှစ်ကျော်ကြာ စဉ်ဆက်မပြတ် စုံစမ်းမှုများမှ မှော်ဝင်သားရဲရှိနိုင်သော နေရာအချို့ကို ရွေးချယ်လေ့ရှိသည်။ ပြီးလျှင် မင်းသား အသက် ဆယ့်သုံးနှစ်ကျော်လာသည်နှင့် ရရှိထားသော အချက်အလက်များကို အခြေခံကာ မှော်ဝင်သားရဲ အမဲလိုက်ခြင်းကို စတင်လေ၏။
မင်းသားက မှော်ဝင်သားရဲကိုဖမ်းရန် ရဲတိုက်မှထွက်ခွာသွားပြီး အများဆုံး တစ်နှစ်အတွင်း ပြန်ရောက်လာလေ့ရှိသည်။ ကြာမြင့်စွာ ကြိုတင်စုံစမ်းထားခြင်းမရှိလျှင် ထိုအချိန်အတွင်း မှော်ဝင်သားရဲကို ရှာဖွေပြီးဖမ်းဆီးရန် မဖြစ်နိုင်ပေ။
မေးခွန်းများက အဆုံးမရှိ ရှည်ကြာမည့်ပုံပေါ်နေသဖြင့် ဤမျှနှင့် အဆုံးသတ်ပြီး ခါဆယ်ရ်က ဆဗဲန်ကို ခေါ်လိုက်သည်။
“ခေါ်သွားပြီး စောင့်ကြည့်ထား။ ငါ့ရဲ့သီးခြားအမိန့် မရမချင်း သူ့ကို ထိခိုက်မှု တစ်စုံတစ်ရာမဖြစ်စေနဲ့။”
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
ဆဗဲန် အာဒရစ်ထ်ကို ခေါ်ထုတ်သွားပြီး မကြာခင်မှာပင် တဲအပြင်ဘက်မှ အသံတစ်ခု ကြားလိုက်ရသည်။
“အရှင်မင်းကြီး။ ထွက်ခွာဖို့ အဆင်သင့်ဖြစ်ပါပြီ။”
ခါဆယ်ရ် စောစောက အာဒရစ်ထ်ကို ခေါ်လာရန်အမိန့်ပေးခဲ့ချိန်တွင် လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို စစ်ဆေးမေးမြန်းပြီးသည်နှင့် ချက်ချင်း ထွက်ခွာရမည်ဖြစ်၍ ပြင်ဆင်ထားရန် ညွှန်ကြားခဲ့၏။ မိဖုရားက ဒီအတိုင်း သိလိုစိတ်ကြောင့် လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ကို ကြည့်ရှုရန် ရောက်လာသည်ဟုသာ ထင်ခဲ့မိသည်။
ယခု မထွက်ခွာလျှင် အစီအစဉ်များ ရှုပ်ထွေးသွားပေမည်။ သို့ရာတွင် မရေမရာ အန္တရာယ်ကို ချန်ထားခဲ့ပြီး ထွက်ခွာ၍မဖြစ်ပြန်ပေ။
တော်သေး၍ ယခုအချိန်အထိ အထွတ်အမြတ်နေရာသို့ လာရောက်စဉ်အတွင်း ဘာပြဿနာမှ မရှိသေးသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် မှော်ဝင်သားရဲက လူသားကို ရန်သူအဖြစ် စတင်သတ်မှတ်လာမည်ဆိုလျှင် ကြီးမားသော မတော်တဆမှု ဖြစ်ပွားရပေလိမ့်မည်။
“စောင့်နေဦး။”
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
ခါဆယ်ရ်က စိတ်ရှုပ်ထွေးနေသလို ခံစားချက်ဖြင့် ယူဂျင်းကို လှည့်ကြည့်လိုက်သည်။ အာဒရစ်ထ် ပြောခဲ့သည့် အကြောင်းအရာများကို သေချာစဉ်းစားနေသော ယူဂျင်းက သူနှင့် မျက်လုံးချင်းဆုံတော့ ပြောလိုက်၏။
“လိမ်တာတော့ မဖြစ်နိုင်ပါဘူး။”
“ငါလည်း အဲ့ဒီလိုပဲထင်တယ်။”
“အထွတ်အမြတ်နေရာက ဘယ်တုန်းကတည်းက မှော်ဝင်သားရဲရဲ့နယ်မြေ ဖြစ်သွားတာလဲရှင့်။”
“မသိဘူး။ ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာ ဒီကို လာကြည့်ရမလားပဲ…”
လာ့ခ်၏ စွမ်းအားကို အာရုံခံနိုင်သည့် ဘုရင်နှင့် အာနီခါ၏ စွမ်းရည်က ခြောက်သွေ့ရာသီတွင် အသုံးမဝင်ပေ။
လာ့ခ်များ အိပ်ပျော်နေသည့် ခြောက်သွေ့ရာသီတွင် မှော်ဝင်သားရဲကလည်း သူ့ပိုင်နက်သူ ကာကွယ်ရန် စွမ်းအားကို ဖုံးကွယ်ထား၏။ အခြားလာ့ခ်များထံမှ သူ့နယ်မြေသူ ကာကွယ်လိုသော မှော်ဝင်သားရဲအနေနှင့် အားအကုန်ခံပြီး သူ၏အစွမ်းကို ဖော်ထုတ်ပြသရန် မလိုအပ်သောကြောင့်ပင်။
ယူဂျင်းက အာဘူကို ကြည့်လိုက်သည်။ ခြောက်သွေ့ရာသီ စတင်ကတည်းက အာဘူထံမှ ခံစားရသော လာ့ခ်၏ ထူးခြားသည့် စွမ်းအားများ ပျောက်ကွယ်သွားပေပြီ။ အနီရောင်ဦးချိုနှင့် အနီရောင်မျက်လုံးများသာ မရှိလျှင် သာမန်တိရစ္ဆာန်တစ်ကောင်ဟုသာ ထင်မိပေမည်။ ဘုရင်မင်းမြတ်၏ မှော်ဝင်သားရဲ ဖြစ်လာခဲ့သော်လည်း ပိုင်နက်နယ်မြေကို ကာကွယ်ရင်း အလိုအလျောက် စွမ်းအားကို ထိန်းချုပ်ခဲ့သည့် ယခင်က အလေ့အကျင့်များ ကျန်နေသေးပုံပင်။
အာဘူကို စိုက်ကြည့်နေသည့် ယူဂျင်းက ရုတ်တရက် တစ်စုံတစ်ရာကို စဉ်းစားမိသွားသည့် အမူအရာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
“အရှင်မင်းကြီး။ လာ့ခ်တွေက ခန္ဓာကိုယ် အရွယ်အစားနဲ့ အင်အားကို ယှဉ်ကြတာမဟုတ်ဘူးလားရှင့်။”
“ဟုတ်တယ်။”
“စောစောက လူက ကြံ့ခိုင်အားကောင်းတဲ့လာ့ခ်ဆိုပြီး ပြောခဲ့တယ်လေ။ အင်အားကြီးတဲ့ လာ့ခ်ဆိုရင် ကိုယ်လုံးကြီးမှာပေါ့။ ဒီအနီးအနားမှာ ဧရာမ သတ္တဝါကြီးက ပေါ်ပေါ်ထင်ထင် မဖြစ်စေဘဲ ကိုယ်ကို ဝှက်ထားနိုင်လောက်တဲ့နေရာမျိုး ရှိလားဟင်။”
တဒင်္ဂ တိတ်ဆိတ်သွားပြီးနောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
“ရေကန်။”
"ရေကန်။"
~~~~
ဖီဒက်စ်က ရက်အနည်းငယ်ကြာအောင် ဟာရှီဘုရင့်တိုင်းပြည်၏ မြို့တော်တစ်ဝိုက်တွင် လှည့်လည်ပြီး အချက်အလက်များ စုဆောင်းခဲ့သည်။ သူ လိုအပ်နေသည်က တိကျသောပညာရပ်ဆိုင်ရာ အချက်အလက်များမဟုတ်ပေ။ သူက အရက်ဆိုင်တွင်ထိုင်ကာ လူများ တွတ်ထိုးပြောဆိုနေကြသော စကားများကို နားစွင့်ခြင်းဖြစ်စေ၊ စကားဝိဇ္ဇာများကို ငွေပေး၍ဖြစ်စေ ကောလာဟလများကို နားထောင်ခဲ့၏။
ဘုရင့်တိုင်းပြည် ခြောက်ပြည်မှ ပြည်သူများအဖို့ အမြဲတမ်း စကားပြောဆိုစရာ အကြောင်းအရာအဖြစ်ထားသည့် ခေါင်းစဉ်နှစ်ခုရှိသည်။ အထွတ်အမြတ်မြို့တော်သူ၊ မြို့တော်သားတို့၏ လူနေမှုပုံစံ...ဥပမာ အထွတ်အမြတ်မြို့တော်တွင် မည်သည်တို့ကို စားသောက်ကြသလဲ၊ မည်သည့်အရာများ ခေတ်စားနေသလဲ...အစရှိသည်နှင့် မိမိတို့၏ တော်ဝင်မိသားစုအကြောင်း သတင်းများပင်။
အခြေအမြစ်မရှိသော ကောလာဟလများနှင့် အမှန်တရားကို ခွဲခြားရန် ခက်ခဲသော်လည်း လူတို့ အများဆုံး ပြောဆိုကြသော ကောလာဟလများက အမှန်တရား ဟုတ်၊ မဟုတ်ကို အသာထား... မှတ်သားထိုက်သည့် တန်ဖိုးတော့ရှိ၏။
သို့ရာတွင် ခေါင်းစဉ်တစ်ခုတည်းအပေါ်ကိုသာ ပြင်းထန်သော စိတ်ဝင်စားမှုများ စုစည်းသွားသည့်အခါ သေးငယ်သော ကျန်ခေါင်းစဉ်များအားလုံး ပျောက်ကွယ်သွားလေ့ရှိသည်။ ဖီဒက်စ် ရက်အနည်းငယ်ကြာအောင် မြင်ခဲ့၊ ကြားခဲ့ရသော အရာများကလည်း ထိုအတိုင်းပင်။ သူ ဘယ်နေရာသွားသွား အားလုံးက စကားတစ်မျိုးတည်းကိုသာ ပြောဆိုနေကြ၏။
ယနေ့လည်း လာ့ခ် သစ်ပင် အနီးအနားတွင် လူအုပ်ကြီးက အုံလိုက်ကျင်းလိုက် စုဝေးနေပြန်သည်။ လူကြားထဲ ရောက်နေသော ဖီဒက်စ်က သစ်ပင်ကို စိုက်ကြည့်နေ၏။ လာ့ခ် သစ်ပင်အကြောင်း ပထမဆုံး ကြားသည့်နေ့က သွားခဲ့သလို မြို့တော်မှ မထွက်ခွာမီ နောက်တစ်ကြိမ် ထပ်ကြည့်ရန် လာခဲ့ခြင်းပင်။
‘လာ့ခ်က သစ်ပင်အဖြစ် ပြောင်းသွားတယ်တဲ့လား။’
ဖီဒက်စ်တစ်ယောက် ပျံ့နှံ့နေသော ကောလာဟလများက အင်မတန် ချဲ့ကားထားသဖြင့် ဘယ်အထိက အမှန်တရားမှန်း မသိနိုင်ခဲ့။ အာနီခါ မိဖုရားက ‘သစ်ပင် ဖြစ်သွားပါစေ’ ဟု အော်လိုက်သည်နှင့် လာ့ခ်က သစ်ပင်ဖြစ်သွားသည်ဟူသော ကောလာဟလကို ကြားရတော့ သူ ရယ်လိုက်မိသည်။
သို့ရာတွင် ထိုသစ်ပင်မှာ နဂိုက မျိုးစေ့ သို့မဟုတ် လာ့ခ် ဖြစ်ခဲ့သည်ဟူသောအချက်ကတော့ အမှန်တရား ဖြစ်ပေလိမ့်မည်။ တော်ဝင်မိသားစု၏ ဂုဏ်သတင်းကို မြှင့်တင်ရန် လုပ်ထားသည့် ပရိယာယ်အကွက်ဟု ပြောရန်အတွက် လိမ်ညာမှု၏ အတိုင်းအဆက ကြီးလွန်းနေ၏။
‘လာ့ခ် မဟုတ်ဘဲ မျိုးစေ့ကနေ သစ်ပင်ဖြစ်သွားတာပဲဆိုရင်တောင် ဒီလောက်ကြီးတဲ့ သစ်ပင်ကြီး နေ့ချင်းညချင်း ကြီးထွားလာတာမျိုးဆိုတာ…’
အဆင့်မည်မျှရှိသော ရာမီတာအစွမ်းဖြင့် လုပ်နိုင်ခဲ့ခြင်းလဲဆိုသည်ကို ခန့်မှန်း၍မရနိုင်ခဲ့။ ဖီဒက်စ် မြင်ဖူးသည့် လာ့ခ် သစ်ပင်မှာ အထွတ်အမြတ်မြို့တော် ရင်ပြင်မှ သစ်ပင်အိုကြီးသာဖြစ်၏။ နှိုင်းယှဉ်ကြည့်ရန်အတွက် နှိုင်းစရာသစ်ပင် မရှိခဲ့သော်လည်း သာမန်မဟုတ်ဟု ခံစားလိုက်ရသည်။
သို့ရာတွင် ဤကဲ့သို့ အံ့ဖွယ်ရာကို ဖြစ်ပေါ်စေခဲ့သူက အာနီခါ ဂျင် ဖြစ်နေသည်ကိုတော့ သူ နားမလည်နိုင်ခဲ့။
‘အာနီခါ ဂျင်ရဲ့ ရာမီတာအစွမ်းက ဒီအဆင့်လောက် ရှိခဲ့တာလား။’
အာနီခါ၏ ရာမီတာ အဆင့်အတန်းက လျှို့ဝှက်ချက်ဖြစ်သော်လည်း ထိုလျှို့ဝှက်ချက်ကို သေချာတိကျစွာ ထိန်းသိမ်းထားနိုင်ခြင်းမရှိပေ။ အာနီခါအချင်းချင်း အကြမ်းဖျဉ်း ခန့်မှန်းထားသည့် သူတို့၏ စွမ်းအားအဆင့်အတန်း သတင်းအချက်အလက်များက နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် ပေါက်ကြားသွားလေ့ရှိ၏။ ထို့ကြောင့် အာနီခါ၏ ရာမီတာ အဆင့်အတန်းက သိသင့်သိထိုက်သူတိုင်း သိနေသည့် လျှို့ဝှက်ချက်ပင်။
အာနီခါကိုယ်တိုင် သိထားသလောက်အထိတော့ အသေးစိတ် သိရှိကြခြင်းမရှိပေ။ သို့ရာတွင် ဘယ်သူ၏ ရာမီတာက ဘယ်သူ့ထက် ပိုပြီး အစွမ်းထက်သည်ဟူသော နှိုင်းယှဉ်တိုင်းတာခြင်းဖြင့်တော့ အကြမ်းဖျင်း စဉ်ကြည့်နိုင်၏။
‘အာနီခါ ဂျင်ရဲ့ ရာမီတာ အဆင့်နဲ့ ပတ်သက်ပြီး ကောလာဟလတွေက နှစ်မျိုးကွဲပြားနေခဲ့တာ။’
အာနီခါ ဂျင်၏ ရာမီတာ အဆင့်အတန်းနှင့် ပတ်သက်၍ အမြင်များက ကွဲပြားနေခဲ့ကြသည်။ အချို့က အင်မတန် အားနည်းသည်ဟု ပြောကြကာ အချို့ကမူ ဖလော်ရာကဲ့သို့ အစွမ်းထက်သည်ဟု ဆိုကြ၏။
လူအများစု၏ အမြင်ကမူ အားနည်းသည့်ဘက်သို့ ယိမ်းခဲ့လေသည်။ အာနီခါ ဂျင်က ပုံမှန်အချိန်များတွင် သူ၏ ရာမီတာ အစွမ်းကို ဖော်ပြနိုင်မည့် အပြောအဆို၊ အပြုအမူမျိုး လုပ်ခဲ့ဖူးခြင်း မရှိသောကြောင့်ပင်။ ကြွားဝါတတ်သော ဂျင်၏စရိုက်ကို ထောက်ရှုပြီး ခန့်မှန်းရမည်ဆိုလျှင် ဂုဏ်ယူလောက်စရာမဟုတ်၍ မလုပ်နိုင်ခြင်းဟု လူအများက ဆိုကြ၏။
‘လာ့ခ် သစ်ပင်သာ တကယ် အမှန်ဆိုရင်… အားနည်းတယ်ဆိုတဲ့ ကောလာဟလက မှားနေမှာပဲ။’
ထပ်ပြီး စုဆောင်းစရာ အချက်အလက် မရှိတော့ဘူးဟု ဆုံးဖြတ်လိုက်သည့် ဖီဒက်စ်က အထွတ်အမြတ်မြို့တော်သို့ ထွက်ခွာလာခဲ့သည်။ သူက နေ့တစ်ဝက်လောက် မြင်းစီးကာ အရှိန်အပြည့်နှင့် ခရီးနှင်လာခဲ့ပြီးမှ စိတ်ပြောင်းသွား၏။
နေ့မနား၊ ညမနား အရှိန်အမြင့်ဆုံးဖြင့် သွားလျှင်ပင် အထွတ်အမြတ်မြို့တော်သို့ရောက်ရန် ဆယ်ရက်မက ကြာပေဦးမည်။ လာ့ခ် သစ်ပင်၏ အချက်အလက်များက အရေးကြီးသတင်းဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။
သူက လမ်းခရီးတစ်နေရာမှ လမ်းကြောင်းပြောင်းကာ သတင်းပို့ငှက် ထိန်းသိမ်းရေးဌာနသို့ ဝင်ခဲ့၏။ အနှစ်ချုပ်ကိုသာ အကျဉ်းချုပ်ရေးပြီး စာပို့ငှက်မှတစ်ဆင့် အထွတ်အမြတ်မြို့တော်သို့ အရေးပေါ်သတင်း ပို့လိုက်သည်။ သူ စေလွှတ်လိုက်သော အရေးပေါ်သတင်းက ရက်ပိုင်းအတွင်း ဆန်းဂျယ်ထံသို့ ရောက်ရှိပေလိမ့်မည်။
~~~~
ဘုရင်မင်းမြတ်နှင့် မိဖုရားတို့က ထွက်ခွာရန် အားလုံးအသင့်ဖြစ်နေချိန်တွင် ရုတ်တရက် ရေကန်စပ်သို့ သွားဦးမည်ဟုဆိုကာ မှော်ဝင်သားရဲကိုသာခေါ်ပြီး လမ်းအတိုင်း ဝင်သွားကြလေသည်။ မည်သူမျှ တစ်စုံတစ်ရာ မပြောနိုင်ကြသော်လည်း လူတိုင်း စိတ်ထဲတွင် အံ့ဩထိတ်လန့်နေကြလိမ့်မည်ဟု ယူဂျင်း တွေးလိုက်၏။ ရေကန်စပ်သို့ လွယ်လင့်တကူ သွားရောက်နိုင်သော လမ်းမှာ တစ်နေရာတည်းသာ ရှိပေသည်။ ရေကန်ကမ်းပါးအထိ ကျောက်တုံးများ စုပုံခင်း၍ လမ်းတစ်ခုကို ဖန်တီးထား၏။ ပုံမှန်အားဖြင့် ထိန်းသိမ်းစောင့်ရှောက်သူ လုံးဝမရှိသော်လည်း ထူထဲသော ကျောက်ခင်းလမ်းက အပင်များ ထူထပ်စွာ ပေါက်ရောက်နေသည့် ချုံပုတ်များကြားမှပင် လမ်းပုံစံရှိနေသေးသည်။
ခဏနေတော့ သူတို့ ရေကန်စပ်သို့ ရောက်ရှိလာ၏။ ရေတိမ်ပိုင်းမှ ရေခပ်ပါက ရွှံ့ရေ ဖြစ်သွားနိုင်သဖြင့် သန့်ရှင်းသောရေကို ရရှိရန်အတွက် ဆိပ်ခံတံတားသဖွယ် သစ်သားချပ်ပြားတစ်ခုကို ဖန်တီးကာ ရေပေါ်တွင် မျှောထားသည်။ ထို့နောက် ရေခပ်ရန်အတွက် စက်သီးကို ချိတ်ဆက်ထား၏။
နှစ်ယောက်သား ထိုသစ်သားတံတား၏ အစွန်အဖျားအထိ လျှောက်သွားခဲ့ကြသည်။ အာဘူက ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်ရင်း သူတို့နှစ်ဦးနောက်မှ လိုက်လာ၏။
“ရေကန်တော့ ရှိပေမဲ့ ကန္တာရအလယ်မှာကို။ ဘာလို့များ ဒီနေရာမှာ ဘုရင့်တိုင်းပြည်ကို တည်ခဲ့တာလဲရှင့်။”
“အရင်တုန်းကတော့ ဒီရေကန်က အခုထက် အများကြီး ပိုကျယ်တယ်တဲ့။ ပတ်ဝန်းကျင်ကလည်း ဒီလောက်အထိ ကန္တာရမဆန်ဘူးလို့ ပြောတာပဲ။”
“တဖြည်းဖြည်းနဲ့ ကန္တာရ ဖြစ်လာတာကိုး။”
ယူဂျင်းက ရေကန်ကို ငုံ့ကြည့်လိုက်သည်။ သစ်သားဆိပ်ခံတံတားပေါ်မှ မြင်နေရသည့် ရေကန်က အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းလှ၏။
“ဒီထဲမှာ မှော်ဝင်သားရဲ ရှိနေလောက်မလားဟင်။”
“မပြောတတ်ဘူး။”
“အရှင်မင်းကြီး။”
ယူဂျင်းက ခါဆယ်ရ်ကို ကြည့်ကာ လက်ကို ဆန့်တန်းကမ်းလင့်လိုက်သည်။
“ပေးပါ။ လုပ်ကြည့်ပါ့မယ်။”
“ရုန်းကန်လှုပ်ရှားရတဲ့ရာသီရောက်မှပဲ ငါ ပြန်လာလိုက်တဲ့ နည်းလမ်းက ပိုကောင်းမယ်ထင်တယ်။”
“လပိုင်းလောက် စောင့်ရဦးမယ်မဟုတ်လား။”
“စောင့်လိုက်ရင် ရပြီလေ။”
“ကျွန်မကတော့ တအားသိချင်နေပါပြီ။”
“ဘယ်လို မှော်ဝင်သားရဲ ထွက်လာမယ်မှန်း မသိဘဲနဲ့။ ဘာလို့ ဒီလောက်တောင် အဆင်ခြင်မဲ့ရတာလဲ။”
“လူတွေကို ရန်လိုတယ်ဆိုရင် အစကတည်းက ခရီးသွားအဖွဲ့ကို တိုက်ခိုက်ပြီးလောက်ရောပေါ့ရှင်။ မြန်မြန်လုပ်ပါ။”
ယူဂျင်းက ကမ်းပေးထားသော လက်ကို ဝှေ့ယမ်းလိုက်သည်။
နှစ်ယောက်သား ရေကန်သို့ မရောက်မီကတည်းက ယူဂျင်းတစ်ယောက် ရာမီတာကို အသုံးပြုပြီး မှော်ဝင်သားရဲကို လှုံ့ဆော်ကာ ခေါ်ထုတ်နိုင်ရန် နည်းလမ်းကို တွေးမိခဲ့ကာ ထိုခဏမှာပင် ခါဆယ်ရ်ကို စည်းရုံးနားချလေ၏။ သို့သော် မျိုးစေ့ဖြစ်စေ၊ လာ့ခ်ဖြစ်စေ ကြားခံမပါဘဲ ရာမီတာကို မည်သို့ဖော်ပြရမည်မှန်း မသိခဲ့။ အမှတ်မထင် ခါဆယ်ရ်၌ မှော်ဝင်သားရဲ၏ အစာအဖြစ် ယူဆောင်လာသော မျိုးစေ့ အနည်းငယ် ရှိနေလေသည်။ ယူဂျင်းက အသေးလေး၏ အစာအဖြစ် ယူဆောင်လာသော အဝါရောင်မျိုးစေ့များကိုတောင်းရန် လက်ကမ်းပေးနေခြင်းပင်။
ခါဆယ်ရ်က တွေဝေတုံ့ဆိုင်းနေသည့် မျက်နှာဖြင့် အိတ်ကို ထုတ်လိုက်သည်။ ယူဂျင်းက လာ့ခ်၏ အတိုက်အခိုက်ကို မခံရသော အာနီခါ ဖြစ်နေ၍သာ ယူဂျင်း၏ သဘောထားကို လိုက်လျောခဲ့ခြင်းဖြစ်၏။ သူက အိတ်ထဲမှ ပါးလွှာသော အဝတ်ဖြင့် ပတ်ထားသည့် မျိုးစေ့ကို ထုတ်ယူကာ ယူဂျင်း၏ လက်ဖဝါးပေါ် တင်ပေးလိုက်သည်။
ယူဂျင်းက အဝတ်ကို ဖယ်ရှားရန် လုပ်နေစဉ်ကပင် ထိုမျိုးစေ့ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မျက်လုံးများကို မှိတ်ထားခဲ့၏။ မျိုးစေ့အတွင်းသို့ အစွမ်းများ သွင်းလိုက်သည်ဟူသော ခံစားချက်ဖြင့် အာရုံစိုက်လိုက်သည်။ လက်ဖဝါးအတွင်းဘက်မှ နွေးထွေးသော စွမ်းအင်ကို ခံစားလိုက်ရသောအခါ အံ့ဩသွားကာ လက်ကိုဖွင့်လိုက်၏။
မျိုးစေ့ကို အပင်ပေါက်စေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ယူဂျင်းတစ်ယောက် မျက်လုံးများကို စူးစိုက်ကာ အသေးစိတ် စောင့်ကြည့်ခဲ့သည်။ လက်ဖဝါးပေါ်ရှိ သေးငယ်သော မျိုးစေ့က လှုပ်ရှားလာကာ ပါးလွှာသောအဝတ်ကြားမှ ပင်စည်ရှည်တစ်ခု ထိုးထွက်လာ၏။ သေးငယ်သော ပင်စည်လေးက အပေါ်သို့ လျင်မြန်စွာ တက်သွားကာ ချက်ချင်းဆိုသလို ယူဂျင်း၏ မျက်လုံးလယ်ဗယ်လ်ကို ကျော်သွားတော့သည်။ ပင်စည်၏ အမြင့်အတိုင်း ယူဂျင်း၏ ဦးခေါင်းသည်လည်း အနောက်သို့ တဖြည်းဖြည်း မော့လန်သွား၏။
“အာဘူ။"
ခါဆယ်ရ် အာဘူကို ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် ယူဂျင်းတစ်ယောက် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထလာသလို ထူးဆန်းသော အာရုံကို ခံစားလိုက်ရကာ ရေကန်ကို လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သူ့ခါးလေးကို လက်ဖြင့်ဖက်ကာ ဆွဲယူလိုက်သော ခါဆယ်ရ်၏ ရင်ခွင်ထဲသို့ ရောက်သွားတော့၏။
ခါဆယ်ရ်က ယူဂျင်းကို ပွေ့ဖက်ပြီး အနောက်သို့ ဆုတ်သွားခဲ့သည်။ သူက သူ၏ ပရာ့ဂ်ျကို အမြင့်ဆုံးအထိ ဆွဲတင်လိုက်၏။ သူ၏ မျက်ဆံများ အပြာရောင် တောက်ပပြီး ဒေါင်လိုက် ရှည်လျားလာကာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် အခိုးအငွေ့သဖွယ် အပြာရောင် မြွေပုံသဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်။ အာဘူက သူတို့နှစ်ဦး၏ ရှေ့သို့ခုန်ပြေးသွားကာ ရေကန်ဘက်သို့ အမွေးများ ထောင်ပြီး သွားများကိုဖြဲပြလေ၏။
ငြိမ်သက်နေသော ရေကန်၏ မျက်နှာပြင်က သိသိသာသာ လှိုင်းထလာတော့သည်။ ရေပြင်၏ လှုပ်ရှားမှုက ပိုမိုကြီးမားလာကာ လှိုင်းလုံးများကို ဖန်တီးခဲ့၏။ ရေစီးကြောင်းက လေဆင်နှာမောင်းပုံစံမျိုးဖြင့် ဆွဲစုပ်ဝင်သွားကာ ကျယ်လောင်သောအသံဖြင့် ဧရာမအရာတစ်ခု ရေပြင်ပေါ်သို့ ရုတ်တရက် ထိုးတက်လာလေတော့သည်။
~~~~
Miel's Translations