အပိုင်း ၁၁၂
ယူဂျင်းမြင်နေရသည့် မှတ်ဉာဏ်မြင်ကွင်းက ရုတ်တရက် ပြောင်းသွားခဲ့သည်။ နေရာကလည်း ပြောင်းသွားကာ ပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိတော့ပေ။ သီးသန့်ခေါ်ထုတ်ပြီး နှစ်ယောက်တည်း တွေ့ဆုံသည့်နေရာဟု ထင်ရသော နေရာတွင် ဂျင်က ပြောခဲ့သည်။
「ငါ မယ်မင်းကို အကူအညီတောင်းချင်တဲ့ ကိစ္စတစ်ခုရှိတယ်။」
「ကျွန်မ လုပ်ပေးနိုင်မဲ့ ကိစ္စသာဆိုရင် အားလုံးကို အစွမ်းကုန် ကြိုးစားပြီး ကူညီပေးပါ့မယ်၊ အရှင်မိဖုရား။」
「ကျေးဇူးပါပဲ။」
တိုတောင်းလှသော ဤမှတ်ဉာဏ်အပိုင်းအစလေးထဲမှာပင် ယူဂျင်း အကြိမ်ကြိမ် အံ့အားသင့်ခဲ့ရသည်။ ဂျင်၏ မောက်မာပြီး ဘယ်သူ့ကိုမှ အဖက်မလုပ်သည့် အပြုအမူများကိုသာ အမြဲမြင်နေရသဖြင့် ဒေါသထိန်းချုပ်မှုမရှိသူဟု အထင်မှားခဲ့ရ၏။ တကယ်တမ်းတွင် ဂျင်က ခင်မင်ရင်းနှီးလိုသူများအပေါ်၌ ယဉ်ကျေးမှုရှိရှိ ဆက်ဆံတတ်သည့် သာမန်လူသားတစ်ယောက်သာ။
အတင်းအကျပ် အမိန့်ပေးသည့်လေသံသော်လည်းကောင်း၊ ခနဲ့တဲ့တဲ့ လှောင်ပြောင်သံစွက်နေသည့် အသံမျိုးသော်လည်းကောင်း မဟုတ်ဘဲ ပုံမှန်အတိုင်း သဘောကောင်းဖော်ရွေသည့် စကားပြောဟန် ဖြစ်နေသည်။ ပို၍အံ့သြစရာကောင်းသည်က 'တောင်းဆိုမှု' ဟူသော စကားလုံးကို ရွေးချယ်သုံးနှုန်းခဲ့ခြင်းပင်။
「မယ်မင်းရဲ့ မိခင်ဘက်က အဘိုးအဘွားတွေက အထွတ်အမြတ်မြို့တော်မှာ အင်မတန် နာမည်ကျော်ကြားတယ်မဟုတ်လား။ ငါက လူတစ်ယောက်ကို ရှာနေတာမို့လို့ မယ်မင်းရဲ့ မိခင်ဘက်ကဘိုးဘွားတွေရဲ့ အကူအညီကို လိုအပ်နေတယ်။」
ယူဂျင်းက မှတ်ဉာဏ်ထဲ၌ ပေါ်လာပြီး ယခု သူ့မျက်စိရှေ့တွင် ရောက်နေသော အေးစက်သည့်အသွင်နှင့် မိန်းမလှကို စိတ်ဝင်တစား စူးစိုက်ကြည့်လိုက်မိသည်။ တောင့်တင်းနေကြသော အခြားမှူးမတ်ကတော်များနှင့်မတူဘဲ သူကမူ တည်ငြိမ်အေးချမ်းသော မျက်နှာထားမျိုးရှိနေ၏။
နန်းရင်းဝန်၏ ဇနီးဖြစ်သူ အော်စကာ မြို့စားမှာ ယူဂျင်း အတွေ့ချင်ဆုံးသော ပုဂ္ဂိုလ်များအနက် တစ်ယောက်အပါအဝင်ဖြစ်ပေသည်။ သူတစ်ပါးကို ဝေဖန်အကဲဖြတ်ခြင်းမပြုတတ်သော မာရီအန်း၏ ပြောစကားအရပင် ချီးမွမ်းခြင်းများစွာ ခံထားရသူဖြစ်၏။ နှုတ်စောင့်စည်းကာ အခြေအနေကို ကောင်းကောင်း ထိန်းချုပ်နိုင်သူဟု ဆိုလေသည်။
'မာရီအန်း မသိလိုက်တာ ဖြစ်လောက်တယ်။'
ဂျင် အော်စကာ မြို့စားနှင့် သီးသန့်တွေ့ဆုံကာ ကိုယ်ရေးကိုယ်တာ ကိစ္စများပါ တောင်းဆိုခဲ့သည်အထိ အပြန်အလှန် အဆက်အသွယ်မှုရှိခဲ့သော အချက်ကို မာရီအန်းသာ သိခဲ့မည်ဆိုလျှင် ယူဂျင်းကို ပြောပြပေးမည်သာ။ ဂျင်က အော်စကာ မြို့စားကို တိုးတိုးတိတ်တိတ် ခေါ်တွေ့ခဲ့ပုံရပြီး မှတ်ဉာဏ်ထဲတွင်မြင်ခဲ့ရသည့် ထိုသို့သော တွေ့ဆုံမှုမျိုးများ ဆက်လက်မဖြစ်ခဲ့သည့်ပုံပင်။
ယူဂျင်းက မာရီအန်း ရှင်းပြခဲ့သော အော်စကာ မြို့စားနှင့် ပတ်သက်သည့် အချက်အလက်များထဲမှ ကိုယ်ရေးကိုယ်တာ အပိုင်းများကို စိတ်ဝင်စားမိခဲ့၏။ အကျိုးအမြတ်အတွက် မဟာမိတ်ဖွဲ့ စီစဉ်လက်ထပ်ခြင်းက ပုံမှန်ဓလေ့ဖြစ်သော ဤနေရာ၏ ထုံးစံနှင့်မတူဘဲ နန်းရင်းဝန် ဇနီးမောင်နှံက ပွက်လောရိုက်သွားသော အရှုပ်တော်ပုံများစွာကို ဖြစ်စေပြီးမှ အချစ်အတွက် လက်ထပ်ခဲ့ကြသည်ဟု ကြားသိထားရသည်။ ထို့အပြင် အော်စကာမြို့စားက ခင်ပွန်းဖြစ်သူထက် အသက်ကြီးသည်ဟုဆိုလေရာ စည်းကမ်းတင်းကြပ်ပြီး တည်ကြည်သော အသွင်အပြင်ရှိသည့် နန်းရင်းဝန်ကို ပြန်တွေးလိုက်မိသည့်အခါ စိတ်ကူးကြည့်၍မရအောင်ပင် ဖြစ်သွားရ၏။
မှူးမတ်ကတော် ခြောက်ယောက်က စားပွဲဘေးတွင်ရပ်ကာ ယူဂျင်းကို ဦးညွှတ်ဂါရဝပြုခဲ့ကြသည်။
“အရှင်မိဖုရားကို ဂါရဝပြုပါတယ်။”
“ကြိုဆိုပါတယ်။ ရုတ်တရက်ဆန်ဆန် ဖိတ်ကြားလိုက်တာဆိုပေမဲ့ စိတ်လိုလက်ရ အချိန်ပေးပြီး လာခဲ့ပေးကြတဲ့အတွက် ကျေးဇူးပါပဲ။”
‘အော်စကာ မြို့စားနဲ့ သီးသန့်တွေ့နိုင်ဖို့ အခွင့်အရေးတစ်ခု သဘာဝကျကျလေး ဖန်တီးကြည့်ရမယ်။’
မြို့စားနှင့် တွေ့ဆုံကာ စကားပြောဖြစ်လျှင် ဂျင် ဘာကို တောင်းဆိုခဲ့ကြောင်း သိနိုင်မည့် မှတ်ဉာဏ်များ ပြန်ပေါ်လာနိုင်ပေသည်။
သို့သော် ယနေ့ ဤနေရာတွင်တော့ သူ့စိတ်ထဲတွင် ရှိနေသည့်အရာကို ထုတ်ဖော်ပြသရန် စိတ်ကူးမရှိပေ။ ယနေ့ကမူ မှူးမတ်ကတော်များနှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်ကာ အရာရှိဇနီးအဖြစ် နေထိုင်ရခြင်းမှ ကြုံတွေ့ရသည့် အခက်အခဲများကို နှစ်သိမ့်ပေးရန်သက်သက်သာဖြစ်၏။ ဤသည်မှာ လူအများနှင့်ဆိုင်သည့် ကိစ္စရပ်ဖြစ်သဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများကို နောက်မှသာလုပ်ရန် ချန်လှပ်ထားလိုက်သည်။
~~~~
ယူဂျင်းက အာဒရစ်ထ်ကို စာကြည့်ခန်း မဟုတ်ဘဲ ရုံးခန်းထဲသို့ ခေါ်လိုက်သည်။ မိဖုရားက ရံရွေတော်အပါအဝင် ဘယ်သူ့ကိုမှ ခေါ်မသွားရက်လောက်အောင် တန်ဖိုးထားသည့် စာကြည့်ခန်းထဲသို့ ရုတ်တရက် လူစိမ်းတစ်ယောက်ကို ခေါ်သွားလျှင် အံ့သြကုန်ကြပြီး သေချာစောင့်ကြည့်မည့်သူများ ရှိနေနိုင်သောကြောင့်ပင်။ အာဒရစ်ထ်၏ အခြေအနေကို ထောက်ထားပြီး တတ်နိုင်သမျှ လူမမြင်အောင်နေခြင်းက ပိုကောင်းလိမ့်မည်ဟု ယူဆခဲ့၏။
ယူဂျင်းက စာကြည့်ခန်းထဲရှိ ရှေးဟောင်းစာအုပ် အမြောက်အမြားအနက်မှ တစ်အုပ်တည်းကိုသာ ယူလာခဲ့သည်။ ယင်းမှာ မကြာသေးခင်က ရိုဒရစ်ဂ်ထံမှ ကိုယ်တိုင် လက်ခံရရှိခဲ့သော စာအုပ်ပင်။ ထိုစာအုပ်တွင် ရေးဆွဲထားသောမှော်အင်းကွက်များ အများဆုံးပါဝင်နေကာ အခြားသော ရှေးဟောင်းစာအုပ်များနှင့် နှိုင်းယှဉ်ကြည့်လိုက်တော့ အင်မတန် ဆင်တူသော၊ ထပ်နေသော အကြောင်းအရာများ အများကြီး ရှိနေ၏။
အာဒရစ်ထ်က ယူဂျင်း၏ မျက်နှာချင်းဆိုင်နေရာတွင်ထိုင်ကာ စားပွဲပေါ်တွင် ဖြန့်ထားသော ရှေးဟောင်းစာအုပ်ကို အသေးစိတ် ကြည့်ရှုနေသည်။ စာမျက်နှာကို လှန်နေသည့် သူ၏ မျက်နှာထားက တည်ကြည်လေးနက်လှ၏။
'စာရေးစာဖတ်တတ်တာကိုး။'
ယူဂျင်းက တစ်ခါတရံ သူ မွေးဖွားလာရာကမ္ဘာနှင့် ဤကမ္ဘာကို အတူတူပဲဟု ယူဆပြီး မှားယွင်းတတ်လေ့ရှိ၏။ ထို့ကြောင့် အာဒရစ်ကို ‘စာဖတ်တတ်သလား’ ဟု မေးရန်စဉ်းစားမနေဘဲ စာအုပ်ကို အရင် ပေးလိုက်မိခြင်းပင်။
ဤကမ္ဘာတွင် စာရေးစာဖတ်ခြင်းက လူတိုင်းအတွက် အခြေခံပညာမဟုတ်။ တစ်နေ့လုပ်၊ တစ်နေ့စား သာမန်ပြည်သူအများစုက စာမတတ်ကြပေ။ သို့ရာတွင် ထိုကဲ့သို့ အပယ်ခံထားရသော လှည့်လည်သွားလာသူ မျိုးနွယ်စုဝင် လူငယ်တစ်ယောက်က ခက်ခဲသည့်စကားလုံးများ ရောနှောပါဝင်နေသော ရှေးဟောင်းကျမ်းကို အလွယ်တကူ ဖတ်နိုင်နေသည်။
'ပညာကို နက်နက်နဲနဲ သင်ယူထားတာပဲ။'
အာဒရစ်ထ် ပြောဆိုသော ဝေါဟာရအဆင့်အတန်းမှသော်လည်းကောင်း၊ အသုံးပြုသည့် စကားပြောဟန်မှသော်လည်းကောင်း သင်ယူတတ်မြောက်ထားသည့်ပညာ ရှိနေမှန်းသိသာလှ၏။ မည်သူမဆို သူနှင့် စကားပြောပြီးလျှင် အာဒရစ်ထ်ကို မှူးမတ်အနွယ်တော်ဟု ပြောလျှင်ပင် ခေါင်းညိတ်လက်ခံကြမည်သာ။
'ဟုတ်ပါရဲ့လေ။ နတ်ဆရာတွေဆိုတာ အဲ့ဒီခေတ်အခါက အတော်ဆုံး ပညာရှင်တွေ ဖြစ်ခဲ့ကြတာကိုး။ သူတို့ရဲ့ အခြေအနေက ဆင်းရဲကျပ်တည်းသွားပေမဲ့လည်း နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းတဲ့ သင်ကြားမှု အဆင့်အတန်းက အမြင့်ကြီးနေမှာပဲပေါ့။'
စာအုပ်ကို အရှေ့အနောက် အတန်ကြာအောင် လှန်လှောရှာဖွေပြီးနောက် အာဒရစ်ထ်က ခေါင်းတစ်ချက် ငဲ့စောင်းကာ ပြောခဲ့သည်။
“ဒီစာအုပ်ထဲမှာပါတဲ့ အစီအရင်ပုံသေနည်းတွေက နည်းနည်းလေး... ထူးဆန်းနေပါတယ်”
“ဘယ်လိုပုံစံမျိုးလဲ။”
အာဒရစ်ထ်က ယူဂျင်း သေချာမြင်နိုင်စေရန်အတွက် စာအုပ်ကို လှန်လိုက်ကာ စာမျက်နှာအပြည့် ရေးဆွဲထားသည့် အစီအရင်ပုံသေနည်းကို ဖြန့်ပြခဲ့သည်။
“ကျွန်တော်ကတော့ မှော်ပညာနဲ့ပတ်သက်ပြီး သိပ်မသိပေမဲ့ ငယ်ငယ်ကတည်းက သင်ယူခဲ့ရတဲ့ အရုပ်စာကို အစီအရင်အင်းကွက် ရေးဆွဲရာမှာ အသုံးပြုပါတယ်။”
သူက စာအုပ်ထဲမှ နေရာအများအပြားကို လက်ညှိုးထိုးပြပြီး ပြောခဲ့သည်။
“ဒီစာနဲ့ ဒီစာ၊ ပြီးတော့ ဒီစာနဲ့ ဒီစာ။ သူတို့ရဲ့ အဓိပ္ပာယ်တွေက လုံးဝမတူညီတဲ့အပြင် ရောနှောလို့လည်း မရနိုင်ပါဘူး။ ဥပမာ၊ ဒီစာက ဟင်းချက်တဲ့အခါသုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်လို အခန်းကဏ္ဍမျိုးကနေ ပါဝင်တယ်ဆိုရင်၊ ဒီစာက အိမ်ဆောက်တဲ့အခါသုံးတဲ့ ကိရိယာမျိုးပါ။”
ယူဂျင်း ခေါင်းညိတ်လိုက်သည်။ မျက်စိဖြင့်ကြည့်ရုံနှင့် ဘာမှန်းမသိသော်လည်း အာဒရစ်ထ် ဥပမာပေးပုံကိုတော့ နားလည်သွား၏။
“အဲ့ဒီတော့ ဘယ်လိုဖြစ်သွားလဲ။”
“ဒီအစီအရင်နဲ့ဆိုရင် မှော်ပညာက ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။”
“အဲ့ဒါဆို ရှုပ်ထွေးနေတာပဲပေါ့။ အဲ့ဒီစာအုပ်ထဲက အစီအရင်တွေအကုန်လုံး အဲ့ဒီလိုချည်းပဲလား။”
ရိုဒရစ်ဂ် ပေးခဲ့သော ဤစာအုပ်ထဲတွင် ပုံစံမတူသော အစီအရင်ကိုးခု ပါဝင်ပေသည်။ စာကြည့်ခန်းထဲရှိ အခြားစာအုပ်များတွင် အများဆုံး သုံးခုလောက်သာပါဝင်ပုံနှင့် ယှဉ်လိုက်ရင် အရေအတွက်က တကယ် များပြားနေ၏။
အာဒရစ်ထ်က အစီအရင်နှစ်ခုကိုသာ ရွေးထုတ်လိုက်သည်။
“ကျွန်တော့်ရဲ့ မပြည့်စုံတဲ့ အမြင်အရတော့ ဒီနှစ်ခုမှာ ထူးဆန်းတာမျိုး မတွေ့ရပါဘူး။”
‘ကိုးခုမှာ နှစ်ခုတည်းပဲလား။’
ယူဂျင်းလည်း ရိုဒရစ်ဂ် အဖိုးတန်ပစ္စည်းတစ်ခုလို ပေးခဲ့သော လက်ဆောင်က အသုံးမဝင်သည့် အတုအယောင်ဖြစ်နေမှန်းသိလိုက်ရတော့ ညည်းတွားလိုက်ရင်း စာမျက်နှာနှစ်ခု၏ အစွန်းများကို ခေါက်ချိုးကာ မှတ်သားထားလိုက်သည်။
‘ဒါဆို ဆုတ်ဖြဲခံထားရတဲ့ စာမျက်နှာတွေမှာ တကယ့်အစီအရင်တွေ အကုန်ပါနေတာများလား။’
စာကြည့်ခန်းထဲတွင် စာမျက်နှာအချို့ ပျောက်ဆုံးနေသော စာအုပ်က အနည်းငယ်သာရှိ၏။ ယူဂျင်းက အစီအရင်များရှိနေမှန်း သိသွားပြီးနောက် စာကြည့်ခန်းထဲရှိ ရှေးဟောင်းစာအုပ်အားလုံးကို အကြမ်းဖျင်း လိုက်ကြည့်တော့ ဆုတ်ဖြဲထားခြင်းမရှိဘဲ အကြောင်းအရာ အပြည့်အစုံကျန်ခဲ့သည့် စာအုပ်များထဲ၌လည်း ထူးဆန်းသောပုံစံများ ပါဝင်နေသည့် စာအုပ်များ ရှိနေခဲ့သည်။ ထို့ကြောင့် ဂျင်က ဘာကြောင့် စာအုပ်တချို့ကို ဆုတ်ဖြဲပြီး တချို့ကို ချန်ထားခဲ့သလဲဆိုသည်ကို နားမလည်နိုင်ဖြစ်ခဲ့ရ၏။
‘ဒါဆိုရင် ဂျင်က အတုနဲ့အစစ်ကို ခွဲခြားနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတဲ့ သဘောပေါ့... ဂျင်က အကျိုးသက်ရောက်မှုကို ဘယ်လိုလုပ်သိခဲ့တာပါလိမ့်။’
“ဒီအစီအရင်ရဲ့ အကျိုးသက်ရောက်မှုကိုတော့ မသိဘူးလား။”
“အတိအကျတော့ မသိပေမဲ့ အစွမ်းထက်တဲ့ မှော်ပညာတော့ မဟုတ်ပါဘူး။ အစီအရင်ရဲ့ပုံစံက ရိုးရှင်းပါတယ်။”
ယူဂျင်းတစ်ယောက် ဤအစီအရင်နှင့်ပတ်သက်ပြီး ဘယ်သူ့ကို မေးရမှန်းမသိ ဖြစ်နေသဖြင့် လက်မှိုင်ချမိရပေပြီ။
‘မာရီအန်းဆီက ဘာသံမှမကြားရသေးဘူးပဲ...’
မာရီအန်းအား ဤသို့သော ရှေးဟောင်းစာအုပ်များကို သုတေသနသဘောအရ လေ့လာသူများကို ရှာခိုင်းထားခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သော်လည်း ဘာသတင်းအစအနမှ မကြားရသေးပေ။ မာရီအန်းက မေ့သွားခြင်းသော်လည်းကောင်း၊ ပေါ့ဆစွာ ဆောင်ရွက်ခြင်းသော်လည်းကောင်း လုပ်မည့်သူမဟုတ်သဖြင့် သူ၏အစွမ်းအစနှင့် လုံးဝ ရှာမတွေ့နိုင်ခြင်း ဖြစ်နိုင်ပေသည်။
“အာဒရစ်ထ်၊ ဒီအစီအရင်က ရှေးဟောင်း နတ်ဆရာမျိုးနွယ်စု သုံးခဲ့တဲ့ မှော်ပညာဆိုတာ သေချာရဲ့လား။”
“ဟုတ်ကဲ့...”
အာဒရစ်ထ်က ပြန်ဖြေရင်း ထောင့်တွင်ရပ်နေကြသည့် ရံရွေတော်များကို မသိမသာ အကဲခတ်ကြည့်နေသည်။
“သူတို့ကို စိတ်ပူနေစရာမလိုဘူး။ ငါတို့ ပြောနေတာတွေကို မကြားတာမို့လို့။”
ဘုရင် သို့မဟုတ် မိဖုရားက နန်းတွင်းအမှုထမ်းမဟုတ်သူ တစ်စုံတစ်ယောက်နှင့် နှစ်ယောက်တည်း တွေ့ဆုံခြင်းတွင် မမျှော်လင့်သော စိတ်ရှုပ်စရာကိစ္စများ ဖြစ်ပေါ်လာနိုင်ပေသည်။ နှစ်ယောက်တည်း တွေ့ဆုံမှုတိုင်းကို အမြဲတမ်း သတိထားရ၏။ ဂျင်က ရိုဒရစ်ဂ်နှင့် တွေ့သည့်အခါမှာပင် ဘယ်တော့မှ နှစ်ယောက်တည်း မတွေ့ခဲ့ဘူးဟူသောအချက်ကို ယူဂျင်းတစ်ယောက် စိတ်ထဲတွင် မှတ်ထားခဲ့သည်။
သို့ရာတွင် လက်လို၊ ခြေလို အစေခံများ ဖြစ်နေလျှင်ပင် သူတို့တွင် မျက်စိများ၊ နားများ ရှိနေကြသေး၏။ သူတို့က စကားကို မပေါက်ကြားစေပါဘူးဟု အာမခံချက်မရှိပေ။ ထို့ကြောင့် လျှို့ဝှက်သော စကားများပြောသည့်အခါ အနားတွင် ရပ်ခိုင်းရန်အတွက် နားမကြားသည့် ရဲတိုက်အမှုထမ်းများကို ခန့်အပ်ထားခြင်းပင်။ သူတို့ကား ရောဂါ၊ သို့မဟုတ် မတော်တဆမှုကြောင့် အကြားအာရုံ ချို့ယွင်းနေသူများဖြစ်၏။
“သူတို့က နဂိုကတည်းက နားမကြားရလို့ စိတ်ပူစရာမလိုဘဲ ပြောလို့ရတယ်။”
“အာ... ဟုတ်ကဲ့ပါ။”
အာဒရစ်ထ်က စိတ်သက်သာရာရသွားသည့် ပုံစံဖြင့် ပြောခဲ့သည်။
“ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာတဲ့ မှော်ပညာဆိုတာ သေချာပါတယ်။”
“နင်တို့ရဲ့ မှော်ပညာကို ချိပ်ပိတ်သိမ်းထားလိုက်ပြီဆို။ ဒါဆို ဘာဖြစ်လို့ ဒီလို အစီအရင်ပုံသေနည်းတွေ အများကြီးရှိနေရတာလဲ။ ဒီလို ရှေးဟောင်းစာအုပ်တွေကို အရမ်းစိတ်ဝင်စားရင် ရှာလို့ရနေတာပဲကို။”
“မှော်ပညာဆိုတာ ရှေးခေတ်တုန်းက အများပြည်သူသိတဲ့ အသိပညာတစ်ခုပါ။ မှော်ပညာရဲ့ အာနိသင်ကို ပိုပြီးထုတ်ဖော်နိုင်တဲ့ အရည်အချင်းနဲ့ မွေးဖွားလာကြတဲ့ နတ်ဆရာတွေက တဖြည်းဖြည်း လက်ဝါးကြီးအုပ်ခဲ့ကြပေမဲ့ ပျံ့နှံ့နေပြီးသား မှော်ပညာကိုတော့ လူတွေ မသုံးနိုင်အောင် အတင်းအကျပ် တားမြစ်ထားတာမျိုး မရှိပါဘူး။ ချိပ်ပိတ်သိမ်းထားတဲ့ မှော်ပညာက ဒါတွေနဲ့ အမျိုးအစား မတူပါဘူးခင်ဗျ။ အဲ့ဒါတွေက နတ်ဆရာတွေ လက်ဝါးကြီးအုပ်ထားတဲ့ အသိပညာဖြစ်ပြီးတော့ သုတေသနတွေ ဆက်တိုက်လုပ်ပြီး အစွမ်းထက်တဲ့ အာနိသင်ကို ဖော်ဆောင်နိုင်အောင် ဖန်တီးခဲ့တာတွေပါ။”
“လာ့ခ်ကို ရှောင်ရှားတဲ့ အစီအရင်မျိုးလား။”
“ဟုတ်ပါတယ်။”
“ဒါဆို ဘာလို့ အစီအရင်တွေက မာရာအစွန်းရောက်ဂိုဏ်းရဲ့ ဝါဒထဲမှာ အမြဲတမ်း ပေါ်လာတဲ့ အမှတ်အသားဖြစ်နေရတာလဲ။ မာရာအကြောင်း ဘယ်လောက်သိလဲ။”
“ကျွန်တော်ကတော့ သိပ်မသိပါဘူး။ လာ့ခ် ဒီကမ္ဘာမှာ ပေါ်လာပြီးတဲ့နောက်ပိုင်း လူတွေက ရှင်ခြင်းနဲ့ သေခြင်းရဲ့ လမ်းဆုံမှာ နာကျင်ခံစားခဲ့ရတာပါ။ အဲ့ဒါကြောင့် ဘုရားသခင်ကို ကိုးကွယ်အားကိုးချင်စိတ်တွေ ကြီးမားလာကြပြီး ဘုရားသခင်ကို ဖန်တီးကြသလို ကိုးကွယ်တဲ့ ဘာသာတွေလည်း မရေမတွက်နိုင်အောင် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်ခဲ့တယ်လို့ သင်ယူခဲ့ရပါတယ်။ မာရာကတော့ အဲ့ဒီအထဲမှာ တော်တော်လေး အင်အားကြီးတယ်လို့ ကြားဖူးပါတယ်ခင်ဗျ။”
ယူဂျင်း၏မျက်လုံးများက အံ့သြတကြီး ပြူးကျယ်သွားတော့သည်။ အာဒရစ်ထ်က မာရာကလည်း ‘အဲ့ဒီလို ဘာသာတရားတွေ’ ထဲက တစ်ခုဖြစ်သည်ဟူသော ပုံစံမျိုး ပြောလိုက်ခြင်းပင်။
‘ဝါး။ ဒီလောက် အန္တရာယ်များတဲ့စကားကို ဘာမှမဟုတ်သလို ပြောချလိုက်တာပါလား။'
ဦးညွှတ်ထားသည့် အာဒရစ်ထ်က ယူဂျင်း၏ မျက်နှာထား အပြောင်းအလဲကို မမြင်ရသဖြင့် ဘာမှမမှုသလိုလေသံဖြင့် ဆက်ပြောနေခဲ့သည်။
“ကျွန်တော့်အထင်ကတော့... မှော်ပညာရဲ့ တစ်မူထူးတဲ့ စွမ်းအားက အပြင်ပန်းအမြင်မှာ လူတွေကို ဆွဲဆောင်ဖမ်းစားနိုင်တဲ့အတွက် ဘာသာရေးတွေက အသုံးချတာ ဖြစ်နိုင်ပါတယ်။ ဒီစာအုပ်ထဲမှာပါတဲ့ အစီအရင်အများစုက ရှုပ်ထွေးနေတယ်ဆိုတာကလည်း မှော်ပညာကို တကယ်တမ်း နားလည်သူ မရှိသလောက်နည်းတယ်ဆိုတဲ့ သဘောပဲလို့ ထင်ပါတယ်ခင်ဗျ။ ပြီးတော့ ရေးဆွဲထားတဲ့ အစီအရင်ရဲ့ ပုံစံကိုလည်း အကျယ်ချဲ့ထားကြတာပါ။”
“နင့်အထင်အရဆိုရင် ဒီစာအုပ်ထဲမှာပါတဲ့ အစီအရင်နဲ့ အသက်သွင်းရတဲ့ မှော်ပညာကတော့ သာမန်ပဲဆိုပေမဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်မျိုး ရှိနေတဲ့ပုံပေါက်အောင် အစီအရင်ရဲ့ပုံစံကို ယုံကြည်လောက်စရာ တခမ်းတနား အကျယ်ချဲ့ပြီး ဆွဲထားတယ်ဆိုတဲ့ သဘောလား။”
“ဟုတ်ပါတယ်။”
ရုတ်တရက် ယူဂျင်းလည်း ယခင်က တွေ့ခဲ့သည့် စကားဝိဇ္ဇာ ပြောသွားခဲ့ဖူးသော စကားကို သတိရလိုက်သည်။
「ကျွန်တော့မျိုးရဲ့ အဘွားမှာ နတ်ဆရာမျိုးနွယ်သွေး ပါပါတယ်ခင်ဗျ။ အဲ့ဒါကြောင့် အစီအရင်ဆိုပြီး၊ ကျိန်းသေပေါက် အစီအရင်ဆိုပြီး ပြောဖူးပါတယ်။」
“နတ်ဝင်သည်... အာဒရစ်ထ်၊ ‘နတ်ဝင်သည်’ လို့ ခေါ်တဲ့သူတွေ ရှိတယ်ဆိုတဲ့အချက်ကို သိလား။”
“ခင်ဗျာ။”
အာဒရစ်ထ်တစ်ယောက် မျက်လုံးပြူးသွားတော့သည်။ မိမိ၏ မျိုးနွယ်စုဝင်မဟုတ်သော အခြားလူများနှင့် အချိန်အကြာကြီး စကားပြောဖူးခြင်းမရှိသူ အာဒရစ်ထ် သိထားသည့် အသိပညာများက မျိုးနွယ်စု၏ လူကြီးများထံမှ သင်ယူမှတ်သားခဲ့ရသော အရာတွေချည်းသာ။
“သူတို့က အစီအရင်တွေကို သိတယ်ဆိုပဲ။ တချို့ကလည်း အနာဂတ်ကို ဟောတယ်လို့ ပြောကြတယ်။ ငါလည်း အခုအထိ မတွေ့ဖူးသေးလို့ မသိပေမဲ့ ရှေးဟောင်း နတ်ဆရာတွေက မှော်ပညာကိုသုံးပြီး အနာဂတ်ကို ကြည့်နိုင်တယ်လို့ ပြောဖူးတယ်မဟုတ်လား။”
အာဒရစ်ထ်က အလေးအနက် မျက်နှာထားဖြင့် စဉ်းစားနေခဲ့ရာမှ ခေါင်းငုံ့လိုက်သည်။
“စိုးရွံ့မိပါတယ်။ အရှင်မိဖုရားပြောတဲ့ အဲ့ဒီလူတွေက ဘယ်သူတွေမှန်း... ကျွန်တော် တကယ် မသိပါဘူး။”
ယူဂျင်းနှင့် အာဒရစ်ထ်က စိတ်ထဲ၌သာ ဆင်တူသော အတွေးတစ်ခုကို တွေးလိုက်ကြသည်။ ‘နတ်ဝင်သည်’ ဆိုသူများက မိမိသဘောနှင့်မိမိ အသာလေး တိတ်တဆိတ် နေထိုင်သွားရန် ရွေးချယ်ခဲ့ကြသည့် အနာဂတ်ကို ကြည့်နိုင်သော ရှေးဟောင်း နတ်ဆရာမျိုးနွယ်စုနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေခြင်း မဖြစ်နိုင်ပေဘူးလား။
တံခါးခေါက်သံ ကြားလိုက်ရသည်။ ခဏအကြာတွင် ဝင်လာသည့် ရံရွေတော်က ဆိုဖာဆီသို့ လျှောက်လာကာ ဦးညွှတ်အရိုအသေပေးပြီးနောက် ပြောလေ၏။
“အရှင်မိဖုရား၊ နေ့လယ်ပိုင်း အခစားခွင့်ရထားသူတွေက အရှင်မိဖုရား ကြွချီလာမှာကို စောင့်နေကြပါတယ်။”
“ကောင်းပြီ၊ သိပြီ။”
ရံရွေတော် ထွက်သွားပြီးနောက် ယူဂျင်းက ပြောလိုက်သည်။
“အာဒရစ်ထ်၊ ငါ တခြားလုပ်စရာကိစ္စတွေရှိနေလို့ ထရတော့မယ်။”
“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”
“ရဲတိုက်မှာနေပြီး ငါ့ကို ကူညီပေးနိုင်မလား။ နင့်ကို ကြည့်စေချင်တဲ့ တခြားစာအုပ်တွေ အများကြီး ရှိသေးတယ်။”
အာဒရစ်ထ်၏ မျက်နှာအမူအရာက ဆတ်ခနဲ တုန်လှုပ်သွားပြီးနောက် လက်နှစ်ဖက်ကို စုစည်းကာ ဦးကိုညွတ်နေအောင် ညွှတ်ထားခဲ့သည်။ ယူဂျင်းလည်း စိတ်ပျက်သွားသလို သက်ပြင်းချရင်း ပြောလိုက်၏။
“မဖြစ်နိုင်ဘူးလား။”
“စိုးရွံ့မိပါတယ်။ ကျွန်တော့်အပေါ် မျှော်လင့်ပိုင်ခွင့်တောင်မရှိတဲ့ ကျေးဇူးတရားတွေ ချီးမြှင့်ပေးခဲ့ပေမဲ့... မျိုးနွယ်စုရဲ့ စည်းမျဉ်းအရ ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာခိုလှုံရတဲ့ နေရာမှမဟုတ်ရင် တစ်နေရာတည်းမှာ သုံးညထက်ပိုပြီး နေခွင့်မရှိလို့ပါ။”
“...ကန္တာရကို ပြန်သွားတော့မလို့လား။”
“ဟုတ်ပါတယ်။”
“စည်းမျဉ်းကို ချိုးဖောက်ရင် ဘာဖြစ်မလဲ။ နင့်ရဲ့မျိုးနွယ်စုက နင့်ကို အပြစ်ပေးဖို့ လာဖမ်းမှာလား။”
“ကျွန်တော်တို့က စည်းမျဉ်းတွေ မချိုးဖောက်တဲ့ဘဝကို ထိန်းသိမ်းနေထိုင်သွားမှသာ နောက်ဆုံးခရီးကို အဆုံးသတ်နိုင်မှာပါ။”
~~~~
Miel's Translations