အပိုင်း ၁၁၅
"နည်းနည်းတော့ အားနာမိသား။ ကျွန်မတို့ကတော့ အတူတူသွားကြတာကို သူများအိမ်က မိသားစုတွေကိုတော့ လမ်းခွဲရအောင် လုပ်လိုက်သလို ဖြစ်သွားလို့လေ။ ကျွန်မတို့တွေ အထွတ်အမြတ်မြို့တော်ကိုသွားပြီး ပြန်လာရင် အနည်းဆုံးနှစ်လတော့ ကြာမှာမဟုတ်လားရှင့်။"
ယူဂျင်း သိချင်လာမိသည်။ လွန်ခဲ့သည့်ရက်ပိုင်းက တွေ့ဆုံခဲ့သည့် မှူးမတ်ကတော်များက သူတို့၏ခင်ပွန်းများကို ဒီမှာထားခဲ့ပြီး အထွတ်အမြတ်မြို့တော်သို့ အတူလိုက်ခဲ့ရန်ပြောလျှင် တအားပဲ စိတ်မကောင်းဖြစ်သွားကြမည်လား၊ သို့မဟုတ် ဝမ်းသာကြမည်လား။ ညစ်ကျယ်ကျယ် စပ်စုလိုစိတ်ဖြင့် ရယ်လိုက်စဉ် စူးစူးစိုက်စိုက် စိုက်ကြည့်နေသော ခါဆယ်ရ်နှင့် မျက်လုံးချင်းဆုံမိသွား၏။
သူက ဘာမှမပြောဘဲ ကြည့်နေသဖြင့် ယူဂျင်းလည်း မျက်လုံးကို အနည်းငယ်ပိုပြူးကာ 'ဘာဖြစ်လို့လဲ' ဟု မျက်နှာရိပ်မျက်နှာကဲဖြင့် မေးလိုက်သည်။ ခါဆယ်ရ်က ခပ်ဖွဖွရယ်ကာ ခေါင်းခါလိုက်၏။
"အဲ့ဒီလို လုပ်မနေဘဲ ပြောချင်တာရှိရင် ပြောလိုက်ပါရှင့်။"
"ဘာကိုလဲ။"
"တစ်ခါတစ်လေ အခုလိုမျိုးပဲ အဓိပ္ပာယ်ပါပါ အကြည့်မျိုးနဲ့ ကျွန််မကို ကြည့်တတ်တယ်မဟုတ်လား။"
ယူဂျင်းက သူ့အား အပြစ်တင်နေသည်ဟု မခံစားရစေရန် ပေါ့ပေါ့ပါးပါး ထောက်ပြပြောဆိုလိုက်သည်။
"ငါကလား။"
"ကျွန်မမှာ စကားမပြောတဲ့သူရဲ့ စိတ်ထဲက စကားတွေကို ဖတ်နိုင်တဲ့အစွမ်းမျိုး မရှိပါဘူး။ အဲ့ဒါကြောင့် စိတ်ထဲမှာပဲ မျိုသိပ်မထားဘဲ ပြောပြပါ။"
ခါဆယ်ရ်က ပြက်လုံးတစ်ခု ကြားလိုက်ရသည့်အလား ရယ်မောကာ ပြောခဲ့သည်။
"အဲ့ဒီလိုမဟုတ်ဘူး။"
ယူဂျင်းက မယုံသလို အကြည့်မျိုးဖြင့် ခါဆယ်ရ်ကို ကြည့်လိုက်သည်။ တစ်ခါတလေ သူ၏စိတ်အခြေအနေကို အလွယ်တကူ သိနိုင်သလို ခံစားရသော်လည်း တစ်ခါတစ်ရံတွင်တော့ လုံးဝ ခန့်မှန်းရခက်လှ၏။ တစ်ခါတလေကျလျှင် သူနှင့် စိတ်ချင်း အပြန်အလှန် ဖလှယ်နေရသည်ဟု မခံစားရဘဲ သူက သူ့ဘာသာ တစ်ဖက်သတ် လိုက်လျောညီထွေဖြစ်အောင် နေပေးနေသလိုပင်။
‘ဒါပေမဲ့ မကြာသေးခင်ကနဲ့ ယှဉ်လိုက်ရင်တော့ ပြောင်းလဲမှုအကြီးစားပဲ။’
သူနှင့် စကားပြောဖြစ်သည်က ယခင်ကထက် သိသိသာသာ ပိုများလာသည်။ နူးညံ့ညင်သာသော အမူအရာ သို့မဟုတ် သဘောထားတို့က 'ဒီလူ ငါ့အပေါ် ထူးခြားတဲ့ခံစားချက် ရှိနေတာပဲ' ဟု ရှင်းရှင်းလင်းလင်း ခံစားမိစေခဲ့၏။
သို့သော် တစ်ခါတစ်ရံတွင်တော့ နားမလည်နိုင်ဖြစ်ရသည်။ ဘာကြောင့် ဤလူက ဘာမှမမေးဘဲ အရာရာကို အဆင်ပြေတယ်ဟုသာ ပြောနေရသလဲ။ စိတ်ရင်းအမှန်ဟု ယုံကြည်ချင်သော်လည်း ဆက်ခံသူ မွေးဖွားပေးမည့် အာနီခါကို လက်မလွှတ်ရစေရန် ကြင်နာပြနေခြင်းဖြစ်မည်လားဟူသော သံသယစိတ်ကလေး ဝင်လာမိ၏။
ယူဂျင်းတစ်ယောက် တစ်ဖက်လူ၏စိတ်ကို ခံစားမိသည့်အတိုင်း လက်မခံနိုင်သော မိမိကိုယ်မိမိ အားမလိုအားမရဖြစ်ကာ စိတ်ပျက်မိရသည်။ အခြေခံကျသောအမှားက ထိုလူ၏အရှေ့တွင် ပွင့်လင်းမှုမရှိသော မိမိကိုယ်၌သာ ရှိနေခြင်းဖြစ်သည့်တိုင် အပြစ်မရှိသူကို အပြစ်ပုံချရန် ကြိုးစားနေမိ၏။
စိတ်လောကာ ရူးရူးမိုက်မိုက်အပြုအမူမျိုး မလုပ်မိစေရန် မိမိကိုယ်ကိုယ် သတိပေးနေသော်လည်း သူ့စိတ်ကမူ အမြဲတမ်း အလျင်လိုနေခဲ့သည်။ အချို့သော အခြေအနေများတွင် ကြောက်စိတ်လည်းဝင်မိ၏။ မိမိအပါးတွင် ဘာမှမပြောဘဲ အသာလေး ရပ်နေခဲ့သည့် ဤလူ စိတ်ကုန်ကာ ထွက်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။
ယူဂျင်းတစ်ယောက် သူ့အား ဖော်ပြနိုင်ခြင်းမရှိသော ရှုပ်ထွေးနေသည့် ခံစားချက်များကို ဖုံးကွယ်ရင်း အလုပ်များနေဟန်ဖြင့် ပြောလိုက်၏။
"နှစ်ရက်အတွင်း ထွက်ခွာရမှာဆိုတော့ ပြင်ဆင်စရာတွေ အများကြီးပဲရှင့်။ သွားလိုက်ပါဦးမယ်။ မှူးမတ်ကတော်တွေကိုလည်း ဆက်သွယ်ရဦးမှာဆိုတော့လေ။"
ယူဂျင်း ထွက်သွားပြီးသည့်နောက် ခါဆယ်ရ်က ချက်ချင်း ဝင်လာသော အပါးတော်မြဲ အကြီးအမှူးကို လက်ရိပ်လက်ကဲဖြင့် ပြန်လွှတ်လိုက်သည်။ သူက ဆန်းဂျယ် ပေးပို့လိုက်သည့် အရေးပေါ်စာလွှာကို ပြန်ဖြန့်လိုက်၏။ စာကြောင်းအနည်းငယ်မျှသာရှိသော အကြောင်းအရာကို အလကားနေရင်း ပါးစပ်ဖြင့် ရေရွတ်လိုက်တော့ သူ့စိတ်က လေးလံစွာ နစ်မြုပ်သွားလေသည်။
ဆန်းဂျယ်က ယူဂျင်းကိုခေါ်လျှင် အတူတူသွားရမည်ဟူသော သူ၏ဆုံးဖြတ်ချက်ကို ယူဂျင်းအား တစ်ခါမှ မပြောပြခဲ့ဖူးပေ။ သို့ရာတွင် ယူဂျင်းက သူနှင့်အတူသွားရမည်ဟု ကျိန်းသေပေါက် ယူဆထားသဖြင့် ထူးဆန်းသော ခံစားချက်မျိုး ခံစားလိုက်ရ၏။
သူက စောစောက ယူဂျင်း၏ စကားနှင့် အပြုအမူကို ပြန်တွေးလိုက်မိသည်။ အထွတ်အမြတ်မြို့တော်သို့ သွားပြီးလျှင် ဘုရင့်တိုင်းပြည်သို့ ပြန်လာမည်ဟူသော အချက်ကို အခြေခံ၍ 'ပြန်လာရင်' ဟူသော စကားလုံးကို သုံးခြင်းသည်သော်လည်းကောင်း၊ ဆန်းဂျယ်၏ ဆင့်ခေါ်မှုကို 'စိတ်ရှုပ်စရာပဲ' ဟု ပြောဆိုခြင်းသည်သော်လည်းကောင်း ထိုသို့သော ယူဂျင်း၏ သဘောထားက သူ၏ စိတ်မလုံခြုံမှုကို အလဟဿ ဖြစ်သွားစေခဲ့သည်။
ခါဆယ်ရ် ခပ်တိုးတိုး သက်ပြင်းချရင်း ဆံပင်ကို သပ်တင်လိုက်၏။ ယူဂျင်း၏ စကားလေးတစ်ခွန်း၊ မျက်နှာအမူအရာလေးတစ်ခုကြောင့် သူ၏စိတ်ခံစားမှု အခြေအနေက တက်လိုက်ကျလိုက် ဖြစ်နေခြင်းမှာ ပို၍ဆိုးဝါးလာသဖြင့် စိုးရိမ်နေမိသည်။
'ဒီလိုဖြစ်နေတာ ပုံမှန်ပဲလား' ဟု မေးမြန်းစရာနေရာလည်း မရှိခဲ့ပေ။
ဘုရင်တစ်ပါးအနေဖြင့် အမြဲတမ်း စိတ်က တည်ငြိမ်နေရမည်ဟု သင်ယူခဲ့ရ၏။ ဘုရင်မဖြစ်မီ ခင်ပွန်းတစ်ယောက်အနေနှင့် ရှိသင့်ရှိထိုက်သောပုံစံကို မသိခဲ့ပေ။ သူ့မိဘများက တစ်ခါမှ မိသားစုမဖြစ်ခဲ့ဖူးသောကြောင့်ပင်။
"မိသားစု..."
တားမြစ်ထားသော စကားလုံးကို ပြောရသည့်အလား သူက သတိထားကာ တီးတိုးရေရွတ်လိုက်သည်။
စောစောက ယူဂျင်း 'သူများအိမ်က မိသားစု' ဟု ပြောဆိုခဲ့စဉ်အချိန်တွင် ခံစားခဲ့ရသော ထူးဆန်းသည့် ရင်ခုန်သံက တစ်ဖန်ပြန်လည်ကာ စတင်လာတော့၏။
ပိုင်ဆိုင်ခဲ့ဖူးခြင်းမရှိသဖြင့် မရှိလည်း အဆင်ပြေသည်ဟု ခေါင်းမာခဲ့သော်လည်း တကယ်တမ်းတွင် အားကျတောင့်တခဲ့မိသော ကောင်လေး၏ စိတ်က အသက်ကြီးလာ၍ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ တမင်ဖုံးဖိထားခဲ့ရုံသာဖြစ်ကြောင်း နားလည်လိုက်ရတော့သည်။
တစ်ချက်ကတော့ သေချာ၏။ အထွတ်အမြတ်မြို့တော်သို့ ထွက်ခွာသွားသော ဇနီးသည်ကို မသိကျိုးကျွန်ပြုကာ လျစ်လျူရှုခဲ့သည့် နတ်ရွာစံဘုရင်မင်းမြတ်ကဲ့သို့ သူ လုပ်နိုင်မည်မဟုတ်ပေ။ ယူဂျင်းက မည်မျှပင် ထွက်သွားလိုပါစေ၊ သူ လွှတ်ပေးနိုင်မည်မဟုတ်။ ယခုမှသာ ရရှိခဲ့သော မိသားစုလေးကို လုံးဝလက်မလွှတ်နိုင်ပေ။
~~~~
ဖီဒက်စ် အထွတ်အမြတ်မြို့တော်သို့ ပြန်ရောက်လာသည်။ သူက ချက်ချင်းပင် ဆန်းဂျယ်ထံ အခြေအနေကို သတင်းပို့ရန် ဝတ်ပြုဆုတောင်းခန်းသို့ သွားလေ၏။ ဝတ်ပြုခန်းတံခါးကိုဖွင့်ကာ ဝင်သွားပြီးသည်နှင့် သူ့အား စိုက်ကြည့်နေသည့် ဆန်းဂျယ်၏ရှေ့မှောက်သို့ ချဉ်းကပ်ကာ ဒူးထောက်လိုက်သည်။
“သူရဲကောင်း ဖီဒက်စ်ပါ။ အရှင်မြတ်ရဲ့ အမိန့်တော်ကိုခံယူပြီး ဟာရှီဘုရင့်တိုင်းပြည်ကို သွားခဲ့ရာက ပြန်ရောက်လာပါပြီ။”
— မောင်မင်းရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုတယ်။ မျှော်လင့်ထားတာထက်တောင် ပိုပြီးတာဝန်ကျေသေးတယ်။ စာနဲ့ အမြန်သတင်းပို့တာက သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ။
“တရားလွန် ချီးမွမ်းနေခြင်းပါ။”
— အခုပဲ တာဝန်ပြီးလို့ ပြန်လာတဲ့ မောင်မင်းကို အနားယူချိန် လုံလုံလောက်လောက် ချီးမြှင့်နိုင်စွမ်း မရှိသေးတဲ့အတွက်တော့ စိတ်မကောင်းဘူး။ မောင်မင်းကို တာဝန်အသစ်တစ်ခု ပေးအပ်ချင်တယ်။
“အမိန့်တော်သာ ပေးလိုက်ပါ။ မဟာရဲ့ အလိုတော်ကိုခံယူပြီး ထမ်းရွက်ရခြင်းက အကြီးမားဆုံးသော ပီတိပါပဲ။”
— မောင်မင်းရဲ့စာကိုရတာနဲ့ အာနီခါ ဂျင်ကို အထွတ်အမြတ်မြို့တော်ဆီ လာခဲ့ဖို့ အရေးပေါ် သတင်းပါးလိုက်ပြီး အာနီခါ ဂျင်ကို ကြိုဆိုဖို့ သူရဲကောင်းအဖွဲ့လည်း ထွက်ခွာသွားပြီ။ မောင်မင်းကို ကြိုဆိုရေး သူရဲကောင်းအဖွဲ့ရဲ့ နောက်ကနေလိုက်ပြီး ပူးပေါင်းစေချင်တယ်။ မောင်မင်းသာ ကြိုဆိုပေးမယ်ဆိုရင် အကြာကြီးနေမှ ပြန်လာတဲ့ အာနီခါ ဂျင်ရဲ့ စိတ်ထဲမှာလည်း နှစ်သိမ့်မှုရစေမှာပဲ။
အာနီခါ ဂျင်က သူ့အပေါ်တွင် ထူးခြားသော သဘောထားရှိကြောင်း ဖီဒက်စ်လည်းသိ၏။ လှပပြီး မြင့်မြတ်သော နုနယ်ငယ်ရွယ်သူ အာနီခါက သူ့အား အမြဲတစေ စိတ်လှုပ်ရှားနေသည့် မျက်လုံးများနှင့် ကြည့်နေသည်ကို မသိဘဲနေနိုင်ပါဦးမလား။
တော်သေးသည်ပဲလား၊ ကံဆိုးသည်ပဲလားမသိ၊ သူတို့နှစ်ဦးက အမြဲတမ်း လွဲချော်နေခဲ့သည်။ ဖီဒက်စ် သွေးဆောင်မှုများ၌ အလွယ်တကူ ကျဆုံးနိုင်သည့် အရွယ်တွင် အာနီခါ ဂျင်က နုနယ်သည့် မိန်းကလေးအရွယ်သာရှိသေးသဖြင့် သူလည်း စိတ်မယိုင်မိအောင် ကိုယ့်ကိုယ်ကိုယ် ဆုံးမခဲ့ရ၏။ မိန်းကလေးမှ မိန်းမပျိုလေး ဖြစ်လာချိန်တွင်မူ ဖီဒက်စ်က ကိုယ်ရေးကိုယ်တာ ကံအကြောင်းမလှမှုများနှင့် ကြုံတွေ့ခဲ့ရကာ တစ်သက်လုံး အဗြဟ္မာစရိယကျင့်ပြီး ဘုရားသခင်အတွက် သူ၏ ဘဝတစ်ခုလုံးကို ပေးအပ်ရန် 'အသက်ဝိညာဉ် ကတိသစ္စာကျိန်ဆိုမှု' ကို ပြုခဲ့ပြီးပေပြီ။
သူ 'အသက်ဝိညာဉ် ကတိသစ္စာကျိန်ဆိုမှု' ပြုပြီးသည့် နောက်တစ်နေ့တွင် အာနီခါ ဂျင် ရောက်လာခဲ့သည်။ ဝမ်းနည်းမှုနှင့် မကျေနပ်မှုတို့ ရောထွေးနေသော ရှုပ်ထွေးလှသည့် မျက်လုံးများဖြင့် အချိန်အတော်ကြာ စကားမပြောဘဲ စိုက်ကြည့်နေပြီးမှ ပြန်သွားခဲ့၏။ ဖီဒက်စ်တစ်ယောက် ထိုနေ့က ဂျင်၏ မျက်လုံးများကို မေ့မရနိုင်ခဲ့။
ထို့ကြောင့် မကြာသေးမီက ဟာရှီဘုရင့်တိုင်းပြည်၌ တွေ့ခဲ့ရသော လုံးဝကွဲပြားနေသည့် ဂျင်၏ပုံစံက ပို၍ပင် စိမ်းသက်နေလေသည်။ လက်ထပ်လိုက်သောကြောင့်ပဲလား၊ သုံးနှစ်တာကာလက ထိုမျှအထိ ကြီးမားခဲ့လေသလား။ သူ့ကို ကြည့်နေသော အာနီခါ ဂျင်၏ မျက်လုံးများမှတစ်ဆင့် ပုံမှန်နှုတ်ဆက်ခြင်းထက်ပိုသော ခံစားချက်များကို သူ မခံစားရတော့ပေ။
သူက ယခု အာနီခါ ဂျင်အတွက် ဘာအဓိပ္ပာယ်မှမရှိတော့ပါလားဟု တွေးလိုက်မိသော်လည်း အတွင်းစိတ်ကို ဖော်ပြခြင်းမရှိဘဲ ဆန်းဂျယ်၏အမိန့်ကို တုံ့ပြန်လိုက်သည်။
“ဟုတ်ကဲ့ပါ၊ အရှင်မြတ်။ ချက်ချင်း ထွက်ခွာပါ့မယ်။”
— ပြီးတော့ မောင်မင်း ပို့လိုက်တဲ့ စာထဲမှာ လာ့ခ် သစ်ပင်အကြောင်းကလွဲပြီး တခြားအကြောင်းအရာ မပါဘူးနော်။ ငါ့ရဲ့ စာကို အာနီခါ ဂျင်ဆီ ဆက်ဆက် သေချာပေးလိုက်ရဲ့လား။
“ပေးလိုက်ပါတယ်၊ အရှင်မြတ်။ အာနီခါ ဂျင်က စာကိုဖတ်ပြီးတဲ့နောက်မှာ 'ရှာမတွေ့ဘူး' လို့ ပြန်လျှောက်တင်ခိုင်းခဲ့ပါတယ်။”
မျက်စိမှိတ်ထားသော ဆန်းဂျယ်က မျက်ခုံးကို အနည်းငယ်ကျုံ့လိုက်သည်။
— အဲ့ဒါတင်ပဲလား။
“ဟုတ်ပါတယ်၊ အရှင်မြတ်။”
— …… ကောင်းပြီ။
အနူးအညွတ် ဦးညွှတ်ကာ လှည့်ထွက်ရန် ပြင်နေသည့် ဖီဒက်စ်က ရပ်လိုက်ပြီး ပြောခဲ့သည်။
“အရှင်မြတ်ဘုရား။ သံသယဝင်မိတဲ့အချက်တစ်ခု ရှိနေတဲ့အတွက် မေးမြန်းလျှောက်ထားပါရစေ။ ငမိုက်သားကို ဉာဏ်အလင်း ပေးသနားလှည့်ပါ။”
— မေးနိုင်တယ်။
“မျိုးစေ့မဟုတ်ဘဲနဲ့... လာ့ခ်ကနေ သစ်ပင်အဖြစ် ပြောင်းလဲသွားနိုင်ပါသလား။”
— ပြောင်းနိုင်တာပေါ့။ လူအများသိထားတဲ့ အဲ့ဒီ ရင်ပြင်က သစ်ပင်ကလည်း တကယ်တော့ မျိုးစေ့မဟုတ်ဘဲ လာ့ခ်ကနေ ဖြစ်လာတာ။
“ဟုတ်လားခင်ဗျ။ ဒါဆို ဘာဖြစ်လို့များ……”
— အဲ့ဒီအချက်ကို သိသွားကြရင် ရုန်းကန်လှုပ်ရှားရတဲ့ရာသီမှာ ဘုရင့်တိုင်းပြည်တွေက အာနီခါတွေကို သူတို့ဆီ ခေါ်သွားဖို့ ကြိုးစားကြလိမ့်မယ်။ အာနီခါတွေကို လာ့ခ်နဲ့ တိုက်ခိုက်တဲ့ စစ်မြေပြင်ရဲ့ ရှေ့တန်းမှာ ထားကြမှာ။ အာနီခါတွေက အဲ့ဒီလို အဓိပ္ပာယ်မရှိတဲ့ တိုက်ပွဲတွေမှာ အသက်မစွန့်သင့်တဲ့ မြင့်မြတ်သူတွေပဲ။ အဲ့ဒါအပြင် အာနီခါတိုင်းမှာ အဲ့ဒီလိုစွမ်းရည်မျိုး မရှိကြဘူး။ အဲ့ဒါက အင်အားကြီး ရာမီတာကို ပိုင်ဆိုင်ခဲ့တဲ့ အာနီခါ ရော့ဂ်ဆီ ဖန်တီးခဲ့သလို အံ့ဖွယ်ဖြစ်ရပ်ဖြစ်ပြီး လက်ရှိ ရှိနေတဲ့ အာနီခါ ဖလော်ရာကပဲ လုပ်နိုင်မဲ့အရာ။ အခုတော့ အာနီခါ ဂျင်လည်း လုပ်နိုင်တဲ့စွမ်းရည်မျိုး ဖြစ်နေပြီကိုး။
ဖီဒက်စ်တစ်ယောက် ဆန်းဂျယ်၏ စကားကို ပြန်လည် ဆင်ခြင်သုံးသပ်ကြည့်ရင်း အံ့အားသင့်ဖွယ် အချက်တစ်ခုကို နားလည်သွားတော့၏။ အာနီခါ ဖလော်ရာ၏ ရာမီတာက ရာဇဝင်ထဲမှ အာနီခါ ရော့ဂ်ဆီနှင့် နှိုင်းယှဉ်နိုင်ကာ အာနီခါ ဂျင်၏ ရာမီတာသည်လည်း သူတို့နှင့်ယှဉ်လျှင် နည်းပါးခြင်းမရှိဟူသော သဘောပင်။
— အဲ့ဒါကြောင့် အာနီခါ ဂျင်ကို အရေးတကြီး ပြန်ခေါ်လိုက်တာ။ မောင်မင်းလည်း ခန့်မှန်းမိမှာပဲမို့လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်။ အာနီခါ ဂျင်ရဲ့ ရာမီတာက အားနည်းတယ်။ သူ့ရဲ့ ရာမီတာက ပြောင်းလဲသွားတယ်ဆိုရင် ဒါက အစဉ်အလာမရှိခဲ့ဖူးတဲ့ ဖြစ်ရပ်မို့လို့ ပေါ့ပေါ့တန်တန် သဘောထားလို့မရတဲ့ ထူးခြားဖြစ်စဉ်ပဲ။ အဲ့ဒါကြောင့် ဖီဒက်စ်။ မောင်မင်းက အာနီခါ ဂျင်ကို အထွတ်အမြတ်မြို့တော်ဆီ ဘေးမသီရန်မခ ခေါ်ဆောင်လာရမယ်။
“ဟုတ်ကဲ့ပါ၊ အရှင်မြတ်။ စိတ်ထဲ မှတ်သားထားပါ့မယ်။”
ဖီဒက်စ် ထွက်ခွာသွားပြီးသည့်နောက် ဆန်းဂျယ်က ဆုတောင်းခန်းသို့ ဆင်းသက်ရာ လှေကားဝတွင် စောင့်ကြပ်နေသော သူရဲကောင်းကို ခေါ်လိုက်သည်။ ဆန်းဂျယ် အသံပေးပို့နိုင်သည့် နေရာအကွာအဝေးက အကန့်အသတ်ရှိသော်လည်း ဤအထွတ်အမြတ် နန်းတော်အတွင်း၌ဆိုလျှင် မည်သည့်နေရာ၌ရှိနေပါစေ အသံရောက်ရှိနိုင်၏။
မကြာမီ ဆုတောင်းခန်းတံခါးကိုဖွင့်ကာ သူရဲကောင်းတစ်ယောက် ဝင်လာသည်။
“ခေါ်လိုက်ပါသလား၊ အရှင်မြတ်ဘုရား။”
— ဆုတောင်းခန်းကို ခဏ တံခါးပိတ်ထားမယ်။ ဘယ်သူနဲ့မှ တွေ့မှာမဟုတ်လို့ ငါ တံခါးမဖွင့်မချင်း ဘယ်သူမှ ဝတ်ပြုဆုတောင်းမှုကို အနှောင့်အယှက် မပြုစေနဲ့။
ဆန်းဂျယ်က တစ်ခါတစ်ရံ တစ်ရက်သော်လည်းကောင်း၊ နှစ်ရက်လုံးလုံးသော်လည်းကောင်း ဆုတောင်းခန်းအပြင်ဘက်သို့ ထွက်မလာတတ်ပေ။ မကြာခဏ ဖြစ်နေကျကိစ္စဖြစ်သဖြင့် သူရဲကောင်းလည်း ပြန်ဖြေပြီးနောက် ဆုတ်ခွာသွားခဲ့သည်။ သူရဲကောင်းများက ဆုတောင်းခန်းတံခါးနှင့် ဆက်သွယ်ထားသည့် တစ်ခုတည်းသော လှေကားရှေ့ကို တင်းကြပ်စွာ စောင့်ကြပ်ကြပေလိမ့်မည်။
ဆန်းဂျယ်က လုံးဝ တစ်ယောက်တည်း ဖြစ်သွားသည့်နောက်တွင် မျက်လုံးဖွင့်လိုက်သည်။ ထင်ရှားသော အနီရောင်မျက်လုံးများက အင်မတန် တောက်ပနေ၏။ စင်ကြယ်မြင့်မြတ်သော စွမ်းအင်မျိုးမဟုတ်ဘဲ ကြမ်းကြုတ်ရက်စက်သည့် အငွေ့အသက်မျိုး ထွက်ပေါ်နေသည်။
‘ရှာမတွေ့ဘူးတဲ့လား။’
ဆန်းဂျယ်က ဖီဒက်စ် တစ်ဆင့်ပါးခဲ့သည့် အာနီခါဂျင်၏ အဖြေကို ရေရွတ်လိုက်သည်။
‘မဖြစ်နိုင်တာ။’
「အရှင်မြတ်ဘုရား။ ကျွန်တော်မျိုးမရဲ့ ရာမီတာကို ဆက်ဆက် အရပြန်ယူပါမယ်။ အဲ့ဒါကြောင့် ကျွန်တော်မျိုးမ လိုချင်တာရနိုင်အောင် ကူညီပေးပါ။」
အာနီခါ ဂျင်က ပျောက်ဆုံးနေသော သူ၏ ရာမီတာကို ပြန်လည်ရယူမည်ဟုဆိုကာ ထိုသို့ဖြစ်စေရန် ဘုရင့်တိုင်းပြည်၏ ရတနာကို ရယူရမည်ဖြစ်သောကြောင့် မရဏဘုရင်နှင့် လက်ထပ်ထိမ်းမြားခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ဂျင် လိုချင်သည့်အရာက ဆန်းဂျယ်လည်း လိုချင်သောအရာဖြစ်၍ ဆယ်နှစ်နေမှ မွေးဖွားလာသည့် အဖိုးတန် အာနီခါများအနက် တစ်ဦးဖြစ်သော သူ့အား ဝေးလံခေါင်ဖျား ကန္တာရတိုင်းပြည်သို့ စေလွှတ်ခဲ့ခြင်းပင်။
ဆန်းဂျယ်က လောင်းကြေးတစ်ခုလို သဘောထားကာ ဂျင်၏ဆန္ဒအတိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဂျင်က ရာမီတာကို ဆုံးရှုံးခဲ့ရသဖြင့် မိမိကိုယ်မိမိ အမည်ခံ အာနီခါသာဖြစ်သည်ဟုတွေးကာ သောကဆင်းရဲရောက်နေရ၏။ လိုချင်သောအရာကို ရှာဖွေနိုင်ခြင်းမရှိလျှင် အာနီခါ ဂျင်က လာ့ခ်ကို သစ်ပင်အဖြစ် ပြောင်းလဲနိုင်မည်မဟုတ်ပေ။
‘မရဏဘုရင် ပို့လိုက်တဲ့စာကလည်း မသင်္ကာစရာပဲ။’
ဖီဒက်စ်ပို့လိုက်သော စာနှင့် တစ်ချိန်တည်းလောက်မှာပင် မရဏဘုရင်၏စာလည်း ရောက်လာခဲ့သည်။ စည်းမျဉ်းအရဆိုလျှင် မရဏဘုရင်က လာ့ခ်သစ်ပင်ဖြစ်ရပ် ဖြစ်ပွားသည်နှင့်တစ်ပြိုင်နက် အမြန်ဆုံးနည်းလမ်းကို အသုံးပြု၍ အထွတ်အမြတ်မြို့တော်သို့ သတင်းပို့ရပေမည်။
မည်သို့ပင်ဖြစ်စေ သတင်းပို့ခဲ့သည်ဖြစ်၍ အပြစ်ရှာရန်ခက်သော်လည်း အခြားတိုင်းပြည်များမှ ဘုရင်များသာဆိုလျှင် လျင်မြန်စွာ ဆောင်ရွက်ကြမည်ဖြစ်သောကြောင့် လုံးဝ ကျေနပ်မှုမရှိပေ။
‘လက်ထဲမှာ အပိုင်ကိုင်ထားရသလို ခံစားရတာတော့မဟုတ်ပေမဲ့ ကန္တာရအောက်ပိုင်းကို စောင့်ကြပ်ပေးနေတာဆိုတော့ တစ်ဖက်တစ်လမ်းက အသုံးဝင်နေသေးတယ်။’
ကန္တာရ၏ ဝေးလံခေါင်ဖျားတစ်နေရာတွင် ပုန်းအောင်းနေသော 'မာရာ' ကို စောင့်ကြည့်ရန်အတွက် မရဏဘုရင်က အသင့်တော်ဆုံးပင်။
‘မာရာ။’
ဆန်းဂျယ်က သားရဲတစ်ကောင် ဟိန်းဟောက်မာန်ဖီသလို မျက်နှာကိုရှုံ့မဲ့လိုက်သည်။ ကျိန်းသေပေါက် သူ၏အမှား၊ သူ၏ တွက်ချက်မှုလွဲချော်ခြင်းပင်။
‘အဲ့ဒီကောင်ကို ဒီလောက်အထိ ကောက်ကျစ်စဉ်းလဲပြီး တိတ်တိတ်ဆိတ်ဆိတ် အင်အားကြိတ်စုစည်းပြီးတော့ စိတ်ရှုပ်စရာ ဖြစ်တည်မှု ဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး။’
အစကတည်းက ဂျင်၏ ရာမီတာဆုံးရှုံးမှုသည်လည်း မာရာကြောင့်ပင်။ အတိအကျဆိုရလျှင် မာရာ နောက်လိုက်များ လုပ်ခဲ့သည့်ကိစ္စဖြစ်သော်လည်း မာရာရှိနေခြင်းကြောင့် ဖြစ်လာသည့် ရလဒ်ဖြစ်၍ ကွာခြားခြင်းမရှိပေ။
'အာနီခါ ဂျင်။ ဘာလို့ လိမ်ပြောခဲ့တာလဲ။ မိဖုရားနေရာက မယ်မင်းအတွက် အဆင်ပြေလို့လား။ ဘုရင့်တိုင်းပြည်မှာပဲ ဆက်နေချင်တာလား။'
အဲ့ဒီလိုဆို ဘယ်ဖြစ်မလဲဟု ဆန်းဂျယ်က ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သည်။
'အာနီခါ ဂျင်ကို မတွေ့ခင် အဲ့ဒီလူကိုတွေ့ပြီး အရင်ဆုံး အတည်ပြုရမယ်။'
ဆန်းဂျယ်၏ မျက်နှာက ဖြည်းဖြည်းချင်း အရောင် မှိန်ကျသွားသည်။ သွေးရောင်ကင်းသွားသော အသားအရောင်က ပိုမိုဖျော့တော့လာရာမှ မြင်ကွင်းများကို ဖောက်ထွင်းမြင်ရသည်အထိ အကြည်ရောင်ဖြစ်လာ၏။ သူက ယခုမူ မှိန်ဖျော့သွားပြီဖြစ်သော လက်နှစ်ဖက်ကိုကြည့်ကာ စုတ်သပ်လိုက်သည်။
'ဘာတစ်ခုမှ ခံစားလို့မရတဲ့ ဒီလို ခန္ဓာမျိုးကို ထိန်းသိမ်းထားဖို့အတွက် အသက်စွမ်းအင်ကို အများကြီး သုံးနေရတယ်တဲ့လား။'
ခဏအကြာတွင် ဆန်းဂျယ်၏ ခန္ဓာကိုယ်က လုံးဝ အကြည်ရောင်ဖြစ်ကာ ပျောက်ကွယ်သွားလေသည်။ ဆန်းဂျယ် ဝတ်ဆင်ထားသော ရှေးဟောင်း ဘုန်းတော်ကြီးဝတ်ရုံသာလျှင် ကြမ်းပြင်ပေါ်တွင် ပုံလျက်သား ကျကျန်ရစ်ခဲ့တော့၏။
~~~~
Miel's Translations