အပိုင်း ၁၁၄
“အဲ့ဒီသတင်းပွဲစားရဲ့ သရုပ်မှန်ကို ခန့်မှန်းမိလောက်ရောပေါ့။”
ခါဆယ်ရ်က ဘယ်ရုစ်အား သတင်းပွဲစား ကေ့ဂျ်ကို စောင့်ကြည့်ရန် အမိန့်ပေးခဲ့သော်လည်း သူက မာရာအစွန်းရောက်ဂိုဏ်း၏ ဘုန်းတော်ကြီးဖြစ်ကြောင်းကိုတော့ မပြောခဲ့ပေ။
သူ့ကို စောင့်ကြည့်ရခြင်း၏ အကြောင်းရင်းက အစွန်းရောက်ဂိုဏ်းကြောင့်မဟုတ်ဘဲ မိဖုရားဖြစ်နေသောကြောင့်ပင်။ ဘယ်ရုစ် သူ့ကို ပို၍အာရုံစိုက် စောင့်ကြည့်နေရာမှ သူ၏သတိထားမှုတွင် အနည်းငယ် အနှောက်အယှက်ဖြစ်စေမည်ကို ရှောင်ရှားလိုသော ရည်ရွယ်ချက်လည်းရှိ၏။
သို့ရာတွင် ဘယ်ရုစ်သာဆိုလျှင် သတင်းပွဲစား ကေ့ဂျ်၏ သရုပ်မှန်အကြောင်း ခဏတွင်းချင်း သတိထားမိလိမ့်မည်ဟု တွေးထားခဲ့သည်။
“မှန်ပါတယ်၊ အရှင်မင်းကြီး။”
“ဘယ်တုန်းကတည်းကလဲ။”
“စောင့်ကြည့်ကွန်ရက်ထဲမှာရှိနေတဲ့ ဂိုဏ်းအတွင်း သြဇာအာဏာရှိ နောက်လိုက်တွေက သူနဲ့ သတိထားပြီး ဆက်သွယ်နေတာကို မြင်တွေ့ခဲ့ရတဲ့အတွက် ခန့်မှန်းမိခဲ့တာပါ။ အဲ့ဒီလိုနဲ့ သူ မြို့တော်ကနေ ထွက်ခွာသွားတဲ့အခါမှာတော့ သေချာပေါက် သိလိုက်ရပါတယ်။”
ခါဆယ်ရ် ခေါင်းညိတ်လိုက်သည်။ ယဇ်ပူဇော်ပွဲ လုပ်ဆောင်ရန် အထွတ်အမြတ်နေရာသို့ သွားရာလမ်းတွင် ဘယ်ရုစ်၏ အစီရင်ခံစာကို ဖတ်လိုက်ရတော့ ‘တကယ် သိသွားပြီပဲ’ ဟု တွေးခဲ့မိ၏။ သတင်းပွဲစား ကေ့ဂျ် ရုတ်တရက် မြို့တော်မှ ထွက်ခွာသွားချိန်တွင် ဘယ်ရုစ်က ချက်ချင်းပင် ဂိုဏ်းအတွင်းပိုင်းမှ အချက်အလက်များကိုရယူကာ ဆာ ဖီဒက်စ် မြို့တော်သို့ ပြန်ရောက်လာကြောင်းကို သိလိုက်ရသောကြောင့်ပင်။
“သူက မသင်္ကာစရာ အကြံအစည်ကို ကြံစည်နေတယ်လို့ သတင်းရထားတယ်။ ပြီးတော့ အဲ့ဒီအကြံအစည်ကို သူကိုယ်တိုင် လုပ်ဆောင်နေတာမဟုတ်ဘဲ သူ့အထက်ကနေ အမိန့်ပေးညွှန်ကြားနေတဲ့ တစ်ယောက်ယောက် ရှိနေတယ်ဆိုပြီး မသင်္ကာစရာ အချက်တွေလည်း ရှိနေလို့။”
“စုံစမ်းဖို့ အမိန့်ပေးခဲ့တဲ့ အထွတ်အမြတ်ဘုန်းတော်ကြီးတို့၊ သူတော်စင်အရှင်မတို့ကို ပြောတာပါလားခင်ဗျ။”
“အင်း။ မောင်မင်းက သဲလွန်စမတွေ့ခဲ့ဘူးလို့ ပြောပေမဲ့ မသင်္ကာစရာတွေရှိနေတော့ လျစ်လျူရှုထားလို့ မဖြစ်ဘူး။ အဲ့ဒီလိုဆိုလို့ အစွန်းရောက်ဂိုဏ်းဝင်တွေကို ဖမ်းလိုက်ရင်လည်း အမှန်အတိုင်းဝန်ခံချက်ကို ရနိုင်မယ်မထင်ဘူး။ အဲ့ဒါကြောင့် သူတို့ ဘာတွေလုပ်နေလဲဆိုတာကို နေရာမှာတင် ဝင်ရောက်စီးနင်းဖမ်းဆီးဖို့ စဉ်းစားထားတယ်။ အကြံအစည် အကောင်အထည်ဖော်မဲ့ အချိန်ကိုတော့ ဒီခြောက်သွေ့ရာသီအကုန်နဲ့ ရုန်းကန်လှုပ်ရှားရတဲ့ရာသီ မစခင်စပ်ကြားလို့ ခန့်မှန်းထားတာပဲ။ အဲ့ဒီအချိန်အထိ စောင့်ကြည့်တာကို မလျှော့လိုက်နဲ့။ သတိမထားမိအောင် တစ်ဖက်ကနေ လှုပ်ရှားရင်း တစ်ဖက်မှာလည်း မသင်္ကာစရာမဖြစ်စေရအောင် သတိထား။”
“ဟုတ်ကဲ့ပါ၊ မှတ်သားပြီး အကောင်အထည်ဖော်ပါ့မယ်။”
“ပြန်လို့ရပြီ။”
ခါဆယ်ရ်က ဘယ်ရုစ် ယူလာသော အစီရင်ခံစာတစ်စောင်ကိုဖွင့်ကာ အကြည့်ကို အောက်စိုက်လိုက်သည်။ ဘယ်ရုစ်က ချက်ချင်း တုံ့ပြန်ခြင်းမရှိဘဲ တုံ့ဆိုင်းနေ၏။
“အရှင်မင်းကြီး။”
“နောက်ထပ် ဘာကျန်သေးလို့လဲ။”
“အရင်တုန်းက အရှင်မိဖုရားက သတင်းပွဲစား ကေ့ဂျ်နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို အမိန့်ပေးခဲ့ဖူးပါတယ်။ အရှင်မိဖုရားနဲ့တွေ့ဆုံပြီး ဒီအတောအတွင်း စုံစမ်းသိရှိခဲ့ရတဲ့ အကြောင်းအရာတွေကို အစီရင်ခံတင်ပြချင်ပါတယ်ခင်ဗျ။ လျှို့ဝှက်ထားရမဲ့ အချက်အလက် ရှိ၊မရှိကို မေးမြန်းထားချင်လို့ပါ။”
“သူက မိဖုရားအပေါ် ပြစ်မှုကျူးလွန်ခဲ့တာရှိတော့ သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ငါလည်း မိဖုရားနဲ့ လုံလုံလောက်လောက် ဝေမျှပြီးသားပဲ။ မောင်မင်းအနေနဲ့ သီးသန့်သွားတွေ့ပြီး အစီရင်ခံဖို့ မလိုဘူး။”
သာမန်အချိန်သာဆိုလျှင် လုပ်စရာ တစ်လုပ်ရှင်းသွားအောင်လုပ်ပေးသည့် ဘုရင်မင်းမြတ်၏စကားကို ကျိန်းသေပေါက် သဘောတွေ့မိမည်သာ။ သို့သော် ယနေ့တော့ မဟုတ်ပေ။ ဘယ်ရုစ်တစ်ယောက် ယနေ့ ရဲတိုက်ထဲမဝင်မီ အထူးအမိန့်တစ်ခု ရထား၏။
လွန်ခဲ့သောရက်ပိုင်းက မိဖုရား၏ ဖိတ်ကြားချက်ကိုရရှိကာ ရဲတိုက်သို့ သွားခဲ့သော သူ့ဇနီးက အင်မတန် စိတ်လှုပ်ရှားနေသည့် မျက်နှာနှင့် အိမ်အပြန်တွင် သူ၏ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။
「ဘယ်လိုဖြစ်သွားတာလဲ။ ဒါက ဘာဖြစ်တာလဲလို့။」
「ရဲတိုက်မှာ ဘာများဖြစ်ခဲ့လို့လဲဗျ။」
တစ်ခုခု စိတ်အနှောက်အယှက်ဖြစ်စရာ ကိစ္စများရှိခဲ့လို့လားဟုတွေးကာ ဘယ်ရုစ်က စိုးရိမ်တကြီး မေးလိုက်သော်လည်း ရှားလော့ထ်က ထူးဆန်းစွာပင် စိတ်လှုပ်ရှားနေသည့် မျက်နှာဖြင့် အသံကိုမြှင့်ကာ ပြောလာသည်။
「ကျွန်မက မေးရမှာပါ။ လတ်တလော အရှင်မိဖုရားနဲ့ ဘယ်တုန်းက တွေ့ခဲ့တာလဲဟင်။」
「……လွန်ခဲ့တဲ့ တစ်လလောက်ကများလား။」
「သေချာပြောစမ်းပါ။ ဂါရဝပြုရုံလေးပဲလား။」
「အရှင်မိဖုရားက တွေ့ချင်တယ်ဆိုပြီး ဆင့်ခေါ်လို့ သွားတွေ့ခဲ့တာပါ။」
「အဲ့ဒီတုန်းက သတိမထားမိဘူးလား။ အရှင်မိဖုရားက ထူးဆန်းနေတာကိုလေ။」
「ဘာစကားလဲဗျ။」
「လူပြောင်းသွားသလို ပြောင်းလဲသွားတာလို့။」
ဘယ်ရုစ်က လွန်ခဲ့သောတစ်လခန့်က မိဖုရားနှင့်တွေ့ခဲ့စဉ် ထူးဆန်းသော အငွေ့အသက်ကို တဒင်္ဂ ခံစားမိခဲ့သော်လည်း အရေးမကြီးဘူးဟု သတ်မှတ်ကာ ကျော်သွားခဲ့၏။ သူ၏ထင်မြင်ချက်အရမူ ဇနီးဖြစ်သူ ဤမျှအထိ ပြင်းထန်သော တုံ့ပြန်မှုမျိုး ပြရလောက်သည့် အတိုင်းအတာမဟုတ်ဟု ယူဆခဲ့သည်။
တကယ်တွင် သူက မိဖုရားနှင့် စကားရှည်ရှည် ပြောဖူးခြင်းမျိုးလည်း မရှိခဲ့ပေ။ သူ့ဇနီးသည်လည်း ထိုအတိုင်းပင်ဖြစ်မည်ဟု ထင်ထားခဲ့သည်။ သူ ဘာမှပြန်မဖြေနိုင်တော့ ရှားလော့ထ်က သူ့အား စိတ်ပျက်သလို မျက်လုံးများဖြင့် ကြည့်လာ၏။
「ဒီလောက်တောင် လူကဲခတ်ညံ့ပုံမျိုးနဲ့ ဘယ်လိုများ တိုင်းပြည်ရေးရာတွေ လုပ်ဦးမှာလဲ။」
「ရှင်မက အရှင်မိဖုရားနဲ့ အဆက်အဆံ အများကြီးလုပ်ဖူးမှန်း မသိခဲ့ရပါလား။」
「အဆက်အဆံရှိတယ်ဆိုတာက ဘာစကားလဲ။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း တွေ့တောင်မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ မြင်လိုက်တာနဲ့ မခံစားမိဘူးလား။ မျက်နှာအမူအရာ၊ စကားပြောဟန်၊ မျက်လုံးအကြည့်တွေအထိပါ လုံးဝ ကွဲပြားနေတာကို။」
ဘယ်ရုစ်က မသိဘူးဟုပြန်ဖြေလိုက်သောအခါ ဇနီးဖြစ်သူထံမှ အကဲခတ်ညံ့လိုက်တာဟု အများကြီး ပူညံပူညံ အပြောခံရတော့သည်။
「ရဲတိုက်အမှုထမ်းတွေက အရှင်မိဖုရားလို့ ပြောင်းခေါ်နေကြတယ်ဆိုတာတော့ ကြားဖူးလို့ သိထားပေမဲ့ ကိုယ်တိုင်တွေ့ပြီး အရှင်မိဖုရားလို့ ခေါ်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ရှင်လည်းသိတဲ့အတိုင်း အရင်တုန်းကဆို ဆက်ဆက် အာနီခါလို့ ခေါ်မှဖြစ်မှာလေ။ အဲ့ဒီအခေါ်အဝေါ်ကြောင့် ဖြစ်ခဲ့တဲ့ပြဿနာတွေကို ရှင်လည်းအသိပဲမဟုတ်လား။」
「ဟုတ်ကဲ့၊ သိပါတယ်။」
「အရှင်မိဖုရား ဘယ်ရွန် ဝေးဇ်ကို ဆက်ဆံပုံကလည်း တအားကို နူးညံ့ပျူငှာနေတာ။ အဲ့ဒီလိုဆိုမှ ဟိုးအရင်တုန်းက အရှင်မိဖုရား ဘယ်ရွန် ဝေးဇ်အပေါ် ပြောဆိုနေတာကို မတော်တဆ မြင်လိုက်ရဖူးတယ်။... ဘာပဲဖြစ်ဖြစ်၊ လူတစ်ယောက်အပေါ် သဘောထား ပြောင်းသွားတယ်ဆိုတာ အကြောင်းပြချက် ရှိရမယ်လေ။ ဒီလို ငယ်ရွယ်တဲ့ မိဖုရားက ဘယ်ရွန် ဝေးဇ်နဲ့ ဆက်ဆံရေးကောင်းအောင်လုပ်စရာ အကြောင်းမှမရှိတာ။ လုံးဝ အနားယူသွားတဲ့ လူကိုတောင် တကူးတက ပြန်ခေါ်ထားတဲ့အထိဆိုတော့။」
ဘယ်ရုစ်တစ်ယောက် တစ်ကိုယ်တည်းရေရွတ်နေသော ဇနီးသည်ကိုကြည့်ရင်း မကောင်းသော နိမိတ်တစ်ခု ခံစားလိုက်ရသည်။ လူအများ၏ ပြောစကားအရ သူ့ဇနီးဖြစ်သူ မြို့စားမင်း ရှားလော့ထ် အော်စကာက ခံစားချက်ကို အလွယ်တကူ ထုတ်မပြတတ်ဘဲ သွေးအေးသည့်စိတ်ထားနှင့် အရာရာကို ဘာသိဘာသာ သဘောထားတတ်သူဖြစ်၏။
သို့သော် တစ်လောကလုံးမသိဘဲ သူ့မိသားစုဝင်များသာသိသည့် အမှန်တရားကမူ အနည်းငယ် ကွဲပြားပေသည်။ ရှားလော့ထ်က အများအားဖြင့် အရာရာကို ဘာသိဘာသာနေတတ်သော်လည်း သူစိတ်ဝင်စားသည့် ကိစ္စများတွင်တော့ အသည်းအသန် စွဲလမ်းတတ်သူပင်။
ထိုသို့ ဇွဲကောင်းသူ ရှားလော့ထ်၏ အကွက်တွင်မိခဲ့ရသူကား ဘယ်ရုစ်ပင်ဖြစ်၏။ အရွယ်ရောက်သည်နှင့်တစ်ပြိုင်နက် ငါးနှစ်ပိုကြီးသူ ရှားလော့ထ်က သူ့ကို ကုပ်မှဆွဲခေါ်သွားကာ သတိဝင်လာချိန်တွင် မင်္ဂလာစင်မြင့်ပေါ်၌ ရပ်မိလျက်သားဖြစ်နေခဲ့ပေပြီ။
「အရှင်မိဖုရားကို တွေ့ဖို့ဆိုရင် ဘယ်လိုနည်းလမ်းက ကောင်းလောက်မလဲ။ အခစားဝင်တွေ့ဆုံတာမျိုး မဟုတ်ဘဲ နည်းနည်းပိုပြီး သဘာဝကျတဲ့ နည်းလမ်းနဲ့လေ…… အာ၊ ရှင် တစ်ခုခုလုပ်ပါလား။」
「ဘာကို ဘယ်လိုလုပ်ရမှာလဲဗျ။」
「ဘာပဲဖြစ်ဖြစ်ပေါ့။ အကြောင်းပြချက်တစ်ခုခုနဲ့ တွေ့ဆုံဖို့ ဖန်တီးကြည့်ပါလား။ ဇနီးမောင်နှံ နှစ်စုံတွဲ အတူတူ ညစာစားတာမျိုးဖြစ်ဖြစ်၊ ဒါမျိုးဆိုလည်း ကောင်းတာပဲ။」
「……ဘာကို နှစ်စုံတွဲ အတူတူလဲဗျ။」
ဘယ်ရုစ်၏ ဘုရင်မင်းမြတ်အပေါ် သစ္စာစောင့်သိမှုက တစ်ကဏ္ဍဖြစ်ကာ ပြောရလျှင် သူက ဘုရင်မင်းမြတ်ကို ချဉ်းကပ်ရခက်သူဟု တွေးထား၏။ ဒီအတိုင်း လိုအပ်သည့်အခါတွင်တွေ့ဆုံကာ အမိန့်ခံယူခြင်းဖြစ်စေ၊ အစီရင်ခံစာ တင်ပြခြင်းဖြစ်စေ လုပ်ရသည်က ပို၍အဆင်ပြေသည်။
မိမိ၏ဖခင်နှင့် ညစာစားချိန်မှာပင် ပြောစရာစကားမရှိသည်ကို အင်မတန် ရှည်ကြာမည့် ညစာထမင်းဝိုင်း၌ ဘုရင်နှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာကိုများ စကားစမြည် ပြောရမည်နည်း။
သို့သော် တစ်လောကလုံးမသိကြသည့် အမှန်တရားက နောက်တစ်ခုရှိသေး၏။ သံမဏိသွေး နန်းရင်းဝန်ဟု သတင်းကြီးသော ဘယ်ရုစ် ရစ်ဆန်မှာ မယားကြောက်တစ်ယောက်ပင်။ လက်မထပ်ခင်ကတည်းက အာဏာကုန်အပ်ခဲ့ရ၍ပဲလားမသိ၊ လက်ထပ်ပြီးနောက်တွင်လည်း လင်မယားကြား၌ မည်သည့်အပြောင်းအလဲမှ မရှိခဲ့ပေ။
ဘုရင်မင်းမြတ်နှင့် တစ်မူကွဲပြားသော သဘောသဘာဝအားဖြင့် ရှားလော့ထ်က ဘယ်ရုစ်ကို တစ်ချက်လွှတ်အမိန့်ပေးပိုင်ခွင့်ရှိသူဖြစ်သည်။ ဘယ်ရုစ်တစ်ယောက် ယနေ့ အိမ်ပြန်ရောက်လျှင် ဇနီးဖြစ်သူအား ရလဒ်ကောင်း ပြနိုင်မှဖြစ်ပေမည်။
သူက ခေါင်းထဲတွင် စဉ်းစားထားခဲ့သည်။ ဘုရင်မင်းမြတ်ကို ရုတ်တရက် ဇနီးမောင်နှံနှစ်စုံတွဲ အတူတူညစာစားဖို့ ကမ်းလှမ်းအကြံပြု၍ မဖြစ်နိုင်သဖြင့် အရင်ဆုံး မိဖုရားနှင့် တွေ့ဆုံကာ တစ်နေ့က တွေ့ဆုံပွဲနှင့် ဇနီးသည်အကြောင်း သဘာဝကျကျလေး ထုတ်ပြောရန် ကြိုးစားခဲ့၏။ သို့ရာတွင် သူ၏အစီအစဉ်က အစကတည်းကပင် ပျက်စီးမည့်ဘေးနှင့် ရင်ဆိုင်နေရပေပြီ။
‘ဘာမှမပြောဘဲ နေလိုက်တာမှ တော်ဦးမယ်။’
ဘုရင်မင်းမြတ်က သွားစရာမလိုဘူးဟု ပြောထားသည့်အချိန်တွင် မိဖုရားကို သွားတွေ့ပါက ပေါ်ပေါ်တင်တင် အမိန့်ချိုးဖောက်ခြင်း ဖြစ်သွားပေလိမ့်မည်။
“အရှင်မင်းကြီး။ အရေးတကြီး လျှောက်တင်စရာ ကိစ္စတစ်ခု ရှိပါတယ်။”
အပြင်ဘက်မှ အပါးတော်မြဲ အကြီးအမှူး၏ အသံကို ကြားလိုက်ရသည်။ ဘုရင်မင်းမြတ်၏ ခွင့်ပြုချက်ကိုရယူပြီး ဝင်လာသည့် အပါးတော်မြဲ အကြီးအမှူးက ချက်ချင်းပင် ဘုရင်မင်းမြတ်အရှေ့သို့ တိုးသွားကာ စားပွဲပေါ်၌ လုံးဝိုင်းသော သေတ္တာငယ်လေးတစ်ခု တင်ပေးခဲ့၏။
“စာပို့ငှက်ကတစ်ဆင့် အထွတ်အမြတ်မြို့တော်ကနေ ပို့လိုက်တဲ့ အဆင့်အမြင့်ဆုံး အရေးပေါ်စာလွှာပါ။”
သိသိသာသာ တင်းမာနေသော အပါးတော်မြဲ အကြီးအမှူး၏ မျက်နှာထားက တောင့်တင်းနေသည်။ ယခုအချိန်အထိ အထွတ်အမြတ်မြို့တော်မှ ဤမျှအဆင့်ရှိသော စာချွန်လွှာ ရောက်လာခြင်းမျိုး မရှိခဲ့ဖူးပေ။
ခါဆယ်ရ်က ချက်ချင်းပင် သေတ္တာကိုဖွင့်ကာ အတွင်း၌ လိပ်ထားသော စာတိုလေးကို ဖြန့်လိုက်သည်။ အတိုချုပ်ရေးထားသော စာကို အမြန်ပင် ခြုံငုံဖတ်လိုက်သည့် သူ၏မျက်ခုံးများကြားတွင် ကျုံ့ရာများ ထင်လာတော့၏။ မျက်လုံးကိုပင့်ပြီး အပါးတော်မြဲ အကြီးအမှူးကို အမိန့်ပေးရန်ပြင်လိုက်စဉ် ဘယ်ရုစ်ကိုမြင်တော့ သူက ပြောလိုက်သည်။
“နန်းရင်းဝန်က သွားနှင့်တော့။”
“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”
ဘယ်ရုစ်တစ်ယောက် ဘာကိစ္စမှန်း သိချင်နေသော်လည်း တစ်ခွန်းတစ်ပါဒမျှစကားမဟဘဲ ထွက်လာခဲ့၏။ သူသိသင့်သည့်ကိစ္စဆိုလျှင် သိလာမှာပဲဟု အေးရာအေးကြောင်း တွေးလိုက်သည်။ အထွတ်အမြတ်မြို့တော်နှင့် ပတ်သက်သော ကိစ္စများက သူ့တာဝန်မဟုတ်ပေ။ ရှားလော့ထ်ကို ဆင်ခြေပေးရန် အကြောင်းပြချက် လုံလုံလောက်လောက် ရလိုက်ပြီဟူသော အချက်တစ်ခုတည်းနှင့်ပင် သူက ပေါ့ပါးသောစိတ်ဖြင့် စင်္ကြံအတိုင်း လျှောက်လာခဲ့၏။
~~~~
ခဏအကြာတွင် ဘုရင်မင်းမြတ်၏ အမိန့်ကိုရခဲ့သော အပါးတော်မြဲ အကြီးအမှူးက မိဖုရားထံသို့ အပြေးသွားခဲ့သည်။ အပါးတော်မြဲအကြီးအမှူးနှင့် အတူပါလာသည့် ယူဂျင်း ဘုရင်မင်းမြတ်၏ ရုံးခန်းထဲသို့ ဝင်လာပြီးနောက် ရဲတိုက်အမှုထမ်းအားလုံး အပြင်ထွက်သွားကြ၏။ နှစ်ယောက်တည်း ကျန်ရှိနေသော နေရာတွင် ခါဆယ်ရ်က ဆန်းဂျယ် ပို့လိုက်သည့် အရေးပေါ်စာလွှာကို ယူဂျင်းအား ပြလိုက်သည်။
“ကျွန်မကို…… အထွတ်အမြတ်မြို့တော်ဆီ လာခိုင်းတယ်ပေါ့လေ။ ရှင်ပဲ တစ်လထက်ပိုကြာမယ်ဆိုပြီး ခန့်မှန်းထားတယ် မဟုတ်ဘူးလား။”
“ဟုတ်တယ်လေ။ မင်းနဲ့တွေ့ပြီး ပြန်သွားတဲ့ သူရဲကောင်းက အထွတ်အမြတ်မြို့တော်ကိုရောက်၊ ဆန်းဂျယ်ရဲ့ အမိန့်ကိုခံယူပြီး သူရဲကောင်း ဒီကို ပြန်လာဖို့ အတိုဆုံးအချိန်ကို ပြောခဲ့တာ။ ဒီအတိုင်းဆိုရင် ဆာ ဖီဒက်စ်က အထွတ်အမြတ်မြို့တော်ဆီ စာအရင်ပို့ခဲ့တဲ့ပုံပဲ။”
“……ပြီးတော့ ဆန်းဂျယ်က စာရပြီးပြီးချင်း ဒီအရေးပေါ်စာလွှာ ပို့လိုက်တယ်ပေါ့။”
— မဟာရဲ့အလိုတော်ကို ကိုယ်စားပြုပြီး တစ်ဆင့်ပါးလိုက်ပါတယ်။
အရေးပေါ်စာလွှာ၏ ပထမဆုံး စာကြောင်းတွင် ရေးထားသော စာသားပင်။ ဆန်းဂျယ်ကို ဤကမ္ဘာ၏ တစ်ပါးတည်းသောဧကရာဇ်ဟု ယူဆလျှင် ‘မဟာ၏ အလိုတော်’ က ဧကရာဇ်၏ အမိန့်တော်နှင့် ဆင်တူပေသည်။ ဆန်းဂျယ်ကို ဆန့်ကျင်အာခံရန် စိတ်ကူးမရှိဘူးဆိုလျှင် ဖီဆန်၍မရပေ။
ဆန်းဂျယ်က အာနီခါ ဂျင်ကို ခရီးဦးကြိုပြုမည့် သူရဲကောင်းအဖွဲ့အား ချက်ချင်း စေလွှတ်မည်ဖြစ်၍ တစ်ရက်ပဲဖြစ်ဖြစ် စောစောလေး အထွတ်အမြတ်မြို့တော်သို့ရောက်အောင် အမြန်ဆုံးလာခဲ့ရန် မှာကြားထား၏။ အကြောင်းအရာများစွာ ထည့်ရေး၍မရဘဲ အဓိကလိုရင်းအချက်များကိုသာ အတိုချုပ်ရေးရသည့် အရေးပေါ်စာတို၏ သဘာဝကြောင့်ပေပဲလားမသိ၊ ဆန်းဂျယ်၏ စာချွန်လွှာကို အင်မတန် ပြင်းထန်သည့် အမိန့်တစ်ခုလို ခံစားလိုက်ရသည်။
“ဆန်းဂျယ်က အရေးပေါ်စာလွှာနဲ့ လူကို ဆင့်ခေါ်တတ်လားရှင့်။”
“ရှားရှားပါးပါးရှိပေမဲ့ အာနီခါကိုတော့ ဒီလိုပုံစံမျိုးနဲ့ ခေါ်လေ့မရှိဘူး။ အနည်းဆုံး သူရဲကောင်း ဆယ်ယောက်၊ မဟုတ်လည်း အဲ့ဒီထက်ပိုများတဲ့ သူရဲကောင်းအဖွဲ့ကို စေလွှတ်ပြီး ခရီးတစ်လျှောက်လုံး အာနီခါကို စောင့်ကြပ်ပေးတယ်။”
“ဒါဆိုရင် ပုံမှန်မဟုတ်ဘူးပေါ့နော်။ လာ့ခ် သစ်ပင်က အဲ့ဒီလောက်တောင် အရေးကြီးတဲ့ ကိစ္စလားဟင်။ ဒီလောက်အထိ ဆတ်ဆတ်ထိမခံ တုံ့ပြန်ရမဲ့ကိစ္စ မဟုတ်လောက်တာကို……”
ခါဆယ်ရ်က တစ်ယောက်တည်း တီးတိုးရေရွတ်နေသော ယူဂျင်းကိုကြည့်ရင်း အဓိပ္ပာယ်မရှိလိုက်တာဟူသည့် ပုံစံမျိုးဖြင့် ရယ်လိုက်သည်။
“အရေးကြီးတဲ့ကိစ္စမဟုတ်လို့ ဘာဖြစ်ရမှာလဲ။ မင်းတစ်ယောက်တည်းကသာ အရေးမပါဘူးလို့ ထင်နေတာ။”
ခါဆယ်ရ်တစ်ယောက် အထွတ်အမြတ်နေရာ၌ ယူဂျင်း ရေကန်ထဲမှ မှော်ဝင်သားရဲကိုခေါ်ရန် မျိုးစေ့ကို အပင်ပေါက်စေခဲ့သည့် အဖြစ်ကို စဉ်းစားလိုက်တိုင်း ယခုအထိ တခစ်ခစ်ရယ်ချင်မိဆဲပင်။ မည်သည့်အာနီခါမှ ယူဂျင်းကဲ့သို့ ရာမီတာကို ပေါ့ပေါ့တန်တန် သုံးမည်မဟုတ်ပေ။ ထိုမျိုးစေ့မှ ပေါက်လာသော အပင်ငယ်လေးကို ကိုင်တွယ်သည့် နည်းလမ်းကလည်း ဘာသိဘာသာပင်။ ယူဂျင်းက ပတ်ဝန်းကျင်ကို သေချာမကြည့်ဘဲ ထိုင်ချကာ မြေကြီးကို ပါးပါးလေးတူးပြီး အပင်ကို စိုက်ခဲ့သည်။ ထို့နောက် မြေကြီးပေနေသော လက်များကို ခါချပြီး သံယောဇဉ်အမျှင်တန်းနေခြင်းမရှိဘဲ ထွက်သွားခဲ့သော်လည်း ခါဆယ်ရ်ကမူ အကြိမ်ကြိမ် နောက်လှည့်ကြည့်ခဲ့မိ၏။
အာနီခါ အပင်ပေါက်စေခဲ့သည့် သစ်ပင်ကား ဘုရားသခင်၏ စွမ်းအားပါဝင်နေသော အထွတ်အမြတ်ပစ္စည်းတစ်ခုပင်။ တစ်အိမ်လုံးတွင် ရှိသမျှပစ္စည်းများနှင့် လဲလှယ်ရမည်ဆိုလျှင်ပင် အထွတ်အမြတ်စွမ်းအားကို ပစ္စည်းဥစ္စာနှင့် လဲလှယ်ခွင့်ရခြင်းအပေါ် ကျေးဇူးတင်လွန်း၍ အပြေးအလွှား လာကြမည့်သူများ အဆုံးမရှိအောင် များပြားလှပေလိမ့်မည်။
သူက ယူဂျင်းကို ခန့်မှန်းကြည့်ရန်ပင်မလွယ်မည့် ရာမီတာပိုင်ဆိုင်ထားသူ အာနီခါဖြစ်သည်ဟု တွေးခဲ့မိ၏။ ‘ဟုတ်တယ်။ မှန်တယ်’ ဟု ခေါင်းထဲတွင် သိနေသော်လည်း တကယ်တမ်းလက်တွေ့တွင်မူ နားမလည်နိုင်ဖြစ်နေသည်။ ယူဂျင်းကိုယ်တိုင်လည်း သိပ်သဘောပေါက်ပုံမရပေ။
ယူဂျင်း၏ဘေးတွင် ရှိနေရတော့ ဒီအတိုင်း ဘာမှမဟုတ်သလိုပင်။ ပတ်ဝန်းကျင်တစ်ခုလုံး ရွှေတွေချည်းပြည့်နေတော့ ရွှေကို ရိုးရိုးအဝါရောင်ကျောက်တုံးတွေဟုသာ မြင်လာရသည့် သက်ရောက်မှုမျိုးဟုပဲ ပြောရမလား။
လွန်ခဲ့သော ရက်ပိုင်းကလည်း အိပ်ခန်းတစ်ခုလုံးပြည့်နေသည့် ရေ၏အသွင်ကို မြင်ခဲ့ရသေးသည်။ ယခုတွင်မူ အကြီးအကျယ် အံ့ဩတုန်လှုပ်ခြင်းမဖြစ်တော့သည့် မိမိကိုယ်ကိုယ် ပို၍ အံ့အားသင့်မိရ၏။
“ဒီလို အရေးပေါ်စာလွှာ ရတယ်ဆိုတိုင်း ကိုယ့်အခြေအနေနဲ့ကိုယ် ရှိသေးတာကို ချက်ချင်း ထွက်သွားဖို့က မဖြစ်နိုင်ဘူးမဟုတ်လား။”
“အကြာကြီး အချိန်ဆွဲနေရင်တောင် နှစ်ရက်အတွင်းတော့ ထွက်ရမှာပဲ။”
“နှစ်ရက်။”
ယူဂျင်းက မကျေမနပ်ဖြစ်နေသလို မျက်နှာလေးနှင့် နှုတ်ခမ်းစူပစ်လိုက်သည်။
“ဘာပြဿနာရှိလို့လဲ။”
“ဒီအတိုင်းပဲ…… စိတ်တိုလို့ပါ။ ပြီးခဲ့တဲ့ ရုန်းကန်လှုပ်ရှားရတဲ့ရာသီတစ်လျှောက်လုံး ကြိုးစားပြီးတော့ စုဆောင်းပြင်ဆင်ထားတဲ့ ခြောက်သွေ့ရာသီရဲ့ အစီအစဉ်တွေ အကုန်လုံး သဲထဲရေသွန်ဖြစ်ကုန်ပြီမဟုတ်လား။ အာ၊ တကယ်ပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်မှ သွားမလို့ဟာ လူကို ဒီလောက်တောင် အနှောင့်အယှက်ဖြစ်အောင် လုပ်ရလား။”
ခါဆယ်ရ်တစ်ယောက် မျက်မှောင်ကြုတ်ကာ တစ်ကိုယ်တည်း ရေရွတ်နေသော ယူဂျင်းကို ပြုစားခံထားရသည့်အလား ကြည့်နေမိသည်။ တစ်ယောက်တည်း ဘာတွေ စဉ်းစားနေသည်မသိ တစ်ချက်အသံတိတ်သွားရာမှ သူ့ကိုကြည့်ကာ နှစ်နှစ်ကာကာ ပြုံးလိုက်သည့် အမူအရာလေးအထိ…… သူ တစ်စက္ကန့်လေးမျှပင် ယူဂျင်းထံမှ အကြည့်မလွှဲနိုင်ခဲ့။
“အရှင်မင်းကြီး။”
ခါဆယ်ရ်က သူ့ရင်ခွင်ထဲသို့ လှစ်ခနဲဝင်လာသော ယူဂျင်းကို ငုံ့ကြည့်ကာ ဘာမှမတွေးဘဲ ကြောင်တောင်တောင် ခေါင်းညိတ်လိုက်သည်။
“အထွတ်အမြတ်မြို့တော်ကို သွားတဲ့အခါ လူနည်းနည်းလောက် ထပ်ခေါ်သွားမယ်ဆိုရင်ရော ဘယ်လိုလဲဟင်။”
“ဘယ်သူတွေကိုလဲ။”
“ခင်ပွန်းတွေက အရာရှိတွေဖြစ်နေလို့ အထွတ်အမြတ်မြို့တော်ကို တော်တော်ကြာအောင် မသွားနိုင်ခဲ့ကြတဲ့ မှူးမတ်ကတော်တွေလေ။ ဟိုနေ့ကတင် ခေါ်တွေ့ခဲ့တဲ့ ခြောက်ယောက်က အတော်ပဲလို့ ထင်ပါတယ်။ သူတို့က အထွတ်အမြတ်မြို့တော်ကို သွားလို့မရဘူးဆိုတဲ့ ဥပဒေလည်းမရှိဘဲနဲ့ သူတို့ဘာသာသူတို့ ချုပ်တည်းခဲ့ကြတာမဟုတ်လားရှင့်။ ဒီလိုအချိန်မျိုးမှာ ဆုချီးမြှင့်မှုရှိရင် အားပေးရာရောက်မှာပဲပေါ့။”
“အကြံကောင်းသားပဲ။ မင်းသဘောအတိုင်းသာလုပ်။”
~~~~
Miel's Translations