အပိုင်း ၁၀၆
သူ့ကို ကွပ်မျက်ရန် ပြင်ဆင်နေချိန်မှာပင် အာဒရစ်ထ်က ခုခံခြင်းမရှိခဲ့။ ခုခံကြည့်၍လည်း စစ်သည်တော်များ၏လက်မှ လွတ်မြောက်ရန် အခွင့်အရေးမရှိပေ။ အရိုက်ခံရလျှင် နာကျင်မည်ဖြစ်ရာ သက်သောင့်သက်သာ သေချင်ပေသည်။
အချို့သောလူများက နာကျင်တာ အရေးကြီးလား၊ သေခြင်းတရားရှေ့မှာ ရုန်းကန်ရမှာပေါ့ဟု ပြောကောင်းပြောနိုင်ပေ၏။ သို့ရာတွင် အာဒရစ်ထ် သိတတ်စအရွယ်ကတည်းက သူ့မျိုးနွယ်စုထံမှ သင်ယူခဲ့ရသည့်အရာကား 'သေခြင်းတရားကို ရင်ဆိုင်နိုင်သည့် စိတ်ဓာတ်' ပင်။
ရေနှစ်ပြီး ကွပ်မျက်မည်ဟူသော အဆုံးအဖြတ်ကို ကြားလိုက်ရချိန်မှာပင် သူက သိပ်ပြီးစိတ်ပျက်မိခြင်းမရှိခဲ့။ ဓားဖြင့် ခုတ်ပိုင်းခံရခြင်းထက် ရေနစ်သေခြင်းက ပို၍မနာမကျင် သေရခြင်းဖြစ်မလားဟုသာ တွေးခဲ့မိသည်။
မည်သို့ပင်ဆိုစေ သူက မျှော်လင့်ချက်မထားခဲ့။ မြန်မြန်သေလိုသည့် ဆန္ဒပင် ရှိခဲ့၏။ လှည့်လည်သွားလာသူဟုခေါ်ကြသော သူတို့မျိုးနွယ်စုအဖို့ ဘဝဟူသည်မှာ အပြစ်တစ်ခုပင်။
သို့သော် ဘယ်သောအခါမှ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပိုင်ခွင့်မရှိသည်ကလည်း သူတို့မျိုးနွယ်စု၏ အပြစ်ဖြေရာ နည်းလမ်းဖြစ်၏။ တမင်အဖမ်းခံပြီး အခြားသူများ၏လက်ကိုငှားကာ မိမိကိုယ်ကိုယ် အဆုံးစီရင်၍လည်း မရပြန်ပေ။ ဇွဲရှိရှိ အသက်ရှင်နေရမည်၊ သူတို့မျိုးနွယ်စု ကျူးလွန်ခဲ့သော အပြစ်များကို ဆေးကြောနိုင်သည်အထိ ကမ္ဘာကို အဆုံးမရှိ လှည့်လည်သွားလာနေရမည်။
သူတို့မျိုးနွယ်စု လောကတွင် ကျူးလွန်ခဲ့သည့် အပြစ်များက သဲပြင်ပေါ်တွင် ရေခွက်ကို မှောက်ချလိုက်သည်နှင့်တူ၏။ ဖိတ်ကျသွားသည့်ရေကို မည်သို့များ ပြန်ကောက်ယူနိုင်မည်နည်း။ ထို့ကြောင့် သူတို့က ပြစ်ဒဏ်ကာလ သတ်မှတ်ထားခြင်းမရှိသည့် ထာဝရ အချုပ်အနှောင်ခံ အကျဉ်းသားများပင်။
“ကွပ်မျက်။”
ထိုအသံကို ကြားလိုက်ရတော့ အာဒရစ်ထ်လည်း မျက်လုံးမှိတ်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်ကို ဖမ်းချုပ်ပြီး အပေါ်သို့ မတင်ခဲ့ကြ၏။ ထိုအချိန်တွင် သူ့နားနားသို့ တစ်စုံတစ်ယောက်က ကပ်လာကာ လေသံတိုးတိုးဖြင့် ပြောလိုက်သလို အသံတစ်ခု ပဲ့တင်ထပ်လာသည်။
—ရေကန်ရဲ့ တစ်ဖက်ခြမ်းကို ငါ ခေါ်သွားပေးမယ်။
အာဒရစ်ထ် မျက်လုံးဖွင့်လိုက်သည်။ ခေါင်းပေါ်တွင် အိတ်စွပ်ထားသဖြင့် မျက်စိရှေ့က မှောင်မည်းနေ၏။ သူ့ခန္ဓာကိုယ် လေထဲသို့ မြောက်တက်သွားသည်နှင့် တစ်ပြိုင်နက် အာဒရစ်ထ်လည်း လေကို အားရပါးရ ရှူသွင်းလိုက်သည်။
ရေကန်ထဲ ပစ်ချခံလိုက်ရသော အာဒရစ်ထ်တစ်ယောက် ကျယ်လောင်သော ရေပွက်သံနှင့်အတူ ရေစက်များလွင့်စဉ်စေကာ ရေထဲကို နစ်မြုပ်သွားလေတော့၏။ ခြေချင်းဝတ်နှင့် ချိတ်ထားသော ကျောက်တုံးက အလေးတစ်ခုလိုဖြစ်နေကာ သူ၏ခန္ဓာကိုယ်ကို အောက်ခြေသို့ အတင်းဆွဲချနေသည်။
အေးစက်သောရေနှင့်အတူ ရေဖိအားပါ ပေါင်းစပ်ပြီး တစ်ကိုယ်လုံးကို ဝါးမျိုသွား၏။ အရှေ့ကိုမြင်ရလျှင် နည်းနည်းတော့ စိတ်သက်သာဦးမည်။ ဘာမှ မမြင်ရသဖြင့် ချက်ချင်းဆိုသလို ကြောက်ရွံ့မှုက ဝင်လာ၏။
အရာအားလုံးကို လက်လျှော့ပြီး တည်ငြိမ်စွာ သေခြင်းတရားကို လက်ခံရန် စောစောက ထားခဲ့သည့် စိတ်ပိုင်းဖြတ်ချက်သည်လည်း ရှင်သန်နိုင်ခြေရှိသည်ဟူသော သေးငယ်သည့် မျှော်လင့်ချက်ရှေ့တွင် ပျက်စီးသွားလေတော့သည်။ အာဒရစ်ထ်လည်း အသက်ရှင်လိုသည့် သူ၏ စိတ်ရင်းအမှန်ဖြစ်သောဆန္ဒကို သဘောပေါက်လိုက်ရ၏။
'ရှင်သန်ချင်တယ်။'
ရေအောက်သို့ နစ်မြုပ်နေသော ခန္ဓာကိုယ်က ရုတ်တရက် စွေ့ခနဲ လမ်းကြောင်းပြောင်းသွားလေသည်။ သူ့ခန္ဓာကိုယ်က ရေစီးကြောင်းကိုဖြတ်ပြီး တစ်နေရာရာဆီသို့ ဆွဲခေါ်သွားခြင်းခံလိုက်ရ၏။ ဘယ်သူမှန်းမသိသော တစ်စုံတစ်ရာက သူ့အား အရှိန်ပြင်းပြင်းနှင့် ဆွဲခေါ်သွားနေသည်။
ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည့် ထွက်သက်လေးများကြောင့် ရေပူဖောင်းလေးများ ပလုံစီကာ သူ၏နှုတ်ခမ်းများကြားမှ ထွက်သွား၏။ စောစောက ရှူသွင်းထားသော လေကို အကုန်လုံး ထုတ်ပစ်ပြီးသည့်နောက်တွင် ရှိသမျှ အင်အားနှင့် အတတ်နိုင်ဆုံး သည်းခံထားခဲ့သည်။ သို့ရာတွင် မကြာမီမှာပင် အသက်ရှူလမ်းကြောင်းပိတ်ကာ ရင်ဘတ်က ပေါက်ကွဲတော့မလို ဖြစ်လာ၏။
ဆက်ပြီး တောင်ခံမထားနိုင်တော့။ အေးစက်သောရေများက ရုတ်တရက် နှာခေါင်းနှင့် ပါးစပ်ထဲသို့ အလုံးအရင်း ဝင်လာသည်။ သတိလစ်အံ့ဆဲဆဲအချိန်တွင် ရေသံနှင့်အတူ သူ၏ခန္ဓာကိုယ်က ရေထဲမှ ပေါ်လာကာ ပစ်ထုတ်လိုက်သလို မြေပြင်ပေါ် လဲကျသွားတော့၏။
ခန္ဓာကိုယ် ထိခိုက်မိသည့် နာကျင်မှုကား ဘာမှမဟုတ်သေးပေ။ ရှင်သန်ခဲ့ပေပြီ။
အာဒရစ်ထ်တစ်ယောက် ဆူညံစွာ ချောင်းဆိုးရင်း ရေများကို အန်ထုတ်ပစ်ကာ လေကို အင်မတန် လောဘတကြီး ရှူသွင်းလိုက်လေသည်။
“ဟော့...ဟော့...”
အာဒရစ်ထ်က မလှုပ်နိုင်သေးဘဲ အသက်ကို မောဟိုက်စွာ ရှူသွင်းနေ၏။ ရှင်သန်ခဲ့ပြီဟု တွေးလိုက်မိတော့ မျက်လုံးများက ပူနွေးလာသည်။
သို့ရာတွင် စိတ်ထိခိုက်ခံစားနေရမည့်အချိန်မဟုတ်။ သူက ရှိသမျှအင်အားနှင့် ခန္ဓာကိုယ်ကို လှုပ်ရမ်းလိုက်သည်။ မည်မျှပင် ကြိုးစားပါစေ တင်းတင်းကျပ်ကျပ် တုပ်နှောင်ထားသည့် ကြိုးက နည်းနည်းလေးမှ ရွေ့မသွားခဲ့။ လက်များကိုပါ နောက်ပြန်ချည်ထားသဖြင့် ဘာမှလုပ်၍မရပေ။ ရေထဲမှ ထွက်လာခဲ့သော်လည်း ဤနေရာတွင် ဤအတိုင်း ငတ်သေရမည့်ဘေးနှင့် ရင်ဆိုင်နေရ၏။
—ဒီလိုမျိုးအထိပါ လုပ်ပေးရမယ်လို့တော့ ပြောမထားတာကို။
ညည်းညူသလိုအသံကို ကြားလိုက်ရပြီးနောက် သူ၏ နောက်ကျောတွင်ရှိနေသော လက်များပေါ်သို့ အေးစက်ပြီး ချောမွတ်သည့် အရာတစ်ခုလာထိသည်တွင် အာဒရစ်ထ် ဆတ်ခနဲတွန့်သွားသည်။ လက်ကောက်ဝတ်ကို ချည်ထားသည့်ကြိုးက ဆွဲယူခံလိုက်ရကာ ပိုတင်းသွား၏။
‘ကြိုးကို ဖြတ်ပေးမလို့များလား။’
အာဒရစ်ထ်က အတတ်နိုင်ဆုံး မလှုပ်မယှက်နေလိုက်သည်။ ခဏအကြာတွင် လက်ကောက်ဝတ်ကို ချုပ်ထားသည့်အားက လျော့သွားရာမှ လုံးဝ ပျောက်ကွယ်သွားလေသည်။ လက်များ လွတ်လပ်သွားသည်နှင့် သူက ခန္ဓာကိုယ်အပေါ်ပိုင်းတွင် တုပ်နှောင်ထားသည့်ကြိုးကို ဆက်ဖြေကကာ ခေါင်းတွင်စွပ်ထားသည့်အိတ်နှင့် ပါးစပ်တွင်စည်းထားသည့်ကြိုးကိုပါ ဖယ်ရှားလိုက်၏။
သူက ကျေးဇူးတင်စကား အရင်ပြောရန် ကယ်တင်ရှင်ဘက်သို့ ခေါင်းလှည့်လိုက်သည်။ ရွှံ့နွံရေထဲတွင် တစ်ဝက်နစ်နေသည့် မျက်လုံးနီနီ လိပ်တစ်ကောင်နှင့် အကြည့်ချင်းဆုံသွားတော့ အာဒရစ်ထ် တစ်ကိုယ်လုံး တောင့်ခဲသွားတော့၏။
သူ့မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်သွားလေသည်။ သူနှင့် သူ့မျိုးနွယ်စုတို့ ဒုက္ခဆင်းရဲနှင့် ရှင်သန်နေရသည့် မူလအပြစ်က မျက်စိရှေ့တင် ရှိနေ၏။
‘လာ့ခ်ဆီမှာ အသက်အကယ်ခံလိုက်ရတယ်တဲ့လား။'
—စုဆောင်းသူတွေရဲ့ ပထမဆုံးစခန်းကို လာခဲ့ပါလို့ ပြောခဲ့တယ်။ နေစဝင်တဲ့အချိန်ကနေ နေလုံးဝဝင်သွားတဲ့အထိ စောင့်နေမယ်တဲ့။
“...”
—လူသား။ နားလည်ရဲ့လား။
ရီဝေဝေမျက်လုံးများနှင့် ကြောင်တောင်တောင် ဖြစ်နေသော အာဒရစ်ထ်ကိုကြည့်ရင်း လိပ်က ပြောလိုက်သည်။
—ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ တစ်ဆင့်စကားပါးပေးပြီးပြီ။
“ဘာလို့လဲ။”
ခေါင်းလှည့်သွားသည့် လိပ်က အာဒရစ်ထ်ကို ပြန်ကြည့်လာသည်။
“ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ။”
—မင်းကို ကယ်ခဲ့တာ မဟုတ်ဘူး။ သေခြင်းတရားက ကူညီပေးဖို့ တောင်းဆိုခဲ့တာ။ အရမ်းကြီး ခက်ခဲတဲ့ကိစ္စလည်း မဟုတ်ဘူးလေ။
အာဒရစ်ထ်က မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်သွားပြီးမှ ပြောလိုက်သည်။
“အာနီခါကလား။ သူက ဘာပြောခဲ့တာလဲ။”
—ရေထဲနစ်လာမဲ့ လူသားတစ်ယောက် ရှိလိမ့်မယ်၊ တခြားလူသားတွေ မမြင်အောင် ဝေးတဲ့နေရာကို ခေါ်သွားပြီး ဆယ်ထုတ်ပေးပါလို့ ပြောခဲ့တာ။
လိပ်က စိတ်ဝင်စားသည့်အကြည့်နှင့် ပြောခဲ့သည်။
—မင်းက စိတ်ဝင်စားစရာကောင်းတဲ့ လူသားပဲ။ လန့်မသွားဘူးကိုး။
“...မင်းလိုဖြစ်တည်မှုအကြောင်း လူကြီးတွေဆီကနေ ကြားဖူးတယ်။ ကိုယ်တိုင် မြင်ဖူးတာကတော့ ပထမဆုံးပဲဆိုပေမဲ့။ ဒါနဲ့ မင်းက...”
အာဒရစ်ထ်က ထူးဆန်းသော မျက်နှာထားနှင့် လိပ်ကို ကြည့်လိုက်သည်။ ဉာဏ်ရည်ရှိသော လာ့ခ်များက အကြာကြီး ရှင်သန်ကာ သူတို့၏ အတွေးများကို အသေးစိတ် ဖော်ပြနိုင်လျှင်ပင် နည်းလမ်းများကမူ အကန့်အသတ်ရှိ၏။ လူသားများနှင့် လွတ်လပ်စွာ စကားပြောနိုင်လောက်သည်အထိ ကျွမ်းကျင်ရန်ဆိုလျှင် လူသားများထံမှ သင်ယူရပေမည်။ လူသားတို့ အနားတွင် နေထိုင်ရင်း လူသားများ၏ လုပ်ကိုင်ပုံ၊ ပြောဆိုပုံများကို ကြည့်ပြီး သင်ယူနိုင်သည့် မှော်ဝင်သားရဲ။
“မင်းက... ဘုရင်ရဲ့ မှော်ဝင်သားရဲကိုး။”
လိပ်၏ မျက်လုံးနီနီများ လက်ခနဲ တောက်သွား၏။
—လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့ အသက်ရှင်ခွင့်ပေးထားလို့ မဖြစ်တော့ဘူးပေါ့။
ခန္ဓာကိုယ်ကြီးနဲ့ မလိုက်အောင် ဖျတ်လတ်သော လှုပ်ရှားမှုနှင့် ဧရာမ လိပ်ကြီးက ရေထဲမှ ဝှစ်ခနဲ ထွက်လာကာ အာဒရစ်ထ်၏ရှေ့သို့ ချက်ချင်း ရောက်လာသည်။ မျက်စိရှေ့တွင် အကျယ်ကြီးဟသွားသော မှော်ဝင်သားရဲ၏ ပါးစပ်ကိုကြည့်ရင်း အာဒရစ်ထ် မျက်လုံးကို စုံမှိတ်လိုက်၏။ ခြေထောက်များ တုပ်နှောင်ခံထားရသဖြင့် ထွက်ပြေးရန်မဖြစ်နိုင်ပေ။
ဒီလိုနဲ့ သေရတော့မှာပဲဟု တွေးလိုက်သော်လည်း ဘာမှဖြစ်မလာခဲ့။
—ခစ် ဟားဟားဟား...
ခေါင်းထဲတွင် ပဲ့တင်ထပ်လာသော ရယ်သံကို ကြားတော့ အာဒရစ်ထ် မျက်လုံးကို အသာလေးဖွင့်ကြည့်လိုက်သည်။ ပါးစပ်ကို လှုပ်ရှားရင်း လူတစ်ယောက်ရယ်နေသည့်ပုံစံကို အတုခိုးထားသည့် လိပ်၏ပုံစံက အကျည်းတန်လှ၏။ အာဒရစ်ထ်က ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာထားနှင့် လိပ်ကို စိုက်ကြည့်လိုက်သည်။
“အခု... ဘာလုပ်တာလဲ။”
လိပ်က ပါးစပ်ပိတ်လိုက်၏။ သူ့နားထဲသို့ စိတ်မပါ့တပါ အသံတစ်ခု ပဲ့တင်ရိုက်ခတ်လာသည်။
—ပျင်းဖို့ကောင်းတဲ့ လူသားပဲ။
အာဒရစ်ထ် မျက်ခုံးများ ကျုံ့သွားတော့သည်။
အခု အဲ့ဒီမကောင်းဆိုးဝါးက ငါ့ကို နောက်နေတာလား။
တစ်ချိန်က ဘုရင်၏ မှော်ဝင်သားရဲ ဖြစ်ခဲ့သည်ဆိုလျှင်ပင် လာ့ခ်ဆိုသည်မှာ မိစ္ဆာတစ်ကောင်ပင်။ အထူးခြားဆုံးဟု ထင်ရသည့် ဘုရင်မင်းမြတ်၏ မှော်ဝင်သားရဲတောင်မှ ဘုရင့် ပရာ့ဂ်ျ၏ အာဏာအောက်တွင် ဒူးထောက်ကာ အစေခံလို အသုံးချခံရသည်ဟု သင်ယူခဲ့ရ၏။
သို့သော် သူထင်ထားသည်နှင့် လုံးဝ ကွဲပြားနေသော လာ့ခ်၏ပုံစံကြောင့် နားမလည်နိုင်ဖြစ်သွားရသည်။
“ခုနက... ဘာပြောလိုက်တာလဲ။ အာနီခါက ငါ့ကို ဘာပြောလိုက်တယ်။”
—မိုက်မဲတဲ့ လူသား။ တစ်ခါပဲ ထပ်ပြောပေးမယ်၊ သေချာနားထောင်။ စုဆောင်းသူတွေရဲ့ ပထမဆုံးစခန်းကို လာခဲ့။ နေစဝင်ချိန်ကနေ နေလုံးဝဝင်သွားတဲ့အချိန်အထိ စောင့်နေမယ်တဲ့။
အာဒရစ်ထ်က စိတ်ထဲမှ ပြန်လည်ရေရွတ်ကာ သေချာ မှတ်သားထားလိုက်သည်။
“ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ။”
—မင်းကို ကယ်ခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ။
“မင်းက လွတ်လပ်သူပဲမဟုတ်လား။ ဘုရင်ရဲ့ မှော်ဝင်သားရဲလို အမိန့်ကို နားထောင်စရာမှ မလိုတာ။”
—တကယ်ကို မိုက်မဲတာပဲ။ အမိန့်နဲ့ တောင်းဆိုမှုကို မခွဲခြားတတ်ဘူးလား။
“အမိန့်အရ မဟုတ်ဘူးဆိုရင် အကြောင်းပြချက်တစ်ခုတော့ ရှိမှာပေါ့။ အဲ့ဒီပုဂ္ဂိုလ်ရဲ့ တောင်းဆိုမှုကြောင့် ငါ့ကို ကယ်ခဲ့ရတဲ့ အကြောင်းရင်း။”
အာဒရစ်ထ်ကို ငေးစိုက်ကြည့်နေသည့် လိပ်က ကိုယ်ကိုလှည့်ကာ ရေထဲသို့ လျှောဝင်သွားသည်။ လိပ်၏ကိုယ်က တဖြည်းဖြည်း ရေထဲ နစ်မြုပ်သွား၏။ ရေထဲသို့ လုံးဝ မဝင်ခင် စက္ကန့်ပိုင်းလေးတွင် အာဒရစ်ထ်၏ ခေါင်းထဲ၌ ကြည်လင်သော အသံတစ်ခု ပဲ့တင်ထပ်လာလေသည်။
—အဲ့ဒီကောင်ရဲ့ နာမည်က အာဘူဆိုလားပဲ။ လွမ်းစရာကောင်းတဲ့ နာမည်မို့လို့ အရင်က အကြောင်းတွေ ပြန်တွေးမိသွားတာ။ သွားပြီးတော့ သေဆုံးခြင်းနဲ့ မျိုးသုဉ်းပျက်စီးခြင်းတို့ကိုတွေ့ရင် ငါ့စကားကို တစ်ဆင့်ပါးပေး။ နောက်မှ ဒီကို ပြန်လာရင် ငါက အဲ့ဒီအချိန် ဒီမှာ ရှိလောက်တော့မှာ မဟုတ်ဘူးလို့။
“မင်းက ပိုင်နက်နယ်မြေကနေ ထွက်သွားတော့မလို့လား။”
—လူသားတွေက တအားကို မြန်မြန်သေကြတာ။ နောက်ထပ် နှစ်ခါပြန် မကြုံတွေ့ချင်တော့ဘူး။
လိပ်၏ ခန္ဓာကိုယ်က ရေထဲသို့ လုံးဝ နစ်မြုပ်သွားခဲ့သည်။ အာဒရစ်ထ်က ဒီအတိုင်း လမ်းခွဲရမည်ကို နှမြောသလိုခံစားရ၍ အော်ပြောလိုက်၏။
“ကျေး၊ ကျေးဇူးပဲ။ မင်းနယ်မြေထဲမှာ ဒီအတောအတွင်း နေရတာ အဆင်ပြေခဲ့လို့။”
—ဟိုနားဒီနား လှည့်ပတ်နေတဲ့ လူသားက မင်းကိုး။
ခဏလောက် စောင့်ကြည့်နေသော်လည်း နောက်ထပ် အသံမကြားရတော့ပေ။
အာဒရစ်ထ်တစ်ယောက် သူငယ်ချင်းနှင့် လမ်းခွဲရသလို စိတ်ထဲတွင် လစ်ဟာမှုကို ခံစားလိုက်ရ၏။ မျိုးနွယ်စုဝင်မဟုတ်သူများနှင့် ဤမျှကြာအောင် စကားပြောဖူးခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ သူ့မျိုးနွယ်စု၏ ရန်သူတော်လို မကောင်းဆိုးဝါး ဖြစ်နေခဲ့သော်လည်း။
သူက ယခုလေးတင် လိပ်မှော်ဝင်သားရဲ ပြောသွားသည့် 'အာဘူ' ဟူသော နာမည်ကို တစ်ချက်စဉ်းစားလိုက်သည်။ ဘယ်ကနေ ကြားဖူးသလဲဟု တွေးလိုက်တော့ မရဏဘုရင် ကျားသစ်နက် မှော်ဝင်သားရဲကို ထိုနာမည်ဖြင့် ခေါ်ခဲ့ဖူးကြောင်း သတိရသွား၏။ ထိုနာမည်နှင့်ပတ်သက်ပြီး နောက်ကွယ်တွင် အကြောင်းအရာတစ်ခုခု ရှိနေသည်လား။
“လူသားတွေက တအားကို မြန်မြန် သေဆုံးတတ်တယ်တဲ့လား……”
လူသားများ သေဆုံးသွားခြင်းကြောင့် ခွဲခွာရသည်ကို ဝမ်းနည်းနေသည့်ပုံပင်။ ထို့ကြောင့် လူသားများနှင့် ပေါင်းသင်းဆက်ဆံရန် ရှောင်ကြဉ်နေပုံရ၏။
‘ထူးဆန်းလိုက်တာ……’
လာ့ခ်က တကယ်ပဲ ဤကမ္ဘာ၏ စည်းမျဉ်းကို ဖျက်ဆီးသည့် မကောင်းဆိုးဝါးလား။ ဖျက်ဆီးလိုသောဗီဇသာရှိသည့် မကောင်းဆိုးဝါးက လိမ္မာပါးနပ်စွာ လူသားများကို အတုခိုးနေခြင်းလား။ ထိုမကောင်းဆိုးဝါးတွင် စိတ်ဝိညာဉ် ရှိနေကာ အတိတ်ကို အမှတ်ရနိုင်သလို၊ လွမ်းဆွတ်တမ်းတခြင်းတည်းဟူသော ခံစားချက်မျိုးပင် ခံစားနိုင်သည်ဟု တွေးနေမိသည့် မိမိကပဲ ထူးဆန်းနေသည်လား။
သူက ရေကန်စပ်တွင် အတော်ကြာအောင် မတ်တပ်ရပ်နေရင်း ညင်သာစွာ လှုပ်ခတ်နေသော ရေပြင်ကို ငေးမောကြည့်နေမိသည်။
~~~~
အာဒရစ်ထ်က ဘုရင်၏ ခရီးသွားအဖွဲ့ လုံးဝထွက်ခွာသွားသည်အထိ စောင့်ဆိုင်းရန် ရေကန်စပ်တွင် တစ်ရက် ထပ်မံနေခဲ့သည်။ အလျင်စလိုလုပ်မိရာမှ စစ်သည်တော်တစ်ဦးဦးနှင့် ဆုံမိလျှင် ယခုတစ်ကြိမ်တွင် မလွဲမသွေ သေဆုံးရတော့မည်ဖြစ်၍ သတိထားကာ လှုပ်ရှားရပေမည်။
စိတ်ထဲတွင် လိပ်မှော်ဝင်သားရဲကို တစ်ကြိမ်ထပ်တွေ့လိုသော်လည်း မှော်ဝင်သားရဲက ပေါ်မလာခဲ့ပေ။
အထွတ်အမြတ်နေရာမှ စတင်ထွက်ခွာကာ ကန္တာရကို ဖြတ်ကျော်ပြီး ဟာရှီတိုင်းပြည်နယ်နိမိတ်၏ ပြယုဂ်ဖြစ်သော မြို့ရိုးခံတပ်တံတိုင်းကြီးကို မြင်ရသည်အထိ တစ်ပတ်တိတိ အချိန်ယူခဲ့ရ၏။
ခံတပ်မြို့ရိုးမှ အကွာအဝေးတစ်ခုတွင် ကန္တာရတစ်ခွင်အနှံ့အပြား၌ တဲများ ဆောက်ထားသည်ကို တွေ့ရသည်။ ယင်းနေရာများမှာ ကန္တာရသို့ မျိုးစေ့များ ရှာဖွေရန် ထွက်လာသော စုဆောင်းသူများအဖို့ စခန်းချရပ်နားရာနေရာများ ဖြစ်ကြ၏။ ထိုစခန်းများတွင် စုဆောင်းသူများက အစာစားခြင်း၊ အနားယူခြင်းများ ပြုလုပ်နိုင်သလို အရေးပေါ်အခြေအနေများတွင်လည်း အရေးပေါ်ကုသမှု ခံယူနိုင်ပေသည်။
တဲတိုင်းတွင် တိုင်ရှည်များ စိုက်ထူထားပြီး တိုင်ထိပ်တွင် ဂဏန်းအက္ခရာ ရေးထိုးထားသော အလံများ ချိတ်ဆွဲကာ စခန်းများကို ခွဲခြားထား၏။ အာဒရစ်ထ်လည်း သဲတောင်ကုန်းပေါ်တွင် မှောက်လျက်သားဖြင့် ပထမဆုံးစခန်း၏ တည်နေရာကို ခန့်မှန်းကြည့်နေသည်။
နေ့လယ်ခင်း၏ အရိပ်များ ရှည်လာသည်နှင့်အမျှ စုဆောင်းသူများက တစ်ဦးပြီးတစ်ဦး စခန်းသို့ စုရုံးလာကြသည်။ စခန်းမှ ထွက်ခွာ၍ မြို့ရိုးတံတိုင်းအတွင်းသို့ ဝင်ရောက်သူ အရေအတွက်လည်း တိုးလာ၏။ ညနေစောင်း၍ ပတ်ဝန်းကျင် မှောင်စပြုလာချိန်တွင် အာဒရစ်ထ်တစ်ယောက် သဲတောင်ကုန်းပေါ်မှ ဆင်းလာခဲ့သည်။
သူက ပထမဆုံးစခန်းဆီသို့ ချဉ်းကပ်သွား၏။ တိုင်အောက်တွင် ရပ်နေသည့် လူတစ်ဦးကို တွေ့လိုက်ရချိန်တွင် ထိုလူက အာဒရစ်ထ် ရှိရာဘက်သို့ ကြည့်နှင့်ပြီးသားဖြစ်နေပေပြီ။
‘စစ်သည်တော်ပဲ။’
စစ်သည်တော်များက သာမန်လူများနှင့်ယှဉ်လျှင် အာရုံခံစားနိုင်စွမ်း အင်မတန်မြင့်၏။ မကြာသေးမီက စစ်သည်၏ ဖမ်းဆီးခြင်းကို ခံရကာ အဖြစ်ဆိုးနှင့်ကြုံခဲ့ရသည့် အတွေ့အကြုံကို ပြန်သတိရလိုက်မိသဖြင့် ခန္ဓာကိုယ်က အလိုလို တောင့်တင်းသွားလေသည်။
‘ရောက်လာပြီပဲ။’
ဆဗဲန်က ဘုရင်မင်းမြတ်၏ ခရီးသွားအဖွဲ့ ပြန်ရောက်လာသည့် ညနေကတည်းက ဘုရင့်အမိန့်ကို ခံယူကာ လူတစ်ဦးကို နေ့တိုင်း စောင့်ဆိုင်းနေခဲ့သည်။ သူက လူကောင်သေးညှက်ညှက် လူငယ်တစ်ဦး ချဉ်းကပ်လာသည်ကို ငေးကြည့်နေ၏။ နေ့တိုင်း ဤနေရာတွင် မည်သူ့အား စောင့်ဆိုင်းရမည်ကို ဘုရင်မင်းမြတ်ထံမှ ကြားသိထားပြီးဖြစ်ပေသည်။
‘တကယ် အသက်ရှင်နေတာပဲ။’
ဆဗဲန်က အာဒရစ်ထ် အသက်ရှင်လွတ်မြောက်လာသည်ကို မေးခွန်းမထုတ်ခဲ့ပေ။ ကျက်သရေယုတ်၊ အသုံးမဝင်သည့် လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်က သူ၏ ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် ရေကန်အောက်ခြေမှ အသက်ရှင်လျက်ပြန်ထွက်လာခြင်း မဟုတ်ဘဲ ဘုရင် သို့မဟုတ် မိဖုရားက အံ့ဖွယ်အစွမ်းဖြင့် ကယ်တင်ခဲ့ခြင်းဖြစ်မည်ဟု တွေးခဲ့၏။
“ဒါဝတ်ပြီး ငါ့နောက် လိုက်ခဲ့။”
အာဒရစ်ထ်လည်း ဆဗဲန် ပစ်ပေးလိုက်သည့် ဝတ်ရုံရှည်ကို ကောက်ယူဝတ်ဆင်လိုက်သည်။ ကြာကြာစောင့်မနေဘဲ ကျောခိုင်းပြီး ခြေလှမ်းကျဲကြီးများဖြင့် ရှေ့မှသွားနေသည့် စစ်သည်တော်၏နောက်သို့ အလျင်အမြန် လိုက်သွားခဲ့ရ၏။
နေ့က လုံးဝ မှောင်မိုက်သွားပြီဖြစ်၍ ကျောက်တံခါးကို ပိတ်ထားပြီးသားဖြစ်နေသည်။ ဆဗဲန်က တံတိုင်းနားတွင်ရပ်၍ အပေါ်ဘက်သို့ အချက်ပြလိုက်၏။ ခဏနေတော့ တံတိုင်းထိပ်မှ ကြိုးလှေကားရှည်ကြီး ကျလာသည်။ နှစ်ယောက်သား လှေကားကို အသုံးပြု၍ တံတိုင်းပေါ်သို့ တက်ခဲ့ကြ၏။
ဆဗဲန်နှင့်အတူ ပါလာသူကို မည်သူဖြစ်ကြောင်း ဘယ်သူမှ မေးမြန်းခြင်းမရှိပေ။ သူတို့နှစ်ယောက်လည်း အခက်အခဲမရှိဘဲ မြို့ရိုးတံတိုင်းကို ဖြတ်ကျော်ကာ ရဲတိုက်ထဲသို့ ဝင်ရောက်နိုင်ခဲ့လေသည်။
~~~~
Miel's Translations