အပိုင်း ၁၀၉
“ခဏလေး၊ ဆက်နားမထောင်ခင် သိချင်တာတစ်ခုရှိလို့။”
ယူဂျင်း ပြောလိုက်တော့ သူတို့နှစ်ဦး၏ တုံ့ပြန်မှုကို စောင့်ကြည့်နေသော အာဒရစ်ထ်တစ်ယောက် တောင့်တင်းသွားတော့သည်။
“မေးပါခင်ဗျ။”
“နင်သိထားတဲ့ အဲ့ဒီလို ဗဟုသုတမျိုးကို လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်တိုင်း သိကြတာလား။ ဒါမှမဟုတ် ရွေးချယ်ခံရတဲ့သူတွေပဲ သိကြတာလား၊ နင်က ရွေးချယ်ခံရတဲ့ လူနည်းစုထဲကလား။”
“ကျွန်တော်ပြောနေတဲ့ အကြောင်းအရာအားလုံးက အသက်ဆယ့်ရှစ်နှစ်ပြည့်ရင် သင်ယူရတဲ့ အရာတွေပါ။ မျိုးနွယ်စုအကြောင်း သိရမဲ့ဗဟုသုတတွေကို ခွဲခြားမှုမရှိဘဲ မျှဝေပေးပါတယ်။ ဒါပေမဲ့ အဆင့်အတန်းခွဲပြီး အသက်ကြီးလာမှ ပိုနက်နဲတဲ့ အကြောင်းအရာတွေကို သင်ယူခွင့်ရတာပါ။ ကျွန်တော်ကတော့ အသက်ငယ်သေးလို့ သိထားတာ သိပ်အများကြီးမရှိပါဘူး။”
“......နင်က...... ဘယ်နှနှစ်လဲ။”
“ဆယ့်ကိုးနှစ်ပါ။”
ယူဂျင်းလည်း စိတ်ထဲမှ အံ့အားသင့်သွားတော့သည်။ နုနယ်လွန်းသည့်ပုံစံကြောင့် ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်ခန့်သာ ရှိဦးမည်ဟု ထင်ခဲ့မိ၏။ ထို့ကြောင့် ဤသို့သော ကလေးမျိုး တစ်ယောက်တည်း လှည့်လည်သွားလာနေခြင်းက လှည့်လည်သွားလာသူ မျိုးနွယ်စု၏ ထုံးစံသာဆိုလျှင် ရက်စက်သည်ဟု တွေးခဲ့မိသည်။
‘ကြည့်ရတာ ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ အာဟာရ ပြည့်ပြည့်ဝဝ မရခဲ့ဘူးထင်တယ်။’
ဖွံ့ဖြိုးမှု နှေးကွေး၍ ငယ်ရွယ်သည့်ပုံပေါက်နေသည်ဟု တွေးလိုက်မိတော့ အာဒရစ်ထ်ကို သနားမိသွားသည်။
သို့သော် အာဒရစ်ထ်က သူဆင်းရဲရပ်ကွက်မှ သာမန်အရပ်သားများနှင့် နှိုင်းယှဉ်ပါက အထူးတလည် ဖွံ့ဖြိုးမှုနှေးကွေးသူတော့ မဟုတ်သေးပေ။
ဤကမ္ဘာကို ရောက်လာပြီးနောက်ပိုင်း ယူဂျင်း၏ ပတ်ဝန်းကျင်တွင် ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်သူများသာ ရှိခဲ့၏။ ဘုရင်မင်းမြတ်နှင့် စစ်သည်တော်များကို ချန်လှပ်ထားလျှင်ပင် အမြဲတွေ့နေကျ မင်းမှုထမ်းများက စစ်သည်တော်တို့နှင့် ယှဉ်လျှင်သာ လူကောင်သေးကြခြင်းဖြစ်ကာ ယူဂျင်း၏ အမြင်တွင် သတ်မှတ်ထားသည့် အဆင့်အတန်းအရ ပျမ်းမျှအနေအထားလောက်တော့ရှိသည်ဟု ယူဆရပေသည်။
ယူဂျင်းက သာမန်လူအရပ်သားများမှာ ဆင်းရဲချမ်းသာ မတူညီမှုကြောင့် ခန္ဓာကိုယ်ပုံသဏ္ဌာန်ကွာခြားမှု ကြီးမားကြောင်း မသိခဲ့ပေ။
ထို့ကြောင့် အာဒရစ်ထ်ကို ‘ငယ်သေးလို့ ကာကွယ်ပေးရမယ်’ ဟု ပြောခဲ့စဉ်က ကိုယ်တိုင်ပင် မသိလိုက်သော အထင်လွဲမှုတစ်ခု ဖြစ်ခဲ့လေသည်။ ထိုစဉ်က ခါဆယ်ရ်တစ်ယောက် ယူဂျင်း တွေးနေသည့် ‘ငယ်သေးတယ်’ ဟူသော စံနှုန်းက ဘာကိုဆိုလိုမှန်း တစ်ချက်စဉ်းစားခဲ့ရ၏။
“ဒါဆို နင်ပြောနေတဲ့ အကြောင်းအရာတွေက နင်တို့မျိုးနွယ်စုထဲမှာ အရေးကြီးတဲ့ အချက်အလက်တွေ မဟုတ်ဘူးပေါ့။”
အာဒရစ်ထ်က ပို၍လေးနက်သွားသော အသံဖြင့် ပြန်ဖြေသည်။
“သာမန်ဆိုပေမဲ့ အရေးအကြီးဆုံးပါပဲ။ တစ်ချိန်ကတော့ ကြီးကျယ်မြင့်မြတ်တဲ့နေရာမှာ ရှိခဲ့ကြတဲ့ မျိုးနွယ်စုက အခု ဟိုးအောက်ဆုံးအထိ ရောက်သွားရတဲ့ အကြောင်းရင်းတွေ ဖြစ်နေလို့ပါ။”
“အဲ့ဒီလိုဆိုရင်။”
ခါဆယ်ရ် ပါးစပ်ဖွင့်လိုက်သည်။ တဒင်္ဂ တင်းမာမှုများ လျော့သွားခဲ့သော အာဒရစ်ထ်၏ ပခုံးက ဆတ်ခနဲတွန့်သွား၏။
“သာမန်အကြောင်းအရာတွေဖြစ်ပြီး လျှို့ဝှက်ချက်လည်း မဟုတ်ဘူးဆိုရင် မင်းတို့တွေက ဘာလို့ နှုတ်ဆိတ်နေပြီး သေဖို့ကိုပဲ ရွေးချယ်ကြတာလဲ။”
“မျိုးနွယ်စုထဲမှာ ဝေမျှတဲ့ အချက်အလက်တွေက မျိုးနွယ်စု ကျူးလွန်ခဲ့တဲ့ အပြစ်ကို နောင်လာနောက်သားတွေ လက်ထက်အထိ မမေ့စေဖို့ပဲဖြစ်ပြီး လူသိရှင်ကြား ကျယ်ကျယ်ပြန့်ပြန့် ကြေညာဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ပါးစပ်ဖွင့်ခိုင်းဖို့ ကြိုးစားတဲ့သူအားလုံးက လာ့ခ်ကို ရှောင်ရှားတဲ့ ပညာကိုပဲ တပ်မက်ကြတာပါ။ ကျွန်တော်ကတော့ ပြောရင်လည်း သေမယ်၊ မပြောရင်လည်း သေမယ်ဆိုရင် မပြောဘဲနေတာကိုပဲ ရွေးချယ်ပါမယ်။”
ယူဂျင်းက အာဒရစ်ထ်၏ အဖြေတွင် အလိုက်အထိုက် ပြောင်းလဲလိုစိတ်မရှိသော ခေါင်းမာမှုကို မြင်လိုက်ရသည်။ ယခုလို အသက်ငယ်ငယ်လေးသာရှိသေးသည့် လူငယ်လေးပင် ဤသို့ဖြစ်နေလျှင် လှည့်လည်သွားလာသူမျိုးနွယ်စုက မည်မျှအထိ တသီးတသန့်ဆန်ပြီး တင်းကျပ်သည့် အဖွဲ့အစည်းမှန်း ခန့်မှန်းကြည့်၍ရ၏။
‘ဒါပေမဲ့ သူတို့ကို အပြစ်တင်လို့ဖြစ်ပါ့မလား။’
လှည့်လည်သွားလာသူ မျိုးနွယ်စုဟူသည်မှာ မထီမဲ့မြင်ပြုခံရသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသူများပင်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် တစ်လောကလုံးနှင့် စိတ်နှလုံးကို တံတိုင်းခြားကာ နေထိုင်ရန်မှအပ ရွေးချယ်စရာရှိမည်မဟုတ်ပေ။
‘အာဒရစ်ထ်သာ အခုထက် အသက်ပိုကြီးခဲ့ရင် ဒီနေရာမှာ ဒီအခြေအနေမျိုး မဖြစ်နိုင်လောက်ဘူး။’
တော်သေး၍ အာဒရစ်ထ်က ခေါင်းသိပ်မမာသေးသည့်အရွယ် ဖြစ်သောကြောင့် အလွယ်တကူ စိတ်ပြောင်းသွားခဲ့ပုံပင်။
ခါဆယ်ရ်က ယူဂျင်း လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်တို့အပေါ် သနားသလောက်တော့ သနားစိတ်မဝင်ခဲ့ပေ။ သို့ရာတွင် သူတို့ ဤကဲ့သို့ဖြစ်နေရသော အခြေအနေကို တစ်စွန်းတစ်စ နားလည်လာသည့်အခါ သူတို့အပေါ် မနှစ်သက်သည့်စိတ်က လျော့ပါးသွားခဲ့သည်။
အာဒရစ်ထ်ကို ကြည့်နေသော ခါဆယ်ရ်၏ မျက်လုံးအကြည့်က အနည်းငယ် ပျော့ပျောင်းသွား၏။
“ပြောလက်စ စကားကို ဆက်ပြော။”
“ဟုတ်ကဲ့။”
နှစ်ဦးသား၏ တုံ့ပြန်မှုက တည်ငြိမ်လှသည်ကိုမြင်တော့ အာဒရစ်ထ်တစ်ယောက် စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာရသွားသလို အံ့ဩမိရသည်။ လူကြီးများက မျိုးနွယ်စု၏ လျှို့ဝှက်သမိုင်းကြောင်းကို ပြောပြလျှင် ဘယ်သွားသွား အရူးတစ်ယောက်လို သဘောထားခံရသည်က ပိုကောင်းဦးမည်ဟု ပြောခဲ့ဖူး၏။
အာဒရစ်ထ်သာ လောကအတွေ့အကြုံ နည်းနည်းပိုရလာလျှင် သူ့မျက်စိရှေ့မှ ဤလူနှစ်ယောက်က မည်မျှထူးခြားကြောင်း သိနိုင်လောက်ပေမည်။ သေဒဏ်ပေးခြင်းကို မယုံကြည်သော အာနီခါနှင့် ဘာသာရေးကို သက်ဝင်ယုံကြည်မှုမရှိသော ဘုရင်။ ဤ 'မာဟာ' တွင် သူတို့နှစ်ဦးတည်းသာ ရှိလိမ့်မည်ဖြစ်သောကြောင့်ပင်။
"ရှေးဟောင်းမှော်ပညာက တဖြည်းဖြည်း တိုးတက်လာပြီး ပိုနက်နဲသိမ်မွေ့လာပါတယ်။ အဲ့ဒီပညာနဲ့ ရာသီဥတုကိုပါ ထိန်းချုပ်နိုင်တဲ့အဆင့်အထိ ရောက်လာတယ်လို့ ပြောကြပါတယ်ခင်ဗျ။"
ဘုရားသခင်၏နယ်ပယ်ဟု ယူဆထားသည့် အပိုင်းကိုပင် မှော်ပညာ၏စွမ်းအားဖြင့် ဖန်တီးနိုင်လာသောအခါ ရှေးဟောင်းမျိုးနွယ်စုလည်း မိမိတို့၏စွမ်းရည်အပေါ် ယစ်မူးသာယာမိကြတော့သည်။ နဂိုက မှော်ပညာကို လူသားတို့၏ဘဝ သက်သာချောင်ချိရေးအတွက် အထောက်အကူပြုရန် စတင်ခဲ့ခြင်းဖြစ်သော်လည်း ထိုမျိုးနွယ်စုက အသိပညာကို သူတို့ချည်းသာ သီးသန့်မောင်ပိုင်စီးထားကာ လက်တွေ့ဘဝနှင့် ဝေးကွာသော အကြွင်းမဲ့အင်အားကိုသာ တိုး၍တိုး၍ လိုက်စားလာကြ၏။ အထူးသဖြင့် သူတို့ စူးစူးစိုက်စိုက် လေ့လာခဲ့သည့် နယ်ပယ်မှာ လူသားအနေဖြင့် မဖြစ်နိုင်သည့် နယ်ပယ်ဖြစ်နေသည်။ ဘုရားသခင်၏အစွမ်းကို တပ်မက်ခဲ့ခြင်းပင်။
ရှေးဟောင်းမျိုးနွယ်စုက သဘောထားချင်းတူသူများ စုပေါင်းကာ လေ့လာလိုသည့် သုတေသနပြုလုပ်ငန်းခေါင်းစဉ်များအလိုက် ဂိုဏ်းကြီးသုံးခုအဖြစ် ကွဲပြားသွားခဲ့သည်။ ဂိုဏ်းသုံးခုက သေဆုံးပြီးသော သက်ရှိများကို ပြန်လည်အသက်သွင်းရန်၊ သက်ရှိအသစ်တစ်ခုကို ဖန်တီးရန်နှင့် အနာဂတ်ကို ဖတ်ရှုရန် အစရှိသဖြင့် နည်းလမ်းများကို အသီးသီး လေ့လာခဲ့ကြ၏။
မကြာမီ ဘုရားသခင်၏စွမ်းအားကို ရရှိလိမ့်မည်ဟု ရဲရဲဝံ့ဝံ့ စတင်ခဲ့သော်လည်း တိုးတက်မှုက ခရီးမတွင်ခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ထိုဂိုဏ်းသုံးခုက တစ်ဖွဲ့နှင့်တစ်ဖွဲ့ အာဏာဖြင့် ထိန်းချုပ်လိုသည့် အုပ်စုများအဖြစ် ပြောင်းလဲသွားလေသည်။ ကျန်နှစ်ဖွဲ့ကို ဖယ်ထုတ်ကာ မိမိတို့ဂိုဏ်း၏ အကျိုးစီးပွားအတွက်ဆိုလျှင် ယုတ်ညံ့သောလုပ်ရပ်များကိုပင် တုံ့ဆိုင်းမနေဘဲ ကျူးလွန်သည့်အဆင့်အထိ ရောက်လာကုန်တော့၏။
ဂိုဏ်းသုံးဂိုဏ်းက တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ရန်ဘက်အဖြစ် သဘောထားကာ မိမိတို့ဂိုဏ်းဝင်မဟုတ်သူများနှင့် ပေါင်းသင်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်းတို့ကိုပင် ငြင်းပယ်ခဲ့ကြသည်။ နှစ်ကာလများ ရှည်ကြာလာသောအခါ နတ်ဆရာများမှာ အတွေးအခေါ်သာမက မျိုးရိုးအနေဖြင့်ပါ အုပ်စုသုံးစုအဖြစ် ကွဲပြားသွားလေတော့၏။
မိမိတို့နှင့်သက်ဆိုင်သောဂိုဏ်းက အောင်ပွဲရရန်အတွက် ဂိုဏ်းဖွဲ့စည်းရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သော မိမိတို့ လေ့လာနေသည့် မှော်ပညာက အောင်မြင်ရန် လိုအပ်ပေသည်။ ခေတ္တ လျော့ရိလျော့ရဲဖြစ်သွားခဲ့သော မှော်ပညာလေ့လာရေးတွင် အစွမ်းကုန် ပြန်လည်ကြိုးပမ်းပြီး သက်ရှိဖန်တီးရေးဂိုဏ်းက ချဉ်းကပ်ပုံအသစ်ကို စမ်းသပ်ခဲ့၏။
“ဘာမှမရှိတဲ့အခြေအနေကနေ သက်ရှိကို ဖန်တီးဖို့ဆိုတာ နဂိုကတည်းက မဖြစ်နိုင်တဲ့အတွက် ဒီကမ္ဘာကမဟုတ်တဲ့ တခြားကမ္ဘာက သက်ရှိကို ဆင့်ခေါ်ခြင်းကလည်း သက်ရှိဖန်တီးခြင်းမှာ ပါဝင်တယ်ဆိုပြီး သူတို့က စောဒကတက်ခဲ့ကြပါတယ်။ ပြီးတော့ သူတို့……”
အာဒရစ်ထ်တစ်ယောက် အာခြောက်လာသလို ခံစားရသဖြင့် အသက်ရှူသွင်းလိုက်သည်။ မိမိ၏ ဘိုးဘေးများ ကျူးလွန်ခဲ့သည့် ကြောက်မက်ဖွယ်လုပ်ရပ်ကို သတိရတိုင်း အဆုံးမရှိ မှောင်မိုက်သည့် ငရဲတွင်းနက်ထဲသို့ ထိုးကျနေသလို ခံစားရ၏။
“မှော်ပညာက အောင်မြင်ခဲ့ပါတယ်။ သူတို့က တခြားကမ္ဘာနဲ့ ဆက်သွယ်ထားသည့် တံခါးကို…… ဖွင့်လိုက်ကြတယ်ဗျ။ အဲ့ဒီတံခါးကနေတစ်ဆင့် ဒီကမ္ဘာထဲကို မရေမတွက်နိုင်တဲ့ မကောင်းဆိုးဝါးတွေ ခေါ်သွင်းလိုက်မိတာပါပဲ။ တစ်စုံတစ်ယောက်က အဲ့ဒီမကောင်းဆိုးဝါးတွေကို အပြစ်နဲ့ မကောင်းမှုကို ကိုယ်စားပြုတဲ့ ရှေးဟောင်းဘာသာစကား ‘လာ့ခ်’ လို့ ခေါ်ခဲ့ရာကနေ သူတို့ကို ရည်ညွှန်းသုံးနှုန်းတဲ့ နာမည်ဖြစ်လာတာပါ။”
လာ့ခ်၏ ဇာစ်မြစ်။ ထင်မှတ်မထားသော ဇာတ်လမ်းကို ကြားလိုက်ရသည့် ခါဆယ်ရ်နှင့် ယူဂျင်းတို့၏ မျက်လုံးများ တုန်ယင်သွားတော့သည်။ အဓိပ္ပာယ်မရှိသော စကားအဖြစ် ပယ်ချရန်အတွက် အာဒရစ်ထ်၏ ဇာတ်လမ်းက အင်မတန် အသေးစိတ်ကျလှကာ ထိုကဲ့သို့သော လိမ်ညာမှုကို ဖန်တီးရန် အကြောင်းပြချက်လည်း မရှိပေ။
“ကျွန်တော်က……မကောင်းဆိုးဝါးတွေကို ခေါ်သွင်းခဲ့တဲ့သူတွေရဲ့ မျိုးဆက်ပါ။”
အာဒရစ်ထ်က ဆိုဖာပေါ်တွင် ထိုင်လျက်အနေအထားမှ ဦးကိုညွတ်နေအောင် ညွှတ်ခဲ့သည်။ မိမိ၏ဘိုးဘေးများ ကျူးလွန်ခဲ့သည့် အပြစ်က အင်မတန် ကြီးလေးသည့်အလားပင်။
‘တခြားကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ တံခါးတဲ့လား...’
ယူဂျင်းက အာဒရစ်ထ်၏ ဘိုးဘေးများ မည်သို့သော အမှားကို ကျူးလွန်ခဲ့သည်ဟူသောအချက်ထက် ရှေးဟောင်းမျိုးနွယ်စု အောင်မြင်ခဲ့သည့် ထိုမှော်ပညာကို ပို၍စိတ်ဝင်စားနေသည်။ အာဒရစ်ထ် ထိုစကားစုကို ပြောလိုက်သည့်အချိန်မှစ၍ သူ့နှလုံးက တဒိတ်ဒိတ်ခုန်လာကာ ကျောချမ်းဖွယ် ကြက်သီးများထလာ၏။
‘အဲ့ဒီဟာ…… အဲ့ဒီ အမည်းရောင်အပေါက်ကြီးက။’
သူ ဤကမ္ဘာထဲသို့ မကျရောက်မီ မြင်ခဲ့ရပြီး ကိုယ်တိုင်ခုန်ဝင်ခဲ့သည့် ဘာမှန်းမသိရသော ထိုအပေါက်ကြီးကို သတိရလိုက်မိသည်။ ထိုအရာ၏ သရုပ်မှန်က အာဒရစ်ထ်ပြောနေသည့် တံခါး မဖြစ်လောက်ပေဘူးလား။ ထိုသို့ဆိုလျှင် ထိုတံခါးကို ဖွင့်ခဲ့သူက မည်သူနည်း။
‘ဂျင်…… ဂျင် မှော်ပညာနဲ့ချိတ်ဆက်ပြီး ယဇ်ပူဇော်ချင်တဲ့ အစီအရင်က အဲ့ဒါလား။’
ဂျင်က ဘာကြောင့် ထိုအစီအရင်ဖြင့် တံခါးကို ဖွင့်ခဲ့ရသလဲ။ သူ့မျက်စိရှေ့တွင် ထိုလမ်းကြောင်း ပွင့်လာခြင်းက မတော်တဆလား။ မတော်တဆ မဟုတ်လျှင် ဂျင် ခေါ်ချင်ခဲ့သူက သူပဲလား။
မေးခွန်းများက အဆုံးမရှိ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာသည်။ ပဟေဠိငယ်တစ်ခုကို ဖြေရှင်းလိုက်သောအခါ ပဟေဠိကြီးတစ်ခု၏ အတားအဆီးကို ရင်ဆိုင်လိုက်ရ၏။
“ဒါဆိုရင် မင်းတို့က လာ့ခ်ရဲ့တကယ့်သရုပ်မှန်ကို သိကြလား။”
ကိုယ့်အတွေးနှင့်ကိုယ် အဆုံးမရှိ နစ်မျောနေသော ယူဂျင်းတစ်ယောက် ခါဆယ်ရ်၏အသံကို ကြားလိုက်ရသည့်အခါ ဆတ်ခနဲတုန်သွားသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ အာဒရစ်ထ်ကို ကြည့်နေသည့် မျက်လုံးတွင် စူးစိုက်မှုထည့်လိုက်၏။ ကျေးဇူးပြုပြီး မိမိ၏ မေးခွန်းများကို ဖြေကြားပေးနိုင်သော ဗဟုသုတများ အာဒရစ်ထ်တွင် ရှိနေပါစေဟု ဆုတောင်းမိသည်။
“နဂိုက ဒီကမ္ဘာနဲ့သက်ဆိုင်တဲ့အရာတွေ မဟုတ်ဘူးဆိုတာကလွဲလို့ တခြား ဘာမှမသိပါဘူး။ ပထမဆုံး မကောင်းဆိုးဝါးမှာ ပုံသဏ္ဌာန်ရယ်လို့ အထွေအထူးမရှိဘူးဆိုပြီး ပြောကြပါတယ်။ ဒီကမ္ဘာက သက်ရှိတွေကို စုပ်ယူလိုက်ရင်းနဲ့မှ တကယ့်ပုံသဏ္ဌာန်ကို စပြီးရခဲ့ကြတာပါ။”
အာဒရစ်ထ်က လာ့ခ်ကို ဆင့်ခေါ်ပြီးနောက် စတင်ခဲ့သည့် လူသားမျိုးနွယ်၏ အမှောင်ခေတ်အကြောင်းကို ဆက်လက်ရှင်းပြခဲ့သည်။ ပထမဆုံး လာ့ခ်က ဤကမ္ဘာကို အစိုးရသော သက်ရှိများကို လူသားဟု မှတ်ယူခဲ့၏။ သူတို့ကိုယ်တိုင် ဤကမ္ဘာကို သိမ်းပိုက်ရန်အတွက် လက်ရှိ အစိုးရသူများကို ချေမှုန်းဖျက်ဆီးလိုခဲ့သည်။ လာ့ခ်က တွေ့ရာလူကို အယုတ်အလတ်အမြတ်မရွေး သတ်ဖြတ်ခဲ့၏။ ထိုမကောင်းဆိုဝါးကြောင့် အကာအကွယ်မဲ့စွာ သေဆုံးသွားရသည့် လူသားတို့၏ အလောင်းများက တောင်လိုပုံလာတော့သည်။
သုံးဂိုဏ်းကွဲသွားခဲ့သော နတ်ဆရာများက အရေးပေါ်အခြေအနေတွင် လက်တွဲပူးပေါင်းကုန်ကြ၏။ မိမိတို့၏ အမှားများကို နောင်တရကာ လာ့ခ်၏ တိုက်ခိုက်မှုမှ လူတို့ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
နတ်ဆရာများမှာ နဂိုကပင် လူနည်းစု အုပ်ချုပ်သူလူတန်းစားအနေဖြင့် အခြားလူသားများနှင့် ကင်းကွာနေသူများပင်။ သူတို့အချင်းချင်း သုံးဂိုဏ်းကွဲပြီး အတွေးအခေါ်ဝါဒဆိုင်ရာ သုတေသနများတွင်သာ နစ်မျောနေချိန်၌ မှော်ပညာက အခွင့်ထူးခံလူတန်းစား၏ ကစားစရာအဖြစ်သို့ နိမ့်ကျသွားကာ လက်တွေ့ဘဝမှ တဖြည်းဖြည်း ပျောက်ကွယ်လာလေသည်။ ထို့အပြင် မြောက်မြားစွာသော လူတို့က နတ်ဆရာများကို ကျောခိုင်းကုန်ကြ၏။ သို့ရာတွင် နတ်ဆရာများက မိမိတို့၏ အသက်ကိုပင် မနှမြောဘဲ စွန့်လွှတ်နေသည်ကိုမြင်တော့ လူတို့ကလည်း သူတို့၏ စွန့်လွှတ်အနစ်နာခံမှုကို အားကျအတုယူခဲ့ကြသည်။ လာ့ခ်ကို တန်ပြန်တိုက်ခိုက်ရန် လူသားများက နောက်ဆုံးတွင် လုံးဝ ညီညွတ်သွားတော့၏။
“ဒါပေမဲ့ မကောင်းဆိုးဝါးတွေရဲ့ အင်အားရှေ့မှာ လူသားတွေရဲ့ အင်အားက မလုံလောက်ခဲ့ပါဘူး။ အခုအချိန်အထိလည်း သာမန်လူတစ်ယောက်က ကိုယ့်ခန္ဓာကိုယ်ရဲ့ တစ်ဝက်တောင်မရှိတဲ့ လာ့ခ်ကို ဖမ်းဖို့ခက်ခဲနေတုန်းပါပဲ။”
ခါဆယ်ရ်က သဘောတူသည့်အလား ခေါင်းညိတ်လိုက်သည်။ လူသားတို့၏ အားနည်းချက်က သားရဲတိရစ္ဆာန်များနှင့် နှိုင်းယှဉ်လျှင်ပင် အင်မတန် ဆိုးဝါးပေသည်။ လူသားများကို အရင်ဦးစွာ တိုက်ခိုက်လေ့မရှိသော သာမန်သားရဲတိရစ္ဆာန်များလိုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ရန်လိုမှုကိုပြသသည့် လာ့ခ်က အဆပေါင်းများစွာ ပို၍အန္တရာယ်များ၏။
“ဒါပေမဲ့ ဘုရားသခင်ရဲ့ အံ့ဖွယ်ဖြစ်ရပ် ပေါ်လာပါတယ်။ လာ့ခ်ကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားနဲ့ လူသားတွေ စပြီးမွေးဖွားလာတာပါ။ ပြီးတော့ သူတို့ထဲမှာမှ ပိုပြီးတော့ စွမ်းအားကြီးပြီး အသွင်အပြင်ကလည်း သူများနဲ့မတူတဲ့လူသား မွေးလာခဲ့ပါတယ်။”
ခါဆယ်ရ်၏ မျက်လုံးများ တုန်ယင်သွားတော့သည်။
ဘုရင်မင်းမြတ်၏ အရိပ်အခြည်ကို သတိထား အကဲခတ်ရင်း အာဒရစ်ထ်က ဆက်ပြောလေ၏။
“စွမ်းအားကြီးတဲ့ အဲ့ဒီလူသားက…… လာ့ခ်နဲ့ ဆင်တူပြီး ပုံသဏ္ဌာန် မသဲကွဲတဲ့ မကောင်းဆိုးဝါးကို ထိန်းချုပ်စေခိုင်းနိုင်ပါတယ်။”
“……”
ဘုရင်နှင့် ပရာ့ဂ်ျ။
ခါဆယ်ရ်တစ်ယောက် ထူးဆန်းသောခံစားချက်ကို ခံစားလိုက်ရသည်။
ရဲတိုက်တွင် ရာစုနှစ်များစွာ လက်ဆင့်ကမ်းလာသည့် လျှို့ဝှက်မှတ်တမ်းများထဲ၌ပင် ရေးမထားသော အကြောင်းအရာကို အရေးမပါသည့် လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်၏ ပါးစပ်မှ ကြားသိရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
အရွယ်ရောက်ချိန်၌ မိမိ၏ ဖြစ်တည်မှုအပေါ် မေးခွန်းထုတ်ခဲ့ဖူး၏။ လူအများစုနှင့်မတူဘဲ လူသားဟု မခေါ်နိုင်လောက်အောင် အစွမ်းထက်သော ဘုရင်က တကယ်တမ်း ဘယ်သူလဲဟူ၍။ မည်သူမျှ သူ့မေးခွန်းကို မဖြေနိုင်ခဲ့ချေ။ သူ၏ ဆင်းရဲဒုက္ခကို စာနာနားလည်ပေးနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သော ခမည်းတော်ပင်လျှင် မဖြေနိုင်ခဲ့။
သူက အာဒရစ်ထ် ပြောပြသော အမှန်တရားကို အင်မတန် သဘောတွေ့နေသည်။ အကြောင်းမူကား ဘုရင်၏ ဇာစ်မြစ်က လူသားတည်းဟူသော အချက်ကြောင့်ပင်။
‘ဟမ်း။ ဗိုင်းရပ်စ်ကို တန်ပြန်တိုက်ခိုက်တဲ့ ကိုယ်ခံအားလိုမျိုးများလား။’
ယူဂျင်းက အာဒရစ်ထ်၏ ဇာတ်လမ်းကို အံ့ဩစရာကောင်းသည်ဟု တွေးမိ၏။ သူပြောသော ဘုရင်ပေါ်ထွန်းလာခြင်းကို မိမိ၏ ခေတ်မီအသိပညာဖြင့် အစားထိုးကာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
ဤကမ္ဘာကို သက်ရှိတစ်ခုအဖြစ် သတ်မှတ်ပါက လာ့ခ်မှာ သက်ရှိ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော အန္တရာယ်ရှိသည့် ဘက်တီးရီးယားဟု ဆိုနိုင်၏။ လာ့ခ်ကြောင့် ဤကမ္ဘာ၌ရှိနေသော မူရင်း သက်ရှိများ ပျက်သုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ကမ္ဘာကြီးက မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် စတင်ခဲ့ခြင်းပင်။
‘မှတ်တမ်းရုပ်ရှင်တစ်ခုမှာ မြင်ဖူးတာ သတိရသွားပြီ။ သဘာဝရန်သူကို တန်ပြန်တိုက်ခိုက်ဖို့အတွက် ရန်သူရဲ့ ပုံသဏ္ဌာန်ကို အတုယူပြီးတော့ ဆင့်ကဲပြောင်းလဲတတ်ကြတယ်ဆိုပြီး။’
ယူဂျင်းက ဘုရင်၏ ပရာ့ဂ်ျ လာ့ခ်နှင့် ဆင်တူနေခြင်းကို ဆင့်ကဲပြောင်းလဲမှု ရှုထောင့်မှ နားလည်ခဲ့သည်။
“ဘုရင် ပေါ်ထွန်းလာခြင်းက…… လူသားတွေအတွက် ကံကောင်းတဲ့ အံ့ဖွယ်ရာဖြစ်ရပ်ဆိုပေမဲ့ နတ်ဆရာတွေအတွက်ကတော့ ကောင်းတဲ့ကိစ္စမဟုတ်ခဲ့ပါဘူး။”
ယူဂျင်းလည်း ထိုစဉ်က အခြေအနေကို ခန့်မှန်းကြည့်ကာ ပြောလိုက်သည်။
“လာ့ခ်နဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်မှာ နတ်ဆရာတွေထက် ဘုရင်က အများကြီး ပိုအစွမ်းထက်နေမှာပေါ့။”
“ဟုတ်ပါတယ်။ အဲ့ဒါအပြင် လာ့ခ်ကို ဆင့်ခေါ်ခဲ့တဲ့ တကယ့် တရားခံအစစ်က နတ်ဆရာတွေဖြစ်နေတဲ့အကြောင်းကိုလည်း လူတွေ သိကုန်ကြပါတယ်။”
လူသားတို့က အမှန်တရားကိုသိရှိပြီး ဒေါသထွက်ခဲ့ကြသည်။ နတ်ဆရာများကို ခွင့်မလွှတ်နိုင်ဘူးဟူသော အမြင်နှင့်၊ ထိုအတောအတွင်း အသက်ကိုပင်မငဲ့ဘဲ လာ့ခ်နှင့် တိုက်ခိုက်ခဲ့ကြသည့် သူတို့၏ ကောင်းမှုများကို ထည့်သွင်းစဉ်းစားသင့်သည်ဟူသော အမြင်တို့ အငြင်းပွားခဲ့ကြ၏။
သို့ရာတွင် မည်သူမျှ နတ်ဆရာများဘက်မှ စိတ်ရင်းအမှန်ဖြင့် ရပ်တည်ပေးလိုခြင်းမရှိခဲ့ပေ။ နတ်ဆရာများက အခြားလူများနှင့် စိတ်ရင်းမှန်ဖြင့် ရောနှောပေါင်းသင်းနိုင်ခြင်းမရှိသည့် သီးသန့်ဖြစ်တည်နေသော အသိုင်းအဝိုင်း ဖြစ်နေပြန်၏။ ဘုရင်ဟူသော စွမ်းအားကြီးသည့် မဟာမိတ်ကို ရရှိထားသည့် လူသားများက နတ်ဆရာတို့၏ အစွမ်းကိုလည်း နောက်ထပ် လိုလားတောင့်တခြင်း မရှိတော့ပေ။
“ဒါပေမဲ့ ဘုရားသခင်က…… အပြစ်ကျူးလွန်ခဲ့တဲ့ နတ်ဆရာတွေကို စွန့်ပစ်ခဲ့တာမျိုး မရှိပါဘူး။ အပြစ်သားတွေကို အံ့ဖွယ်ရာတစ်ခု ချီးမြှင့်ပြီး အနာဂတ်ကို ဖွင့်ပေးခဲ့ပါတယ်။ နတ်ဆရာတို့ရဲ့သွေးသားကို ဆက်ခံပြီး ထူးခြားတဲ့ကလေးတွေ မွေးဖွားလာတာပေါ့။ သူတို့တွေက ဘုရင်လိုပဲ အများနဲ့မတူတဲ့ အသွင်အပြင်မျိုး ရှိကြတဲ့သူတွေပါ။”
~~~~
Miel's Translations