no

Font
Theme

အပိုင်း ၁၀၈

ယူဂျင်းတစ်ယောက် အသက်ရှူသံကို ပြန်လည်ထိန်းချုပ်ကာ စိတ်လှုပ်ရှားမှုကို ငြိမ်သက်အောင်လုပ်လိုက်သည်။ ရက်ပိုင်းလောက်ကြာအောင် အာဒရစ်ထ်အား မေးမြန်းလိုသည့်ကိစ္စများကို ခေါင်းထဲတွင် စနစ်တကျ စီစဉ်ထားသော်ငြားလည်း ရေပိုက်ခေါင်း ပေါက်ထွက်သည့်အလားဖြစ်နေ၏။

ဤအတောအတွင်း ပေါ်လာသည့် မရေမတွက်နိုင်သော မေးခွန်းများကို မေးမြန်းစရာနေရာမရှိသဖြင့် စိတ်ပျက်ခဲ့ရသည်။ အဖြေပေးမည့်သူအား လုံးဝရှာမတွေ့တော့မည်ကိုလည်း စိုးရိမ်ကြောက်ရွံ့ခဲ့မိ၏။ ထို့ကြောင့် အာဒရစ်ထ်နှင့် ယခုကဲ့သို့ မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောခွင့်ရသည့်ကို ရင်ထဲလှိုက်ဖိုသွားလောက်အောင် ဝမ်းသာခဲ့မိသည်။

"နင့်ကို မေးချင်တာတွေ အများကြီးပဲ။ ငါ့မေးခွန်းတွေအားလုံးကို ဖြေပေးနိုင်မလား။"

"ကျွန်တော် သိသမျှ အရာအားလုံးကို ပြောပြပါ့မယ်။"

"ဒါက စကားမပြောရဘူးလို့ သတ်မှတ်ထားတဲ့ နင်တို့ရဲ့ စည်းကမ်းကို ချိုးဖောက်ရာမရောက်ဘူးလား။"

ယူဂျင်းက အပြင်လောကနှင့် အဆက်အဆံမလုပ်သည့် မျိုးနွယ်စု၏ စည်းမျဉ်းများကို သာမန်ဥပဒေများထက် များစွာတင်းကျပ်ပြီး ရက်စက်ကြမ်းကြုတ်သည်ဟု တွေးမိ၏။ မိမိက အာဒရစ်ထ်အား မလိုလားအပ်သည့် အခြေအနေသို့ တွန်းပို့နေခြင်းပေပဲလားဟု စိုးရိမ်နေခဲ့သည်။

"ပြောပြလို့ နင့်ကို အကြီးအကျယ် ထိခိုက်နစ်နာစေမဲ့ ကိစ္စမျိုးဆိုရင်... မပြောပြဘဲ နေလို့ရတယ်။"

မသိလျှင် မဖြေနှင့်။ ချက်ချင်း မိမိအပေါ် ကြီးမားသောအန္တရာယ် ကျရောက်လာမည့်ကိစ္စမျိုး မဟုတ်သေးပေ။ ကျိန်းသေပေါက် မိမိအတွက် သေရေး၊ ရှင်ရေးကိစ္စသာ ဖြစ်ခဲ့ပါက သူတစ်ပါး၏ အခြေအနေကို စိတ်ပူနေမည် မဟုတ်။ မိမိကိုယ်တိုင်၏ ဘေးကင်းလုံခြုံမှုက အာမခံချက်ရှိကြောင်း သိထားသည့် အဖိုးမတန်သော လူသားဆန်မှုပင် ဖြစ်နေပါစေ သူတစ်ပါး၏အန္တရာယ်ကို အာမခံထားပြီး သတင်းအချက်အလက် ရယူလိုခြင်းတော့မရှိပေ။

ခေါင်းငုံ့ထားသော အာဒရစ်ထ်၏ မျက်ဝန်းများ တုန်ယင်သွားသည်။

'ဒီပုဂ္ဂိုလ်ဆိုရင်တော့ အဆင်ပြေလောက်မယ်မဟုတ်ဘူးလား။'

အာဒရစ်ထ်တစ်ယောက် ယခု ယူဂျင်း၏ စကားကို လက်ခံပြီး သူ ဘာပဲပြောပြော မိဖုရားက အရှိကိုအရှိအတိုင်း လက်ခံလိမ့်မည်ဟု ယုံကြည်မှုတစ်ခုဝင်လာသည်။

ခါဆယ်ရ်က ထူးဆန်းသော အကြည့်ဖြင့် ယူဂျင်းကို ကြည့်လိုက်သည်။ ရှေ့နောက်မညီသော ခံစားချက်ကို နောက်တစ်ကြိမ် ခံစားလိုက်ရ၏။

ယူဂျင်း အာဒရစ်ထ်ကို တွေ့ဆုံရန် မည်မျှ မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ကြောင်း သူသာသိသည်။ မြင့်မြတ်သောနေရာမှ ထွက်ခွာလာသည့် ခရီးစဉ်တစ်လျှောက်လုံး ယူဂျင်းက လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်အကြောင်းကို အကြိမ်ကြိမ်ပြောခဲ့သူပင်။ ထို့ကြောင့် သူက အနည်းငယ် တင်းမာသောစိတ်ဖြင့် မေးလိုက်မိ၏။

"သူ့ကို အဲ့လောက်တောင် စိတ်ပူနေတာလား။"

「……တကယ်တော့၊ စိတ်ပူတာထက် သူ့ကို မေးချင်တာတွေ အများကြီးရှိလို့ပါ။ ကျွန်မက ကူညီပေးခဲ့တာဆိုတော့ ကျွန်မမေးတာတွေကို ကောင်းကောင်းဖြေပေးလောက်မယ်မဟုတ်လားရှင့်။」

ယူဂျင်း၏ ရှက်ရွံ့စွာ မျက်နှာလေးရဲလာကာ ရယ်လိုက်သည့် အမူအရာက အင်မတန် လှလွန်းသဖြင့် သူ နမ်းလိုက်မိသည်။ ထိုသို့ဖြင့် ကန္တာရတွင် ကုန်ဆုံးခဲ့သည့် နောက်ဆုံးည၌ ချုပ်တည်းမှု လုံးဝ လွတ်သွားမိရာမှ နောက်တစ်နေ့တွင် တစ်နေကုန် စိတ်ကောက်နေသူ ယူဂျင်းကို ချော့မော့ရခြင်းဖြင့် စိတ်မောခဲ့ရသေး၏။

အလွန်မျှော်လင့်ခဲ့သော တွေ့ဆုံမှု အထမြောက်ခဲ့ပြီဖြစ်သော်လည်း မိမိ၏ ကိုယ်ပိုင်ဆန္ဒထက် အရေးမပါသော လှည့်လည်သွားလာသူတစ်ယောက်ကို ဂရုတစိုက် ထောက်ထားစဉ်းစားပေးနေသည့် ယူဂျင်း၏ စေတနာက လှပသော်လည်း ထူးဆန်းနေလေသည်။

ဒီလူက တကယ်ပဲ လွန်ခဲ့တဲ့သုံးနှစ်က သူနဲ့ လက်ထပ်ခဲ့တဲ့မိန်းမမှ ဟုတ်ရဲ့လား။

ခါဆယ်ရ် အာနီခါ ဂျင်နှင့် တွေ့ဆုံခဲ့သည့် ကပွဲတွင် မတော်တဆ မြင်တွေ့ခဲ့ရသော မြင်ကွင်းတစ်ခုရှိ၏။ ကပွဲခန်းမထဲ မဝင်မီ၊ လူသူကင်းမဲ့သည့် စင်္ကြံလမ်းတွင် အာနီခါက အခြားမိန်းကလေး၏ပါးကို ရိုက်ချလိုက်သော မြင်ကွင်းပင်။

အရိုက်ခံရသည့် မိန်းကလေးပင် ခန္ဓာကိုယ် ယိမ်းထိုးသွားရလောက်အောင် အားအပြည့်ပါသည့် ရိုက်ချက်ဖြစ်၏။ ပါးရိုက်သူ အာနီခါက ခမ်းနားသော ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားသည့် အင်မတန် ချောမောလှပသူဖြစ်နေကာ အရိုက်ခံရသူ မိန်းကလေးကမူ အစေခံဝတ်စုံနှင့် ဖြစ်နေသဖြင့် အစေခံက ကြီးမားသော အမှားတစ်ခုခု ကျူးလွန်မိခြင်းဖြစ်မည်ဟု တွေးခဲ့မိသည်။

ထိုအချိန်ကတော့ သူ မသိခဲ့ပေ။ တောက်ပကာ ချောမောလှပသည့် ထိုအမျိုးသမီးက အာနီခါ ဂျင်ဖြစ်သည်ဟူသောအချက်နှင့် ထိုအမျိုးသမီးက သူ၏ဇနီး ဖြစ်လာမည့်သူဟူသောအချက်။

နောက်ပိုင်းတွင် ထိုနေ့က အစေခံမိန်းကလေးကို ကြီးလေးသောအပြစ်မျိုး ကျူးလွန်ခဲ့လောက်မည်မဟုတ်ဟု တွေးမိလာသည်။ သူနှင့် လက်ထပ်ထားသော အာနီခါ ဂျင်က သူတစ်ပါး၏ အမှားကို မည်မျှပင်သေးငယ်ပါစေ ခွင့်လွှတ်နားလည်မှု မပေးတတ်သူဖြစ်သောကြောင့်ပင်။

'မှတ်ဉာဏ်ပျောက်သွားရုံနဲ့ လူတစ်ယောက်ရဲ့ နဂို စိတ်နေစိတ်ထားပါ ပြောင်းလဲသွားတာလား။'

ထို့အပြင် မိဖုရားက မှတ်ဉာဏ်အချို့ကို ပြန်လည်ရရှိထားပြီး ဖြစ်ပေသည်။ သို့သော်လည်း ယခင်က ပုံစံကို လုံးဝမတွေ့ရတော့ပေ။

"မပြောရဘူးလို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းမျိုးမရှိပါဘူး။"

အာဒရစ်ထ်က ပြန်ဖြေခဲ့သည်။ ခါဆယ်ရ်လည်း သူ၏ သံသယများကို ခဏတာ ဖယ်ထားလိုက်၏။

"အဲ့ဒီအစီအရင်နဲ့ ပတ်သက်ပြီးတော့ရောလား။"

"ဟုတ်ကဲ့။"

အာဒရစ်ထ် ချက်ချင်း ပြန်ဖြေလိုက်သောအခါ ယူဂျင်းလည်း အံ့ဩသွား၏။ သေခြင်းတရား၏ ရှေ့မှောက်၌ပင် ပါးစပ်ပိတ်ထားရလောက်အောင် လေးနက်သည့် လျှို့ဝှက်ချက်ဟု ထင်ထားခဲ့သည်ကို။

"ဒါဆို ဘာလို့ စကားမပြောကြတာလဲ။ နင်တို့ရဲ့ အသံကို ကြားဖူးတဲ့သူ တစ်ယောက်မှမရှိတာကို။"

"ကျွန်တော်တို့အကြောင်းကို ကြားချင်တဲ့သူ အားလုံးက ဒီအစီအရင်ကို ရယူလိုတဲ့ ရည်ရွယ်ချက်ပဲ ရှိကြတာပါ။ ဒီအစီအရင်ကို တခြားလူတွေ သုံးလို့မရဘူးလို့ ပြောရင်တောင် သူတို့က မယုံကြည်ကြပါဘူး။ ဝန်ခံခိုင်းပြီး ညှဉ်းပန်းနှိပ်စက်ခြင်းရဲ့အဆုံးသတ်မှာ သေဆုံးခဲ့ရတဲ့ မျိုးနွယ်စုဝင်တွေ များလာတဲ့အတွက် ဘယ်အချိန်က စခဲ့မှန်းမသိ၊ မျိုးနွယ်စုအတွင်းမှာ လုံးဝ စကားမပြောဘဲနေကြတဲ့ အခြေအနေကို ပြောင်းသွားခဲ့တာပါ။"

ဤသည်မှာ ကြေကွဲဖွယ် အကြောင်းရင်းပင်။ ယူဂျင်းလည်း လူသားတို့၏ လောဘက လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်တို့ကို ချောက်ကမ်းပါးဆီ တွန်းပို့လိမ့်မည်ဟု သဘောတူလိုက်မိသည်။

"ဘာလို့ အဲ့ဒီအစီအရင်ကို ဘယ်သူမှ မသုံးနိုင်ရတာလဲ။"

အာဒရစ်ထ်က သူ့ခန္ဓာကိုယ်ပေါ်တွင် ထိုးထားသည့် အစီအရင်အကြောင်း ရှင်းပြခဲ့သည်။

အတိအကျပြောရလျှင် သူ့ကိုယ်ပေါ်ရှိ ဆေးမင်ကြောင်ကိုယ်တိုင်က အစီအရင်မဟုတ်ဘဲ၊ အစီအရင်ကို အသုံးပြုပြီး ခန္ဓာကိုယ်ပေါ်တွင် မှော်ပညာကို ဆေးမင်ကြောင်အဖြစ် ထိုးထားခြင်းဖြစ်၏။

ဤအစီအရင် အကျိုးသက်ရောက်မှုရှိစေရန်အတွက် အရေးကြီးဆုံးသော အခြေအနေတစ်ခု လိုအပ်ပေသည်။ ယင်းမှာ မျိုးရိုးပင်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဤအစီအရင်ကို ခန္ဓာကိုယ်ပေါ်တွင် ပထမဆုံး အသုံးပြုခဲ့သူများ၏ သွေးကို ဆက်ခံထားသော မျိုးဆက်များမှသာ အစီအရင်၏ အကျိုးသက်ရောက်မှုကို ဆက်လက်ရရှိနိုင်မည်ဖြစ်၏။ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်များက မျိုးနွယ်စုဝင်ချင်း လက်ထပ်ထိမ်းမြားမှုကို ရေရှည် ထိန်းသိမ်းထားသဖြင့် လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်မဟုတ်သူတစ်ယောက်တွင် မျိုးနွယ်စု၏သွေးပါဝင်ရန် ဖြစ်နိုင်ခြေက မရှိသလောက်ပင်။

အကယ်၍ ဖြစ်နိုင်ခြေရှိလျှင်ပင် ဤအစီအရင်က တစ်ကိုယ်လုံးတွင် အကျည်းတန်သော ဆေး​မင်ကြောင်ပုံစံဖြင့် ပေါ်လာသည်ဟူသော အားနည်းချက်ရှိနေပြန်၏။ ထို့ကြောင့် အလှအပကို အလေးထားကြသည့် မှူးမတ်အနွယ်တော်များ အသုံးပြုရန် ဖြစ်နိုင်ခြေနည်းပေသည်။ သူတို့က ထိုထက်စာလျှင် အထွတ်အမြတ်မြို့တော်သို့ ရှောင်တိမ်းသည့် နည်းလမ်းကို ရွေးချယ်ကြမည်သာ။

အာဒရစ်ထ်က နောက်ဆုံးအနေနှင့် ဤအစီအရင်၏ အန္တရာယ်ရှိသော ပြဿနာကို ပြောပြခဲ့သည်။

"ဒီအစီအရင် ထိုးနှံဖို့အတွက် မှော်ပညာကို အသက်သွင်းဖို့ဆိုရင် လူတစ်ယောက်ရဲ့ အသက်ကို ကြားခံအနေနဲ့ လိုအပ်ပါတယ်။"

"……အသက်။ လူတစ်ယောက်သေမှ အဲ့ဒီမှော်ပညာကို စပြီးအသုံးပြုနိုင်မယ်ဆိုတဲ့ သဘောလား။"

"ဟုတ်ပါတယ်။"

နှစ်ဦးသား ပြောနေကြသည့် စကားကို အသာလေး နားထောင်နေသော ခါဆယ်ရ်က မျက်ခုံးကျုံ့လိုက်သည်။ အာဒရစ်ထ်၏စကားသာ အမှန်ဆိုလျှင် တိတ်ဆိတ်စွာနေပြီး သေခြင်းကို ရွေးချယ်ကြသည့် သူတို့၏နည်းလမ်းက အကောင်းဆုံးဖြစ်ကြောင်း ဝန်ခံရတော့၏။

'မျိုးရိုးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အခြေအနေကို လျစ်လျူရှု၊ 'လူတစ်ယောက်ရဲ့ အသက်' ဆိုတဲ့ အချက်အပေါ်မှာပဲ အာရုံစိုက်ပြီးတော့ အပြစ်မဲ့တဲ့ အသက်တွေကို စတေးပြီး စမ်းသပ်ချင်တဲ့ အရူးမျိုး ပေါ်လာမှာ ကျိန်းသေတယ်။'

"ဒါဆို ဘယ်သူက..."

ယူဂျင်းတစ်ယောက် ဘယ်သူရဲ့သေဆုံးမှုနဲ့ နင် အခု အသက်ရှင်နေတာလဲဟု မေးမထွက်ခဲ့။

အာဒရစ်ထ်က တည်ငြိမ်သောလေသံဖြင့် ဆက်ပြောခဲ့သည်။

"ပုံမှန်ဆိုရင်တော့ မျိုးနွယ်စုထဲက သက်ကြီးရွယ်အိုတွေကပဲ ကြားခံလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံကြပါတယ်။"

မကြာခင် သက်တမ်းကုန်ဆုံးတော့မည်ဟု ယူဆကြသော သက်ကြီးရွယ်အိုများက မျိုးနွယ်စု၏ အနာဂတ်အတွက် သူတို့ကိုယ်သူတို့ လိုလိုလားလား စတေးခဲ့ကြသည်။ သို့သော် လှည့်လည်သွားလာသူ မျိုးနွယ်စုတွင် သင့်တော်သည့်အချိန်၌ အချင်းချင်း မကူညီနိုင်သော ဖြစ်ရပ်များလည်း ပေါ်ပေါက်ခဲ့ဖူး၏။ အခြားမျိုးနွယ်စုဝင်များကို မတွေ့နိုင်သော အခြေအနေတွင် ရုန်းကန်လှုပ်ရှားရသည့်ရာသီအတွင်း ကလေးမွေးဖွားသည့် အခြေအနေသည်လည်း ထိုအတိုင်းပင်။

"ကျွန်တော်က အဲ့ဒီလို မွေးဖွားလာခဲ့တာပါ။ အမေက လမစေ့ခင် မီးဖွားခဲ့ပြီး အမြွှာမွေးခဲ့ပါတယ်။ ရုန်းကန်လှုပ်ရှားရတဲ့ရာသီဆိုတော့ လာ့ခ် ဘယ်အချိန် ပေါ်လာမယ်မှန်းမသိတဲ့ အခြေအနေပါ။ အမေက သားသမီးနှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ခဲ့ရပါတယ်။"

ယူဂျင်းက လေးနက်သည့် အကြည့်နှင့် အာဒရစ်ထ်ကိုကြည့်ကာ သက်ပြင်းချလိုက်၏။ လက်တစ်ဖက်ဖြင့် မိမိ၏ရင်ဘတ်ကို ဖိထားခဲ့သည်။ ရင်ထဲတွင် အင်မတန် နာကျင်လာ၏။ တကယ်ပဲ ဘယ်အရာက သူတို့ကို အစွန်းရောက်သည့် အခြေအနေအထိ တွန်းပို့နေလေသနည်း။

"ဒါဆို အဲ့ဒီအစီအရင်က...အတိအကျ ဘယ်လိုအကျိုးသက်ရောက်မှုမျိုး ရှိတာလဲ။ အရှင်မင်းကြီးပြောတာတော့ အာဘူက နင့်ကို လူလို့ မသတ်မှတ်ဘူးတဲ့။"

"လာ့ခ်က လူလို့ အာရုံခံမိရင် တိုက်ခိုက်ပါတယ်။ အဲ့ဒီအစီအရင်က လာ့ခ်ရဲ့ ရန်လိုမှုကို မလှုံ့ဆော်နိုင်အောင် တားဆီးတဲ့ အကျိုးသက်ရောက်မှုပဲရှိတာပါ။"

"လာ့ခ်တိုင်းအတွက် အကျိုးသက်ရောက်မှု ရှိတာလား။"

"အဲ့ဒီလိုပဲ တွေးခဲ့မိပါတယ်။"

အာဒရစ်ထ်က လိပ်မှော်ဝင်သားရဲကို သတိရလိုက်သည်။

「ဟိုဟိုဒီဒီ လျှောက်သွားနေတဲ့ လူသားက မင်းကိုး။」

ထိုမှော်ဝင်သားရဲက ရုန်းကန်လှုပ်ရှားရသည့် ရာသီအတွင်း သူ့ပိုင်နက်တွင် နေထိုင်ခဲ့သည့် အာဒရစ်ထ်ကို သေသေချာချာ သိနေလေသည်။

"တအားအစွမ်းကြီးတဲ့ လာ့ခ်တွေအတွက်တော့ အကျိုးသက်ရောက်မှု မရှိတဲ့ပုံပါပဲ။ မြင့်မြတ်တဲ့နေရာရဲ့ အဲ့ဒီမှော်ဝင်သားရဲက ကျွန်တော့်ကို အာရုံခံမိခဲ့ပါတယ်။"

ယူဂျင်း၏ မျက်နှာထားက ကြည်လင်ဝင်းပသွားတော့သည်။

"ထင်တဲ့အတိုင်း အဲ့ဒီလိပ်လောက်ဆိုရင် တကယ့်ကို တအားအစွမ်းကြီးတဲ့ မှော်ဝင်သားရဲပဲကိုး။ အဲ့ဒီလိပ်က ဉာဏ်ကောင်းလွန်းလို့ လူနဲ့စကားပြောနေရသလိုပဲ။ ကျွန်မကတော့ အဲ့ဒီလိပ်ကို ရှေ့လျှောက်လည်း ပြဿနာရှာမှာမဟုတ်ဘူးလို့ ထင်တာကို အရှင်မင်းကြီးကတော့ စိုးရိမ်နေတယ်။ အရှင်မင်းကြီး၊ အခုအထိ စိုးရိမ်နေတုန်းပဲလားဟင်။"

"……မှော်ဝင်သားရဲဆိုတာလည်း လာ့ခ်ပဲလေ။ ခံစားချက်ကိုအခြေခံပြီး လာ့ခ်ကို ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ။"

ယူဂျင်းက ခါဆယ်ရ်ကို မျက်စောင်းထိုးလိုက်သည်။

"လွန်လွန်းပါတယ်။ အာဘူလည်း နားထောင်နေတာကို ဘယ်လိုများ ဒီလိုပြောနိုင်ရတာလဲရှင့်။"

"အာဘူကတော့ ငါ့ရဲ့မှော်ဝင်သားရဲဖြစ်နေလို့ ခြွင်းချက်ပေါ့။"

"ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ခါ အချိန်ကြာကြာဖယ်ပြီး အထွတ်အမြတ်နေရာကိုသွားဖို့ ကတိပေးထားတာ မမေ့ပါနဲ့။"

ယူဂျင်းက လိပ်မှော်ဝင်သားရဲနှင့် စကားပြောရန်အတွက် အချိန်ကြာကြာယူပြီး စီစဉ်ရန် စိတ်ကူးထားခဲ့သည်။ ပြီးခဲ့သည့်တစ်ခါကတော့ အချိန်ဇယားကို ထပ်မံပြီး နှောင့်နှေးစေ၍မဖြစ်တော့သဖြင့် ပြန်လှည့်လာခဲ့ရ၏။

"တကယ်လို့ စိုးရိမ်နေတယ်ဆိုရင်တောင် စကားပြောပြီး ဖြေရှင်းရအောင်ပါ။ အဲ့ဒီလိပ်က စကားပြောလို့မရတဲ့ ကလေးမှမဟုတ်တာပဲ။"

"ဟို...အရှင်မိဖုရား။"

အာဒရစ်ထ်က သတိထားပြီး ကြားဖြတ်ဝင်ပြောလာသည်။

"အဲ့ဒီ မှော်ဝင်သားရဲက…… နှစ်ဦးစလုံးကို အမှာပါးလိုက်တဲ့စကား ရှိပါတယ်။"

"ဘုရားရေ။ ဘာစကားလဲ။"

စိတ်လှုပ်ရှားနေသော ယူဂျင်း၏အသံကြောင့် အာဒရစ်ထ်တစ်ယောက် ဝန်လေးသလိုခံစားချက်ဖြင့် သူကြားခဲ့ရသည့် စကားများကို ပြန်ပြောပြခဲ့သည်။ ထို့အပြင် ထိုလိပ်က ရှေးဟောင်း မှော်ဝင်သားရဲဖြစ်မည်ဟူသော သူ၏ ခန့်မှန်းချက်ကိုပါ ထည့်ပြောလိုက်၏။

ယူဂျင်းနှင့် ခါဆယ်ရ်တို့လည်း အချင်းချင်း ပြိုင်တူ မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးမှ မှောက်လျက် လဲလျောင်းနေသော အာဘူဆီသို့ အကြည့်များ ရောက်သွားကြသည်။

ယူဂျင်းက ခါဆယ်ရ်အား မေးလိုသည့် မေးခွန်းကိုတော့ လောလောဆယ် မျိုသိပ်ထားလိုက်၏။ အာဘူမကြားနိုင်သည့် နေရာရောက်မှ ပြောသင့်သည်ဟု တွေးမိသောကြောင့်ပင်။

"သေခြင်းနဲ့ ပျက်စီးခြင်းက ငါနဲ့ အရှင်မင်းကြီးကို ရည်ညွှန်းတဲ့ ဖော်ပြချက်လား။"

"မှန်ပါတယ်ခင်ဗျ။"

"ဘယ်သူက သေခြင်းလဲ။"

"အရှင်မိဖုရားက သေခြင်း၊ အရှင်မင်းကြီးက ပျက်စီးခြင်းပါ။"

"တကယ်ပဲ ဘာဖြစ်လို့ အဲ့ဒီလိုမျိုး ခံစားချက်မကောင်းစရာ အသုံးအနှုန်းတွေနဲ့ ခေါ်ရတာလဲ။"

"အဲ့ဒါက နှစ်ဦးစလုံးရဲ့……"

အာဒရစ်ထ်တစ်ယောက် ပြောနေရာမှ ပါးစပ်ပိတ်သွားသည်။ နေရာမှ ရုတ်တရက်ထကာ ဦးညွှတ်ဝပ်တွားလိုက်၏။

"အခုကစပြီး လျှောက်တင်မဲ့ အကြောင်းအရာတွေကို နားထောင်ပြီးရင် အရှင်နှစ်ပါးစလုံး အမျက်ထွက်ကြပါလိမ့်မယ်။ ကျွန်တော်မျိုးတို့ လူမျိုးစု စတင်ပြီး လှည့်လည်သွားလာခဲ့ရခြင်းရဲ့ အကြောင်းရင်းနဲ့ သက်ဆိုင်နေသလို၊ အရှင်နှစ်ပါးစလုံးရဲ့ စံသတ်မှတ်ထားတဲ့ တန်ဖိုးတွေကိုလည်း ရှုပ်ထွေးသွားစေနိုင်လို့ပါ။"

ခါဆယ်ရ်က ပြောလိုက်သည်။

"လောကမှာ တစ်ခါတလေ မသိဘဲနေတာက ပိုပြီး အကျိုးရှိတဲ့ အသိပညာတွေရှိတယ်။ အဲ့ဒီလို အဖြစ်မျိုးလို့ တွေးထားတာလား။"

"…… မှန်ပါတယ်ခင်ဗျ။"

ခါဆယ်ရ်က ဘာမှမပြောဘဲ အာဒရစ်ထ်ကို ငုံ့မိုးကြည့်နေသည်။ ယူဂျင်းက အသက်အောင့်ကာ ခါဆယ်ရ်၏မျက်နှာထားကို အကဲခတ်နေ၏။ ဤနေရာ၌ မွေးဖွားကြီးပြင်းခဲ့သူမဟုတ်သည့် သူကတော့ မည်သို့သော ထိတ်လန့်စရာ အကြောင်းအရာကိုမဆို လက်ခံနိုင်စွမ်းရှိသည်ဟု မိမိကိုယ်ကိုယ် ယုံကြည်ထားသည်။ သို့ရာတွင် ခါဆယ်ရ်ကမူ ဤကမ္ဘာ၏ အမြင့်ဆုံး အထက်တန်းလွှာ အခွင့်ထူးခံဖြစ်၏။ တစ်ယူသန်အစွဲ အကြီးဆုံးရှိသော လူတန်းစားအလွှာပင်။

ခါဆယ်ရ်တစ်ယောက် အကျပ်ရိုက်ရတော့သည်။ သိလိုက်ပြီဆိုလျှင် မသိခင်အချိန်ဆီသို့ ပြန်သွား၍မရနိုင်ပေ။ အာဒရစ်ထ်ပြောမည့် အကြောင်းအရာက ဤကမ္ဘာ၏ လူတိုင်းလက်ခံထားသော အမှန်တရားကို ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု ခံစားမိနေသည်။ အာဒရစ်ထ်ပြောသမျှ အရာအားလုံးကို အမှန်တရားဟု တစ်ထစ်ချ မှတ်ယူ၍မရနိုင်သေးသော်လည်း နားထောင်၍ဖြစ်ပါ့မည်လား။

တွေးပူနေမည့်အစား သွေးကြောင်ချင်မိသည်။ တွေးပူစရာကိစ္စများကလည်း အများကြီး ဖြစ်လာပေပြီ။

အကြည့်ကိုလွှဲလိုက်တော့ သူ့အား ကြည့်နေသော ယူဂျင်းနှင့် အကြည့်ချင်း ဆုံသွားသည်။ ဖြည်းဖြည်းချင်း အကြည့်ကို အောက်စိုက်ချသွားသည့် ယူဂျင်းကို မြင်လိုက်ရသည့်အခါ ဘုရင်တစ်ပါးအနေနှင့် သွေးအေးတည်ငြိမ်ခြင်းထက် ယောက်ျားတစ်ယောက်အနေနှင့် မာနက ခေါင်းထောင်လာ၏။ မိမိ၏ ဇနီးသည်ရှေ့တွင် သွေးကြောင်ရမည်ကို မလိုလားပေ။

'ဒါကတော့ တကယ် ပြဿနာပဲ' ဟု သူက စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ့အတွက် အရေးအကြီးဆုံးက ဤဘုရင့်တိုင်းပြည်နှင့် ပြည်သူများ ဖြစ်ခဲ့၏။ ထိုနှစ်ခုနှင့် ထိုမိန်းမအနက်မှ တစ်ခုကို ရွေးခိုင်းလျှင် အဖြေမပေးနိုင်ပေ။

ခါဆယ်ရ်လည်း သက်ပြင်းတစ်ချက် အသာလေးချကာ ပြောလိုက်သည်။

"……နားထောင်မယ်။"

~~~~

အာဒရစ်ထ်က သူတို့မျိုးနွယ်စု၏ ဇာစ်မြစ်သမိုင်းမှ စတင်ရှင်းပြခဲ့သည်။ ရှေးရှေးတုန်းက ယခုလက်ရှိ လှည့်လည်သွားလာသူ မျိုးနွယ်စုဟု ခေါ်ဆိုကြသည့် ယင်းတို့မှာ နတ်ဆရာများဟု အခေါ်ခံခဲ့ရသူများဖြစ်၏။ သူတို့က မှော်ပညာကို အသုံးပြုကာ ထူးခြားအံ့ဖွယ်ဖြစ်ရပ်များကို ဖန်တီးခြင်းဖြစ်စေ၊ အနာဂတ်ကို ကြိုတင်ဖတ်ရှုဟောကြားခြင်းဖြစ်စေ လုပ်ဆောင်ခဲ့ကြသည်။

သူတို့၏ မျိုးရိုးဇာစ်မြစ်တွင် မှော်အစီအရင်ကို အသုံးပြုသော မှော်ပညာ၏ အကျိုးသက်ရောက်မှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အထူးစွမ်းရည်ရှိ၏။ မျိုးရိုးစဉ်ဆက် အမွေဆက်ခံရသည့် စွမ်းရည်ကို ကာကွယ်ရန်အတွက် အချင်းချင်းသာ လက်ထပ်ထိမ်းမြားခြင်းဖြင့် သူတို့၏ အထူးအခွင့်အရေးကို ပို၍ခိုင်မာအောင်လုပ်ခဲ့ကြသည်။

အာဒရစ်ထ်အဖို့ ဤအပိုင်းကို ရှင်းပြရသည်မှာ အကျပ်ရိုက်ရဆုံးဖြစ်၏။ သူတို့၏ မျိုးနွယ်စုမှာ တစ်ချိန်က ဤကမ္ဘာကို လွှမ်းမိုးအုပ်စိုးခဲ့ပြီး လက်ရှိ မင်းမျိုးမင်းနွယ်များကဲ့သို့သော အခွင့်ထူးခံလူတန်းစား ဖြစ်ခဲ့ဖူးသည့် အချက်ကို လက်ရှိ မင်းမျိုးမင်းနွယ်များကြားလျှင် မကျေမနပ်ဖြစ်ရုံသာမက စော်ကားမှုအဖြစ်ပါ ခံယူသွားနိုင်သောကြောင့်ပင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment