no

Font
Theme

အပိုင်း ၁၁၃

"နောက်ဆုံးခရီးပေါ့လေ။ နင်တို့မျိုးနွယ်စုအတွက်ပဲဖြစ်တဲ့ နိဗ္ဗာန်ဘုံမှာ အခြေချတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လား။"

"နိဗ္ဗာန်ဘုံ..."

ယူဂျင်း ပြောလိုက်သည့် စကားလုံးကို ပါးစပ်ထဲတွင် ရေရွတ်ရင်း အာဒရစ်ထ်၏ နှုတ်ခမ်းထောင့်စွန်းများက တဖြည်းဖြည်း မြင့်တက်လာသည်။ အပေါ်ယံကြည့်လျှင်တော့ ကြည့်ကောင်းရုံလေးသာ ခပ်ရေးရေးပြုံးခြင်း ဖြစ်သော်လည်း အရုပ်လိုဖြစ်နေသော အာဒရစ်ထ် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည့် ခံစားချက်ပင်။

ယူဂျင်း အာဒရစ်ထ်နှင့် စကားပြောနေစဉ်တစ်လျှောက်လုံး သူ့မျက်နှာထားက တည်တင်းနေသလို ခံစားရသည်။ မည်သို့ပြောရမလဲ။ အသက်မပါသလိုပင်။ ထို့ကြောင့် သူ၏ အတွင်းစိတ်က အပြင်ဘက်မှ မြင်နေရသည့် မျက်နှာအမူအရာထက် အများကြီး ပိုပြင်းထန်နေလိမ့်မည်ဟု ခန့်မှန်းကြည့်လိုက်၏။

"အဲ့ဒီစကားကလည်း မမှားပါဘူး။ ကျွန်တော်တို့ရဲ့ နာကျင်စရာဘဝကို အဆုံးသတ်နိုင်မဲ့ နောက်ဆုံးပန်းတိုင်ဆိုတော့ နိဗ္ဗာန်ဘုံပါပဲ။"

ယူဂျင်းက အာဒရစ်ထ်၏ စကားကို သေချာစဉ်းစားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"မဟုတ်မှ....... သေခြင်းတရားကို ပြောနေတာလား။"

"အဲ့ဒီလို အသုံးအနှုန်းနဲ့လည်း ဖော်ပြတတ်ကြပါတယ်။"

ယူဂျင်း စကားမပြောနိုင်ဖြစ်သွားတော့သည်။ အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် လူငယ်လေးက သေခြင်းတရားကို နိဗ္ဗာန်ဘုံဟု ပြောနေသတဲ့။ ထိုမျှအထိ ဘဝ၏ ဒုက္ခဆင်းရဲကြီးလှသော သူတို့၏စိတ်ကို နားမလည်နိုင် ဖြစ်သွားရ၏။

"ဘယ်လိုအဓိပ္ပာယ်မျိုးလဲ ရှင်းပြပေးလို့ရမလား။ ထူးခြားတဲ့ရည်ရွယ်ချက် ရှိမယ်ထင်တယ်။"

"ကျွန်တော်တို့ မျိုးနွယ်စုက ဒီကမ္ဘာလောကမှာ အပြစ်ကြီးလေးလွန်းလို့ ဘုရားသခင်ရဲ့ ဒဏ်ခတ်ခြင်းကို ခံယူနေရတယ်ဆိုပြီး ယူဆထားကြပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ဒီလိုမျိုး အဆုံးမရှိတဲ့ နောင်တနဲ့ ဘဝကို ဖြတ်သန်းနေရတာပါ။ တစ်ဘဝတည်းနဲ့ မပြီးပါဘူး။ အသက်ရှင်နေစဉ်မှာ စည်းမျဉ်းတွေကို တစ်သဝေမတိမ်း မလိုက်နာခဲ့ဘူးဆိုရင် သေပြီးတဲ့နောက်မှာလည်း မျိုးနွယ်စုရဲ့ မျိုးဆက်အနေနဲ့ ပြန်လည်မွေးဖွားလာမှာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့က ဒီဘဝကို အဆုံးမရှိ ပင်ပန်းခက်ခဲတဲ့ခရီးလို့ ပြောကြပါတယ်။ မျိုးနွယ်စုရဲ့ ဆန္ဒက ဒီခရီးကို အဆုံးသတ်ဖို့ပါပဲ။ ဒီဘဝကို နောက်ဆုံးခရီး ဖြစ်ပါစေလို့ ဆုတောင်းကြတာပါ။ အဲ့ဒါကြောင့် ဈာပနအခမ်းအနားတွေမှာလည်း 'နောက်ဆုံးခရီးပဲ' ဆိုတဲ့ စကားနဲ့ ဝမ်းနည်းကြောင်း ဖော်ပြကြပါတယ်။ ခရီးပြီးဆုံးသွားမှပဲ စစ်မှန်တဲ့ ငြိမ်ချမ်းမှုကိုရရှိမဲ့ သေခြင်းတရားဖြစ်တာကြောင့်ပါခင်ဗျ။"

အာဒရစ်ထ် ပြောပြသည့် အကြောင်းအရာက ယူဂျင်းအဖို့ လုံးဝစိမ်းသက်နေသည်တော့ မဟုတ်ပေ။ သူကြားဖူးသော 'လူဝင်စားခြင်း'၊ 'သံသရာလည်ကာ ဘဝပြန်လည်ဖြစ်တည်ခြင်း' ဟူသော အယူအဆများနှင့် ဆင်တူနေသော ခံစားချက်မျိုးပင်။

"နောက်ဆုံးခရီး......."

ဤစကားထက်စာလျှင် မျိုးနွယ်စုထဲမှ စီရင်ဆုံးဖြတ်သူတစ်ယောက် လာဖမ်းလိမ့်မည်ဟု ဖြေသည်ကမှ ပိုကောင်းပေဦးမည်။ ထိုသို့သာဆိုလျှင် လုံးဝ အဖမ်းမခံရအောင် ဝှက်ထားပေးမည်ဟု ပြောနိုင်ဦးမည်ကို။

သို့ရာတွင် သူတို့၏ စည်းမျဉ်းများက အပြစ်ဒဏ်ဖြင့် အတင်းအကျပ်စေခိုင်းခြင်းထက်ပင် ပို၍ဆိုးဝါးပြင်းထန်နေလေသည်။

'နိဗ္ဗာန်ဘုံဆီ သွားမဲ့လမ်းကို စွန့်လွှတ်လိုက်ဆိုပြီး.......ရာရာစစ ဘယ်လိုများ ပြောထွက်ပါ့မလဲ။'

ယူဂျင်းတစ်ယောက် သက်ပြင်းဖွဖွချကာ အာဒရစ်ထ်ကို ဆွဲထားချင်သည့် ဆန္ဒအား အပြတ်အရှင်း ဖျောက်ဖျက်ပစ်လိုက်တော့သည်။ သူက ဆိုဖာပေါ်မှ ထရပ်လိုက်၏။ အခစားဝင်ခန်းတွင် စောင့်ဆိုင်းနေသူ ရှိသဖြင့် ပိုပြီးကြန့်ကြာနေ၍ မဖြစ်ပေ။

"သုံးည နေလို့မရဘူးဆိုတော့ နှစ်ရက်မြောက်ဖြစ်တဲ့ ဒီညအထိတော့ ဒီမှာ နေလို့ရတယ် မဟုတ်လား။"

"ဟုတ်ကဲ့။ မနက်ဖြန် မနက်အစောကြီး ထွက်သွားဖို့ စီစဉ်ထားပါတယ်။ ခွင့်ပြုပေးပါခင်ဗျ။"

"မနက်အစောကြီးလား။"

အံ့ဩသွားသည့် ယူဂျင်းက ခဏအကြာတွင် ခေါင်းညိတ်ကာ ရေရွတ်လိုက်သည်။

".......ဟုတ်ပါရဲ့လေ။ ငါလည်း ကန္တာရထဲ သွားဖူးလို့သိပေမဲ့ မနက်စောစောမှ စမထွက်ရင် ခရီးဝေးသွားဖို့ ခက်ခဲမှာပေါ့။ ငါ့ခွင့်ပြုချက်က ဘာလို့ လိုမှာလဲ။ လာတာ၊ သွားတာက ဧည့်သည်ရဲ့ သဘောပဲကို။ သေသေချာချာ လမ်းခွဲနှုတ်ဆက်တာကိုတော့ နောက်မှပဲ လုပ်ကြတာပေါ့။"

အာဒရစ်ထ်က တုန်ယင်နေသော မျက်လုံးများဖြင့် ဦးညွှတ်ထားလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။"

ယူဂျင်းက အာဒရစ်ထ်ကိုကျော်ပြီး လေးငါးလှမ်းလောက် လျှောက်သွားခဲ့ရာမှ တုံ့ခနဲရပ်ကာ ပြန်လှည့်ပြီးရပ်လိုက်၏။

"မှော်ဝင်သားရဲတွေ ပြောပါတယ်။ မှော်ဝင်သားရဲတွေက တိရစ္ဆာန်ပုံစံမျိုးစုံ အသွင်ပြောင်းနိုင်ပြီးတော့ အသက်အရမ်းကြီးလာရင် လူတွေနဲ့လည်း စကားပြောနိုင်လာတယ် မဟုတ်လား။ အဲ့ဒါဆို အဲ့ဒီထက် ပိုပြီးတော့ တိုးတက်တဲ့ အဆင့်ဆိုတာရော ရှိသေးလား။ ဥပမာ.......မှော်ဝင်သားရဲက လူအသွင် ဖန်ဆင်းတာမျိုးပေါ့။"

"အဲ့ဒါကတော့ မဖြစ်နိုင်ပါဘူး။"

အာဒရစ်ထ်က ပြတ်သားစွာ ပြန်ဖြေခဲ့သည်။ အဖြေကို ကြီးကြီးမားမား မျှော်လင့်မထားသည့် ယူဂျင်းက အံ့ဩတကြီး မျက်နှာနှင့် ပြန်မေးလိုက်၏။

"ဘာလို့ မဖြစ်နိုင်တာလဲ။"

"ကျွန်တော်လည်း အဲ့ဒီလိုမေးခွန်းမျိုး စိတ်ထဲမှာရှိခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့် မျိုးနွယ်စုထဲက ပညာရှိ လူကြီးမင်းကို မေးကြည့်တော့ လူကြီးမင်းက မဖြစ်နိုင်ဘူးလို့ ပြောပါတယ်ခင်ဗျ။"

အာဒရစ်ထ်က မှတ်ဉာဏ်များကို ပြန်တူးဆွကာ လူကြီးမင်းထံမှ ကြားခဲ့ရသည့် အကြောင်းအရာများကို ထိုအတိုင်း အတိအကျ ပြန်ပြောပြခဲ့သည်။

[လာ့ခ်က ငါတို့ ဖွင့်ပေးခဲ့တဲ့ တံခါးကနေ ဝင်လာတာ။ မှော်ပညာရဲ့ ကန့်သတ်ချက်ကို ခံရမှာပဲပေါ့။ ဘိုးဘေးတွေ မှော်ပညာနဲ့ တခြားသက်ရှိတွေကို ခေါ်ထုတ်တုန်းက 'လူသားမဟုတ်တဲ့အရာ' ကို မှော်အစီအရင်ရဲ့ အခြေအနေအဖြစ် သတ်မှတ်ခဲ့ကြတာလေ။ မှော်ပညာကို အသက်ဝင်စေတဲ့ နိယာမက မနက်ဆို နေထွက်ပြီး ညဆို နေဝင်သလိုမျိုး လုံးဝဥဿုံ သတ်မှတ်ထားပြီးသားဖြစ်တဲ့ စည်းကမ်းချက်ပဲ။ ဘယ်လောက်ပဲ မကောင်းဆိုးဝါး ဖြစ်နေပါစေ၊ ဘုရားသခင်ရဲ့ရှေ့မှောက်မှာတော့ ဖန်ဆင်းခံတွေပဲဖြစ်လို့ ဒီလောကရဲ့ စည်းမျဉ်းကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ။]

ယူဂျင်း ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် ခေါင်းထဲပေါ်လာသည့် မေးခွန်းတစ်ခုကြောင့် ကြက်သီးတဖြန်းဖြန်းထသွားခဲ့သော်လည်း တော်သေးသည်ဟု တွေးလိုက်မိ၏။ ကြောက်မက်ဖွယ် စွမ်းအားရှိသော မကောင်းဆိုးဝါးက ဉာဏ်ရည်လည်းရှိ၊ လူယောင်လည်း ဖန်ဆင်းနိုင်၊ ပရိယာယ်လည်း ကြွယ်နေမည်ဆိုလျှင် ဘာတွေဖြစ်လာမည်နည်း။ စဉ်းစားကြည့်ရုံနှင့်ပင် ထိတ်လန့်စရာကောင်းပေသည်။

~~~~

မနက်ခင်း နေမထွက်ခင်မှာပင် ကျောက်တံခါးရှေ့၌ လူအမြောက်အမြားက တံခါးဖွင့်ရန် စောင့်နေကြပေပြီ။ အတိအကျ သတ်မှတ်ထားသည့်အချိန်တွင် တပ်သားတစ်ယောက်က တံခါးဖွင့်ရန် အော်ဟစ်ဆော်ဩကာ တံခါးကို စတင်ဖွင့်လေ၏။

အာဒရစ်ထ်က လူအုပ်ကြားထဲ ရောနှောကာ ဧရာမ ကျောက်တံခါးကြီး မြင့်တက်လာသည့် ခမ်းနားသော မြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။ ဤမျှနီးကပ်သောနေရာမှ ကျောက်တံခါး ဖွင့်ခြင်းကို တစ်ခါမှ မမြင်ဖူးသေးပေ။

တံခါးဖွင့်လိုက်သည်နှင့် အပြေးထွက်ကုန်ကြသော လူများနှင့်အတူ အာဒရစ်ထ်လည်း မြို့ရိုးကို ဖြတ်ကျော်လာခဲ့သည်။ အမြဲတမ်း လူများကိုရှောင်ကာ ပတ်ဝန်းကျင်ကို သတိထားကြည့်တတ်သည့် အကျင့်ရှိနေသဖြင့် ဟိုဟိုဒီဒီ မကြည့်ဘဲ အရှေ့တည့်တည့်ကိုသာကြည့်ပြီး လျှောက်ရသည်က ခက်ခဲနေ၏။ တစ်စုံတစ်ယောက်က ဗြုန်းစားကြီး 'ဒီမှာ လှည့်လည်သွားလာသူ မျိုးနွယ်စုဝင်ရှိတယ်' ဟု အော်ဟစ်ကာ နောက်ကျောမှ ဆွဲဖမ်းလိုက်တော့မလို ခံစားနေရသည်။

အာဒရစ်ထ်တစ်ယောက် အဆုံးမရှိသော ကန္တာရ၏တစ်နေရာကို စိုက်ကြည့်ရင်း အရှိန်မလျှော့ဘဲ လျှောက်လှမ်းလာခဲ့၏။ နေမင်းက အရုဏ်ဦး၏ အမှောင်ထုကို ချက်ချင်းဆိုသလို မောင်းထုတ်ပစ်လိုက်ကာ သူ့ဦးခေါင်းထက်သို့ ပူလောင်သော အပူရှိန်များ လောင်းချပေးလာသည်။

ဘေးဘီကို ခိုးကြောင်ခိုးဝှက်ကြည့်ရင်းက တစ်ယောက်စ နှစ်ယောက်စ မြင်နေရသောလူများကို လုံးဝမမြင်ရတော့သည့်အခါ အာဒရစ်ထ်လည်း လမ်းလျှောက်ခြင်းကို ရပ်လိုက်တော့သည်။ နေရာမှာတင် တစ်ပတ်လည်အောင် လှည့်ကြည့်လိုက်သော်လည်း ကျယ်ပြန့်လှသော ကန္တာရထဲတွင် သူတစ်ယောက်တည်းသာ ရှိနေခဲ့၏။

သူက လက်ကိုမြှောက်ကာ သူ့ရင်ဘတ်သူ ပွတ်သပ်လိုက်သည်။ ရင်ထဲတွင် ထူးထူးဆန်းဆန်း လစ်ဟာနေသလို ခံစားနေရ၏။ သဲတွေချည်းရှိသော ကန္တာရထဲ၌ တစ်ယောက်တည်း လျှောက်ခဲ့ခြင်းမှာ ဤတစ်ရက်နှစ်ရက်တည်း မဟုတ်ပါဘဲနှင့် ရုတ်တရက် တစ်ယောက်တည်း စွန့်ပစ်ခံလိုက်ရသလိုပင်။

သူက လမ်းပျောက်နေသည့် ကလေးတစ်ယောက်အလား ဘယ်ညာကို ဆက်၍လှည့်ပတ်ကြည့်နေသည်။ သူ့အကြည့်က မို့မောက်သော သဲတောင်ကုန်းထံတွင် ရပ်တန့်သွားကာ ခြေလှမ်းများကို စတင်ရွေ့လျားလိုက်တော့၏။ သဲတောင်ကုန်း၏ ထိပ်ဖျားရောက်မှ အနောက်လှည့်ကြည့်လိုက်တော့ အဝေးတစ်နေရာတွင် မြင့်မားစွာ ထိုးထွက်နေသော ရဲတိုက်၏ ထိပ်ဦးချွန်ချွန်ကို မှိန်ပျပျလေး မြင်နေရသည်။

သူက ထိုမြင်ကွင်းကို ငေးမောကြည့်နေရင်းကပင် ပခုံးပေါ်၌ လေးလံစွာ ဖိစီးနေသည့် ကျောပိုးအိတ်ကို ချွတ်လိုက်၏။ အာဒရစ်ထ် ရဲတိုက်ထဲမှ မထွက်ခင်လေးတွင် အရှင်မိဖုရားက ထည့်ပေးဖို့ မှာထားတာပါဟုဆိုကာ ရံရွေတော်မိန်းကလေးတစ်ယောက် ပေးလိုက်သော ကျောပိုးအိတ်ပင်။

သူက ကျောပိုးအိတ်၏ အဖုံးကို စုချည်ထားသည့်ကြိုးအား ဖြေလိုက်သည်။ အတွင်းမှ ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ကြည့်လိုက်တော့ အများစုက စားစရာတွေဖြစ်နေ၏။ သစ်သီးခြောက်၊ အသားခြောက်၊ ကင်ထားသည့် ကောက်နှံခြောက်များ အစရှိသဖြင့်။ ပါးလွှာသော စောင်တစ်ထည်နှင့် အရေးပေါ်ဆေးဝါးများလည်း ပါနေပြန်သည်။ အာဒရစ်ထ်က ပူနွေးလာသော မျက်ဝန်းထောင့်စွန်းများကို လက်ဖမိုးဖြင့် ပွတ်သပ်လိုက်၏။

သူက ပစ္စည်းများကို ကျောပိုးအိတ်ထဲသို့ ပြန်ထည့်ကာ ရဲတိုက်ထိပ်ဦးကို မျက်နှာမူပြီး မြေပြင်ပေါ်တွင် ဝပ်တွားလျက် အရိုအသေပြုလိုက်သည်။ မွေးဖွားလာပြီးသည့်နောက် ပထမဆုံးအကြိမ်အဖြစ် မိမိမျိုးနွယ်စုမဟုတ်သော တခြားသူတစ်ယောက်ထံမှ ရခဲ့သည့်စေတနာက မျက်ရည်ကျရလောက်အောင် နွေးထွေးကာ ကြင်နာမှုရှိလှပေသည်။

သူက မျိုးနွယ်စု၏ စည်းကမ်းအတိုင်း ဆယ့်ငါးနှစ်ပြည့်မွေးနေ့ ကျော်လွန်ပြီးသည့်နောက်တွင် လှည့်လည်သွားလာခဲ့၏။ နှစ်စဉ်နှစ်တိုင်း တူညီသောအချိန်ကာလတွင် သတ်မှတ်ထားသည့်နေရာသို့သွားကာ မျိုးနွယ်စုအကြီးအကဲကို တွေ့ဆုံပြီး ဆုံးမဩဝါဒ ခံယူချိန်ကလွဲ၍ ကျန်သည့်အချိန်များတွင် အမြဲတစေ တစ်ယောက်တည်းသာ။

ပထမဆုံးနှစ်ကတည်းက ခိုလှုံရာနေရာကို ရှာဖွေတွေ့ရှိပြီး လှုပ်ရှားသွားလာရ အဆင်ပြေခဲ့သည်ကိုပင် ကံကောင်းသည်ဟု တွေးမိခဲ့၏။ သို့သော် တကယ်တမ်းတွင် ကြောက်ရွံ့ကာ အထီးကျန်နေခဲ့ခြင်း ဖြစ်နိုင်ပေသည်။ စစ်သည်တော်၏ ဖမ်းဆီးခြင်းကို ခံရပြီး သေခြင်းတရားကို တည်ငြိမ်စွာလက်ခံရန် ပြင်ဆင်ထားချိန်တွင် 'ဒီလူကို လွှတ်ပေးလို့ မရဘူးလား' ဟူသော အထက်တန်းလွှာ မှူးမတ်အနွယ်တော်၏ စကားတစ်ခွန်းကြောင့် ပြိုလဲသွားရတော့၏။

「အာဒရစ်ထ်။」

အာဒရစ်ထ်က ဒူးထောက်ထိုင်နေရင်းမှ အဝေးတွင် မြင်နေရသည့် ရဲတိုက်ကို ငေးကြည့်နေရင်း နားထဲတွင် အဆက်မပြတ် ပဲ့တင်ရိုက်ခတ်နေသော ထိုပုဂ္ဂိုလ်၏အသံကို သတိရလိုက်သည်။

「ငါ့စကားကို အထင်မလွဲဘဲ နားထောင်ပေးစေချင်တယ်။ ဘိုးဘေးတွေ ကျူးလွန်ခဲ့တဲ့ အမှားအတွက် မျိုးဆက်တွေက မမေ့မလျော့ နောင်တရနေတဲ့ နင်တို့ မျိုးနွယ်စုကို အထင်သေးရှုတ်ချချင်တဲ့ သဘောမျိုး မဟုတ်ဘူး။ ငါ့အမြင်အရဆို ပိုလို့တောင် ကြီးမြတ်တယ်လို့ထင်တယ်။ ဒါပေမဲ့ ဒီကိစ္စက ဟိုးရှေးပဝေသဏီကတည်းက ဖြစ်ခဲ့တာမဟုတ်လား။ ဒီလောက်အထိ ကိုယ့်ကိုယ်ကိုယ် ခက်ခဲတဲ့ဘဝထဲတွန်းပို့ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပြီးပြီဆိုရင် အခု ဒီဘဝကနေ လွတ်မြောက်အောင်လုပ်လို့ မရတော့ဘူးလား။」

ယနေ့မနက်အစောကြီး ထွက်ခွာမည်ဖြစ်၍ မနေ့ညနေက ကြိုတင်နှုတ်ဆက်ရန် မိဖုရားထံ အခစားဝင်ခဲ့သည်။ ဂရုစိုက်ရန်နှင့် ကျန်းမာစေကြောင်း ဆုတောင်းစကားတွေ ပြောပြီးသည့်နောက် ထိုပုဂ္ဂိုလ်၏ ဆုံးမစကားကို နားထောင်နေစဉ်တစ်လျှောက်လုံး တစ်ကိုယ်လုံး မလှုပ်မယှက်နိုင်အောင် ထုံကျဉ်သွားခဲ့ရ၏။

「ဒူးထောက်တောင်းပန်တာကပဲ တစ်ခုတည်းသောနည်းလမ်း မဟုတ်ဘူးလေ။ အမှားတွေကို မမေ့ဘဲ နောင်တရနေရင်းနဲ့လည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ မျိုးနွယ်စုရဲ့ အနာဂတ်ကို ရှာလို့ရသေးတာပဲ။ အာဒရစ်ထ်။ နင်က ငယ်သေးတယ်။ နင်တို့ မျိုးနွယ်စုရဲ့ အနာဂတ်ကို နင်တို့လို လူငယ်တွေကပဲ အသစ်ပြန်ဖန်တီးရမှာ။ တစ်နေ့ မွေးဖွားလာမဲ့ နင့်ရဲ့ ကလေးတွေ၊ နင့်ရဲ့ မျိုးဆက်တွေက ပိုပြီးပျော်ရွှင်ရမှာ မဟုတ်ဘူးလား။」

မျက်လုံးမှိတ်ထားသော အာဒရစ်ထ်၏ ခန္ဓာကိုယ်က တုန်ရီသွားတော့၏။ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့အား ထိုသို့သောစကားမျိုး မပြောခဲ့ဖူးပေ။

မျိုးနွယ်စုအတွင်းတွင် သင်ယူခဲ့ရသည့် အရာများကသာ သူ မြင်ဖူး၊ ကြားဖူးသမျှ အရာရာဖြစ်ခဲ့၏။ ဘိုးဘေးများက မည်မျှအထိ ကြောက်စရာကောင်းသော အပြစ်ကို ကျူးလွန်ခဲ့ကြောင်း နားထဲစွဲနေအောင် ကြားခဲ့ရသည်။ မျိုးဆက်တစ်ဦးအနေဖြင့် အပြစ်ရှိသည့်စိတ်နှင့် ခွင့်လွှတ်မှုကို တောင်းပန်ရမည်ဟူသော ဦးနှောက်ထဲစွဲနေအောင် သင်ကြားခြင်းခံခဲ့ရသည့် ဆုံးမမှုကို သံသယမဝင်ခဲ့ဖူးပေ။ ဒီအတိုင်း ဤသည်က သဘာဝကျသည့်အရာတစ်ခု ဖြစ်ခဲ့သည်ပင်။

အာဒရစ်ထ် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ခိုင်မာပြတ်သားသည့် အလင်းရောင်တစ်ခု ဖြာထွက်နေ၏။

'ဟုတ်တယ်။ ငါကတော့ အဆင်ပြေပေမဲ့ ငါ့မျိုးဆက်တွေကို ဒီလိုပုံစံနဲ့ နေခွင့်ပေးလို့မဖြစ်ဘူး။'

အာဒရစ်ထ်တစ်ယောက် ကျောပိုးအိတ်ကို ပခုံးပေါ်တင်ကာ ထရပ်လိုက်သည်။ ယခုချက်ချင်းလုပ်ရမည့် အလုပ်ကို သတိရလိုက်၏။

ယူဂျင်းနှင့် စကားပြောရင်း သူ့တွင် ပြန်ဖြေနိုင်သည့်အရာ အနည်းငယ်သာရှိနေကြောင်း သဘောပေါက်ခဲ့ရသည်။ ဘာကြောင့် သင်ယူခဲ့သည့် သမိုင်းကြောင်းနှင့်မတူဘဲ မျိုးနွယ်စုက ကျက်သရေယုတ်သော သတ္တဝါအဖြစ် တံဆိပ်တပ်ခံရကာ အမြဲတစေ သေခြင်း၏ ခြိမ်းခြောက်မှုအောက်တွင် တုန်လှုပ်နေခဲ့ရသလဲဟူသည့် အကြောင်ရင်းအတိအကျကိုပင် သူ မသိခဲ့။

မျိုးနွယ်စု၏ စည်းကမ်းအရ သင်ယူရန် စောင့်ရပေဦးမည်။ သတ်မှတ်ထားသော အသက်အရွယ်ရောက်မှ သတ်မှတ်ထားသည့် အသိပညာကို သင်ယူရမည်ဖြစ်၏။ သို့ရာတွင် သူက ယခုထက်ပိုပြီး မစောင့်နိုင်တော့။ ဤအတိုင်းဆက်သွားလျှင် အိုမင်းပြီး အားလုံးကိုသိသည့် အသက်အရွယ်ရောက်မှ ဘာတွေများ စတင်နိုင်မည်နည်း။

လှည့်လည်သွားလာသူများဟု အခေါ်ခံရသော သူတို့တွင်လည်း အခြေချနေထိုင်ရာ နေရာ ရှိခဲ့ပေသည်။ ကလေးမွေးဖွားကာ ပြုစုပျိုးထောင်ရန်နှင့် သတ်မှတ်ထားသော အသက်အရွယ်ရောက်သည်အထိ ကာကွယ်ပေးနိုင်မည့် လုံခြုံသော ပုန်းခိုရာနေရာ လိုအပ်သောကြောင့်ပင်။ ထိုနေရာ၏ တည်နေရာကား မျိုးနွယ်စုဝင်တိုင်း သိကြသည့်တိုင် မည်သူမျှ လုံးဝ ဖွင့်ဟပြောဆိုခြင်းမရှိသော အမြင့်ဆုံးအဆင့်ရှိသည့် လျှို့ဝှက်ချက်ဖြစ်၏။

အာဒရစ်ထ်တစ်ယောက် ဆယ့်ငါးနှစ်ပြည့်မွေးနေ့တွင် ထွက်ခွာလာပြီးသည့်နောက် တစ်ခါမှ ပြန်မရောက်သေးသည့် ထိုနေရာဆီသို့ ဦးတည်လိုက်သည်။ မျိုးနွယ်စု၏ စည်းမျဉ်းကို တစ်သဝေမတိမ်းလိုက်နာရင်း သေဆုံးမည့်ဘဝကိုသာ မျှော်မှန်းခဲ့သည့် သူ့အတွက် ရှင်းလင်းပြတ်သားသော ဘဝပန်းတိုင်တစ်ခု ပေါ်လာခဲ့ပေပြီ။

~~~~

ဘယ်ရုစ်က အရေးကြီးသော အစီရင်ခံစာအားလုံးကို အဆုံးသတ်ပြီးသည့်နောက် နောက်ဆုံးတွင် မာရာ အစွန်းရောက်ဂိုဏ်းနှင့် ပတ်သက်ပြီး စုစည်းထားသည်များကို အစီရင်ခံခဲ့သည်။ ဤတစ်လျှောက်လုံး ဘုရင့်အမိန့်အား တစ်သဝေမတိမ်း လိုက်နာခဲ့ကာ မာရာဂိုဏ်းကို လျှို့ဝှက်စောင့်ကြည့်ခြင်းနှင့် လျှို့ဝှက်စွာ လှုပ်ရှားခြင်းတို့ကို တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့၏။

ဘုရင့်တိုင်းပြည်က အစွန်းရောက်ဂိုဏ်းကို တရားဝင် အသိအမှတ်ပြုတော့မည်ဟူသော ကောလာဟလက တိုးတိုးတိတ်တိတ် ပျံ့နှံ့သွားသဖြင့် သတိလက်လွတ်နေသူများ များလာခဲ့သည်။ ကျေးဇူးကြောင့် နောက်လိုက်ဂိုဏ်းဝင်စာရင်းကို ရယူရသောအလုပ်အား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့၏။

"အရှင်မင်းကြီး။ မာရာ အစွန်းရောက်ဂိုဏ်းအတွင်းက ရာထူးအဆင့်အတန်းရဲ့ အမြင့်ဆုံးနေရာမှာ ဘုန်းတော်ကြီးတွေ ရှိနေတယ်ဆိုတဲ့အချက်ကို ပြန်လည်အတည်ပြုခဲ့ပြီးပါပြီ။ သူ့ထက်မြင့်တဲ့ တခြားရာထူး ရှိနေတယ်ဆိုတဲ့ အရိပ်အယောင်ကို မတွေ့ရပါဘူး။"

"......အဲ့ဒီလိုလား။"

ဘုရင်မင်းမြတ်၏ အေးတိအေးစက် တုံ့ပြန်မှုက ဘယ်ရုစ်ကို စိတ်မတင်မကျ ဖြစ်စေခဲ့သည်။

"ထပ်ပြီး သေချာ စေ့စေ့စပ်စပ်လေး စုံစမ်းကြည့်ပါ့မယ်။"

"ဟင့်အင်း။ အခုလက်ရှိ နည်းလမ်းကို ပြောင်းလဲစရာမလိုဘူး။"

မာရာ အစွန်းရောက်ဂိုဏ်းအတွင်းရှိ အရေးကြီးသော သတင်းအချက်အလက် အများစုကို ဘုန်းတော်ကြီးကသာ တစ်ဦးတည်း ပိုင်ဆိုင်ထား၏။ ဤသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် သိခဲ့ရသည့် အချက်ပင်။ ထို့ကြောင့် သာမန် ဂိုဏ်းဝင်များကို ပစ်မှတ်ထားရာမှ ရရှိမည့် သတင်းအချက်အလက်များတွင် အကန့်အသတ်ရှိပေသည်။

လက်ရှိ မာရာဂိုဏ်းဝင်များကြား၌ 'သူတော်စင်အရှင်မ' ဟူသော စကားလုံး ပါးစပ်ထဲမပါလာသေးခြင်း တစ်ခုတည်းနှင့်ပင် ခါဆယ်ရ် မျှော်မှန်းထားသည့် စုံစမ်းစစ်ဆေးမှု၏ ရည်ရွယ်ချက်က ပြည့်မြောက်သွားပေပြီ။

"အဲ့ဒီလူ၊ သတင်းအချက်အလက်ပွဲစားကို စောင့်ကြည့်တာ ဘယ်လိုဖြစ်သွားပြီလဲ။"

"သူရဲကောင်း မြို့တော်ကနေ ထွက်ခွာသွားပြီးတဲ့နောက်မှာ သူက မြို့တော်ကို ပြန်ရောက်လာပြီး အဲ့ဒီနောက်ပိုင်းမှာ သိသာထင်ရှားတဲ့လှုပ်ရှားမှုတွေ မရှိသေးပါဘူး။"

ခါဆယ်ရ်က နဂိုအတိုင်းသာဆိုလျှင် ရိုဒရစ်ဂ်ကို မကြာခင် ဖမ်းဆီးကာ အပြစ်ပေးရန် စီစဉ်ထား၏။ သို့သော် ယူဂျင်းမှတစ်ဆင့် ကြားသိခဲ့ရသော ထိုလူပြောသည့် 'ယဇ်ပူဇော်ပွဲ' က ဘာကိုဆိုလိုမှန်း သိရန်လိုအပ်သည်ဟု ထင်ခဲ့မိသည်။ ထိုသို့လုပ်ရန်အတွက် ဤကိစ္စကို ယခုအတိုင်း စောင့်ကြည့်မှုကို မလျှော့ဘဲ ဆက်လက်စောင့်ကြည့်နေရန် လိုအပ်၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment