အပိုင်း ၁၁၁
တစ်ချီပြီးမြောက်ခဲ့သော ချစ်တင်းနှောမှုကြောင့် ပူနွေးနေခဲ့သောလေထု အနည်းငယ် အေးစက်စပြုလာချိန်ဖြစ်သည်။ ယူဂျင်းက အိပ်ရာထက်တွင် ထောင့်ဖြတ်အနေအထားဖြင့် လဲလျောင်းနေရင်း ခြေဖမိုးမှ ခြေသလုံးအထိ တက်လာသော အနမ်းများကို ခံယူနေခဲ့၏။
သူက 'ဘာပဲဖြစ်ဖြစ် ငါလည်း လှုံ့ဆော်မှုအကြီးစားတွေနဲ့ ရင်းနှီးကျွမ်းဝင်နေပြီပဲ' ဟု တွေးလိုက်မိသည်။ မဟုတ်လျှင် မည်မျှပင် နူးညံ့သိမ်မွေ့သော ရှေ့ပြေးနှိုးဆွမှုဖြစ်ပါစေ ဤကဲ့သို့ အတွေးထဲမျောကာ အာရုံများနေစရာ အကြောင်းမရှိပေ။ ပိုဆိုးသည်က စောစောလေးကတင် စကားလမ်းကြောင်းလွှဲမိ၍ သတိပေးခံထားရသောကြောင့် 'အိုး' ဟု သတိဝင်သွား၏။
သူ့ကိုယ်ပေါ်သို့ ချက်ချင်း တက်လာကာ အပေါ်မှ အုပ်မိုးဖိချလိုက်သည့် ခါဆယ်ရ်ကို ကြည့်မိတော့ ယူဂျင်း၏မျက်လုံးများ တုန်ယင်သွားရသည်။ ခါဆယ်ရ့်မျက်နှာထားက သာမန်မဟုတ်။ စိတ်ဆိုးနေပုံရသော မျက်လုံးများက အန္တရာယ်အချက်ပြမီးသဖွယ်ပင်။
ယူဂျင်းက 'ဟဲဟဲ' ဟု ရယ်လိုက်သည်။ သို့သော် တင်းမာနေသော သူ၏ နဖူးကြောများက ပြေလျော့မသွားခဲ့ပေ။
"မလုပ်ချင်ဘူးလား။ ငါတစ်ယောက်တည်းကပဲ လိုချင်နေလို့ အခု အောင့်သက်သက်နဲ့ လိုက်လျောပေးနေတာလား။"
"မဟုတ်ပါဘူး။ အဲ့ဒီလိုဖြစ်စရာလားရှင့်။"
လုံးဝ စိတ်ဆိုးနေသော ထိုလူ၏ ပုံစံကြောင့် ယူဂျင်းလည်း ကြောင်သွားရသည်။ တကယ်တော့ ခါဆယ်ရ်က ခံစားချက်ကို ပေါ်လွင်အောင် ထုတ်ပြတတ်ခြင်းမရှိသောကြောင့် ယူဂျင်းက မသိခဲ့ခြင်းသာ။ သူ၏ မကျေနပ်ချက်များက တဖြည်းဖြည်း စုပုံလာနေသည်။
အထွတ်အမြတ်မြေမှ ပြန်လာစဉ်တစ်လျှောက်လုံးနှင့် ပြန်ရောက်ပြီးသည့် နောက်ပိုင်းတွင်ပါ ကြားနေရသော စကားများမှာ လှည့်လည်သွားလာသူ မျိုးနွယ်စုနှင့် လိပ်မှော်ဝင်သားရဲအကြောင်းများသာ ဖြစ်နေ၏။ မှတ်ဉာဏ် မဆုံးရှုံးမီကပင် စွဲလမ်းခဲ့သော ဝါသနာဖြစ်သည့် ရှေးဟောင်းစာအုပ် စုဆောင်းခြင်းအပေါ် အင်မတန် စိတ်အားထက်သန်ခဲ့သည်ကို သိထားသဖြင့် ယူဂျင်း၏ စိတ်ဝင်စားမှုမှာလည်း ထိုဝါသနာနှင့် ဆက်စပ်နေသည်ဟု နားလည်ထားခဲ့သည်။
သူလည်း ကြိုးစားခဲ့၏။ ယူဂျင်း ပြောသမျှကို အာရုံစိုက် နားထောင်ပေးခဲ့သည်။ သို့သော် တကယ်တမ်းတွင် သူက ယူဂျင်းနှင့် အခြားစကားများ ပြောချင်မိ၏။ နှစ်ဦးတည်းနှင့်သာ သက်ဆိုင်သော စကားများ၊ အထွေအထူးမဟုတ်သည့် ကိုယ်ရေးကိုယ်တာဆန်ဆန် ပါမွှားစကားလေးများကိုသာ လိုချင်သည်။
လှည့်လည်သွားလာသူ မျိုးနွယ်စုနှင့် ဘာမှန်း ရေရေရာရာမသိရသော မှော်ဝင်သားရဲက တူနှစ်ကိုယ်အချိန်လေးများတွင် ခဏခဏ ကြားဝင်လာခြင်းကို သူ မကျေမနပ်ဖြစ်မိ၏။
သည်းခံပြီးရင်း သည်းခံခဲ့ရာမှ နောက်ဆုံးတွင် ပေါက်ကွဲမိတော့သည်။ စိတ်ခံစားမှုနောက် လိုက်နေသည်မှာ ကလေးဆန်ကြောင်း မိမိကိုယ်ကိုယ် သိသော်ငြားလည်း အောင့်တောင့်တောင့် ရင်ဘတ်က ငြိမ်သက်မသွားခဲ့ပေ။
"စိတ်မဆိုးပါနဲ့တော့။ နော်လို့။"
"စိတ်ဆိုးနေတာ မဟုတ်ဘူး။ ငါက......"
ခါဆယ်ရ် စကားဆက်မပြောနိုင်ဖြစ်သွားခဲ့သည်။ အစပျိုးပေးလိုက်သည့်အလား နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားခဲ့သော ခံစားချက်များ ရုတ်တရက် ဆောင့်တက်လာတော့၏။ သို့ရာတွင် ထိုခံစားချက်ကို သတ်မှတ်နိုင်သည့် စကားလုံးက ရှင်းရှင်းလင်းလင်း ရှိမနေပေ။ ခံပြင်းခြင်း၊ ဟင့်အင်း...ယင်းနှင့်လည်း မတူပြန်။ ဝမ်းနည်းခြင်း... ဟုတ်သည် ဝမ်းနည်းခြင်းပင်။
ပူလောင်ကြောင့်ကြနေရသူမှာ သူတစ်ယောက်တည်းသာဖြစ်သည်ဟု ခံစားရ၏။ ပြီးတော့ ရှုပ်ထွေးနေသည်။ မျက်လုံးဖြင့် မြင်နေရသော်လည်း ပို၍မြင်တွေ့လိုသော၊ ထိတွေ့နေရသော်လည်း ပို၍ထိတွေ့လိုသော သူ၏ ဤခံစားချက်ကို အတိအကျ ဘာမှန်းမသိနိုင်ခဲ့။
ယူဂျင်းက သူ့ဇနီး ဖြစ်နှင့်ပြီးသားပင်။ ကမ္ဘာပေါ်ရှိလူအားလုံး အသိအမှတ်ပြုထားသော သူ့မိန်းကလေးဖြစ်၏။ သို့သော်လည်း တစ်စုံတစ်ရာ လိုအပ်နေသလို ခံစားချက်က ရှိနေဆဲပင်။ အစက အလိမ်အညာ ဖြစ်ခဲ့၍ပေပဲလား။ သို့ရာတွင် သူက ယူဂျင်းကို အစကနေ အသစ်ပြန်စရအောင်ဟု ပြောခဲ့ပြီးဖြစ်ရာ အခြားဘယ်နေရာကို ထပ်ပြီး ပြင်ဆင်ရမည်မှန်း မသိတော့။
"ဘယ်တော့ ပြောပြမှာလဲ။"
ရုတ်တရက်ဆန်သော စကားဖြင့် ထိုးနှက်ခံလိုက်ရသော ယူဂျင်းတစ်ယောက် မျက်နှာထားကို မထိန်းနိုင်ဖြစ်သွားသည်။
ရုတ်တရက် ထွက်လာသည့် စကားကို ထုတ်ပြောလိုက်ပြီးနောက် မျက်ဆန်များ ကျယ်သွားသော ယူဂျင်း၏ မျက်လုံးများကိုကြည့်ရင်း ခါဆယ်ရ်လည်း မိမိခံစားခဲ့ရသော စိတ်မွန်းကျပ်မှု၏ ဇာစ်မြစ်ကို နားလည်သွားတော့၏။ ဘာမှန်းမသိသော်လည်း ယူဂျင်းက အရေးကြီးသော တစ်စုံတစ်ရာကို သူ့ထံမှ ဖုံးကွယ်ထားလေသည်။
သူက ယူဂျင်း ဖန်တီးထားသည့် လျှို့ဝှက်ချက်က သူတို့နှစ်ဦးကြားကို ပိုင်းခြားမည့် တံတိုင်းတစ်ခုဖြစ်လာမည်ကို စိုးရိမ်နေမိ၏။ မကြာခဏ ခံစားရသည့် ခံစားချက်၏ ဇာစ်မြစ်က ဝမ်းနည်းခြင်းမဟုတ်ဘဲ တကယ်တမ်းတွင် ကြောက်ရွံ့မှုပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
"ဘာကို... လဲရှင့်။"
"ဘာပဲဖြစ်ဖြစ်။"
ဆုံနေသော အကြည့်ကို ယူဂျင်းက ဦးစွာ ရှောင်ဖယ်သွားသည်။ ခါဆယ်ရ်က တင်းတင်းမှိတ်ထားသော ယူဂျင်း၏ မျက်တောင်လေးများ တဖျပ်ဖျပ် တုန်ယင်နေပုံကို စိုက်ကြည့်နေ၏။ ဝမ်းဗိုက်အောက်ပိုင်းမှ တင်းခနဲ တဆစ်ဆစ်ဖြစ်လာသည်ကို ခံစားလိုက်ရသည်။
ထိုမျက်တောင်များတွင် မျက်ရည်စများ တွဲခိုနေစေရန် ရည်ရွယ်ချက်ဖြင့် ဒေါသမာန်ဟုန်အပြည့်ဖြစ်နေသော သူ၏လိင်တံကို ယူဂျင်း၏ အတွင်းသားများထဲသို့ ထိုးသွင်းပစ်ချင်သော ပြင်းထန်သည့် အလိုဆန္ဒကြောင့် သူ့စိတ်က ထူးဆန်းလာသလိုပင်။ ဗီဇသက်သက်သာ ကျန်တော့သော အရူးတစ်ယောက် ဖြစ်သွားသလို ခံစားရလိုက်ရသည်။
လူတို့၏ပါးစပ်ကို အတင်းအဓမ္မ ဖွင့်ခိုင်း၍ မရနိုင်ပေ။ အတင်းအကျပ် ဖိအားပေးပါက တစ်ဖက်လူ လိမ်ပြောလိုက်လျှင် ပြီးဆုံးသွားမည်သာ။ လူ၏ စိတ်သည်လည်း အလားတူပင်ဖြစ်လိမ့်မည်။ သို့ရာတွင် ဤမိန်းမ၏ ခန္ဓာကိုယ်တစ်ခုတည်းသာဆိုလျှင်တော့ အပြည့်အဝ ပိုင်ဆိုင်ခွင့်ရနိုင်လောက်မည် မဟုတ်ပေဘူးလား။ သူ၏ ခံစားချက်များ ပေါက်ကွဲလုပေါက်ကွဲခင်တွင် ယူဂျင်းက မျက်လုံးဖွင့်လာသည်။
ယူဂျင်းက လည်ချောင်းထဲတွင် တင်းကျပ်နေသည်ကို ဖယ်ရှားရန် လည်ပင်းလှုပ်သွားသည်အထိ ပင့်သက်ကို ပြင်းပြင်းမျိုချလိုက်၏။ မီးရှို့ဖျက်ဆီးလိုက်သော ဆန်းဂျယ်၏ စာ၊ ဤထိမ်းမြားလက်ထပ်မှု၏ ရည်ရွယ်ချက်၊ ဂျင် အာနီခါ အစစ်မဟုတ်သည့် မိမိ၏ သရုပ်မှန်အထိ။ မပြောပြရသေးသော အရာများမှာ တစ်ခုနှစ်ခု မကပေ။
ခါဆယ်ရ်က မသိခဲ့ခြင်း မဟုတ်ဘဲ၊ မသိချင်ယောင်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ကြောက်ရွံ့မိသလို၊ တစ်ချိန်တည်းမှာပင် ဝတ်လစ်စားလစ်ဖြင့် လူပုံလယ်သို့ ပစ်ချခံလိုက်ရသလို ခံစားရတော့သည်။
"ခဏလေး... စောင့်ပေးပါဦး။"
ထိုအချိန်တွင် ခါဆယ်ရ်လည်း အေးစက်စွာ မြင့်တက်လာသော သူ၏ခံစားချက်များ လျင်မြန်စွာ နူးညံ့သွားသည်ကို ခံစားလိုက်ရသည်။ သူတွေးထားသလို အဆိုးဆုံး အဖြေဖြစ်သည့် 'ဘာတွေပြောနေတာလဲ' ဟု စိမ်းကားစွာ ငြင်းဆန်ခြင်းမဟုတ်ဘူးဟူသော အချက်ဖြင့်ပင် ဆူပွက်နေသော ရင်ထဲမှအပူများ အေးချမ်းသွားတော့၏။
ထိုသို့ဖြင့် ခါဆယ်ရ်တစ်ယောက် တစ်ဖန်ထပ်၍ နားလည်သဘောပေါက်လိုက်ရပြန်တော့သည်။ ဤမိန်းမထံသို့ ဦးတည်ကာ စီးဆင်းနေသော သူ၏ ခံစားချက်များက နောက်ကြောင်းပြန်လှည့်ရန် နောက်ကျသွားလေပြီဟူ၍။
ယူဂျင်းက သူ့ထံသို့ လက်နှစ်ဖက်ကို ဆန့်တန်းကာ အနည်းငယ် ကိုယ်ကိုကိုင်းထားသော သူ၏လည်တိုင်ကို သိုင်းဖက်လိုက်သည်။ သူက ကိုယ်ကို မတ်လိုက်တော့ သူ့အား ဖက်တွယ်ထားသည့် ယူဂျင်း၏ ကိုယ်လေးသည်လည်း အလိုလို မြင့်တက်သွား၏။
ထိုင်လိုက်သည့်ပုံစံဖြစ်သွားသော သူ၏ ပေါင်ပေါ်တွင် ယူဂျင်းက ခွထိုင်လိုက်သည်။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ပို၍တင်းကျပ်စွာ ပွေ့ဖက်လိုက်ကြ၏။
"ကတိပေးပါတယ်။ ဆက်ဆက်... အားလုံးပြောပြပါ့မယ်။"
"......အင်း။"
ယူဂျင်းက သူ့အား ဖက်ထားသောလက်ကို အားလျှော့ကာ ခေါင်းကို အနောက်သို့ မော့လှန်လိုက်သည်။ ကျေးဇူးလည်းတင်သလို၊ အားလည်းနာရ၏။ အကြောင်းမဲ့ စောင့်ဆိုင်းပေးပါဟု ပြောသည်ကို ခေါင်းညိတ်ရုံသာညိတ်နိုင်ခဲ့သော ဤလူ၏ ဖြူစင်မှုအတွက် စိုးရိမ်မိသည်။ လူကောင်းတစ်ယောက်ကို လှည့်စားနေသည့် မိန်းမယုတ် ဖြစ်သွားရသလိုပင်။
ယူဂျင်းက သူ့နှုတ်ခမ်းကို တိုတောင်းသော အနမ်းလေးတစ်ပွင့် လှစ်ခနဲ ပေးလိုက်သည်။ အတွေ့အကြုံအရ မျက်လုံးချင်းဆုံကာ နှစ်နှစ်ကာကာ ပြုံးလိုက်လျှင် သူ အားနည်းသွားတတ်ကြောင်း သိထား၏။ ဉာဏ်နီဉာဏ်နက်များတာပဲဟု စိတ်ထဲမှတွေးလိုက်ရင်း ယူဂျင်းက သူ့အား အင်မတန်လှပပြီး ဖြူစင်အပြစ်ကင်းစွာ ပြုံးပြလိုက်လေသည်။
"ဒီတစ်ခါတော့ တကယ် အာရုံစိုက်တော့မှာပါ။"
"စိတ်မပါရင်လည်း ကိစ္စမရှိဘူး။"
လေသံက အနည်းငယ် မာကျောသော်လည်း သူ၏ မျက်နှာထားနှင့် မျက်လုံးများကမူ သိသိသာသာ ပြေလျော့သွားပေပြီ။ 'ဘုရင်ဆိုတဲ့လူက ဘာလို့ ဒီလောက်တောင် စိတ်အပြောင်းအလဲ မြန်ရတာလဲ' ဟု စိုးရိမ်မိရင်းမှ တစ်ချိန်တည်းမှာပင် သူ့မျက်နှာကို အဆက်မပြတ် နမ်းပစ်ချင်သည့် ဆန္ဒများ တဖွားဖွားပေါ်လာလေသည်။
"မဟုတ်တာ။ ကျွန်မက ကိုယ်မကြိုက်ရင် အောင့်သက်သက်နဲ့ လိုက်လျောပေးမဲ့သူမျိုး မဟုတ်ပါဘူး။ မောင်းထုတ်လိုက်တာ ကြာလှရှိရောပေါ့။"
ယူဂျင်း၏ စကားကြောင့် ပြုံးလိုက်သော ခါဆယ်ရ်၏ မျက်လုံးများမှ ညစ်ကျယ်ကျယ် ခံစားချက်များ ယိုစိမ့်ထွက်လာသည်။
"အခု ပြန်စမယ်ဆိုရင် ဒီည အိပ်ဖို့အတွေးကို လက်လျှော့ရမှာနော်။"
ယူဂျင်းတစ်ယောက် ခေါင်းညိတ်လိုက်ပြီးမှ ဆတ်ခနဲတွန့်သွားကာ မြန်မြန် ခေါင်းပြန်ခါလိုက်သည်။ အတွေ့အကြုံအရ ဤစကားက စနောက်နေခြင်း လုံးဝ မဟုတ်ပေ။
"ဖြေပြီးမှတော့ ပြန်ရုပ်သိမ်းလို့ ဘယ်ဖြစ်မလဲ။"
တိုးညင်းစွာ တီးတိုးရေရွတ်ရင်း ချက်ချင်းသက်ဆင်းလာပြီး ဖိထပ်လိုက်သည့် သူ့နှုတ်ခမ်းများကြောင့် အသက်ရှူရပ်သွားကာ ယူဂျင်းလည်း မျက်လုံးမှိတ်လိုက်မိ၏။ ညက ရှည်လျားလိမ့်မည်ဟု နိမိတ်မကောင်းစွာ ကြိုတင်အာရုံရလိုက်တော့သည်။
~~~~
မွန်းလွဲ အစောပိုင်းတွင် မိဖုရားထံမှ ဖိတ်ကြားလွှာကို ရရှိထားသော မှူးမတ်ကတော်များ၏ မြင်းရထားများ ရဲတိုက်ထဲသို့ ဝင်ရောက်လာကြသည်။ နန်းရင်းဝန် ဘယ်ရုစ်နှင့် စစ်သည်တော်တပ်မှူးချုပ် လက်စတာ အပါအဝင် အုပ်ချုပ်ရေးဌာန အကြီးအကဲများ၏ ဇနီးခြောက်ဦးက မိဖုရား၏ ဖိတ်ကြားလွှာကို ရရှိခဲ့ကြ၏။
ချိန်းဆိုထားသည့် အချိန်ထက် စောစီးစွာ လာခဲ့ကြသော မှူးမတ်ကတော်များ၏ မြင်းရထားများက တိုက်ဆိုင်စွာပင် တစ်ချိန်တည်းနီးပါး ရောက်ရှိလာကြသည်။ မြင်းရထားပေါ်မှ ဆင်းလာကြသည့် မှူးမတ်ကတော်များက ရင်းနှီးကျွမ်းဝင်နေသော တစ်ဦးကိုတစ်ဦး ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်လိုက်ကြ၏။
အားလုံးက ထင်ရှားကျော်ကြားသော အိမ်တော်များမှ သမီးများဖြစ်ကြသော်လည်း ခင်ပွန်းဖြစ်သူများက မင်းမှုထမ်းများ ဖြစ်နေကြသဖြင့် ရုန်းကန်လှုပ်ရှားရသည့် ရာသီအတွင်း အထွတ်အမြတ်မြို့တော်သို့ မသွားနိုင်ဘဲ မြို့တော်၌သာ အသာလေးနေကြရသူများပင်။ အခြေအနေချင်းတူသူများဖြစ်လေရာ ပုံမှန် မကြာခဏတွေ့ဆုံ၍ ခင်မင်ရင်းနှီးမှု တည်ဆောက်ခဲ့ကြ၏။
စစ်သည်တော်တပ်မှူးချုပ် လက်စတာ၏ဇနီး ဒါလင်းန်က နောက်ဆုံးမှ ရောက်ရှိလာသော မြင်းရထားပေါ်မှ ယခုလေးတင် ဆင်းလာသူ မှူးမတ်ကတော်ထံသို့ ချဉ်းကပ်သွားခဲ့သည်။ သူက နှစ်နှစ်ကာကာ ပြုံးရယ်ရင်း ခင်မင်ရင်းနှီးစွာ နှုတ်ဆက်လိုက်၏။
"အော်စကာ မြို့စားမင်းလား။ ဒါမှမဟုတ် မဒမ် ရစ်ဆန်လား။ ဒီနေ့ ဘယ်ဘက်လဲရှင့်။"
နန်းရင်းဝန် ဘယ်ရုစ်၏ဇနီး ရှားလော့ထ်ကား ဖခင်ထံမှ ဆက်ခံထားသော မြို့စားမင်းဘွဲ့ကို ပိုင်ဆိုင်ထားသူပင်။ ရှာလော့ထ်က အပြုံးလေးနှင့် ပြန်ဖြေလိုက်သည်။
"ဒီနေ့တော့ မဒမ် ရစ်ဆန်ဘက်ပဲ ဖြစ်မယ်ထင်တယ်။ အားလုံးက ကိုယ့်ခင်ပွန်းတွေကြောင့် ဒီနေရာကို ရောက်လာကြတာ မဟုတ်လားရှင့်။"
မှူးမတ်ကတော်များက ထူးဆန်းသော အပြုံးဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အားလုံးက ဖိတ်ကြားလွှာရရှိတော့ 'ဒါ ဘာကိစ္စပါလိမ့်' ဟု တွေးမိခဲ့ကြ၏။ ဤလူစု ရဲတိုက်တွင် စုဝေးရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
မိဖုရားက ခြောက်သွေ့ရာသီတွင် တစ်ကြိမ်နှစ်ကြိမ်မျှ လူများကိုခေါ်ကာ လက်ရှိ အခြေအနေများအကြောင်း ဆွေးနွေးသည့် စုဝေးပွဲက ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့ရာတွင် ဖိတ်ကြားခံရသူအားလုံးက အထွတ်အမြတ်မြို့တော်သို့ သွားရောက်ကာ လူမှုရေးအသိုင်းအဝိုင်းတွင် ထင်ရှားကျော်ကြားသူများသာ ဖြစ်ကြ၏။ အရာရှိကတော်များကို သီးသန့် ဂရုစိုက်ဖူးခြင်း မရှိခဲ့ပေ။
"နန်းရင်းဝန်ဆီက သီးသန့်စကား ကြားထားတာမျိုးရော မရှိဘူးလားရှင့်။"
တစ်ယောက်က မေးလာတော့ ရှားလော့ထ်က ခေါင်းခါလိုက်သည်။
"ထွေထွေထူးထူးတော့ မပြောဘူးရှင့်။ အဲ့ဒါ့ကြောင့် အထွေအထူးကိစ္စတော့ ရှိလောက်မှာမဟုတ်ပါဘူး။"
ရှားလော့ထ်က ယနေ့မနက် ခင်ပွန်းဖြစ်သူနှင့် ပြောခဲ့သော စကားများကို ပြန်တွေးလိုက်မိသည်။
「ဒီနေ့ နေ့လယ် ရဲတိုက်ကို သွားရမယ်ရှင့်။ အရှင်မိဖုရား ခေါ်ထားတယ်လို့ ပြောထားတာ၊ မှတ်မိတယ်မဟုတ်လား။」
「မှတ်မိပါတယ်။ ကောင်းကောင်းသွားပါ။」
「အဲ့ဒါပဲလားရှင့်။ အကြံပေးစရာ မရှိဘူးလား။」
「ပြန်ရောက်ရင် အရှင်မိဖုရားနဲ့ ဘာတွေပြောခဲ့လဲဆိုတာ ပြောပြပေးပါ။ သိချင်လို့။」
ရှားလော့ထ်က သတိထားစရာသာရှိလျှင် အသေးစိတ် ဂရုစိုက်တတ်သော သူ၏ခင်ပွန်းက ကျိန်းသေပေါက် အကြံပေးလိမ့်မည်ဟု တွေးလိုက်မိ၏။
ကျန်ငါးဦးနှင့်မတူဘဲ ရှားလော့ထ်ကမူ လူမှုရေးအသိုင်းအဝိုင်းတွင် သူ၏ဂုဏ်သတင်းကြောင့် မိဖုရား ဦးစီးကျင်းပသော လက်ဖက်ရည်ပွဲသို့ အကြိမ်အနည်းငယ် တက်ရောက်ခဲ့ဖူးသည်။ မိဖုရားက ခေါ်သဖြင့်သာ မသွားမဖြစ်သွားခဲ့ရသော်လည်း အင်မတန် ပျင်းစရာကောင်းလှ၏။ စကားနည်းနည်းသာပြောပြီး နေရာတွင်သာ ထိုင်နေခဲ့သဖြင့် ပြီးခဲ့သည့်နှစ်မှစ၍ ဖိတ်ကြားခြင်း မခံရတော့။
သူက ဘုရင့်တိုင်းပြည်တွင် လက်ချိုးရေတွက်နိုင်သော ချမ်းသာကြွယ်ဝသည့် အကျော်အမော်မျိုးရိုးမှ ဆင်းသက်လာသူပင်။ ဖခင်၏ တစ်ဦးတည်းသောသမီး ဖြစ်သောကြောင့် နောင်တွင် မိသားစုပိုင်ဆိုင်မှုအားလုံးကို အမွေဆက်ခံရမည်ဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း အထွတ်အမြတ်မြို့တော်ရှိ ထင်ရှားကျော်ကြားသောမျိုးရိုးမှလာသူ ဖြစ်ပေသည်။ ထို့ကြောင့် အိမ်ထောင်ပြုပြီးနောက် အထွတ်အမြတ်မြို့တော်သို့ တစ်ခါမှ မရောက်ဖြစ်သော်လည်း လူမှုရေးအသိုင်းအဝိုင်းတွင် သြဇာလွှမ်းမိုးမှု အတန်အသင့်ရှိ၏။
ထို့အပြင် ရှားလော့ထ်က အထွတ်အမြတ်မြို့တော်တွင် နေထိုင်သော မိခင်ကြောင့် အာနီခါ ဂျင်က မည်သို့သောလူမျိုးဖြစ်ကြောင်း အနည်းငယ် ကြားဖူးနားဝရှိထားသည်။ အာနီခါ ဂျင်နှင့် ပတ်သက်သော ကောလာဟလအချို့ကို ကြားရပြီးနောက် 'အထိမခံ၊ တစ်ယူသန်အစွန်းရောက်သူ' ဟု တွေးလိုက်မိ၏။
နဂိုက မိဖုရားအပေါ် ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားမှုမရှိခဲ့သော်လည်း မကြာသေးမီကမှ မိဖုရားက ရုတ်တရက် ထင်ပေါ်ကျော်ကြားလာခဲ့သည်။ လာ့ခ်သစ်ပင်ကိစ္စကို အသာထား၊ အပြင်သို့ လုံးဝမထွက်သော မိဖုရားက ယဇ်ပူဇော်ပွဲခရီးပင် သွားခဲ့သေး၏။
အချိန်ကိုက်ဆိုသလို သိချင်စိတ်ပြင်းပြနေစဉ်တွင် ရှားလော့ထ်တစ်ယောက် ဖိတ်စာရသည်နှင့် ချက်ချင်း သဘောတူကြောင်း အကြောင်းပြန်လိုက်သည်။
သူတို့အား လာရောက်ဆီးကြိုသူကို မြင်လိုက်ရသောအခါ မှူးမတ်ကတော်များလည်း တီးတိုးတီးတိုး ပြောနေကြသော စကားများကို ရပ်လိုက်ကြ၏။ မာရီအန်းက သူတို့ထံ ချဉ်းကပ်ကာ ဦးညွှတ် အရိုအသေပြုခဲ့သည်။ မှူးမတ်ကတော်များကလည်း ဦးညွှတ်ကာ ဂါရဝပြုလိုက်ကြ၏။
"ရဲတိုက်ထဲမှာ ဘယ်ရွန်ကို ပြန်တွေ့ရလိမ့်မယ်လို့ တကယ် ထင်မထားဘူးရှင်။"
ရှားလော့ထ်၏ အဓိပ္ပာယ်ပါသော နှုတ်ဆက်စကားကိုကြားတော့ အခြားမှူးမတ်ကတော်များက နှစ်ဦးသား၏ မျက်နှာများကို လျင်မြန်စွာ အကဲခတ်လိုက်ကြသည်။ မိဖုရားက ပြီးခဲ့သည့်သုံးနှစ်တာကာလပတ်လုံး မိမိဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ကာ အေးအေးဆေးဆေး နေထိုင်ခဲ့သည့် မာရီအန်းကို အမြင်မကြည်ဘူးဟူသော ကောလာဟလက တိုးတိုးတိတ်တိတ် ပျံ့နှံ့နေ၏။
သို့သော် မာရီအန်း ရဲတိုက်သို့ ပြန်ပြောင်းလာသည့်အခါ အမျိုးမျိုးသော ထင်မြင်ချက်များ ထွက်ပေါ်လာတော့သည်။ အထွတ်အမြတ်မြို့တော်မှ မှူးမတ်များ ပြန်ရောက်သည်နှင့် ယခုကိစ္စက ဤခြောက်သွေ့ရာသီ၏ အကောင်းဆုံးသော ပြောစရာခေါင်းစဉ်ဖြစ်လာလောက်၏။ ယခုမူ လာ့ခ်သစ်ပင်ကိစ္စကြောင့် အနောက်သို့ ရောက်သွားရသော်ငြားလည်း။
မာရီအန်းက နွေးထွေးသောအပြုံးဖြင့် တုံ့ပြန်ခဲ့သည်။
"အရှင်မိဖုရားက ဒီလိုမျိုး လိုအပ်ချက်တွေရှိတဲ့ ကျွန်မကို ရှာဖွေကြည့်ရှုပေးခဲ့တာကိုပဲ ဝမ်းမြောက်လှပါပြီ။ အထဲကိုကြွကြပါရှင့်။ အရှင်မိဖုရား စောင့်နေပါတယ်။"
ရှားလော့ထ်လည်း အသာဖွဖွရယ်ကာ လျှောက်လှမ်းလိုက်သည်။ မည်သို့ပင်ဆိုစေ စကားတစ်ခွန်းနှစ်ခွန်း ပြောရုံမျှဖြင့် အတွင်းစိတ်ကို ဖတ်ကြည့်၍ရနိုင်မည့်သူ မဟုတ်ပေ။
အရှေ့မှသွားခဲ့သော မာရီအန်းနောက်သို့ မှူးမတ်ကတော်များ လိုက်ပါလာခဲ့ကြသည်။ နေရာအနှံ့တွင် ထားရှိထားသော ပရိဘောဂပုံစံများ၊ ကန့်လန့်ကာအရောင်များနှင့် ချည်နှောင်ထားပုံများပေါ်တွင် ရှားလော့ထ်၏အကြည့်က အတန်ကြာအောင် ရပ်တန့်သွား၏။
'ကြာသွားခဲ့ပြီမို့လို့ပဲလား... အငွေ့အသက်က မတူတော့သလိုပဲ။ ဘယ်ရွန်ရဲ့ လက်ရာပဲဖြစ်မလား။'
မာရီအန်းက အချိန်အတော်ကြာ ရဲတိုက်အတွင်းရေးကို တာဝန်ယူခဲ့သဖြင့် တော်ဝင်မိသားစုမှ ကျင်းပသော တရားဝင်အခမ်းအနားများတွင် မာရီအန်း၏ လက်စလက်နက ထင်ဟပ်နေလေ့ရှိသည်။ ထိုပွဲများသို့ တက်ရောက်ခဲ့ဖူးသော ရှားလော့ထ်တစ်ယောက် ကွာခြားမှုကို သိသိသာသာ ခံစားလိုက်ရ၏။
မာရီအန်းက ဧည့်ခန်းဆောင်အရှေ့တွင်ရပ်ကာ တံခါးကို ခေါက်လိုက်သည်။ ခဏနေတော့ ရံရွေတော်တစ်ယောက်က တံခါးလာဖွင့်ပေး၏။
"ဧည့်သည်တွေကို အထဲဝင်လာခိုင်းလိုက်ပါတယ်။"
မာရီအန်းက မှူးမတ်ကတော်များဘက်သို့လှည့်ကာ ပြောလိုက်သည်။
"အထဲကို ကြွပါရှင့်။"
မှူးမတ်ကတော်များက သူတို့အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ ပွဲစီစဉ်သူ၏ အဆင့်အတန်း မြင့်မားပါက ဧည့်သည်များက ဧည့်လမ်းညွှန်၏ လမ်းညွှန်မှုဖြင့် ထိုင်နှင့်ပြီးမှ ပွဲစီစဉ်သူကို စောင့်ဆိုင်းရသည်မှာ ပုံမှန်ဓလေ့ထုံးစံပင်။ မိဖုရားက ဦးစွာစောင့်နေလိမ့်မည်ဟု ထင်မထားသောကြောင့် အားလုံး ဘာလုပ်လို့လုပ်ရမှန်းမသိသော မျက်နှာများဖြင့် ဝင်သွားကြလေသည်။
ယူဂျင်းက ခုနစ်ယောက်လောက် သက်သောင့်သက်သာ ဝိုင်းဖွဲ့ထိုင်နိုင်သည့် စားပွဲဝိုင်းတွင်ထိုင်ရင်း ဝင်လာသူများကို ငေးကြည့်လိုက်သည်။ သူနှင့် အကြည့်ချင်းဆုံတော့ ဆတ်ခနဲတုန်ပြီး ချက်ချင်း ခေါင်းငုံ့လိုက်ကြသည့် မှူးမတ်ကတော်များ၏ မျက်နှာများကို အလျင်အမြန် မှတ်သားလိုက်၏။ ပုံတူပန်းချီများတွင် မြင်ဖူးထားသည့် မျက်နှာများဖြစ်သောကြောင့် ချက်ချင်းမှတ်မိခဲ့သည်။
အခြားသူများကို မမှတ်မိသော်လည်း တစ်ယောက်ကို မြင်လိုက်ရချိန်တွင် ဂျင်၏ မှတ်ဉာဏ်က ဖျတ်ခနဲ ပေါ်လာ၏။
「အရှင်မိဖုရားကို ဂါရဝပြုပါတယ်။」
「မယ်မင်းက နန်းရင်းဝန်ရဲ့ ဇနီးကိုး။ မြို့စားမင်းလည်း ဖြစ်တယ်ဆို။ မယ်မင်းက အမေနဲ့ တော်တော်လေး တူတာပဲ။」
「အမေပြောတာ ကြားဖူးပါတယ်ရှင့်။」
「သမီးဖြစ်သူက လက်ထပ်ပြီးတဲ့နောက်ပိုင်း အထွတ်အမြတ်မြို့တော်ကို မလာတော့ဘူးဆိုပြီး မယ်မင်းရဲ့အမေက စိတ်မကောင်းဖြစ်နေတာ။ မယ်မင်း အရင်က အထွတ်အမြတ်မြို့တော်ကိုရောက်တုန်းကသာ ငါတို့ဆုံဖြစ်ခဲ့ရင် ကောင်းတဲ့ရေစက် ဖြစ်လာနိုင်တာကို၊ နှမြောစရာပဲ။」
~~~~
Miel's Translations