no

Font
Theme

Chapter 89

“စောင့်ကြည့်ခံနေရခြင်း”

ရှန်ချီရှင်းပါဝင်သော ရသစုံရှိုးသည် ဒါရိုက်တာကျင်း၏ရုပ်ရှင်ထက် ထုတ်လွှင့်ပြသတာမြန်ခဲ့သည်။

လက်ရှိမှာ ဒါရိုက်တာကျင်း၏ရုပ်ရှင်က ရုံတင်နေဆဲဖြစ်ပြီး ရုပ်ရှင်၏ ပန်းချီကားနောက်ကွယ်က ပန်းချီဆရာကို မဖုံးကွယ်ထားခဲ့သလို ပန်းချီကားထဲက လက်ကိုလည်း ဖော်ထုတ်ပြခဲ့ပြီီး အမြင်စူးရှသော ကြည့်ရှုသူများက ထိုလက်မှာ အမျိုးသမီးဇာတ်လိုက်၏လက်နှင့် ကွာခြားတာကို သတိထားမိခဲ့သည်။

သေချာမကြည့်ပါက တူတူပဲလို့ထင်ရပေမယ့် ဂရုတစိုက်လေ့လာပြီးနောက်မှာ အမျိုးသမီးဇာတ်လိုက်နှင့် လက်အစားထိုးကြားရှိ ကွာခြားချက်ကို တွေ့နိုင်မှာဖြစ်သည်။ တချို့လူတွေက ဝေ့ပေါ်မှာ ရှန်ချီဟွမ်းတင်ခဲ့သော ဗီဒီယိုနှင့် နှိုင်းယှဥ်ခဲ့ကြပြီး ရှန်းယုဟန်၏လက်ဆိုတာ ပေါ်လာခဲ့လေသည်။

သူက လက်အစားထိုးပဲ ကြည့်ကောင်းလိုက်တာ..

သူ့လက်အသားအရေက ဖြူဖွေးနူးညံ့ပြီး ကြက်သွန်စိိမ်းလို သွယ်လျသည်။ ပန်းချီဆွဲရာမှာ လူတွေကို စိတ်အေးချမ်းစေပေမယ့် ကင်မရာက စုတ်တံကိုင်ထားသော အမျိုးသမီးဇာတ်လိုက်အလှည့်ကို ပြောင်းသွားခဲ့သည်။ လိုက်ဖက်မှုမရှိသည့် ခံစားချက်ကို ချက်ချင်းတွေ့ရှိခဲ့ရပြီး ဗီဒီယိုက အင်တာနက်မှာ အတန်ကြာအောင် ပျံ့နှံ့နေခဲ့သည်။

ရှန်းယုဟန်က ဝေ့ပေါ်မှာ ပရိသတ်ပိုများလာပေမယ့် ဘယ်လိုပဲဖြစ်စေ သူက ခေတ်သစ်လူသားတစ်​ယောက်လို ဖုန်းကိုစစ်ဆေးနေလေ့မရှိသလို အာရုံလည်းသိပ်မစိုက်ပေ။

ရှန်ချီရှင်း၏ ရသစုံရှိုးက အင်တာနက်မှာ ထုတ်လွှင့်ခဲ့ပေမယ့် တစ်ရက်ကြိုတင်ပြသခဲ့တာဖြစ်သည်။ ရှန်းယုဟန်က ရှန်ထျန်းဖုန်းကျင်းပသော ဧည့်ခံပွဲကို သူ့ခင်ပွန်းနှင့်အတူ လိုက်သွားခဲ့သည်။

ရှန်ချီဟွမ်းနှင့် လက်ထ​​ပ်ခဲ့တာ အချိန်ကြာလာသည်နှင့်အမျှ ရှန်းယုဟန်၏ဗီရိုနှင့် အသုံးအဆောင်များက တစ်နေ့ထက်တစ်နေ့ ပိုများလာ၏။ ယနေဧည့်ခံပွဲ၏ ဇာတ်လိုက်မှာ သူ့ခင်ပွန်းဖြစ်ပြီး သူသည်လည်း ကပျစ်ကညစ် ရိုးလွန်းတာကိုဝတ်လို့မရပဲ အသုံးအဆောင်ကလည်း လိုက်ဖက်ညီနေရမည်။ ရိုးရှင်းသောစတိုင်က ဘယ်တော့မှခတ်မကုန်သွားတာကြောင့် သူက သူ့ခင်ပွန်းပို့ပေးခဲ့သော suit တစ်စုံကို သေချာရွေးချယ်လိုက်ပြီး ယင်းမှာ သူနဲ့လိုက်ဖက်သော ဝတ်စုံဖြစ်၏။

သို့သော် တွဲဖက်အသုံးအဆောင်ပစ္စည်းရွေးချယ်ရာတွင် ရွေးချယ်ရခက်ခဲနေခဲ့သည်။

သူက နာရီရွေးနေသော ရှန်ချီဟွမ်းကို မေးလိုက်သည်။ “ယောကျာ်း၊ ဘယ်ဟာရွေးရမလဲ?”

ရှန်ချီဟွမ်းက အတိအကျမပြောခဲ့ပေ။ “မင်းဝတ်ချင်တာကိုဝတ်လိုက်၊ ဒါပေမယ့်လက်စွပ်တော့ တပ်ထားရမယ်။”

ရှန်းယုဟန်က သူ့စိန်လက်စွပ်ကို ယူလိုက်ပေမယ့် ရှန်ချီဟွမ်းက ပြန်ထည့်လိုက်သည်။ “အဲ့ဒါမဝတ်နဲ့၊ ဒါဝတ်။”

ယင်းမှာ ရှန်ချီဟွမ်းလုပ်ပေးထားသော မင်္ဂလာလက်စွပ်ဖြစ်ပြီး သူက ရှန်းယုဟန်၏ ဖြူဖွေးသွယ်လျသောလက်မှာ စွပ်ပေးလိုက်၏။

ရှန်းယုဟန်၏နှုတ်ခမ်းပေါ်ကအပြုံးမှာ လုံးဝပျောက်မသွားပဲ သူက နောက်တစ်ကွင်းယူကာ ရှန်ချီဟွမ်း၏ လက်သူကြွယ်မှာစွပ်ပေးလိုက်၏။

“ယောကျာ်း၊ ဆိုဒ်ကကွက်တိပဲ” ရှန်းယုဟန်က သူ့ခင်ပွန်းကို မသိမသာမော့​ကြည့်လိုက်သည်။

သူတို့ချီတိုင်းပြည်မှာ အမျိုးသားများက လက်စွပ်မဝတ်ကြပဲ အမျိုးသမီးများကသာ စုံတွဲသတိပေးချက်အနေနဲ့ အဓိကဝတ်ကြသည်။ သူမက လုံချည်လာနေ၍ လိင်ဆက်ဆံခြင်းမပြုလုပ်နိုင်ပါက သို့မဟုတ် ပန်းထိုးအဝတ်အစားဝတ်ထားသော အမျိုးသမီးများက လက်စွပ်နဲ့တူသော အပ်ထောက်တစ်ခုအဖြစ် သုံးချင်ပါက ဝတ်ဆင်ကြ၏။ ခေတ်သစ်ကိုရောက်လာပြီးနောက် ဤလက်စွပ်က မမျှော်လင့်ထားစွာပင် ကွဲပြားသောအဓိ​ပ္ပါယ်ရှိနေ၏။

(Thimble** လက်စွပ်နှင့်တူတဲ့ အပ်ထောက်အဖြစ်သုံးတာကိုပြောချင်တာပါ။)

ရှန်ချီဟွမ်းက သူ့အကြည့်ကို မိသွားခဲ့သည်။ “ဘာတွေကြည့်နေတာလဲ?

ရှန်းယုဟန်က သူ့ကို အပြုံးတစ်ပွင့်ပေးလိုက်သည်။ “ကျွန်တော့်​ယောကျာ်း​ကြည့်ကောင်းနေလို့”

“အတွေးလေးတွေအများကြီးပဲ” ရှန်ချီဟွမ်းက သူ့မျက်ခုံးအလယ်ကို ပုတ်လိုက်ပြီး နက်ခတိုင်ကိုဆွဲကာ ကြယ်သီးတပ်ပေးလိုက်သည်။ ဒီဆွဲဆောင်မှုရှိတဲ့အနီရောင်မှဲ့ကို ဖုံးမှဖြစ်မယ်။ ဘယ်သူမှကြည့်လို့မရအောင်….

“ဒါပေမယ့် ကျွန်တော့်နှလုံးသားက ယောကျာ်းကိုပဲတွေးတာ။ အတွေးသေး​သေးလေးဆိုရင်တောင် အဲ့ဒါခင်ဗျားပဲ” ရှန်းယုဟန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။

ရှန်ချီဟွမ်းက သူ့ကို စနောက်သောအပြုအမူဖြင့် မရဲတရဲမေးလိုက်သည်။ “မင်းငါ့ကို အခုထိ မပြောပြရသေးတဲ့ လျို့ဝှက်ချက်လေးရှိနေလား?”

ရှန်းယုဟန်က အထိတ်တလန့်ဖြစ်သွားပေမယ့် ဒီတစ်ကြိမ်မှာ သူက ဖုံးမကွယ်ထားတော့ပေ။ “ဟုတ်တယ်။ လျို့ဝှက်ချက်တစ်ခုရှိတယ်။ လျို့ဝှက်ဖို့မလိုတော့တဲ့တစ်နေ့ကျရင် ပြောပြပါ့မယ်”

ရှန်ချီဟွမ်းက အသံဖိပြောလိုက်၏။ “ကောင်းပြီ” သူက အကူအညီမဲ့နေပြီး လိုက်လျောရုံသာတတ်နိုင်သည်။

သူတို့နှစ်ယောက်က ယနေ့မှာ လိုက်ဖက်ညီအောင် ဝတ်ဆင်ထားပြီး ရှပ်အင်္ကျီက ပုံစံတူကာ ရင်ထိုးကလည်း ဆင်တူဖြစ်၏။ တစ်ယောက်ချင်းစီမှာ လခြမ်းကွေးတစ်ခြမ်းစီရှိပြီး သူတို့မျိုးရိုးနာမည်ဖြင့် ဆက်ထားသည်။

ယနေ့ဧည့်ခံပွဲ၏အိမ်ရှင်ဖြစ်သူ ရှန်ထျန်းဖုန်းက ရှန်ချီဟွမ်းကို စောစောလာဖို့ပြောခဲ့သည်။

ရှန်မိသားစု ယခုလို ပွဲကြီးမကျင်းပခဲ့တာ ကြာခဲ့လေပြီ။ ယခုတစ်ကြိမ်က ယခင်ကနဲ့ကွာခြားသည်။ နောက်ဆုံးတစ်​ခေါက်က ဧည့်လက်ခံသူမှာ ရှန်ချီယွမ်ဖြစ်ပြီး ဤတစ်ကြိမ်မှာ သူက တခြားသူများနှင့် အေးအေးဆေးဆေးစကားပြောနိုင်ပြီး ရှန်ချီဟွမ်း၏ မူလအခန်းကဏ္ဍနှင့် လဲထားလေသည်။

ထိုနေ့က ရှန်ချီဟွမ်းတို့အိမ်မှာ စားသောက်နေချိန်တွင် ရှန်ချီယွမ်က ထွက်မသွားခင် သူ့စိတ်ထဲမှာ လျို့ဝှက်ထားသော အတွေးတစ်ခုကိုပြောခဲ့သည်။

“လောင်စန်း၊ ဧည့်ခန်းပွဲတွေမှာ မင်းလွတ်လွတ်လပ်လပ် လှုပ်ရှားနေတာကို ငါကြည့်နေခဲ့တယ်။ မင်းစိတ်ကြိုက်ဝင်ထွက်သွားလာတယ်။ ငါမင်းနဲ့နေရာချင်းလဲဖို့ ဆုတောင်းခဲ့တယ်။ အခု ငါ့ဆန္ဒပြည့်သွားပြီ”

ရှန်ချီဟွမ်းက သူ့ကိုမျက်လုံးသာ လှိမ့်ပြခဲ့သည်။ “အစ်ကိုကြီး၊ ကျွန်တော့်တူအကြီးဆုံးက ကောလိပ်မှာမလား? ကျွန်တော့်ကုမ္ပဏီမှာ အလုပ်သင်လာဆင်းခိုင်းလိုက်။”

ရှန်ချီယွမ်က ဟက်ဟက်ပက်ပက်ရယ်မောလေသည်။ “မင်းသူ့ကို ဖျောင်းဖျနိုင်ရင် ငါမတားပါဘူး။”

ဧည့်ခံပွဲခန်းမကိုလျှောက်မလာခင် ရှန်ချီဟွမ်းက ထိုကိစ္စကို သတိရသွားပြီး ရှန်းယုဟန်ကို ပြောပြလိုက်သည်။

ရှန်းယုဟန်၏လက်က ကိုင်ခံထားရပြီး သူ့စကားကို သေချာနားထောင်ကာ မေးလိုက်လေသည်။ “အစ်ကိုကြီး တကယ်အဲ့လိုပြောခဲ့တာလား?”

ရှန်ချီဟွမ်းကခေါင်းညိတ်သည်။ “အွန်း”

ရှန်းယုဟန်က သူ့ကို တိုးတိုးလေးမေးလိုက်သည်။ “ဒါဆို ခင်ဗျားတူလေးကို လေ့ကျင့်ပေးဖို့ ဖြစ်နိုင်လား?” အနာဂတ်မှာ ဆက်ခံသူအသစ်ရှိပါက သူ့ခင်ပွန်း အရမ်းကြိုးစားစရာမလိုတော့ပေ။

ရှန်ချီဟွမ်းက အတွေးတစ်ခုရသွားသည်။ “ဒါပေါ့၊ အကြီးလေးနဲ့အလုပ်မဖြစ်ရင် အငယ်လေးကို သင်ပေးမယ်။” သူ့မှာ ဘယ်လို စာရင်းရှင်းရမလဲဆိုသော အဖြေအမြဲရှိသည်။

ရှန်မိသားစု၏ပိုင်ဆိုင်မှုကို ခွဲဝေပြီးနောက် ရှန်မိသားစုနှင့် အသိအကျွမ်းတချို့ကသာလျှင် ရှန်မိသားစု၏ပိုင်ဆိုင်မှု ဘယ်သူ့လက်ထဲရောက်သွားလဲ သိကြ၏။ အဆုံးမှာ ဆက်ဆံသူအသစ်ကို ကြေညာသည့်အခါ ရှန်ချီဟွမ်းက တခြားသူများထက် ထင်ရှားလာမှာ သေချာသည်။

သူတို့နှစ်ယောက်က စကားစမြည်ပြောရင်း ရယ်​မောနေကြသော ဧည့်ခံပွဲကိုရောက်လာပြီး တခြားအိမ်တော်သုံးအိမ်၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ သူတို့က ယနေ့မှာ အဓိကဇာတ်လိုက်များမဟုတ်သော်လည်း ပင်မအိမ်တော်ကလူများထက် စောစောရောက်နေကြသည်။ သူတို့က ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ကို တွေ့လိုက်ရသောအခါ မျက်နှာမကောင်းကြတော့ပေ။ အထူးသဖြင့် ရှန်ချီယွင်ပင်…

သူက မစ်ချီကိုလက်ထပ်လိုက်ရင် အမွေဆက်ခံသူနေရာက သူ့အတွက်ဖြစ်လာမည်ဟု သေချာပေါက် ယုံကြည်ခဲ့ပေယ့် သူ့အဖေက ကားဘရိတ်ကို အချိန်ကိုက်ရပ်ခဲ့ပြီး သူရခဲ့သည်မှာ မျှော်လင့်ထားတာထက်ပင် နည်းပြီး အကျိုးအမြတ်မရပဲ လှောင်​ပြောင်ခံခဲ့ရသည်။

ယနေ့မှာ သူနဲ့ မစ်ချီက ရင်းနှီးပုံပေါ်နေပေမယ့် လက်တွေ့မှာ မတူညီသောအတွေးများရှိကြသည်။

လွန်ခဲ့သောနှစ်ရက်လောက်မှာ မစ်ချီက အိမ်မှာချော်လဲ၍ ပြုတ်ကျခဲ့ပြီး ကလေးပျက်ကျခဲ့တယ်လို့ ပြောကြသည်။ ရှန်ချီဟွမ်းက သူ့ဇနီးလေးမသိမှာစိုး၍ တကူးတကပြောပြထားသည်။

ရှန်းယုဟန်က ခဏလောက်အံ့အားသင့်သွားပြီး အတွင်းခြံဝင်း၏ ဤနည်းလမ်းမှာ တကယ်ကိုရက်စက်တယ်လို့တွေးနေသည်။ မိသားစုပိုင်ဆိုင်မှုခွဲပြီးနောက်မှာ ကလေးက ပျက်ကျခဲ့သည်။ မစ်ချီရဲ့ အခြေအနေထိန်းချုပ်နိုင်စွမ်းက ထိပ်တန်းအဆင့်ပဲ ဒါပေမယ့်လည်း ကျင့်ဝတ်နဲ့မညီဘူး…..

ဒါဘယ်လိုအရာပါ့လိမ့်?”

ကုပီချင်းက တချိန်လုံးတိတ်ဆိတ်နေကြီး သူမပြန်ပေါ်လာသောအခါ ဘာအတွက် တိုက်ခိုက်ချင်မှန်း မသိရပေ။ အဆုံးမှာ ဝါးခြင်းတောင်းနှင့်ရေခပ်သလို အချည်းနှီးဖြစ်သွားပြီး သူမက တစ်ခုခုရခဲ့ပေမယ့် ဘာမှမရခဲ့သလိုပင်။ သို့သော် ယနေ့ဧည့်ခဲပွဲကိုတော့ လာတက်ခဲ့သည်။

ရှန်ချီဟွမ်းက သူ့ကိုပွဲတက်ဖို့ ဘယ်သူသွေးဆောင်ခဲ့လဲမသိပေ။ သူမကိုယ်တိုင်ဆုံးဖြတ်ခဲ့တာလည်း ဖြစ်နိုင်သည်။

သူမက ယနေ့မှာ ယဥ်ယဥ်လေးဝတ်ဆင်ထားပေမယ့် အိုမင်းနေတာကို တွေ့မြင်နိုင်ပြီး သူမ၏မျက်လုံးများက စူးရှနေဆဲဖြစ်၏။ သူမက ရှန်းယုဟန်ကိုမြင်သောအခါ ဝေဖန်ချင်နေပြီး မကျေမနပ်ဖြစ်နေသည်။ ရှန်းယုဟန်က သူ့ခင်ပွန်းကိုကြည့်လိုက်လေသည်။

ရှန်ချီဟွမ်းက သူ့လက်ကိုကိုင်ပြီး ကုပီချင်းကို ခေါ်လိုက်သည်။ “အမေ”

ကုပီချင်းကခေါင်းညိတ်လိုက်သည်။ “အွန်း” ယနေ့ သူမဘေးမှာ မိန်းမပျိုတစ်ယောက်မှမရှိပေ။

အစ်ကိုကြီး၏ ရှန်မိသားစုပြိုင်ပွဲမှ နှုတ်ထွက်ခြင်းနှင့် ကွာရှင်းပြတ်စဲခြင်းက သူမကို အထိနာစေခဲ့ပြီး တုန်လှုပ်​မှုမှ အပြည့်အဝ ရုန်းမထွက်နိုင်သေးတာဖြစ်ပေမည်။

ယနေ့ဧည့်ခံပွဲ အခမ်းအနားက ရှန်အိမ်တော်မှာဖြစ်ကြီး ဧည့်သည်များက ပထမထပ်နှင့် ဒုတိယထပ်မှာ သွားလာလှုပ်ရှားနေသည်။ ကုပီချင်းက ရောက်ရောက်ခြင်း အပေါ်တက်သွားပြီး သူမက ဤနေရာနှင့် သိပ်မရင်းနှီးပေ။

ရှန်းယုဟန်က သူ့မျက်စိရှေ့မှ သူမပျောက်ကွယ်သွားတာကို ကြည့်ပြီး ရှန်ချီဟွမ်းကို တိုးတိုးလေးမေးလိုက်သည်။ “ယောကျာ်း၊ သူ ခင်ဗျားအဖေကိုကြည့်နေတာလား?”.

“မင်းမတ်တပ်ရပ်ရတာ ပင်ပန်းနေပြီလား?” သူတို့နှစ်ယောက်က ဒီနေ့မှာ ဧည့်ကြိုဖို့ရပ်နေရပြီး ခဏလောက် ရပ်ဖို့လိုသေးသည်။

“မပင်ပန်းပါဘူး” ရှန်းယုဟန်က ငယ်ငယ်လေးရှိသေးတာကို သူက မတ်တပ်ရပ်ရုံနဲ့ ဘယ်လိုပင်ပန်းမှာလဲ၊ နောင်မှာ ဧည့်ခံပွဲတွေ အများကြီးရှိလာမှာကို သူသိပြီး အကြိမ်တိုင်းက သူ့ခင်ပွန်းကိုကူညီ​ပေးရန် လေ့ကျင့်ဖို့အခွင့်အရေးဖြစ်၏။

လူများစွာက ယနေ့ဧည့်ခံပွဲကို တက်ရောက်လာသည်။

ပထမဆုံးရောက်လာသူမှာ လူငယ်လေးဖြစ်ပြီး လူတော်တော်များများက သူ့ကိုသိကြသည်။

ကျန်းလောလင်းနှင့် ဝမ်းယန်က သူတို့၏ ဖိတ်ခေါ်မှုကြောင့် ရောက်လာခဲ့သည်။

ရှန်းယုဟန်၏မျက်လုံးများက သူတို့ကိုမြင်တော့ တောက်ပလာသည်။ “အကိုဝမ်းယန်၊ မတွေ့တာကြာပြီနော်!”

ဝမ်းယန်ကခေါင်းညိတ်ပြပြီး ရှန်းယုဟန်၏ တစ်ကိုယ်လုံးက တောက်ပနေကော ဆွဲဆောင်မှုရှိနေသည်။ “ကျောင်းဖွင့်တာသိပ်မကြာသေးဘူးလေ၊ ကိစ္စတွေနဲ့အလုပ်ရှုပ်နေတာ။ နောက်ဆုံးတစ်ခေါက်က မင်းကိုကျောင်းလာလည်ဖို့ ပြောခဲ့တာကို ဘာလို့မလာခဲ့တာလဲ?”

ရှန်းယုဟန်ကပြုံး​ပြလိုက်သည်။ “ဒါဆို ဒီရက်အနည်းငယ်မှာ လာခဲ့ပါမယ်။”

ဝမ်းယန်က ရှန်းယုဟန်နှင့် စကားပြောရတာသဘောကျသည်။ “ဒီလိုမှပေါ့”

ကျန်းလောလင်းက သူတို့နှစ်ယောက်ကို သိပ်မရင်းနှီးစေချင်တာကြောင့် ဝမ်းယန်ကို တင်းတင်းဖက်ထားကာ ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “မင်းမသိပါဘူးကွာ၊ ငါ့အဘိုး သူနဲ့ အော်ပရာ နား​ထောင်ပြီး ပြန်လာတိုင်း သူ့မြေးဖြစ်တဲ့ငါက သူ့လောက်မတော်ဘူးလို့ အမြဲပြောတယ်။”

ရှန်ချီဟွမ်းက သူ့ဇနီးလေးကို ကာကွယ်ပြောဆိုပေးလိုက်သည်။ “ဒါဆို ​နောက်တစ်ခါ အော်ပရာနားဆင်ဖို့ မင်းအဘိုးကို အ​ဖော်ပြုပေးလိုက်လေ”

ဝမ်းယန်ကပြောလိုက်သည်။ “ငါက အနုပညာမတော်ဘူးလေ၊ အဘိုးက မင်းကိုရှာတိုင်း စိတ်မရှည်ဖြစ်လာတာ။”

ကျန်းလောလင်းက သူ့ဇနီး ပူးပေါင်မပေးတာကိုတွေ့တော့ ကူကယ်ရာမဲ့နေသည်။ ရှန်းယုဟန်က သူတို့နှစ်ယောက်ကိုကြည့်ကာ ရယ်ချင်နေသည်။ သူတိုနောက်မှာ လူတစ်​​ယောက်ရောက်လာတော့ သူကပြောလိုက်သည်။ “ခင်ဗျားတို့အထဲဝင်ပြီး တစ်ခုခုသွားစားနှင့်ပါ၊ အကိုဝမ်းယန်… နောက်မှစကားပြောမယ်နော်”

ဝမ်းယန်ကပြုံးပြပြီး ကျန်းလောလင်းကိုအထဲခေါ်သွားသည်။

နောက်ထပ်ရောက်လာသူက ရှန်ချီဟွမ်း၏ သူငယ်ချင်းအုပ်စုဖြစ်ပြီး သူတို့က သူ့ကိုဂုဏ်ပြုစကားပြောပေမယ့် ရှန်ချီဟွမ်းက စနောက်ပြီး မောင်းထုတ်လိုက်လေသည်။

ထို့နောက် လူငယ်မျိုးဆက်အားလုံးရောက်လာခဲ့ သည်။

လူအများကြီးရောက်လာပြီးနောက် ရှန်ထျန်းဖုန်းသည်လည်း အောက်ထပ်ဆင်းလာပြီး ကုပီချင်းကတော့ သူ့နောက်လိုက်မလာပေ။ ဘယ်လောက်ပဲစဥ်းစားပါစေ သူတို့နှစ်ယောက်အဆင်​ပြေဖို့ မဖြစ်နိုင်တော့ပေ။

ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက တစ်​ယောက်ကိုတစ်​​ယောက်ကြည့်လိုက်ကြသည်။

ရှန်ထျန်းဖုန်း အောက်ဆင်းလာသည်နှင့် ကျန်းမိသားစုနှင့် တခြားသူများက တစ်ယောက်ပြီးတစ်ယောက်ဝင်လာခဲ့သည်။

လူကြီးများကြားက ရှန်းယုဟန်၏အရေးပါမှုကို သတိမထားမိခဲ့ကြသော ကြည့်ရှုသူများက ရှန်ချီဟွမ်းတို့လင်မယားနားမှာ လူ​ကြီးအားလုံးဝန်းရံပြီး ဂရုစိုက်အလေးပေးနေတာကို မြင်လိုက်ရသည်။ သူတို့က ရှန်းယုဟန်မှာ ထူးခြားသော မျိုးရိုးနောက်ခံရှိလား သိချင်နေကြပြီး ပတ်ပတ်လည်မှာ မေးကြည့်ပြီးနောက် သူ့မှာ သူ့ကိုယ်ပိုင်အရည်အချင်းကြောင့် လူကြီးအသိုင်းအဝိုင်းက သူငယ်ချင်းများကိုရထားကြောင်း သိခဲ့ရသည်။

ရှန်ထျန်းဖုန်းကလည်း ထပ်တူအံ့အားသင့်နေပြီး သူတောင် ကျန်းမိသားစုနှင့် ထိုမျှလောက်မရင်းနှီးပေမယ့် သူ့ချွေးမက သူတို့၏မျက်နှာသာပေးမှုကို ရထားတာကြောင့် ရှန်ချီဟွမ်းအတွက် အကူညီအများကြီးဖြစ်စေသည်။

ကျန်းလောင်နှင့် တခြားသူများ ရောက်လာပြီးနောက် ရှန်းယုဟန်နှင့်ပတ်သတ်ပြီး လက်လွတ်စပယ် မှတ်ချက်ပေးကြသော လူများမှာ ပါးစပ်ပိတ်သွားကြသည်။ ဒီလိုလူမျိုးကို မနာလိုဖြစ်လို့မရပေ။ သူတို့က သူတို့၏ လူမှုဆက်ဆံရေးကျွမ်းကျင်မှုကြောင့် ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုထဲကို ဝင်နိုင်ခဲ့တာဖြစ်သည်။

အမျိုးသားတွေက စိတ်ထဲမှာ သက်ပြင်းချသည်။ ဇနီးကောင်းလေးကိုရထားတာပဲ

ရှန်ချီယွင်နှင့် မစ်ချီကလည်း ဤနေရာမှာရှိနေပြီး ယနေ့က သူတို့ပွဲမဟုတ်တာကြောင့် အမူအရာမကောင်းကြပေ။

မစ်ချီ၏ကိုယ်ဝန်​ပျက်ကျမှုအပြီးမှာ ရှန်ချီယွင်က သူမကိုမျက်နှာသာမပေးတော့ပဲ သူ့အကြည့်များက ရှန်းယုဟန်အပေါ်မှာ တစ်ချိန်လုံးရှိနေသည်။

မစ်ချီက သူ့အတွေးတွေကို မသိဘူးထင်လို့လား? သူမက သူ့နားထဲမှာ တိုးတိုးလေးပြောလိုက်သည်။ “ရှန်ချီယွင်၊ ရှင်မျက်လုံးပြုတ်ထွက်တဲ့အထိကြည့်လည်း အသုံးမဝင်ဘူး။ အစတုန်းက သူ့ရှင်ကိုချစ်နေတော့ ရှင်ကမူနေတာလေ…. အခုမှနောင်တရနေတာလား?”

ရှန်ချီယွင်က သူမကို အေးစက်စက်ကြည့်လိုက်သည်။ “ဘာအဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ!”

မစ်ချီက ခနဲ့တဲ့တဲ့ပြုံးသည်။ “ကျွန်မက အဓိပ္ပါယ်မရှိပြောနေတာလား? မသိဘူးထင်မနေနဲ့။ ရှင့်ကိုလက်ထပ်ခဲ့တာ နှစ်ယောက်လုံးမှာ လိုချင်တာရှိလို့ပဲ။ ဒါပေမယ့် ရှင်ကျွန်မကို ဇနီးလို့သတ်မှတ်ခဲ့လား? ဖုန်းကိုနေ့တိုင်းကိုင်ထားပြီး ရှင်တိတ်တိတ်လေးရိုက်ထားတဲ့ သူ့ဓာတ်ပုံတွေကို ကြည့်နေတာ၊ ရှင့်ကိုယ်ရှင် နှာဘူးနဲ့တူနေတယ်မထင်ဘူးလား?”

“မင်း!” ရှန်ချီယွင်က ရှန်းယုဟန်၏ ဓာတ်ပုံများကို ရံဖန်ရံခါ ကြည့်လေ့ရှိ​ပေမယ့် သူလက်မထပ်ခင်မှာ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်တို့၏ အိမ်ထောင်ရေးမှာ ဝင်မနှောင့်ယှက်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီးသားပင်။ သို့သော် လူတွေက ငရဲကြိုက်သည်။ မကြည့်ဖို့ တားလေလေ ပိုကြည့်ချင်လာလေဖြစ်ပြီး သူ့ကိုယ်သူ ထိန်းချုပ်လို့မရခဲ့ပေ။

မစ်ချီက မေးစေ့ကိုမော့ပြီး “ကျွန်မဘာဖြစ်လဲ? ရှင်ပြင်ဆင်ထားလိုက်ပါ၊ မကြာခင်မှာ ကွာရှင်းပြတ်စဲတဲ့ လုပ်ငန်းစဥ်ကို ဖြတ်ကျော်ရတော့မှာ။ ကျွန်မရှင့်လို တဏှာရူးနဲ့ဆက်မနေချင်ဘူး! ရှင်သောက်စားပျော်ပါးနေတာကို ကျွန်မလ​က်ခံပေးလို့ရတယ်။ ဒါပေမယ့် ရှင့်စိတ်ထဲမှာ ယောကျာ်းတစ်ယောက်ရှိနေတာကိုတော့ လက်မခံနိုင်ဘူး။”

ရှန်ချီယွင်က ခဏလောက် ရုန်းကန်နေရင်း “ငါရှန်းယုဟန်အ​ကြောင်းတွေးနေတာမဟုတ်ဘူး!”

မစ်ချီက အေးစက်စက်ရယ်မောလိုက်ပြီး သူ့ကို ဆက်ဂရုမစိုက်တော့ပေ။ သူမက မတ်တပ်ထရပ်ကာ သူမသူငယ်ချင်းများကို သွားရှာလေသည်။ ရှန်ချီယွင်က ​ထောင့်တစ်ထောင့်မှာ ထိုင်နေပြီး သူ့ဝမ်းနည်းမှုကို မျိုချဖို့ ဝိုင်သောက်နေခဲ့သည်။

သူ တတိယမြောက်ခွက်ကို သောက်ခါနီးမှာ ရှန်ချီပိုင်က သူ့ဆီရောက်လာသည်။ “ချီယွင်၊ မင်းပူးပေါင်းချင်လား?”

“မင်းနဲ့ပူးပေါင်းပြီးဘာရမှာလဲ၊ အားလုံးပြီးသွားလို့ လက်မှတ်ထိုးပြီးကုန်ပြီ” သူက ဒုတိယအိမ်တော်နှင့် ပတ်သက်ဖို့ပင် ရွံရှာနေသည်။ “အခုမှလာပြောတာ ​နောက်မကျလွန်းဘူးလား?”

ဒုတိယအိမ်တော်၏သမီးကလည်း ကုမ္ပဏီမှာ သူနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။

ရှန်ချီပိုင်ကပြောလိုက်သည်။ “ငါမင်းကိုပူးပေါင်းဖို့ပြောတယ်ဆိုမှတော့ နောက်မကျသေးလို့ပေါ့၊ အဲ့ဒါက ရှန်းယုဟန်နဲ့သက်ဆိုင်တယ်။ ရှန်ချီဟွမ်းလက်ထဲက ရှယ်ယာကိုမရနိုင်ရင် ရှန်းယုဟန်ရဲ့လက်ထဲက အသားတစ်ပိုင်းကို ရနိုင်သေးတယ်မလား?”

‘ရှန်းယုဟန်'ဆိုသောနာမည်က ရှန်ချီယွင်ကို ထိမိစေသည်။ သူက ထိုစကားလုံးများဖြင့် ဆွဲဆောင်ခံလိုက်ရပြီး ချက်ချင်းဆိုသလိုပင် တက်ကြွလာခဲ့သည်။ “ဘာပြောချင်တာလဲ? ရှန်းယုဟန်နဲ့ ထိပ်တိုက်တွေ့ချင်တာလား?”

“သူ ရှန်းယုဟန်ဆိုတာ မင်းဘယ်လိုသိလဲ?” ရှန်ချီပိုင်က သူ့ကိုမေးလိုက်သည်။ “ငါ့မှာသက်သေရှိတယ်။ လက်ရှိရှန်းယုဟန်က ရှန်းယုဟန်အစစ်မဟုတ်ပဲ အတုဆိုတာကို သူမက သက်သေပြနိုင်တယ်။”

ရှန်ချီယွင်က နားမလည်နိုင်ဖြစ်သွားပေမယ့် သူ့ရင်ခုန်သံက မြန်လာပြီး သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေသည်။ “ရှန်းယုဟန်က တစ်ယောက်တည်းမဟုတ်ဘူးလား?”

ရှန်ချီပိုင်က စကား​ပြောတာရပ်လိုက်ပြီး သူ့ကို အမှာစာချန်ခဲ့သည်။ “မင်းစိတ်ဝင်စားရင် စကားပြောဖို့ အချိန်တစ်ခုရှာရအောင်”

သူက သေချာပေါက်စိတ်ဝင်စားတာပေါ့၊ သူက ရှန်းယုဟန်အပေါ်မှာ စိတ်ဝင်စားမှု ဘယ်လိုလျော့နိုင်မှာလဲ… ဒါဆိုရှန်းယုဟန်က ရှန်းယုဟန်မဟုတ်ဘူးပေါ့…. သူ့ကို ရှန်ချီဟွမ်းက လဲထားတာလား?

ထိုအခိုက်အတန့်မှာ ရှန်ထျန်းဖုန်းက ရှန်ချီဟွမ်းကို ရှန်ဂရု၏ဆက်ခံသူအဖြစ် အားလုံးနဲ့မိတ်ဆက်ပေးခဲ့ပြီး အန်ကယ်များနှင့် ရင်းနှီးလာအောင် ​ခေါ်ဆောင်သွားသည်။ ထိုမှသာ သူက အနာဂတ်မှာ လွတ်လွတ်လပ်လပ် ပြုမူနိုင်ပြီး သူ့အတွက် လမ်းကြောင်းပွင့်လာမှာဖြစ်သည်။

ပတ်ပတ်လည်ကိုလျှောက်ပြီးနောက် ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက အနားယူရန် ဧည့်ခန်းကိုသွားကာ ဧည့်ခန်းနှင့် ပြတင်းပေါက်တံခါးကို ချက်ချင်းပိတ်လိုက်သည်။

ရှန်ချီဟွမ်းက သူ့အပြုအမူ ထူးဆန်းနေတာကိုတွေ့တော့ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”

ရှန်းယုဟန်က ဘာဆိုတာအတိအကျ မပြောနိုင်ပေမယ့် သူ ယခုနက ဧည့်ခံပွဲမှာ မကောင်းသော အကြံအစည်ရှိသည့် အကြည့်တစ်ခုကို ခံစားမိပြီး သူ့တစ်ကိုယ်လုံးမှာ ကြက်သီးထလာသည်။

သူက အင်္ကျီလက်ကိုမကာ ရှန်ချီဟွမ်းကိုပြလိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ခုနက မသက်မသာ ခံစားချက်ကြီးဖြစ်နေလို့၊ တစ်ယောက်​​ယောက်က ကျွန်တော့်အနောက်ကနေ ကြည့်နေသလိုပဲ”

ရှန်ချီဟွမ်းက သူ့လက်မောင်းကို ကူပွတ်ပေးလိုက်သည်။ “အောက်ထပ်ကဖွင့်ထားတဲ့ လေအေးပေးစက်ကြောင့် ချမ်းစိမ့်စိမ့်ဖြစ်နေလို့လား?”

ရှန်းယုဟန်က နှုတ်ခမ်းကိုက်ပြီး ခေါင်းခါကာပြောလိုက်သည်။ “မဟုတ်ဘူး။ ကျွန်တော်မအေးဘူး”

ရှန်ချီဟွမ်းက လူတစ်ယောက်၏ ဆဋ္ဌမအာရုံအမြဲမှန်တာကို နားလည်ပြီး သူက သူ့ဇနီးလေးကို ယုံပေးရမည်။ ထို့အပြင် လွန်ခဲ့​သောရက်အနည်းငယ်က ကားမတော်တဆမှုသည်လည်း သူတို့လက်ရှိမှာ စိတ်အေးလက်အေး နေလို့မရဘူးလို့ သတိပေး​နေသည်။ ရှန်ထျန်းဖုန်း၏ အမွေခွဲဝေမှုနဲ့ပတ်သတ်ပြီး မကျေနပ်သူအများကြီးရှိပြီး သူတို့က ရှန်ထျန်းဖုန်းကို လက်တုံ့ပြန်လို့မရပေမယ့် လက်နက်မဲ့ပြီး ခုခံနိုင်စွမ်းမရှိ​သော ရှန်းယုဟန်ကို လုပ်ကြံနိုင်သည်။

“နောက်မှ တစ်ယောက်ယောက်နဲ့စစ်ခိုင်းလိုက်မယ်။ အခုကစပြီး အပြင်သွားရင် ဘော်ဒီဂတ်ကို​ခေါ်သွား ဟုတ်ပြီလား? ဒီရက်တွေမှာ သေချာဂရုစိုက်ပါ” ရှန်ချီဟွမ်းက ရှန်းယုဟန်နှင့် ပတ်သက်ပြီး စိတ်မသက်မသာပိုဖြစ်လာပြီး နတ်ဆိုးကို ဖော်ထုတ်ဖို့ကြိုးစားရမည်။

သူတို့စကားပြောနေစဥ် တစ်ယောက်ယောက်က တံခါးလာခေါက်ခဲ့သည်။

ကုပီချင်းက ရှန်ချီဟွမ်းနှင့် စကားပြောဖို့ အန်တီချန်ကို အခေါ်လွှတ်လိုက်တာပင်။ ယနေ့ညမှာ ရှန်ထျန်းဖုန်း သူ့ကို ရှန်ဂရု၏ဆက်ဆံသူအဖြစ် ကြေညာလိုက်မှ ကုပီချင်းက ပေါ်လာခဲ့ပြီး ထို့နောက်မှာတော့ အေက်ထပ်ကို ဆင်းမလာတော့ပေ။ သူနဲ့တွေ့​ချင်သူများက အပေါ်ထပ်မှာသွားရှာရပြီး ယနေ့မှာ သူမက ဗုဒ္ဓသာသာမှ လွတ်မြောက်သွားသော လူတစ်ဦးနှင့်တူနေသည်။

ကုပီချင်း ရှန်ချီဟွမ်းကို ဒီလို စိတ်မလုံအောင် လုပ်နေပုံအရ ရှန်းယုဟန်ပြောတဲ့အကြည့်က သူ့အမေရဲ့ စောင့်ကြည့်ခံနေရလို့လား?

ရှန်ချီဟွမ်းက သူ့ကို စိတ်ပူနေသည်။ “မင်းဒီမှာခဏထိုင်နေ၊ ငါပြန်လာခဲ့မယ်။ ဒါမှမဟုတ် ဝမ်းယန်ကို အဖော်ပြုပေးဖို့ ခေါ်လိုက်ရမလား?”

“ကောင်းပြီ” ရှန်းယုဟန်က တစ်​​ယောက်တည်းမနေချင်ပေ။

ရှန်းယုဟန်က ရှန်ချီဟွမ်း အပြင်ထွက်သွားတာကို ကြည့်နေပြီး အနားယူဖို့ထိုင်ချလိုက်သည်။ သူက တစ်ညလုံးမတ်တပ်ရပ်ခဲ့ရလို့ နာကျင်နေသည့် ​​​​​ခြေသလုံးကိုနှိပ်လိုက်ပြီး ခေတ်သစ်ဧည့်ခံပွဲများက ဘာလို့မ​တ်တပ်ရပ်ရတာလဲ နားမလည်ပေ။ ချီတိုင်းပြည်မှာလို ဘာလို့ ထိုင်ပြီး စကားမပြောကြတာလဲ….

ဧည့်ခန်းကအလွန်ကျယ်ပြီး လေအေးပေးစက်ဖွင့်ထားသည်။ သူက ဆိုဖာကိုမှီပြီး မျက်လုံးမှိတ်ထားလိုက်သည်။

ရုတ်တရက် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

ရှန်းယုဟန်က ရောက်လာသူကို ဝမ်းယန်လို့ထင်လိုက်တာ​ကြောင့် ချက်ချင်းဆိုသလို တံခါးဖွင့်ပေးခဲ့ပေမယ့် ရောက်လာသူကို မြင်လိုက်ရပြီး​နောက် သူ့အမူအရာက ပြောင်းလဲသွားခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment