no

Font
Theme

Chapter 85

“ယောက်ဖရဲ့ရိုက်ကူးရေးအစီအစဥ်”

လက်ရှိတွင် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ကသာ ရှန်ချီယွမ်၏ ကွာရှင်း​ပြတ်စဲခြင်းကို သိထားပြီး ကုပီချင်းအပါအဝင် လူတိုင်းက သတင်းအမှောင်ချခံထားရသည်။

ရှန်ချီဟွမ်းက သူ့တူနှစ်ယောက်ကို စိတ်မပူပဲမနေနိုင်ပေ။ အကြီးလေးက သူနဲ့မရင်းနှီးရင်တောင် သူက သူ့တူနှစ်ယောက်ကို သဘောကျနေဆဲဖြစ်သည်။.

အကြီးလေးက မကြာခင်မှာ ကောလိပ်တက်တော့မယ်လို့ ရှန်ချီယွမ်ကပြောလာတာကြောင့် စိတ်ပူစရာမလိုတော့ပေ။ အငယ်လေးက အထက်တန်းကျောင်းသားလေးဖြစ်ပြီး သူနေချင်သောဘက်မှာ လိုက်နေလို့ရသည်။ သူက သူတို့၏လွတ်လပ်မှုကို သူ့လို ချုပ်နှောင်ခံထားရတာမျိုး မဖြစ်စေချင်သလို သူ့လမ်းဟောင်းအတိုင်း မလိုက်စေချင်ပေ။

ကလေးနှစ်ယောက်က ဘယ်လိုထွက်လာတာလဲ… တကယ်တော့ မေးစရာပင်မလို၊ ဖန်ပြွန်သန္ဓေသားနဲ့ ကလေးယူခဲ့တာကို သူတို့မသိလိုက်တာဖြစ်ပေမည်။ သေချာစဥ်းစားကြည့်တော့ အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးက တစ်​ယောက်နဲ့တစ်​ယောက် လေးစားမှုရှိကြပြီး တစ်ယောက်ချင်းစီက လိုချင်တာကို ရယူဖို့ မပျော်ရွှင်သောအိမ်​ထောင်ရေးကို ထိန်းထားခဲ့ပုံပင်။

သို့သော် အစ်ကိုကြီးက ဒီအတိုင်းရှောင်ထွက်သွားပြီး သူ့ကို လေးလံသော တာဝန်အားလုံးပေးခဲ့လို့ မရပေ။

ရှန်ချီဟွမ်းနှင့် ရှန်းယုဟန် အိမ်ပြန်ရောက်တော့ သူတို့မျက်နှာပေါ်မှာ ကျေန​ပ်မှုမရှိကြပေ။

သူ့ခင်ပွန်းက ပိုင်ဆိုင်မှုခွဲဝေခြင်း၏ အကျိုးခံစားခွင့်ရသူဖြစ်ပြီး သူကလည်း တစ်စိတ်တစ်ပိုင်း ရခဲ့တာကို ရှန်းယုဟန်က သိပေမယ့် ဘယ်လောက်လဲတော့ နားမလည်ပေ။

သူက မသေချာလို့မေးလိုက်သည်။ “ယောကျာ်း၊ ခင်ဗျား အဲ့ဒီကုမ္ပဏီလေးခုကို ဆက်ခံချင်လား?”

ရှန်ချီဟွမ်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “အွန်း၊ အခုကစပြီး ငါ့အလုပ်က တောင်လိုပုံနေ​တော့မှာ။ အခုအနေအထားထက် ပိုပြီး အလုပ်ရှုပ်သွားနိုင်တယ်။”

“အခုအနေထားထက် အလုပ်ရှုပ်မှာ? အခုတောင် တော်တော်ရှုပ်နေတာ မဟုတ်လား?” ရှန်းယုဟန်က သူ့ခင်ပွန်း အလုပ်ပိုရှုပ်လာမှာကို မယုံနိုင်ခဲ့ပေ။

“အခြေအနေကို အရင်ကြည့်ရအောင်၊ ကိစ္စတွေရှင်းပြီးတာနဲ့ အချိန်သေချာစီစဥ်ပြီး မလိုအပ်တဲ့အလုပ်တွေကို ခွဲဝေလိုက်မယ်။ ပြီးရင် ကုမ္ပဏီကို စီမံဖို့ ကျွမ်းကျင်မန်နေဂျာတွေကို ငှားလိုက်မယ်။” ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်း သူ့ကို ဘာလို့ဒါတွေပေးခဲ့တာလဲ နားမလည်ပေ။ သူက အားလုံးထဲမှာ ဒါတွေကို မရချင်တဲ့သူမှန်း သိသာနေပေမယ့် ထိုအစား သူက အကျိုးအမြတ် အများဆုံးရလာခဲ့သည်။

“အဲ့လိုလည်းရတာလား” တကယ်တော့ ၎င်းမှာ စျေးဆိုင်ဖွင့်ပြီး စီမံဖို့ ဆိုင်ဝန်ထမ်းငှားလိုက်ရတာနဲ့တူတာကို သူနားလည်သွားခဲ့သည်။

“ဒါပေါ့”

နှစ်ယောက်သားစကားပြောနေတုန်း ရှန်ချီရှင်းက ဖုန်းခေါ်လာသည်။

ရှန်ချီဟွမ်းက ထမင်းစားနေတာကြောင့် စပီကာဖွင့်လိုက်သည်။ “ဘာလဲ?” ရှန်ချီရှင်းက ဒီနေ့မှာ အကျိုးအမြတ်ရခဲ့သူ တစ်ဦးဖြစ်သည်။ သူ့မှာလည်း ရှယ်ယာအများကြီးရှိပြီး ရှန်ချီယွမ်နှင့်တူသည်။ တခြားသူများက သူတို့ထက်နည်းကြသည်။

ရှန်ချီရှင်းက ဒီနေ့ကိစ္စနဲ့ပတ်သတ်တာ ပြောတော့မယ်လို့ သူထင်ခဲ့ပေမယ့် တစ်ဖက်လူက ပါးစပ်ဖွင့်လိုက်ချိန် ပိုက်ဆံသိပ်မရ​သော သူ့အလုပ်အ​ကြောင်းဖြစ်လာမယ်လို့ ဘယ်သူကသိမှာလဲ…

ရှန်ချီရှင်းက သူတို့ကို ပြောလာသည်။ “အစ်ကိို၊ ကျွန်တော့်ပရိုဂရမ်ကို မ​ကြာခင်ရိုက်ကူးတော့မှာဆိုတာကို လာသတိပေးတာ။ ခင်ဗျားတို့ ဘယ်အချိန်အားမှာလဲ?”

“ရိုက်ကူးဖို့ဘယ်လောက်ကြာမှာလဲ?” ရှန်ချီဟွမ်းက သတိရသွားပြီး ယင်းမှာ တရုတ်နှစ်သစ်ကူးတုန်းက ကတိပေးခဲ့တာဖြစ်သည်။ နှစ်လကြာရင်လို့ပြောခဲ့ပေမယ့် အခုက ဧပြီနှင့်မေလထဲရောက်နေပြီမို့ သူ့ညီဘက်က ရွှေ့ဆိုင်းထားတာဖြစ်ပေမည်။

ရှန်ချီရှင်းက နံပါတ်ကို ရွှင်မြူးစွာ ရွတ်ပြလိုက်သည်။ “သုံးရက်”

ရှန်ချီဟွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ “မင်းက အိမ်မှာသုံးရက်တောင် ရိုက်မှာလား?”

ရှန်ချီရှင်းက အချက်ကျကျပြောလိုက်၏။ “ဟုတ်တယ်။ ကျွန်တော်အရင်က ပြောဖူးတာပဲ။ ဒါက ပရိုဂရမ်အဖွဲ့က စီစဥ်ထားတဲ့ပုံစံပဲလေ။ သူတို့က ကျွန်တော် မိသားစုနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံလဲ ရိုက်ကူးချင်ရုံပါ။ သူတို့က လက်ရှိမှာ Reality Show နဲ့ Variety Show တွေကို ရိုက်ကူးနေတာ။ ဒါကြောင့် ခင်ဗျားနဲ့ ကျွန်တော့်မရီးက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံသင့်တယ်။”

ရှန်ချီဟွမ်း: “မင်းဘယ်လို ရသစုံရှို ကို ရိုက်မှာလဲ? မင်းအရမ်းအားနေလား?”

ရှန်ချီရှင်း: “ပရိုဂရမ်အဖွဲ့က အနုပညာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာဘဝကို ကြော်ညာချင်ကြတာ။ ဒီနေ့ခတ်မှာ အင်တာနက်သုံးစွဲသူတွေက အဲ့ဒါကိုကြည့်ရတာကြိုက်တယ်။ သူတို့က အိုင်ဒေါအစစ်တွေကိုကြည့်ချင်လို့လေ။ နေ့တိုင်းရုပ်ရှင်တွေကြည့်ပြီး မကြာခဏကွဲပြဲနေတဲ့စုံတွဲတွေကို ဘယ်သူကမြင်ချင်မှာလဲ၊ လူငယ်လေးတွေ သူတို့မိသားစုနဲ့ ဘယ်လိုနေထိုင်လဲကြည့်ရတာ ပိုသဘောကျတာပေါ့။ အနည်းဆုံး​တော့ သွေးသားတော်စပ်မှုက စစ်မှန်တယ်လေ”

“ယောက်ဖပြောတာမှန်တယ်။ သွေးသားတော်စပ်မှုက စစ်မှန်တယ်။” ရှန်းယုဟန်က ​အပြုံးတစ်ခုဖြင့်ပြောလိုက်ပြီး ရှန်ချီဟွမ်း၏ ပန်းကန်ပြားပေါ်မှာ နွှာပြီးသားပုဇွန်ကို ထည့်ပေးလိုက်သည်။ “မင်းညစာစားပြီးပြီလား၊ ယောက်ဖ?”

“ဟင့်အင်း၊ ကျွန်တော်ဗိုက်ဆာလို့သေတော့မယ်။ မရီး… နောက်တစ်ပတ်ရိုက်ကူးရေးစရင် ကျွန်တော့်ကို အရသာရှိတာတွေ ချက်ကျွေးရမယ်နော်။ ကျွန်တော်မနက်ဖြန်နေ့လည်မှာ ကြော်ညာတစ်ခု ရိုက်စရာရှိတယ်။ ဒါကြောင့် ဒီနေ့ထပ်စားလို့မရ​တော့ဘူး။” ရှန်ချီရှင်းက သူတို့ကို ညည်းတွားပြသည်။

“မင်းအိမ်ပြန်ပြီး မိသားစုလုပ်ငန်းကို ဆက်ခံလိုက်လေ။ ပြီးရင် မင်းစားချင်သမျှ ကုန်းနဲ့ပင်လယ်က အစားအသောက်တွေကို စားလို့ရပြီ” ရှန်ချီဟွမ်းက ကိစ္စကို အလေးအနက်တွေးနေသည်။ အခုထဲက လေ့ကျင့်ထားသင့်တယ်မလား?

ရှန်ချီရှင်းက ချက်ချင်း ခေါင်းစဥ်လွှဲလိုက်သည်။ “ဘာလဲ… တတိယအစ်ကို…. လိုင်းမကောင်းဘူးဗျာ၊ ဖုန်းချတော့မယ်နော်..”

ရှန်ချီဟွမ်းက ဖုန်းချသံကိုကြားပြီး နှုတ်ခမ်းကိုဖိထားလိုက်သည်။ ရှန်းယုဟန်က သူ့ခင်ပွန်းပုံစံကိုကြည့်ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။

“မင်းဘာတွေရယ်နေတာလဲ?” ရှန်ချီဟွမ်းက သူ့ဇနီးလေးခွာပေးသော ပုဇွန်ကိုစားလိုက်သည်။

ရှန်းယုဟန်က သူ့တူကိုချကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျွန်တော်ခင်ဗျားကိုရယ်နေတာ။ ခင်ဗျားအမေက ရှန်မိသားစုကို သူမလက်ထဲထည့်ချင်နေပေမယ့် သူမကလေးတွေကတော့ မိသားစုလုပ်ငန်းကို မဆက်ခံချင်ဘူး။ ဒါစိတ်ဝင်စားဖို့မကောင်းဘူးလား? ဒါက ဆန္ဒကိုဆန့်ကျင်တဲ့ကိစ္စလို့ ယူဆလို့ရလား ကျွန်တော်မသိဘူး။”

“ရတယ်။ ငါ့အဖေနဲ့အမေက ကွဲဖို့တော့မဖြစ်နိုင်ဘူး။ သူတို့က တစ်သက်လုံးရန်ဖြစ်ပြီး ဘယ်သူကမှ အလျော့ပေးမှာမဟုတ်ဘူး” ရှန်ချီဟွမ်းက နှစ်ဖက်လုံးရှုံးတယ်လို့ ခံစားမိသည်။

“ဘာလို့လဲ?” ရှန်းယုဟန်က ခေါင်းခါကာ ခေတ်သစ်လူသားများ လုပ်နိုင်သော အရာအများကြီးရှိတာကို နားလည်ခဲ့သည်။ ကုပီချင်းက သေလမ်းကို ကိုယ်တိုင်လျှောက်နေပြီး ရုန်းမထွက်နိုင်သလိုပင်။

ရှန်ချီဟွမ်း: “ဘယ်သူသိမှာလဲ”

ညတွင် ရှန်းယုဟန်က ရှန်ချီဟွမ်း၏လက်​မောင်းကိုဖက်ပြီး မှီထားသည်။ သူက ရှင်းရှင်းလင်းလင်း သိချင်တာကြောင့် ထပ်မေးလိုက်သည်။ “ယောကျာ်း၊ ပရိုဂရမ်က ဘာအကြောင်းလို့ပြောလဲ?”

“ပရိုဂရမ်က ငါတို့တူတူနေထိုင်တာကို ရိုက်ကူးရုံပဲ၊ မင်းပုံမှန်အတိုင်းပဲနေလို့ရတယ်။ တကူးတက ဟန်ဆောင်ပေးစရာမလိုဘူး။”

“အို”

“အခုက ဒီမေးခွန်းတွေကိုမေးရမယ့် အချိန်လား?” ရှန်ချီဟွမ်းက သူ့မေးစေ့ကိုဖျစ်ကာ နမ်းလိုက်သည်။

ဒီအပတ်မှာ အတော်လေးအလုပ်ရှုပ်မှာဖြစ်ပြီး သူတို့မှာ ပရော်ပရည်လုပ်ဖို့တောင် အချိန်မရှိတာကြောင့် အခုလိုအချိန်ရှိတုန်း ကောင်းကောင်းနမ််းလိုက်ကြသည်။

ရှန်းယုဟန်က ဒီနေ့ည သူ့ခင်ပွန်း တော်တော်လေး စိတ်အားထက်သန်နေကြောင်း သိလိုက်ရသည်။

နောက်တစ်ပတ်တွင် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က လက်မှတ်ရေးထိုးဖို့ အလုပ်ရှုပ်နေကြပြီး သူတို့ဘေးမှာ အရည်အချင်းရှိသော လက်ထောက်အနည်းငယ်သာရှိသဖြင့် နေ့တိုင်းအလုပ်ရှုပ်နေခဲ့သည်။

ရှန်းယုဟန်၏နာမည်အောက်က ကုမ္ပဏီက သူကိုယ်တိုင်စီမံခန့်ခွဲဖို့မလိုပဲ ရှန်ထျန်းဖုန်းက သူ့အတွက် ကျွမ်းကျင်မန်နေဂျာတစ်ယောက် စီစဥ်ပေးခဲ့သည်။ သူက သက်ပြင်းရှည်ချလိုက်သည်။ ရှန်ချီဟွမ်းက သူ့ဇနီးလေးလို ကံမကောင်းတာကြောင့် ကုမ္ပဏီများစွာ၏ ကိစ္စရပ်များကို ကိုယ်တိုင်ကိုင်တွယ်ရသည်။ စာရွက်များတွင် လက်မှတ်ထိုးပြီးနောက် နေ့ရက်တိုင်းက ပုံသေစက်ဝန်းလိုပင်။ နေ့စဥ် အိမ်ပြန်ရောက်တိုင်း သူအရင်ဆုံးလုပ်သောအရာမှာ သူ့ဇနီးကိုပွေ့ဖက်ကာ အိပ်ရာဝင်ဖို့ဖြစ်၏။

မသိလိုက်ပါပဲ အချိန်က ရေလိုကုန်ခမ်းသွားကာ တစ်ပတ်ပြည့်သွားခဲ့သည်။ ရိုက်ကူးရေးမတိုင်ခင်နှစ်ရက်မှာ ရှန်ချီရှင်းက ခရီးဆောင်အိတ်ဆွဲကာ ရောက်လာသည်။

ရှန်ချီရှင်းရိုက်ကူးမည့် ပရိုဂရမ်က (ငါတို့ဘဝ)လို့ခေါ်ပြီး ဆယ့်နှစ်ပိုင်းပါဝင်သည်။ အပိုင်းတစ်ပိုင်းစီက အနုပညာရှင်တစ်ယောက်၏ နေ့စဥ်ဘဝကို ရိုက်ကူးပြီး သူငယ်ချင်း၊မိသားစုများနှင့် သူတို့၏ဆက်ဆံရေးကို အဓိကရိုက်ကူးကာ သုံးရက်လုံးမှာ သူတို့လုပ်ချင်တာကို လုပ်နိုင်သည်။

ရိုက်ကူးရေးမစခင်မှာ ရှန်ချီရှင်း၏မန်နေဂျာကျော့ရုံနှင့် ပရိုဂရမ်ဒါရိုက်တာက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ကို လာတွေ့ကာ နောက်သုံးရက်အတွင်း ရိုက်ကူးမှာဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ကျော့ရုံက ရှန်းယုဟန်ကို အရင်ကမြင်ဖူးသော်လည်း သူက သူ့ကိုတွေ့တိုင်း ဆွဲဆောင်ခံနေရသည်။ အလှလေးက ဖျော်ဖြေရေးနယ်ပယ်ကို ဝင်လို့မရသည့်အချက်ကို သူမုန်းသည်။ ဒါကသေချာပေါက် တက်သစ်စကြယ်ပွင့်လေးကိုး…

ပရိုဂရမ်ဒါရိုက်တာက ချမ်းသာသောမိသားစုကိုကြည့်ကာ သက်ပြင်းချနေပြီး ရှန်းယုဟန်ကိုမြင်တော့ ကျော့ရုံလိုပင် အံ့အားသင့်နေသည်။

သူက ဖျော်ဖြေရေးလုပ်ငန်းက ဘယ်အနုပညာရှင်ကို မမြင်ဖူးလို့လဲ၊ သူက အလှတရားများကို ငြီးငွေ့နေခဲ့ပြီး ရှန်းယုဟန်ကို တွေ့လိုက်ရသောအခါ မျက်လုံးကို ဆေးကြောသန့်စင်ပေးလို့ရသော နတ်သားလေးလို့ ခံစားလိုက်ရသည်။

ရှန်းယုဟန်က သူ့ကိုပြုံးပြကာ မေးလိုက်သည်။ “လူကြီးမင်းတို့နှစ်ယောက်၊ ဘာသောက်ချင်ပါသလဲ?”

ရှန်ချီဟွမ်းက ဤအရေးမပါသော ပရိုဂရမ်ကိုရိုက်ဖို့ ရှန်ချီရှင်းကို ခွင့်ပြုချက်ပေးလိုက်တာ နောင်တရနေသည်။ သူက သူ့ဇနီးလေး တခြားသူတွေကို ပြုံးပြမှာမလိုချင်ပေ။ “အိမ်မှာလက်ဖက်ရည်ရှိတယ်။ သောက်ကြမလား?”

ကျော့ရုံနှင့် ဒါရိုက်တာက​ ခေါင်းညိတ်လိုက်သည်။ ဘာမဆိုအဆင်ပြေသည်။

ကျော့ရုံက ရှန်ချီရှင်းအတွက် လုပ်ပေးနေတာဖြစ်၍ ရှန်ချီဟွမ်းရှေ့မှာ ဘာမှပြောပိုင်ခွင့်မရှိပေ။ ဒါရိုက်တာကသာ သူတို့နဲ့ နက်ဖြန်ရိုက်ကူးမယ့်အကြောင်း ပြောနေခဲ့သည်။

“မစ္စတာရှန်၊ မစ္စတာရှန်း၊ ဒီသုံးရက်က ချီရှင်းရဲ့နေ့စဥ်ဘဝကို ရိုက်ကူးမှာပါ။ ခင်ဗျားတို့ပုံမှန်အတိုင်း နေလို့ရပါတယ်။ ခင်ဗျားတို့သုံးယောက်လုံး အိမ်မှညစာစားကြမှာမလား? ချီရှင်းက မိသားစုနဲ့ ညစာစားပြီး စကားပြောနေတာကို ကျွန်တော်တို့ ရိုက်ကူးလို့ရတယ်။ ဒီလိုဆို သူ့ရဲ့ပုံစံအစစ်ကို ပြသလို့ရမှာပါ။”

“အင်း၊ ကောင်းပြီ.. ဒါပေမယ့် ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခုရှိတယ်။ ကျွန်တော့်ညီကိုတော့ ရိုက်ချင်သလောက်ရိုက်ပါ။ ကျွန်တော့်ချစ်သူနဲ့ ပတ်သက်တာကို သိပ်မရိုက်ပါနဲ့။ သူက ပုံမှန်ဆို အိမ်မှာပဲရှိမှာမို့ ဖြစ်နိုင်ရင် ဘေးတစ်ခြမ်းကပဲ ရိုက်ကူးပေးကြပါ။”

“အဆုံးမှာ ခင်ဗျားတို့နဲ့ အင်တာဗျူးရမယ့်အပိုင်းရှိတယ်။ ဒါကိုဘယ်လိုလုပ်ရမလဲ?”

“ဘေးတိုက်ရိုက်လို့ရပါတယ်။ အင်တာဗျူးဖြေရင် ကျွန်တော့်ကိုရိုက်လို့ရပေမယ့် သူ့ကိုတော့မရဘူး။” ရှန်ချီဟွမ်းက တိုက်တွန်းခဲ့သည်။ “သူ့ကိုထုတ်ဖော်မပြချင်လို့ပါ။ ဒါမှ အနာဂတ်မှာ ကျွန်တော်တို့ဘဝထဲ မလိုအပ်တဲ့ ပြဿနာဖြစ်မလာနိုင်မှာ။ ဒီအချက်ကိုသဘောမတူရင် ဒီရိုက်ကူးရေးမှာ သူပါလို့မရတော့ဘူး။”

ဒါရိုက်တာက ရှန်းယုဟန်ကိုကြည့်ကာ အားမလိုအားမရ ခေါင်းညိိတ်လိုက်သည်။ သူ့ဘေးတိုက်မျက်နှာကလည်း ပေါ်လွင်သွားမှာလဲ!

ရှန်ချီဟွမ်းက နောက်ထပ်တောင်းဆိုချက်တစ်ခုကိုပါ ပြောလိုက်သည်။ “ပြီးတော့ ခင်ဗျားတို့ တည်းဖြတ်ထားတဲ့ ဗီဒီယိုကို ကျွန်တော်အရင်စစ်ဆေးပါမယ်။ ကျွန်တော်လက်ခံမှသာ ထုတ်လွှင့်ပေးပါ။” သူက သဘောတူညီချက်နှစ်ခုကို ပြောခဲ့သည်။ “ဒါက သဘောတူစာချုပ်ပါ။ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ။ စော်ကားတယ်လို့မထင်ပါနဲ့၊ ကျွန်တော်က ပရိုဂရမ်ကြောင့် ကျွန်တော့်ချစ်သူရဲ့ အနာဂတ်မှာ အကျိုးသက်ရောက်မှု မရှိစေချင်တာပါ။”

ဒါရိုက်တာက အရမ်းချမ်းသာသော မိသားစု၏ဘဝကို ရိုက်ကူးနိုင်မယ်လို့ တွေးထားတာ​ကြောင့် သူက တုံ့ဆိုင်းစွာ လက်မှတ်ထိုးလိုက်ပေမယ့် အလွန်စိတ်မကောင်းဖြစ်နေသည်။ တခြားအနုပညာရှင်များက သူ့ရသစုံရှိုးများမှာ ပါဝင်ပြီး သူတို့၏အန်တီခုနှစ်ယောက်နှင့် အန်ကယ်ရှစ်ယောက်ကို နာမည်ကြီးအောင်လုပ်ပေးဖို့ တောင်းဆိုကြပေမယ့် ချမ်းသာသောမိသားစုမှာ အရာအားလုံးက အကန့်အသတ်ရှိနေသည်။ သူက တည်းဖြတ်သူ သေအောင်အလုပ်ရှုပ်တော့မှာကို စိုးရိမ်နေသည်။

“ကောင်းပါပြီ၊ ပြဿနာမရှိဘူး! ကျွန်တော်တို့ သူ့မျက်နှာကိုမပြတော့ဘူး” ဒါရိုက်တာက သူခိုးလိုတွေးလိုက်သည်။ မျက်နှာကိုရိုက်လို့မရရင် လက်ကိုရိုက်မှာပေါ့ကွ… ဟုတ်တယ်မလား?

သဘောတူညီချက် ပြီးသွားခဲ့သည်။

ရိုက်ကူးရေးက နက်ဖြန်မှာစတင်မည်။

မနက်အစောပိုင်းမှာ ပရိုဂရမ်အဖွဲ့က ထမင်းစားစားပွဲတွင် စက်တစ်ခုကိုတပ်ဆင်ထားပြီး အိမ်က အလွန်ကျယ်ဝန်းသည်။ ဒါရိုက်တာအဖွဲ့မှာ လူအများကြီးရှိပေမယ့် သူတို့အိမ်က လူမပြည့်သွားပဲ နေရာအများကြီးကျန်နေသေးသည်။

ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းက ယခုချိန်ထိမထသေးပေ။ ရှန်းယုဟန်က ရိုက်ကူးရေးပရိုဂရမ်နှင့်ပတ်သတ်ပြီး သိပ်မသိတာ​ကြောင့် အိပ်ရာထကာ ပုံမှန်လို မနက်စာသွားပြင်လိုက်သည်။ ပရိုဂရမ်က ရိုက်ကူးနေပေမယ့် သူ့ခင်ပွန်းက အလုပ်သွားရဦးမည်။ အများဆုံးမှ သူက တခြားနေ့များထက် စောစောပြန်လာနိုင်သည်။

ရှန်းယုဟန်က အောက်ထပ်မဆင်းခင် အဝတ်အစားလဲလိုက်ပြီး သူ့ဆံပင်ရှည်ကို နောက်ကျောတွင် ချည်နှောင်ထားသည်။ သူ၏ အဖြူအနက်မျက်လုံးကြီးများက အားလုံးကိုကြည့်လိုက်ပြီး နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ အိပ်ရေးမဝသောလူများက ချက်ချင်းပင် ရွှင်လန်းလာကြသည်။

ရှန်းယုဟန်က အေပရွန်ဝတ်ကာ ဒါရိုက်တာအဖွဲ့ကို လှည့်မေးလိုက်သည်။ “ခင်ဗျားတို့မနက်စာစားပြီးပြီလား?”

ကိုယ်တိုင်လာရောက်ရိုက်ကူးသော ဒါရိုက်တာက ခေါင်းညိတ်လိုက်သည်။ “အင်း၊ မစ္စတာရှန်း ကျွန်တော်တို့ကို စိတ်ပူစရာမလိုပါဘူး။ ပုံမှန်အိမ်မှာနေသလိုပဲ နေလို့ရပါတယ်။”

“ကောင်းပြီ” ရှန်းယုဟန်က မနက်စာကူပြင်ပေးဖို့ မီးဖိုချောင်ထဲ တန်းဝင်သွားသည်။

ဒါရိုက်တာက မီးဖိုချောင်ကို ရိုက်ကူးလို့ရမလား မေးလာသဖြင့် ရှန်းယုဟန်က ရတယ်လို့ပြောလိုက်တော့ ကင်မရာသမားက သူ့နောက်ကလိုက်လာသည်။

လူတွေရဲ့မျက်နှာကို ရိုက်ကူးလို့မရရင် မနက်စာပြင်နေတာကိုတော့ ရိုက်လို့ရတယ်။

ရလဒ်အနေဖြင့် ပရိုဂရမ်အဖွဲ့သားတိုင်းက မီးဖိုချောင်မှ ပါဝင်ပစ္စည်းများကို တွေ့သောအခါ တံတွေးမျိုချလိုက်ကြသည်။

ရိုက်ကူးနေစဥ်ကာလတွင် အန်တီက ကင်မရာရှေ့မှာပေါ်မလာတာကြောင့် ရှန်းယုဟန်က သူ့ခင်ပွန်းနှင့် ယောက်ဖအတွက် မနက်စာလုပ်ပေးလိုက်သည်။ သူက ကျင့်သားရနေပြီး မနက်စာပြင်ရာတွင် အလွန်ကျွမ်းကျင်နေသည်။

ခဏကြာတော့ သူက အပေါ်တက်ပြီး ရှန်ချီဟွမ်းကို နှိုးလိုက်ပေမယ့် ဒါရိုက်တာက အပေါ်ထပ်ကို တက်မလာရဲတာကြောင့် သူတို့က ရှန်ချီရှင်း အိပ်ရာနိုးလာတာကိုသာ ရိုက်ကူးလို့ရခဲ့သည်။ တကယ်တော့ သူတို့က ရှန်းယုဟန်ကို ပိုရိုက်ကူးချင်နေသည်။ ဒါမှ သူက ချမ်းသာပြီး အာဏာရှိသော မိသားစု၏ဘဝကို ရိုက်ကူးနိုင်မှာပင်။

ရှန်းယုဟန်က ရှန်ချီဟွ​မ်းဖုန်းထဲက နှိုးစက်နာရီကို ပိတ်လိုက်ပြီး သူ ဆယ်ခုလောက်ပိတ်လိုက်ရင်တောင် ဘယ်သူမှ သူ့ကိုမနှိုးနိုင်ပေ။ သူကလည်း သူ့ခင်ပွန်းကို မနှိုးချင်ပေ။ သူ့မျက်လုံးအောက်မှာ မျက်ကွင်းညိုနေသည်။

“ယောကျာ်း…ထတော့” သူက ခေါင်းငုံ့ကာ သူ့နားထဲမှာ တိုးတိုးလေးပြောလိုက်သည်။

သေချာတာပေါ့၊ သူ့အသံကလည်း ရှန်ချီဟွမ်းကို မနှိုးနိုင်တာကြောင့် သူ​က တစ်ဆင့်ချင်းသာ သွားလိုက်သည်။

သူက ရှန်ချီဟွမ်း၏နှာခေါင်းကို ဆွဲဖျစ်ပြီး အကျယ်ကြီးပြောလိုက်သည်။ “ယောကျာ်း၊ ထတော့…. ခင်ဗျားမထလို့ ကျွန်တော်လုပ်ထားတဲ့ မနက်စာကို ယောက်ဖက အကုန်စားပစ်ရင် ခင်ဗျား ထမင်းရည်နှင့် အချဥ်ပဲစားရလိမ့်မယ်။”

“အွမ်း… ငါမလုပ်နိုင်ဘူး။” သူက အရမ်းအိပ်ချင်နေပြီး လူကိုဆွဲဖက်ကာ ယောင်ဝါးဝါးပြောလိုက်သည်။ “ဇနီးလေး၊ ကိုယ်မထချင်ဘူး။”

ရှန်းယုဟန်​က သူ့ကို ဇနီးလေးလို့ခေါ်တာ သဘောကျသည်။ ထိုနာမည်ကြောင့် သူက သူ့ခင်ပွန်းကို ဆယ်မိနစ် ဆက်အိပ်ခွင့်ပေးလိုက်သည်။

သူ့ဇနီးကိုဖက်ထားသော ရှန်ချီဟွမ်းက ဆက်အိပ်ရတော့မယ်ထင်ထားပေမယ့် ရှန်းယုဟန်က သူ့ကို ဆယ်မိနစ်လုံးစိုက်ကြည့်နေပြီး သူ့ပါးကို ဆွဲဖျစ်ကာ ပွတ်သပ်နေသေးသည်။

ဇနီးလေး၏အခန်းကဏ္ဍက ဆယ်မိနစ်သာကြာပြီး အချိန်ပြည့်သောအခါ ရှန်းယုဟန်က သူ့လက်မောင်းထဲမှထကာ စောင်ကို မညှာမတာဆွဲမလိုက်သည်။ “မစ္စတာရှန်း၊ ခင်ဗျား အိပ်ရာထပြီး အလုပ်သွားဖို့ အချိန်ကျပြီ”

မကြာသေးခင်က ကိုယ်လုံးတီးအိပ်ရာဝင်ခဲ့သော ရှန်ချီဟွမ်းက တစ်ကိုယ်လုံး​အေးစက်လာသည်။

အရမ်းကောင်းတယ်၊ သူ့ကို ဒီလိုအိပ်ရာနှိုးနိုင်တဲ့သူက သူ့ဇနီးပဲရှိတယ်။ သူက မျက်လုံးကိုပွတ်ကာ ကုတင်ပေါ်မှထလိုက်သည်။ “ထမယ်၊ ထမယ်၊ စောင်ပြန်ပေးပါ”

ဒါပေါ့ ရှန်းယုဟန်က သူ့ကို စောင်ပြန်ပေးလို့မရပေ။ ထိုအစား သူက စောင်အစွန်းကိုဆွဲလိုက်သည်။ “စောင်ပြန်ပေးရင် ခင်ဗျားပြန်အိပ်တော့မှာ။ ဒီနေ့ ကျွန်တော်တို့ ယောက်ဖရဲ့ပရိုဂရမ်ကို ရိုက်ကူးရဦးမယ်။ ယောကျာ်း… မြန်​မြန်ထပါတော့” သူက နောက်လှည့်ကာ မနေ့ညကပြင်ပေးထားသော ဝတ်စုံကို ကုတင်ပေါ်တင်ပေးလိုက်သည်။ “ဒီတစ်စုံအဆင်​ပြေလား?”

ရှန်ချီဟွမ်းက နည်းနည်းနိုးလာပြီး ပြောလိုက်သည်။ “ပြေတယ်။” သူက ကုတင်ပေါ်မှ ခုန်ဆင်းပြီး သူ့ဇနီးလေး၏မျက်နှာကို နမ်းလိုက်သည်။ “ဇနီးလေး၊ ကိုယ်အလုပ်မသွားချင်ဘူး။”

သူက အိပ်ရာမထချင်မှသာ ရှန်းယုဟန်ကို ဇနီးလေးလို့ခေါ်ပြီး ချွဲလေ့ရှိသည်။ ရှန်းယုဟန်က သူ့ခါးကိုဖက်ကာ အလုပ်မသွားချင်သော သူ့ခင်ပွန်းကို အားပေးလိုက်သည်။ “ယောကျာ်း… အားတင်းထား!” ထို့နောက် သူက သူ့ကို ရေချိုးခန်းထဲတွန်းပို့လိုက်သည်။ “ယောကျာ်း၊ မြန်မြန်လုပ်နော်၊ မနက်စာအဆင်သင့်ပဲ”

ဇီဝကမ္မလိုအပ်ချက်များကို ဂရုစိုက်နေသော ရှန်ချီဟွမ်းက သူ့ကို ဇနီးလေးလို့ ခေါ်ခဲ့တာကို ပြန်စဥ်းစားကာ ပို၍ ချောမွေ့လာခဲ့သည်။

ရှန်းယုဟန် အောက်ထပ်ဆင်းလာတော့ ခေါင်းငိုက်စိုက်ကျကာ အိပ်ချင်နေသော သူ့ယောက်ဖကို မြင်လိုက်ရပြီး သူက အိပ်ရာမှနိုးလာပုံမပေါ်ပဲ သူ့မန်နေဂျာ၏ဖုန်းကောလ်ကြောင့် နိုးလာပုံရသည်။

ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “ယောက်ဖ၊ အအေးသောက်မလား၊ နို့သောက်မလား?”

ရှန်ချီရှင်းက ထမင်းစားစားပွဲမှာ လှဲနေသည်။ “ကျွန်တော် အအေးသောက်ချင်တယ်”

ရှန်းယုဟန်ကပြောလိုက်သည်။ “အော်၊ ဒါဆိုကိုယ့်ဘာကိုယ်ထည့်လိုက်”

လုပ်ရိုးလုပ်စဥ်ကို ဆန့်ကျင်ခံလိုက်ရသော ရှန်ချီရှင်းက နည်းနည်းနိုးလာသည်။ “မဟုတ်သေးပါဘူး။ ကျွန်တော်တို့က ဒီနေ့ပရိုဂရမ်ရိုက်နေတာလေ၊ ကျွန်တော့်ကို မဖော်ရွေနိုင်ဘူးလား?”

“မင်းအိပ်ချင်နေတာကို ငါတွေ့တယ်။ မင်းမတ်တပ်ရပ်ပြီး လမ်းလျှောက်လိုက်မှ မအိပ်ချင်တော့မှာ။” ရှန်းယုဟန်က အပြစ်ကင်းသလိုပင်။ “ငါမင်းကောင်းဖို့ လုပ်ပေးနေတာ”

ရှန်ချီရှင်းက ဖျော်ရည်ကို သူ့ဘာသူလောင်းထည့်လိုက်သည်။ “ခင်ဗျားနဲ့ အစ်ကိုကရော သောက်မှာလား?”

ရှန်းယုဟန်က အိုးအဖုံးဖွင့်ကာ ပြောလိုက်သည်။ “ငါမသောက်ဘူး။ မင်းအစ်ကိုက နို့သောက်မှာ။”

ရှန်ချီရှင်းက ရှန်ချီဟွမ်း၏ခွက်ကိုယူကာ နို့လောင်းထည့်ပေးလိုက်သည်။

ခဏကြာတော့ ရှန်ချီဟွမ်းက ထွက်လာပြီး အောက်ထပ်ကိုဆင်းလာသည်။ သူက အိမ်မှာရှိနေသော လူတစ်စု​ကြောင့် နေရခက်နေပေမယ့် သူ့ဇနီးက သက်တောင့်သက်သာရှိနေသည်။ သူက သူ့ဇနီး ကျင့်သားမရဘူးလို့ ထင်ခဲ့တာပင်။

“မနက်စာကဘာလဲ?” ရှန်ချီဟွမ်းက ပုံမှန်ဆိုရင် သူ့ဇနီးကိုကပ်နေလေ့ရှိပေမယ့် ယနေ့မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားသည်။

ရှန်းယုဟန်က ခေါင်းညိတ်ပြလိုက်သည်။ “ဖက်ထုပ်ကြော်၊ ဆန်ပြုတ်၊ ဥ၊ ကိုယ်တိုင်ကြည့်လိုက်ပါ.. စားပွဲပေါ်မှာ နွားနို့ရှိတယ်။ ယောက်ဖထည့်ပေးထားတာ”

“အင်း” ရှန်ချီဟွမ်းက သူ့ကို ဆန်ပြုတ်ကူထည့်ပေးလိုက်ပြီး မွှေးကြိုင်နေသော နို့ဆန်ပြုတ်က အရသာရှိမယ့်ပုံပင်။ သူ့ဇနီးလေးက ရိုးရှင်းသောဆန်ပြုတ်ကိုတောင် ဝတ်ရည်ဖြစ်အောင်လုပ်နိုင်သည်။

ပရိုဂရမ်အဖွဲ့က သူတို့မနက်စာစားနေသောပုံရိပ်ကို ရိုက်ကူးနေပြီး အဓိကဇာတ်ကောင်က ရှန်ချီရှင်းဖြစ်ပေမယ့် နောက်ဆုံးမှာ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ဖြစ်သွားခဲ့သည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်အတွက် ဥခွာပေးပြီး ရှန်းယုဟန်က အနှစ်မစားတာကြောင့် သူက ထုတ်ပြီးစားလိုက်သည်။

ရှန်းယုဟန်ကလည်း သူ့ကို ဆန်ပြုတ်ရည်ထည့်ပေးပြီး ညနေမှာ ဘာစားချင်လဲမေးလာသည်။ သူက နောက်မှ ပါဝင်ပစ္စည်းဝယ်ဖို့ စူပါမားကတ်ကို သွားနိုင်သည်။

သူတို့က သဘာဝကျကျ အဆင်ပြေနေပြီး အပြင်က ကောလာဟလများနှင့် ကွဲပြားသော အိမ်မှာနေထိုင်ကြသည်။

ရှန်ချီရှင်းက သူ့အစ်ကိုနဲ့ မရီး အပေးအယူတည့်နေတာကို နေသားကျနေခဲ့သည်။

ဟုတ်တယ်၊ ဒါကမှ သူတို့ရဲ့အစစ်အမှန်နေထိုင်မှုပုံစံပဲ

ပရိုဂရမ်အဖွဲ့က ခင်ပွန်းနဲ့ဇနီးသည် အပေးအယူမျှနေတာကို ရိုက်ကူးခဲ့ရုံတင်မက ရှန်းယုဟန်က ရှန်ချီဟွမ်း အလုပ်သွားဖို့ တံခါးနားလိုက်ပို့တာကိုပါ ရိုက်ကူးခဲ့သည်။

ရှန်ချီဟွမ်းက သူ့မျက်နှာကိုနမ်းလိုက်တော့ ရှန်းယုဟန်က မျက်လွှာချရင်း နူးနူးညံ့ညံ့ ပြုံးလိုက်သည်။ “ယောကျာ်း… ဒီနေ့စောစောပြန်လာနော်”

ရှန်ချီဟွမ်းက သူ့ခါးကို ညင်ညင်သာသာ ဖက်လိုက်ပြီး “အင်း… ငါသွားတော့မယ်။ တစ်ခုခုဆိုရင် မက်ဆေ့ပို့ထား ဒါမှမဟုတ် ဖုန်းခေါ်လိုက်…ဟုတ်ပြီလား?”

ထိုမှသာ ရှန်းယုဟန်က တုံ့ဆိုင်းစွာ သူ့ကိုလွှတ်ပေးလိုက်သည်။ “သိပါတယ်..ယောကျာ်း…စိတ်မပူ​ပါနဲ့”

ကားက အဝေးတစ်နေရာကို ပျောက်ကွယ်သွား​တော့ သူကပြန်လှည့်လာပြီး အိမ်ထဲဝင်သွားလိုက်သည်။ ထိုမှသာ လူတစ်စု သူ့ကို စိုက်ကြည့်နေတာကို သတိထားမိသွားသည်။

ရှန်းယုဟန်၏မျက်နှာက ချက်ချင်းနီရဲသွားပြီး သွေးအန်တော့မတတ်ပင်!

ဘုရားသခင်… ကျွန်တော့်ယောကျာ်းက ကျွန်တော့်ကို လူအများကြီးရှေ့မှာ နမ်းခဲ့တာပဲ!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment