Chapter 73.1
“အိမ်ကထွက်သွားခြင်း”
ရှန်းယုဟန်က ရှန်ချီဟွမ်း၏အရှေ့မှာ မငိုတာကြာခဲ့လေပြီ။ အကြောင်းမှာ မကြာသေးမီက သူက အရမ်းပျော်ရွှင်ပြီး ကျေနပ်နေ၍ဖြစ်၏။
သို့သော် ဒီတစ်ကြိမ်မှာ သူ့ကို ဝမ်းနည်းစေတာ ရှန်ချီဟွမ်း၏အဖြေမဟုတ်ပဲ ရှန်မိသားစုကို လွမ်းသွားလို့ဖြစ်၏။
ရှေးဟောင်းသုတေသနရလဒ်က ခုချိန်ထိမထွက်သေးပေ။ ရှန်းယုဟန်က ရှန်းမျိုးနွယ် သားစဥ်မြေးဆက်၏ မှတ်စုစာအုပ်ကိုသာဖတ်ခဲ့ရပြီး သူ့ဘိုးဘေးများက ဘယ်သူလဲဆိုတာကို မဖော်ပြထားပေမယ့် သူ့အစ်ကိုကြီးတစ်ယောက်ဖြစ်တာတော့ သေချာသည်။ ဘယ်အစ်ကိုလဲဆိုတာကတော့ မသေချာသေးပေ။ အနာဂတ်မှာ တူးဖော်ရရှိထားသော ပစ္စည်းအများအပြားရှိဖို့ မျှော်လင့်သည်။ လက်ရှိမှာတော့ ဗီဒီယိုထဲမှာ ပစ္စည်းအများကြီးကို မတွေ့ရသေး၍ သူက မမှတ်မိသေးပေ။
သူ့အစ်ကိုများ၏ သားစဥ်မြေးဆက်က ကွယ်လွန်တာ နှစ်ရာချီပြီဖြစ်၍ ကြားထဲမှာ သူတို့က ခေတ်ကာလပြောင်းလဲမှုကို တွေ့ကြုံခဲ့ရလောက်သည်။
ရှန်းယုဟန် အိမ်ထဲပြန်ရောက်တော့ သူက အခန်းထဲကိုသွားပြီး ဆိုဖာပေါ်မှာ မျက်ရည်သုတ်ကာထိုင်နေသည်။ သူက ခဏလောက်တော့ ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး ငိုချင်တာပဲသိ၏။
ရှန်ချီဟွမ်းက အထဲလိုက်လာတော့ ရှန်းယုဟန်က ဝမ်းနည်းနေသည်။
ထိုအချိန်တွင် ရှန်ချီဟွမ်းက ရှန်းယုဟန်၏မေးခွန်းကို တုံ့ပြန်ခဲ့ပြီးဖြစ်သည်။ ထိုသခင်မလေးရှန်းက ယိဖန့်ကျွီရှီးဖြစ်ပြီး သူ့ဇနီးကလည်း ယိဖန့်ကျွီရှီးဖြစ်ကာ နှစ်ယောက်လုံးက ဂိုး၊ ချင်၊ လက်ရေးလှနှင့် ပန်းချီကို တတ်ကျွမ်းကြသည်။ ရှန်းယုဟန်က သူ့ကိုယ်သူ ထိုလူနဲ့ ရုတ်တရက်အစားထိုးမိလို့ စိတ်ဆိုးသွားသည်မှာ သိသာ၏။
သူ့ဇနီးလေးက ဂိုး၊ချင်၊ လက်ရေးလှနှင့် ပန်းချီမှာ ကျွမ်းကျင်ရုံတင်မဟုတ်တာကြောင့် သူက ထိုအခိုက်အတန့်မှာ အများကြီးမစဥ်းစားခဲ့ပေ။
ရှန်ချီဟွမ်းက သူ့ရှေ့မှာ ဒူးထောက်ပြီး ရှန်းယုဟန်၏လက်ကို ကိုင်လိုက်သည်။ “ဘာလို့ငိုနေတာလဲ..ကိုယ်မလိုချင်တာ သခင်မလေးရှန်းလေ၊ မင်းမှမဟုတ်တာ။ ပြီးတော့ မင်းနဲ့သူမက မတူဘူးလေ၊ မင်းကမင်း၊ သူမက သူမ၊ မင်းက ချင်၊ ဂိုး၊ လက်ရေးလှနဲ့ပန်းချီထက် ပိုတက်ကျွမ်းတယ်လေ၊ ဒါပေါ့၊ မင်းနားမလည်ရင်တောင် ငါမင်းကိုမကြိုက်တာမျိုးဖြစ်လာမှာမဟုတ်ဘူး။ မင်းကိုယ်မင်း ရှေးခတ်လူသားတစ်ယောက်နဲ့ ဘယ်လိုယှဥ်နိုင်ရတာလဲ၊ အစားထိုးခံစားချက်က အရမ်းပြင်းထန်တာပဲ”
“အစားထိုးလို့မရဘူးလား?” ရှန်းယုဟန်က နှုတ်ခမ်းဆူသွားသည်။ သူ့မျက်လုံးထဲမှာ အဆုံးမရှိသော ပူဆွေးမှုတွေရှိနေ၏။ “အခုချိန်မှာ ကျွန်တော်က ချင်၊ ဂိုး၊ လက်ရေးလှနဲ့ ပန်းချီကိုပဲသိတာလေ။ ကျန်တာဘာမှလုပ်လို့မတတ်ဘူး။ ဒီတော့ ခင်ဗျားပြန်ကြည့်ရင် မကြာခင်ငြီးငွေ့သွားမှာမလား?”
ရှန်ချီဟွမ်းက သူ့ကိုသူ ရိုက်ပစ်လိုက်ချင်သည်။ “ငါကအဓိပ္ပါယ်မရှိတာတွေ ပြောမိရုံပါ။ ငါမင်းကိုဘယ်လိုငြီးငွေ့နိုင်မှာလဲ၊ ပြီးတော့၊ မင်းဘာမှမလုပ်တတ်ဘူးလို့ ဘာလို့ပြောရတာလဲ၊ မင်းက ငါမလုပ်နိုင်တာတွေ အများကြီးလုပ်နိုင်လို့ အားကျနေရတာ။”
“လူလိမ်….. ခင်ဗျားပြောတော့ ချင်၊ဂိုး၊လက်ရေးလှနဲ့ ပန်းချီတတ်ကျွမ်းတဲ့ လူတွေက ရှေးရိုးဆန်ပြီး ပျင်းဖို့ကောင်းတယ်ဆို… ဒီတော့ ကျွန်တော်က ရှေးရိုးဆန်ပြီး ပျင်းဖို့ကောင်းတာပေါ့” ရှန်းယုဟန်က ထိုကိစ္စကို သေချာမရှင်းပြမချင်း ကျေနပ်မှာမဟုတ်သလို အားလုံးကို တစ်ခုချင်းပြောပြလိုက်၏။
ရှန်ချီဟွမ်းက သူ့ဦးနှောက်ပတ်လမ်းကိုနားမလည်နိုင်သလို ပြောလိုက်၏။ “ဒါပေမယ့် ငါတို့က ဖြစ်ရပ်တစ်ခုကို ဆွေးနွေးနေရုံပါပဲ။ ငါပြောခဲ့တာက အမှန်မှမဟုတ်တာ။ ဒါကြောင့် စိတ်ဆိုးစရာမလိုပါဘူး။”
ရှန်းယုဟန်က သူ့ရင်ထဲမှာ အလွန်ပူဆွေးနေသည်။ သခင်မလေးရှန်းက သူဖြစ်ပြီး သူက သခင်မလေးရှန်းဖြစ်တာကြောင့် သူတို့ကတစ်ဦးတည်းကို ဆွေးနွေးနေကြတာဖြစ်၏။
ရှန်ချီဟွမ်းက သူစိတ်ဆိုးနေတာကိုတွေ့ပြီး ဘာကိုစိတ်ဆိုးနေလဲမသိတာကြောင့် သူက အကူအညီမဲ့သလို ခံစားလိုက်ရသည်။ “မင်းဟာက နည်းနည်းတော့ အကျိုးကြောင်းမသင့်သလိုပဲ”
“ကျွန်တော်က အကျိုးကြောင်းမသင့်ဘူးတဲ့လား” ရှန်းယုဟန်က ဒေါသထွက်လာပြန်သည်။ “ခင်ဗျားပြောတာက အတွင်းစိတ်ကလာတာပဲ၊ ကျွန်တော့်လိုလူမျိုးကို ပျင်းစရာကောင်းပြီး ရှေးဆန်တယ်လို့ ခင်ဗျားတွေးနေတာ။” သူက အလောတကြီးရောက်ရှိလာသော ဤခံစားချက်ကြောင့် စိတ်မလုံခြုံတော့ပေ။ ဘာပဲဖြစ်ဖြစ် သူက ခေတ်သစ်လူသားမှမဟုတ်တာလေ…
“ရှန်းယုဟန်….မင်းကို ရှေးရိုးဆန်ပြီး ပျင်းစရာကောင်းတယ်လို့ ငါဘယ်တုန်းကပြောလိုက်လို့လဲ… ငါက မစဥ်းစားပဲ ဒီတိုင်းပေါ့ပေါ့တန်တန်ပြောလိုက်တာ။ မင်းငါနဲ့တကယ်ငြင်းခုံချင်ရင် ဆက်ပြီးသာ စိတ်ဆိုးနေလိုက်တော့။” သူက လတ်တလော ရှန်ကုမ္ပဏီကို သွားနေရပြီး သူ့စိတ်က သိသိသာသာ ဒေါသထွက်နေလို့ အိမ်မှာ အနားယူချင်ပေမယ့် သူ့ဇနီးက သူနဲ့စကားများရင်းသာ အချိန်ကုန်နေသည်။
“ကျွန်တော်ခင်ဗျားနဲ့ ငြင်းခုံနေတာမဟုတ်ဘူး။ မှန်တာကိုပြောနေတာ။” ရှန်းယုဟန်က မျက်ရည်ကိုထိန်းကာ ပြန်ပြောသည်။
“မင်းငါဘာပြောပြော ယုံမှာမှမဟုတ်တာ။ ငါတို့နှစ်ယောက်သိလာတာ ဒီလောက်ကြာနေပြီ။ မင်းကိုယ်မင်း တစ်ခုခုမှားနေတယ်ခံစားရရင် အရင်ဆုံးစိတ်အေးအေးထားလိုက်ပါ။” ရှန်ချီဟွမ်းက တကယ်ကိုဝမ်းနည်းနေပြီး သူက ချော့ဖို့အတွက် သူ၏စိတ်ရှည်သည်းခံမှုကို ဘေးချိတ်ထားလိုက်သည်။ သူဘာမှမလုပ်ပေမယ့် ရှန်းယုဟန်က သူ့စကားလုံးအနည်းငယ်ကို ဆုပ်ကိုင်ထားကာ အမှတ်သညှာကြီးနေသည်။ သူဘယ်လိုရှင်းပြပြ အသုံးမဝင်တာကြောင့် သူ့စိတ်ကိုငြိမ်အောင် အရင်လုပ်ရမည်။
ထိုစကားပြောပြီးနောက် ရှန်ချီဟွမ်းကထွက်သွားပြီး စာဖတ်ခန်းကိုသွားမယ့်အစား အပြင်ကိုမောင်းထွက်သွားခဲ့၏။
ရှန်းယုဟန်က ပြတင်းပေါက်မှာရပ်နေပြီး ရှန်ချွီဟွမ်း၏ကား ပျောက်ကွယ်သွားတာကို ကြည့်နေ၏။ သူ့စိတ်က အဆုံးထိထိုးကျကာ သူလည်း ယခုလိုစကားကို မပြောချင်ခဲ့ပေမယ့် သူ့ခင်ပွန်းက သူ့ကို ရှေးရိုးဆန်ပြီး ပျင်းစရာကောင်းတယ်လို့ တကယ်တွေးနေတာပင်။ အနာဂတ်မှာ သူ့ခင်ပွန်းက သူ့ကိုငြီးငွေ့လာရင် သူလည်းပဲ…. သူလည်းပဲ…
သူက ဆက်မတွေးရဲတော့ပေ။
ရှန်ချီဟွမ်းက ခေတ်သစ်လူသားနဲ့သာ ပိုလိုက်ဖက်တာကိုသိသည်။ ထို့အပြင် သူတို့က အကြာကြီးအတူမရှိနိုင်လောက်တော့ပေ။ သူက သေချာပေါက် ငြီးငွေ့သွားမှာဖြစ်ပြီး ရှန်းယုဟန်က ယခုချိန်မှာ သူ့နေစဥ်ဘဝကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီဖြစ်သော်လည်း အချိန်ကြာလာရင် ဘာဖြစ်လာမလဲ ဘယ်သူကသိနိုင်မှာလဲ?
သူက အခြေခံအကျဆုံး ဂဏန်းသင်္ချာကိုတောင် မသင်ယူနိုင်ခဲ့ပေ။ ဇီဝပထဝီ၊ ရူပဗေဒနှင့် အင်္ဂလိပ်ဆို ဝေးလေရဲ့…. အားလုံးက သူ့အတွက် လေးလံသောစာအုပ်များလိုပင်။ သူက လတ်တလော အွန်လိုင်းသင်တန်းမှာလည်း တိုးတက်မှုမရှိသလို သူငယ်စဥ်ကတည်းက ဤအသိပညာကို မထိတွေ့ခဲ့ရတာ သဘောပေါက်ခဲ့၍ ထိုကိစ္စနဲ့ပတ်သတ်ပြီး သူဘာမှမတတ်နိုင်တော့ပေ။
–
ရှန်ချီဟွမ်းက ယနေ့မှာ အနည်းငယ်စိတ်တိုနေ၏။ ရှန်မိသားစုမှာ ရုန်းကန်နေရသည့်အဆင့်ကို မရောက်ခဲ့သော်ငြား ဒုတိယအိမ်တော်နှင့် တတိယအိမ်တော်က ဟိုဟိုသည်သည် ခုန်ပေါက်နေတာကို တွေ့လိုက်ရသည့်အခါ သူ့စိတ်က ဒေါသဖြစ်လာသည်။ သူ့အဖေက သုံးဖက်လုံးကို ဟန်ချက်ညီစေချင်သော်လည်း ဘယ်သူကမှ ငြိမ်းငြိမ်းချမ်းချမ်း မနေချင်ကြတော့ အကျိုးစီးပွားနဲ့ ပတ်သတ်သည့်ကိစ္စများက ဘယ်လိုဟန်ချက်ညီတော့မှာလဲ… ရှန်ထျန်းဖုန်းက သူ့ခံစားချက်ကိုတောင် ဟန်ချက်ညီအောင် မလုပ်နိုင်ခဲ့တော့ ယခုချိန်မှာ သူ့အာဏာက ဖရိုဖရဲဖြစ်နေပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖိနှိပ်နေခြင်းက ကုမ္ပဏီကို နောက်ကျကျန်စေခဲ့နိုင်သည်။
ထိုထက်ပိုသည်မှာ သူက ရှန်းယုဟန်ကို ဤကိစ္စများမဖွင့်ဟနိုင်ပေ။ ရှန်ချီဟွမ်းက သူ့အပေါ်လည်း ဒေါသပုံချတာမျိုး မလုပ်နိုင်၍ အိမ်ပြန်ပြီး ထမင်းကောင်းကောင်းစားကာ အနားယူချင်ခဲ့သည်။ သူ့ဇနီးက ပြဿနာထပ်ရှာမယ်လို့ ဘယ်သူကသိမှာလဲ… အသေးအမွှားလေးကြောင့် သူနဲ့ဆက်တိုက်ငြင်းခုံခဲ့သဖြင့် သူက စိတ်ပျက်ကာ သွားသောက်ဖို့ထွက်လာခဲ့သည်။
လျှိုထန်ကလည်း ဂိမ်းတစ်ခုစီစဥ်ထားတာကြောင့် သူ ထွက်လာခဲ့တာဖြစ်သည်။ သူက ရှန်းယုဟန်နဲ့ ညစာမစားချင်တော့တာမဟုတ်ပဲ ဒီနေ့စိတ်ညစ်နေလို့ ကြာကြာနေမိရင် ရှန်းယုဟန်ကို စိတ်မချမ်းသာစရာ တစ်ခုခုပြောမိမှာစိုး၍ သူအပြင်ထွက်ခဲ့တာဖြစ်၏။
ယနေ့အဖွဲ့ကို လျှိုထန်စီစဥ်ထားတာဖြစ်ပြီး သူငယ်ချင်းတချို့လည်းပါဝင်သည်။ အတူစားအတူသောက်ကာ အဖော်ပြုပေးမယ့် လူတွေက အမျိုးသားနှင့် အမျိုးသမီးများဖြစ်ကြပြီး သူတို့က လူရှုပ်တွေမဟုတ်ပေ။ သူတို့ထဲမှာ မနှစ်က ကမ္ဘာ့အလှမယ်၊ စာရေးဆရာတစ်ဦးနှင့် နာမည်ကြီးသတင်းချန်နယ်တချို့မှာ ပါဝင်သည့် သတင်းထောက်တစ်ဦးလည်းရှိပြီး လူတိုင်းက စကားပြောလို့အဆင်ပြေသည်။
လျှိုထန်က ရှန်ချီဟွမ်းကိုရယ်လိုက်သည်။ “ဒီနေ့ မင်းရဲ့အချစ်လေးနဲ့ ဘာလို့အတူမရှိတာလဲ?”
ရှန်ချီဟွမ်းက ဝိုင််တစ်ငုံသောက်ကာ ပြောလိုက်သည်။ “သူ့ကိုနေ့တိုင်းအဖော်ပြုပေးဖို့ မဖြစ်နိုင်ဘူးလေ”
လျှိုထန်က သတိထားမိသွားသည်။ “စကားများလာတာလား?”
ရှန်ချီဟွမ်းက သူ့သူငယ်ချင်းကို တိုးတိုးလေးပြောလိုက်၏။ “ဟာကွာ… မင်းပြောသလိုပဲ… သူက ပုံမှန်ဆို အကျိုးအကြောင်းသင့်ပေမယ့် ဒီနေ့ ရုတ်တရက်ကြီး အကြောင်းမရှိပဲ ငါ့ကို ပြဿနာရှာတယ်။ ငါလည်း နည်းနည်းစိတ်ပျက်နေလို့ ရန်မဖြစ်ချင်တာနဲ့ ထွက်လာလိုက်တယ်။”
ရှန်းယုဟန်နှင့် သူ့ဆက်ဆံရေးအကြောင်း လောင်ရှန်ပြောပြတာကို လျှိုထန်က ရှားရှားပါးပါး ကြားလိုက်ရသည်။ “သူက အတော်လေး နူးညံ့တယ်မထင်ဘူးလား? စကားပြောလည်း ချိုသာတယ်။ မင်းနဲ့ရန်ဖြစ်ရအောင် ဘာများဖြစ်ခဲ့လို့လည်း ငါနားမလည်ဘူး”
“သူငိုရတာကြိုက်တယ်လို့ ငါမင်းကိုပြောဖူးတယ်မလား?” ရှန်ချီဟွမ်းက သူ့ဇနီးငိုမှာကိုကြောက်ပြီး သူငိုတာကိုမြင်ရတိုင်း ခေါင်းကိုက်လာသည်။
လျှိုထန်က ပြောလိုက်သည်။ “နောက်ဆုံးအကြိမ် ရေပူစမ်းမှာ သူငိုတာကိုငါတွေ့ဖူးတယ်။ အဆင်ပြေတယ်လို့ထင်တာပဲ၊ ယောကျာ်းလေးတွေလည်း စိတ်ပျော့လို့ရတယ်လေ။”
“ဒါပေမယ့် သူငိုတိုင်း ငါချော့ရတယ်လေ၊ သူ့ကို သိပ်မငိုအောင်လုပ်လို့ရတဲ့ နည်းရှိလား? ငါအမှားတစ်ခုခုပြောမိတိုင်း သူ့ကိုမငိုစေချင်ဘူး။” သူက အငိုသန်သူဖြစ်ပြီး ထိုစကားပြောပြီးတော့ ရှန်းယုဟန် ဒီညစားဝင်ပါ့မလား၊ သူဒီလိုရှောင်ထွက်လာတာ ကောင်းပါ့မလားဟူ၍ စိတ်ပူနေသည်။
“သူ စိတ်မလုံခြုံဖြစ်နေလို့လား? မဟုတ်ရင် သူဘာလို့ငိုမှာလဲ… ငါက ဒီနေ့ ရှောင်ရှန်းဘက်ကပဲ။” လျှိုထန်ကပြောလိုက်၏။ “စဥ်းစားကြည့်၊ မင်းက ပုံမှန်ဆိုရင် အိမ်ကလူတွေနဲ့ အချိန်သိပ်ဖြုန်းလေ့မရှိဘူး။ သူကလည်း မင်းအပြင်မှာ ဘယ်သူနဲ့တွေ့လဲ ဘာကြောင့်တွေ့လဲ မသိရဘူး။ မင်းသူ့ကိုမပြောပြရင် သူဘယ်လိုနားလည်မှာလဲ? ဒါပေမယ့် မင်းလည်း သူ့ကိုပိုနားလည်ပေးဖို့လိုတယ်။ တချို့လူတွေက ထိရှလွယ်တယ်။”
လျှိုထန်ပြောတာမှန်နေတော့ ရှန်ချီဟွမ်းက သူလုပ်ခဲ့တာမှန်ရဲ့လား စဥ်းစားနေသည်။ “အဲ့ဒါတော့မှန်တယ်။ ငါက ပုံမှန်ဆိုရင် အိမ်ရောက်တာနဲ့ ရေချိုးပြီး အိပ်ရာဝင်တာ။ တစ်ခါတစ်လေ သူက တစ်နေကုန် ဘာလုပ်နေလဲ ငါ့ကိုပြောပြတယ်။ ငါပင်ပန်းနေရင်တော့ သူစကားမပြောဘူး။”
လျှိုထန်: “ကျစ်.. မင်းမကျေနပ်စရာတစ်ခုခု ပြောမိလိုက်လို့ စိတ်ဆိုးသွားတာဖြစ်မယ်။ မင်းက မင်းမိန်းမကို အိမ်မှာချောနေရမယ့်အစား ငါတို့နဲ့ ညစာလာစားနေတယ်။ မင်းဇနီးထွက်ပြေးသွားမှာကို သတိထားဦး”
“သူမပြေးရဲပါဘူး။ ရှန်းယုဟန်က ငါမရှိပဲ နေနိုင်တယ်လို့မထင်ဘူး။” ရှန်ချီဟွမ်းက ယုံကြည်မှုရှိရှိ ပြောလိုက်၏။
“စကားအများကြီးမပြောနဲ့။” လျှိုထန်က သူကောင်းဖို့အတွက် သတိပေးလိုက်သည်။ “မင်း ရှန်းယုဟန်ကို နားလည်ရဲ့လား?”
“ဘယ်သူသိမှာလဲ”
“မင်းနှစ်ရက်လောက် စိတ်ငြိမ်အောင်ထားပြီး စိတ်ပြေတော့မှ စကားပြောပါလား၊ စကားများရန်ဖြစ်နေတဲ့အချိန်မှာ ခံစားချက်တွေက ထိခိုက်လွယ်တယ်။”
“အင်း”
ရှန်ချီဟွမ်းက သူရှန်းယုဟန်ကို နားလည်ရဲ့လား အလေးအနက်တွေးနေသည်။ သူ ရှန်းယုဟန်ကို တကယ်နားလည်ခဲ့လား?
ဒီနေ့လိုမျိုးဆိုရင် သူက ရှန်းယုဟန် ဘာကြောင့် ဒေါသထွက်သွားလဲတောင် မသိခဲ့ရပေ။ သူက ရှန်းယုဟန် ဂိုး၊ချင်၊ လက်ရေးလှနဲ့ ပန်းချီကို သိတာနဲ့ပဲ ငြီးငွေ့စရာကောင်းတယ်လို့ ဘာလို့တွေးခဲ့ရတာလဲ?
ရှန်ချီဟွမ်းက အကြာကြီးစဥ်းစားကြည့်တော့ ရှန်းယုဟန်က ချွဲတတ်တယ်လို့ တွေးမိသွားသည်။ သူက ဘာလို့သူ့ကိုနားမလည်ရတာလဲ… သူက ချွဲပြီး လူကပ်တယ်။ ရံဖန်ရံခါ စိတ်ဆိုးပြီး ပြဿနာရှာတတ်တယ်။ ဒါပေါ့ အဲ့ဒါတွေက မှားနေတယ်လို့ သူမထင်ပေ။
အပြင်ထွက်ရတာရှားသဖြင့် ရှန်ချီဟွမ်းနှင့် လျှိုထန်က နည်းနည်းကြာကြာနေလိုက်ကြ၏။
သူထွက်သွားဖို့လုပ်တော့ ရှက်ကိုးရှက်ကန်း ပြုံးနေသော ကမ္ဘာ့အလှမယ်က သူမကို လိုက်ပို့ပေးနိုင်မလားလို့ ရှန်ချီဟွမ်းအား မေးခဲ့သည်။
ရှန်ချီဟွမ်းက ငြင်းလိုက်ပြီး တက္ကဆီငှားဖို့ ဒါမှမဟုတ် တခြားတစ်ယောက်ထွက်လာတာကိုစောင့်ဖို့ အကြံပေးကာ ကားပေါ်တက်ပြီး ထွက်သွားခဲ့သည်။
သူ မသိလိုက်တာက သတင်းထောက်တစ်ယောက်က သူ့နောက်လိုက်နေပြီး သူ ကမ္ဘာ့အလှမယ်နှင့် စကားပြောနေသော ဓာတ်ပုံကိုရိုက်ယူသွားခဲ့သည်။
ဒီအချိန်၊ ဒီနေရာက တကယ်ကိုသင့်တော်သည်။ ဖျော်ဖြေရေးကောလာဟလအသစ်တစ်ခု ထွက်လာခဲ့၏။
&&&&&&&&&&&&&&&
Chapter 73.2
“အိမ်ကထွက်သွားခြင်း”
ရှန်ချီဟွမ်းက ဝိုင်သောက်ခဲ့တာကြောင့် ဒရိုက်ဘာခေါ်ခဲ့ပေမယ့် သူအိမ်ပြန်ရောက်သည့်အခါ မှောင်မဲနေခဲ့သည်။
ဒီနေ့မှာ ရှန်းယုဟန်က သူ့အတွက် ပုံမှန်လို မီးမဖွင့်ထားပေ။ ရှန်ချီဟွမ်းက သူတစ်ညလုံး ဝီချက်မက်ဆေ့မပို့ထားလို့ဖြစ်မည်ဟု တွေးလိုက်သည်။ ရှန်ချီဟွမ်းက နံရံပေါ်က နာရီကိုကြည့်လိုက်တော့ ညဆယ်နာရီခွဲပြီးတာကြောင့် ရှန်းယုဟန်က အိပ်မပျော်လောက်သေးပေ။
ရှန်ချီဟွမ်းက အိပ်ခန်းထဲပြန်မဝင်ခင် တစ်ဖက်ခန်းမှာ ရေချိုးပြီး အဝတ်အစားလဲလိုက်သည်။
ကုတင်ပေါ်တွင် မြှင့်ထားသောစောင်တစ်ထည်သာ ရှိပြီး ရှန်းယုဟန်က စောင်ခြုံထဲတွင် နစ်မြှုပ်နေကာ ငိုသံမထွက်တာကြောင့် အိပ်ပျော်နေတာဖြစ်မည်။
ရှန်ချီဟွမ်းက ရှန်းယုဟန် အိပ်နေတာကို အနှောင့်အယှက်မဖြစ်စေရန် ကုတင်ပေါ် တိတ်တိတ်လေး တက်သွားခဲ့သည်။
မကြာသေးခင်က သူတို့နှစ်ယောက်က သာယာချောမွေ့သောဘဝကို ပိုင်ဆိုင်ထားပြီး ယခုလို ပြဿနာဖြစ်တာရှား၏။
လဲလျောင်းပြီးနောက် ရှန်ချီဟွမ်းက မလှုပ်မယှက် ပက်လက်လှဲနေသည်။ ရှန်းယုဟန်က အကြာကြီး စောင်ခြုံထားတာကို သတိထားမိသွားတော့ ရှန်ချီဟွမ်းက တိတ်တဆိတ် ထထိုင်ပြီး စောင်ကိုဆွဲချလိုက်၏။
အမှောင်ထဲမှာ သူက သူ့မျက်နှာကို ရှင်းရှင်းမမြင်ရပဲ ရှန်းယုဟန်၏ အိပ်ပျော်နေသော အနေအထားက အတော်လေးကြည့်ကောင်းနေသည်။ သူက ဒီနေ့ ရှန်ချီဟွမ်းနဲ့ ရန်ဖြစ်ထားလို့ အသက်ရှူကျပ်နေတာမျိုး ဖြစ်နိုင်သည်။
ရှန်ချီဟွမ်းက အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပေမယ့် သူ့ကိစ္စတွေမပြေလည်ခင်အထိ သူက နှစ်ရက်လောက် စိတ်အေးအေးထားချင်သည်။ ဒါမှ သူ့စိတ်ကိုမထိခိုက်ပဲ ရှန်းယုဟန်နှင့် စကားကောင်းကောင်းပြောလို့ရမှာဖြစ်ပြီး သူက သူ့ဇနီးလေးကို သိပ်နားမလည်ဘူးလို့ တွေးမိလိုက်သည်။
တစ်ညလုံးတိတ်ဆိတ်နေခဲ့သည်။
–
နောက်နေ့မနက်တွင် ရှန်ချီဟွမ်းက မနက်စာစားပြီး ရှန်းယုဟန်က ထမင်းစားစားပွဲမှာ သူ့ကိုစောင့်နေခဲ့သည်။
သူ့အကျင့်အရ သူ့ကို ရှန်ချီဟွမ်းထက် အရင်စားဖို့ ခွင့်မပြုပေမယ့် ဒီနေ့မှာ သူက ပါးစပ်ဖွင့်လိုက်တိုင်း ရှန်ချီဟွမ်းကို ယောကျာ်းလို့မခေါ်ခဲ့ပေ။
မနေ့ကဖြစ်ခဲ့တာက တကယ်ကို အခုထိမပြီးသေးပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ မျက်နှာတည်ငြိမ်နေပြီး ပုံမှန်အပြုံးနှင့် ကွာခြားနေတာကို တွေ့လိုက်ရသည်။ သူက ရှန်းယုဟန်ကို နားမလည်ဘူးလို့ နောက်တစ်ကြိမ်ခံစားလိုက်ရသည်။ သူနဲ့ သွေးအေးစစ်ပွဲတိုက်နေသော ရှန်းယုဟန်က အေးစက်နေလို့ သူက အနည်းငယ်စိတ်ရှုပ်သွားသည်။
ရှန်ချီဟွမ်းက သူ့ပါးစပ်ကို အရင်ဖွင့်လိုက်သည်။ “ငါမနေ့ညက ပြန်လာတော့ မင်းကအိပ်ပျော်နေပြီ။”
ရှန်းယုဟန်က ခေါင်းငုံ့ကာ ဆန်ပြုတ်သောက်နေသည်။ “အင်း”
ရှန်ချီဟွမ်းက ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူတို့နှစ်ယောက်လုံး စိတ်အေးအေးထားသင့်တယ်လို့ မနေ့ကပြောခဲ့တာကို တမျိုးတွေးလိုက်တာလား?
“ငါဒီညပြန်လာရင် မင်းနဲ့စကားပြောမယ်။” သူက ထိုဆုံးဖြတ်ချက်တစ်ခုသာ ချနိုင်သည်။
“အင်း” ရှန်းယုဟန်က ရိုးရိုးလေးတုံ့ပြန်လိုက်ပြီး မနေ့က သူ့ခင်ပွန်းအပေါ် တွန်းအားပေးခဲ့သလားဆိုတာကို ပြန်တွေးနေသည်။ သခင်မလေးရှန်းက သူဖြစ်နေတာကို သူ့ခင်ပွန်းကမသိခဲ့ပေ။
ရှန်ချီဟွမ်းက ဒီလိုနဲ့ ကုမ္ပဏီသွားခဲ့သည်။ ရှန်းယုဟန်က ပုံမှန်အတိုင်း သူ့ကို တံခါးဝလိုက်ပို့ပြီး တံခါးနားမှာ ခဏကြာအောင် ရပ်နေခဲ့သည်။ ရှန်ချီဟွမ်းသာ အာရုံပိုစိုက်ခဲ့ရင် ရှန်းယုဟန်၏ ဖုန်းပေါ်မှာ သူမနေ့ညက လူတစ်ယောက်နဲ့ စကားပြောနေသည့်ပုံရှိနေတာကို မြင်ရမှာဖြစ်သည်။ ခေါင်းစဥ်က ‘ရှန်ချီဟွမ်းရဲ့အိမ်ထောင်ရေး ဖရိုဖရဲဖြစ်နေပြီလား? ကမ္ဘာ့အလှမယ်နဲ့ ညနက်ပိုင်း တိတ်တဆိတ်တွေ့ခဲ့တယ်'ဖြစ်၏။
–
ရှန်းယုဟန် မနက်အိပ်ရာထတော့ သူက သူ့ခင်ပွန်းနဲ့ စကားကောင်းကောင်းပြောချင်ပေမယ့် သူ့ခင်ပွန်းက မနက်စာစားချိန် မတိုင်ခင်အထိ မထခဲ့တာကြောင့် သူက သူ့အလုပ်သာ လုပ်နေလိုက်ပြီး တီဗီမှာ သတင်းကြည့်ရှူနေခဲ့သည်။ ထို့နောက် သူက ဖုန်းထဲက တခြားအရာများကို စစ်ဆေးကြည့်တော့ မမျှော်လင့်ထားစွာပင် ထိုသတင်းက သူ့ဖုန်းပေါ်မှာ တိုက်ရိုက်ပေါ်လာခဲ့သည်။
ဓာတ်ပုံထဲမှာ လူနှစ်ယောက်သာရှိရင် ရှန်းယုဟန်က အတုလို့သတ်မှတ်လိုက်မှာဖြစ်ပေမယ့် သူက မြင်ကွင်းနောက်က ကားကိုမှတ်မိသည်။ ယင်းမှာ ရှန်ချီဟွမ်းပြောပြခဲ့သော ကားဖြစ်ပြီး ကျန်းမြို့တော်မှာ သူတစ်ယောက်တည်းပိုင်တာဖြစ်၏။
သူ သူ့ကိုယုံပေးသင့်လား?
သူတို့သာရန်မဖြစ်ခဲ့ရင် သူက ထိုပုံကို လုံးဝယုံမိမှာမဟုတ်ပေမယ့် သူတို့ မနေ့ကရန်ဖြစ်ခဲ့တော့ ရှန်ချီဟွမ်းက လှည့်မကြည့်ပဲ ထွက်သွားခဲ့တာပင်။
ရှန်ချီဟွမ်းနှင့် ကမ္ဘာ့အလှမယ် လျို့ဝှက်တွေ့ဆုံခဲ့သောနေရာက အလွန်ချောင်ကျတယ်လို့ သတင်းထောက်က ပြောထားသည်။ ထိုနေရာက လူချမ်းသာတွေ အနုပညာရှင်များနှင့် သိခွင့်ရရန် အထူးအခွင့်အရေးပေးသည့် ကလပ်တစ်ခုဖြစ်ပေမည်။
သူက ကမ္ဘာ့အလှမယ်ဆိုတာကိုလည်း ရှာဖွေခဲ့ပေမယ့် မဖတ်ခဲ့တာက ပိုကောင်းဦးမည်။ ဖတ်ပြီးတော့ ရှန်းယုဟန်၏ရင်ထဲမှာ ခါးသီးသွားခဲ့၏။ သူမက ကမ္ဘာအနှံ့နိုင်ငံပေါင်းစုံမှ ရွေးချယ်ခံထားရသော အလှလေးဖြစ်ပြီး သူ၏ “ချီတိုင်းပြည်၏နံပါတ်တစ်ကော’ ခေါင်းစဥ်လေးက လုံးဝ ယှဥ်လို့မရနိုင်ပေ။
သူ့ခင်ပွန်းက သူ့ကို စတင်ငြီးငွေ့လာတာကို မမျှော်လင့်ထားပဲ သိခဲ့ရသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့် မနက်စာမစားခင် ဖန်လုံအိမ်ထဲမှာ မျက်ရည်သုတ်နေခဲ့သည်။ သူက မျက်နှာသစ်လိုက်တာကြောင့် ရှန်ချီဟွမ်း နိုးလာသောအခါ သူငိုထားတာကို မတွေ့ခဲ့ရပဲ သူ့မျက်လုံးတွေက မနေ့ညက ငိုထားလို့ ရောင်ရမ်းနေတာလို့ ထင်လိုက်သည်။
ရှန်ချီဟွမ်းအလုပ်သွားတော့ ရှန်းယုဟန်က ဖန်လုံအိမ်ထဲမှာ တစ်မနက်လုံးထိုင်နေပြီး ဒါရိုက်တာဖန့်က သူ့ကိုဖုန်းခေါ်မလာခင်အထိ သူက အသိပြန်မဝင်သေးပေ။
ဒါရိုက်တာဖန့်က ပြုံးကာပြောလိုက်သည်။ “ရှောင်ရှန်း၊ မင်းလတ်တလော အလုပ်ရှုပ်နေလား?”
ရှန်းယုဟန်က သူ့ခံစားချက်ကို စုစည်းကာ ပြောလိုက်၏။ “မဆိုးပါဘူး။ အရမ်းအလုပ်မရှုပ်ဘူး။”
ဒါရိုက်တာဖန့်က အတော်လေး အာရုံစိုက်နေပြီး “ကိစ္စကြီးမဟုတ်ပေမယ့် မင်းအသံက အအေးမိထားသလိုပဲ”
ရှန်းယုဟန်က သူ့စိတ်ညစ်နေတာကို ဖုံးကွယ်ဖို့ သတိပေးလိုက်သည်။ “ကျွန်တော် အအေးမမိထားပါဘူး။ ဒါပေမယ့် လည်ချောင်းက ရေမသောက်ရသေးတော့ နည်းနည်းခြောက်နေတာ၊ ဒါရိုက်တာ ကျွန်တော့်ဆီက လိုချင်တာရှိလို့လား?”
ဒါရိုက်တာဖန့်က နောက်တစ်ကြိမ် ရင်းနှီးဖို့ကြိုးစားစရာမလိုသဖြင့် လိုရင်းကိုပြောလိုက်သည်။ “ဒါကဒီလိုပါ၊ အနောက်တိုင်းဟန်မင်းဆက်ရဲ့အုတ်ဂူပေါ်က စာတွေကို မင်းနည်းနည်းသိတာ ငါမှတ်မိတယ်။ မင်းဘယ်လိုဖတ်နိုင်ခဲ့တာလဲ ငါသိချင်လို့ပါ။” ပညာရှင်များက အုတ်ဂူပိုင်ရှင်၏ အရေးအသားကို ပုံဖော်ရာမှာ အခက်အခဲဖြစ်နေပြီး လက်ရှိမှာ တိုးတက်မှုနှေးနေသည်။ သူက ရှန်းယုဟန် ဖတ်နိုင်တာကို မှတ်မိနေတာပင်။
ရှန်းယုဟန်က ပြောလိုက်သည်။ “ကျွန်တော်တို့မိသားစုမှာ အလားတူစာအုပ်တွေ ရှိခဲ့ဖူးတယ်။ ကျွန်တော်က နောက်မှ မိသားစုရဲ့ လူကြီးတွေဆီက သင်ခဲ့ရတာ။ ဒီဖတ်စာအုပ်တွေကို ကျွန်တော့်မိသားစုက ရှင်းပစ်လိုက်လို့ ကျွန်တော် ဆက်မသင်နိုင်တော့တာ။ ကျွန်တော် စာလုံးတွေကိုလည်း သိပ်မမှတ်မိတော့ပါဘူး။ ဒါပေမယ့် လက်ရေးလှလေ့ကျင့်ခဲ့တုန်းက အဲ့ဒီစာလုံးတွေကိုလည်း လေ့ကျင့်ဖူးတယ်။”
“အဲ့ဒါတကယ်ကောင်းတယ်!” ဒါရိုက်တာဖန့်က အားစိုက်ထုတ်စရာမလိုပဲ တွေးမိခဲ့တာပင်။ “ဒါကဒီလိုကွာ၊ ရှေးဟောင်းအုတ်ဂူတွေကနေ မကြာသေးခင်က တူးဖော်ရရှိခဲ့တဲ့ စာအုပ်အများကြီးရှိတယ်။ အားလုံးက ဆန်းကြယ်တဲ့နိုင်ငံတွေပဲ။ မင်းတို့ရှန်းမိသားစုက ဒီအုတ်ဂူနဲ့ သက်ဆိုင်နေမယ်လို့ ခန့်မှန်းမိတယ်။ မင်းက ရှန်းမိသားစုက ဆင်းသက်လာတဲ့သူဖြစ်နိုင်လို့ ငါ့ကို နည်းနည်းလောက် ထပ်ကူညီပေးလို့ရမလား၊ စာအုပ်ပေါ်က စကားလုံးတွေကို အဓိပ္ပါယ်ဖော်ဖို့ ကူညီပေးပါ။ ဒါက ငါတို့ရဲ့ ရှေးဟောင်းသုတေသနအလုပ်အတွက် အရမ်းအရေးကြီးလို့ပါ။”
ရှန်းယုဟန်က မစဥ်းစားပဲပြောလိုက်သည်။ “ဒီလိုဆိုရင် ကူညီဖို့က ကျွန်တော့်တာဝန်ပါ။ ကျွန်တော်အချိန်မရွေးလာနိုင်ပါတယ်။”
“ကောင်းပြီ ဒါပေမယ့် ဒီတစ်ကြိမ်က မြို့တော်မှာမဟုတ်ပဲ တူးဖော်တဲ့နေရာမှာပါ။ အဲ့ဒီဘက်ကိုတော့ သေချာကာကွယ်ထားပါတယ်။ ပြောရရင် ပရောဂျက်နဲ့ပတ်သတ်တဲ့ ကျွမ်းကျင်ပညာရှင်အားလုံး အဲ့ဒီမှာရှိတယ်။ မင်းစိတ်မရှိရင် ဒီနေ့ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် ထွက်လာပေးလို့ရမလား? မင်းရောက်ရင် လာကြိုဖို့ လူလွှတ်လိုက်မယ်။”
“ကောင်းပါပြီ၊ ကျွန်တော့်ကို လိပ်စာသာပေးလိုက်ပါ။ နေ့လည် ထုပ်ပိုးပြီးတာနဲ့ ထွက်လာပါ့မယ်။” ရှန်းယုဟန်က အိမ်မှာနေပြီး အရူးလိုတွေးမနေချင်တော့ပေ။ သူ့ခင်ပွန်းပြောသလို သူ စိတ်ငြိမ်အောင်လုပ်ဖို့ လိုနေလေပြီ။
“ဟုတ်ပြီ၊ မင်းအဲ့ဒီကို လေယာဥ် ဒါမှမဟုတ် အမြန်ရထားနဲ့လာလို့ရတယ်။” ဒါရိုက်တာဖန့်က အကြံပြုလိုက်သည်။ “လေယာဥ်က ရှေးဟောင်းအုတ်ဂူနဲ့ နည်းနည်းဝေးပြီးတော့ အမြန်ရထားက ပိုနီးတယ်။”
“အွန်း.. ဒါဆို ကျွန်တော် ထုပ်ပိုးပြီး နေ့လည်ထွက်လာပါမယ်” ရှန်းယုဟန်က အမြန်ရထား တစ်ခါမှမစီးဖူးတာကြောင့် သူက လေယာဥ်ကိုသာရွေးလိုက်၏။
သူက သူ့မိသားစု ချန်ထားခဲ့သောအရာတွေ ရှိမရှိသိနိုင်ဖို့ စိတ်အားထက်သန်နေသည်။
သူတို့က နှစ်ထောင်ပေါင်းများစွာ ကွဲကွာနေသော်လည်း တခြားကမ္ဘာမှာ အကူအညီဖြစ်စေဖို့ သူ့မိသားစုနှင့်ပတ်သတ်တာ တစ်ခုခုကိုသိရဖို့ မျှော်လင့်နေသည်။
ရှန်းယုဟန်က ခရီးဆောင်အိတ်တစ်လုံးကိုကိုင်ကာ အိပ်ခန်းထဲမှာ မတ်တပ်ရပ်နေသည်။ သူက မှတ်ပုံတင်နှင့် ဘဏ်ကဒ်ကိုပါယူလာခဲ့သည်။ သူက ဖုန်းထဲမှာ စကားပြောရတာမကြိုက်သဖြင့် စာရွက်နဲ့ဘောပင်ကိုသာသုံးပြီး စာတိုတစ်စောင်ရေးကာ အိပ်ခန်းနှင့် ဧည့်ခန်းရှိ စားပွဲပေါ်တွင် ထိုးထည့်ထားလိုက်သည်။
သူက ရှန်ချီဟွမ်း ပြန်လာရင် မြင်နိုင်မယ်လို့ တွေးနေသည်။
သူတို့က သူတို့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး သေချာပြန်စဥ်းစားဖို့လိုလေပြီ။ သူက ခေတ်သစ်မှာဆို သူနဲ့ရှန်ချီဟွမ်း၏ဆုံစည်းမှုကို မိဘစီစဥ်ပေးသော လက်ထပ်ပွဲလို့ ခေါ်နိုင်မှန်းသိသည်။ မတွဲခင်မှာ သမီးရည်းစားပေါင်းသင်းဆက်ဆံရေးရှိပြီး စမ်းသပ်မှုအမျိုးမျိုးကို ကျော်ဖြတ်ခဲ့ကြသော စုံတွဲများနှင့်မတူပဲ သူတို့ဆက်ဆံရေးက တကယ်ကို မတည်မငြိမ်ဖြစ်နေခဲ့သည်။
အရေးကြီးဆုံးအရာက ရှန်ချီဟွမ်းက ခေတ်သစ်လူသားတစ်ယောက်ဖြစ်ပြီး သူက ပဒေသရာဇ်ခေတ်က ရှေးခေတ်လူသားတစ်ယောက်သာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့ခင်ပွန်းပြောသလိုပင် သူက ခေတ်သစ်လူနေမှုဘဝကို အမှီမလိုက်နိုင်ပဲ ရှေးရိုးဆန်ကာ ငြီးငွေ့ဖို့ကောင်းလေသည်။
ရှန်းယုဟန်က သူ့မျက်လုံးထောင့်မှာ စုနေသော မျက်ရည်ကိုသုတ်လိုက်သည်။ သူတို့ကွဲသွားရင် သူတကယ်ကိုဝမ်းနည်းရမှာဖြစ်ပေမယ့် ရေရှည်နာကျင်မှုက ရေတိုနာကျင်မှုထက် ပိုဆိုးသည်။ သူ့ခင်ပွန်းက ပိုကောင်းသည့် ခေတ်သစ်လူသားတစ်ယောက်နဲ့သာ ထိုက်တန်သည်။
သူက ဆက်မနေနိုင်တော့ပေ။
သူ့မျက်လုံးများမှ အထိန်းအကွပ်မဲ့စွာ ကျဆင်းလာသော မျက်ရည်များကို သုတ်ပြီးနောက် ခရီးဆောင်အိတ်လေးကိုဆွဲကာ သူနှစ်ဝက်ကျော်နေလာခဲ့သည့် အိမ်မှထွက်ခွာခဲ့သည်။
–
မနက်ခင်းတွင် ရှန်ချီဟွမ်းက အစည်းအဝေးခန်းမှာ ရှိနေပြီး ဒုတိယအိမ်တော်နှင့် တတိယအိမ်တော်ကြားရှိ ငြင်းခုံမှုကိုနားထောင်နေရသည်။ သူ့အစ်ကိုကြီးကလည်း လတ်တလောမှာ အနည်းငယ်ထူးဆန်းနေ၏။ သူက နေပြန်ကောင်းသွားတာ သိသာသော်လည်း ကုမ္ပဏီကို ပြန်လာဖို့ တုံ့ဆိုင်းနေသည်။
မွန်းလွဲပိုင်းမှာ သူ့ကုမ္ပဏီဘက်မှာ နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာတာကြောင့် သူကိုယ်တိုင်ကိုင်တွယ်ဖို့ လိုအပ်ခဲ့သည်။ အစည်းအဝေးက လေးနာရီနီးပါးကြာခဲ့ပြီး သူက ဟိုဟိုသည်သည် ပြေးနေရသည်။ ရှန်ချီဟွမ်းက လူရောစိတ်ပါ မောပန်းနေပြီး နေ့လည်ထိ ဘာမှမစားရသေးတာကြောင့် ဗိုက်ဆာလွန်းလို့ သူ့အစာအိမ်ကနာကျင်လာသည်။
ရှန်းယုဟန်နှင့် လက်ထပ်ပြီးကတည်းက လွန်ခဲ့သည့် ခြောက်လအတွင်း သူ့မှာ အစာအိမ်ပြဿနာမရှိခဲ့ပေ။
သူက သူ့ကုလားထိုင်ပေါ်မှာ ဗိုက်ကိုင်ကာ ထိုင်နေပြီး သူ့နဖူးက နာကျင်မှုကြောင့် ချွေးပျံနေကာ မျက်နှာမှာ ဖြူဖျော့နေသည်။ လက်ထောက်ချွီက သူ့သောက်ဖို့ ရေနွေးနှင့် ဆေးပေးခဲ့သည်။
လက်ထောက်ချွီက အကြံပြုလိုက်သည်။ “သူဌေး၊ ဆေးရုံသွားစစ်ကြည့်ကြမလား”
ရှန်ချီဟွမ်းက ခေါင်းခါကာ ပြောလိုက်သည်။ “ငါသက်သာပါတယ်။ ခဏထိုင်နေလိုက်မယ်။”
လက်ထောက်ချွီက ဘေးမှာရပ်စောင့်နေပြီး သူ့တစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေသည်။ တစ်ခုခုဖြစ်သွားရင် သူဌေးကို ဆေးရုံခေါ်သွားဖို့ ချက်ချင်းစီစဥ်ရလိမ့်မည်။
ကံကောင်းသည်မှာ ရှန်ချီဟွမ်း၏ အစာအိမ်က တဖြည်းဖြည်းသက်သာလာသဖြင့် လက်ထောက်ချွီက သူ့ကို အဓိပ္ပါယ်နှစ်မျိုးဖြင့် မေးလိုက်သည်။ “အဆင်ပြေရဲ့လား?”
“အဆင်ပြေပါတယ်။” ရှန်ချီဟွမ်းက သူဘာကိုဆိုလိုတာလဲ သေချာနားမလည်ခဲ့ပေ။
လက်ထောက်ချွီက ထပ်ပြောလိုက်သည်။ “အဆင်ပြေတာကောင်းပါတယ်။ ကျွန်တော်က သူဌေးရဲ့ဇနီး စိတ်ဆိုးနေပြီထင်တာ”
ရှန်ချီဟွမ်းက အဓိကအချက်ကို ဖမ််းမိသွားသည်။ “စိတ်ဆိုးနေတယ်?” သူနဲ့ရှန်းယုဟန်ရန်ဖြစ်ခဲ့တာ လူသိရှင်ကြားဖြစ်သွားတာလား? သူက လျှိုထန်ကိုပဲ ပြောခဲ့တာမဟုတ်ဘူးလား? ရှန်းယုဟန်က တခြားသူတွေနဲ့ အတင်းပြောရတာ ကြိုက်တဲ့သူလည်း မဟုတ်ပါဘူး။ ဒါဆို အဲ့တာတော့မဖြစ်နိုင်ဘူး။
လက်ထောက်ချွီက ထိုစကားကြားတော့ တစ်ခုခုမှားနေတာကို သိလိုက်သည်။ “သူဌေး…ခင်ဗျားမသိဘူးလား? သူဌေးက ထိုအရှုပ်တော်ပုံကို ဖြေရှင်းဖို့ တစ်နေကုန် ပြောမလာတာကြောင့် သူက သူဌေးနဲ့ သူဌေးဇနီး ဂရုမစိုက်ဘူးလို့ ထင်လိုက်တာဖြစ်၏။
“ဘာကိုသိရမှာလဲ?” ရှန်ချီဟွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ဒီနေ့မှာ ထမင်းနှစ်လုပ်တောင် မစားရသေးသည့်အပြင် ဖုန်းကိုကြည့်လိုက်တော့ ရှန်းယုဟန်ဆီကလည်း မက်ဆေ့တစ်စောင်တောင် ရောက်မလာပေ။
“ခင်ဗျားမနေ့ညက အပြင်မှာထွက်စားတဲ့ သတင်းတစ်ခုထွက်နေတာပါ။ ဓာတ်ပုံလည်းပါသေးတယ်။ ဒီမနက် Hot Search ပေါ်မှာရှိနေတာ။” သူက သူ့သူဌေး ဒီလိုလူမဟုတ်တာကိုသိပြီး ဖျော်ဖြေရေးသတင်းထောက်က ကြုံရာကျပန်း ရေးထားတာဖြစ်ပေမည်။ “ကျွန်တော်က သူဌေးသိတယ်ထင်လို့ မမေးခဲ့တာ။”
ရှန်ချီဟွမ်းက ဖုန်းကိုချက်ချင်းဖွင့်ကာ သူ့နာမည်ကို ရိုက်ရှာလိုက်တော့ သူ့မျက်လုံးထဲ ပထမဆုံးဝင်လာတာက ဖျော်ဖြေရေးသတင်းထောက်တင်ထားသော ဓာတ်ပုံဖြစ်၏။
သူက ဝေ့ပေါ်မှာတင်ခဲ့သော ပို့စ်၏အချိန်ကိုကြည့်လိုက်တော့ မနက်ခြောက်နာရီဖြစ်သည်။ သူက ဒီမနက်မှာ ရှန်းယုဟန် တစ်ခုခုဖြစ်နေတာကို ရုတ်တရက် သတိရသွားခဲ့သည်။
မဖြစ်ဘူး! ရှန်းယုဟန်က ယုံမှာမဟုတ်ဘူး!
ဖြစ်နိုင်ချေကိုတွေးကြည့်တော့ သူတို့ရန်ဖြစ်ခဲ့သည့်အချက်က ရှန်ချီဟွမ်း၏မျက်နှာကို ပို၍ဖြူဖျော့သွားစေခဲ့သည်။ သူက ဗိုက်နာနေတာကိုပင် မေ့သွားပြီး ဖုန်းကိုင်ကာ ထွက်သွားခဲ့သည်။ “ရှောင်ချွီ…ငါ့ကိုအိမ်ပြန်ပို့ပေးပါ! မြန်မြန်!”
ကားထဲဝင်ပြီးနောက် သူက ရှန်းယုဟန်၏ဖုန်းကိုခေါ်နေပေမယ့် ဘယ်လောက်ခေါ်ခေါ် စက်ပိတ်ထားတယ်သာ ပြောနေ၏။
အိမ်ကို အမြန်ပြန်ပြီးနောက် ပုံမှန်ဆိုရင် နွေးထွေးသောအိမ်လေးက လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။ သူက သူ့ဗိုက်ကိုကိုင်ကာ အခန်းထဲအမြန်ပြေးသွားတော့ ဘယ်သူမှရှိမနေပဲ စားပွဲပေါ်တွင် ပန်းအိုးလေးဖြင့် ဖိထားသော A4 စာရွက်ကိုသာ မြင်လိုက်ရသည်။
စာရွက်ပေါ်က လက်ရေးကလှပပြီး သေသပ်ပေမယ့် ပထမဆုံးစာကြောင်းက ရှန်ချီဟွမ်းကို ရေခဲလှိိုဏ်ဂူထဲ တိုက်ရိုက်တွန်းပို့ခဲ့သည်။ ယင်းမှာ ရေခဲအပ်တစ်ချောင်းနှင့် သူ့ဗိုက်ထဲကို ထိုးလိုက်သလိုပင်။
—--- ယောကျာ်း… ကျွန်တော်ထွက်သွားတော့မယ်။ စိတ်ပူမနေပါနဲ့… ပြီးတော့ ကျွန်တော့်ကိုရှာဖို့ မလိုပါဘူး။