Chapter 88
“မိသားစုစည်းလုံးညီညွတ်စွာနေထိုင်ပါက စီးပွားတိုးတက်မည်”
နောက်ဆုံးမှာ ရှန်ချီရှင်းက ပရိုဂရမ်အဖွဲ့နှင့်အတူ အိမ်ပြန်လာခဲ့သည်။
ဘယ်လိုပဲဖြစ်စေ သူက ရှိုး၏အဓိကဇာတ်ကောင်ဖြစ်တာကြောင့် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန် အဝေးရောက်နေလည်း ကိစ္စမရှိပေမယ့် ဤလင်မယားက သူ့ကိုမေ့ပြီး ထားခဲ့တာကို သိလိုက်ရသော ရှန်ချီရှင်းက အိမ်အပြန်လမ်းမှာ မပျော်တော့ပဲ ငြီးတွားနေခဲ့သည်။
“ကျွန်တော့်ကို ဘယ်လိုမေ့နိုင်ခဲ့တာလဲ?”
“ကျွန်တော်ကအနောက်မှ ပစ္စည်းတွေသယ်ထားရတာ”
“ခင်ဗျားတို့နှစ်ယောက်လုံး ဘာလို့ဒီလိုလုပ်နိုင်တာလဲ၊ တတိယအစ်ကို…. ကျွန်တော်ကခင်ဗျားရဲ့ညီပါ… ဟုတ်တယ်မလား.. ဒီအသက်အရွယ်ကို မေ့လို့ရလား?” ရှန်ချီဟွန်းက ရှန်းယုဟန်အတွက် သစ်အယ်သီးအခွံခွာပေးနေသည်။ “မင်းအခုပြန်ရောက်ပြီမလား? မင်းက ကလေးလည်းမဟုတ်တော့ဘူး။ မင်းကိုစောင့်ကြည့်ဖို့လိုအပ်လား၊ ပြီးတော့ မင်းက ပရိုဂရမ်ရဲ့ အဓိကလူပဲလေ၊ ငါတို့က ဘေးကအဖော်လုပ်ပေးရုံပဲ၊ အရေးမကြီးဘူး”
“ဒါဆို ခင်ဗျားက သတိမရတာကို ဝန်မခံနိုင်ဘူးလား?” ရှန်ချီရှင်းက စဥ်းစားရင်း ဒေါသထွက်နေသည်။ “ကျွန်တော်က ဆိုင်ထဲမှာ နာရီဝက်လောက် စောင့်နေခဲ့ရတာ။”
“ငါမေ့သွားတာမဟုတ်ပါဘူး။ ငါအခုမင်းကိုဖုန်းခေါ်တယ်လေ” ရှန်ချီဟွမ်းက အပြစ်ရှိစိတ်ဝင်နေသည်။
“အင်း၊ ခေါ်တယ်လေ….အိမ်ရောက်မှ!” ရှန်ချီရှင်းက ဒေါသူပုန်ထကာ ငြီးတွားနေသည်။
ရှန်းယုဟန်က မီးဖိုချောင်ထဲကထွက်လာပြီး သစ်အယ်သီးရနံ့မွှေးဟင်းချိုနှစ်ခွက်ကိုယူလာသည်။ “တစ်ယောက်တစ်ပန်းကန်၊ ယောက်ဖစိတ်ထိန်းပါ။ ငါတို့တမင်လုပ်တာမဟုတ်ပါဘူး။”
သူယခုလေးတင် ပြောခဲ့တာတွေကို မရီးကိုတော့မပြောနိုင်ခဲ့ပေ။ သစ်အယ်သီးဟင်းချိုကို တစ်ဇွန်းသောက်ပြီးနောက် သူ့ဒေါသက ချက်ချင်းပြေသွားသည်။
“အဟွန်း… အဲ့ဒါက တတိယအစ်ကိုရဲ့အပြစ်လို့ပဲထင်တယ်။ မရီး… ခင်ဗျားက လမ်းမှားကိုခေါ်သွားခံရတာ”
ရှန်ချီဟွမ်းက သူ့ကိုစကားမပြောချင်တော့ပေ။ သူ့ဇနီးရှိနေစဥ် သူ့ဇနီးကိုပဲ ဂရုစိုက်မှာပေါ့.. “မင်းမသောက်ဘူးလား?”
ရှန်းယုဟန်ကပြောလိုက်သည်။ “အထဲမှာ၊ ခင်ဗျားတို့အတွက် အရင်ယူလာပေးတာ”
ရှန်ချီဟွမ်းက သူ့ညီ၏ ပရမ်းပတာစကားများကို နားမထောင်ချင်တော့ပေ။ “ငါသွားယူပေးမယ်”
ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။ “ကောင်းပြီ”
ယခုတော့ စကားမပြောချင်တာ ရှန်ချီရှင်းဖြစ်သွားသည်။ သစ်အယ်သီးဟင်းချိုက အတော်လေးအရသာရှိသဖြင့် သူက သူ့ခံစားချက်ကိုပြောလိုက်သည်။ “မကြာခင် ရိုက်ကူးရေးပြန်လုပ်ရရင် ဒါကိုသောက်နိုင်တော့မှာမဟုတ်ဘူး။”
“ဒါဆိုမင်းအိမ်မှာရှိတုန်း စားချင်တာမှန်သမျှ ငါလုပ်ပေးမယ်။” ရှန်းယုဟန်က သဘာဝကျကျ ပြောလိုက်သည်။
“အို ကောင်းပြီ” ရှန်ချီရှင်းက သူ့မရီး၏နွေးထွေးသောစကားကို ကြားရတာ စိတ်ချမ်းသာနေသည်။
–
နေ့လည်မှာ ရှန်းယုဟန်က သူတို့သုံးယောက်အတွက် ခေါက်ဆွဲချက်ပေးပြီး ရှန်ချီရှင်းက စားပြီးပြီးခြင်း ပန်းကန်ဆေးပေးခဲ့သည်။
ညနေမှာ သူက စားပွဲတစ်ဝိုင်းစာ ချက်ပြုတ်ရမှာပေမယ့် ဤအစီအစဥ်က သူ့နေစဥ်ဘဝကို မထိခိုက်ပေ။ သူက လုပ်သင့်တာကိုလုပ်နေပေမယ့် ယနေ့မှာတော့ သူသီချင်းနားထောင်တာ၊ လက်ရေးလှနှင့် ပန်းချီဆွဲနေတာကို စောင့်ကြည့်နေသော လူတစ်ယောက်ရှိခဲ့သည်။
ရှန်ချီဟွမ်းအတွက် အိမ်မှာတစ်ရက်ပြည့်အောင် နေရတာရှားပေမယ့် ယနေ့မှာ အပြင်လူများလည်းရှိတာကြောင့် သူက သရိုးသရီဖြစ်နေ၏။
ယနေ့တွင် ပရိုဂရမ်အဖွဲ့က ရှန်းယုဟန်၏စာဖတ်ခန်းမှာ ရိုက်ကူးချင်ပေမယ့် ရှန်ချီဟွမ်းကငြင်းဆိုခဲ့သည်။ သူတို့က အဓိကမဟုတ်လို့ ရှန်ချီရှင်းကိုသာရိုက်သင့်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ဆိုဖာအသေးလေးပေါ်မှာ လဲလျောင်းနေပြီး သက်တောင့်သက်သာရှိနေ၏။ “မင်းဝယ်ထားတဲ့ ဒီဆိုဖာလေးက အရမ်းအသုံးဝင်မယ်လို့မထင်ထားဘူး။ တစ်ရေးတစ်မောအိပ်ဖို့ တကယ့်သင့်တော်တယ်။ ရှန်းယုဟန်…. ဒီကိုလာခဲ့..တူတူအိပ်ရအောင်”
“ချင်နားမထောင်တော့ဘူးလား?”
“မင်းမနက်အိပ်ရာထကတည်းက အလုပ်ရှုပ်နေတာ၊ အခုထိအနားမယူရသေးဘူး။ ငါ့နဲ့တူတူလာအိပ်ပေး”
ရှန်းယုဟန်က ချင်စားပွဲမှထရပ်ကာ ရှန်ချီဟွမ်းဆီလျှောက်သွားသည်။ သူ့ခင်ပွန်းက သူ့ကိုရင်ခွင်ထဲထည့်ပြီး တင်းတင်းပွေ့ဖက်ထားခဲ့သည်။
“ယောကျာ်း၊ မပူဘူးလား?”
“မပူဘူး။ ဒါနဲ့ မင်းကိုတစ်ခုမေးပါရစေဦး”
“အွန်းပြောလေ”
“မနေ့က မင်းမှာအစ်ကိုကြီးရှိတယ်လို့ ဘာလို့ပြောခဲ့တာလဲ? မင်းအဖေက ညီအစ်ကိုတွေ မွေးမထုတ်ထားတာကို ငါမှတ်မိတယ်” ရှန်ချီဟွမ်းကတွေးနေသည်။ ရှန်းယုဟန်မှာ ဒီလောက်ကောင်းတဲ့အစ်ကိုရှိရင် လက်ရှိအချိန် သူ့အနားမှာ ဘာလို့ ယုံကြည်ရတဲ့ဆွေမျိုးတစ်ယောက်မှ မရှိရတာလဲ?
သူက ရှန်းယုဟန်၏အတိတ်ကို ပိုသိချင်လာပြီး သူ့ပါးစပ်ကထွက်လာသော အကြောင်းအရာတိုင်းကို သူရှာမတွေ့နိုင်ခဲ့လို့ဖြစ်သည်။
ရှန်းယုဟန်သည်လည်း ကနဦးပိုင်းက ငိုက်မျည်းနေပေမယ့် သူက ထိုမေးခွန်းမေးလာသောအခါ ဦးရေပြား တင်းမာလာပြီး မျက်လုံးက တဖျပ်ဖျပ်လက်လာသည်။ သူမတော်တဆပြောခဲ့မိသော အတိတ်အကြောင်းကို ထပ်မံလျို့ဝှက်ထားရဦးမည်။ “ငယ်ငယ်တုန်းက အိမ်နီးချင်းအစ်ကိုကြီးပါ။ သူတို့က ကျွန်တော့်မိသားစုလိုပဲ ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံကြတယ်။”
ရှန်ချီဟွမ်းက သူ့ကို သံသယမဝင်ချင်ပေမယ့် ပေါ့ပေါ့တန်တန် ပြောလိုက်၏။ “အော်၊ မင်းတို့ဘာလို့အဆက်အသွယ်မရှိတော့တာလဲ?”
ရှန်းယုဟန်က ရှန်ချီဟွမ်းကိုကျောပေးလိုက်ပြီး ရှန်ချီဟွမ်း လက်ခံနိုင်လောက်မယ့် အကြောင်းပြချက်ကို ရှာဖွေနေသည်။ “သူတို့မိသားစုက နိုင်ငံထဲကထွက်သွားတာ တော်တော်ကြာပြီ။ အဲ့ဒီကတည်းက အဆက်အသွယ်မရှိတော့တာပဲ။ ဒါပေမယ့် ကျွန်တော် တစ်ခါတစ်လေပြန်တွေးကြည့်တော့ အမှတ်တရကောင်းတွေရှိခဲ့တာမို့ ခင်ဗျားကိုပြောပြခဲ့တာ။”
ရှန်ချီဟွမ်းက ငိုက်မျည်းနေပြီး မျက်လုံးတစ်ခြမ်းမှေးကာ ပြောလိုက်၏။ “ကောင်းပြီ၊ အနာဂတ်မှာ သူတို့မိသားစုကိုလွမ်းရင် ငါ့ကိုတွေးလိုက်၊ တခြားယောကျာ်းတွေကို မတွေးနဲ့၊ ပြီးတော့ သူတို့က သွေးလည်းမတော်ဘူး”
ရှန်းယုဟန်က ပြုံးစိစိဖြစ်နေသည်။ “ခင်ဗျားမနာလိုဖြစ်နေတာ”
ရှန်ချီဟွမ်းက သူ့နားရွက်ကိုနမ်းလိုက်သည်။ “မဟုတ်ဘူး။ ပေါက်ကရမပြောနဲ့”
ရှန်းယုဟန်က လည်ပင်းကျုံ့သွားပြီး သူ့အပေါ် အတိုင်းအဆမရှိ ယုံကြည်ပေးသော သူ့ခင်ပွန်းကို ကျေးဇူးတင်နေသည်။ ခြွင်းချက်ကတော့ သူ ခေတ်ဟောင်းမှလာခဲ့တာကို မပြောပြနိုင်တာ စိတ်မသိုးမသန့်ဖြစ်စေသည်။
သူက ခေါင်းစဥ်မပြောင်းချင်တာကြောင့် တိတ်ဆိတ်နေပြီး ရှန်ချီဟွမ်း၏ အသက်ရှုသံကိုနားထောင်နေသည်။
အရမ်းပင်ပန်းလို့ အိပ်ပျော်သွားတာလား?
ရှန်းယုဟန်က သူ့ခါးပေါ်က ရှန်ချီဟွမ်း၏လက်ချောင်းကို ဆွဲဖျစ်ကာ ပွတ်သပ်လိုက်တော့ ပို၍ ပြေလျော့လာလေသည်။ သို့သော် သူဘယ်လောက်ဖျစ်ဖျစ် နိုးမလာပေ။ သူ့ကြည့်ရတာ အိပ်မောကျသွားသလိုပင်။
အခန်းထဲက လေအေးပေးစက်က ဖြည်းဖြည်းချင်း လေအေးထုတ်လွှတ်ပေးနေပြီး ရှန်းယုဟန်က သူ့ဘေးကစောင်ကို ခြေထောက်ဖြင့်လှမ်းယူကာ နှစ်ယောက်လုံးအပေါ်ခြုံလိုက်သည်။ ထို့နောက် သူ့ခင်ပွန်း၏ တောင့်တင်းသောရင်ဘတ်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။
–
မွန်းလွဲပိုင်းမှာ ရှန်ချီဟွမ်းနိုးလာတော့ သူ့ဇနီးက ဆိုဖာပေါ်မှာမရှိတော့ပဲ သူ့ဇနီးလေး၏ စပယ်နံ့ဖျော့ဖျော့သာ စောင်မှာကျန်နေခဲ့သည်။
သူက စောင်ကိုခေါက်ပြီး သူ့စိတ်က ဖြည်းဖြည်းချင်းကြည်လင်လာသည်။ သူ့နားထင်က တင်းမာမနေတော့ပဲ သူက နေ့လည်ဘက် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာကြာခဲ့ပြီပင်။
သူက ရှန်းယုဟန် သူ့ကို တစ်ခုခုဖုံးကွယ်ထားတာသိခဲ့သည်။ သူပြောခဲ့သော အတိတ်ဇာတ်လမ်းများက သူ့မိသားစုအသိုင်းအဝိုင်းနှင့် ကိုက်ညီမှုမရှိပေ။ သူက အမြစ်တူးပစ်ချင်ပေမယ့် စဥ်းစားကြည့်တော့ လွှတ်ပေးလိုက်တာပိုကောင်းမည်။ သူက စောင့်ဖို့ဆန္ဒရှိပေမယ့် ထွက်ပေါ်လာမယ့်အဖြေကိုလည်း စိတ်ထင့်စိုးနှောက်နေသည်။
ရှန်ချီဟွမ်းက စားပွဲပေါ်မှာ အသံပိတ်ထားသော သူ့ဖုန်းကိုယူကာ လက်ထောက်ချွီကို မက်ဆေ့ပို့ပြီး အောက်ထပ်ဆင်းသွားသည်။
အောက်ထပ်မှာ ပုံမှန်ထက်အလုပ်ရှုပ်နေသည့်အပြင် ပရိုဂရမ်အဖွဲ့ကလူတွေအပါအဝင် သူ့အစ်မလတ်လည်း ရောက်လာပြီး ရှန်ချီရှင်းနှင့် စကားပြောနေသည်။
သူက သူ့အစ်မလတ် ယခုချိန်ကြီး ဘာကြောင့် ရောက်လာလဲနားမလည်ပေ။
ရှန်ချီပင်းက သူ့သံသယကိုဖြေရှင်းပေးခဲ့သည်။ “ငါ့မှာအားတဲ့အချိန်ကရှားတယ်လေ၊ မင်းယောက်ဖက ကလေးနဲ့အတူ သူတို့အဘွားအိမ်ကိုသွားလို့ ငါဒီမှာ ညစာလာစားတာ”
သွေးတော်စပ်မှုကြောင့် သူနဲ့ရှန်ချီပင်းက အမြဲတမ်း အေးအေးလူလူ ပြောဆိုဆက်ဆံနိုင်တာဖြစ်မည်။ သို့သော် သူတို့က ရှန်ချီရှင်းနှင့် ဆက်ဆံရေးလို သိပ်မရင်းနှီးပေ။
“အစ်ကိုကြီးဘယ်မှာလဲ?”
“သူက မိသားစုကိစ္စအလုပ်ရှုပ်နေတယ်၊ နောက်မှလာလိမ့်မယ်။”
ပရိုဂရမ်အဖွဲ့သားများလည်းရှိနေတော့ ရှန်ချီဟွမ်းက အများကြီးမေးလို့မရပေ။ “အစ်မ ရှန်ချီရှင်းနဲ့ စကားပြောနှင့်လိုက်၊ ကျွန်တော်မီးဖိုချောင်မှာ သွားကူလိုက်ဦးမယ်။ သူက အင်္ကျီလက်ကို ဆွဲတင်လိုက်သည်။
ရှန်ချီပင်းက သူ့ကိုစလိုက်သည်။ “မင်းလည်းဂရုစိုက်တတ်သေးတာလား?”
သူမပြောပြီးပြီးခြင်း ရှန်ချီရှင်းက မနက်ကဖြစ်ခဲ့တာကို ချက်ချင်းပြောပြလိုက်သည်။ “အစ်မလတ်၊ ကျွန်တော်ပြောဦးမယ်။ တတိယအစ်ကို မနက်က ဘယ်လောက်ထိစိတ်ပျက်ဖို့ကောင်းလဲသိလား…..”
ရှန်ချီဟွမ်းက သူ့ဇနီးလေး ဓားနှစ်လက်နှင့် အသားခုတ်နေသော မီးဖိုချောင်ကို အမြန်ပြေးသွားသည်။ “အနံ့ကမွှေးနေတာပဲ ဘာတွေပြင်နေတာလဲ?”
ရှန်းယုဟန်က အသားခုတ်တာရပ်လိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ဝက်သားပြုတ်ဟင်းလုပ်နေတာ ဒါနဲ့ အချိန်ကိုက်ရောက်လာတာပဲ… ကျွန်တော့်ကို ကူလှီးပေးပါဦး”
“အင်း၊ တခြားဘာလုပ်ချင်သေးလဲ?” ရှန်ချီဟွမ်းက တုံ့ဆိုင်းမနေပေ။
ရှန်းယုဟန်က ရှန်ချီပင်းပို့ပေးလိုက်သော ငါး၊ဂဏန်း၊ ပုဇွန်များပါဝင်သည့် ပင်လယ်စာထုတ်ကုန်သေတ္တာဘူးကို ညွှန်ပြလိုက်သည်။ “ကျွန်တော်တို့ ဒါတွေကိုအရင်လုပ်ရမယ်။ အစ်ကိုကြီးနဲ့အဖေက ဘယ်တော့ရောက်မှာလဲ?”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “မသိသေးဘူး။ ညစာက ခြောက်နာရီမှဆိုတော့ သူတို့ရောက်လာမှာပါ”
ရှန်းယုဟန်က ငါးစိမ်းများကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ဒါဆို ကျွန်တော် လွယ်တာလေးပဲချက်လိုက်မယ်။ လူကြီးတွေက ဆီပြန်ဟင်းသိပ်မစားဘူး။” သူက ဉာဏ်ကောင်းတာကြောင့် ရှန်ထျန်းဖုန်း ခွဲစိတ်ထားကြောင်း ကင်မရာရှေ့မှာ မပြောခဲ့ပေ။
“ကောင်းပြီ၊ ကိုယ်ဘာကူပေးရဦးမလဲ?” ရှန်ချီဟွမ်းက အသားမလှီချင်တာကို ဘာလို့ ဒီအလုပ်က သူ့ဆီပဲကျနေရတာလဲ?
“အကူအညီလိုရင် နောက်မှပြောမယ်၊ အရင်ဆုံးအသားလှီးပါ။” ရှန်းယုဟန်က သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။ “ယောကျာ်း၊ ပျင်းမနေနဲ့”
ထို့နောက် ရှန်ချီရှင်းနှင့် ရှန်ချီပင်းက စကားပြောပြီး ကူပေးဖို့ဝင်လာကြသည်။ လူလေးယောက်ရှိနေလို့ မြန်နေပြီး တစ်ယောက်က အရွက်ဆေး၊ တစ်ယောက်က ဟင်းခတ်အမွှေးအကြိုင်စပ်၊ တစ်ယောက်က ပဲအခွံခွာကာ ဒီထက်မြန်တာမရှိနိုင်တော့ပေ။
ညစာစားဖို့ အချိန်တစ်နာရီလိုသေးပြီး အေးသောဟင်းလျာများကို စားပွဲပေါ်မှာ အရင်ချပြီး ပူတာကို နောက်မှချသည်။
မီးဖိုချောင်က သွားရည်ယိုစေသော ရနံ့နှင့်ပြည့်နေသည်။
နောက်ဆုံးဟင်းလျာချပြီးနောက် ရှန်းယုဟန်က သက်ပြင်းမောချလိုက်၏။ တစ်ရက်နည်းနဲ့ ဟင်းပွဲအများကြီးမချက်တာ ကြာပြီဖြစ်၍ သူချက်ထားသော စားပွဲပေါ်ကဟင်းလျာအားလုံးကို မြင်ရသောအခါ စိတ်ချမ်းသာနေပြီး သူ့ခင်ပွန်းကိုကူပေးနိုင်တာကတော့ အကောင်းဆုံးဖြစ်၏။
ရှန်ချီရှင်းက မီးဖိုချောင်နှင့် ထမင်းစားခန်းကြားတွင် တတ်တက်ကြွကြွ ခေါက်တုံ့ခေါက်ပြန်ပြေးနေပြီး အစားအသောက် ကျွေးမွေးရန် တူနှင့် ဟင်းလျာများကို ပြင်ပေးနေသည်။
ရှန်ချီဟွမ်းက ဝိုင်ပုံးထဲတွင် ဝိုင်တစ်ပုလင်းထုတ်လာသည်။
သိပ်မကြာခင် တံခါးခေါင်းလောင်းမြည်လာခဲ့သည်။
ရှန်ထျန်းဖုန်းနှင့် ရှန်ချီယွမ်က တစ်ယောက်ပြီးတစ်ယောက်ဝင်လာသည်။
ဖိနပ်လဲပြီးနောက် သူက ထမင်းစားခန်းထဲကို တန်းသွားလိုက်သည်။ “ငါ ဝင်လာကတည်းက ယုဟန်က ကြက်သားစွပ်ပြုတ်အနံ့ကိုရနေတာ”
ရှန်းယုဟန်က မီးဖိုချောင်တံခါးကနေ ခေါင်းထွက်လာသည်။ “အဖေရောက်ပြီလား?”
“မင်းအရမ်းတော်တာပဲ၊ စားပွဲအပြည့်ပြင်ထားတာ။”
“ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ လေးယောက်လုံးအတူချက်ထားတာပါ။” အိမ်ကို လူအများကြီးလာတာရှား၍ သူသည်လည်း ဟန်ဆောင်မနေတော့ပဲ ကြည်နူးနေသည်။ လူတိုင်း၏အတွေးကို စိတ်မဝင်စားပဲ လက်ရှိမှာ သူအရမ်းပျော်နေသည်။
ရှန်ဂရုကို ရှန်ထျန်းဖုန်းက ရှန်ချီဟွမ်းအား လွှဲပြောင်းပေးခဲ့ပြီးဖြစ်၍ ပုံမှန်အားဖြင့် ရှန်းယုဟန်က တစ်ဖက်လူကို အကြောင်းပြချက်မရှိ မမုန်းနိုင်တာဖြစ်ပေမည်။
“အော် ငါက မင်းတို့ အိမ်အလုပ်နဲ့မတည့်ဘူးလို့ထင်တာ။”
“အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်ကဒီကိုလာတိုင်း အမြဲကူညီတယ်။ အလကားမစားဘူး။”
“သောက်ကလေး” ရှန်ချီယွမ်ကရယ်မောကာပြောလိုက်သည်။ “ငါက မကူပဲ အလကားစားတယ်လို့ စောင်းပြောတာလား?”
ရှန်ချီရှင်း၏ ကြားဖြတ်ပြောဆိုမှုကြောင့် လေထုက ပိုပြီးသာယာလာသည်။
မောင်နှမလေးယောက်က ရှန်ထျန်းဖုန်းနှင့် ညစာသီးသန့်စားခဲ့ရုံမကပဲ ယနေ့မှာ သူတို့က ရှန်းယုဟန်၏ ကောင်းချီးပေးခံခဲ့ရသည်။
လူတိုင်းထိုင်လိုက်ကြပြီး ရှန်ချီရှင်းက အားလုံးအတွက် ဝိုင်ဖြည့်ပေးလိုက်သည်။
ရှန်းယုဟန်က သူ့ရှေ့ကဝိုင်ခွက် တခြားသူများနှင့် မတူတာကို တွေ့တော့ ရှန်ချီဟွမ်းကို ဝမ်းနည်းသယောင်ကြည့်လိုက်သည်။ “ကျွန်တော့်အတွက်ဘယ်မှာလဲ?”
“မင်းသောက်ရဲသေးတယ်ပေါ့လေ?” ရှန်ချီဟွမ်းက သူ့ကို စိုက်ကြည့်နေသည်။
ရှန်းယုဟန်၏မျက်နှာက ပူနွေးသွားပြီး နေ့ခင်းကြောင်တောင် ဖြတ်သွားဖြတ်လာများ၏ ရဲစခန်းအပို့ခံလိုက်ရပုံကို သတိရသွားကာ လူတိုင်းက ရယ်မောလိုက်ကြသည်။
အားလုံးက ထိုကိစ္စကိုသိနေတာ သိသာသည်။
ရှန်းယုဟန်က ဝိုင်မြည်းချင်သောအတွေးကို စွန့်လွှတ်လိုက်ရသည်။ “ကောင်းပြီ၊ မသောက်ရဘူးဆို မသောက်ဘူးပေါ့”
ညစာစားပွဲတွင် ရှန်ထျန်းဖုန်းက ဘယ်သူ့ကိုမှ ဆုံးမတာမရှိပဲ လူတိုင်းက အစားအသောက်ကို အားရပါးရစားနေပြီး သူတို့စားလို့ပြီးခါနီးမှာ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောလိုက်ကြသည်။ အစ်ကိုကြီးနှင့်အစ်မလတ်က ကလေးတွေရှိတာကြောင့် ကလေးတွေအကြောင်းပြောကာ ရှန်ထျန်းဖုန်းကလည်း သူ့မြေးတွေအကြောင်းကို ဝင်ပြောခဲ့သည်။
အံ့သြဖို့ကောင်းတာက ရှန်းယုဟန်သည်လည်း စကားဝိုင်းမှာ အခက်အခဲမရှိ ပါဝင်နိုင်ခဲ့သည်။
အစ်မလတ်က ရာသီအပြောင်းအလဲကြောင့် သူမကလေး ချောင်းဆိုနေတယ်လို့ပြောတော့ ရှန်းယုဟန်က သူမကိုပြောလိုက်သည်။ “အစ်မလတ်၊ ကလေးကိုဖြည့်စွက်စာကျွေးကြည့်ပါ။ တရုတ်ဆီးသီးနဲ့ သစ်တော်သီးကို ပြုတ်တိုက်ရုံပဲ၊ ကျွန်တော် အရင်တုန်းက ချောင်ဆိုးရင် ကျွန်တော့်မိသားစုက ပြုတ်တိုက်လေ့ရှိတယ်။ ပြီးရင် နှစ်ရက်နည်းနဲ့ ပျောက်သွားရော”
ရှန်ချီပင်းက လတ်တလောမှာ သူမကလေး၏ ချောင်းဆိုးခြင်းကြောင့် ဒုက္ခရောက်နေခဲ့ပြီး သူမက နည်းလမ်းအမျိုးမျိုးကို ကြိုးစားခဲ့ပေမယ့် တိုးတက်မှုမရှိပေ။ “ကောင်းပြီ၊ ငါအိမ်ရောက်ရင် တိုက်ကြည့်မယ်။”
“ကျွန်တော်အညွှန်းရေးပေးမယ်။ ပြီးရင် အဆင်ပြေသလိုလုပ်လိုက်ပါ” ရှန်းယုဟန်က အညွှန်းရေးပေးဖို့ ဘောပင်နှင့်စာရွက်သွားယူသည်။
သူက ခေတ်သစ်၏ရိုးရှင်းသောစုတ်တံကိုသုံးကာ အနီးကပ်မကြည့်ရင် စုတ်တံထိပ်က ပျော့နေတာကို မြင်နိုင်မှာမဟုတ်ပေမယ့် သူကတော့ လက်မှတ်ထိုးဘောပင်လို လွယ်လွယ်သုံးနိုင်ခဲ့သည်။ ထို့နောက် ရေးပြီးပြီးခြင်း ရှန်ချီပင်းကိုပေးလိုက်သည်။
ရှန်ချီပင်းက စာရွက်ကို အကြာကြီးကြည့်နေ၏။ “မင်းလက်ရေးက တကယ်လှတာပဲ”
ရှန်ထျန်းဖုန်းက သူမဆီကတောင်းလိုက်သည်။ “ငါလည်းကြည့်ဦးမယ်။” သူက ကြည့်ပြီးတော့ ခေါင်းညိတ်လိုက်သည်။ “ယုဟန်၊ မင်း အဘိုးကြီးကျန်းနဲ့ တခြားသူတွေအတွက် စာရေးပေးတယ်လို့ကြားတယ်။ ငါ့အတွက် ဘာလို့မရေးပေးတာလဲ”
ထိုအချိန်မှာ ရှန်းယုဟန်က ငြင်းစရာမရှိတော့ပဲ ပရိုဂရမ်အဖွဲ့ကလည်း သူရေးနေတာကို ရိုက်ကူးလို့ရမလား လာဆွေးနွေးခဲ့သည်။
ရှန်းယုဟန်က လက်ခံလိုက်သည်။
ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းကို တိတ်တဆိတ်ကြည့်နေသည်။ သူ့ဇနီးက ပင်ပန်းနေတာကို စာရေးပေးရဦးမယ်။ ပရိုဂရမ်ပြီးရင် သူ့ဇနီးကိုဖွက်ထားပြီး ဘယ်သူ့အတွက်မှ မရေးပေးခိုင်းတော့ဘူး။ ဟွန့်…
အားလုံးပြင်ဆင်ပြီးတော့ ရှန်းယုဟန်က ရှန်ထျန်းဖုန်းကိုမေးလိုက်သည်။ “အဖေ၊ ဘယ်စာလုံးကိုရေးချင်လဲ?”
ရှန်ထျန်းဖုန်းက ခဏစဥ်းစားလိုက်သည်။ “ဒါကိုရေးလိုက်၊ မိသားစုစည်းလုံးညီညွတ်စွာနေထိုင်ပါက စီးပွားတိုးတက်မည်။”
ဒါပေါ့ ရှန်းယုဟန်က ထိုစကားလုံးကို မကောင်းဘူးလို့ မပြောနိင်ပေ။ သူက ရှန်ထျန်းဖုန်း ဆိုလိုချင်တာကိုသိပြီး သူ့ခင်ပွန်းနှင့် တခြားသူများကလည်း နားလည်ကြသည်။
ရေးလိုက်ရအောင်..
ရှန်ချီဟွမ်းက သူ့ဘေးမှာ မှင်ကြိတ်ပေးနေပြီး ရှန်းယုဟန်က အကောင်းဆုံးစုတ်တံကို ရွေးချယ်ပြီး မှင်ထဲနှစ်ကာ ရေးချလိုက်သည်။ ‘မိသားစုစည်းလုံးညီညွတ်စွာနေထိုင်ပါက စီးပွားတိုးတက်မည်’ သူက မရပ်မနားတစ်ခါတည်းရေးလိုက်သည်။
တခြားလူတွေ သူ့လက်ရေးကိုဘယ်လိုမြင်လဲ သူမသိပေမယ့် သူ့အရေးအသားနှင့်ပုံစံက ပြောင်းလဲသွားတာသူသိသည်။ သူ့အရင်အရေးအသားက ပျော့ပြောင်းပြီး စူးရှသောဆွဲချက်မပါပေ။ သူ့အစ်ကိုကြီးက သူ့ကို ရင့်ကျက်မှုသိပ်မရှိဘူးလို့ အမြဲပြောခဲ့ပြီး လက်ရှိသူ့လက်ရေးကို ကြည့်လိုက်ရာမှာ သူက ပိုပြီးရင့်ကျက်လာသလိုပင်။ သူ့မူလအရေးအသားနှင့် ကွာခြားနေပြီး အသက်ဝင်ကာ ယုံကြည်မှုပိုရှိလာပုံပင်။
သူက စာပိုဒ်ကိုရေးခဲ့သည်။
ဒါရိုက်တာက သူတို့မိသားစုဓာတ်ပုံကိုရိုက်ခဲ့သည်။
တတိမြောက်နေ့ရိုက်ကူးရေးပြီးတော့ ပရိုဂရမ်အဖွဲ့က ကျေးဇူးတင်စကားပြောကာ ပြန်သွားကြသည်။
အားလုံးက သာမန်ပဲလို့ထင်ရပေမယ့် ကွာခြားမှုတစ်ခုခုရှိနေသည်။
ရှန်ချီပင်းက သူမ အိမ်ပြန်တော့မယ်လို့ပြောပြီး သူမက ရှန်းယုဟန် ချက်ကျွေးသော ခိုသားချက်နည်းကို တောင်းနေသည်။
ရှန်ထျန်းဖုန်းက ရှန်းယုဟန်ဖျော်ပေးသော လက်ဖက်ရည်ကိုသောက်ကာ ခဏထိုင်ပြီးမှ ပြောလိုက်သည်။ “လောင်စန်း၊ စာဖတ်ခန်းဘယ်မှာလဲ၊ ငါမင်းကိုပြောစရာရှိလို့”
ရှန်ချီဟွမ်း ရှန်ဂရုကို လက်လွှဲမယူခင် သူတို့သားအဖက စကားမပြောဖြစ်ကြပေမယ့် ယခု သူက နှစ်ယောက်တည်း စကားပြောချင်နေမယ်လို့ မမျှော်လင့်ခဲ့ပေ။
ယခုချိန်တွင် ရှန်ချီယွမ်က ဧည့်ခန်းထဲမှာ ရှန်ချီရှင်းနှင့် အေးအေးဆေးဆေးစကားပြောနေသည်။
ရှန်းယုဟန်က တမင်တကာရှောင်ပေးပြီး ဖန်လုံအိမ်ထဲသွားခဲ့သည်။
သူ့ခင်ပွန်းထွက်လာမှသာ သူက အိမ်ထဲပြန်ဝင်လာသည်။
လူတိုင်းကို ပြန်ပို့ပြီးနောက် အိမ်ကြီးက တိတ်ဆိတ်သွားပြီး ရှန်းယုဟန်က ပင်ပန်းလွန်းတာကြောင့် သူ့ခင်ပွန်း၏ ရင်ခွင်ထဲကို ဝင်နေသည်။ “ယောကျာ်း၊ ချက်ပြုတ်ရတာပင်ပန်းလိုက်တာ”
ရှန်ချီဟွမ်းက သူ့လက်မောင်းကို အသာနှိပ်ပေးလိုက်သည်။ “နောက်တစ်ခါမလုပ်နဲ့တော့”
ရှန်းယုဟန်က အသာရယ်လိုက်သည်။ “ဒါပေမယ့် ကျွန်တော်က ချက်ရတာပျော်တယ်လေ”
ရှန်ချီဟွမ်းက ကြည်စင်နေသော သူ့မျက်လုံးကိုကြည့်ကာ သူမလိမ်ဘူးဆိုတာသိတာကြောင့် ခေါင်းငုံ့ပြီး သူ့မျက်ဝန်းကိုနမ်းလိုက်၏။ “ကျေးဇူးပါ”
“ကျွန်တော့်ကိုကျေးဇူးမတင်နဲ့လို့ ပြောထားတယ်လေ” ရှန်းယုဟန်က သူ့ခေါင်းကိုဆွဲချပြီး ပါးစပ်ထောင့်ကိုနမ်းလိုက်၏။
ရှန်ချီဟွမ်းက ရယ်မောလိုက်ပြီး သူ့ဇနီးလေးကတော့ ပုံမှန်လိုပင် တက်ကြွနေသည်။ “အိုခေ… ကျေးဇူးမတင်ပါ”
–
နောက်တစ်နေ့တွင်။
ရှန်ချီဟွမ်းက ကားပေါ်မှာထိုင်ပြီး ကုမ္ပဏီကိုသွားနေသည်။ လက်ထောက်ချွီလည်း ကားပေါ်မှာရှိ၏။
လက်ထောက်ချွီကပြောလာသည်။ “သူဌေး၊ မနေ့ကစုံစမ်းခိုင်းထားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး မေးဖို့လူတစ်ယောက်တွေ့လာခဲ့တယ်။”
ရှန်ချီဟွမ်းကသူ့ကိုမေးလိုက်သည်။ “ဘယ်လိုလဲ?”
လက်ထောက်ချွီက သူ့ကို အချက်အလက်ပြောပြလိုက်သည်။ “ကျွန်တော်တို့ မစ္စတာရှန်းရဲ့ အိမ်နီးချင်းဟောင်းကို တွေ့ခဲ့တယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူကမှ နိုင်ငံခြားပြောင်းသွားတာမရှိဘူး။ တက္ကသိုလ်ကနေဘွဲ့ရပြီး နိုင်ငံခြားမှာ ပညာဆည်းပူးဖို့ နှစ်နှစ်လောက်ထွက်သွားတဲ့လူတော့ရှိတယ်။ ဒါပေမယ့် သူက အသက်အရွယ်မမှန်ဘူး။ သူ့အသက်က သုံးဆယ်ကျော်ဖြစ်ပြီး မိသားစုထူထောင်ခဲ့တာကြာပြီ။”
ရှန်ချီဟွမ်းကမျက်မှောင်ကြုတ်သည်။ “အစောပိုင်းကများ ဖြစ်နေမလား?”
လက်ထောက်ချွီ: “မဖြစ်နိုင်ဘူး။ ဒါပေမယ့် အဲ့ဒီနားတစ်ဝိုက် အိမ်ဟောင်းမှာနေတဲ့သူတွေက ပြည်တွင်းကပဲ။ အားလုံးက တစ်ယောက်နောက်ခံ တစ်ယောက်သိကြတယ်။ ဒါကြောင့် အဲ့လိုလူမျိုးတော့မရှိဘူး။ ကျွန်တော်ထပ်စုံစမ်းပေးရမလား? အဲ့ဒီမှာ ဆွေမျိုးတစ်ယောက်လောက်တော့ ရှိနေမယ်ထင်တယ်။”
ရှန်ချီဟွမ်းကခေါင်းခါလိုက်သည်။ “ထားလိုက်တော့၊ စစ်ဆေးဖို့မလိုတော့ဘူး။
ရှန်းယုဟန်က စိတ်ရင်းနဲ့ပြောခဲ့တာပါ။ သူက သူ့ကိုလိမ်ဖို့ ဘာလို့လုပ်ဇာတ်ဖန်တီးခဲ့ရတာလဲ?