no

Font
Theme

Chapter 82.1

“ဒါ ကျွန်တော်နဲ့ သူ့ရဲ့ကိစ္စပါ”

T/N: Warning, mention of suicide.]

[ T/N: သတိပေးချက် သတ်သေခြင်းအကြောင်းအရာပါဝင်သည်]

“ဒါဆို အဖေကဘာပြောခဲ့သေးလဲ?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ပါးစပ်ထဲကို စတော်ဘယ်ရီထည့်ပေးလိုက်သည်။

ရှန်ယုဟန်က သင်္ချိုင်းမှထွက်လာကာ အိမ်ပြန်ရောက်ပြီဖြစ်သည်။ သူက ယခုလေးတင် ထမင်းစားခဲ့ပြီး ရှန်ချီဟွမ်းကိုမှီကာ ရသစုံရှိုးကြည့်နေသည်။ ရှိုး၏ တစ်သက်တာဧည့်သည်နှစ်ယောက်မှာ လူရွှင်တော်နှစ်​ယောက်ဖြစ်၏။ ရှန်းယုဟန်က အရယ်မရပ်နိုင်တော့ပဲ ရှေးခေတ်မှာပဲဖြစ်ဖြစ် ခေတ်သစ်မှာပဲဖြစ်ဖြစ် ပျင်းစရာကောင်းသော အပိုင်းများနှင့် ပတ်သတ်လာလျှင် လူသားတွေက လူရွှင်တော်သရုပ်ဆောင်များကို သဘောကျကြသည်။

ရှန်းယုဟန်ကမပြောခင် စတော်ဘယ်ရီကို မြိုချလိုက်သည်။ “ယောကျာ်း၊ အကြီးကြီးမကျွေးနဲ့၊ သေးသေးလေးပဲထည့်ပေး”

ရှန်ချီဟွမ်းက အသေးတစ်ခုကောက်ကိုင်လိုက်၏။ “ကောင်းပြီဲ၊ ဒါဆို အဖေ၊အမေနဲ့ အဲ့ဒီ ယန်ကျောင်း ဘာဆက်ဖြစ်လဲ အရင်ပြောပြဦး”

ရှန်းယုဟန်က သူ့ခြေထောက်ကိုမြှောက်ပြလိုက်၏။ “ယောကျာ်း၊ ကျွန်တော်ဒီနေ့တောင်ပေါ်က ဆင်းလာတာ၊ ​​ခြေထောက်နာတယ်”

ရှန်ချီဟွမ်းက စတော်ဘယ်ရီကိုင်ထားသောလက်ကို ကြည့်လိိုက်သည်။ “မင်းစတော်ဘယ်ရီကို ခြေထောက်အရသာနဲ့စားချင်လား?” သူ့ရဲ့ဇာတ်လမ်းနားထောင်ချင်စိတ်ကို လာကစားရဲသေးတယ်

ရှန်းယုဟန်က တခစ်ခစ်ရယ်သည်။ “ကောင်းပြီ၊ ​ပြောပြပါမယ်။ ခင်ဗျားအဖေနဲ့အမေက တကယ်ကိုစိတ်ဝင်စားစရာပဲ”

“မင်းပြောပြမှာလား မပြောပြဘူးလား၊ မပြောရင် အခန်းပြန်အိပ်တော့မယ်။” ရှန်ချီဟွမ်းက ဆိုဖာပေါ်မှ ထွက်ခွာဖို့ ခြိမ်းခြောက်နေသည်။

“အာ၊ ယောကျာ်း… မသွားပါနဲ့” ရှန်းယုဟန်က သူ့လက်မောင်းကို ကမန်းကတန်းဖက်လိုက်၏။ သူ့ခင်ပွန်းထွက်သွားရင် မှီစရာရှိတော့မှမဟုတ်။ “ပြောပြမယ်၊ ပြဿနာမရှာတော့ဘူး”

ရှန်ချီဟွမ်း: “မင်းမပြောဘူးထပ်လုပ်ရင် မင်းမျက်နှာကိုလှီးပြီး ဘီလူးဖြစ်အောင် ပြောပေးလိုက်မယ်။”

“မလုပ်ပါနဲ့” ရှန်းယုဟန်က သူ့မျက်နှာကို ကာလိုက်သည်။ ရှန်းကောအာက ငယ်စဥ်ကတည်းက အမြဲအချစ်ခံခဲ့ရပြီး သူက သူ့မျက်နှာကိုကာကွယ်နေသည်။ “ဒါကဒီလို၊ ခင်ဗျားအဖေရဲ့မိဘတွေဖြစ်တဲ့ ခင်ဗျားအဘိုးနဲ့ အဘွားက ယန်ကျောင်းမိသားစုနဲ့ လက်ထပ်ပွဲကိုဖျက်ပေးဖို့ သဘောတူခဲ့ပေမယ့် ကာယကံရှင်နှစ်ယောက်က အဲ့လိုမလုပ်ချင်ခဲ့ဘူး။ အဲ့ဒီအချိန်က ခင်ဗျားအဖေ ယန်ကျောင်းကို ချစ်မိနေတာ နားလည်သွားပြီး အချစ်အတွက် တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ရှန်မိသားစုက ဒေဝါလီခံလိုက်ရတော့ သူတို့မှာ လူအင်အားနဲ့ အရင်းမြစ်တွေမရှိဘူး။ ကိစ္စတွေကိုလည်ပတ်စေဖို့ အာဏာမဲ့နေခဲ့တယ်။ မစ်ယန်ကလည်း သူမမိသားစုကို ပုန်ကန်နေပေမယ့် အချင်းချင်းတိုက်ခိုက်နေကြတုန်းမှာ ယန်မိသားစုက မစ်ယန်အတွက် သင့်တော်တဲ့သူကို ရှာတွေ့ခဲ့တယ်။ တစ်ဖက်လူက အဆင့်မြင့်အရာရှိတစ်ယောက်ပဲ”

ရှန်ချီဟွမ်းက သူတို့ဆက်ဆံရေးကို ချိန်ဆခဲ့သည်။ “အဲ့ဒါမကောင်းဘူးလား? မိသားစုက လူမှုအဆင့်အတန်းနဲ့ဆိုရင် လိုက်ဖက်တယ်။ အဲ့ဒီတုန်းက လက်ထပ်တာက အကြံဆိုးမဟုတ်ပါဘူး”

“ဒါပေမယ့် ပြဿနာက သူမက ခင်ဗျားအဖေကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တာ။ သူ့တစ်ယောက်တည်းကိုပဲ နှလုံးသားထဲထည့်ပြီး လက်ထပ်ချင်ခဲ့တာ။” ရှန်းယုဟန်က ရှန်ချီဟွမ်း၏မျက်နှာကိုကြည့်ကာ လက်နဲ့ထိလိုက်၏။ “ကျွန်တော့်ယောကျာ်းက အရမ်းခန့်တာပဲ။ ခင်ဗျားအဖေလည်း အဲ့ဒီတုန်းက ခင်ဗျားရဲ့ တစ်ဝက်လောက် ခန့်ညားမယ်လို့ထင်တယ်”

ရှန်ချီဟွမ်းက သူ့ဇနီးလေး၏ ချီးကျူးခံလိုက်ရလို့ ပျော်ရွှင်သွားသည်။ သူက သူ့နှုတ်ခမ်းကို မွပြီး ကျိုးနွံသလိုဟန်ဆောင်ကာ ပြောလိုက်၏။ “ကိုယ့်ရုပ်က သာမန်ပါပဲ။ ကျေးဇူးပါ…. မဒမ်… ကျွန်တော့်ကိုစိတ်ကူးယဥ်ပေးလို့”

ရှန်းယုဟန်ကရယ်သည်။ “အတိုချုပ်ပြောရရင် သူတို့က မခွဲချင်ကြဘူး။ ဒါကြောင့် အဲ့ဒီအချိန်က မစ်ယန်ရဲ့ အချစ်ဆုံးသူငယ်ချင်း ခင်ဗျားအမေပေါ်လာတယ်။ မစ်ယန်က သူမကို အကြံပေးဖို့ အကူအညီတောင်းခဲ့တယ်။”

“အဲ့ဒီအချိန်မှာ ကိုယ့်အမေက အဖေ့ကိုချစ်သွားတာလား?” ရှန်ချီဟွမ်းက ဇာတ်ကြောင်းကို စတင်ခန့်မှန်းလိုက်သည်။

“အဲ့ဒီမှာမဟုတ်သေးဘူး။ ခင်ဗျားအဖေက မစ်ယန်ရဲ့အရှေ့မှာ ပေါ်လာတာရှားတယ်။” ရှန်းယုဟန်က သူ့ကိုဆက်ပြောပြသည်။ “ဒါပေမယ့်တစ်နေ့မှာ သူတို့တွေ့ခဲ့ကြပြီး မစ်ယန်က ခင်ဗျားအမေကို ခင်ဗျားအဖေနဲ့မိတ်ဆက်ပေးခဲ့တယ်။ ပြီး​တော့ ခင်ဗျားအမေက ခင်ဗျားအဖေကို မြင်မြင်ချင်းချစ်သွားတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက သုံးယောက်လုံး အနာဂတ်မှာ ​ဘာဖြစ်လာမလဲဆိုတာ မသိခဲ့ကြဘူး။”

“သူမအကျင့်စရိုက်နဲ့ဆိုရင် သူမသဘောကျရင် အရယူမှာပဲ။” ရှန်ချီဟွမ်းက သူ့အမြင်ကို ခန့်မှန်းလိုက်သည်။

ရှန်းယုဟန်ကပြောလိုက်သည်။ “မှန်တယ်။ သူမက မစ်ယန်ကို ခင်ဗျားအဖေနဲ့လမ်းခွဲဖို့ အကြံအရင်ပေးခဲ့တယ်။ သူမက ခင်ဗျားတို့ရှန်မိသားစုအဆင်ပြေလာအောင် ရှန်မိသားစုထဲအရင်းနှီးထည့်ပေးဖို့ ခင်ဗျားရဲ့အဘိုးအဘွားကို သွေးဆောင်လို့ရတယ်လို့လည်း ပြောခဲ့တယ်။ ဒါမှ သူမက ခင်ဗျားကိုလက်ထပ်လို့ရမှာလေ။ မစ်ယန်က ခင်ဗျားအဖေကို အရမ်းချစ်တော့ မစဥ်းစားပဲနဲ့ စေ့စပ်ပွဲဖျက်ပေးဖို့ သဘောတူခဲ့တယ်။ ဒါပေမယ့် ခင်ဗျားအမေပြောခဲ့တဲ့ ပိုက်ဆံတွေ ဘယ်တော့မှရောက်မလာခဲ့မှန်း သူမမသိခဲ့ရဘူး။ မစ်ယန်ရဲ့မိဘတွေက သူမကို အဆင့်မြင့်အရာရှိနဲ့ လက်ထပ်ပေးတော့မှာမို့ သူမမိသားစုက သူမကို အိမ်မှာပိတ်ထားပြီး ခင်ဗျားအဖေကို သွားတွေ့ခွင့်မပေးခဲ့ဘူး။”.

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လည်ချောင်းရှင်းဖို့ ရေတစ်ခွက်ပေးလိုက်သည်။ “ပြီး​တော့ဘာဖြစ်လဲ?”

ရှန်းယုဟန်က ဆက်ပြောသည်။ “ဒါပေါ့၊ ခင်ဗျားအဖေက အဲဒီအချိန်မှာ စိတ်ညစ်နေပေမယ့် ခင်ဗျားအမေက သူမမိဘတွေ အခုထိသဘောမတူလို့ တိုက်ခိုက်နေဆဲလို့ ပြောခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းမှာ သူမက ဒီအကြောင်းတွေကို သူမမိဘတွေကို မပြောပြခဲ့ဘူး။ သူမက ခင်ဗျားအဖေကိုချစ်နေလို့ မစ်ယန်ကို လက်လွှတ်ပေးဖို့ပြောပြီး သူနဲ့အတူရှိချင်ခဲ့တာ။”

“ဒါဆို ငါ့အဖေက ဉာဏ်မမီတာလည်းမဟုတ်ဘူး။ သူကအရူးလား?” ကိစ္စတွေက ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတယ်…

ရှန်းယုဟန်: “ဒါပေါ့၊ သူက ခင်ဗျားအမေ သူ့ကိုလှည့်စားနေတယ်လို့ ခန့်မှန်းခဲ့သေးတယ်။ ပြီးတော့ မစ်ယန်ရဲ့မင်္ဂလာပွဲ နီးလာတာကို သိလိုက်ရပြီး စိတ်သောကရောက်လွန်းလို့ ပါးစပ်ဖောင်းကြွနာဖြစ်ခဲ့သေးတယ်။ သူက ယန်မိသားစုကိုပြေးသွားပေမယ့် ယန်မိသားစုက သူတို့စေ့စပ်ပွဲဖျက်ပြီးတာမို့ ထပ်တွေ့ခွင့်မပေးခဲ့ဘူး။”

ရှန်ချီဟွမ်း: “ဒါက သူတို့နှစ်ယောက် နောက်ဆုံးတွေ့တဲ့အချိန်လား?”

ရှန်းယုဟန်: “မဟုတ်ဘူး။ ခင်ဗျားအဖေက သူ့ကိုယ်သူအရည်အချင်းမရှိဘူးလို့တွေးပြီး အဲ့ဒါ​ကြောင့် သူချစ်တဲ့လူကို မရနိုင်ခဲ့တာလို့ ခံစားရပြီး အရက်သောက် မူးရူးနေခဲ့တယ်။ အဲ့ဒီနောက်မှာ သူအမှားတစ်ခုလုပ်မိသွားတယ်။ မူးနေတုန်း ရုပ်ပိုင်းဆိုင်ရာဆက်နွယ်မှုတစ်ခုလုပ်ခဲ့တာ။”

“အဖေက မင်းကို ဒီအကြောင်းလည်းပြောပြတာလား?” သူ့ဇနီးကတစ်ခုခုတော့ တစ်ခုခုပဲ….

ရှန်းယုဟန်: “ကျွန်တော်ကနားထောင်နေရုံပါ။ သူက ဒီကိစ္စကို လျို့ဝှက်ထားလို့ ထပ်ပြီး မဖုံးကွယ်ချင်တော့ဘူးလို့ပြောတယ်။ သူက မစ်ယန်ကို မကြာခင်တွေ့ရတော့မှာမို့ သူမကိုတောင်းပန်လို့ရတယ်တဲ့”

ရှန်ချီဟွမ်း: “မူးပြီးလိင်ဆက်ဆံတော့ ဘာဖြစ်သွားလဲ? အဲ့ဒါငါ့အမေနဲ့လား?”

ရှန်းယုဟန်: “အဲ့ဒါသူမပဲ။ သူမက မယုံနိုင်စရာတစ်ခုခုကို ထပ်လုပ်ခဲ့သေးတယ်။ သူမက မစ်ယန်ကိုဆွဲဆောင်ဖို့ ကုမိသားစုကို အကူအညီတောင်းပြီး အခန်းထဲမှာ သူတို့နှစ်ယောက်အိပ်နေတဲ့မြင်ကွင်းကို မြင်စေခဲ့တယ်။”

ရှန်ချီဟွမ်း: “ငါ့အဖေက အဲ့ဒီတုန်းက ငယ်သေးတယ်။ တစ်ခုခုဖြစ်ရင် မတည်ငြိမ်နိုင်တော့ပဲ စိတ်ရှုပ်သွားမှာ။ သူက အမျိုးသမီးနှစ်ယောက်ကို တစ်ပြိုင်နက်ဖျက်စီးမိပြီလို့ တွေးမှာပဲ။ တစ်​​​​ယောက်ကို သူစိတ်ပျက်စေခဲ့တယ်။ တစ်ယောက်က လက်မထပ်ရသေးတဲ့အပျိုလေး၊ အဲ့ဒီတုန်းက သူ့ကိုထောင်ဖမ်းခဲ့တာ ငါ့အမေမှန်း သူသေချာပေါက် သိခဲ့မှာမဟုတ်ဘူး။”

ရှန်းယုဟန်: “ဟုတ်တယ်။ ခင်ဗျားအမေရဲ့ ရှင်းပြချက်အရ သူမက သူ့ကိုပိုက်ဆံပေးမယ်လို့ သွားပြောခဲ့တာ​။ နောက်တော့ မစ်ယန်မြင်သွားတဲ့အရာဖြစ်လာခဲ့တာပဲ။ မစ်ယန်က သူမရူးသွားမှာ​တောင်ကြောက်နေခဲ့တယ်။ တစ်ယောက်က သူအမြဲလက်ထပ်ချင်ခဲ့တဲ့ ယောကျာ်းတစ်ယောက်၊ တစ်ယောက်က သူ့သူငယ်ချင်း။ သူတို့နှစ်ယောက်က သူမကို သစ္စာဖောက်ခဲ့တာ။ သူမက ခင်ဗျားအမေကိုလည်း အားနာနေပြီး သူမမိဘတွေရဲ့ဖိအားလည်းရှိနေတော့ နောက်ဆုံးမှာ အဲ့ဒီအဆင့်မြင့်အရာရှိနဲ့ လက်မထပ်ပဲ သူမမင်္ဂလာပွဲမတိုင်ခင် ရေကန်ထဲကုန်ချပြီး သတ်သေသွားခဲ့သည်။”

ရှန်ချီဟွမ်း: “ကပ်ဘေးတစ်ခုအတွက် ဘယ်သူမှအပြစ်မကင်းခဲ့ဘူး။”

(မစ်ယန်ရဲ့သေဆုံးမှုအတွက် ရှန်ချီဟွမ်းမိဘတွေနဲ့ မစ်ယန်ရဲ့မိသားစုမှာ တာဝန်ရှိတယ်လို့ဆိုလိုတာပါ။)

“ဒီစာကြောင်းက အဓိပ္ပါယ်ရှိတယ်” ရှန်းယုဟန်က ထိုစကားက အတော်လေးလေးနက်တယ်လို့ ခံစားလိုက်ရသည်။ “နောက်ဆက်တွဲဘာဆက်ဖြစ်လဲ ခင်ဗျားခန့်မှန်းမိမှာပေါ့။ ခင်ဗျားအမေမှာ ခင်ဗျားအစ်ကိုကြီးရှိနေပြီး ခင်ဗျားအဖေက မိသားစုနဲ့ ခင်ဗျားအမေရဲ့ ဖိအားနှစ်ဆကြောင့် သူမကို လက်ထပ်ခဲ့ရတယ်။ မစ်ယန်ထွက်သွားပြီး သုံးလအကြာမှာ လက်ထပ်ပွဲကျင်းပခဲ့တယ်။”

ရှန်ချီဟွမ်း သက်ပြင်းမောချသည်​။ “ဒီမစ်ယန်က လူနှစ်ယောက်ရဲ့ အမှားအတွက် ပေးဆပ်ခဲ့ရတာပဲ။ ဘယ်သူမှ သူနဲ့မထိုက်တန်ဘူး။”

ရှန်းယုဟန်က သူ့လက်မောင်းထဲမှာမှီလိုက်သည်။ “ယောကျာ်း… အဲ့ဒါတွေက ခင်ဗျားအဖေရဲ့ တစ်ဖက်သက်စကားတွေလား ကျွန်တော်မသိဘူး။ နားပဲနား​ထောင်ခဲ့တာ။ ပြီးတော့ အဲ့ဒါက အရင်မျိုးဆက်ရဲ့ ရန်ငြိုးတွေပဲ။ ကျွန်တော်က ခင်ဗျားနဲ့ ဘဝသေးသေးလေးမှာ နေချင်ရုံပါ။ ခင်ဗျားနေ့တိုင်းဘေးကင်းလုံခြုံရမယ်နော်”

“ကိုယ်လည်းပဲ” ရှန်ချီဟွမ်းက သူ့ဇနီးစကားပြောကောင်းပြီး ရံဖန်ရံခါ ရင်ထဲကစကားတွေ ဖွင့်ဟလာတာ ခံစားမိသည်။

ရှန်းယုဟန်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ့ခင်ပွန်းကိုပြောဖို့မေ့သွားသည်။ “အော်..စကားမစပ်.. ခင်ဗျားအဖေကပြောခဲ့သေးတယ်။ သူအနားယူချင်လို့ ရှန်မိသားစုကို ခွဲတော့မယ်တဲ့”

ရှန်ချီဟွမ်းကခေါင်းညိတ်လိုက်သည်။ “ငါနားလည်ပါတယ်။” ​မြေခွေးအိုကြီးက ရှန်ဂရုကို တစ်သက်လုံးထိန်းချုပ်လာပြီး မိသားစုကိုခွဲဝေဖို့ တကယ်ဆန္ဒရှိတာလား? ဒါမှမဟုတ် သူ့မှာတခြားအစီအစဥ်တွေရှိသေးတာလား?

မိသားစုခွဲတာက မိသားစုခွဲတာပဲ၊ ရှန်မိသားစု ဘယ်ဆက်ခံသူလက်ထဲရောက်မလဲမသိနိုင်ပေ။

ရှန်ထျန်းဖုန်းက ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းကို အချက်အလက်တွေ ထုတ်ဖော်ရုံသာမက ရှန်တစ်မိသားစုလုံးက ထိုအကြောင်းသိသွားခဲ့၏။ ယခုလက်ရှိမှာ တခြားအိမ်တော်သုံးအိမ်က ပို၍ပင် စိတ်မသက်မသာဖြစ်နေပေမယ့် ကုပီချင်းက ရုတ်တရက်တိတ်ဆိတ်သွားပြီး သူ့ကိုကျိန်ဆဲဖို့ ပြေးမသွားခဲ့​ပဲ သူမကြည့်ရတာ တစ်ခုခုကိုဆုံးရှုံးခဲ့ရလို့ စွန့်အသွားသလိုပင်။

ရှန်းယုဟန်က သူမကို စိတ်ဝင်စားစရာကောင်းတယ်လို့ တွေးနေခဲ့သည်။ သူမက သီလရှင်တစ်ယောက်ပဲကို လောကီရေးရာကိစ္စတွေမှာ ဘာလို့စွက်ဖက်နေရတာလဲ?

&&&&&&&&&&&&&&&

Chapter 82.2

“ဒါ ကျွန်တော်နဲ့ သူ့ရဲ့ကိစ္စပါ”

ရှန်မိသားစုဘက်တွင် စည်ကားနေပြီး ရှေးဟောင်းသုတေသနအဖွဲ့ဘက်တွင် သတင်းကောင်းများ မကြာခဏရောက်ရှိလာသည်။ ရှောင်လီနှင့် အကိုယန်က သူတို့၏ အလုပ်ရှုပ်သောနေ့ရက်များ ကုန်ဆုံးသွားသဖြင့် ရှန်းယုဟန်နှင့် စကားပြောဖို့ အချိန်ရှိလာ၏။

သူတို့က အုတ်ဂူမှာ ရှာဖွေတွေ့ရှိမှုအသစ်များ ရှိနေတယ်လို့ပြောခဲ့ပြီး သခင်မလေးရှန်းကို မှတ်မိလားလို့ သူတို့ကမေးလာခဲ့သည်။ ရှန်းယုဟန်က သူမှတ်မိတယ်လို့ပြောပြီး သူတို့က ယခုတစ်ကြိမ်မှာ တိုးတက်မှုအသစ်တွေ ရှိတယ်လို့ပြောလာသည်။ သူနဲ့ပတ်သတ်သော အချက်အလက်အများကြီးကို ရှာတွေ့ခဲ့ပြီး တိုက်ရိုက်သက်ဆိုင်သော ပစ္စည်းများမဟုတ်သော်လည်း သူ့ဖြစ်တည်မှုကိုမှတ်တမ်းတင်ထားသည့် အရှိန်အဝါကြီးသောမှတ်တမ်းများသာဖြစ်၏။

ရှန်းယုဟန်က ယခုချိန်တွင် စကားမပြောရဲတော့ပဲ သူက သူ့အသံတုန်ယင်နေမှာကို စိုးရိမ်မိသည်။ သူက ရှောင်လီကို သူတို့မှာ ဘယ်လိုအချက်အလက်မျိုးရှိလဲ မေးခဲ့သည်။ ရှောင်လီမဖြေနိုင်ခင်မှာ ကြီးကြပ်ရေးမှူးလျန့်က သူ့ကိုခေါ်ပြီး နောက်နှစ်ရက်နေရင် ပြတိုက်မှာ ကူညီပေးနိုင်မလား မေးလာသည်။ အတွင်းသူလျှို ရှောင်လီနှင့်အတူ ရှန်းယုဟန်က ချက်ချင်းသဘောတူလိုက်သည်။

နောက်နေ့မှာ သူက ဘောဒီဂတ်ကိုခေါ်ကာ ယဥ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးစင်တာကို ထွက်ခွာလာခဲ့သည်။ ဒီတစ်ကြိမ်မှာ​တော့ သူက တခြားသူများနှင့် ပြွတ်ကျပ်နေအောင် စီးစရာမလိုပဲ သူ့ခင်ပွန်းက လေယာဥ်တစ်စီးဝယ်ထားပေးလို့ အဆင်ပြေနေသည်။ စျေးနှုန်းကတော့ ရှန်းယုဟန်က နှစ်ခါတောင် မတွေးတော့ပေ။

ဖြစ်ချင်တော့ ရှန်ချီဟွမ်းက ထိုရက်မှာ အလုပ်ကိစ္စဖြင့်ခရီးထွက်နေပြီး သူတို့နှစ်​​ယောက်က မိသားစု၏ ပထမဆုံးလေယာဥ်ဖြင့် လိုက်ပါလာကြသည်။

ရှန်းယုဟန်က ကျယ်ဝန်းသောအခန်းထဲကိုသွားကာ လေယာဥ်မှူး၏အခန်းထဲမှာ လမ်းခဏလျှောက်ခဲ့ပြီး ကပ္ပတိန်က ခန့်ညားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး ဟာသဉာဏ်ရွှင်သူဖြစ်၏။

ရှန်းယုဟန်က လေယာဥ်ပေါ်ရှိ တစ်ဦးတည်းသော လေယာဥ်မှူးယူလာပေးသော အစားအစာကို သဘောကျပြီး ယင်းမှာ သာမန်လေယာဥ်ပေါ်က အစားအစာနှင့်မတူပဲ နေရာမှာတင် ပြင်ဆင်ထားတာဖြစ်သည်။ သူက ယခုချိန်မှာ အိမ်မှာရှိနေသလို မှာချင်တာမှာလို့ရသည်။

ရှန်ချီဟွမ်းက နောက်တစ်နေရာကို အပြေးအလွှားသွားခဲ့ရတာကြောင့် သူ့ကို ယဥ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးစင်တာသို့ မပို့နိုင်ခဲ့ပေ။

သို့သော် ရှန်းယုဟန်က လေဆိပ်မှမထွက်ခွာခင် ရှန်ချီဟွမ်းက သူ့ကို အများကြီးညွှန်ပြခဲ့ပြီး စိတ်ပူနေခဲ့သည်။

ရှန်းယုဟန်က သူ့ကိုအရင်စဖက်ခဲ့သည်။ “ဘယ်မှလျှောက်မသွားဘူးလို့ ကတိပေးတယ်။ ကျွန်တော် ဟိုတယ်နှင့် ရှေးဟောင်းသုတေသနအဖွဲ့ကိုပဲ နေ့တိုင်းပြေးနေပါ့မယ်။ စိတ်မပူ​ပါနဲ့…ယောကျာ်း..”

“မင်းက ဘယ်တုန်းကများ ငါ့ကို စိတ်မပူစေလို့လဲ?” ရှန်ချီဟွမ်းက သက်​ပြင်းသာချနိုင်သည်။ သူတို့နှစ်ယောက်ကို နတ်ဆိုးဝိညာဥ်ဝင်ပူးနေသလားပင်မသိပေ။ သူတို့က မကြာခဏဆိုသလိုပင် မတော်တဆမှုတွေရှိတတ်သည်။ “မင်းပြန်လာရင် အမွှေးတိုင်ပူဇော်ဖို့ခေါ်သွားပေးမယ်။ ငါတို့ ဘုရားကျောင်းကို သွားကန်တော့မှရမယ်။”

“ယောကျာ်းပြောတော့ ကျွန်တော်က အယူသီးတာဆို… ယောကျာ်းလည်း မခြားနားပါဘူး။” ရှန်းယုဟန်ကလည်း သူ့ကိုစလိုက်သည်။

“ဘယ်သူကအယူသီးလို့လဲ? ငါက မင်းရဲ့ဝါသနာကို ဖြည့်ဆည်းပေးနေတာ။” ရှန်ချီဟွမ်းက တစ်စက္ကန့်အတွင်း သူ့အမူအရာကို ပြောင်းလိုက်သည်။

“ခင်ဗျားစကားပြင်လိုက်တာ” ရှန်းယုဟန်က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “ယောကျာ်း၊ ခင်ဗျားဟိုကိုရောက်ရင် မက်ဆေ့ပို့ဦးနော်”

ရှန်ချီဟွမ်း​က သူ့ကိုလွှတ်မပေးခင် နမ်းလိုက်သည်။ “နားလည်ပါပြီ၊ သွား​တော့”

နှစ်ယောက်သားက အလုပ်ခရီးကြောင့် လမ်းခွဲလိုက်ပေမယ့် ယခုချိန်မှာ သူတို့နှလုံးသားက အရင်လို မတည်မငြိမ်မဖြစ်တော့ပဲ အတော်လေးအေးချမ်းလာခဲ့သည်။

ထိုသည်မှာ ရှန်းယုဟန်၏နောက်ကျော မြင်ကွင်းမှပျောက်ကွယ်သွားပြီးနောက် ရှန်ချီဟွမ်းက သူ့အပြုံးကို ဖယ်မရှားလိုက်ခင်အထိပင်။

သူ့မှာ ယခုထိ ကုန်းမြင့်တိုက်ပွဲတိုက်ဖို့ ကျန်သေးသည်။

သူက တခြားမြို့ကို သွားနေတာမှန်ပေမယ့် အလုပ်ခရီးမဟုတ်ပဲ သူ့အစ်ကိုကြီးနဲ့တွေ့ဖို့ဖြစ်၏။

ရှန်ချီဟွမ်းက သူ့အစ်ကိုကြီး၏အပြုအမူကို ဘယ်တုန်းကမှနားမလည်ခဲ့ပေ။ သူက ရှန်ထျန်းဖုန်းနောက်လိုက်ပြီး ရှန်ဂရုကို စီမံဖို့ အချိန်တိုင်းကူညီပေးခဲ့တယ်လို့ပြောရင် အကျိုးအကြောင်းသင့်၏။ နောက်ဆုံးတစ်ခေါက် အသည်းရောဂါကြောင့် ဆေးရုံတင်ခဲ့ရသည့်နောက်ပိုင်း ကုမ္ပဏီကိစ္စများကိုကိုင်တွယ်ဖို့ ဘာ​​ကြောင့်ပြန်မသွားတော့တာလဲ၊ ပြီးတော့ အားလုံးကို သူ့ဆီလွှဲပေးပြီး ကိုင်တွယ်စေခဲ့သည်။

ရှန်ချီဟွမ်းက ကြိုးတပ်ရုပ်သေးရုပ်လေးမဖြစ်ချင်ပေ။ သူက ရှန်မိသားစု၏ အိမ်တွင်းတိုက်ခိုက်ရေးမှာ နစ်နာသူမဖြစ်ချင်ပေ။ သူ့မှာ သူ့ကိုယ်ပိုင်မိသားစုရှိပြီး ကာကွယ်ပေးရမယ့်လူတွေရှိသည်။

သူက ရှန်ချီယွမ်နှင့် မြို့တော်မှာတွေ့ခဲ့သည်။

သူတို့နှစ်ယောက်တွေ့သောနေရာက စားသောက်ဆိုင်မဟုတ်သလို ဖျော်ဖြေရေးနေရာလည်းမဟုတ်ပဲ တရုတ်အိမ်ဝင်းတစ်ခုဖြစ်၏။.

သူ့အစ်ကိုကြီးက ဒီနေ့မှာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး သူ့ပုံစံက ဆယ်နှစ်ပိုငယ်သွားသလိုပင်။

ထိုမှသာ သူက သူ့အစ်ကိုကြီးကို လေးလေးနက်နက် မကြည့်ခဲ့မိမှန်း သိလိုက်သည်။

“အစ်ကိုကြီး… ဘာလို့ဒီမှာတွေ့ဖို့ခေါ်တာလဲ?” ခရီးဝေးထွက်လာတာ သူ့အစ်ကိုကြီးကိုတွေ့ဖို့ပဲလား? ကျန်းမြို့တော်မှာ တွေ့လို့မရလို့လား?”

ရှန်ချီယွမ်က သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးသည်။ “ငါ ကုမ္ပဏီကို ဘာလို့ပြန်မလာတော့တာလဲ မင်းမသိချင်ဘူးလား?”

အမြဲတမ်းတည်ငြိမ်ခဲ့သည့် ရှန်ချီယွမ်က ပါးစပ်ထောင့်မှာ တင်းမာသော အပြုံးတစ်ခုရှိနေပေမယ့် ယင်းမှာ အပြုံးတစ်ခုသာဖြစ်၏။

သူကပြောလာသည်။ “အဖေနဲ့အမေရဲ့ ရူး​ကြောင်ကြောင်ဇာတ်လမ်းကို ငါအမြဲတမ်းသိခဲ့တယ်။”

ရှန်ချီဟွမ်း: “သူတို့သုံးယောက်ကြားမှာဖြစ်ခဲ့တာ အမှန်ပဲလား?”

ရှန်ချီယွမ်ကခေါင်းညိတ်သည်။ “ငါငယ်ငယ်တည်းက သူတို့ဒီအကြောင်းနဲ့ပတ်သတ်ပြီး ရန်ဖြစ်တာကို ကြားခဲ့ရတယ်။ အဲ့ဒါက မင်းနဲ့ရှန်ချီရှင်းမွေးပြီးနောက်ပိုင်း ငါနဲ့မင်းအစ်မလတ် အိမ်ပြန်လာဖို့ တုံ့ဆိုင်းခဲ့တဲ့အကြောင်းလည်း ဖြစ်ခဲ့တယ်။ အဖေက ငါ့ကိုကုမ္ပဏီမှာ အထင်ကြီးတယ်လို့ မတွေးလို​က်နဲ့၊ ငါက အလုပ်သမားတစ်ယောက်သာသာပဲ၊ အဲ့ဒီတုန်းက ကိစ္စ​ကြောင့် သူက ငါ့ကိုရန်သူလိုသဘောထားခဲ့တာ။ ဒါပေမယ့် သူငါ့ကိုကူညီခွင့်ပေးခဲ့တာက ငါက အကြီးဆုံးသားဖြစ်ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့လို့ပဲ။”

ရှန်ချီဟွမ်းက နားမလည်ခဲ့ပေ။ “ဒါပေမယ့် ဘာလို့ကျွန်တော်လဲ?”

ရှန်ချီယွမ်ကပြောလိုက်သည်။ “ချီဟွမ်း၊ မင်းပဲဖြစ်လို့ရလို့လေ… မင်းပဲငါ့ကိုကူညီနိုင်တာ”

ရှန်ချီဟွမ်းက သူ့သံသယများကို မေးလိုက်သည်။ “သူမကိုပြန်လာဖို့ အကြောင်းကြားခဲ့တာ ခင်ဗျားလား? အဖေ ဒုတိယအကြိမ် ခွဲစိတ်ခန်းဝင်မှာကို သိခဲ့တာ ခင်ဗျားနဲ့ကျွန်တော်ပဲရှိတယ်။” သူမ ပြန်ရောက်တုန်းက ရှန်ထျန်းဖုန်းက ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး လူထုကိုတောင် သတင်းမပေးရသေးပေ။

ရှန်ချီယွမ်ကခေါင်းညိတ်သည်။ “ဟုတ်တယ်၊ ငါက သူမနဲ့ ဒီနှစ်တွေမှာ အဆက်အသွယ်ရှိခဲ့တယ်။ ဒါပေမယ့် ငါဘာလုပ်လို့ရမှာလဲ? ငါက မွေးကတည်းက အဖေသဘောမကျတာကို ခံခဲ့ရတာ။ ပြောရရင် အဖေက ငါတို့ထဲကဘယ်သူ့ကိုမှ သဘောမကျခဲ့ဘူး။ မင်းက သူ့ရဲ့အေးစက်တဲ့မျက်နှာကို ကြည့်နေစရာမလိုလို့ ငါအမြဲအားကျခဲ့တယ်။ ငါ သူတို့အကြောင်းကြားရတာ ပင်ပန်းနေပြီ။” သူက ရှုံ့မဲ့ကာ သက်ပြင်းချလိုက်၏။

“အစ်ကိုကြီး ရှန်ဂရုကိုလိုချင်လား?” ရှန်ချီဟွမ်းက နောက်ဆုံးမှာ ထိုမေးခွန်းကိုမေးလိုက်သည်။ တကယ်တော့ သူ ရှန်ဂရုကို လိုချင်လား မလိုချင်လား ဂရုမစိုက်ပေ။ သူ့မှာ အဲ့လိုလုပ်နိုင်တဲ့ စွမ်းဆောင်ရည်ရှိသည်။

“ငါ လိုချင်လား မလိုချင်လားက အရေးမပါဘူး။ အဖေက လတ်တလောမှာ မိသားစုပိုင်ဆိုင်မှုကို ခွဲဝေဖို့ ပြင်ဆင်နေတာ။” ရှန်ချီယွမ်ကဆိုသည်။

ရှန်ချီဟွမ်း၏ ကျိုးကြောင်းဆီလျော်မှုက အမြဲတမ်းစည်းပေါ်တွင်ရှိ၏။ “ဒါပေမယ့် အမေက သူခွဲဝေပေးတဲ့နည်းလမ်းကို လက်ခံမှာမဟုတ်ဘူး။ အဲ့ဒါက လင်မယားနှစ်ယောက်ပိုင်တဲ့ ပိုင်ဆိုင်မှုပဲ၊ အဖေက သူ့အပိုင်းကို ခွဲပေးချင်မှ ခွဲပေးမှာ။”

ရှန်ချီယွမ်က သူ့ကို ဘယ်သူမှမသိသော လျို့ဝှက်ချက်တစ်ခု ပြောပြလိုက်သည်။ “ဒါဆိုမင်းမသိတာဖြစ်မယ်။ သူတို့က လက်မထပ်ခင် လက်ထပ်ထိမ်းမြားစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့တယ်။ ရှန်ဂရုရဲ့ရှယ်ယာတွေက သူမနဲ့မဆိုင်ဘူး။ မဟုတ်ရင် သူမက ဘာလို့ စိုးရိမ်တကြီး ပြန်လာနေမှာလဲ”

ဤသတင်းက ရှန်ချီဟွမ်းကို အလွန်အမင်း အံ့အားသင့်သွားစေသည်။ “ဘာလို့လဲ?”

ရှန်ချီယွမ်ကပြောလိုက်သည်။ “ဒါပေမယ့် အဲ့ဒီတုန်းက ကုမိသားစုက အဖေ့ကို သဘောမကျဘူးလေ။ အမေကသာ သူ့ကိုအတင်းလက်ထပ်ခဲ့တာ။ ကုမိသားစုရဲ့တိုးတက်မှုက အဲ့ဒီအချိန်က အရမ်းကောင်းတယ်။ ပိုင်ဆိုင်မှုအများစုကို အနာဂတ်မှာ အမေ့ကိုလွှဲပေးမှာ၊ ဒါ​ကြောင့် ရှန်မိသားစု ပြန်ရပ်တည်နိုင်ဖို့ ပိုက်ဆံပေးမယ်လို့ မပြောခင်မှာ အဘိုးက သူ့ကို အဲ့ဒီစာချုပ်ချုပ်ဆိုခိုင်းခဲ့တာ။ ငါ့အထင် ဒါကအဖေလိုချင်တာပဲ။ ရှန်ဂရုက အမေနဲ့ဘာမှမဆိုင်ဘူးလို့ စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တာ။”

“နောက်တော့ ကုမိသားစုရဲ့အားထုတ်မှုက အချည်းအနှီးဖြစ်သွားတယ်။ သူတို့ပါးနပ်မှုကြောင့် သူတို့ကိုပြန်ထိခိုက်သွားတယ်။ ရှန်မိသားစုအောင်မြင်လာမယ်လို့ ဘယ်သူမှမထင်ထားကြဘူး။ ကုမိသားစုက တဖြည်းဖြည်းပျက်စီးလာတယ်။”

ရှန်ချီဟွမ်း: “ကုမိသားစုက အမေ့အတွက် ​ဘာမှမချန်ထားခဲ့ဘူးလား?”

“အသုံးမဝင်တဲ့အခွံပဲ။ ဒေဝါလီခံဖို့ မတင်ပြခဲ့တာက ကုမိသားစုရဲ့ နောက်ဆုံးအရှ​က်ကို ကာကွယ်ဖို့ပဲ၊ ကုမိသားစုမျိုးရိုးက ကုမဟုတ်တော့ဘူး။ ရောင်းခဲ့တာ နှစ်အတော်ကြာပြီ။”

ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းက မိခင်၏စွန့်ပစ်ခံခဲ့ရသော ကလေးနှစ်ယောက်ဖြစ်ပြီး သူတို့က ကုမိသားစုကိုမမြင်ဖူးပေ။ ဆုံးသွားတဲ့အဘိုးအဘွားဆိုရင်​တော့ ဝေးသေးသည်။ သူတို့ကြီးလာတော့ ကုမိသားစုနှင့် ဆက်ဆံရေးရပ်စဲထားတာကြောင့် သူတို့က ဂရုမစိုက်ခဲ့ကြပေ။ နောက်ကွယ်မှာ ဒီလိုအရာမျိုးတွေရှိနေတာ ဘယ်သူကသိခဲ့မှာလဲ? ဒါ​ကြောင့် သူ့အမေက အလောတကြီးပြန်လာပြီး အဖေ့ကို ပြဿနာရှာချင်ခဲ့တာလား?”

တကယ်တော့ သူမ ဘယ်လောက်ပဲ ပြဿနာရှာပါစေ အသုံးမဝင်ပေ။ အကြောင်းမှာ စာချုပ်ထဲတွင် သူမက ရှန်မိသားစုနှင့် ဘာမှမဆိုင်ဘူးလို့ ရေးထား၍ပင်။

ရှန်ချီဟွမ်းက ရုတ်တရက် သူ့အစ်ကိုကြီးကို လေးလေးနက်နက် ​ကြည့်လိုက်သည်။ “ဒါဆိုအခုဘာလုပ်ချင်လဲ?”

ရှန်ချီယွမ်က သူ့ကို တရုတ်အိမ်ဝင်းကိုကြည့်ဖို့ အချက်ပြလိုက်သည်။ “ငါအနားယူချင်တယ်”

ရှန်ချီဟွမ်းက ထိုစကားကို လုံးဝမယုံနိုင်ခဲ့ပေ။ သူအစ်ကိုကြီးက အမြဲတမ်း အလုပ်သရဲဖြစ်ခဲ့ပြီး သူက သူ့အစ်ကိုနဲ့ မရင်းနှီးခဲ့သည်မှာ သူ့အစ်ကိုက အလုပ်အမြဲရှုပ်နေပြီး အလုပ်ကိုစွဲလမ်းနေလို့ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ထိုကိစ္စမှာ အကြောင်းတရားရှိတာကို သူသိလိုက်ရသည်။

ဘယ်သူကမှ သူတို့မိဘတွေဆီက အချစ်မခံခဲ့ရပေ။ သူတို့က နယ်ရုပ်အဖြစ် ဒါမှမဟုတ် အသုံးချခံအမျိုးသားအဖြစ်သာ တည်ရှိခဲ့ရသည်။

ရှန်ချီဟွမ်းကထပ်မေးလိုက်သည်။ “ရှန်ဂရုကိုပြန်မသွားတော့ဘူးလား? ကျွန်တော် မထိန်းချုပ်နိုင်ဘူး”

ရှန်ချီယွမ်: “ရှန်မိသားစုက စိမ့်ရေနဲ့တူတယ်။ မင်းပိုနစ်သွားလေ ထွက်ရခက်လေပဲ”

ရှန်ချီဟွမ်း: “ခင်ဗျား အဲ့ဒါကိုသိရင် ကျွန်တော့်ကို ဘာလို့ဆွဲချချင်တာလဲ?” ရှန်ချီဟွမ်းက ဒီစကားကို မေးချင်နေတာကြာခဲ့ပြီ။

ရှန်ချီယွမ်: “ချီဟွမ်း၊ မင်းငါအတွက် ဝန်ထုပ်ဝန်ပိုးကို ကူထမ်းပေးသင့်တယ်။ မင်းလည်းရှန်မျိုးရိုးပဲ… ငါငြီးငွေ့စရာကောင်းတဲ့ ဒီဘဝကိုပင်ပန်းလှပြီ။”

ရှန်ချီဟွမ်း: “တခြားအိမ်တော်သုံးအိမ်ကို ဂရုမစိုက်တော့ဘူးလား?”

ရှန်ချီယွမ်: “သူတို့ ပြဿနာရှာချင်သလို ရှာလို့ရတယ်။ ရှန်မိသားစုက အဖေ့လက်ထဲမှာပဲရှိတယ်။ သူတို့ ဘယ်လောက်ပြဿနာရှာပါစေ စည်းကျော်လို့မရဘူး။”

ရှန်ချီဟွမ်း၏မျက်နှာက နက်မှောင်သွားသည်။ “အစ်ကိုကြီး၊ ကျွန်တော်မေးခွန်းတစ်ခုမေးမယ်။ နောက်ဆုံးတစ်ခေါက် ကျွန်တော့်ကိုကားနဲ့တိုက်ခဲ့တာဘယ်သူလဲ? အဲ့ဒါတတိယအိမ်တော်ကလား?”

မေးခွန်းထွက်လာတာနဲ့ နှစ်ယောက်ကြားက နွေးထွေးသောလေထုက ​အေးခဲမှတ်ကို ကျရောက်သွားသည်။

ရှန်ချီယွမ်၏နှုတ်ခမ်းကတွန့်သွားသည်။ သူက ခေါင်းငုံ့​ကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ “ငါမသိဘူး။”

ရှန်ချီဟွမ်းက သူ့လက်ထဲကခွက်ကို ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်ပြီး သူ့ကို အေးစက်စက်ကြည့်လိုက်သည်။ “အစ်ကိုကြီး၊ ကျွန်တော် ခင်ဗျားကို အမြဲတမ်းလေးစားခဲ့တာ! ဘာလို့ဒီလိုလုပ်ချင်ခဲ့တာလဲ?”

“ငါမသိဘူးလို့ပြောနေတယ်လေ!” ရှန်ချီယွမ်ကလည်း လက်ဖက်ရည်ခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်သည်။ “အဲ့ဒါငါလို့ထင်နေတာလား? ရှန်ချီဟွမ်း… ငါက မင်းအစ်ကိုပါ.. ငါမင်းကိုထိခိုက်အောင်မလုပ်ဘူး!”

“ခင်ဗျားလို့မထင်ချင်ပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင် နောက်ကွယ်ကလူကို ရှာမတွေ့ပဲမနေဘူး။ အဲ့ဒါက တတိယအိမ်တော်ဆိုရင် ခင်ဗျားကျွန်တော့်ကို ပြောခဲ့ပြီးလောက်ပြီ… မဟုတ်ဘူးလား?” ရှန်ချီဟွမ်း ဒေါသမထွက်တာအတော်ကြာခဲ့ပြီဖြစ်၍ သူ့မျက်လုံးများက ဒေါသကြောင့်နီရဲလာသည်။

ရှန်ချီယွမ်က သူ့အကြည့်ကြောင့် လန့်သွားပြီး မျက်နှာလွှဲကာပြောလိုက်သည်။ “ဘယ်သူလဲဆိုတာငါမသိဘူး။”

ထိုပြဿနာအတွက် ရှန်ချီဟွမ်းက အဖြေမရခဲ့ပေ။ သူကကုတ်ကိုယူကာ မတ်တပ်ရပ်လိုက်သည်။ သူက သူ့အစ်ကိုကြီးကို ဘယ်တုန်းကမှ နားမလည်ခဲ့ပေ။

သူကျောပေးလိုက်စဥ် ရှန်ချီယွမ်ကတားခဲ့သည်။ “ချီဟွမ်း၊ ငါမင်းကိုမေးဦးမယ်… လက်ရှိရှန်းယုဟန်ကို မင်းဘယ်လောက်သိလဲ?”

ရှန်ချီဟွမ်းက စကားမပြောပေ။

ရှန်ချီယွမ်ကပြောလိုက်သည်။ “မင်းငါ့ကိုဘယ်လောက်ပဲ သံသယဝင်ဝင် ငါမင်းကိုသတိပေးလိုက်မယ်၊ သူအများကြီးပြောင်းလဲလာတယ် မထင်ဘူးလား?”

ရှန်ချီဟွမ်းက တရုတ်အိမ်ဝင်း၏ ပြဒါးတံခါးကို အမူအရာမဲ့စွာကြည့်လိုက်သည်။ “ဒါ ကျွန်တော်နဲ့ သူ့ရဲ့ကိစ္စပါ။ ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး။”

ထိုစကားပြောပြီးနောက် သူက ပြန်လှည့်မကြည့်ပဲ ထွက်သွားခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment