no

Font
Theme

Chapter 78.1

“ယောက္ခမပြန်လာပြီ”

ရှန်ချီဟွမ်းက ခေါင်းညိတ်ပြပြီး ရှန်းယုဟန်၏ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။ “မှန်တယ်။ သူမက သီလရှင်ဝတ်ဖို့ သွားခဲ့ရာကနေ ပြန်လာပြီ။”

“သူမ အိမ်ကို လာလည်မှာလား ဒါမှမဟုတ် လောကီဘဝထဲ ပြန်လာဖို့စီစဥ်နေတာလား?” ရှန်းယုဟန်က ယခင်က တစ်ခါမှပေါ်မလာဖူးသော လျို့ဝှက်ဆန်းကြယ်သည့် ယောက္ခမအကြောင်းကို မသိပေ။ သူက သူမ၏ဓာတ်ပုံကိုလည်း မမြင်ဖူးသလို ရှန်ချီဟွမ်းဆီမှ သူမနှင့် ပတ်သက်တာလည်း မကြားဖူးပေ။

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဤအကြောင်းကိစ္စရပ်များ ပြောပြလေ့မရှိပေ။ အကြောင်းမှာ သူ့အမေအပေါ် သူ၏အမြင်မှာ ငယ်ငယ်တုန်းက ရှန်ထျန်းဖုန်းနှင့် မကြာခဏ ရန်ဖြစ်ကြတာကိုသာ မှတ်မိနေပြီး အိမ်မှ ပြတ်ပြတ်သားသား ထွက်သွားခဲ့သော သူမ၏ပုံရိပ်နှင့် သူမ၏အသွင်အပြင်ကတောင် မှုန်ဝါးနေခဲ့သည်။

အစ်ကိုကြီးနှင့် အစ်မလတ်က အမွှေးတိုင်ပူဇော်ဖို့ တစ်နှစ်တစ်ခါ ဘုရားကျောင်းကိုသွားလေ့ရှိပေမယ့် သူကတော့ လုံးဝမသွားခဲ့ပေ။ ဤအမျိုးသမီးက မွေးပြီးကတည်းက သူ့ကိုဂရုမစိုက်ခဲ့တာဖြစ်ပြီး သူက ကလေးထိန်းနှင့် ကြီးပြင်းလာခဲ့ရသူဖြစ်၏။ သူမ၏အာရုံက ရှန်ထျန်းဖုန်းဆီမှာ အချိန်ပြည့်ရှိနေခဲ့ပြီး သူတို့ သူ့ကိုမွေးခဲ့သည်အချိန်က သူတို့၏ အဆိုးဆုံးအချိန်ဖြစ်ခဲ့တာ​ကြောင့် ရှန်ချီဟွမ်း သူမဆီက ရခဲ့သည်မှာ လျစ်လျူရှုမှုများသာဖြစ်၏။

ထိုနည်းတူစွာ သူမ ကလေးထိန်းကို အပြောအများဆုံး စကားကိုတောင် ရှန်ချီဟွမ်းကမှတ်မိနေသေးသည်။ “အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ! သူ့ကိုခေါ်သွားစမ်း… ငါ အခု သူ့ကို မမြင်ချင်သေးဘူး!”

တကယ်တော့ ရှန်ချီဟွမ်းက ဤအမျိုးသမီးပြန်လာသော သတင်းကြောင့် စိတ်ထိခိုက်နေတာမဟုတ်ပဲ သူမ သူ့အတွက် ယူဆောင်လာပေးခဲ့တာက ဆိုးရွားသော အမှတ်တရများသာဖြစ်၍ပင်။ သို့သော် ရှန်းယုဟန်နှင့်ဆိုလျှင် သူက သူ့အတွေးကို အလွယ်တကူ ဖော်ပြနိုင်တာကြောင့် စကားကြုံ၍ ပြောပြခဲ့တာပင်။

သူက ပြောလိုက်သည်။ “အစ်ကိုကြီးက သူမကျန်းမြို့တော်မှာ ကာလတစ်ခုအထိ ပြန်လာနေမယ်လို့ ပြောခဲ့တယ်။ လောကီဘဝကို ပြန်လာတာပဲဖြစ်ဖြစ် တခြားကိစ္စပဲဖြစ်ဖြစ် သေချာရှင်းရှင်းလင်းလင်း မသိရသေးဘူး။”

ရှန်းယုဟန်က သူ့ကို တူတစ်စုံပေးလိုက်သည်။ “ဒါဆို သူမပြန်လာချင်ရင် ပြန်လာလို့ရတာပဲ။ ​ယေကျာ်း စိတ်ပူစရာမလိုပါဘူး။ ခင်ဗျားဘဝကို ထိခိုက်စေမှာမှ မဟုတ်တာ။”

ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါလည်းမှန်တာပဲ။” ယခုအချိန်အထိ သူပိုင်ဆိုင်သမျှ အရာအားလုံးက သူကိုယ်တိုင်ကြိုးစားခဲ့ရတာဖြစ်လို့ သူမနဲ့ ဘာမှမဆိုင်ပေ။

ထိုအချိန်တွင် ရှန်းယုဟန်က တခြားတစ်ခုတွေးမိသွားသည်။ “သူမပြန်လာရင် ကျွန်တော်တို့နှစ်ယောက် သူမဆီသွားလည်ဖို့ လိုအပ်လား?” တစ်ဖက်လူက သီလရှင်မဟုတ်တော့ပဲ လူဝတ်ထွက်လာတာဖြစ်၍ 'သွားလည်မယ်'စကားလုံးကို သုံးလို့ရပြီး ယခုအချိန်မှာ သူမကို ဓမ္မအမည်လည်း ခေါ်စရာမလိုပေ။

“မသိဘူး။ သူမပြန်လာမှ ဘာရည်ရွယ်ချက်တွေရှိနေလဲ ကြည့်ကြတာပေါ့” ရှန်ချီဟွမ်းက သူ့မိခင်အရင်းအကြောင်းကို ဆိုးဆိုးရွားရွား မတွေးချင်သော်လည်း အတိတ်က ဆိုးရွားသော အတွေ့အကြုံများကို တွေးမိလိုက်တိုင်း အလိုအလျောက်တုံ့ပြန်စက် တီထွင်ထားမိသလိုပင် ကူကယ်ရာမဲ့ဖြစ်စေ၏။

“ယောကျာ်း၊ ကျွန်တော့်ယောက္ခမက ဘယ်လိုလူမျိုးလဲ?” ရှန်းယုဟန်က နည်းနည်းလောက် သိချင်နေ၏။ အမှန်တော့ ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းနှင့် သိပ်မတူပဲ သူ့ညီအစ်ကိုများကတော့ ရှန်ထျန်းဖုန်း၏ အသွင်အပြင်ကို ဆက်ခံထားကြသည်။

ရှန်ချီဟွမ်းသည် သူ့ဇနီးလေး အဆက်မပြတ် အသုံးပြုနေသော ယောက္ခမဆိုသောအသုံးအနှုန်းကြောင့် ရယ်မောမိကာ သူ၏စိတ်ပူပန်မှုကို ခံစားမိ၏။ “မင်းယောက္ခမအကြောင်းကို တရားကျကျ​ပြောရရင် ငါ့မှာ သူမအပေါ် အမြင်ကောင်းသိပ်မရှိဘူး။ ဒါပေမယ့် အပြင်လူတွေကတော့ သူမကိုအထင်ကြီးကြတယ်။ အဲ့ဒီအချိန်တုန်းက သူမရဲ့မိသားစုက ကျန်းချန်မြို့က ချမ်းသာတဲ့ဒေသခံတွေပဲ။ ငါ့အဖေက ဆင်းရဲတဲ့မိသားစုက လူငယ်လေးဖြစ်ပြီး လူတွေကို ကစားနိုင်တဲ့ ပလေးဘွိုင်းတစ်ယောက်ပဲ။ သူမက ငါ့အဖေကိုလက်ထပ်ဖို့ ကိုယ်တိုင်ရွေးချယ်ခဲ့တာလို့ပြောတယ်။ ဒါပေမယ့် သူမမိသားစုက သူ့ကိုမကြိုက်တော့ အမေက သူ့ကိုလက်ထပ်ချင်လွန်းလို့ အဘိုးအဘွားတွေနဲ့ ဆက်ဆံရေး​ဖြတ်​တောက်လုနီးပါးဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း သူမက ကုမိသားစုလက်ဖဝါးထဲက ပုလဲလုံလေးဖြစ်နေတော့ နောက်ဆုံးမှာ သူတို့က သူမတောင်းဆိုတာကို လက်ခံလိုက်ကြတယ်။”

ရှန်းယုဟန်က အချစ်နဲ့ပတ်သတ်ပြီး သူမ၏ခံယူချက်ကို အတော်လေးအထင်ကြီးသွားသည်။ “ဒါဆို ​နောက်တော့ ဒီလိုဘာလို့ဖြစ်လာတာလဲ? မိသားစုနှစ်ခုရဲ့ အဆင့်က ပြောင်းပြန်ဖြစ်နေသလိုပဲ။ ​ယောက္ခမရဲ့ဇာတိကရော ဘယ်လိုမျိုးလဲ? သူတို့အဆက်အသွယ်မရှိကြတော့ဘူးလား?” သူက ရှန်ချီဟွမ်းနှင့် နှစ်ဝက်ကျော်အတူနေခဲ့ဖူးပေမယ့် သူ့ဆီက ယောက္ခမ၏ မိသားစုအကြောင်း မကြားဖူးချေ။ အကျိုးအကြောင်းသင့်ရရင် မိခင်၏မိသားစုက အရမ်းအရေးကြီးသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်၏သိချင်စိတ်ကို ကျေနပ်နေသည်။ “အဘိုးအဘွားက ငါမမွေးခင်တည်းက ဆုံးသွားတာ၊ ပြီးတော့ အမေကလည်း သီလရှင်ဖြစ်လာတယ်။ ရလဒ်ကတော့ ငါနဲ့ချီရှင်းက ကုမိသားစုနဲ့ အတော်လေး ဆက်ဆဲရေးကျဲသွားတယ်။ လက်ရှိမှာ အစ်ကိုကြီးက ရင်းနှီးတဲ့ဆွေမျိုးတချို့နဲ့ အဆက်အသွယ်ရှိနေလောက်တယ်။ ဒါပေမယ့် မကြာခဏလို့ပဲပြောရမှာပေါ့။ နှစ်သစ်ကူးနေ့နဲ့ တခြားပွဲတော်တွေမှာ လက်​ဆောင်ဖလှယ်တာ ..အဲ့လောက်ပါပဲ။ မိသားစုနှစ်ခုရဲ့ အဆင့်အတန်းကွာနေတဲ့ အကြောင်းအရင်းက အဘိုးအဘွားတွေရဲ့ငွေအများစုကို အမေ့ကိုပေးခဲ့လို့ပဲ။ ရှန်ထျန်းဖုန်းက အမေ့ကို ကောင်းကောင်းဂရုစိုက်နိုင်မယ်လို့ သူတို့မျှော်လင့်ထားလို့ အဖေ့ရဲ့လုပ်ငန်းအတွက် အများကြီး​ထောက်ပံ့ခဲ့တယ်။ သူ့ကိုအကူအညီအများကြီးပေးခဲ့တယ်။ တစ်ခွန်းတည်းပြောရရင် ရှန်မိသားစုက ကုမိသားစုကြောင့် လက်ရှိအခြေအနေကို​ ရလာခဲ့တာ။”

ရှန်းယုဟန်က ပြောလိုက်သည်။ “နောက်ကွယ်မှာ လူတွေအကြောင်းပြောတာ မကောင်းပေမယ့်လည်း အခု အဖေက ကုမိသားစုရဲ့ ကျေးဇူးကို လျစ်လျူရှုပြီး သူ့အကိုင်းအခက်တွေကို အပြင်မှာဖြန့်ခဲ့တာပေါ့။ ခင်ဗျားရဲ့အဘိုးအဘွားတွေက သူနဲ့အဆက်အသွယ်ပြတ်သင့်တာ ကြာပြီမဟုတ်လား?”

ရှန်ချီဟွမ်းက ခေါင်းခါကာ ပြောလိုက်၏။ “အဘိုးအဘွားတွေက သူတို့ဆုံးသွားတဲ့နေ့အထိ သူ့ကို သည်းမခံနိုင်ခဲ့ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် အမေက သူ့ကိုလက်မလွှတ်ပေးတော့ သူတို့ဘာမှမလုပ်နိုင်ခဲ့ဘူးလေ”

“ဒါဆို သူ့အပြုအမူက လက်ရှိတစ်လင်တစ်မယားစနစ် ဥပဒေကို ချိုး​ဖောက်နေတာမဟုတ်ဘူးလား?” ရှန်းယုဟန်က လက်ရှိဥပဒေကို မသိတာမဟုတ်၊ သူ လျန်ရွှေရွာမှာရှိခဲ့စဥ် သူ့ဖုန်းက လိုင်းမကောင်းတာကြောင့် သူနဲ့ အကိုကြီးလင်းက ဧည့်ခန်းထဲမှာထိုင်ပြီး ဥပဒေချန်နယ်ကို ကြည့်ခဲ့ကြပြီး သူကလည်း ခေတ်သစ်က လက်ထပ်ထိမ်းမြားခြင်း ဥပဒေကို အနည်းအကျဥ်း နားလည်ခဲ့သည်။

ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဒီလိုကိစ္စမျိုးမှာ အများပြည်သူက သတင်းမပို့ရင် အာဏာပိုင်တွေက စစ်ဆေးလို့မရဘူး။ ကျင့်ဝတ်အရပဲ ရှုတ်ချလို့ရပြီး နိုင်ငံတော်က ဝင်စွက်ဖက်လို့ မရဘူး။”

ဒီလိုကိုး.. တရားဥပဒေချန်နယ်လိုင်းကိုကြည့်ပြီးတော့ ရှန်းယုဟန်က ထိုကိစ္စကို ထူးဆန်းတယ်လို့ တွေးမိခဲ့၏။ တစ်လင်တစ်မယားဓလေ့နှင့် လူအဖွဲ့အစည်းမှာ ရှန်ထျန်းဖုန်းက ဇနီးမယားများစွာကို လက်ထပ်ထားပြီး အများပြည်သူက မတိုင်ကြားရင် အာဏာပိုင်တွေက အရေးယူလို့မရပေ။ ဆိုလိုတာက သူက ဥပဒေမှာ ကွက်လပ်တစ်ခုကို ရှာတွေ့ခဲ့သည့်အပြင် ယင်းက နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာ အပြုအမူအမျိုးအစားအောက်မှာ ကျရောက်သွားပြီး လူ့အဖွဲ့အစည်းကို ထိခိုက်စေသော အဆင့်ထိ မပြင်းထန်ခဲ့ပေ။

“ဒါခင်ဗျားတို့အတွက် အရမ်းခက်ခဲမှာပဲ။” ရှန်းယုဟန်က သူ့ခင်ပွန်းကို သနားနေသည်။

“မဆိုးပါဘူး။” ရှန်ချီဟွမ်းက သူ့ကိုယ်သူလှောင်လိုက်သည်။ “ငါက ပထမဇနီးရဲ့သားဖြစ်ပြီး ​နောက်ခံကောင်းကောင်းလည်း ရှိတယ်လေ”

ရှန်းယုဟန်က ခေါင်းညိတ်သည်။ “ဟုတ်တယ်”

သူ့ဇနီးနှင့် တအောင့်​ကြာအောင် စကားပြောပြီးနောက် ရှန်ချီဟွမ်း နှစ်ပေါင်းများစွာ သိမ်းဆည်းထားရသော နာကျည်းမှုအချို့ သက်သာသွားခဲ့၏။

လူနှစ်ယောက်က ပြေလည်သွားကတည်းက သူတို့ဆက်ဆံရေး ပိုမိုချောမွေ့လာတယ်လို့ ပြောလို့ရသော်လည်း သူတို့နှစ်ယောက်က ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ရှုပ်နေခဲ့ပြီး အရမ်းကပ်တွယ်မနေကြပေ။ တစ်ယောက်၏အတွင်းစိတ်ကို တစ်ယောက်နားလည်ပြီးနောက် သူတို့ဆက်ဆံရေးက တင်းမာမနေတော့ပေ။ အနည်းဆုံး​တော့ တစ်ခုခုဖြစ်လာရင် နှစ်ယောက်ကြားဆက်ဆံရေးက ပြင်ပတွန်းအားများကို တွန်းလှန်နိုင်စွမ်းရှိပေလိမ့်မည်။

ထိုနေရာရှိ ရှေးဟောင်းသုတေသနအဖွဲ့က အုတ်ဂူထဲက ယဥ်ကျေးမှုအမွေအနှစ် နောက်ဆုံးအသုတ်ကို ရှင်းလင်းနေပြီး သူတို့က ရှန်းယုဟန် ပြတိုက်သို့သွားရန် အချိန်ယူခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သန့်ရှင်းလို့ပြီးသွားမှ ရှန်းယုဟန် ဆက်လက်ထိန်းသိမ်းနိုင်မှာပင်။

သတိမထားမိလိုက်ပါပဲ ရှန်းယုဟန် တစ်ခါမှမတွေ့ဖူးသော ယောက္ခမက ကျန်းမြို့တော်ကို ရောက်လာခဲ့သည်။

ရှေးခေတ်ကတည်းက ယောက္ခမနှင့် ချွေးမကြားရှိ ဆက်ဆံရေးက အကြီးမားဆုံးပြဿနာဖြစ်၏။

ချီတိုင်းပြည်၌ ချွေးမက သူတို့ခင်ပွန်းအပြင် သူတို့ယောက္ခမ၏စကားကိုပါ နားထောင်ရသည်။ သူတို့က ယောက္ခမခွင့်မပြုတာ ဘာမှမလုပ်ရသလို သူတို့ခင်ပွန်းကလည်း ယောက္ခမစကားကို နား​ထောင်ရ၏။ သူတို့က သူတို့ဇနီးဘက်က ပြောပေးရင် မွေးရကျိုးမနပ်ဘူးလို့ သတ်မှတ်ခံရပြီး ယောက္ခမက သူတို့ချွေးမကို သဘောမကျရင် သူ့သားကိုယ်စား သူတို့ကို ကွာရှင်း​ပေးလို့ရသည်။ ထို့အပြင် သားက မနာခံရင် သားဆိုးအဖြစ် သတ်မှတ်ခံရလေ၏။

ရှန်းယုဟန်က သီလရှင်ဝတ်ပြီး ကျန်းမြို့တော်ကို ပြန်ရောက်လာသော သူ့ယောက္ခအကြောင်းကို ရှန်ချီဟွမ်းဆီမှ နည်းနည်းလေ့လာခဲ့သည်။

သူမနာမည်က ကုပီချင်းဖြစ်ပြီး သူမက ရှန်ထျန်းဖုန်းထက် လေးနှစ်ငယ်သည်။

ယနေ့တွင် ရှန်ချီယွမ်က သူတို့အားလုံးကိုခေါ်ပြီး အားလုံးက ညနေမှာ ညစာစားဖို့ အိမ်မှာစုကြမည်ဖြစ်၏။ ကုပီချင်းက သူ့အိမ်မှာ ခဏလောက်နေမှာဖြစ်ပေမယ့် အချိန်အတိအကျကိုတော့ မပြောထားပေ။

သူ့ယောက္ခမကို ပထမဆုံးအကြိမ်တွေ့ရမှာဖြစ်သော ရှန်းယုဟန်က စိတ်လှုပ်ရှားနေသည်။ သူက ကုမ္ပဏီအောက်ထပ်တွင် ရှန်ချီဟွမ်း အလုပ်ဆင်းတာကို စောင့်နေပြီး သူတို့နှစ်​ယောက်က ရှန်ချီယွမ်၏အိမ်ကို သွားခဲ့ကြသည်။

လမ်း၌ ရှန်းယုဟန်က တိတ်ဆိတ်နေပြီး စကားတစ်လုံးမှမပြောသဖြင့် ရှန်ချီဟွမ်းက သူဒီနေ့တစ်ခုခုဖြစ်နေမှန်း သိလိုက်၏။

ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “ဘာလို့ဘာမှမပြောတာလဲ?”

ရှန်းယုဟန်က သက်ပြင်းရှည်ချကာ ဆိုသည်။ “ရုပ်ဆိုးတဲ့ချွေးမလေးက ယောက္ခမကြီးကို ကြောက်လို့ပါ”

ရှန်ချီဟွမ်းက သူ့ကိုဘေးသို့ဆွဲလိုက်၏။ “ဘာကြောက်စရာလိုလဲ? ကိုယ်တောင် ဂရုမစိုက်တာ မင်းလည်း သူမကို ဂရုစိုက်ဖို့မလိုဘူး”

ရှန်းယုဟန်က ရှန်ချီဟွမ်းကိုမှီပြီး စိတ်သက်သာရာရသွား၏။ “ကောင်းပြီ”

သို့သော် သူက ရှေးခေတ်လူသားတစ်​ယောက်ဖြစ်နေဆဲပင်။ သူငယ်စဥ်ကတည်းက အနာဂတ်မှာ ယောက္ခမကို ကောင်းကောင်းပြုစုရမယ်လို့ သွန်သင်ဆုံးမခဲ့ကြသည်။ နန်းတော်မှာ မိဘုရားကို ကောင်းကောင်းအမှုထမ်းဖို့လည်း သူ့မော့မေ့ာကသင်ပေးဖူးသည်။

တကယ်တော့ သူက ထွက်မလာခင်မှာ ခေတ်သစ်၏ယောက္ခမနှင့် ချွေးမကြားဆက်ဆံရေးအကြောင်း အများကြီးဖတ်ရှုခဲ့ပြီး ခေတ်သစ်လူသားတွေမှာ အပြောင်းအလဲရှိမယ်လို့ ထင်ခဲ့ပေမယ့် သူက သူတို့ယောက္ခမများအကြောင်း မကျေမနပ် ညည်းတွားထားသည့် စာများစွာကိုသာ ဖတ်ရှုခဲ့ရသည်။ သတင်းထဲမှ ယောက္ခမနှင့်​ချွေးမကြား ဆက်ဆံရေးကပင် သိပ်မကောင်းပေ။ တချို့အမျိုးသားများက ယောက္ခမကြောင့် သူတို့ဇနီးသည်များကို ကိုယ်ထိလက်ရောက်အနိုင်ကျင့်ကြပြီး ယင်းမှာ အတော်လေး ဆိုးရွား၏။

ဤအဆုံးမရှိသော ပြဿနာမှာ အဖြေမရှိပေ။

စိုးရိမ်သောကရောက်နေသော ရှန်းယုဟန်က ရှန်ချီယွမ်၏ ဗီလာကို ရောက်လာခဲ့ပြီး ဤသည်မှာ ဒီကိုရောက်ဖူးသော ပထမဆုံးအကြိမ်တော့ မဟုတ်ချေ။

ရှန်ချီယွမ်၏မိသားစုမှာ လူအများကြီးရှိပြီး ဒရိုက်ဘာနှင့် ကလေးထိန်းအပါအဝင် ဆယ့်နှစ်ယောက်ကျော်လောက်ရှိသည်။ အခန်းကလည်း ကျယ်ဝန်းပြီး ပင်မအိမ်တော်ကို ​မောင်းလာဖို့ အကွာအဝေးအနည်းငယ်ရှိသည်။ သူတို့က တရုတ်နှစ်သစ်ကူးမှာ ဤနေရာတွင် ညစာလာစားခဲ့ပြီး ရှန်းယုဟန်က လှပသောဥယျာဥ်အမျိုးမျိုးကြောင့် အံ့အားသင့်ခဲ့ရသည်။

ဒီတစ်ကြိမ်လာသော ခံစားချက်က ကွဲပြားပြီး သူ့မှာ ထိုအရာများကို ခံစားဖို့ စိတ်ကြည်မနေတော့ပေ။

ရှန်ချီဟွမ်းက ရှန်ချီယွမ်၏အိမ်ကိုလာတာ ရှား၏။ ပထမအချက်က​တော့ သူ့အစ်ကိုကြီးက အလုပ်ရှုပ်နေပြီး ဒုတိယအချက်ကတော့ သူ့မရီးက တက်ကြွမှုမရှိပေ။ သူမမှာ လူတိုင်းအပေါ် တူညီသောသဘောထားရှိပြီး အတော်လေး​အေးစက်တာကြောင့် ညီအစ်ကိုတွေ ညစာအတူစားချင်သည့်အချိန်တိုင်း သူတို့က အပြင်မှာတွေ့လေ့ရှိသည်။

ယနေ့မှာ လူအများကြီးရှိနေပြီး ပုံမှန်ဆိုလျှင် နောက်ဆုံးမှရောက်လာတတ်သော ရှန်ချိီရှင်းက အရင်ရောက်နေခဲ့သည်။ သူက သူ့တူလေးနှင့် အမြဲတမ်း ကစားရတာကြိုက်ပေမယ့် ယနေ့မှာတော့ စိတ်ဓာတ်ကျနေခဲ့သည်။ သူ့မှာလည်း ရှန်းယုဟန်နှင့် ထပ်တူညီသော စိတ်အ​ခြေအနေရှိပြီး တစ်ယောက်က ယောက္ခမကိုတွေ့ဆုံရတာဖြစ်ပြီး နောက်တစ်ယောက်က​တော့ မွေးမိခင်ကိုတွေ့ရတာဖြစ်၏။ ယှဥ်ကြည့်လျှင် မိခင်နှင့်တွေ့ဆုံတာက အရေးပိုကြီးသဖြင့် ရှန်းယုဟန်က ထိုအကြောင်းတွေးပြီး စိတ်သက်သာရာရသွား၏။

အစ်မလတ်နှင့် ဒုတိယယောက်ဖ၏မိသားစုလည်း ရှိနေပြီး သူမကတော့ ဒီကို မကြာခဏလာလေ့ရှိတာကြောင့် ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြသည်။

ရှန်ချီဟွမ်း​က သူတို့နဲ့စကားစမြည်ပြောနေပြီး ရှန်ချီရှင်းက ရှန်းယုဟန်၏ဘေးကို တိတ်တိတ်လေးရွှေ့သွားသည်။ ညီအစ်ကို​မောင်နှမလေးယောက်ထဲမှာ သူက အငယ်ဆုံးဖြစ်ပြီး သူ့မိခင်ကို တစ်ခါမှမမြင်ဖူးပေ။ ယခုလို နှစ်နှစ်ဆယ်ကျော်ကြာမှ သူမက ပြန်လာချင်တယ်လို့ ရုတ်တရက်ပြောခဲ့သည့်အပြင် တစ်မိသားစုလုံးက အတူရှိနေရမှာဖြစ်၍ ရှန်ချီရှင်းက ယခင်ရက်အနည်းငယ်တည်းက စိတ်ဓာတ်ကျနေခဲ့သည်။

ရှန်ချီရှင်းက တီးတိုးပြောလာ၏။ “တတိယမရီး၊ ကျွန်တော်စိတ်လှုပ်ရှားနေတယ်။”

ရှန်းယုဟန်က သူ့ကိုဖြေလိုက်သည်။ “ငါလည်းစိတ်လှုပ်ရှားနေတယ်”

တူညီသောအချက်ကိုတွေ့လိုက်ရတော့ ရှန်ချီရှင်းက ပြောလိုက်၏။ “ဘာလို့စိတ်လှုပ်ရှားနေတာလဲ?”

ရှန်းယုဟန်က ပြောလိုက်သည်။ “ယောက္ခမကိုတွေ့ရမယ့် ဘယ်ချွေးမက စိတ်မလှုပ်ရှားလို့လဲ?”

ရှန်ချီရှင်းက သူ့ကိုပြန်နှစ်သိမ့်လိုက်ပြီး သူ စိတ်ညစ်နေတာကိုပင် ချက်ချင်းမေ့သွားခဲ့သည်။ “သူမက ခင်ဗျားနဲ့ သိပ်မဆိုင်ပါဘူး။ ခင်ဗျားက တော်တော်တည်ငြိမ်တယ်လို့ ကျွန်တော်ထင်တယ်။”

ရှန်းယုဟန်ကပြောလိုက်သည်။ “မင်းနားမလည်ပါဘူး၊ အိမ်ထောင်ကျပြီးမှသိလိမ့်မယ်။”

ရှန်ချီရှင်း၏အာရုံက အောင်မြင်စွာ လွှဲပြောင်းသွားပေမယ့် သူ့စိတ်အ​ခြေအနေက မကောင်းသေးပေ။ “အဲ့ဒါတော့မှန်တယ်။ ကျွန်တော် အိမ်ထောင်မပြုဖူးဘူးလေ။ အိမ်ထောင်ပြုပြီးရင်တောင် ဒီလိုအရာမျိုးတော့ မကြုံချင်ပါဘူး။”

ဤအချက်ကအနာကိုထိ၏။ ရှန်းယုဟန်က ရှန်ချီရှင်းကို စကားမပြောချင်တော့ပေ။ ခေတ်သစ်အသုံးအနှုန်းအရ သူ့ယောက်ဖ၏ ဉာဏ်ရည်ဉာဏ်သွေးက နည်းနည်းနိမ့်သည်။

&&&&&&&&&&&&&&

Chapter 78.2

“ယောက္ခမပြန်လာပြီ”

ရှန်းယုဟန်က ဘာကြောင့်မှန်းမသိပေမယ့် ယောက္ခမနှင့် အဆင်ပြေအောင် ပေါင်းသင်းရတာက ကြီးကြီးမားမား ပြဿနာမဟုတ်ဘူးလို့ အမြဲတမ်းခံစားခဲ့ရသည်။ ရှန်မိသားစု၏ ဖွဲ့စည်းပုံက ချီတိုင်းပြည်က မိသားစုများနှင့် သိပ်မကွာပေ။ သူ ရှန်ချီဟွမ်းကို ဂရုစိုက်တာကြောင့် ဤတွေ့ဆုံမှုကို အလေးထားတာဖြစ်ပေမည်။ ထို့အပြင် သူက အနည်းငယ်နေရခက်နေသည်။ သူက သူ့ယောက္ခမနှင့် ပေါင်းသင်းဆက်ဆံဖို့က မလွယ်ဘူးလို့ အမြဲခံစားခဲ့ရပြီး ယင်းမှာ သူ၏ဆဋ္ဌမအာရုံသာဖြစ်၏။

အတန်ကြာစောင့်ပြီးနောက် ကုပီချင်း ရောက်လာဖို့က ပိုနီးကပ်လာခဲ့၏။

ရှန်ချီယွမ်က ရုတ်တရက် စကားပြောတာရပ်လိုက်ပြီး ဖုန်းဖြေလိုက်သည်။ လူ​အကြိုလွှတ်လိုက်သော ဒရိုက်ဘာက သူတို့ရောက်နေပြီလို့ ပြောလာသည်။

လူတိုင်းက မတ်တပ်ထရပ်ကာ တံခါးဆီလျှောက်သွားသည်။ ရှန်းယုဟန်​က စိတ်လှုပ်ရှားနေပေမယ့် သူက ရှန်ချီဟွမ်း၏ လက်ရှိစိတ်အခြေအနေကို အာရုံစိုက်နေဆဲပင်။ သူက တံခါးမှာ လူစောင့်ရင်း သူ့လက်ကို မသိမသာကိုင်လိုက်၏။ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်​က တစ်ယောက်ကိုတစ်​​ယောက် ကြည့်လိုက်ကြပြီး ရှန်းယုဟန်က သူ့လက်ဖဝါးကို အသာအယာ ညှစ်လိုက်၏။

ရှန်းယုဟန်က တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း၊ မစိုးရိမ်ပါနဲ့”

ရှန်ချီဟွမ်းက သူ့ကြောင့် ရွှင်လန်းလာသည်။ “ငါမစိုးရိမ်ပါဘူး။”

သူတို့နှစ်ယောက်စကားပြောနေစဥ် လူတိုင်းကို စိတ်မသက်မသာဖြစ်စေသော လူကို ခေါ်လာသည့်ကားက နောက်ဆုံးမှာရောက်လာခဲ့သည်။

ဒရိုက်ဘာက ကားထဲကထွက်ပြီး အ​နောက်တံခါးကိုဖွင့်လိုက်သည်။

အစ်ကိုကြီး ရှန်ချီယွမ်က ရှေ့ကို ဦးဆောင်ထွက်သွားသည်။

လူတိုင်းတွေးထားသည်နှင့် လုံးဝမတူပဲ တင်းမာသော မျက်နှာထားနှင့် ဆံပင်ထုံးထားသော ​​အမျိုးသမီးတစ်ယောက်က ကားပေါ်မှဆင်းလာသည်။ သူမမျက်နှာပေါ်မှာ အပြုံးမရှိသလို ဆင်းလာတာနှင့် ရှန်ချီယွမ်ကို သခင်လေးလို့ခေါ်လိုက်သည်။

ရှန်ချီဟွမ်းက သူမကိုခေါ်လိုက်သည်။ “အန်တီချန်”

သူမက ရှန်ချီဟွမ်း၏မိခင်မဟုတ်ပဲ ကုပီချင်း၏ဘေးမှာ အမြဲရှိနေခဲ့သောလူဖြစ်၏။

အန်တီချန်က လှည့်ကြည့်ကာ ကားထဲကို လက်ကမ်းပေးလိုက်သည်။ “မဒမ်၊ ကျွန်မတို့ရောက်ပြီ”

ထိုအချိန်တွင် မဒမ်ဆိုသည့် အမျိုးသမီးက လက်ဆန့်လိုက်ပြီး သူမလက်က ဖြူဖွေးကာ ကောင်းကောင်းထိန်းသိမ်းထားဆဲဖြစ်ပြီး သူမက ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

သူမခြေထောက်များက မြေပြင်ပေါ်ကို ဆင်းသက်ပြီးနောက် လက်ကိုဖြည်းဖြည်းချင်းမြှောက်ကာ တင်းမာသောမျက်နှာထားရှိသည့် အမျိုးသမီး၏လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။

ဘယ်ညာတစ်ချက်ကြည့်ပြီး နောက်ဆုံးမှာတော့ သူတို့စောင့်မျှော်နေသော လူကရောက်ရှိလာခဲ့သည်။

ကုပီချင်းက သူမကလေးများ၏အရှေ့မှာ ထွက်ပေါ်လာပြီး သူမက သီလရှင်ဝတ်ရုံကို မဝတ်ထားပဲ ခေတ်မီကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထား၏။

သူမမျက်နှာက ဘာမှမလိမ်းထားပဲ ဆံပင်ကိုထုံးထားပြီး အသက်ခြောက်ဆယ်ကျော်အထိ ကောင်းကောင်းထိန်းသိမ်းထားသည်။ သူမ၏အသားအရေက တင်းမာနေပြီး မျက်လုံး​ထောင့်က အရေးအကြောင်းသာ မရှိခဲ့ရင် သူမ၏အသက်အစစ်အမှန်ကို ပြောရခက်ပေမည်။

သူမက နူးညံ့သိမ်မွေ့သော သာမန် ကျန်းနန်အမျိုးသမီးတစ်ဦးဖြစ်ပြီး အရပ်လည်း သိပ်မရှည်ပေ။ သူမက ဤနေရာတွင်ရှိနေသူအားလုံးကို နှံ့နှံ့စပ်စပ်ကြည့်ကာ သူမမျက်လုံးများက ရှန်ချီယွမ်ဆီရောက်သွားသည်။

ရှန်ချီယွမ်က အရင်ခေါ်လိုက်သည်။ “အမေ၊ ပြန်လာပြီ”

ထိုမှသာ ကုပီချင်းက သူမလက်ကို တင်းမာသောမျက်နှာထားရှိသည့် အမျိုးသမီး၏လက်ကောက်ဝတ်မှ ချလိုက်သည်။ သူမက ဤနှစ်များအတွင်း ခက်ခဲသောဘဝမှာ မနေခဲ့ရတာကို မြင်နိုင်သည်။ သူမဘေးမှာ အလုပ်အကျွေးပြုမယ့် လူတွေရှိနေဆဲဖြစ်ပြီး ယင်းမှာ နှစ်အတော်ကြာ သစ္စာစောင့်သိခဲ့သော အစေခံဖြစ်၏။

ကုပီချင်းက ခေါင်းညိတ်ကာ ရှန်ချီယွမ်အား ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

ရှန်ချီပင်းက သူမကို အမေလို့ခေါ်လိုက်တော့ ကုပီချင်းက သူမကိုလည် ခေါင်းညိတ်ပြလိုက်ပြီး ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းကိုကြည့်လိုက်သည်။ သူတို့က စကားတစ်လုံးမှ မပြောတာကြောင့် သူမကလည်း ဘာမှမပြောတော့ပဲ အိမ်ထဲတန်းဝင်သွားသည်။ တခြားလူများကိုတော့ သူမက တည့်တိုးလျစ်လျူရှုသွား၏။

ဟုတ်သည်.. သူမက သူတို့ကိုလျစ်လျူရှုကာ အကြည့်တစ်ချက်ပင် မပေးခဲ့ပေ။

သူမအိမ်က ထွက်မသွားခင်မှာ ရှန်ချီယွမ်နှင့် ရှန်ချီပင်းက အိမ်ထောင်မပြုရသေးပဲ သူမပြန်လာတော့ ကိစ္စတွေက ပြောင်းလဲသွားပေမယ့် သူမ၏ အကျင့်စရိုက်ကတော့ သိပ်မကောင်းလှပေ။

ရှန်းယုဟန်က သူမနဲ့မတွေ့ခင် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူမကိုတွေ့ပြီး​နောက် စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။

နှစ်ပေါင်းများစွာ သီလရှင်ဝတ်ခဲ့သော လူတစ်​​ယောက်က ရုတ်တရက်ပြန်လာပြီး သူမပြန်လာသောအခါ သီလရှင်ဝတ်ဖူးသူတစ်ယောက်လို ဝတ်ဆင်မထားပဲ ဆံပင်နဲ့ကျင့်သားနေရပုံမှာ စဥ်းစားစရာဖြစ်နေသည်။ သူက အမြဲတမ်း အသေးစိတ်ခံစားတတ်တာကြောင့် တစ်ချက်ကြည့်ရုံဖြင့် ခပ်လျှိုလျှိုနေတတ်သော ယောက္ခမ၏ပုံရိပ်ကို မတွေ့ခဲ့ရပေ။ ယင်းမှာ ရိုးစင်းမှုမရှိပေ။ အထူးသဖြင့် သူမက သူမကလေးများ၏ လက်တွဲဖော်များကို ပြတ်ပြတ်သားသား လျစ်လျူရှုသွားပုံက သူမ၏အတုမရှိသော မောက်မာမှုကို ဖုံးကွယ်ထားလို့ မရနိုင်ခဲ့ပေ။

ရှန်းယုဟန်က ဘယ်သူ့ကိုမှ မျက်နှာသာမပေးချင်တာကြောင့် ကုပီချင်း၏ရည်ရွယ်ချက်ကို မတွေးတော့ပဲ ရပ်လိုက်သည်။

ရှန်ချီယွမ်က သူမနဲ့ အန်တီချန်၏ ခရီး​ဆောင်အိတ်ကို အခန်းထဲအရင်သယ်သွားခဲ့ပြီး သူမကို ထမင်းစားမလား ကိုယ်လက်သန့်စင်မလား အရင်မေးလိုက်သည်။

ကုပီချင်းက ​နောက်ဆုံးမှာ ပါးစပ်ဖွင့်လာသည်။ “အရင်စားကြတာပေါ့၊ အားလုံးစောင့်နေရတာကြာပြီ၊ အိမ်မှာ လူတွေလည်းအများကြီးတယ်။ ငါ့မြေးတွေအပါအဝင် ငါသူတို့ကို သေချာမကြည့်ရသေးဘူး”

သူမ၏မျက်ခုံးနှင့် မျက်လုံးကြားတွင် ပင်ပန်းနွမ်းနယ်မှုမရှိပဲ သူမက အလွန်တက်ကြွနေသည်။

လူတိုင်းက စားပွဲမှာထိုင်လိုက်ကြပြီး ကုပီချင်းက ပင်မထိုင်ခုံမှာထိုင်ကာ လှည့်ပတ်ကြည့်ရှုနေသည်။

ရှန်ချီယွမ်က အားလုံးကို တစ်​​ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်သည်။ သူက မိသားစုရှိ လူအားလုံးကို အရင်မိတ်ဆက်ပေးလိုက်ပြီး ယောက္ခမကို ရင်ဆိုင်ရသောအခါ အကြီးဆုံးမရီးက ယောက္ခမကိုလည်း မထူးမခြားနားဆက်ခဲ့သည်။ သို့သော် သူမက ကုပီချင်းကို လေးလေးနက်နက် နှုတ်ဆက်ခဲ့​ပေမယ့် ယခုလို လူစိမ်းများနှင့် အတူရှိနေရသည့် အခြေအနေကို မ​ကြိုက်သည့်ပုံပင်။ ကုပီချင်းက သူမကိုကြည့်ကာ မကျေမနပ်မဖြစ်ပဲ သူမ၏မိသားစု အခြေအနေအကြောင်းကို မေးလိုက်လေသည်။

ကုပီချင်းက သူမကို ကြင်ကြင်နာနာ စိုက်ကြည့်ကာ မေးလိုက်၏။ “မင်းမိဘတွေရှိသေးလား?”

အကြီးဆုံးမရီး: “ကျန်းကျန်းမာမာ ရှိနေဆဲပါပဲ”

ကုပီချင်းက ချောချောမွေ့မွေ့ ပြောလိုက်၏။ “ဒါဆို တစ်ရက်လောက် သွားလည်ရအောင်.. ဘာပဲဖြစ်ဖြစ် ငါတို့က ခမည်းခမက်တွေပဲလေ”

အကြီးဆုံးမရီးက ဘယ်လောက်ပဲအေးစက်ပါစေ သူမက လူကြီးများကို တုံ့ပြန်သည့်အခါ အမှားမလုပ်ပေ။ “အမေအနားယူပြီးရင် သူတို့နဲ့တွေ့ပေးဖို့ စီစဥ်ပေးပါမယ်။ ကျွန်မမိဘတွေက အတော်လေး အပူအပင်ကင်းတယ်”

ကုပီချင်းက ခေါင်းညိတ်ပြသည်။ “ကောင်းပြီ၊ ဒါဆိုအဆင်ပြေသွားပြီ”

တစ်ဖက်ခြမ်းက ရှန်းယုဟန်က သူ့ခင်ပွန်းပြောပြတာကို သတိရသွားသည်။ အစ်ကိုကြီးနှင့် အကြီးဆုံးမရီးတို့က မဟာမိတ်ဖွဲ့အိမ်ထောင်ရေးဖြစ်ပြီး သူမမှာ ချို့ယွင်းချက်အနည်းငယ်ရှိပေမယ့်လည်း မျိုးရိုးနောက်ခံက အရမ်းကောင်းသည်။ ဒါကြောင့်ပဲ ရှန်ထျန်းဖုန်းက ရှန်မိသားစု၏ လေးလံသောတာဝန်ကို ရှန်ချီယွမ်အား ပေးခဲ့တာဖြစ်၏။

ရှန်ချီယွမ်က သူ့သားနှစ်ယောက်ကို မိတ်ဆက်ပေးလိုက်တော့ ကလေးတွေက သူမကို နာခံစွာ အဘွားလို့ခေါ်ခဲ့ပြီး ကုပီချင်းက သူတို့ကို မိတ်ဆက်လက်ဆောင်အဖြစ် စာအိတ်နီပေးဖို့ အန်တီချန်ကိုပြောခဲ့သည်။

ထို့နောက် အစ်မလတ်ရှန်ချီပင်း၏ မိသားစုအလှည့်ရောက်လာပြီး ကုပီချင်းက သားမက်ကို အကြိမ်ရေအနည်းငယ်ကြည့်ခဲ့ပေမယ့် သူတို့မှာ ကလေးတွေလည်းရှိတာကြောင့် ဘာမှမပြောတော့ပဲ ကလေးတွေကို စာအိတ်နီပေးလိုက်သည်။

သူမက ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းကိုကြည့်ကာ ​ပြောလိုက်သည်။ “လောင်စန်း၊ လောင်စစ်၊ မင်းတို့ကြီးပြင်းလာလိုက်တာ။”

ရှန်ချီဟွမ်းက ​ခေါင်းညိတ်ပြသည်။ “အဲ့လိုပါပဲ” သူက ရှန်းယုဟန်ကို မိတ်ဆက်ပေးချင်ပေမယ့် ကုပီချင်းက သူ့ကို စကားပြောခွင့်မပေးခဲ့ချေ။ “လောင်တ၊ ငါတို့စားကြတော့မလား”

ရှန်ချီရှင်းက သူမကို အမေလို့မခေါ်နိုင်ပေ။ သူမ၏အာရုံကလည်း သူ့အပေါ်မှာမရှိတော့ သူကလည်း ဘာမှမပြောတော့ပေ။ သူမက သူစိမ်းတစ်ယောက်သာဖြစ်သည်။

​ဖြစ်စဥ်တစ်လျှောက်မှာ ကုပီချင်းက ရှန်းယုဟန်ကိုလုံးဝမကြည့်ပဲ သူဒီမှာမရှိသလို ပြုမူနေ၏။

ညစာစားပြီးနောက် ကုပီချင်းက လူသားဆက်ဆံရေး၏ ပျော်ရွှင်မှုကိုခံစားဖို့ ရည်ရွယ်ချက်မရှိသဖြင့် သူမပင်ပန်းနေ၍ လူတိုင်းကို အရင်ပြန်ဖို့ပြောခဲ့သည်။

အားလုံးက ပြန်သွားကြပြီး သူမက ရှန်ချီရှင်းကို ရှန်ချီယွမ်၏အိမ်မှာနေဖို့ ​တောင်းဆိုခဲ့သည်။

ကုပီချင်းက အိမ်ထဲဝင်ပြီး ညစာစားပြီးသည်အထိ ရှန်းယုဟန်အကြောင်းကိုမမေးခဲ့ပေ။ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ကားပေါ်တက်ကာပြန်သွားကြသည်။

ကားပေါ်ရောက်တာနဲ့ ရှန်ချီဟွမ်းက မျက်နှာမဲ့ကာပြောလိုက်၏။ “သူမရဲ့ရည်ရွယ်ချက်ကဘာလို့ထင်လဲ? သူမက မင်းကိုဘာလို့ လျစ်လျူရှုနေတာလဲ? မင်းက အဖေ့သူငယ်ချင်းရဲ့သားမို့လား?” ကလေးတွေသာရှိမနေခဲ့ရင် သူက နေရာမှာတင် ဒေါသထွက်သွားမှာဖြစ်၏။

မတရားမှုကြောင့် ဒေါသဖြစ်နေသော ရှန်ချီဟွမ်းကိုကြည့်ကာ ရှန်းယုဟန်က ပြုံးလိုက်သည်။ “ယောကျာ်း၊ စိတ်တိုစရာဘာရှိလို့လဲ၊ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် မကြိုက်ဘူးဆိုရင် မကြိုက်ဘူးပေါ့။ လူတွေကြားက ဆက်ဆံရေးက ကံတရားနဲ့ဆိုင်တယ်။ ကျွန်တော်ကပိုက်ဆံမှမဟုတ်တာ.. လူတိုင်းကျွန်တော့်ကို ကြိုက်လာအောင် မလုပ်နိုင်ဘူးလေ”

ရှန်ချီဟွမ်းက သရော်လိုက်သည်။ “မှန်တယ်။ သူမက ငါ့ကိုတောင် တိုက်ရိုက်မကြည့်ရဲဘူး။ သူများတွေက အိမ်ကိုချစ်လို့ ကျီးကန်းကိုချစ်ပေမယ့် သူမကတော့ အိမ်ကိုမုန်းပြီး ကျီးကန်းကိုလည်းမုန်းနေတယ်”

(သား/သမီးကိုချစ်ရင် ချွေးမ သို့မဟုတ် သားမက်ကိုလည်း ချစ်ရမယ်လို့ဆိုလိုတာပါ)

ရှန်းယုဟန်က သူ့ကိုနှစ်သိမ့်လိုက်သည်။ “ဒါဆို နောက်တစ်ခါ သူမရှေ့မလာမိအောင် ကြိုးစားမယ်”

ဆန့်ကျင်ဘက်အနေနဲ့ ရှန်းယုဟန်က လုံးဝစိတ်မထိခိုက်ပေ။ ထိုအစား သူက သူ့သံသယကိုထုတ်မေးလိုက်သည်။ “သူမက သီလရှင်မဟုတ်ဘူးလား? ကျွန်တော် အရင်က သီလရှင်တွေနဲ့ အဆက်အဆံရှိဖူးတယ်။ သူမက သီလရှင်နဲ့မတူဘူး။ ဆန့်ကျင်ဘက်ဆိုရရင် သူမက ဘယ်တုန်းကမှ သီလရှင်မဖြစ်ခဲ့သလိုပဲ”

ရှန်ချီဟွမ်းက ထို​မေးခွန်းကြောင့် အလေးအနက်တွေးလိုက်ပြီး ထိုနှစ်များမှာ ကုပီချင်းနှင့် အဆက်အသွယ်ရှိသူက သူ့အစ်ကိုကြီးဖြစ်ပြီး သူက သူ့အမေအကြောင်း သိပ်မသိပေ။

သူ့အစ်ကိုကြီးက သူ့ကို တစ်ခုခုဖုံးကွယ်ထားတာ ဖြစ်နေမလား?

ရှန်းယုဟန်က ကုပီချင်း၏အပြုအမူကို ဒီညလေ့လာခဲ့ပြီး ယင်းမှာ အာဏာပြတာနဲ့မတူပဲ သူမက သူ့ကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားတာဖြစ်သည်။ သူမက သူ့ကိုမကြိုက်သည့်အပြင် သူနဲ့ဆက်ဆံရတာ နိမ့်ကျပြီး မထိုက်တန်ဘူးလို့ တွေးနေပုံရသည်။.

သူ့စိတ်ထဲမှာ ပုံရိပ်တစ်ခုဖြတ်ပြေးသွား၏။ ချီတိုင်းပြည်တွင် အကြီးဆုံးမင်းသမီးတစ်ပါးရှိပြီး သူမက သူမသားကို ဇနီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်၊ ရိုးသားဖြောင့်မတ်သော အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပေးချင်ခဲ့သည်။ သူမသားက သူမဆန္ဒကို မဖြည့်စည်းပေးပဲ ကောတစ်ယောက်နှင့် လက်ထပ်ပေးရန် သူ့ဦးလေးကို တောင်းဆိုခဲ့သည်။

အကြီးဆုံးမင်းသမီး၏ အတွင်းခြံဝင်းမှာ ကောနှစ်​​​ယောက်ရှိတာကြောင့် သူမက ကောများကို အရမ်းမုန်းသည်။ ထို့နောက် သူမက သူမ၏ချွေးမကို အထင်သေးရှုတ်ချခဲ့ပြီး နှင်းကျသောနေ့မှာလည်း သူမကိုစောင့်ခိုင်းခဲ့သည်။ အမှားမရှိလည်း သူ့ကိုဆူပူကြိမ်းမောင်းပြီး ဧည့်ခံပွဲကိုခေါ်သွားရင် တမင်တကာလျစ်လျူရှုပြီး သူအရှက်ကွဲသွားဖို့ မျှော်လင့်နေခဲ့သည်။

ပွဲတစ်ခုမှာ ရှန်းယုဟန်က ထိုမြင်ကွင်းကို ရပ်မကြည့်နိုင်တော့သဖြင့် ကဗျာရေးတာမကျွမ်းကျင်သော ကောလေးကို ကူညီပေးခဲ့သည်။ ထိုမှသာ ဧည့်ခံပွဲမှာ အရှက်မကွဲမှာဖြစ်ပြီး ထိုအချိန်တုန်းက သူသည် ချွေးမဖြစ်ရတာမလွယ်ဘူးလို့ ခံစားမိခဲ့သည်။ နောက်တော့ ထိုကောက သူ့ဆီကို ရံဖန်ရံခါ စာရေးလေ့ရှိပြီး စိတ်ဝင်စားစရာ ရတနာလေးတွေ ပို့ပေးလေ့ရှိသည်။ သူက အတော်လေးရက်ရောသည့် ကောဖြစ်ပြီး လူကောင်းဖြစ်ပေမယ့် မြို့စားလေးက သူ့ကို ကောင်းကောင်းဆက်ဆံရဲ့လားတော့ မသိချေ။

ရှန်းယုဟန်အတွက်က ထိုအကြီးဆုံးမင်းသမီးကို ပြန်တွေးမိတိုင်း ဘာမှမှားနေတယ်လို့ မထင်ခဲ့ပေ။ သူ့ယောက္ခမက သူ့ကိုမကြိုက်တာပုံမှန်ဖြစ်ပြီး သူမ သီလရှင်တစ်ပါးဖြစ်နေရင်တောင် ရှန်မိသားစုမှာ ဘာတွေဖြစ်နေလဲသိခဲ့တာကို မြင်နိုင်သည်။

သူ့ယောက္ခမက ချီတိုင်းပြည်မှာ နေထိုင်မယ်ဆိုရင် အကြီးဆုံးမင်းသမီးနှင့် သူငယ်ချင်းဖြစ်မှာသေချာသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment