Chapter 86.1
“မရီး၊ သတိထား”
ကုမ္ပဏီမှာအချိန်ပေးဖို့လိုသော တစ်ဦးတည်းသောမိသားစုဝင် ရှန်ချီဟွမ်းက အလုပ်သွားပြီးနောက် ရှန်ချီရှင်း၏နေ့စဥ် ရိုက်ကူးရေးက စတင်ခဲ့သည်။
ရိုက်ကူးနေစဥ်အတွင်း သူတို့က ကိုယ့်အတွက်ကိုယ် ချက်ပြုတ်ဖို့ တာဝန်ရှိပေမယ့် ရှန်ချီရှင်းက မချက်ပြုတ်တတ်သလို ရှန်ချီဟွမ်းကလည်း နေ့တိုင်းအလုပ်ရှုပ်နေပြီး သူအိမ်ပြန်လာရင် မီးဖိုချောင်ဝင်ရမှာကို ရှန်းယုဟန်က မလိုလားသဖြင့် တစ်နေ့သုံးနပ်စာတာဝန်က သူ့အပေါ်ကျသွားသည်။ ဒါပေါ့…. သူက သူ့မိသားစုအတွက် အရသာရှိသော ဖြည့်စွက်စာချက်ပေးရတာ ပျော်ပါသည်။
ရိုက်ကူးရေးက ရိုက်ကူးရေးပဲဆိုပေမယ့် အဓိကဇာတ်ကောင်က ရှန်းယုဟန်မဟုတ်တာကြောင့် သူက သူ့ပုံစံအတိုင်းသာ နေထိုင်သည်။ ထိုအစား သူက ပရိုဂရမ်အဖွဲ့ကို ကျေးဇူးတင်ရမည်။ သူ့ခင်ပွန်းက ဒီနှစ်ရက်မှာ ညစာစားဖို့ စောစောပြန်လာမှာဖြစ်၍ သူက နှစ်ညလောက် ကောင်းကောင်းအနားယူလို့ရသည်။
မနက်စာစားပြီးတော့ ရှန်းယုဟန်က စူပါမားကတ်ကိုသွားခဲ့သည်။
ရိုက်ကူးရေးမှာနစ်မြှုပ်ထားပြီး ကောင်းမွန်သောအပိုင်းများ ပိုထွက်လာစေရန် မန်နေဂျာက ရှန်ချီရှင်းကို တိုက်တွန်းထားတာကြောင့် သူက ရှန်းယုဟန်နှင့် စျေးဝယ်လိုက်သွားသည်။
“မရီး… ကျွန်တော်လိုက်ခဲ့မယ်”
“အိုခေ၊ သွားရအောင်” ရှန်းယုဟန်က ကုန်စုံဆိုင်သွားတိုင်း သူသုံးလေ့ရှိသည့် အိတ်ကိုသယ်သည်။
ရှန်ချီရှင်းက အံ့ဆွဲထဲက ကားသော့ယူကာ စိတ်လှုပ်ရှားစွာ ပြေးထွက်လာသည်။ သူက သူ့အစ်ကို၏ကားကို သုံးချင်နေတာကြာခဲ့ပြီ။
သို့သော် ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “ယောက်ဖ၊ ကားသော့က ဘာလုပ်မလို့လဲ?”
ရှန်ချီရှင်းက သူအရမ်းမောင်းချင်သော ကားသော့ကို ကိုင်ထားသည်။ “ကျွန်တော်တို့ ကုန်စုံဆိုင်သွားမှာမဟုတ်ဘူးလား၊ ကျွန်တော်မောင်းပေးမယ်လေ”
“ငါတို့ခြေလျင်သွားမှာ” ရှန်းယုဟန်၏စကားကို သူ့စိတ်ကူးကို ကြေကွဲစေသည်။ “အနီးနားမှာ စူပါမားကတ်အကြီးကြီးရှိတယ်။ ငါတို့ကားစီးဖို့မလိုဘူး။”
ရှန်ချီရှင်းက ကားသော့ကို စိတ်ပျက်လက်ပျက် အံဆွဲထဲပြန်ထည့်လိုက်သည်။
သူတို့နှစ်ယောက်ထွက်လာကြပြီး ပရိုဂရမ်အဖွဲ့က သူတို့နောက်လိုက်လာသည်။
သူတို့က စူပါမားကတ်ကိုသွားကြပြီး ရှန်ချီရှင်းက အရင်က စူပါမားကတ်မှာ ရေဘူးသာဝယ်ဖူးပြီး သူ့အတွက် ပထမဆုံး ရသစုံရှိုးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးရှိနေသည်။
စူပါမားကတ်ထဲဝင်ပြီးနောက် သူက ရှန်းယုဟန်ကို ဘာဝယ်ဖို့လိုလဲမေးခဲ့သည်။
ရှန်းယုဟန်က စူပါမားကတ်၏ ဟင်းသီးဟင်းရွက်အတန်းကိုသွားလိုက်သည်။ ထိုအချိန် ဟင်းသီးဟင်းရွက်တန်းမှာ ဝယ်နေသူများက လူကြီးများနှင့် အိမ်ရှင်မများဖြစ်ပြီး ရှန်းယုဟန်က သူလိုအပ်သော ပါဝင်ပစ္စည်းများကို ဂရုတစိုက်ရွေးချယ်လိုက်သည်။
ရှန်ချီရှင်းက ဘာလုပ်ရမလဲမသိပေ။ “မရီး၊ ပုံမှန်ဆို တစ်ယောက်တည်း လာဝယ်တာလား?”
ရှန်းယုဟန်က ခေါင်းညိတ်သည်။ “ဟုတ်တယ်၊ နှစ်ယောက်စာပဲလေ၊ ငါတို့ ပေါ့ပေါ့ပါးပါး ချက်စားကြမလား?”
သူ့မရီး သူ့အစ်ကိုအပေါ် အရမ်းကောင်းတာကို ရှန်ချီရှင်းက ခံစားမိပြီး အားကျလာသည်။ “ကျွန်တော်ဒီမှာရှိနေတာကို ဘာလို့ပေါ့ပေါ့ပါးပါးချက်မှာလဲ၊ ကျွန်တော့်အစ်ကို ညနေပြန်လာရင် အရသာရှိတာလေး ချက်ပေးလိုက်ပါ”
“သူက ငါ့ယောကျာ်းလေ၊ သူ့အတွက် အရသာရှိတာလေးတွေ ချက်ပေးမှာပေါ့၊ သူက အလုပ်အရမ်းကြိုးစားတာ” ရှန်းယုဟန်က ပုံမှန်ဖြစ်စဥ်လိုဖြေလိုက်သည်။
ရှန်ချီရှင်းက တစ်လုပ်စားဖို့တောင် အရှက်ရသွားသည်။ “ကျွန်တော်လည်းကြိုးစားတာပဲမို့ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ဖို့လိုတယ်”
ရှန်းယုဟန်က ဖောင်းကားနေသော သူ့မျက်နှာကိုကြည့်ကာ ခုန်ပေါက်နေသော လတ်လတ်ဆတ်ဆတ် ပုဇွန်များကို လက်ညှိုးထိုးပြီး ပြောလိုက်၏။ “ငါမင်းအတွက် နေ့လည်စာ ပုဇွန်ချက်ပေးရမလား?”
“ကောင်းပြီ” သူက အပယ်ခံထားရသလို ခံစားရသည်။ “ဂဏန်းနည်းနည်းထပ်ကြော်ပေးရင်ရော?” သူက ပင်လယ်စာစားချင်နေတာကြာခဲ့ပြီ။
ရှန်းယုဟန်ကဆိုသည်။ “ရတာပေါ့၊ ဂဏန်းပေါင်းကလွယ်ပါတယ်။”
“မွှေကြော်ပေးလို့မရဘူးလား?” ရှန်ချီရှင်းက နှစ်ကြိမ်လက်ဟန်ပြသည်။ “ဂဏန်းစပ်စပ်လေး”
“မင်းခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ မလိုဘူးလား?” ရှန်းယုဟန်က သူ့ကိုကြည့်လိုက်သည်။
“မလိုပါဘူး၊ ကျွန်တော်တို့ ကျောက်ပုဇွန်တွေ ထပ်ဝယ်ကြမယ်” ရှန်ချီရှင်းက စတင်မှာယူလိုက်သည်။
ရှန်းယုဟန်က ကျောက်ပုဇွန်ကကောင်းတယ်လို့ ထင်ပေမယ့် သူတို့က နေ့လည်မှာစားလို့မရပဲ ညမှစားလို့ရသည်။
“ကျောက်ပုဇွန်က ဒီမှာဝယ်လို့မရဘူး။ ဟင်းသီးဟင်းရွက်စျေးကိုသွားမယ်”
ပရိုဂရမ်အဖွဲ့နှင့် တခြားသူများက အူတက်အောင်ရယ်မောနေကြသည်။ အွန်လိုင်းမှာတော့ ရှန်ချီရှင်းက ချမ်းသာပြီးအာဏာရှိသောမိသားစုက မျိုးရိုးမြင့်သော သားတစ်ဦးလို့ ဖော်ပြထားပေမယ့် အပြင်မှာတော့ သူ့မိသားစုနဲ့ ဒီလိုဆက်ဆံရေးရှိမယ်လို့ ဘယ်သူကထင်ထားမှာလဲ၊ သူနဲ့ သူ့မရီးကြားမှာ ချစ်ခင်ရင်းနှီးမှုနည်းနည်းရှိသလိုပဲ?
သူတို့နှစ်ယောက် ဟင်းသီးဟင်းရွက်စျေးတွင် လတ်ဆတ်သော အသီးအရွက်နှင့် ကျောက်ပုဇွန်ကိုဝယ်ခဲ့ကြပြီး ယင်းမှာ ရှန်ချီရှင်းကို သွားရည်ကျစေခဲ့သည်။
“ခင်ဗျားကျောက်ပုဇွန်ချက်ဖူးလား?” ရှန်ချီရှင်းက စမှာလိုက်သည်။ “ကျောက်ပုဇွန်အစပ်ရော?”
“မချက်ဖူးဘူး” ရှန်းယုဟန်က ကျောက်ပုဇွန်အထုပ်ကို ရှန်ချီရှင်းအား ပေးလိုက်သည်။ “ကိုင်ထား၊ မင်းအစ်ကိုက အစပ်မစားဘူး”
ရှန်ချီရှင်းသက်ပြင်းချသည်၊ သူဘာလို့ သူ့အစ်ကိုအိမ်မှာ ရိုက်ကူးရေးလာလုပ်ရတာလဲ?
သူ့မရီးက သူ့အစ်ကိုကို ဒီလောက်အလိုလိုက်တာ၊ သူလည်းအနာဂတ်မှာ သူ့ကို ဒီလိုအလိုလိုက်မယ့်လူကို ရှာသင့်တယ်။
သူတို့အိမ်ပြန်လာတော့ နှစ်ယောက်သားက လက်အပြည့်ဖြစ်၏။ ပန်းခြံကဖြတ်သွားတော့ ရှန်းယုဟန်က သူ တကူးတကယူလာသော ကြောင်စာကို တစ်နေရာမှာ သွန်ချလိုက်သည်။
ရှန်ချီရှင်းက သူ့မရီးမှာ လျှို့ဝှက်ချက် အနည်းငယ်ရှိတယ်လို့ ခံစားမိသည်။ “ခင်ဗျားလမ်းဘေးကြောင်တွေကို အစာကျွေးဖို့ အပြင်ထွက်နေတာ ကျွန်တော့်အစ်ကိုသိလား?”
ရှန်းယုဟန်က ခေါင်းခါသည်။ “ငါမသိဘူး” သူကိုယ်တိုင်လည်း လမ်းဘေးရောက်လုနီးပါးဖြစ်ခဲ့၍ လမ်းဘေးကြောင်လေးတွေကိုမြင်ရင် စာနာမိသည်။ ဒါကြောင့် သူက ကြောင်စာအမြဲယူလာပြီး ဖြတ်သွားတိုင်း ကျွေးလေ့ရှိသည်။
ကြောင်စာရောက်လာတာနဲ့ သုံးလအရွယ်ကြောင်လေးတွေက ခေါင်းလေးတွေထွက်လာခဲ့သည်။ ရှန်းယုဟန်က ဆောင့်ကြောင့်ထိုင်ကာ ကြောင်ပေါက်တစ်ကောင်ကိုထိပြီး ကြောင်စာစားဖို့ ညွှန်ပြလိုက်သည်။ ရှန်ချီရှင်းကလည်း ဆောင့်ကြောင့်ထိုင်ကာ ကြောင်လေးတွေနဲ့ ကစားနေသည်။
“သူတို့ကို ဘာလို့အိမ်မခေါ်သွားတာလဲ?” မိသားစုက မကျွေးနိုင်တာလည်းမဟုတ်ဘူးလေ….
“မင်းအစ်ကိုက ကြောင်အမွှေးနဲ့ ဓာတ်မတည့်ဘူး၊ သူတို့ဒီမှာ အဆင်ပြေတယ်လို့ ငါထင်တယ်။ သူတို့အဆင်မပြေမှ ငါတို့ပြန်လာပြီး ကုမ္ပဏီကိုခေါ်သွားလိုက်မယ်”
“အော်၊ အစ်ကို့ရဲ့ကုမ္ပဏီမှာ ကြောင်မွေးထားတဲ့နေရာရှိတာ မှတ်မိတယ်။” ထိုအချိန်က Trending Search ထဲမှာ ပါဖူးပြီး လူမူဝန်ထမ်းတစ်စုက တခြားလူများ၏ ကုမ္ပဏီကို အားပေးခဲ့ကြသေးသည်။
ရှန်းယုဟန်က ပြောလိုက်သည်။ “အင်း၊ ငါ တစ်ခါတစ်လေသွားတယ်။ သူတို့က ဒီမှာ ပျော်နေလို့ လောလောဆယ် မခေါ်သွားသေးတာ”
ရှန်ချီရှင်းကလည်း လမ်းဘေးကြောင်နှင့် ခွေးများကိုချစ်သည်။ “သူတို့ကြီးလာရင် သားကြောဖြတ်ရမှာပဲ။ မဟုတ်ရင် သူတို့ကလေးတွေလည်း အလေအလွင့်ဖြစ်သွားလိမ့်မယ်”
“ဒီလိုလား?” ရှန်းယုဟန်က ဒီလိုမတွေးထားပေး။ အကြောင်းမှာ ချီတိုင်းပြည်တွင် ကျားကြောင်လေးက သားပေါက်လေးတွေမွေးပြီး ကြွက်ဖမ်းဖို့ အိမ်ပြန်လာမှာကို စောင့်ကြသည်။ “ဒါဆို နေ့လည်ကျရင် သူတို့ကို တစ်ယောက်ယောက်နဲ့ လာခေါ်ခိုင်းပြီး ကုမ္ပဏီကို ပို့လိုက်မယ်။ ဒါပေမယ့် ကြောင်ပေါက်လေးတွေကိုပဲမခေါ်ပဲ အမေကိုရောပဲ”
“အင်း၊ သူတို့အနာဂတ်မှာ နေစရာနေရာတစ်ခု ရှိသွားလိမ့်မယ်” ရှန်ချီရှင်းက သူပြောတာကိုလက်ခံလိုက်သည်။ “သူတို့ကို ဒီနေ့နေ့လည်လာခေါ်ဖို့ တစ်ယောက်ယောက်ကို ပြောလိုက်မယ်။”
နေ့လည်စာစားချိန်ဖြစ်၍ ရှန်းယုဟန်နှင့် ရှန်ချီရှင်းက အိမ်ပြန်လာခဲ့ကြသည်။
–
ရှန်းယုဟန်၏ ဘဝစည်းချက်က ပုံမှန်အတိုင်းရှိနေဆဲဖြစ်ပြီး သူက နေ့လည်စာစားကာ တစ်ရေးတစ်မောအိပ်လိုက်သည်။
မွန်းလွဲပိုင်းနှစ်နာရီတွင် စာဖတ်ခန်းထဲမှာ လက်ရေးလှနှင့် ပန်းချီကိုလေ့ကျင့်နေသည်။
သူအောက်ထပ်မှာ ရေသွားသောက်တော့ ဒါရိုက်တာက ရိုက်စရာမရှိလို့ သူ့နေစဥ်ဘဝကို ရိုက်လို့ရမလားမေးလာသည်။
ရှန်းယုဟန်က ချက်ချင်းသဘောမတူပေ။ “ခင်ဗျား ကျွန်တော်ယောက်ဖကို မရိုက်ဘူးလား?”
“သူက ဥက္ကဋ္ဌရှန်ရဲ့ကုမ္ပဏီကို လမ်းဘေးကြောင်တွေသွားပို့ပြီး အခုအပြန်လမ်းမှာရောက်နေပြီ။” ဒါရိုက်တာက ရှန်းယုဟန်ကို စိတ်ဝင်စားဖို့ကောင်းသော လူလို့ထင်တာကြောင့် အလွှတ်မပေးချင်။ ဒီလိုငယ်ငယ်လေးနဲ့ အချက်အပြုတ်ကျွမ်းကျင်မှုကလည်း အလွန်ခေတ်မီတာကြောင့် မှတ်တမ်းရုပ်ရှင်ရိုက်လို့ရ၏။
“မစ္စတာရှန်း၊ စိတ်မရှိရင်… ခင်ဗျားရဲ့နေ့စဥ်ဘဝကို ရိုက်ကူးလို့ရမလား?”
“ဒါပေမယ့် ကျွန်တော့်နေ့စဥ်ဘဝက ဘာမှမရှိဘူး၊ စာရေးတယ်၊ ပန်းချီဆွဲတယ်။ ရေလောင်းတယ်… ဒါပဲ”
ကျိုးနွံလိုက်တာ…. သူ့ပန်းချီကားတစ်ချပ်က ဘယ်လောက်တန်လဲသိရဲ့လား?
ဒါရိုက်တာက ရှားပါးအခွင့်အရေးလက်မလွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။ “ခင်ဗျားလက်ရေးလှနဲ့ပန်းချီက လက်လှမ်းမမှီလောက်အောင် သာလွန်ပါတယ်။ ကျွန်တော်တို့မျက်လုံးထဲမှာ ခင်ဗျားက ဆရာတစ်ဆူပါ။”
ချီးကျူးခံရပြီးနောက် ရှန်းယုဟန်က ဆက်မငြင်းတော့ပဲ သူတို့ကို စကားလုံးအချို့သာ သတိပေးလိုက်သည်။ “ဟုတ်ကဲ့၊ ခင်ဗျား စာဖတ်ခန်းထဲမှာ လာရိုက်လို့ရပါတယ်။ ကျွန်တော်ခင်ပွန်းရဲ့စာဖတ်ခန်းတော့ မရဘူး။”
ဒါရိုက်တာက ရှန်းယုဟန် စကားပြောရလွယ်တယ်လို့ တွေးလိုက်သည်။ “နားလည်ပါပြီ”
ရှန်းယုဟန်က သူတို့ကို စာဖတ်ခန်းထဲခေါ်သွားပြီး သူဝင်ပြီးသည်နှင့် ပြောလိုက်သည်။ “စာဖတ်ခန်းက နည်းနည်းသေးလို့ ရှုပ်နေပါတယ်”
ဒါရိုက်တာအဖွဲ့နှင့် တခြားသူများက မယုံနိုင်သလိုကြည့်သည် “....”
ဒါက သေးတာလားကွ? ဒါကသေးတာလား? စိတ်ဆိုးသွားပြီ!
ဒါရိုက်တာက အတွေ့အကြုံမရှိသူ မဟုတ်တာကြောင့် အံ့အားသင့်မှုကို ပြန်ထိန်းသိမ်းလိုက်သည်။ “ခင်ဗျား လက်ရေးလှနဲ့ပန်းချီ လေ့ကျင်နေတာလား?”
“လက်ရေးလှလေ့ကျင့်နေတာ၊ ဒါက ကျွန်တော်ရဲ့နေစဥ်အိမ်စာလေ၊ လက်ရေးလှလေ့ကျင့်ပြီး ခဏနေရင် ချင်လေ့ကျင့်မှာ၊ ပျင်းစရာကောင်းတယ်ထင်ရင် အောက်ထပ်မှာ သွားအနားယူလို့ရတယ်”
“မဟုတ်တာ၊ ခင်ဗျားက လုပ်စရာရှိတာလုပ်ပါ၊ ကျွန်တော်တို့က ရိုက်ကူးရုံပဲ၊ ပြီးတော့ ခင်ဗျားပစ္စည်းတွေကို မဖွပစ်ပါဘူး”
စာဖတ်ခန်းထဲမှ ပစ္စည်းတိုင်းက သူတို့ရဲ့ ဆယ်နှစ်စာလစာထက် ပိုတန်လောက်သည်။
ရှန်းယုဟန် ချီတိုင်းပြည်မှာရှိခဲ့စဥ် သူ့ကို လူအများကြီးကဝန်းရံခဲ့သည်။ ဒါရိုက်တာအဖွဲ့နှင့် တခြားလူတွေ ဝင်လာတော့ သူက စိတ်မပူတော့ပဲ နေ့စဥ်ဘဝမနှောင့်နှေးစေဖို့ သူအလုပ်သူလုပ်လိုက်သည်။
မွန်းလွဲပိုင်း လေးနာရီတွင် သူက ချင်တီးခတ်တာရပ်လိုက်ပြီး မီးဖိုချောင်ကိုသွားတော့ လူတိုင်းက သူ့နောက်ကနေ အောက်ဆင်းလာခဲ့သည်။
ထိုအချိန်တွင် ရှန်ချီရှင်းက ရှန်ချီဟွမ်း၏ ကုမ္ပဏီကနေ ပြန်ရောက်လာပြီး ကြောင်ပေါက်လေးများကို အောင်အောင်မြင်မြင် ပ်ို့ခဲ့ပြီးလေပြီ။
သူက အနားယူမယ်လို့တွေးခဲ့ပေမယ့် အဆုံးမှာ သူ့မရီးက မီးဖိုချောင်ထဲသွားပြီး ပုဇွန်သွေးကြောဖြတ်ပေးဖို့ ပြောလာသည်။
ရှန်ချီရှင်း: “.....”
ရှန်းယုဟန်က သူ့သံသယကိုမြင်သည်။ “မင်းကျောက်ပုဇွန်မစားချင်ဘူးလား? အဲ့ဒါက ကိုယ်တိုင်လုပ်ရင် အရသာရှိတယ်။ မဟုတ်ရင် အရသာသိပ်မကောင်းဘူး”
“ကောင်းပြီ၊ ကျွန်တော်ယုံပါတယ်။” ရှန်ချီရှင်းက ရှန်းယုဟန်၏ဆွဲဆောင်မှုအောက်မှာ စတင်လုပ်ကိုင်တော့သည်။
ခြောက်နာရီထိုးခါနီးမှာ ရှန်းယုဟန်က အေပရွန်ကိုချွတ်ပြီး မီးဖိုချောင်ထဲကထွက်ကာ တံခါးဝသွားပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည်။
တစ်နာရီအကြာမှာ ရှန်ချီဟွမ်း၏ကားက သူ့မြင်ကွင်းရှေ့ပေါ်လာသည်။
ရှန်ချီဟွမ်းက ကားပေါ်ကဆင်းကာ ကွန်ပျူတာအိတ်နှင့်အတူ အနီရောင်ပန်းစည်းကို ကိုင်လာသည်။
ရှန်းယုဟန် သူ့ကိုတွေ့တော့ ချက်ချင်းနှုတ်ဆက်လိုက်ပြီး လက်ဆွဲအိတ်ယူခါနီးမှာ ရှန်ချီဟွမ်းက သူ့ကို ပန်းစည်းပေးလာခဲ့သည်။
ရှန်ချီဟွမ်းက တင်းမာသောမျက်နှာထားဖြင့် ပြောလိုက်သည်။ “ဖြတ်သွားရင်းနဲတွေ့လို့၊ ငါတို့အိမ်မှာလည်း ဒီလိုပန်းမျိုးမရှိဘူးမလား?” သူက ပုံမှန်ဆိုရင် ပန်းဝယ်လေ့ရှိပေမယ့် သူ့ဇနီး မကြိုက်မှာစိုးရိမ်တာကြောင့် သတိနဲ့မေးလိုက်သည်။ “မင်းကြိုက်ရဲ့လား?”
ရှန်းယုဟန်က ခေါင်းငုံ့ကာ ရှုရှိုက်လိုက်ပြီး သူ့ကိုခေါင်းစောင်းကာ ကြည့်လိုက်သည်။ “ကြိုက်တယ်၊ ယောကျာ်း၊ ကျေးဇူးပါ”
“ကြုံလို့ဝယ်လာရုံပါ” ရှန်ချီဟွမ်း၏မျက်နှာက ပျော့ပျောင်းလာပြီး သူ့ကို လက်ဆွဲကာ အိမ်ထဲခေါ်သွားခဲ့သည်။
&&&&&&&&&&&&&
Chapter 86.2
“မရီး၊ သတိထား”
ထိုအချိန်တွင် အေပရွန်ဝတ်ကာ ကတ်ကြေးကိုင်ထားသော ရှန်ချီရှင်းက သူ့ဘေးကလူကို အားကျသလိုပြောလိုက်သည်။ “ကျွတ် ကျွတ်… ကျွန်တော်က ကျွန်တော့်အစ်ကိုကို လူဘယ်လိုလိုက်ရမလဲမသိတဲ့ အဖြောင့်ကြီးလို့ထင်ထားတာ။ မရီးနဲ့တွေ့ပြီးမှ သူက အကုန်တော်နေတာပဲ”
သူ့ဘေးကလူက မေးလာသည်။ “မင်းဒီလိုအချစ်ကိုအားကျလား?”
ရှန်ချီရှင်းကသက်ပြင်းချကာ ပြောလိုက်သည်။ “ကျွန်တော်က မန်ဒရင်းက ဘဲစုံတွဲကိုပဲအားကျတာ … မသေမျိုးတွေကိုအားမကျဘူး!”
သို့သော် သူက သူ့လွတ်လပ်မှုအတွက် ရာထူးကို အမွေဆက်ခံရမယ်ဆိုရင် လွတ်လပ်မှုကို ရွေးချယ်မှာပင်။ ဒီလိုမရီးမျိုးက ကံကောင်းမှရှာတွေ့နိုင်တာပင်။
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက အိမ်ထဲအတူဝင်လာပြီး ပရိုဂရမ်အဖွဲ့သားများ၏ အကြည့်များကို နောက်တစ်ကြိမ် ရင်ဆိုင်လိုက်ရသည်။ သူတို့နှစ်ယောက်အတူရှိနေသရွေ့ သူတို့ကြားက ကြင်နာမြတ်နိုးမှုတို့က ဆက်လက်ပျံ့နှံ့နေမှာပင်။
ရှန်းယုဟန်က သူ့အသံ တစ်ခုခုမှားနေတာကို သတိထားမိသွား၏။ “ခင်ဗျားအသံကဘာလို့ အက်ရှနေတာလဲ?”.
ရှန်ချီဟွမ်းက ပေါ့ပေါ့တန်တန် ဆင်ခြေပေးချင်ပေမယ့် သူ့ဇနီးလေး၏ စိတ်ပူနေသောမျက်လုံးများကို တွေ့သောအခါ မလိမ်ချင်တော့ပေ။
“ကုမ္ပဏီမှာ ဒီနေ့ကိစ္စတစ်ခုဖြစ်သွားလို့ ဖုန်းနဲ့အစည်းအဝေးလုပ်ခဲ့တာ….ရေတစ်ငုံမှမသောက်ခဲ့ရလို့” ရှန်ချီဟွမ်း၏မျက်လုံးထဲမှာ ပင်ပန်းနွမ်းနယ်မှုအချို့ရှိနေပေမယ့် ရှန်းယုဟန်ကသာ ထိုအရာကိုမြင်နိုင်သည်။
“ဒါဆို ခင်ဗျားလည်ချောင်းအစိုဓာတ်ရစေဖို့ တစ်ခုခုလုပ်ပေးမယ်။” ရှန်းယုဟန်က ပန်းစည်းကိုကိုင်ထားရင်းဆိုသည်။ ချီတိုင်းပြည်မှာ သူ့ဖခင် လူမှုရေးပွဲများတက်သည့်အခါတိုင်း သူ့မိခင်က အရက်နာကျသက်သာသော စွတ်ပြုတ်ကိုပြင်ပေးလေ့ရှိသည်။ ယခုအခါ သူက သူ့ခင်ပွန်းအတွက် ထိုစွတ်ပြုတ်ကို ပြင်ပေးရုံတင်မကပဲ လည်ချောင်းအစိုဓာတ်ရစေဖို့ တစ်ခုခုလုပ်ပေးရမည်။ မတူညီသောခေတ်မှာ မတူညီသောဂရုစိုက်နည်းလမ်းများရှိ၏။
“အင်း ငါအဝတ်အစားသွားလဲလိုက်ဦးမယ်” ရှန်ချီဟွမ်းက သူ့ဇနီးလေးကိုဖက်ချင်ပေမယ့် ဧည့်ခန်းထဲမှာ လူတွေပြည့်နေတာကြောင့် သူကအရှုံးပေးကာ အပေါ်ထပ်မှာ အဝတ်အစားသွားလဲလိုက်သည်။
“လဲပြီးရင် ညစာစားဖို့ အောက်ဆင်းလာပါ။” ရှန်းယုဟန်က မျက်လွှာတစ်ဝက်ချကာ ပန်းကိုပွတ်သပ်နေပြီး အတန်ငယ်ရှက်သွေးဖြာနေ၏။
လူအများကြီး ထပ်မြင်သွားပြန်ပြီ… အား…. သူက ဒါကိုအတတ်နိုင်ဆုံး ကျင့်သားရအောင်လုပ်ရမယ်..
မီးဖိုချောင်ထဲမှာ အစာပလာများကို တစ်ယောက်တည်းပြင်နေသော ရှန်ချိီရှင်းက နောက်ဆုံးမှာ သူ့အလုပ်ပြီးသွားခဲ့သည်။
“မရီး၊ ကျွန်တော်ပြီးပြီ၊ ဘာဆက်လုပ်ရမလဲ?”
“မလိုဘူး။ ကျန်တာ ငါလုပ်လိုက်မယ်” ရှန်းယုဟန်က အေပရွန်ဝတ်ကာ မီးဖိုချောင်ထဲပြန်ဝင်သွား၏။ သူက သူ့ခင်ပွန်းအတွက် ချက်ပြုတ်ပေးရတာကြိုက်ပြီး သူလုပ်ထားသော အစားအစာကိုစားပြီးချိန် ကျေနပ်နေသော သူ့မျက်နှာကိုကြည့်ရတာ သဘောကျသည်။
ပရိုဂရမ်အဖွဲ့ကလည်း သူတို့သုံးယောက် ညစာအတူစားနေတာကို ရိုက်ကူးခဲ့သည်။
ရှန်းယုဟန်က ကျောက်ပုဇွန်နှစ်ကောင်ကို သီးသန့်ကြော်ပေးခဲ့ပြီး တစ်ကောင်က ကြက်သွန်ဖြူအရသာ၊ တစ်ကောင်ကတော့ အစပ်အရသာဖြစ်၏။ ရှန်ချီရှင်းက စိတ်ကျေနပ်တာကြောင့် စကားပင်မပြောပဲ စားနေခဲ့သည်။
သူ့မရီးက သူ့အစ်ကို၏ အပြောတစ်ခု အဓိပ္ပါယ်တစ်ခု အကျင့်ကိုလည်း သင်ယူခဲ့သည်။ သူက အစပ်မချက်ဘူးလို့ ရှင်းရှင်းလေးပြောခဲ့ပေမယ့် နောက်ဆုံးမှာ သူ့အတွက်လုပ်ပေးခဲ့သည်။
ရှန်ချီဟွမ်းက တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “သူ့အတွက်ဒါတွေမလုပ်ပေးနဲ့”
ရှန်းယုဟန်က သူစိတ်ဆိုးနေတယ်လို့ထင်လိုက်သည်။ “ဘာဖြစ်လို့လဲ? ကျန်းမာရေးနဲ့ မညီညွတ်လို့လား?”
ရှန်ချီဟွမ်းက ပြောလာသည်။ “မဟုတ်ဘူး။ အဲ့ဒါတွေလုပ်တာပင်ပန်းတယ်။ နည်းနည်းပဲချက်၊ အိမ်မှာ ပေါ့ပေါ့ပါးပါး ဟင်းနှစ်မျိုးလောက်ပဲချက်ပါ။ နောက်ကျရင် သူဝိတ်ချဖို့ အော်လာလိမ့်မယ်။ စားထားလည်း အချည်းနှီးပဲ”
သူ့အစ်ကိုက သူ့အတွက် စိတ်ပူစကားပြောမယ်ထင်ထားသော ရှန်ချီရှင်း: “...”
တတိယအစ်ကိုရဲ့မျက်လုံးထဲမှာ မရီးကအရေးပါဆုံးပဲ!
ထားလိုက်… ဒေါသထွက်မနေနဲ့… ဘာပဲဖြစ်ဖြစ် သူ့မရီးကပဲ သူ့အတွက် ကျောက်ပုဇွန်အစပ်ချက်ပေးထားတာ။
ခဏအကြာတွင် ရှန်ချီရှင်းက မျက်လုံးထောင့်ကို တစ်ရှူးနဲ့သုတ်လိုက်သည်။ “အရမ်းစပ်တာပဲ၊ မျက်ရည်တောင်ကျတယ်!”
ရှန်းယုဟန်ကလည်း အစပ်တစ်ကောင်မြည်းကြည့်သည်။ “အရမ်းမဆိုးပါဘူး.. ယောက်ဖရဲ့၊ မင်း အစပ်မစားနိုင်တာကို စားနေသေးတယ်”
“ကျွန်တော်မစားနိုင်ဘူးလို့ ဘယ်သူပြောလဲ…. ကျွန်တော်ကြိုက်တယ်၊ ကျွန်တော်က ကြက်သွန်အရသာလည်းကြိုက်တယ်”
ရှန်းယုဟန်က ကြက်သွန်အရသာကို သူ့ရှေ့တိုးပေးလိုက်သည်။ “မင်းစားလိုက်၊ မင်းအစ်ကိုက သိပ်မစားဘူး။”
ရှန်ချီဟွမ်း: “.....” အမှန်တော့ သူလည်း စားချင်တယ်လေ
ထားလိုက်တော့ သူ့ညီက အိမ်ချက်စားရဖို့ သိပ်မလွယ်ဘူး
–
ည၈နာရီတွင် ပရိုဂရမ်အဖွဲ့သားများက အလုပ်သိမ်းကာ ပြန်သွားကြသည်။
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက နောက်ဆုံးမှာ အနားယူနိုင်ခဲ့ပေမယ့် သူတို့က ပရိုဂရမ်အဖွဲ့ အိမ်ကမထွက်ခွာခင် အိမ်ထဲမှာ လျို့ဝှက်ကင်မရာတပ်ထားမှာ စိုးရိမ်တာကြောင့် ဘော်ဒီဂတ်ကို စစ်ဆေးခိုင်းလိုက်ပြီး အားလုံးအဆင်ပြေတာတွေ့မှ အခန်းထဲပြန်လာခဲ့၏။
လဲလျောင်းနေစဥ် ရှန်းယုဟန်က သူ့ခင်ပွန်း၏လက်မောင်းထဲက်ို တိုးဝင်လိုက်ပြီး “ယောကျာ်း၊ ကျွန်တော့်ယောက်ဖက ဒီည ညစာစားရင်းငိုခဲ့တာလား?”
“အင်း…မင်းသိသွားတာလား?”
“သိခဲ့တယ်၊ သူက ကျောက်ပုဇွန်ကစပ်တယ်လို့ ဟန်ဆောင်ပြောခဲ့တာလေ၊ သူကအစပ်ကြိုက်ပြီး အစပ်လုံးဝမကြောက်တာကို”
“သူမွေးတုန်းက အဖေကသူ့ကိုဂရုမစိုက်သလို အမေကလည်း သူ့ကိုမချစ်ဘူး။ ကိုယ်ကလည်း သူ့ကို အကန့်အသတ်နဲ့ပဲ စောင့်ရှောက်နိုင်တယ်။ ကိုယ်နဲ့ အစ်ကိုကြီးက သူ့ကိုမပေးနိုင်ခဲ့တဲ့ ခံစားချက်တွေ အများကြီးရှိတယ်။ သူ့ကို ဘယ်လောက်ပဲချစ်ပေးပေး မိဘနေရာအစားမထိုးနိုင်ခဲ့ဘူး။”
“အဲ့ဒါကကိစ္စမရှိပါဘူး။ နောက်ကျရင် သူ့ကို အိမ်မှာညစာစားဖို့ မကြာခဏခေါ်ပြီး ပိုဂရုစိုက်ပေးရင် သူမရခဲ့တာတွေကို ဖြည့်ဆည်းပေးလို့ရတယ်။ သူ ကျွန်တော်ချက်တာကိုကြိုက်ရင် ကျွန်တော်အချိန်ရတိုင်း သူ့အတွက် နှစ်နပ်စာချက်ပေးဖို့ အဆင်ပြေပါတယ်။”
ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ ရှန်းယုဟန်၏ အရောင်လက်နေသော မျက်လုံးများကို နမ်းလိုက်သည်။ “ကျေးဇူးပါ”
သူတို့လက်ထပ်တုန်းက ကျေးဇူးတင်ပါတယ်လို့ အရင်ပြောခဲ့သူက ရှန်းယုဟန်ဖြစ်ပြီး ယခုတော့ သူ့ကိုကျေးဇူးတင်တယ်ပြောခဲ့သူက သူ့ခင်ပွန်းဖြစ်လာသည်။
“ခင်ဗျားနဲ့ကျွန်တော်က လင်မယားတွေပါ၊ ကျေးဇူးတင်ဖို့မလိုပါဘူး။”
“ကောင်းပါပြီ၊ ဒါဆိုနောက်တစ်နည်းနဲ့ပဲ ကျေးဇူးတင်တော့မယ်။”
“အဲ့ဒါ…အဲ့ဒါမလိုပါဘူး။ ခင်ဗျားတစ်နေကုန်အလုပ်လုပ်လာတာ မပင်ပန်းဘူးလား?”
“ဒီလိုအရာမျိုးက ပင်ပန်းပါ့မလား?” သူက စိတ်လှုပ်ရှားဖို့ မစောင့်နိုင်တော့ပေ။
–
နောက်နေ့မနက်မှာ ရှန်းယုဟန်က ရှန်ချီဟွမ်းကို ပုံမှန်အတိုင်း တံခါးထိလိုက်ပို့ပေးပြီး သူတို့နှစ်ယောက်က ကြားလူဝင်လို့မရအောင် နီးကပ်နေ၏။
ရှန်းယုဟန်က ဒီနေ့အပြင်ထွက်စရာရှိပြီး သူ့သူငယ်ချင်းအန်ကယ်များနဲ့ အော်ပရာနားထောင်ဖို့ ကတိပေးထားသည်။ ထို့အပြင် လူကြီးတချို့နဲ့ အချိန်ပိုဖြတ်သန်းပေးခြင်းက သူ့ခင်ပွန်းကို ကူညီနိုင်မှန်းသိသည်။ သူအစက ဒါကိုမသိခဲ့ပေမယ့် လွန်ခဲ့သောနှစ်ရက်က ရှန်မိသားစု၏ပိုင်ဆိုင်မှုခွဲဝေခြင်းအပြီးမှာ ကျန်းလောင်က သူ့ကိုအကူအညီလိုလား မေးခဲ့သည်။ သူ ရှန်ချီဟွမ်းကိုမေးကြည့်တော့ သူရင်းနှီးသော လူကြီးများက ချမ်းသာပြီးအာဏာရှိသော မိသားစုမှ ခေါင်းဆောင်များဖြစ်ပြီး အားလုံးမှာ ပြောခွင့်ဆိုခွင့်ရှိကြောင်း သိခဲ့ရ၏။
ရှန်းယုဟန်က ကြားထဲမှာ တရားထိုင်ဖြစ်တာကြောင့် ရှန်ချီဟွမ်းက ရှန်ဂရုကို လွှဲပြောင်းယူလိုက်သော အချိန်မှစ၍ သူ့စိတ်က အေးချမ်းနေခဲ့သည်။ ကုမ္ပဏီမှ ပြဿနာအသေးအဖွဲကလွဲရင် ဘယ်သူမှ သူ့ကို အခက်အခဲမဖြစ်စေပေ။ လူတိုင်းကအပြင်မှာ ငြိမ်သက်နေပေမယ့် သူပျက်စီးမှာကို စောင့်မျှော်နေကြသည်။ ရှန်ချီဟွမ်းက သူ့မှာ ဇနီးကောင်းလေးရှိလို့ အိပ်ရာပေါ်မှာ ကျိတ်ရယ်နေတာကို ဘယ်သူက သိမှာလဲလေ….
ရှန်ချီရှင်းက အရင်က အော်ပရာနားမထောင်ဖူးတာကြောင့် သူ့မရီးနဲ့လိုက်သွားပြီး ပရိုဂရမ်အဖွဲ့ကလည်း လိုက်လာခဲ့သည်။
သို့သော် ရှန်းယုဟန်က ယောက်ဖနှင့် ရိုက်ကူးရေးအဖွဲ့ကို ခေါ်လာခဲ့လို့ရငြား သူငယ်ချင်းများကို အရင်မေးလိုက်သည်။
သူငယ်ချင်းအဖွဲ့က ရတယ်လို့ပြောခဲ့ပြီး သူတို့က မကြာခဏရိုက်ကူးခံရတာကြောင့် သက်တောင့်သက်သာပိုရှိသော ပရိုဂရမ်မှာပါဝင်ရတာ ပျော်ဖို့ကောင်းတယ်လို့တွေးမိသည်။ ယင်းမှာ သူတို့အော်ပရာကြည့်တာကို မဖော်ပြသရွေ့ဖြစ်၏။
ဒါရိုက်တာအဖွဲ့က လက်ခံရမည်! မစ္စတာရှန်းက ဘယ်သူနဲ့သွားတွေ့မှာလဲမသိပေ။
နောက်ဆုံးတစ်ခေါက် ရှန်ချီရှင်းနှင့် အပြင်ထွက်သည်မှာ သူ့ယောက်ဖက သူ့ကို ဘုရားကျောင်းခေါ်သွားပေးခဲ့တာပင်။ သို့သော် ဒီတစ်ကြိမ်မှာတော့ ပြောင်းပြန်ဖြစ်သည်။ သူက သူ့ယောက်ဖကို အပြင်ခေါ်သွားပြီး ရှန်းယုဟန်က အောင်နိုင်ခဲ့သောအာရုံတစ်ခုကို ခံစားခဲ့ရသလိုပင်။ အခန်းကဏ္ဍများပြောင်းလဲသွားပြီး စတင်နိုင်သူမှာ သူဖြစ်နေသည်။
ဘာလို့များလဲ?
သူက ဒီကမ္ဘာကို ဝင်ဆံ့နိုင်ခဲ့ပြီး ပိုင်ဆိုင်တယ်လို့ ခံစားမိသည်။
ကျန်းလောင်နှင့် တခြားသူများနှင့် ဆုံတွေ့ရာတွင် ရှန်ချီရှင်းက ပရိုဂရမ်အဖွဲ့လိုပင် အံ့အားသင့်နေ၏။ ရှန်းယုဟန်က သူတို့နဲ့ ရယ်ရယ်မောမော စကားပြောနိုင်ပြီး သက်တောင့်သက်သာစကားပြောကာ လွတ်လွတ်လပ်လပ် တုံ့ပြန်နိုင်သည်။ လူတစ်ယောက်၏စိတ်သဘောထားနှင့် စကားလုံးများကြားက ကျွမ်းကျင်ပိုင်နိုင်မှုကို မြင်ခဲ့ရပြီး ရှန်ချီရှင်းအတွက် အတွေ့အကြုံရစေခဲ့သည်။
မရီးရဲ့မိတ်ဆွေတွေက တခြားသူတွေထက် ပိုတော်တာကို သူယုံသွားပြီ!
ရှန်ချီရှင်းက ဤနေရာမှာ လူငယ်မျိုးဆက်ဖြစ်သွားပြီး လက်ဖက်ရည်နှင့် ရေလောင်းထည့်ပေးကာ လုံ့လစိုက်ထုတ်နေသည်။
ရှန်းယုဟန်က သူ့ကိုအပြင်လူလို သဘောမထားပေ။ ကျန်းလောင်နှင့်တခြားသူများက သူ့အပြုအမူအတိုင်း ရှန်ချီရှင်းကို ကြင်ကြင်နာနာဆက်ဆံပြီး ထိတ်လန့်စေအောင် တင်းမာနေတာမျိုး မရှိချေ။
အန်ကယ်တစ်ယောက်က ပြောလာသည်။ “ရှောင်ရှန်း၊ သိပ်မကြာသေးခင်က ငါ ချင်မင်းဆက်ရဲ့ လက်ရေးလှကော်ပီကိုတွေ့ခဲ့တယ်။ လာကြည့်ဦး”
ရှန်းယုဟန်က ခေါင်းညိတ်ကာ သူနဲ့အတူကြည့်လိုက်သည်။ တအောင့်ကြာတော့ တစ်ဖက်လူက ရှောင်ရှန်းကြိုက်ရင် ပေးမယ်လို့ပြောလာသည်။
ဒါရိုက်တာအဖွဲ့: မဟုတ်သေးပါဘူး… သူဌေးတို့ရယ်… ခင်ဗျားတို့က စုဆောင်ထားတဲ့ ရှေးဟောင်းပစ္စည်းတွေကိုလည်း စွန့်လွှတ်နိုင်တာလား?
သို့သော် ရှန်းယုဟန်ကငြင်းခဲ့သည်။ သူက အိမ်မှာကော်ပီကူးပြီး ဒီကိုပြန်လာရင် ပြန်ပေးမယ်လို့ပြောတော့ အန်ကယ်က ရတယ်လို့ပြောပြီး သူ့ကို ကော်ပီစာရွက်ပေးခဲ့သည်။
အန်ကယ်နောက်တစ်ယောက်က သူ့မှာပန်းချီကားတစ်ချပ်ရှိပြီး ရှန်းယုဟန်နဲ့အတူ အသိအမှတ်ပြုချင်တယ်လို့ ပြောခဲ့သည်။ ရှန်းယုဟန်က သူနဲ့အတူ ပန်းချီကားကို ကြည့်နေပြီး ရှန်းယုဟန်က ဤပန်းချီကား၏ ပေါ်လွင်သောအချက်မှာ သစ်ပင်ပေါ်က လွတ်လပ်ပေါ့ပါးနေသော ငှက်ရွှေဝါဖြစ်တယ်လို့ ပြောခဲ့ပြီး အန်ကယ်က အမြင်တူကြောင်းပြောခဲ့သည်။ သူက ရှန်းယုဟန်ကြောင့် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာရှိနေ၏။
နောက်ဆုံးမှာ ရှန်းယုဟန်က နေ့လည်မတိုင်ခင်အထိ ကျန်းလောင်နှင့် ဂိမ်းကစားခဲ့ပြီး ပြဇာတ်ရုံမှမထွက်ခင် နေ့လည်စာစားခဲ့ကြသည်။
အတွေ့အကြုံဗဟုသုတပြည့်ဝသော ရှန်ချီရှင်းက ယနေ့မှာ မျက်လုံးပွင့်စေသော အတွေ့အကြုံအသစ်ကိုရခဲ့သည်။
ဖြစ်စဥ်တစ်လျှောက်မှာ သူ့မရီးက အန်ကယ်များကို သူ့အစ်ကိုကြီးအကြောင်းမပြောပဲ စီးပွားရေးနှင့် ပတ်သတ်တာလည်းမပြောခဲ့ပေ။ အဆုံးမှာ ထိုအန်ကယ်များက သူ့အစ်ကိုကြီး၏ အရေးကိစ္စများကို အစပြုမေးလာခဲ့သည်။
သို့သော်ရှန်းယုဟန်ကပြုံးကာ ပြောလိုက်သည်။ “စ်ိတ်ပူပေးလို့ကျေးဇူးပါဗျာ၊ အခက်အခဲရှိရင် အကူအညီတောင်းပါ့မယ်။”
ထိုအန်ကယ်များက ဝမ်းသာအားရ သဘောတူလက်ခံလိုက်ပြီး ရတယ်၊ ရတယ်လို့သာပြောနေသည်။ ပျော်နေချိန်မှာ စီးပွားရေးအကြောင်းမပြောနဲ့! ပျော်နေချိန်မှာ စီးပွားရေးအကြောင်းမပြောနဲ့!
ဤသည်မှာ အဘိုးကြီးများ စီးပွားရေးကိစ္စဆွေးနွေးတာ ပထမဆုံးအကြိမ်ဖြစ်ပေမယ့် ရှန်းယုဟန်က မပြောချင်သောအခါ သူတို့ကို စိတ်ပျက်သွားစေသည်။
–
နေ့လည်မှာ သူတို့က အိမ်ကိုတန်းမပြန်ပဲ ရှန်းယုဟန်က သူတို့ကို အထည်ဆိုင်ပို့ပေးဖို့ ဒရိုက်ဘာအား ပြောခဲ့သည်။ သူက သူ့ခင်ပွန်းအတွက် ချီတိုင်းပြည်၏ဝတ်စုံချုပ်ပေးမယ်လို့ ကတိပေးခဲ့ဖူးသဖြင့် ယခုချိန်မှာ သူအလုပ်အားနေ၍ စတင်ချုပ်နိုင်လေပြီ။
ခေတ်သစ်က အဆင်ပြေသည်။ အထည်ဆိုင်တွင် ပိတ်စမျိုးစုံရနိုင်ပြီး ရှန်းယုဟန်က ပိတ်စကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ကြည့်ကာ နောက်ဆုံးမှာ လိုချင်သော အသားကိုရသွားခဲ့သည်။ ရှန်ချီရှင်းက ယာယီအစေခံဖြစ်သွားပြီး ပိတ်စများကို အိမ်သယ်လာပေးခဲ့သည်။
ရှန်ချီရှင်းကမေးလိုက်သည်။ “မရီး၊ အဝတ်အစားကိုယ်တိုင်ချုပ်မလို့လား?”
ရှန်းယုဟန်က ပန်းထိုးအပ်များနှင့် အပ်ချည်တချို့ကို ထပ်ဝယ်ခဲ့သည်။ “ဟုတ်တယ်၊ ငါချုပ်တဲ့အဝတ်အစားက ဝတ်ရတာသက်တောင့်သက်သာရှိတယ်။”
ရှန်ချီရှင်းက ပို၍ အံ့သြသွားသည်။ “ဒါလည်းလုပ်တတ်တာလား?”
ဒါရိုက်တာအဖွဲ့က ရင်ထဲမှာပြောလိုက်သည်။ သူတို့ရင်ထဲကမေးခွန်းကို မေးလိုက်တာပဲ။
“အရမ်းမခက်ပါဘူး။ မင်းသင်ချင်ရင် သင်ပေးလို့ရတယ်” ရှန်းယုဟန်က သဘောထားကြီးစွာ ပြောလိုက်၏။
“မသင်တာပဲကောင်းပါတယ်။ ကျွန်တော့်မှာ အရည်အချင်းမရှိဘူး။” သူ့အစ်ကိုက ဇနီးကောင်းလေးကို ရထားကြောင်း ပိုခံစားမိလာသည်။ ခင်ပွန်းကို ကံကောင်းမှုတွေသယ်ဆောင်လာပေးတဲ့ ဇနီးမျိုး….
သူတို့နှစ်ယောက်က ပင်မလမ်းမကနေ လမ်းလျှောက်ထွက်လာပြီး ထိုနေရာမှာ လူနဲ့ကား အများအပြားရှိသည်။ သူတို့နောက်ကို လူတွေလိုက်နေသော်ငြား ကားတွေက ဝင်ထွက်သွားလာနေပြီး ဂရုမစိုက်ရင် မတော်တဆမှုဖြစ်နိုင်သည်။
ရှန်းယုဟန်၏ အိမ်အဝေးကိုယ်လုံးကိုယ်ပေါက်**နှင့်အတူ သူက ဒီတစ်ကြိမ်မှာလည်း တိုက်မိသွားပြန်သည်။
(***အိမ်ကထွက်ရင် အနာတရဖြစ်တဲ့ အသွင်အပြင်ကိုပြောတာပါ)
အနက်ရောင်ဆလွန်းတစ်စီးက လူစည်ကားသော လမ်းပေါ်ကို အရှိန်အဟုတ်ဖြင့် မောင်းလာပြီး ကြောက်ဖို့အကောင်းဆုံးအရာမှာ အနက်ရောင်ပိတ်စတစ်ထည်ကို ကိုင်ထားသော ရှန်းယုဟန်ဆီ တည့်တည့်ပြေးလာခြင်းပင်ဖြစ်သည်။
ရှန်ချီရှင်းက ရှန်းယုဟန်ကို စိုးရိမ်တကြီးအော်လိုက်သည်။ “မရီး! သတိထား!”