Chapter 72.1
“ငါဘာများမှားသွားလို့လဲ”
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ညနက်သည်အထိ မအိပ်ခဲ့ကြပေ။
ည၏လုပ်ရှားမှုများက ရှန်းယုဟန်၏ လုပ်ရိုးလုပ်စဥ်ကို အထက်အောက်လှန်သွားစေပေမယ့် နောက်တစ်ကြိမ်ရေချိုးပြီးနောက် သူက နည်းနည်းလေးတောင် အိပ်မငိုက်တော့ပဲ စိတ်တက်ကြွနေခဲ့သည်။ သူက ရှန်ချီဟွမ်း၏ ကွေးကောက်နေသော လက်မောင်းထဲမှာ လဲလျောင်းနေပြီး အေးစက်သောလက်ဖဝါးက ရှန်ချီဟွမ်း၏ခါးနှင့် ဗိုက်ပေါ်မှာ တင်ထားလေ၏။
သူအိပ်မက်မက်နေဆဲဖြစ်သလိုပင် …
သူ့ခင်ပွန်းက ညနေကတောင် သူနဲ့ ဖုန်းပြောနေဆဲဖြစ်ပြီး သူအိပ်ပျော်ပြီး မကြာခင်မှာ သူ့ခင်ပွန်းက ရုတ်တရက်ပေါ်လာခဲ့သည်။
ဤလျှက်တပြက်အံ့အားသင့်မှုက သူ့ကို စိတ်ရောကိုယ်ပါ ကျေနပ်အားရစေခဲ့သည်။
ရှန်ချီဟွမ်း၏ရင်ဘတ်ကြွက်သားများက တောင့်တင်းနေပြီး ရှန်းယုဟန်က စိတ်ဝင်စားစရာတွေ့ရှိသွားသလိုပင်။ သူက ကောတစ်ယောက်ဖြစ်ပြီး ထိုကြွက်သားများကို လိုချင်တယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးပေမယ့် ထိုအရာများက သူ့ခင်ပွန်းအပေါ်မှာ ပြီးပြည့်စုံနေပြီး ရှန်းယုဟန်က ကြွက်သားပြီးပြည့်စုံမှုကို အများကြီးအသိအမှတ်ပြုလိုက်၏။
ရှန်ချီဟွမ်းက သူ့လက်များကိိုဖိကာ ပြောလိုက်၏။ “ရှန်းယုဟန်၊ မလှုပ်နဲ့၊ မင်းမနက်ဖြန် အိပ်ရာထချင်သေးတယ်မလား?”
ရှန်းယုဟန်က နီမြန်းနေသောမျက်နှာဖြင့် သူ့လက်ကို ချက်ချင်းရုတ်လိုက်သည်။ “ကောင်းပါပြီ” သူက ရှန်ချီဟွမ်း၏ခါးကို ဖက်ထားလိုက်သည်။ “ဒါဆို ဒီလိုပဲအိပ်တော့မယ်။”
ဤတစ်ကြိမ်က ရှန်ချီဟွမ်း လက်သုံးသည့်အလှည့်ဖြစ်ပြီး ရှန်းယုဟန်၏ အဖိခံထားရသောလက်က သူ့နားရွက်ကိုထိမိသွားသည်။
ရှန်းယုဟန်က တန်ပြန်တိုက်ခိုက်ခဲ့သည်။ “ယောကျာ်း… ခင်ဗျား ကျွန်တော့်ကို အိပ်ခွင့်ပေးဦးမှာလား?”
ရှန်ချီဟွမ်းက မောက်မာစွာပြောလိုက်၏။ “ငါမင်းရဲ့အပ်စိုက်ကုထုံး point ကို နှိပ်ပေးမယ်။ ကျောက်ကပ်က အဆီအနှစ်ရဲ့ အဓိကလှောင်ကန်ဖြစ်ပြီး နားထဲမှာကပြွန်ရှိလို့ ဒီနေရာကိုဖိလိုက်ရင် မင်းရဲ့ကျောက်ကပ်ကို အားကောင်းစေတယ်”
ရှန်းယုဟန်က သူပြောတာကိုနားထောင်ပြီး တီးတိုးပြောလိုက်သည်။ “လိုအပ်တာက ခင်ဗျားမဟုတ်လား? ယောကျာ်း… ကျွန်တော်ခင်ဗျားကိုနှိပ်ပေးရမလား?” ပြောပြီးသည်နှင့် သူက သူ့နားရွက်ကို ဆွဲဖဲ့လိုက်သည်။
သို့သော် ရှန်ချီဟွမ်းက သူ့နားရွက်ကို ဆွဲဖဲ့ခွင့်မပေးပေ။ သူ့နားက အတော်လေးထိရှလွယ်သည်။ သူက ယခုလေးတင် ရှန်းယုဟန်၏ အကိုက်ခံထားရပြီး သူ့တစ်ကိုယ်လုံးက တုန်ခါသွားကာ သူ့ခါးက အားနည်းလုနီးပါးဖြစ်ပြီး သက်ကြီးရွယ်အို Gong တစ်ယောက်လို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ဆုံးရှုံးတော့မတတ်ပင်။
သူတို့နှစ်ယောက်က ခဏလောက် လူးလှိမ့်ပြီးနောက် ရှန်းယုဟန်က အိပ်ချင်လာသဖြင့် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖက်အိပ်လိုက်ကြသည်။
–
ရှန်ချီဟွမ်း၏ ရုတ်တရက်ပေါ်လာမှုကြောင့် ရှန်းယုဟန်၏ ခရီးက နှစ်နာရီနှောင့်နှေးသွားခဲ့သည်။ သူက မနက်ခင်းမှာ ယိုထျောင်စားပြီး တားမြစ်မြို့ကို မဝင်နိုင်မှာ စိုးရိမ်နေသည်။ ထိုနေရာမှာ တန်းကအရှည်ကြီးပဲလို့ ကြားခဲ့သည်။
(ယိုထျောင်- အီကြာကွေး)
ရှန်ချီဟွမ်းက သူ့ကို စိတ်မပူဖို့ပြောလိုက်၏။ “မင်းအထဲဝင်လို့ရတယ်။ အလျင်လိုစရာမလိုဘူး။ ဒီနေ့ကပိတ်ရက်မဟုတ်သလို ရာသီဥတုက နည်းနည်းပဲအေးတယ်။ လူအများကြီးမရှိလို့ စိတ်ပူမနေပဲ မင်းရဲ့ယိုထျောင်ကိုစားပြီး ပဲနို့သောက်လိုက်။”
“အို” ရှန်းယုဟန်က ရှန်ချီဟွမ်းလက်ထဲက ပဲနို့တစ်ငုံသောက်လိုက်သည်။ “အရမ်းချိုတာပဲ”
ရှန်ချီဟွမ်းက သူနည်းနည်းပဲသောက်တာကိုကြည့်ပြီး သူ့ဇနီးက ပဲနို့ကိုတောင် ပြေပြစ်အောင် သောက်နိုင်တယ်လို့တွေးလိုက်သည်။ သူက နာနာခံခံသောက်နေပြီး အလျင်လိုမနေပဲ သူဗိုက်ဆာနေရင်တောင် ဝံပုလွေနဲ့ကျားလို မျိုချမှာမဟုတ်ပေ။ ဘယ်လိုမိသားစုက အဲ့လောက်ချစ်ဖို့ကောင်းတဲ့ လူတစ်ယောက်ကိုမွေးလာတာလဲ?
သူ့မိဘများနှင့် အဘိုးက အသက်ရှင်မနေတာ နှမြောစရာပင်။ မဟုတ်ရင် သူက သူတို့ကို ကျေးဇူးတင်ပြီး ဂုဏ်ပြုမှာဖြစ်၏။
ရှန်းယုဟန်က သူ့ခင်ပွန်းငေးတာကို ခံနေရပြီး မျက်ခုံးပင့်လိုက်၏။ “ယောကျာ်း၊ ခင်ဗျားမစားဘူးလား?”
ရှန်ချီဟွမ်း: “ဗိုက်ပြည့်နေပြီ”
ရှန်းယုဟန်: “ကျွန်တော်လည်းပြည့်ပြီ… သွားရအောင်”
ရှန်ချီဟွမ်း: “အွန်း၊ ခင်ဗျား မှတ်ပုံတင်ယူလာဖို့လည်း မမေ့နဲ့ဦး”
ရှန်းယုဟန်: “သိပါတယ်”
မြို့တော်က ဖုန်ထူခြောက်သွေ့နေတာကြောင့် ရှန်ချီဟွမ်းက ရှန်းယုဟန်အတွက် မတ်စ်ယူလာပေးခဲ့သည်။
တားမြစ်မြို့တော်မှာ လူအများကြီးရှိပြီး ရှန်းယုဟန်က နိုင်ငံခြားသား အများကြီးကိုတွေ့ခဲ့ရသည်။ သူက ပုံမှန်ဆိုရင် အပြင်သိပ်မထွက်သဖြင့် အများဆုံးမှ ဆံပင်ကောက်နှင့် မျက်လုံးပြာရှိသော လူဖြူများကို တွေ့ခဲ့ရပေမယ့် ဤနေရာတွင် အနက်ရောင်ကျစ်ဆံမြီးနှင့် လူမည်းများကို တွေ့ခဲ့ရသည်။ မှန်သည်…အလွန်ရေပန်းစားသော လူငယ်များလည်းရှိသည့်အပြင် သူက အနီအဝါအပြာအလံများကို ကိုင်ဆောင်လာသည့် ဧည့်လမ်းညွှန်များနှင့် သူတို့နောက်ကိုလိုက်သွားကာ လူတစ်စုက သူတို့အစီအစဥ်များကို နာနာခံခံလုပ်နေတာကိုလည်း တွေ့ခဲ့ရသည်။
ရှန်ချီဟွမ်းကလည်း နှစ်အနည်းငယ်လောက်က တားမြစ်မြို့ကို လည်ပတ်ခဲ့ပြီး ယင်းမှာ လုံးလုံးမတူညီသော အတွေ့အကြုံတစ်ခုသာဖြစ်သည်။ လက်ထောက်ယန်က သူတို့အတွက် စကားပြန်စက်နှစ်လုံးကို ငှားပေးပြီး ရှန်းယုဟန်က ရှန်ချီဟွမ်း၏အကူအညီဖြင့် ချောချောမွေ့မွေ့ တပ်နိုင်ခဲ့သည်။ သူတို့နေရာတစ်ခုကိုဖြတ်သွားလိုက်သည်နှင့် နားကြပ်မှ ရှင်းပြချက်တစ်ခုထွက်ပေါ်လာခဲ့သည်။ ရှန်းယုဟန်က ခေတ်သစ်လူသားများ၏ မှော်ဆန်သော တီထွင်မှုများကို အံ့အားသင့်နေ၏။ ဒီလိုလည်းလုပ်လို့ရတာလား…အရမ်းမိုက်တာပဲ!
အံ့အားသင့်မှုအပြီးမှာ ရှန်းယုဟန်က ရှင်းပြချက်ကို ဂရုတစိုက်နားထောင်နေပြီး သူက နန်းတော်ကို အရင်ကလည်း ဝင်ဖူးပေမယ့် ဤတစ်ခုနှင့်ယှဥ်လျှင် ချီတိုင်းပြည်၏နန်းတော်က နိမ့်ကျသလိုထင်ရသည်။
တားမြစ်မြို့ရှိ နန်းတော်များက ရွှေကျောက်စိမ်းတို့ဖြင့် အလှဆင်ထားပြီး ကွေးကောက်နေသော ရောင်စဥ်တန်းများ၊ ခြယ်သထားသော အမိုးဒိုင်းများနှင့် ဆင်ယင်ထားသည်။ ထိုစဥ် ချီတိုင်းပြည်ရှိ အဆင်အယင်က ပိုလေးနက်ပြီး ခမ်းနားထည်ဝါကာ တစ်မျိုးစီမှာ ပြိုင်ဘက်ကင်းသော ထူးခြားမှုရှိ၏။
နန်းတော်တစ်ခုစီကို လည်ပတ်နေကြသော လူများစွာရှိပြီး ရှန်းယုဟန်က တစ်နာရီကျော် လမ်းလျှောက်ပြီးနောက် ပင်ပန်းသွားခဲ့သည်။
ရှေးခတ်ကနေ လက်ရှိအချိန်ထိ လူတွေက တော်ဝင်မိသားစု၏ဘဝအကြောင်းကို သိလိုစိတ်ပြင်းပြကြ၏။
သုတို့နှစ်ယောက်က ထိုင်ဖို့ တစ်နေရာရှာတွေ့သွားပြီး အနားယူကာ ရေသောက်လိုက်ကြ၏။
ရှေ့မှာ ခန်းမများစွာရှိပြီး အနောက်မှာ ကိုယ်လုပ်တော်များ၏ အိပ်ခန်းများရှိသည်။ ရှန်းယုဟန်က သူသိသော အနောက်ဆောင်နှင့်တူတာကြောင့် သိချင်စိတ်မရှိပေမယ့် ခေတ်သစ်လူသားများက ရှေးခေတ်လူနေမှုဘဝကို နားမလည်လို့ လာလည်ကြတာဖြစ်၏။ သို့သော် ရှန်းယုဟန်က ရှေးခတ်လူသားတစ်ယောက်ဖြစ်၍ တားမြစ်မြို့တော်ကို ကြည့်နေသည်မှာ သူနေခဲ့သောမြို့တော်ကို ကြည့်နေရသလိုပင်၊ သူ၏သိလိုစိတ်ကလည်း သိပ်မပြင်းထန်တော့ပေ။
“ပင်ပန်းနေပြီလား?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ကိုယ်ကာယကြံ့ခိုင်မှုက သာမန်ဆိုတာကိုသိသည်။ တစ်နာရီကြာအောင်လမ်းလျှောက်ပြီး ပင်ပန်းတာကို မပြောလေနှင့်၊ သူက လက်ရေးလှနှင့် ပန်းချီလေ့ကျင့်ဖို့အတွက် ပုံမှန်ဆိုရင် နှစ်နာရီတောင် မတ်တပ်ရပ်နိုင်သည်။
“မပင်ပန်းပါဘူး။ ထပ်မကြည့်ချင်တော့သလို ခံစားရလို့” ရှန်းယုဟန်က သူ့နောက်က တော်ဝင်ကိုယ်လုပ်တော်များ၏ နန်းတော်ကိုကြည့်ကာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက နန်းတွင်းကိုယ်လုပ်တော်များနှင့် ဆက်စပ်မှုကို ခံစားမိခဲ့သည်။ သူက အတိတ်မှာ ယခုလို နက်နဲသောနေရာကို ဝင်ရတော့မလိုဖြစ်ခဲ့ပြီး ဓားပြတွေနဲ့သာမဆုံခဲ့ရင် ခတ်သစ်ကမ္ဘာကို ရောက်လာခဲ့မှာမဟုတ်ပေ။
ရှန်ချီဟွမ်းက ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ သူလိုချင်တာကိုပေးဖို့ ဆန္ဒရှိသည်။
သူတို့နှစ်ဦးက ယဥ်ကျေးမှုနှင့် ဖန်တီးမှုထုတ်ကုန်ဆိုင်တွင် လက်ဆောင်အစုံအိတ်ကို ဝယ်ခဲ့ပြီး နောက်တစ်နေရာကို တိုက်ရိုက်သွားခဲ့ကြသည်။
မဟာတံတိုင်းကလည်း သွားလို့ကောင်းသော နေရာတစ်ခုဖြစ်၏။ သူတို့က ကေဘယ်ကားစီးကာ အပိုင်းတိုလေးပေါ် တက်ခဲ့ကြသည်။ ရှန်းယုဟန်က မဟာတံတိုင်းကိုကြည့်ကာ ရှန်ချီဟွမ်းပြောပြနေသော ‘Huns ကိုခုခံခြင်း'ဇာတ်လမ်းကိုနားထောင်နေသည်။ သူ့ခင်ပွန်းက ပုံပြင်ပြောပြနေသောအခါ သူ့စိတ်က တမူကွဲပြားနေခဲ့ပြီး သူ့ဇာတ်လမ်းက ရိုးရှင်းတာကြောင့် ရှန်းယုဟန်၏ မသိစိတ်က ဆွဲဆောင်ခံလိုက်ရကာ ယခုချိန်မှာ ရှန်ချီဟွမ်းက အတော်လေးဆွဲဆောင်မှုရှိနေ၏။
(Huns - လှည့်လည်သွားလာနေသော စစ်သည်တော်အုပ်စု)
ရှန်းယုဟန်က ထပ်မတက်နိုင်တော့ ရှန်ချီဟွမ်းက ထိပ်ဆုံးရောက်သည်အထိ သူ့ကိုဆွဲခေါ်ခဲ့ပြီး လက်ထောက်ယန်က သူတို့ပုံတွေကို ရိုက်ပေးခဲ့သည်။
ဒီနေ့က သူတို့နှစ်ယောက် ပထမဆုံးအကြိမ် ခရီးထွက်ဖူးတာဖြစ်ပြီး ရှန်းယုဟန်က အတော်လေး အမှတ်ရစရာကောင်းတယ်လို့တွေးကာ ရှန်ချီဟွမ်းနှင့် Selfieဆွဲပြီး ဝီချက် Moments မှာတင်ခဲ့သည်။ သူ့ Selfie စကေးလ်က မဆိုးပါပဲ သူ့မှာ အလင်းနှင့်ရှုထောင့်ကောင်းရှိပြီး ရှန်ချီဟွမ်းက ပုံများကို တိုက်ရိုက်စုဆောင်းကာ သူ့ဝီချက် Moments မှာ ထပ်တင်ခဲ့သည်။
–
မြို့တော်မှာတစ်ရက်လည်ပတ်ပြီးနောက် သူတို့နှစ်ယောက်က နောက်နေ့မနက်မှာ အစောဆုံးလေယာဥ်စီးခဲ့ကြပြီး ကျန်းမြို့တော်ကို ပြန်လာခဲ့သည်။
မူလက သူတို့နှစ်ယောက် နှစ်ရက်လည်ပတ်နိုင်ခဲ့သည်။ ရှန်ချီဟွမ်းက သူ့ကို ရှန့်ရှန်တောင်ကုန်းပေါ်တွင် နှင်းလျှောစီးရန် ခေါ်သွားပြီး မြောက်ဘက်ရှိ နှင်းလျှောစီးအပန်းဖြေစခန်းသည် တကယ့် နှင်းလျှောစီးအပန်းဖြေစခန်းဖြစ်၏။
ရှန်ချီယွမ်ဆီမှ ဖုန်းကောလ်တစ်ခုက သူတို့၏အစီအစဥ်ကို အဆုံးသတ်ခဲ့သည်။
လက်ရှိမှာ ဒုတိယအိမ်တော်နှင့် တတိယအိမ်တော်က အချင်းချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး ပရောဂျက်တစ်ခုကို အစပြုသိမ်းပိုက်ရန်အတွက် သူတို့က ကုမ္ပဏီထဲမှာ ထိုးနှက်ခဲ့ကြသည်။ ရှန်ချီပိုင်က တတိယအိမ်တော်မှ ရှန်ချီယွင်၏ ထိုးနှက်ချက်ကြောင့် သွားကျိုးခဲ့ရပြီး ရှန်ချီယွင်ကလည်း အသာစီးမရခဲ့ပေ။ သူ့လက်တစ်ချောင်းက ရှန်ချီပိုင်ကြောင့်ကျိုးသွားပြီး ယခုချိန်မှာ ပတ်တီးစည်းထားရ၏။
ရှန်ချီဟွမ်းက သူတို့သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေမယ့် ရှန်ထျန်းဖုန်းက ထိုအရာကြောင့် ဒေါသထွက်ပြီး မူးလဲကာဆေးရုံရောက်သွားသည်။ သူက ဆေးရုံမှာ စစ်ဆေးခံဖို့ နှစ်ရက်နေရမှာဖြစ်ပြီး ရှန်ထျန်းဖုန်းက ကျန်းမာရေးမကောင်းသည်မှစ၍ သူ့စိတ်က ပိုပြီးမတည်မငြိမ်ဖြစ်လာသည်ဟု ရှန်ချီယွမ်ကပြောခဲ့သည်။
အရမ်းကောင်းတယ်… အခုတော့ လူတိုင်းက သားသမီးတာဝန်ကျေဖို့ သူ့ဆီသွားရဦးမယ်..
–
ရှန်းယုဟန်အိမ်ပြန်ရောက်တော့ သူက ရှန်ချီဟွမ်းကို ပြောလိုက်၏။ “ခင်ဗျားအဖေက ဘာလို့ဆေးရုံအမြဲတက်နေရတာလဲ? သူနေ့တိုင်းဒေါသထွက်နေတာ မကောင်းဘူးမလား?”
ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းကို မသနားပေ။ သူက ငယ်ငယ်တည်းက လွတ်လပ်ပေါ့ပါးသောဘဝမှာနေပြီး ကျိုးကြောင်းမဆင်ခြင် ပြုမူခဲ့သည်။ သူအသက်ကြီးလာတော့ သူ့ငယ်ဘဝက ခံနိုင်ရည်မရှိခဲ့သော တူညီသောဖိအားကို သည်းခံရပေမည်။ ဇနီးမယားနဲ့ ကလေးအများကြီးရှိတာက သူ့အတွက်ဖိအားဖြစ်၏။
အရာအားလုံးက ‘ပိုက်ဆံ'ဆိုသော စကားလုံးကြောင့်ဖြစ်လာတာပင်။
ရှန်းယုဟန်က အကြံပေးလိုက်သည်။ “ အန်တီ့ကို ကြက်သားစွပ်ပြုတ်လုပ်ဖို့ပြောပီး ယူသွားလို့ရမလား?”
ရှန်ချီဟွမ်း: “အဆင်ပြေပါတယ်…မင်းသဘောပဲ။”
ရှန်းယုဟန်က သူပိုင်မြို့တော်ကဝယ်ခဲ့သော လက်ဆောင်ဘူးလေးကို ပြန်ယူခဲ့သည်။
သူတို့နှစ်ယောက် ပြန်လာတော့ ဆေးရုံကိုတန်းသွားခဲ့ကြသည်။
တခြားအိမ်တော်သုံးအိမ်၏ ဇနီးတွေကလည်း ထိုနေရာမှာရှိနေပြီး တိုက်ပွဲ၏ အဓိကဇာတ်ဆောင်နှစ်ဦးက ဆူခံရမှာစိုးလို့ မလာကြပေ။
ရှန်ထျန်းဖုန်းက ရှန်းယုဟန် ရောက်လာတာကိုတွေ့တော့ စိတ်အခြေအနေပိုကောင်းလာ၏။ “ယုဟန်…မင်းမြို့တော်ကိုသွားခဲ့တာလား?”
ရှန်းယုဟန်က ပြောလိုက်၏။ “ဟုတ်ကဲ့၊ အဖွဲ့အစည်းက လူတစ်ယောက်က အကူအညီတောင်းလာလို့ပါ။”
မိသားစုပိုင်ဆိုင်မှုခွဲဝေဖို့နဲ့မပတ်သက်သော်လည်း ရှန်ထျန်းဖုန်းက ရှန်းယုဟန်နဲ့စကားပြောဖို့ ဆန္ဒရှိနေသည်။ “ဘယ်သုတေသနအဖွဲ့အစည်းလဲ?”
ရှန်းယုဟန်က ဂုဏ်ယူစွာ ပြောလိုက်၏။ “အမျိုးသားရှေးဟောင်းသုတေသနဌာနကပါ၊ သူတို့ရုံးက အကြီးကြီးပဲ။”
ရှန်းထျန်းဖုန်း၏မျက်နှာမှာ ရှားပါးသောအပြုံးတစ်ခုပေါ်လာ၏။ “ငါမရောက်ဖူးဘူး။ မင်းကတော်တာပဲ…ငါတို့ရှန်မိသားစုက ပညာတတ်တစ်ယောက်မှမမွေးသေးဘူး။ မင်းကပထမဆုံးပဲ”
“တကယ်?” ရှန်းယုဟန်က ချီးကျူးခံလိုက်လို့ ပျော်ရွှင်နေသည်။ သူက သူယူလာသော လက်ဆောင်ဘူးကို ရှန်ထျန်းဖုန်းအား ပေးလိုက်၏။ “ဒါနဲ့.. ကျွန်တော် တားမြစ်မြို့တော်နဲ့မဟာတံတိုင်းကိုလည်းသွားခဲ့တယ်။ အဖေ့အတွက် လက်ဆောင်ယူလာတယ်။”
“အို? ကြည့်ပါရစေဦး” လက်ဆောင်ဘူးလေးက ရှန်ထျန်းဖုန်း၏သိလိုစိတ်ကို အောင်မြင်စွာနှိုးဆွနိုင်ခဲ့၏။
ရှန်ထျန်းဖုန်းက စိတ်ကြီးဝင်ကာ လက်ဆောင်ဘူးကိုဖွင့်လိုက်တော့ အထဲမှာ ချစ်စရာကောင်းသော တားမြစ်မြို့၏ကြောင်ခွက်ရှိနေသည်။
ရှန်းယုဟန်က မူလက လေးလုံးဝယ်လာပြီး သူနဲ့သူ့ခင်ပွန်းအတွက် တစ်လုံးစီ၊ တစ်လုံးက ယောက်ဖရှန်ချီရှင်းအတွက်ဖြစ်ပြီး ကျန်တစ်လုံးက အပိုဝယ်လာတာဖြစ်လို့ ပေးဖို့တုံ့ဆိုင်းနေခဲ့ပေမယ့် ဝယ်လာပြီး လောလောဆယ်အသုံးမလိုသေးလို့ ဒီကိုယူလာခဲ့တာဖြစ်၏။
“ချစ်ဖို့မကောင်းဘူးလား?” ရှန်းယုဟန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကျွန်တော်တခြားပစ္စည်းတွေလည်း ဝယ်လာသေးတယ်။ အဲ့ဒီမှာဆိုင်တွေများပြီး ရှုပ်ထွေးသွားလို့ အသုံးအဝင်ဆုံးအရာကို ဝယ်လာခဲ့တာ။”
ရှန်ထျန်းဖုန်းက ထူးဆန်းသော ကျေနပ်မှုအာရုံတစ်ခုကို ခံစားမိပြီး နေ့တစ်နေ့၏ဆိုးရွားသော စိတ်ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။ သူ့ကလေးတွေ ခရီးဝေးသွားရင် ဘယ်တုန်းကများ သူ့အတွက် လက်ဆောင်ယူလာပေးလို့လဲ… သူက ခရီးအပြန် အမှတ်တရလက်ဆောင်ကို တစ်ခါမှမရဖူးပေ။
“အရမ်းချစ်ဖို့ကောင်းတယ်။ မင်းယူလာတဲ့ခွက်ကို အရမ်းသဘောကျတယ်။” သူက ထိုခွက်ကိုဆေးပြီး လက်ဖက်ရည်ဖျော်ပေးဖို့ အိမ်တော်ထိန်းကို ချက်ချင်းပြောလိုက်၏။
အိမ်တော်ထိန်းကလည်း ပြုံးနေပြီး ရှန်းယုဟန်ကို ကျေးဇူးတင်ကြောင်းဖော်ပြသော အကြည့်ဖြင့် ကြည့်လိုက်၏။
&&&&&&&&&&&&&&
Chapter 72.2
“ငါဘာများမှားသွားလို့လဲ”
သူတို့လူနာဆောင်မှာ စကားပြောနေစဥ် ရှန်ချီဟွမ်းက ဒေါက်တာရုံးခန်းကို သွားခဲ့၏။
ဒေါက်တာက ရှန်ထျန်းဖုန်း၏အခြေအနေကို ထိန်းချုပ်ထားပေမယ့် ဒုတိယအကြိမ်ခွဲစိတ်ရနိုင်ကြောင်း ပြောခဲ့သည်။ ဒါကြောင့် သူက စိတ်ကိုပြင်ဆင်ထားဖို့လိုပြီး လူနာကို အခုချိန်ကစပြီး စိတ်ခံစားချက်အတက်အကျ အလွန်အကျွံမဖြစ်စေဖို့နှင့် ဖြစ်ခဲ့ရင် သူ့ကျန်းမာရေးကို ထိခိုက်သွားတော့မှာဖြစ်ကြောင်း ပြောလာခဲ့သည်။
ရှန်ချီဟွမ်းက သူနားလည်ကြောင်းပြောခဲ့ပြီး တခြားလူကို ဒီကိစ္စမပြောဖို့မှာခဲ့သည်။ ဒေါက်တာက ခေါင်းညိတ်ပြပြီး ကိစ္စမရှိဘူးလို့ ပြောခဲ့၏။
ဒုတိယအကြိမ်ခွဲစိတ်တာက အန္တရာယ်များတယ်လို့ ဆိုလိုတာဖြစ်၏။
ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်း ဒုတိယအကြိမ် ခွဲစိတ်ရနိုင်ကြောင်း ရှန်ချီယွမ်အားပြောပြခဲ့ပြီး ရှန်ချီယွမ်က သူနားလည်တယ်လို့ ပြောခဲ့ပေမယ့် သူက သူပျော်သလား ဝမ်းနည်းသလားပင် မပြောနိုင်ခဲ့ပေ။
ဒုတိယနှင့် တတိယအိမ်တော်က လတ်တလောမှာ ဆူညံပွက်လောရိုက်နေခဲ့သည်။ ရှန်ထျန်းဖုန်း ဆေးရုံတက်နေရသည့်အကြောင်းကို မီဒီယာက တဖြည်းဖြည်းသိသွားခဲ့ပြီး သူတို့နှစ်ယောက် ရန်ဖြစ်နေကြသည့် ရုပ်ဆိုးသောဓာတ်ပုံများကို အင်တာနက်မှာ တင်ခံလိုက်ရသောအချက်သည် အတော်လေး ရှက်ဖို့ကောင်းလှသည်။
မိသားစု၏အရှက်ကို လူသိရှင်ကြားဖော်မပြသင့်ဘူးလို့ ပြောကြသော်လည်း ရှန်ချီဟွမ်းက ငြင်းဆိုပြီး သူက ထိုအရာကို ပွဲတစ်ခုအဖြစ် ကြည့်ချင်ခဲ့သည်။
သူတို့နှစ်ယောက်က ရှန်ထျန်းဖုန်းကို ဆေးရုံမှာလာတွေ့ခဲ့ပြီးနောက် ရှန်းယုဟန်၏ တာဝန်က ပြီးဆုံးသွားလေပြီ။ ရှန်ထျန်းဖုန်းက အလွန်ဒေါသထွက်ပြီး လူကြီးရောဂါကို ခံစားခဲ့ရတာကြောင့် နောက်နေ့မှာ သက်သာသွားတော့ အိမ်ပြန်သွားခဲ့သည်။
ရှန်းယုဟန် အိမ်ပြန်ရောက်တော့ သူ့မှာအလုပ်အသစ်ရှိခဲ့သည်။ ရှန့်ယွီလင်းက အနုပညာပြပွဲမှာ ရောင်းချဖို့ ပန်းချီကားနှစ်ချပ်ရေးဆွဲပေးရန် သူ့ကိုပြောလာခဲ့သည်။ လူအများကြီးက {နွေဦးစတင်ချိန်}နှင့် {ဆောင်းယဥ်စွန်းချိန်} ၏ ပန်းချီဆရာက ဘာလို့လက်ရာနည်းနည်းပဲရှိတာလဲလို့ မေးနေခဲ့ကြသည်။
ရှန်းယုဟန်က သူ့ဘဏ္ဍာတိုက် သိပ်မချမ်းသာဘူးလို့ တွေးမိခဲ့သဖြင့် သူက ပန်းချီဆွဲဖို့ သဘောတူလိုက်ပေမယ့် အတိအကျတော့မပြောခဲ့ပေ။ တကယ်တော့ သူက ယခုချိန်ထိ ဘာကိုဆွဲရမလဲ မစဥ်းစားရသေးပေ။
ထို့အပြင် ရှန့်ယွီလင်းက သူနဲ့ အတော်လေး ဆက်ဆံရေးကောင််းမွန်ပြီး သူက သူ့တတိယအစ်ကိုကြီးနဲ့ ရုပ်ဆင်ပေမယ့်လည်း သူ အလုပ်တွဲလုပ်နိုင်သော လူတစ်ဦးသာဖြစ်၏။
ပြန်ရောက်တော့ ရှန်ချီဟွမ်းက ရှန်ဂရုကိုပြန်သွားကာ အလုပ်ရှုပ်နေခဲ့စဥ် ရှန်းယုဟန်က ပန်းချီဆွဲခြင်း၊ ငွေရှာခြင်းနှင့် ပညာသင်ကြားခြင်း စသည့် ဘဝလေးမှာ စတင်နေထိုင်ခဲ့သည်။
ရှန်းယုဟန်ပြန်ရောက်ပြီး တစ်ပတ်အကြာမှာ ဒါရိုက်တာဖန့် ဖုံးကွယ်ထားသော ရှေးဟောင်းအုတ်ဂူကို မီဒီယာက ကြေညာခဲ့တာကြောင့် အမျိုးသားရှေးဟောင်းသုတေသနအဖွဲ့အစည်းက ရှေးဟောင်းဂီတရမှတ်ဆယ့်တစ်ခု၊ အုတ်ဂူပိုင်ရှင်၏မှတ်စုစာအုပ်နှင့် ယခုအချိန်ထိ တူးဖော်တွေ့ရှိထားသော မြှုပ်နှံပစ္စည်းများစွာအပါအဝင် လူသိရှင်ကြား ထုတ်ဖော်နိုင်သည့်အရာများကို ချက်ချင်းထုတ်ပြန်ခဲ့ကြသည်။
တခြားအရာများကြားမှာ ရှေးဟောင်းသုတေသနအဖွဲ့အစည်းက အုတ်ဂူပိုင်ရှင်၏မှတ်စုစာအုပ်ထဲက ခွဲခြမ်းစိတ်ဖြာထားသော အကြောင်းအရာများကို ထုတ်ဝေမှာဖြစ်ပြီး အုတ်ဂူပိုင်ရှင်က မှတ်စုရေးရတာကြိုက်ပေမယ့် မှတ်စုစာအုပ်က တစ်စစီဖြစ်နေတာကြောင့် သူတို့က အရေးကြီးအပိုင်းများကို မှတ်ထားရသည်။
ဤအုတ်ဂူပိုင်ရှင်က လူကြီးတွေပြောပြသော ပုံပြင်များကို နားထောင်ရတာကြိုက်ပြီး သူ့မှတ်စုစာအုပ်က ဘိုးဘေးများ၏ လုပ်ရပ်တချို့ကို မှတ်တမ်းတင်ထားသည်။ သူ့အဘိုးက လွန်ခဲ့သည့်နှစ်၃၀၀ကပြောပြခဲ့သည်မှာ သူတို့ရှန်းမိသားစုမှာ သူတို့နိုင်ငံရှိပြီး ယင်းမှာ ချီတိုင်းပြည်ဖြစ်သည်။ နောက်တော့ ချီတိုင်းပြည်က ချူတိုင်းပြည်၏သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ချူတိုင်းပြည်က တခြားနိုင်ငံများ၏ သိမ်းပိုက်ခြင်းကို ထပ်ဆင့်ခံခဲ့ရသည်။ ချူတိုင်းပြည်၏ သိမ်းပိုက်ခြင်းခံခဲ့ရသော သူတို့ရှန်းမိသားစုက ရုတ်ချည်းတိတ်ဆိတ်သွားပြီး အရာရှိအဖြစ် အမှုထမ်းခြင်းမှ ရပ်တန့်ခဲ့ရသည်။
ရှန်းမိသားစု ဤဆုံးဖြတ်ကိုချခဲ့ရခြင်း အကြောင်းတရားက လူတစ်ယောက်၏ သေဆုံးမှုကြောင့်ဖြစ်ပြီး ထိုလူက ချူတိုင်းပြည်ကို လက်ထပ်ဖို့သွားခဲ့သည့် “သခင်မလေးရှန်း'ဖြစ်၏။ ဤသခင်မလေးရှန်း၏ ဇာတ်လမ်းနဲ့ပတ်သတ်ပြီး ဘိုးဘေးများက စကားလုံးအနည်းငယ်သာ ရေးသားထားခဲ့သည်။ အုတ်ဂူပိုင်ရှင် မျှော်လင့်နေသည်မှာ သားစဥ်မြေးဆက်တွေက ဤအရာများကို အနာဂတ်မှာ သတိရနေဖို့ဖြစ်တာကြောင့် သူက သူ့အဖိုးပြောသည့်အတိုင်း မှတ်တမ်းတင်ခဲ့တာဖြစ်၏။
သခင်မလေးရှန်းက ချီတိုင်းပြည်၏ နံပါတ်တစ်အလှတရားဖြစ်ပြီး သူမက ဂုဏ်ကျက်သရေနဲ့ သိက္ခာရှိသည်။ သူမက စိတ်နေစိတ်ထားနူးညံ့ပြီး ချင်၊ ဂိုး၊ လက်ရေးလှနှင့် ပန်းချီ စသည့် အနုပညာမျိုးစုံကို ကျွမ်းကျင်တတ်မြောက်ပြီး ချူတိုင်းပြည်ဘုရင်က သူသိမ်းပိုက်ခဲ့သည့် နိုင်ငံနှစ်နိုင်ငံကို သူမအတွက် ပေးဖို့ဆန္ဒရှိခဲ့သည်။ သို့သော် ချူတိုင်းပြည်မှာ လက်ထပ်ဖို့သွားခဲ့သည့် လမ်းတွင် သူမက တောင်ပေါ်ဓားပြများနှင့် တွေ့ဆုံခဲ့ပြီး ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရသည်။
ဤသည်မှာ ရိုးရှင်းသောဒဏ္ဍာရီတစ်ခုပဲလို့ထင်၍ သူက နားထောင်ခဲ့သော်လည်း အုတ်ဂူပိုင်ရှင်၏အဘိုးက မဆုံးခင်မှာ အုတ်ဂူပိုင်ရှင်ကို ကုတင်ဘေးသို့ခေါ်ပြီး လက်ရေးလှ၊ပန်းချီ၊ စာအုပ် စသဖြင့် ပစ္စည်းမျိုးစုံကို ပေးကာ တစ်သက်လုံးသိမ်းထားဖို့ပြောခဲ့သည်။ ဤသည်မှာ ရှန်းမိသားစု ဘိုးဘေးများ၏ ဆုံးမသွန်သင်မှုဖြစ်သည်။ သူ့အဘိုးဆုံးသွားတော့ သူက ဤအမွေအနှစ်များကို စတင်စုဆောင်းခဲ့ပြီး သူ့အမွေအနှစ်အားလုံးက သခင်မလေးရှန်းနှင့် သက်ဆိုင်နေကြောင်း တွေ့ခဲ့ရသည်။
ဤသခင်မလေးရှန်းက ခံစားချက်အစစ်အမှန်ကို ဖော်ပြခဲ့သော လူတစ်ယောက်ဖြစ်ပြီး သူမမှာ ကိုယ်ပိုင်စိတ်ကူးရှိသည်။ သူမ၏ ပန်းချီကားနှင့် လက်ရေးလှက သူမ၏ချစ်စရာကောင်းသော အကျင့်စရိုက်ကို ဖော်ပြနေပြီး တခြားသူတွေကတော့ ရှုခင်း၊ ဇီးသီးပွင့် ၊ သစ်ခွနှင့် ဝါးတွေကို ပန်းချီဆွဲရတာကြိုက်သည်။ သူမက ကွဲပြားပြီး အသေးအမွှားလေးများကို မှတ်တမ်းတင်ဖို့ သူမ၏ပန်းချီကားကို အသုံးပြုရတာကြိုက်သည်။
ရံဖန်ရံခါတွင် သူမက ဝမ်းနည်းပူဆွေးမှုကို ခံစားတတ်ပြီး အချိန်အများစုမှာ သူမ၏အကိုတွေလိုပင် သူမက သာမန်ပြည်သူများကို ဂရုစိုက်လေ့ရှိသည်။ သူမမှာ ကြင်နာတတ်သောနှလုံးသားရှိပြီး ဒုက္ခသည်များကို ထမင်းကျွေးလေ့ရှိကာ လိုအပ်သူများကို ကူညီဖို့ အကောင်းဆုံးကြိုးစားခဲ့သည်။
သူမ လက်ထပ်တုန်းက ဆယ်မိုင်နီခန်းဝင်ပစ္စည်း ရခဲ့ရုံတင်မကပဲ သူမကို လိုက်ပို့ခဲ့ကြသည့် အရည််အချင်းရှိလူငယ်တွေ အများကြီးရှိကာ သူတို့က ချူတိုင်းပြည်ကို လက်ထပ်ဖို့ သွားခဲ့ရသည့် သူမ၏ကံကြမ္မာကို နှမြောတသဖြစ်နေခဲ့သည်။
ကံဆိုးတာကတော့ သူမက လမ်းမှာ တောင်ပေါ်ဓားပြနဲ့ဆုံခဲ့ရပြီး လူသေသွားရုံတင်မကပဲ သူမ၏ အဖိုးတန်ခန်းဝင်ပစ္စည်းကိုလည်း ဆုံရှုံးခဲ့ရသည်။ လက်ရေးလှနှင့် ပန်းချီကားကတော့ သူမ၏မိသားစုက ပြန်လည်ရရှိခဲ့သည်။
အမျိုးသားရှေးဟောင်းသုတေသန အဖွဲ့အစည်းကလည်း သခင်မလေးရှန်း၏ ပန်းချီကားကို ထုတ်ပြခဲ့ကြသည်။
ဟုတ်သည်….သူမ၏လက်မှတ်က………ယိဖန့်ကျွီရှီးဖြစ်၏။
အလုပ်ရှုပ်နေသော ဒါရိုက်တာဖန့်ကလည်း ရှန်းယုဟန်ကို မှတ်စုစာအုပ်ပို့ခဲ့ပေမယ့် ရှန်းယုဟန်က ရှေးဟောင်းသုတေသနစင်တာမှ ထုတ်လွှင့်ခဲ့သည့် သတင်းဗီဒီယိုကိုကြည့်ကာ အံ့အားသင့်နေခဲ့သည်။ အမှန်တရားက သူမျှော်လင့်ခဲ့တာထက် အမြန်ဆုံးရောက်လာခဲ့ပြီး ထိုအမှန်တရားက မမျှော်လင့်ထားတာဖြစ်နေ၏။
သခင်မလေးရှန်းက သူလား?”
သူက လူသိရှင်ကြားထုတ်ပြခဲ့သော ပန်းချီကားကိုသိသည်။ ယင်းမှာ သူ ဆယ့်ရှစ်နှစ်အရွယ်က ဆွဲခဲ့သော ပန်းချီကားတစ်ချပ်ဖြစ်ပြီး ယင်းကို {နွေဦးထွန်ယက်ခြင်း}လို့ခေါ်သည်။
ထိုအချိန်က သူက ဘိုးဘေးကန်တော့ဖို့ သူ့အဘွားနှင့်အတူ ကျေးလက်ကိုသွားခဲ့တာဖြစ်ပြီး ယင်းမှာ နွေဦးထွန်ယက်ခြင်းရာသီဖြစ်၏။ လမ်းတစ်လျှောက်မှာ လယ်ထွန်နေသော အဘိုးကြီးများ၊ ကျွဲများနှင့် သိုးထိန်းကောင်လေးများအပါအဝင် စမ်းချောင်းဘေးမှာ အဝတ်လျှော်နေကြသည့် အမျိုးသမီးများကို တွေ့ခဲ့ရသည်။ သူတို့ကြည့်ရတာ ပူဆွေးနေပုံမပေါ်ပဲ လူတိုင်း၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုစီရှိကြပြီး ထိုသည်မှာ သူတို့ဘဝဖြစ်၏။
ဘဝက ခါးသီးတယ်လို့ လူတိုင်းကထင်နေကြရင် ကမ္ဘာပေါ်မှာ လယ်သမားတွေ ရှိတော့မှာမဟုတ်ပေ။
အိမ်ဟောင်းမှာအနားယူရင်း သူက ပုံတစ်ပုံဆွဲခဲ့သည်။ ဒုက္ခရောက်နေသူတွေ အများကြီးရှိနေနိုင်ပေမယ့် ဘဝကမဆိုးဘူးလို့ ခံစားရသော လူတွေလည်း အများကြီးရှိ၏။
ရှန်ချီဟွမ်း အိမ်ပြန်ရောက်တော့ နေဝင်ခန်းထဲမှာ ထိုင်နေပြီး မေးစေ့လက်ထောက်ကာ တွေဝေနေသော သူ့ဇနီးလေးကိုတွေ့လိုက်ရ၏။ ဖန်သားပြင်ပေါ်တွင် ရှေးဟောင်းသုတေသနအဖွဲ့အစည်းက ထုတ်လွှင့်ခဲ့သော ဗီဒီယိုကို ထပ်ခါထပ်ခါပြနေခဲ့သည်။
“အားလုံးပဲကြည့်ကြပါ။ ဒါက ရှာဖွေတူးဖော်ခဲ့တဲ့ ပန်းချီကားတစ်ချပ်ပါ။ ပြဿနာအသေးအဖွဲတစ်ချို့ရှိပေမယ့် သူ့အလှတရားကို အသိအမှတ်ပြုဖို့ လုံလောက်တယ်။ ဒီပန်းချီကားက သခင်မလေးရှန်းရဲ့လက်ရာလို့ ပြောကြပြီး သူမရဲ့ပန်းချီကားမှာ လက်မှတ်ထိုးထားပါတယ်။ အုတ်ဂူပိုင်ရှင်ရဲ့ပိုင်ဆိုင်မှုအားလုံးကို ရှင်းလင်းပြီးရင် တစ်ခုချင်းပြဖို့ ပြပွဲကျင်းပမှာပါ။”
ဗီဒီယိုထဲတွင် အနောက်တိုင်းဟန်မင်းဆက်သင်္ချိုင်းမှ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက သူတို့၏ရှေဟောင်းသုတေသန တွေ့ရှိချက်ကို ဖော်ပြထားသည်။
ရှန်ချီဟွမ်းက ငါးမိနစ်ဗီဒီယိုကိုကြည့်ပြီး ကောက်ချက်ချလိုက်သည်။ “ဒါက ချမ်းသာပြီးအာဏာရှိတဲ့မိသားစုက မိန်းမပျိုတစ်ယောက်ရဲ့ အုတ်ဂူကို ပထမဆုံးကြားဖူးတာပဲ၊ ဒီသခင်မလေးရှန်းက တော်ဝင်ဆန်ပြီး ကြင်နာတတ်တဲ့ လူတစ်ယောက်ဖြစ်ပုံပဲ။”
ရှန်းယုဟန်က သူ့ကိုပြင်ပေးလိုက်သည်။ “အုတ်ဂူပိုင်ရှင်က သခင်မလေးရှန်းမဟုတ်ဘူး။”
ရှန်ချီဟွမ်းက ဗီဒီယိုကို ညွှန်ပြလိုက်သည်။ “သူတို့က သခင်မလေးရှန်းအကြောင်း ပြောနေတာမဟုတ်ဘူးလား?”
ရှန်းယုဟန်က အုတ်ဂူပိုင်ရှင်နဲ့ပတ်သတ်ပြီး သူနဲ့ပြိုင်မငြင်းတော့ပဲ သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။ “သူ့ကို မိန်းမပျိုလေးလို့ထင်လား?”
ရှန်ချီဟွမ်းက လတ်တလောသတင်းများကို အာရုံစိုက်ဖို့ပင် အလုပ်ရှုပ်နေခဲ့သည်။ “အဲ့လိုမဟုတ်ဘူးလား? ကျွမ်းကျင်ပညာရှင်တွေက မမှားနိုင်ပါဘူး။”
ရှန်းယုဟန်က သူ့ကိုတိုက်ရိုက်ပြောလိုက်သည်။ “ဒါပေမယ့် အုတ်ဂူပိုင်ရှင်က အစကနေ အဆုံးထိ သူ့ကိုသခင်မလေးလို့ မခေါ်ခဲ့ဘူးလေ၊ သခင်မလေးရှန်းဆိုတာ ရှေးဟောင်းသုတေသနပညာရှင်က သတ်မှတ်ခဲ့တာပဲ.. မှတ်စုထဲမှာမရေးထားဘူး။ သူက သူ့ရဲ့ဘိုးဘေးလို့ပဲပြောခဲ့တာ။”
“ဒါဆို ရှေးဟောင်းသုတေသနပညာရှင်က သူမကို ချမ်းသာတဲ့မိသားစုရဲ့ လက်မထပ်ရသေးတဲ့ သမီးတစ်ယောက်လို့ ထင်ကြေးပေးထားတာလား? ဒါပေမယ့် အဲ့ဒါက ဆယ်မိုင်နီခန်းဝင်ပစ္စည်းဆိုတော့ အမျိုးသမီးတစ်ယောက်မဟုတ်ဘူးလား၊ ချူတိုင်းပြည်ဘုရင်က အမျိုးသားတစ်ယောက်ကို လက်ထပ်ချင်တာ ဖြစ်နိုင်ပါ့မလား?” ရှန်ချီဟွမ်း၏ သံသယများက တိုးလာခဲ့သည်။
ရှန်းယုဟန်က သူ့ကို အပြုသဘောဆောင်သည့် အဖြေပေးလိုက်၏။ “အွန်း၊ သူက အမျိုးသားတစ်ယောက်ကို လက်မထပ်ခဲ့ပါဘူး။”
ရှန်ချီဟွမ်းက ပန်းချီကားနောက်ကျောက လင်းထိန်နေသော နေရာတစ်ခုကိုမြင်လိုက်၏။ “ဟေး..ရှန်းယုဟန်၊ သခင်မလေးရှန်းရဲ့ ပန်းချီကားပေါ်က လက်မှတ်က ယိဖန့်ကျွီရှီးပဲ…မင်းနဲ့တူနေတယ်။”
သူတခြားဘာမှရှာမတွေ့ခဲ့တာကို ရှန်းယုဟန်ကမြင်တော့ သက်ပြင်းချလိုက်၏။ “အွန်း” သူက တစ်ခုခုကိုတွေးမိပြီး ရုတ်တရက်စိတ်အားထက်သန်လာကာ ရှန်ချီဟွမ်းကို မေးလိုက်သည်။ “ယောကျာ်း၊ တစ်နေ့ကျရင် စာအုပ်ထဲမှာပြောထားတဲ့ သခင်မလေးရှန်းကို တွေ့ရမယ်ဆိုပါစို့၊ သူက ကြင်နာတတ်ပြီး ကြည့်လည်းကောင်းတယ်၊ စိတ်သဘောထားလည်းနူးညံ့ပြီး ဂိုး၊ချင်၊ လက်ရေးလှနဲ့ပန်းချီမှာလည်း တော်တယ်။ သူကခင်ဗျားကိုလက်ထပ်မယ်ဆိုရင် ခင်ဗျားကသူ့ကိုလက်ထပ်မှာလား?”
ရှန်ချီဟွမ်းက ထိုစကားကိုကြားတော့ ဒါက ချစ်သူကောင်လေးနှင့် ကောင်မလေးကြားမှ ရက်စက်ကြမ်းကြုတ်သော မေးခွန်းဖြစ်တာကို သူသိလိုက်ပြီး ဘယ်လိုဖြေရမလဲဆိုတာလည်း သိခဲ့သည်။
သူက အခိုင်အမာဆိုသည်။ “ဒါပေါ့ သူ့ကိုလက်မထပ်ပါဘူး။ မင်းမြင်ပါတယ်၊ သူမက အရမ်းတော်တယ်ဆိုပေမယ့် ငါနဲ့မလိုက်ဖက်ဘူး။ ပြီးတော့ ငါက အမျိုးသမီးတွေကိုလည်း မကြိုက်ဘူး။ ငါ့ကို ဆယ်မိုင်နီခန်းဝင်ပစ္စည်းနဲ့ တင်တောင်းရင်တောင် ငါသူမကိုလက်မထပ်ဘူး!”
ရှန်းယုဟန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်နှာက ထိုအဖြေကြောင့် မပျော်ရွှင်ခဲ့ရပေ။
သူက အရိပ်အမြွက်အသေးလေးကို ပေးလိုက်သည်။ “သူကလည်း ယိဖန့်ကျွီရှီးပဲလေ”
ရှန်ချီဟွမ်းက သူ့အဖြေကို ထပ်ခါတလဲလဲ အခိုင်အမာဆို၏။ “သူက ယိဖန့်ကျွီရှီးဆိုရင်တောင် ငါသူမကိုလက်မထပ်ဘူး”
ရှန်းယုဟန်က ဒေါသထွက်သွား၏။ “ခင်ဗျားက သူ့ကိုတော်တယ်လို့ပြောပြီး ဘာလို့ လက်မထပ်ချင်ရတာလဲ?”
ရှန်ချီဟွမ်းက ရှင်းပြလိုက်သည်။ “တော်တာကတော်တာပဲလေ ဒါပေမယ့် ပထမဆုံးအကြိမ် မြင်ရတာတောင် ရှေးဆန်ပြီး ပျင်းဖို့ကောင်းလွန်းတယ်။ ရှေးခေတ်မှာဆိုရင် မြင့်မြတ်တဲ့အမျိုးသမီးတွေက အိမ်မှာနေ့တိုင်းနေပြီး သူတို့က မနာလိုဖြစ်ဖို့ပဲသိတာ။ ငါတို့မှာ တူညီတဲ့အရာမရှိဘူး။ သေချာတာကတော့ ချမ်းသာပြီးအာဏာရှိတဲ့မိသားစုက မိန်းမပျိုတစ်ယောက်ကို လက်ထပ်ပြီး သူမကို ဗုဒ္ဓတစ်ယောက်လို အိမ်မှာမထားနိုင်ဘူး။ ပြီးတော့ ငါက ချင်၊ ဂိုး၊ လက်ရေးလှနဲ့ ပန်းချီအကြောင်းကို သိပ်မသိဘူး။ သူမနဲ့ နေ့တိုင်းအတူရှိရရင် အနှေးနဲ့အမြန် ငြီးငွေ့သွားလိမ့်မယ်။”
မရှင်းပြတာကမှပိုကောင်းဦးမည်။ သူရှင်းပြလို့ပြီးသွားတော့ ရှန်းယုဟန်က မျက်တောင်ခတ်ပြီး သူ့မျက်လုံးများက နီရဲလာကာ မျက်ရည်လုံးကြီးများ ကျဆင်းလာသည်။ သူက နှာရှုပ်ကာ အိမ်ထဲဝင်သွားတော့သည်!
သူ့ခင်ပွန်းက သူ့ကိုရှေးရိုးဆန်းပြီး ပျင်းစရာကောင်လို့ သဘောမကျရုံတင်မကဘူး။ အနှေးနဲ့အမြန် ငြီးငွေ့သွားမယ်လို့လည်း ပြောခဲ့တယ်။ ဒီစကားက သူ့ကိုအလွန်ဒေါသထွက်စေတယ်!
ရှန်ချီဟွမ်းက နားမလည်နိုင်ဖြစ်သွားသည်။ “.....” ငါဘာမှားသွားတာလဲ?