Chapter 87.1
“မရီးကလိုတစ်မျိုး မလိုတစ်မျိုး”
ရှန်းယုဟန်က ရုတ်တရက်ပေါ်လာသောကားကြောင့် သေအောင်ထိတ်လန့်သွားမယ်လို့ထင်ခဲ့ပြီး သူ့ခန္ဓာကိုယ်က လုံးဝမတုံ့ပြန်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်မှာ တောင့်တင်းသန်မာသော အမျိုးသားတစ်ယောက်က သူ့ကိုဘေးသို့တွန်းထုတ်လိုက်ပြီး ပြေးဝင်လာသောကားက ဆိုင်နံရံကို ထိုးဖောက်သွားသည်။
ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီး အလုပ်ရှုပ်နေသော ဖြတ်သွားဖြတ်လာများက လန့်ဖျပ်သွားကြသည်။
ရှန်ချီရှင်း၏တုံ့ပြန်မှုက ထိုတောင့်တင်းသန်မာသောလူလောက် မမြန်ခဲ့ပဲ သူက ထိတ်လန့်နေတာကြောင့် ကြောင်စီစီဖြစ်နေပြီး သူ့လက်ထဲက ပိတ်စအထုပ်က မြေပြင်ပေါ် ပြုတ်ကျသွားသည်။
ရှန်းယုဟန်က ဘေးကိုလှိမ့်ကျကာ ထိတ်လန့်တုန်လှုပ်နေသည်။
တောင့်တင်းသန်မာသောအမျိုးသားက သူ့ကို မတ်တပ်ရပ်ဖို့ ကူညီပေးခဲ့သည်။ “မစ္စတာရှန်း…အဆင်ပြေရဲ့လား?”
ထိုမှသာ ရှန်းယုဟန် မော့ကြည့်လိုက်တော့ ထိုလူက သူ့ခင်ပွန်းနောက်ကို အမြဲလိုက်နေသည့် ဘော်ဒီဂတ်ဖြစ်နေသည်။ သူက သူ့ကို တိတ်တိတ်လေး ကာကွယ်ပေးနေတာလား?
သူက အတန်ငယ်တုန်ယင်နေကာ သေခြင်းရှင်ခြင်းကြားမှာ လှည့်လည်နေရသည့် နှစ်ပေါင်းများစွာအပြီးမှာ သူ့စိတ်က အမြန်ငြိမ်သက်သွားပြန်သည်။
ရှန်ချီရှင်းကပြေးလာပြီး သူ့တစ်ကိုယ်လုံးကို စစ်ဆေးခဲ့သည်။ “မရီး၊ မရီး…. အဆင်ပြေလား?”
ရှန်းယုဟန်က သူ့အဝတ်အစားကိုပုတ်ကာ ခေါင်းခါပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ သက်တော်စောင့်အကိုကြီး…. ကျွန်တော်အဆင်ပြေပါတယ်။”
သူ့မရီးအဆင်ပြေတာသေချာမှ ရှန်ချီရှင်းက အခင်းဖြစ်ပွားခဲ့သော အကြောင်းအရင်းကိုမေးလိုက်သည်။ “အဲ့ဒီကားကဘာဖြစ်သွားတာလဲ?”
ထိုအချိန်တွင် ရိုက်ကူးရေးအဖွဲ့က ဖြစ်စဥ်တစ်ခုလုံးကို ရိုက်ထားမိပြီး ဒါရိုက်တာအဖွဲ့နှင့် တခြားသူများက အခြေအနေကိုလာမေးခဲ့သည်။ ရုတ်တရက် အရှိန်မထိန်းနိုင်သော ထိုကားက ရှန်းယုဟန်နှင့် ရှန်ချီရှင်းကို မထိခိုက်ပေမယ့် လူအများကြီးကို ထိခိုက်စေခဲ့သည်။ တချို့လူများက ကားဘီးကြောင့် ပွန်းပဲ့သွားပြီး အခင်းနေရာမှာ အော်သံများထွက်ပေါ်နေသည်။ သိပ်မကြာခင်မှာ လူတစ်ယောက်က ရဲစခန်းကိုသတင်းပို့ပြီး အနီးအနားမှ ရဲအရာရှိများက ချက်ချင်းရောက်လာခဲ့သည်။
သူတို့ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး ကားပိုင်ရှင်သည်လည်း ရဲတွေရောက်မလာမချင်း ကားပေါ်က မဆင်းရဲပဲ ထိတ်လန့်သွားကာ အော်ငိုနေသည်။ သူ့စကားများက လုံးထွေးနေပြီး အခင်းဖြစ်ပွားရာနေရာမှာ ရှင်းလင်းချက်မရှိပေမယ့် ကံကောင်းတာက ဘယ်သူမှ ဒဏ်ရာမရခဲ့ကြပေ။
ဘောဒီဂတ်က ရှန်ချီရှင်းနှင့် ရှန်းယုဟန်ကို ကားပေါ်အမြန်တက်ဖို့ပြောပြီး ဘယ်မှမသွားခိုင်းပေ။ သူတို့က ကိစ္စများကို ကိုင်တွယ်ရမှာဖြစ်၏။
ရဲတွေက ကားပိုင်ရှင်ကို ရဲစခန်းကို ခေါ်ဆောင်သွားပြီး နောက်ပိုင်းမှာ ဖြေရှင်းဖို့လိုအပ်သည့် လျော်ကြေးကိစ္စရပ်များရှိနိုင်သည်။
အဖြစ်အပျက်က ရုတ်တရက်ဆန်ပြီး ပရိုဂရမ်အဖွဲ့က အုပ်စုနှစ်စုခွဲလိုက်သည်။ တစ်စုက ရဲစခန်းမှာ မေးခွန်းဖြေဖို့လိုက်သွားပြီး တစ်စုက ရှန်းယုဟန်တို့နှင့်အတူ အိမ်ပြန်သွားသည်။
ရှန်းယုဟန် ကားပေါ်တက်ပြီးနောက် သူက မတုံ့ပြန်နိုင်သေးပဲ အခင်းဘယ်လိုဖြစ်ပွားခဲ့တာလဲ နားမလည်နိုင်ဖြစ်နေသည်။ အားလုံးက ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းသည်။
မကြာခင် သူ့ဖုန်းကမြည်လာပြီး ယင်းမှာ ရှန်ချီဟွမ်းဖြစ်ပြီး ရှန်းယုဟန်က ဖုန်းမဖြေခင် ရွှံ့ပေနေသောလက်ကို တစ်ရှူးဖြင့် သုတ်လိုက်သည်။
“ယောကျာ်း?”
“ဘာဖြစ်တာလဲ? မင်းကားတိုက်ခံရမလိုဖြစ်ခဲ့တယ်လို့ ဘော်ဒီဂတ်ဆီကကြားတယ်။ မင်းဒဏ်ရာရသွားလား?”
“ဒဏ်ရာမရပါဘူး။ ကျွန်တော် ယောက်ဖနဲ့အတူ အိမ်ပြန်လာပြီ”
“ရှန်ချီရှင်းအဆင်ပြေလား?”
“သူလည်းအဆင်ပြေတယ်။ ကံကောင်းတာက သက်တော်စောင့် အကိုကြီးက ကျွန်တော်တို့ကို အချိန်မှီဆွဲခဲ့တာ။ ကျွန်တော်တို့ နည်းနည်းလန့်သွားတယ်။ ထိသွားတာက တခြားတစ်ယောက်ပါ။”
“ကောင်းပြီ၊ငါသိပြီ၊ ငါ အိမ်ပြန်ပြီး မင်းကိုစောင့်နေမယ်” ရှန်ချီဟွမ်းက လူကိုမတွေ့ရတော့ စိတ်ပူနေပြီး ရှန်းယုဟန်က အပြင်ထွက်ဖို့ လုံးဝမသင့်တော်ပေ။ သူ ဒီတစ်ခေါက် ဒဏ်ရာမရခဲ့လည်း အန္တရာယ်ရှိခဲ့သည်။ ကံကောင်းတာက ဘော်ဒီဂတ်ကို အနီးကပ်လိုက်ခိုင်းထားလို့ပေါ့….
“အင်း၊ နောက်မှတွေ့မယ်” ရှန်းယုဟန်က စကားသိပ်မပြောခဲ့ပေ။ သူ့စိတ်က ကမောက်ကမဖြစ်နေတုန်းပင်။ နောက်မှ ဖြစ်ပျက်ခဲ့တာက ဘယ်လောက်အန္တရာယ်များလည်း သိလိုက်ရသည်။
ထိုအချိန်တွင် ပရိုဂရမ်အဖွဲ့ကလူတွေက သူတို့ကိုပြန်ပို့ပြီး ရိုက််ကူးရေးမလုပ်ခဲ့ကြပေ။
ရှန်းယုဟန်ကားပေါ်ကဆင်းတာနဲ့ အိမ်ပြန်ရောက်ပြီဖြစ်သော ရှန်ချီဟွမ်း၏ပွေ့ဖက်ခြင်းကိုခံခဲ့ရသည်။ “ငါသေအောင်လန့်သွားတာ”
အိမ်ပြန်လမ်းမှာ ဒရိုက်ဘာက ရဲကိုဘာပြောခဲ့လဲ ဘော်ဒီဂတ်ကသိသွားခဲ့သည်။
ဒရိုက်ဘာက မူးနေတာမဟုတ်ပဲ ကားဘရိတ်မမိတော့တာပင်။ သူဘရိတ်ဆက်တိုက်နင်းနေလည်း ကားကမတုံ့ပြန်တော့ပဲ ရုတ်တရက်ဆိုတော့ သူကမထိန်းချုပ်နိုင်ခဲ့ပဲ နံရံကိုဝင်တိုက်မိသွားတာဖြစ်၏။
I
ရှန်းယုဟန်နှင့် ရှန်ချီရှင်းက ကံဆိုးမှုကိုကြုံခဲ့ရပေမယ့် အသေးစိတ်ကို စုံစမ်းမေးမြန်းရမည်။ ရဲအရာရှိက ထိုအကြောင်းကို သိပ်မတွေးခဲ့ပေ။ အကြောင်းမှာ ရှန်ချီရှင်းက ရှန်းယုဟန်တို့မှာ အထည်ဆိုင်ကိုသွားဖို့ မူလကအစီအစဥ်မရှိခဲ့လိုပင်။ သူက ရိုက်ကူးရေးအဖွဲ့မှာရော အဓိကဇာတ်ကောင်မဟုတ်တာကြောင့် သူရောက်ရှိနေသောနေရာက ပေါက်ကြားမှုမရှိခဲ့ပေ။
ဘော်ဒီဂတ်က ရှန်းယုဟန်နှင့် ရှန်ချီရှင်းတို့နောက်ကို လိုက်နေခဲ့ပြီး ခြေရာခံနိုင်မယ့် သဲလွန်စသံသယဖြစ်စရာများကို ရှာမတွေ့ခဲ့ပေ။
လက်ရှိမှာ ယင်းက အမှန်တကယ် တိုက်ဆိုင်မှုဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
ဒါပေမယ့် ဒါကတကယ်ဖြစ်ခဲ့တာလား?
ရှန်းယုဟန်က သူ့ခင်ပွန်း၏ တင်းတင်းပွေ့ဖက်ထားတာကို ခံနေရပြီး သူ့ခင်ပွန်းကြောက်နေတယ်ဆိုတာကို သိခဲ့သည်။ “ယောကျာ်း၊ တကယ်အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့။”
“မင်းကတကယ်ကိုပဲ… အပြင်ထွက်တိုင်း ငါ့ကိုစိတ်မအေးအောင်လုပ်တယ်။” ရှန်ချီဟွမ်းက သူ့ကိုနောက်တစ်ကြိမ် ပွေ့ဖက်လိုက်သည်။
“ဒါကတိုက်ဆိုင်မှုမလား၊ ကားက ရုတ်တရက် ကျွန်တော့်တို့ဆီ ပြေးလာမယ်ဆိုတာမသိခဲ့ဘူး။ အရမ်းထူးဆန်းတာပဲ” ရှန်းယုဟန်က ဒါက လုပ်ကြံမှုလား သိချင်နေသည်။ သူ့ခင်ပွန်း နောက်ဆုံးတစ်ခေါက်က ကားမတော်တဆမှုဖြစ်ခဲ့တာကို မှတ််မိသေးသည်။ ဒီတစ်ကြိမ်လည်း တူနေမလားလို့ စိုးရိမ်နေသည်။
“အိမ်အရင်ပြန်ရအောင်” ရှန်ချီဟွမ်းက ပရိုဂရမ်အဖွဲ့ကိုပြောလိုက်သည်။ “ကျွန်တော့်မိသားစုဝင်တွေ လန့်နေလို့ ဒီနေ့ရိုက်ကူးရေးကို ရပ်လိုက်ပါမယ်”
ပရိုဂရမ်အဖွဲ့သားများက သိပ်မပြောရဲပေမယ့် အဆုံးမှာ တိုက်ပွဲဝင်နေကြဆဲပင်။ သို့သော် ရှန်းယုဟန်က သူတို့အတွက် မလွယ်ဘူးဆိုတာ နားလည်တာကြောင့် ရိုက်ကူးရေးကို ညနေပိုင်းပြောင်းပေးဖို့ ရှန်ချီဟွမ်းကို တောင်းဆိုလိုက်သည်။
ရှန်ချီဟွမ်းက သူ့နဖူးကိုပုတ်ကာ လက်ခံပေးရုံမှတစ်ပါး ရွေးချယ်စရာမရှ်ိပေ။ “စိတ်ပျော့တယ်”
ရှန်းယုဟန်က သူ့ကိုဖက်ကာပြောလိုက်သည်။ “လူတိုင်းအတွက်မလွယ်လို့ပါ။”
ရှန်ချီရှင်းကပြောလာသည်။ “မှန်တယ်၊ တတိယအစ်ကို၊ သူတို့က ကားအက်စီးဒန့်ကို ရိုက်ကူးထားလို့ ရဲတွေအတွက် သက်သေအဖြစ်သုံးလို့ရတယ်။”
ရှန်ချီဟွမ်းက ဒါရိုက်တာကို သူရထားသော ဗီဒီယိုဖိုင်ပို့ပေးဖို့ တောင်းဆိုခဲ့သည်။ သူက ရှန်းယုဟန်နှင့် ရှန်ချီရှင်းကို သူ့သံသယအကြောင်းမပြောခဲ့ပေမယ့် သူတို့အပြင်ထွက်ရင် လူများများခေါ်သွားဖို့ တွန်းအားပေးခဲ့သည်။ အနည်းဆုံးတော့ လက်ရှိအချိန်မှာ တစ်ယောက်တည်းမထွက်သင့်တော့ပေ။
ရှန်းယုဟန်က သူ့ခင်ပွန်းကိုပြောတာကို သေချာနားထောင်နေပြီး ရှန်ချီရှင်းကလည်း ခေါင်းညိတ်လိုက်သည်။ သူက သူ့တတိယအစ်ကိုစကားကို အမြဲနားထောင်ပြီး အမိန့်တစ်ခုအဖြစ် လက်ခံရလည်း ကိစ္စမရှိပေ။ သူ့အစ်ကိုစကားနားထောင်တာ မှန်ကန်သောလုပ်ရပ်ဖြစ်၏။
–
အကြောက်တရားရှိနေသေးပေမယ့် စွမ်းအားကုန်ခမ်းသွားချိန်မှာ အဆင်ပြေလာခဲ့သည်။ ရှန်းယုဟန်က ပြင်ထန်းသောလေမုန်တိုင်းကို ကြုံတွေ့ခဲ့ဖူးသော လူတစ်ယောက်ဖြစ်တာကြောင့် ညနေမှာ သူက ချက်ပြုတ်ခဲ့သေးသည်။ သူက အစတည်းက သူတစ်ခါမှမချက်ဖူးသော ဟင်းလျာအနည်းငယ်ကို ချက်ပြုတ်ဖို့ တွေးထားခဲ့တာပင်။
လူသုံးယောက်အတွက် ဟင်းအမယ်ငါးမျိုးနှင့် စွပ်ပြုတ်တစ်ခွက်၊ ရတနာဘဲဟင်း၊ ခရမ်းသီးနှပ်၊ မျှစ်ပုဇွန်ဟင်း၊ ဆေးဖက်ဝင်ရေဘဝဲမုန့်ညင်းဟင်းချို၊ ကြက်စပ်ကြော်၊ ကြက်သားစွပ်ပြုတ်… ရှန်ချီရှင်းအကြိုက်နှင့်ကွက်တိပင်။
ပရိုဂရမ်အဖွဲ့က သူတို့၏ညစာကိုကြည့်ကာ လူတစ်ယောက်တည်းက ကြယ်ငါးပွင့်စားဖိုမှုးလို ဟင်းလျာများကိုပြင်နိုင်မယ်လို့ ယုံကြည်ရခက်နေသည်။ ဟင်းလျာများက ခမ်းနားပြီး မွှေးကြိုင်ကာ အရသာရှိမယ်ပုံပင်။ လုပ်ငန်းစဥ်တစ်လျှောက်မှာ တခြားအကူလည်းမရှိပေ။ သူတို့သာ ရိုက်ကူးမထားရင် ဤဟင်းလျာများကို ကြယ်ငါးပွင့်ဟိုတယ်မှ မှာထားတယ်လို့ သံသယဝင်မိမှာပင်။ သို့သော် ကမ္ဘာပေါ်မှာ ဒီလိုမျိုးရှင်သန်နေသော လူတွေရှိနေခဲ့သည်။ မစ္စတာရှန်းက ငယ်ငယ်လေးနဲ့ အရမ်းတော်ပြီး ချမ်းသာသောမိသားစုမှာ လက်ထပ်နိုင်ခဲ့ခြင်းအတွက် သူတို့မအံ့သြတော့ပေ။ သူ့ကို အရည်အချင်းမရှိဘူးလို့ပြောရင် တခြားသူအားလုံး သူ့ထက်ပိုဆိုးပေမည်။
ညစာစားပြီးနောက် သူတို့က ဖန်လုံအိမ်ထဲမှာ လက်ဖက်ရည်ဖျော်ကာ စကားစမြည်ပြောနေပုံကို ရိုက်ကူးခဲ့ပြီး ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဘယ်သူမှမသိလိုက်သည်မှာ ယောက်ဖကိုကူညီဖို့ ရှန်းယုဟန်က ပြဇာတ်ကို ပိုစိတ်ဝင်စားဖို့ကောင်းအောင် ကြိုးစားခဲ့ပြီး သူ့အရည်အချင်းများကို ထုတ်ပြခဲ့သည်။
“ခင်ဗျားတို့ လက်ဖက်ရည်သောက်မလား?” ရှန်းယုဟန်က သူ့အစ်ကိုဆီက သူများအထင်ကြီးအောင်လုပ်နိုင်သော အတတ်ပညာကို သင်ဖူးသည်။ “ခင်ဗျားတို့ကြိုက်ပါ့မလားတော့မသိဘူး”
“အရင်တစ်ခေါက်က လဲ့ချာမဟုတ်ဘူးလား? ရှန်ချီဟွမ်းကမေးလိုက်သည်။ “အဲ့ဒါက အတော်လေးအရသာရှိတယ်။”
“အဲ့တစ်ခုက ပါဝင်ပစ္စည်းအများကြီးလိုတယ်။ ကျွန်တော်တို့က အခုလေးတင် ထမင်းစားထားတော့ ခင်ဗျားတို့မစားနိုင်တော့ဘူးထင်တယ်။ ဒီတစ်ကြိမ်က ပုံမှန်နဲ့မတူဘူး။ လှည့်ကွက်လေးတစ်ခုလုပ်ပြမယ်။” ရှန်းယုဟန်က အပြုံးတစ်ခုဖြင့်ဆိုသည်။
“ဟုတ်ပြီ ကျွန်တော်တွေ့ချင်တယ်။ ခင်ဗျားဘယ်တုန်းက လဲ့ချာထပ်သောက်ခဲ့တာလဲ၊ ကျွန်တော်ဘာလို့မသိရတာလဲ? ရှန်ချီရှင်းက သူတို့ သူ့ကိုမေ့ထားခဲ့တာကို ညည်းတွားပြသည်။
“မင်းမရှိတဲ့အချိန်ပေါ့ကွာ” ရှန်းယုဟန်ကပြောလိုက်သည်။
“နောက်တစ်ခါကျွန်တော့်ကိုခေါ်။ အမြဲတမ်း တစ်ယောက်တည်းမစားနဲ့” ရှန်ချီရှင်းက မကျေနပ်သလို ဟန်ဆောင်သည်။
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဒီအဆင့်တွေက မင်းအတွက်ရေးပေးထားတာ၊ မင်းကိုယ်တိုင်လုပ်လို့ရတယ်”
“ဒါဆိုဘာထူးတော့မှာလဲ၊ မရီးရဲ့အချက်အပြုတ်စွမ်းရည်က သူများတွေနဲ့ကွာတယ်လေ၊ သူက ကျွန်တော်မြင်ဖူးတဲ့ထဲမှာ အကျွမ်းကျင်ဆုံးလက်ပိုင်ရှင်ပဲ”
ရှန်ချီဟွမ်းက လက်ဖက်ရည်ဖျော်နေသော ရှန်းယုဟန်ကိုကြည့်လိုက်သည်။ ဖန်လုံအိမ်ထဲမှာ ရှန်ချီဟွမ်း နာမည်ပင်မသိသော ကိရိယာတန်ဆာပလာများရှိနေပြီး ပိုင်ရှင်ကသာ ဘယ်လိုသုံးရမလဲသိသည််။
ရှန်းယုဟန်က ပူအိုက်သည့်နေ့အတွက် သင့်တော်သော ကျန့်ချာဖျော်ဖို့ ကြိုးစားနေသည်။
သူက လက်ဖက်ခြောက်ကိုထုတ်ကာ အမှုန့်ဖြစ်အောင်ထောင်းပြီး ဘူးလေးထဲထည့်လိုက်သည်။ ထို့နောက် ရေဖြည့်ထားသော လက်ဖက်ရည်အိုးကို မီးဖိုပေါ်မှာအပူပေးလိုက်သည်။
ကျန့်ချာမှာ သုံးဆင့်ရှိပြီး ပထမအကြိမ်ရေဆူလာသည့်အခါ ဆားထည့်ပြီး ဒုတိယအကြိမ် ရေဆူလာသောအခါ ရေနွေးအိုးကိုယူကာ တစ်ဖက်ခြမ်းမှာချလိုက်သည်။ ထို့နောက် လက်ဖက်ခြောက်မှုန့်ကို ရေနွေးအိုးထဲထည့်ပြီး တတိယအကြိမ်ဆူလာသောအခါ ခဏရပ်ပြီး လက်ဖက်ရည်က လိုချင်သောပုံစံဖြစ်လာသည်။
ရှန်ချီဟွမ်းက သူ့ဇနီးလေး၏ အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်မှုကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူ့လှုပ်ရှားမှုက ကြော့ရှင်းနေကာ စွဲမက်ဖွယ်ကောင်းသည်။ သူက စိတ်ရှည်သလို ကျန့်ချာဖျော်နေတာသိသာပေမယ့် ကျန့်ချာလက်ဖက်ရည်ပွဲထက် ပန်းချီကားတစ်ချပ်နဲ့ပိုတူနေသည်။ သူက သူ့ဇနီးလေး စွယ်စုံရတာသိပေမယ့် သူမသိသေးသော အရည်အချင်းများစွာ ထပ်ရှိနေမယ်လို့ မထင်ထားခဲ့ပေ။ သူက သူ့ဆီမှာ အရည်အချင်းဘယ်လောက်ရှိလဲ မသိပေမယ့် ကြော့ရှင်းပြီး စွယ်စုံတော်နေပုံက ရှေးခေတ်က ကုန်းဇီတစ်ယောက်နှင့်တူနေသည်။
သူက ရှေးခေတ်က အမျိုးသားတစ်ယောက်လိုပင်။ ထူးခြားလွန်းတာကြောင့် ကမ္ဘာပေါ်မှာ နောက်တစ်ယောက် ရှာတွေ့နိုင်မှာမဟုတ်ပေ။
ရှန်းယုဟန်က သူ့ခင်ပွန်းကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ “ယောကျာ်း၊ ကြည့်ကောင်းလား?”
ရှန်ချီဟွမ်းက သူ့မျက်နှာကိုကြည့်ကာ တွေဝေနေသည်။ “ကြည့်ကောင်းတယ်”
ရှန်းယုဟန်က တည့်တိုးဆန်သော သူ့အကြည့်ကြောင့် ပူနွေးလာပြီး ရှန်ချီဟွမ်း၏မေးစေ့ကို လက်ညိုးနဲ့ဖိချလိုက်သည်။ “ပန်းကန်လုံးကိုကြည့်၊ ဘာလို့ကျွန်တော့်ကိုကြည့်နေတာလဲ?”
ထိုမှသာ ရှန်ချီဟွမ်းက ပန်းကန်လုံးထဲမှ လက်ဖက်ရည်ကိုကြည့်လိုက်တော့ လက်ဖက်ရည်က ရှုခင်းပန်းချီအလား အဖြူအစိမ်းရောင်ဖြစ်ပြီး တောင်၊ရေနှင့် လှေလေးတစ်ခုတောင်ပါသေးသည်။
ပရိုဂရမ်အဖွဲ့နှင့် တခြားသူများက ငုံ့ကြည့်ပြီး အံ့အားသင့်သွားကြသည်။
ဒါက လူချမ်းသာအိမ်ကချွေးမလား? သူတို့ ဒီလိုကံမကောင်းတာလဲ မထူးဆန်းတော့ပေ။ ထွက်ပေါ်လာသောလက်ရာတိုင်းက လက်ဆုပ်လက်ကိုင်ပြနိုင်သော ယဥ်ကျေးမှုအမွေအနှစ်ဖြစ်သည်။ မနာလိုဖြစ်စရာကောင်းရုံတင်မကပဲ ကြောက်စရာလည်းကောင်း၏။ သာမန်လူတွေရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုအတွက် ထိုးနှက်ချက်တစ်ခုပဲ!
&&&&&&&&&&&&
Chapter 87.2
“မရီးကလိုတစ်မျိုး မလိုတစ်မျိုး”
ရှန်ချီရှင်းက တည်တိုးဆန်စွာ လက်ခုပ်အကျယ်ကြီးတီး၏။ “မရီးကအရမ်းတော်တာပဲ! အရမ်းမိုက်တယ်! ဘယ်လိုလုပ်ခဲ့တာလဲ!”
ရှန်ယုဟန်က ကျိုးနွံစွာပြောလိုက်၏။ “အရမ်းလွယ်ပါတယ်၊ မင်းသင်ချင်ရင် ငါသင်ပေးမယ်”
ရှန်ချီရှင်းက အရမ်းလွယ်သည်ဟု ထင်လိုက်တာကြောင့် သူက ရို့ကျိူးစွာ အကြံဉာဏ်တောင်းပြီး သူ့ငယ်ချင်းများရှေ့မှာ ကြွားဖို့ဆုံးဖြတ်လိုက်၏။
ရှန်းယုဟန်က သူ့ခင်ပွန်းကိုမေးလိုက်သည်။ “ယောကျာ်း..ခင်ဗျားရောသင်ချင်လား?”
ရှန်ချီဟွမ်းက သူတို့ကို အပြုံးတစ်ခုဖြင့် ကြည့်နေ၏။ “မလိုဘူး၊ မင်းသူ့ကိုသာသင်ပေးလိုက်၊ သူနဲ့ဝေးဝေးနေဦး… အပူမလောင်စေနဲ့” သူက သူ့ဇနီးလေး၏ ဒဏ်ရာကိုဆွဲဆောင်သော ကိုယ်ခန္ဓာကို မဝေဖန်ဝံ့တာကြောင့် အနီးကပ်စောင့်ကြည့်ရမည်။
ရှန်းယုဟန်က ရယ်သည်။: “မလောင်ပါဘူး၊ လက်ဖက်ရည်ဖျော်ရုံပါပဲ”
သူက ကတိုက်ကရိုက်ပြောလိုက်သည်မှာ သူ့အတွက် အဆင်ပြေလို့ပင်။ သို့သော် ရှန်ချီရှင်းမှာ လက်ထူထူရှိတယ်လို့တော့မထင်၊ သူက စားပွဲပေါ်မှာ ရေနွေးပူပူတောင် လောင်းချခဲ့သည်။ ရှန်ချီဟွမ်းက ရှန်ချီရှင်းကို နောက်ဆိုရင် သူ့မရီး၏ လက်ဖက်ရည်ဖျော်သည့် ပစ္စည်းများကို မထိဖို့ မှာခဲ့ရလေသည်။
ရှန်ချီရှင်းကနားလည်သွားသည်။ သူ့မရီးကလူသားမဟုတ်ဘူး!
ဒီလောက်ရိုးရှင်းတာကို သူဘာလို့ မလုပ်နိုင်ရတာလဲ?
ရှန်ချီဟွမ်းက သူ့ကိုဖြေသည်။ “မင်းက တုံးလို့ဖြစ်မယ်။”
ရှန်ချီရှင်းက သူ့တို့နောက်ကနေလိုက်ကာ အိမ်ထဲဝင်သွားပြီး သူ့နောက်ကျောကိုဆုပ်ကိုင်ကာ သက်ပြင်းချ၏။ “ခင်ဗျားက ကျွန်တော့်ရဲ့အစ်ကို မှန်ပါတယ်နော်”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “မင်းရဲ့ပင်ကိုယ်စရိုက်ကို ဆွေမျိုးတွေပဲသိနိုင်တာ”
ရှန်းယုဟန်က အပြန်အလှန်ဖဲ့နေကြသော ညီအစ်ကိုနှစ်ယောက်ကိုကြည့်ကာ အိမ်ထဲမှာ ရယ်မောသံတွေပြည့်လာ၏။ သူက သူတို့စကားများကို နားထောင်ရတာသဘောကျသည်။
–
ရိုက်ကူးရေးဒုတိယနေ့ပြီးသွားခဲ့သည်။
ညနေမှာ ရှန်းယုဟန် ရေချိုးနေစဥ် သူ့တံတောင်ဆစ် နီရဲနေတာကို သိလိုက်ရပေမယ့် သူ့ခင်ပွန်းကို စိတ်မပူစေချင်တာကြောင့် အောက်ထပ်သွားပြီး ဆေးမလိမ်းခင် ရှန်ချီဟွမ်း ရေချိုးမယ့်အချိန်ကို စောင့်နေခဲ့သည်။
ရှန်ချီဟွမ်းက သူ့ကို မေးစရာရှိနေတာကြောင့် ရေချိုးမယ့်အစား သူ့အနောက်လိုက်လာလေ၏။
“မင်းဘာရှာနေတာလဲ?” ဆေးသေတ္တာဘူးရှေ့မှာ ဆောင့်ကြောင့်ထိုင်နေသော သူ့ကိုမြင်တော့ ရှန်ချီဟွမ်းက ချက်ချင်းအဖြေရှာခဲ့သည်။ “ဒီနေ့ဘာကိုတိုက်မိခဲ့တာလဲ?”
အဖမ်းခံလိုက်ရသောရှန်းယုဟန်က သူ့ကိုပြန်ကြည့်ကာ တံတောင်ဆစ်ကိုပြလိုက်လေ၏။ “အရေပြား နည်းနည်းစုတ်သွားလို့”
ရှန်ချီဟွမ်းက သူ့ကိုဆွဲထူကာ သူ့တံတောင်ဆစ်ကို ဂရုတစိုက်ကြည့်လိုက်သည်။ “အရေပြားနည်းနည်းစုတ်နေတယ်။ ဆိုဖာပေါ်မှာသွားထိုင်နေ၊ ပိုးသတ်ဆေးသွားယူလိုက်မယ်။ မင်းက တကယ်ကိုပဲ ငါ့ကို စိတ်ပူအောင်အမြဲလုပ်တယ်။”
ရှန်းယုဟန်က သူစကားပြောပြီးပြီးခြင်းမှာ ဆိုဖာပေါ်သွားထိုင်သည်။ သူက မတ်မတ်ထိုင်ပြီး ပြန်ပြောလိုက်သည်။ “ကျွန်တော်လည်း ခင်ဗျားကို စိတ်ပူအောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။”
“ငါသိပါတယ်” ရှန်ချီဟွမ်းက သူ့ကိုအိမ်မှာပဲ ထားလို့မရနိုင်တာကြောင့် ဆေးသေတ္တာဘူးကိုကိုင်ကာ သူ့ဘေးမှာထိုင်လိုက်သည်။ “လက်ဆန့်လိုက်၊ ငါကြည့်ဦးမယ်”
ရှန်းယုဟန်က သူ့အင်္ကျီကို အပေါ်ဆွဲတင်ပြီး ဒဏ်ရာကိုပြလိုက်သည်။
“ဘယ်လိုတောင်ဖြစ်ခဲ့တာလဲ၊ နာနေလား?” ရှန်ချီဟွမ်း၏လက်ချောင်းများက ဒဏ်ရာတစ်ဝိုက်ကိုထိနေပြီး သူက ဆေးတောင်မထည့်ရဲပေ။
ရှန်းယုဟန်က ခေါင်းခါသည်။ “အရမ်းမနာပါဘူး။ သွေးလည်းမထွက်ဘူး။ ရုပ်ဆိုးနေပေမယ့် သိပ်မနာဘူး။”
ရှန်ချီဟွမ်းသည် ငယ်ငယ်ကချော်ကျလို့ ဒဏ်ရာအမြဲရသော ရှန်ချီရှင်းကို ဆေးထည့်ပေးလေ့ရှိသည်။ သဘာဝကျစွာပင် သူက ရှန်းယုဟန်ကို ဆေးထည့်ပေးတာ ကျွမ်းကျင်နေသည်။ လက်ထပ်ပြီးကတည်းက သူ ရှန်းယုဟန်ကို ဆေးထည့်ပေးရတာများလာ၏။ လှုပ်ရှားမှုများက ညင်သာနေပြီး ရှန်းယုဟန်က နာကျင်မှုတစ်စိုးတစ်စိမျှ မခံစားခဲ့ရပေ။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ တင်းတင်းစေ့ထားသော ပါးစပ်ကိုကြည့်ပြီး လက်ဖြင့်ထိလိုက်သည်။ “ယောကျာ်း၊ သိပ်စိတ်မပူပါနဲ့၊ ဒဏ်ရာအသေးလေးပါ”
“ဒဏ်ရာအသေးလေးဆိုပေမယ့် မင်းဂရုမစိုက်ရင် ဒဏ်ရာရင်းသွားနိုင်တယ်။ ရာသီဥတုပိုပူလာလေ ဖောရောင်လာဖို့ လွယ်ကူလေပဲ” ရှန်ချီဟွမ်းက ဒေါသတကြီး မျက်လုံးလှန်ပြသည်။ “လူကို စိတ်မချမ်းသာအောင်လုပ်တယ်။”
ရှန်းယုဟန်က သူ့လည်ပင်းကိုဖက်တွယ်ကာ တည့်တိုးစိုက်ကြည့်၏။ “စိတ်မဆိုးပါနဲ့”
ရှန်ချီဟွမ်းက ဘာမှမလုပ်နိုင်ခဲ့ပေ။ ရှန်းယုဟန်က တအားချွဲနေတော့ တောက်ပသောမျက်ဝန်းက သူ့မျက်နှာပေါ်မှာ ရောင်ပြန်ဟပ်နေသည်။ သူက သူ့နဖူးကိုပုတ်ကာပြောလိုက်၏။ “ကောင်းပြီ၊ စိတ်မဆိုးတော့ဘူး။”
“ယောကျာ်း၊ ခင်ဗျားကအရမ်းကောင်းတာပဲ” ရှန်းယုဟန်က လေးလေးနက်နက်ပြောလိုက်သည်။ “ယောကျာ်း၊ အပေါ်ထပ်သယ်သွားပေးလို့ အဆင်ပြေမလား?”
“ခြေထောက်ကရောဘာဖြစ်? နာနေတာလား?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ဘောင်းဘီကိုလှန်တင်မလို့လုပ်၏။
“မဟုတ်ပါဘူး။ ကျွန်တော်ငယ်ငယ်ကအမှတ်တရတစ်ခုကို သတိရသွားလို့၊ ကျွန်တော် တစ်ခါတုန်းက ချော်လဲပြီး အငိုမရပ်တော့လို့ ကျွန်တော့်မိသားစုက ဘာလုပ်ရမှန်းမသိဖြစ်ပြီး ကျွန်တော့်အစ်ကိုကြီးက ကျွန်တော်အိပ်မပျော်ခင်အထိ ကျောပိုးပေးထားတာ။ ကျွန်တော်ကြီးလာတော့ သူက အဲ့ဒီအကြောင်းကို အမြဲပြောတော့တာပဲ။” ရှန်းယုဟန်က အတိတ်ကို မနေ့ကလိုပင် အောက်မေ့နေ၏။
ရှန်ချီဟွမ်းကပြုံးလိုက်သည်။ “မင်းက အသားနုတယ်လို့ သူပြောခဲ့မှာပဲ…. ဟုတ်တယ်မလား”
“အဲ့လိုမရှိပါဘူး။” ရှန်းယုဟန်က အပြုံးတစ်ခုဖြင့် ငြင်းဆိုသည်။
“ငါတော့အဲ့လိုထင်တယ်။” ရှန်ချီဟွမ်းက သူ့ကိုကျောပေးလိုက်သည်။ “တက်လိုက်၊ အပေါ်သယ်သွားပေးမယ်”
ရှန်းယုဟန်က သူ့ကျောပေါ်ကို မယဥ်ကျေးစွာပင် တက်လိုက်၏။ သူက ထိုအရာကို ရိုင်းစိုင်းတယ်လို့ ထင်မိသော်လည်း သူ့ခင်ပွန်းဖြစ်နေတာကြောင့် သိပ်ဂရုမစိုက်ပေ။ သူ့ခင်ပွန်း၏ ရက်ရောပေးသော နောက်ကျောက သူ့ကိုလုံခြုံမှုပေးခဲ့၏။
ရှန်ချီဟွမ်းက သူ့ကိုအပေါ်ထပ်ခေါ်သွားပြီး လမ်းလျှောက်နေရင်း ပြောလိုက်သည်။ “မင်းကြောက်နေတုန်းလား?”
ရှန်းယုဟန်က သူ့လည်ပင်းကို လက်မောင်းဖြင့်ဖက်ကာ ခေါင်းကို ကျောပေါ်တင်လိုက်သည်။ “နည်းနည်းပဲ၊ ဒါပေမယ့် ကျွန်တော့်ယောကျာ်းရှိနေလို့ မကြောက်တော့ဘူး။”
“ဒါဆို ငါက အသုံးဝင်သေးတာပဲ” ရှန်ချီဟွမ်းက ရယ်လိုက်ပြီး ရှန်းယုဟန်က ရယ်မောမှုကြောင့် သူ့ရင်ဘတ်ကြီး လှုပ်ခါနေတာကို ခံစားမိသည်။
“ယောကျာ်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးပဲ၊ ဘယ်လိုလို့အသုံးမဝင်နိုင်မှာလဲ” ရှန်းယုဟန်က သူ့ခင်ပွန်းကို ချီးကျူးရာမှာ အကွက်အကုန်ထုတ်သုံးသည်။
“ချိုမြိန်လိုက်တဲ့ပါးစပ်လေး” ရှန်ချီဟွမ်းက ချီးကျူးခံလိုက်ရလို့ စိတ်ရွှင်နေကော သူ့ကို လက်နှစ်ဖက်ဖြင့် အပေါ်ကူတင်ပေးပြီး အပေါ်ထပ်တက်နေသောနှုန်းက မြန်သွားသည်။ ယင်းမှာ အားဖြည့်အချိုရည် ဆယ်ပုလင်းသောက်ထားသလိုပင်။
ရှန်းယုဟန်က ရင်ထဲကပြောလိုက်သည်။ သူချီတိုင်းပြည်မှာရှိနေတုန်းက သူ့မိသားစုက နှုတ်ချိုပြီး သူ့ခင်ပွန်းကလည်း ဘုရားသခင် သူ့ကိုပေးခဲ့သော မိသားစုဝင်နောက်တစ်ဦးဖြစ်ပြီး အရမ်းကောင်းသည်။
–
တတိယနေ့မနက်မှာ ရှန်းယုဟန်က မနက်စာထပ်လုပ်ပေးခဲ့သည်။
ရှန်ချီဟွမ်းက ယနေ့မှာတော့ ရှန်ချီရှင်းကို ပရိုဂရမ်ရိုက်ဖို့ အဖော်ပြုပေးခဲ့တာကြောင့် ကုမ္ပဏီကြီးများကို စစ်ဆေးဖို့မသွားခဲ့ပေ။
ရှန်ချီရှင်းက မနက်စာစားပြီ ဗိုက်ပြည့်နေတာကြောင့် ဂိမ်းဆော့ပြီး အစာချေရန် ဆုံးဖြတ်လိုက်သည်။
ရှန်ချီဟွမ်းကတော့ ရှန်းယုဟန်ကို ပန်းကန်ကူဆေးပေးနေပြီး ရှန်ချီရှင်းကို ပရိုဂရမ်ရိုက်ကူးဖို့ အဖော်မလုပ်ပေးပေ။ သူက အိမ်မှာ သူ့ဇနီးနဲ့သာနေပြီး ရှန်ချီရှင်းက ဆင်ခြေဆင်လက်တစ်ခုသာဖြစ်၏။
မနေ့က မတော်တဆမှုက ရေပန်းစားနေသောသတင်းဖြစ်လာခဲ့ပြီး ကံကောင်းတာက ပရိုဂရမ်အဖွဲ့က ထိုအရာကို အချိန်ကိုက်ရိုက်ကူးခဲ့ပြီး တခြားသူများကို ထုတ်ဖော်ခွင့်မပေးခဲ့ပေ။ ရှန်ချီရှင်းနှင့် ရှန်းယုဟန်က အခင်းနေရာမှ အမြန်ထွက်လာတာကြောင့် ဖြတ်သွားဖြတ်လာများက သူတို့ကို မရိုက်ကူးနိုင်ခဲ့ပေ။
မနက်စာစားပြီးပြီးခြင်း ရှန်ချီဟွမ်းက ရှန်ချီယွမ်ထံမှ ဖုန်းခေါ်ဆိုမှုရရှိခဲ့ပြီး ကိစ္စက ယခုချိန်ထိ မပြီးသေးလို့ ရှန်ချီယွမ်က ငြိမ်ငြိမ်လေး ထိုင်မနေနိုင်ပေ။ ဖုန်းမချခင်မှာ ရှန်ချီရှင်းက မေးခွန်းအချို့မေးခဲ့သည်။
“ကျွန်တော် ရှန်ချီရှင်းကို ရှိုးတစ်ခုကူရိုက်ပေးနေတာ။ ခင်ဗျား ဒီညညစာလာစားချင်လား? တစ်မိသားစုလုံး အတူရှိနေနိုင်တာပေါ့”
“ကောင်းပြီ၊ ငါအခုအလုပ်မရှုပ်ဘူး။ ရှန်ချီပင်းကို ခေါ်လိုက်မယ်။ သူမရော အဖေရော ဒီမှာရှိတယ်။”
“အော်” ရှန်ချီဟွမ်းက သူ့အမေအကြောင်းမမေးပဲ သူမက သူ့ကိုမတွေ့ချင်ဘူးလို့ ယူဆလိုက်သည်။
ရှန်ထျန်းဖုန်း၏အသံက တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာသည်။ “ယုဟန် ဒီညချက်မှာလား?”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဟုတ်တယ်”
ရှန်ထျန်းဖုန်းက ပြောလာသည်။ “ဒါဆို ငါ့ကိုလည်းခေါ်ပါ။”
ရှန်ချီယွမ်: “ယုဟန်ချက်တာ အတော်လေးကောင်းတယ်လို့ ငါကြားခဲ့တယ်။ ငါတို့အခုထိမမြည်းရသေးဘူး”
ရှန်ထျန်းဖုန်းက ဂုဏ်ယူသလိုပြောလိုက်သည်။ “ငါစားဖူးတယ်။ စွပ်ပြုတ်က ကောင်းမှကောင်း”
ရှန်ချီပင်း: “ငါလည်းစားမယ်။ ငါဒီည ညစာစားဖို့အိမ်မပြန်တော့ဘူး”
ရှန်ချီဟွမ်း: “.....” မင်းတို့ဘာဖြစ်နေတာလဲ၊ သူတို့က ပရိုဂရမ်ရိုက်နေတာကို၊ ပုံမှန်ဆို သူတို့ကလည်း ဒါမျိုးတွေမပါဝင်ချင်ကြပါဘူး။ ဘာလို့ရုတ်တရက်တက်ကြွနေတာလဲ… “ကျွန်တော့်ဇနီးက စားပွဲအပြည့်ချက်ပြုတ်ပြီး ပင်ပန်းရတော့မှာလား?”
ရှန်ချီပင်း: “မင်းလည်း ရှိနေတာပဲ… လောင်စစ်ကိုလည်း ကူခိုင်းလိုက်၊ သူဂိမ်းကစားနေလောက်တယ်”
ဟုတ်ပါပြီ သူ့အစ်ကိုကြီးကို အပိုမေးခွန်းမေးမိတာ သူ့အမှားပါ…
ရှန်ချီဟွမ်းက သူ့အဖေနှင့် တခြားသူတွေ ညစာလာစားမယ့်အကြောင်း ရှန်းယုဟန်ကို ပြောပြလိုက်သည်။
အိမ်ကိုလာလည်တာ လူအနည်းငယ်သာရှိ၍ ထိုစကားကြားကြားခြင်း ရှန်းယုဟန်က လက်ခံလိုက်သည်။
ရှန်းယုဟန်က ရေခဲသေတ္တာဆီ ချက်ချင်းပြေးသွားလေ၏။ “အိမ်မှာ အစာပလာမလောက်ဘူး။ ကျွန်တော်တို့ သွားဝယ်ဖို့လိုတယ်။”
သူပြောပြီးပြီးခြင်းမှာ ရှန်ချီပင်းက ရှန်ချီဟွမ်းကို မက်ဆေ့ပို့လာပြီး သူမက သူ့မတ်လေးကို ပင်လယ်စာများပို့ခိုင်းခဲ့သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို မက်ဆေ့ပြလိုက်သည်။ “ပင်လယ်စာဝယ်ဖို့မလိုတော့ဘူး”
“ကောင်းတယ်၊ ဒါဆိုကျွန်တော်စာရင်းပြုစုပြီးမှ အပြင်ထွက်ရအောင်” ရှန်းယုဟန်က ဂရုတစိုက် ရေတွက်နေပြီး ညနေအတွက် ဟင်းလျာများကို သူ့စိတ်ထဲမှာ စီစဥ်ထားသည်။ “နှစ်ရက်လောက်ကြိုပြောရင် ကျွန်တော်က စွပ်ပြုတ်လက်ရာဟောင်းတချို့ကိုပါ ပြင်နိုင်ခဲ့မှာ။ အခုတော့နောက်ကျသွားပြီ”
ရှန်ချီဟွမ်းက သူ့ကို မပင်ပန်းစေချင်ပေ။ “လွယ်တာပဲပြင်ပါ”
ရှန်းယုဟန်က ထိုစကားကို အတည်ယူလိုက်သည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါက ယောက်ဖရဲ့ပရိုဂရမ်လေ၊ ကျွန်တော် သေချာပြင်ဆင်ရမှာပေါ့”
ရှန်ချီဟွမ်းက ပြုံးသာပြပြီး မေးလိုက်လေ၏ “မင်းလက်က နာနေသေးလား?”
ရှန်းယုဟန်က ခေါင်းခါသည်။ “သိပ်မနာတော့ဘူး”
ရှန်ချီဟွမ်းက အင်္ကျီလက်ကိုဆွဲတင်ကြည့်တော့ ဒဏ်ရာက မနီတော့ပေ။ “အပြင်မထွက်ခင် ဆေးလိမ်းပေးမယ်”
ရှန်းယုဟန်က ခေါင်းညိတ်သည်။ “ကောင်းပြီ”
ရှန်းယုဟန် စာရင်းပြုစုပြီးနောက် ရှန်ချီဟွမ်းက သူ့ကိုဆေးလိမ်းပေးပြီး ရှန်ချီရှင်းကိုပါ ဟင်းသီးဟင်းရွက်စျေးသို့ ဆွဲခေါ်လာခဲ့သည်။
ရှန်ချီရှင်းက ရေရွတ်သည်။ “ကုန်စုံဆိုင်သွားတာ ကျွန်တော့်ကိုဘာလို့ခေါ်လာတာလဲ?”
ရှန်ချီဟွမ်းက သူ့ကို သူ့အမေဗိုက်ထဲ ကန်ထည့်နိုင်ဖို့ ဆုတောင်းနေသည်။ “ရှိုးရိုက်ကူးနေတာ မင်းလား ငါတို့လား? ဟမ်”
ရှန်ချီရှင်းက ဂိမ်းကစားနေသော စိတ်အခြေအနေမှ လက်တွေ့ဘဝကို ချက်ချင်းပြန်ရောက်လာသည်။ “ကျွန်တော်. ကျွန်တော်… ကျွန်တော်ပဲ! မှားသွားပါတယ်…. တတိယအစ်ကို မျက်နှာထားလေးပြန်ပြောင်းပေးပါလား?”
ရှန်ချီဟွမ်းက သူ့ကို အေးစက်စက်ကြည့်သည်။ “မပြောင်းနိုင်ဘူး” သူက ကားသော့ကိုယူလိုက်သည်။
ရှန်ချီရှင်းက ကားသော့မြင်မြင်ခြင်း တတွတ်တွတ် ငိုကြွေးတော့သည်။ “မရီး၊ ကျွန်တော်နဲ့အပြင်သွားတော့ လမ်းလျှောက်ပြီး…အစ်ကိုနဲ့ကျတော့ ဘာလို့ကားစီးတာလဲ!”
ရှန်းယုဟန်က အကျိုးအကြောင်းရှင်းပြ၏။ “အဲ့ဒါက အဝေးကြီးလျှောက်ရလို့ပါ၊ သူက ပုံမှန်ဆို အလုပ်ကြိုးစားရလို့ လမ်းလျှောက်ရမှာပင်ပန်းတယ်လေ”
ရှန်ချီဟွမ်းက သူ့ဇနီးလေးကို ထောက်ခံသည်။ “အင်း၊ ငါအလုပ်ကြိုးစားရလို့”
ရှန်ချီရှင်းက သူ့နှုတ်ခမ်းကိုကိုက်ကာ နောက်ခုံမှာလဲကျသွားသည်။ သူ့မရီးကလည်း လိုတစ်မျိုး မလိုတစ်မျိုး စံနှုန်းနှစ်မျိုးနဲ့လူစားပဲ!
ဟင်းသီးဟင်းရွက်စျေးကိုရောက်တော့ သူ့မရီးက စံနှစ်မျိုးပိုဆန်မှန်းသိခဲ့ရသည်။ သူ့ကို လုံးဝလျစ်လျူရှုထားကာ သူ့တတိယအစ်ကိုကိုပဲ ကြည့်နေသည်။
“ယောကျာ်း… ကြက်ဟင်းခါးသီးစားမလားး?.
“ယောကျာ်း..ဒီမှိုကလည်း ကောင်းမယ့်ပုံပဲ”
“ယောကျာ်း.. ခင်ဗျားသခွားသီးသုပ်ကြိုက်တယ်မလား၊ နေ့လည်သုပ်ပေးမယ်။ ခေါက်ဆွဲလည်း ပြုတ်ရအောင်”
ရှန်ချီဟွမ်းက လုပ်ငန်းစဥ်တစ်လျှောက် ခေါင်းသာညိတ်ပြီး သူ့ဇနီးကို ထောက်ခံအားပေးနေသည်။ သူနဲ့သူ့ဇနီး ဦးဆောင်ဝယ်ပြီးတော့ ရှန်ချီရှင်းကို အထုတ်သယ်ခိုင်းလိုက်သည်။
ရှန်ချီရှင်းက ကင်မရာဘက်လှည့်ကာ တိုးတိုးလေး ညည်းတွားလိုက်သည်။ “ငါက ခေတ်ဟောင်းအစေခံနဲ့တူလို့လား? ဒီနှစ်ယောက်က ငါ့သခင်နဲ့သခင်မလား?”
ဟင်းသီးဟင်းရွက်စျေးကိုသွားပြီးနောက် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က အိမ်ပြန်ဖို့လုပ်သည်။
ကားထွက်ပြီးနောက် ရှန်းယုဟန်က တစ်ခုခုကျန်ခဲ့တာကို ရုတ်ချည်းသတိရသွားသည်။ “ယောကျာ်း၊ တစ်ခုခုကျန်ခဲ့တယ်မထင်ဘူးလား?”
ရှန်ချီဟွမ်းက နောက်ခုံကိုကြည့်လိုက်သည်။ ရှန်ချီရှင်းဘယ်ရောက်သွားလဲ?