အခန်း (၉)
အပြိုင်စကြဝဠာတဲ့လား။
နေပါဦး.... အပြိုင်စကြဝဠာကြီးလား....
အထုတ်အပိုးများ သိမ်းဆည်းပြီးနောက် ခုတင်ပေါ်တွင် ခေတ္တအနားယူရန် ထိုင်လိုက်သော ရွှီဝမ်ဝမ်မှာ ရဲ့ကျင်မုန့်၏ ဖုန်းထဲမှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရချိန်တွင် နှလုံးခုန်သံများပင် မြန်ဆန်လာရသည်။ အတွေးတစ်ခုမှာ သူ(မ)၏ ဦးနှောက်ထဲသို့ လျှပ်စစ်စီးသကဲ့သို့ ချက်ချင်း ဖြတ်ပြေးသွား၏။
သူ(မ)သည် ပြန်လည်ဝင်စားလာခြင်း မဟုတ်ဘဲ အပြိုင်စကြဝဠာတစ်ခုထဲသို့ ရောက်ရှိလာခြင်းမျိုး ဖြစ်နေမလား။
အကယ်၍သာ ထိုသို့ဆိုလျှင် ယခုဘဝနှင့် ယခင်ဘဝကြားရှိ အနည်းငယ်သော ကွဲပြားမှုများကို အဖြေထုတ်ရလွယ်သွားပေလိမ့်မည်။
ဤအတွေးကြောင့် ရွှီဝမ်ဝမ်တစ်ယောက် လုံးဝကို ကြောင်အမ်းသွားရသည်။ သူ(မ)သည် မျက်နှာချင်းဆိုင်ခုတင်ပေါ်တွင် လဲလျောင်းနေသော ရဲ့ကျင်မုန့်ကို မော့ကြည့်ရင်း ထပ်မံ၍ ငေးမောနေမိပြန်သည်။
ယနေ့တွင် ရဲ့ကျင်မုန့်သည် အပြာနုရောင် လက်ရှည်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ဆံထုံးလေးထုံးကာ ချည်နှောင်ထားပြန်သည်။
'သူက ဆံပင်ထုံးရတာကို တကယ် သဘောကျတာပဲ။’
ရွှီဝမ်ဝမ် တွေးမိသည်။
‘သူ့ရဲ့ မျက်နှာဝိုင်းလေးနဲ့လည်း တကယ် လိုက်တယ်။’
ထိုစဉ်မှာပင် ရဲ့ကျင်မုန့်၏ ဖုန်းထဲတွင် အစာစားသည့် ဗီဒီယိုတစ်ခု ပေါ်လာသည်။ ဗီဒီယိုထဲမှ အစာစားသံများကြောင့် ရဲ့ကျင်မုန့်မှာ သွားရည်ကျနေသလို နှုတ်ခမ်းကို လျှာဖြင့် သပ်နေမိ၏။
ရွှီဝမ်ဝမ်၏ ရင်ထဲတွင် ယခင်ဘဝကတည်းက စုဆောင်းလာခဲ့သော နာကြည်းမှုများ ရှိနေသေးသော်လည်း နွေရာသီမှ ယခုအချိန်အထိ သူ(မ)၏ အကဲခတ်မှုများအရ လက်ရှိဘဝက ရဲ့ကျင်မုန့်မှာ သူ(မ)သိခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရဲ့ကျင်မုန့်နှင့် သိသိသာသာ ကွဲပြားနေကြောင်း ဝန်ခံရပေလိမ့်မည်။
သူ(မ)သည် အစားအသောက်ကို အလွန်နှစ်သက်သည့်ပုံပင်။ သူ(မ)၏ ခန္ဓာကိုယ်မှာလည်း ယခင်ဘဝကကဲ့သို့ ဝါးလုံးသဖွယ် မပိန်လှီနေဘဲ အချိုးအစားကျကျနှင့် ပြည့်ပြည့်ဖြိုးဖြိုး ရှိလှသည်။ ဝသည်ဟု မဆိုနိုင်သော်လည်း ကြည့်ရသူအတွက် စိတ်ချမ်းမြေ့စရာကောင်းသော ကိုယ်လုံးကိုယ်ပေါက်မျိုးပင်။
'တကယ်လို့ ဒါက အပြိုင်စကြဝဠာတစ်ခုသာဆိုရင် ရဲ့မိသားစုက ငါ့ရဲ့ ဆွေမျိုးတွေ ဖြစ်ပါ့ဦးမလား။
ရွှီဝမ်ဝမ်သည် ခေါင်းကို ငုံ့လိုက်ရင်း ရုတ်တရက် ရင်နာသလို ခံစားလိုက်ရသည်။
သူ(မ)၏ မွေးစားမိဘများသည် သူ(မ) အသက် (၁၃) နှစ်အရွယ်တွင် ကံဆိုးစွာဖြင့် ကွယ်လွန်ခဲ့ကြသည်။ သူတို့သည် အလုပ်လုပ်ရန် အပြင်သို့ ဆိုင်ကယ်ဖြင့် သွားကြစဉ် ချောက်ထဲသို့ မတော်တဆ ပြုတ်ကျသွားခဲ့ကြခြင်း ဖြစ်သည်။
ထိုမတိုင်ခင်က မွေးစားမိဘများသည် အပြင်တွင် အလုပ်လုပ်နေရသဖြင့် အိမ်သို့ သိပ်ပြီး ပြန်လာလေ့မရှိပေ။ သူ(မ)သည် ရွာထဲက အိမ်ပေါင်းစုံတွင်သာ စားသောက်ရင်း ကြီးပြင်းလာခဲ့ရသူပင်။
ကျောင်းလခအတွက် ငွေမှာလည်း မွေးစားမိဘများ အိမ်ပြန်လာသည့်အခါတိုင်း သူ(မ)အတွက် ရွာသူကြီးထံတွင် အပ်နှံထားခဲ့သော ငွေလေးများသာ ဖြစ်သည်။ သူ(မ)သည်လည်း တခြားကလေးများကဲ့သို့ မိဘများ၏ ရင်ခွင်ထဲတွင် ကလေးဆိုးလေးကဲ့သို့ ချွဲနွဲ့ချင်ခဲ့မိသည်။
ယခင်ဘဝတွင် သူ(မ)သည် နောက်ဆုံး၌ မိဘများနှင့် အစ်ကိုဖြစ်သူကို ရှာတွေ့ခဲ့သော်လည်း မိသားစု၏ နွေးထွေးမှုကို မခံစားရခင်မှာပင် ရဲ့ကျင်မုန့်ကြောင့် အရာအားလုံး ပျက်စီးသွားခဲ့ရသည်။
ဤဘဝတွင်ရော ဘာများ ဖြစ်လာဦးမည်နည်း။ ရွှီဝမ်ဝမ်တစ်ယောက် ဆက်၍ပင် မတွေးရဲတော့ပေ။
ရွှီဝမ်ဝမ်သည် ရဲ့ကျင်မုန့်ကို ထပ်မံ မော့ကြည့်မိသည်။ အကယ်၍ အရာအားလုံးက ကွဲပြားခြားနားနေသည်ဆိုလျှင် နောက်ဆုံး၌ ဖြစ်ပျက်ခဲ့သော ကြေကွဲဖွယ်ရာ အနှီဇာတ်သိမ်းကြီးကရော ထပ်ဖြစ်လာဦးမည်လား။
ရွှီဝမ်ဝမ်မှာ သူ(မ)ဘာသာ အတွေးမျိုးစုံဖြင့် မှန်းဆနေပြီးနောက် ခေါင်းပင် မူးနောက်လာရသည်။
'အာ ထားလိုက်ပါတော့။ ဆက်မတွေးတော့တာပဲ ကောင်းမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ဘုံက ငါ့ကို နောက်ထပ်ဘဝတစ်ခု ပေးခဲ့ပြီပဲ။ ဒါက အပြိုင်ကမ္ဘာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီဘဝကိုတော့ ကောင်းကောင်းမွန်မွန် ရှင်သန်ရမယ်။’
လက်ရှိတွင် အနာဂတ်က မည်သို့ ဖြစ်လာမည်ကို သူ(မ) ကြိုတင်မခန့်မှန်းနိုင်သေးသဖြင့် အချိန်တိုင်း သတိနှင့် နေထိုင်ခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။ ထို့ပြင် ရဲ့ကျင်မုန့်နှင့်လည်း အပေါ်ယံအားဖြင့် အဆင်ပြေသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားသင့်သည်။
သို့မှသာ အကယ်၍ ရဲ့ကျင်မုန့်သည် ယခင်ဘဝကကဲ့သို့ ဆိုးယုတ်လာခဲ့လျှင်ပင် သူ(မ)အနေဖြင့် ပိုမိုမြန်ဆန်သော ကိုင်တွယ်ဖြေရှင်းနည်းတစ်ခုကို ရှာဖွေနိုင်မည် မဟုတ်ပါလား။
ရဲ့ကျင်မုန့်မှာမူ သူ(မ)ကို စိုက်ကြည့်နေသော ရွှီဝမ်ဝမ်၏ အကြည့်များကြောင့် တစ်ကိုယ်လုံး ကြက်သီးများပင် ထလာရသည်။ သူ(မ)ဦးရေပြားပင် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။
သူ(မ)သည် ခုတင်ပေါ်တွင် ထိုင်လိုက်ရင်း လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။
(၁၁) နာရီ (၃၀) မိနစ်။
ကန်တင်းသို့ သွားပြီး နေ့လယ်စာစားရန် အချိန်တန်လေပြီ။
သူ(မ) အသက်ကို ပြင်းပြင်းရှူကာ သတ္တိမွေးလိုက်ပြီး ရွှီဝမ်ဝမ်ကို ယဉ်ကျေးပျူငှာစွာ မေးလိုက်သည်။
"ဟို နေ့လယ်စာစားဖို့ ကန်တင်းကို အတူတူ သွားကြမလား။"
"ကောင်းပြီလေ။"
ဟင်.... သူ(မ)က ဒီလိုမျိုး အလွယ်တကူ သဘောတူလိုက်တာလား။
“ငါ့နာမည်က ရွှီဝမ်ဝမ်ပါ။ ငါလည်း ဖက်ရှင်ဒီဇိုင်းမေဂျာကပဲ။”
“ဪ.... ကောင်းပြီလေ။ ငါက ရဲ့ကျင်မုန့်ပါ။”
“အင်း။”
ခေတ္တမျှ ထူးဆန်းနေမိသည်။
“အမ်၊ ဝမ်ဝမ် နင် ဘာစားချင်လဲ။ ကျောင်းမှာက ငါးကင်တို့၊ ကြက်သားပွဲကြီးတို့၊ ကြက်သားဆော့စ်နှပ်တို့၊ ဟော့ပေါ့အစပ်နဲ့ အကြော်မျိုးစုံရတယ်။”
“ငါက ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ အခုမှ ဒီကို ရောက်လာတာဆိုတော့ အဲဒီလိုဟာတွေနဲ့က မရင်းနှီးသေးဘူးလေ။ ဒါကြောင့် နင်ပဲ ငါ့ကို ခေါ်သွားပြီး နည်းနည်းလောက် မိတ်ဆက်ပေးလို့ရမလား၊ စီနီယာအစ်မ။”
ရွှီဝမ်ဝမ်က ယဲ့ကျင်မုန့် စကားပြော၍ မပြီးခင်တွင် မေးကြည့်လိုက်သည်။
ယဲ့ကျင်မုန့်သည် ရွှီဝမ်ဝမ်၏ ရုတ်တရက် သဘောထားပြောင်းလဲမှုကို တွေဝေနေမိသော်လည်း သူ(မ)က များများစားစား မတွေးတောနေပေ။ ထို့ကြောင့် လွယ်လင့်တကူ သဘောတူလိုက်တော့၏။
“ရတာပေါ့။ အဲဒါဆို နေ့လယ်စာကို ဒုတိယမြောက်ကန်တင်းက ကြက်သားဆော့နှပ် လိုက်ကျွေးမယ်လေ။ အဲဒါက ငါစားဖူးသမျှထဲမှာ အရသာရှိဆုံးပဲ။ ငါတို့ စားပြီးတော့မှ ကျောင်းကို တစ်ပတ်လိုက်ပြဦးမယ်။”
***
Aurora Novel Translation Team