no

Font
Theme

အခန်း (၁)

ဟိုင်မြို့တော်ရှိ ရဲ့မိသားစုအိမ်တော်။

"ဒေါက် ဒေါက် ဒေါက်။"

ဗီလာအိမ်ကြီးဒုတိယထပ်ရှိ အိပ်ခန်းကို လူတစ်ယောက်က တံခါးလာခေါက်သည်။ ထို့နောက်တွင်တော့ ယောက်ျားလေးတစ်ယောက်၏ နူးညံ့သိမ်မွေ့သော အသံက ပေါ်ထွက်လာ၏။

“မုန့်မုန့်... ထတော့လေ၊ မဟုတ်ရင် အလုပ်နောက်ကျလိမ့်မယ်။”

အိပ်ခန်းအတွင်း၌ တံခါးခေါက်သံကြောင့် နိုးလာသော ရဲ့ကျင်မုန့်သည် စောင်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း နူးညံ့လှသော မင်းသမီးလေးခုတင်ပေါ်တွင် တစ်ဖက်သို့ လှည့်လိုက်သည်။

အိပ်မောကျနေ၍ သူ(မ)၏ ပါးဖောင်းဖောင်းလေးမှာ အနည်းငယ် နီမြန်းနေပြီး မှိတ်ထားသော မျက်ဝန်းအစုံကလည်း တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ သူ(မ)က ပျင်းရိစွာဖြင့် ညည်းညူလိုက်ရာ နူးညံ့လှသော အသံလေးမှာ တံခါးအပြင်ဘက်ရှိ ရဲ့ကျင်ချန်၏ နားထဲသို့ တိုးညင်းစွာ ပျံ့လွင့်လာသည်။

“ဟင်း... အလုပ်မသွားချင်သေးဘူး။ နောက်ထပ် ခဏလောက် ထပ်အိပ်ပါရစေဦး။”

တံခါးအပြင်ဘက်တွင် ရဲ့ကျင်ချန်သည် သူ၏လက်ပတ်နာရီကို ကြည့်ကာ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်မိသည်။ ထို့နောက် အိပ်ခန်းတံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်လာကာ ခုတင်ပေါ်ရှိ ကောင်မလေးကို ပြောလိုက်သည်။

“မုန့်မုန့်... မင်း ကုမ္ပဏီမှာ အလုပ်သင်ဆင်းတာ တစ်ပတ်ပဲ ရှိသေးတာလေ။ ပိတ်ရက်ကုန်တာနဲ့ အလုပ်မသွားချင်တော့ဘူးလား။”

သို့သော်လည်း ရဲ့ကျင်မုန့်မှာ မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး ထိုစကားကို ကြားသည့်အခါ တစ်ဖက်သို့သာ လှည့်သွားကာ ဘာမှ ပြန်မပြောလာပေ။

အမှန်စင်စစ် သူ(မ)မှာ စာသင်နှစ်ကုန်ဆုံး၍ နွေရာသီကျောင်းပိတ်ရက်ရောက်ခါမှ အနားယူရခြင်း ဖြစ်သည်။ သို့သော်လည်း သူ(မ)၏ အစ်ကိုဖြစ်သူက ကုမ္ပဏီ၏ ဒီဇိုင်းဌာနတွင် အလုပ်သင်ဆင်းရန် အတင်းအကျပ် စီစဉ်ခဲ့သည်။

ကျွမ်းကျင်ဒီဇိုင်းပညာရှင်များ၏ လက်ရာကောင်းများကို လေ့လာနိုင်ရန်ဟု အကြောင်းပြသော်လည်း ရဲ့ကျင်မုန့်မှာတော့ စိတ်ထဲတွင် အတော်လေး စိတ်ပျက်နေမိသည်။

သူ၏ ညီမဖြစ်သူမှာ စောင်ပုံထဲတွင် လုံးထွေးနေသည်ကို မြင်သောအခါ ရဲ့ကျင်ချန်သည် သူ့နားထင်ကို လက်ဖြင့် ဖိနှိပ်လိုက်ပြီးနောက် သူ(မ)ကို ခုတင်ပေါ်မှ ဆွဲချကာ ရိုက်နှက်ချင်စိတ်ကို အောင့်အီးလိုက်ရသည်။ သူက အနည်းငယ် တင်းမာသော လေသံဖြင့် ပြောလိုက်၏။

“မုန့်မုန့်... မင်း အလုပ်လုပ်တာက တစ်ပတ်တောင် မခံနိုင်ဘူးလား”

ထို့နောက် သူ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

“အေးလေ... မထချင်လည်း မထနဲ့ပေါ့။ ဒေါ်လေးချန် ပြင်ထားတဲ့ ကဏန်းဥပေါက်စီတွေ၊ ဝက်သားနီချက်ပေါက်စီတွေ၊ ပုစွန်ကောက်ညှင်းထုပ်တွေ၊ ဝက်သားနဲ့ ဆေးဘဲဥဆန်ပြုတ်တွေကတော့ နှမြောစရာကြီးပဲ။”

သူ့စကား မဆုံးသေးမီမှာပင် စောင်ပုံထဲတွင် လုံးထွေးနေသော ရဲ့ကျင်မုန့်သည် ဝုန်းခနဲ ခုတင်ပေါ်မှ ခုန်ဆင်းကာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားတော့သည်။

“ငါးမိနစ်ပဲ စောင့်... အခုချက်ချင်း အဆင်သင့်ဖြစ်အောင် လုပ်လိုက်မယ်။”

ရဲ့ကျင်ချန်မှာ ဆွံ့အလျက် ကျန်ရစ်ခဲ့သည်။ အစားအသောက် အလွန်မက်သော သူ့ညီမလေးအတွက် ဤနည်းလမ်းမှာ အထိရောက်ဆုံးပင်။

သူ(မ) အလွန်အမင်း အလျင်လိုနေသော်လည်း အဆင်သင့်ဖြစ်ရန် ဆယ်မိနစ်ခန့် ကြာသွားသေးသည်။ အဖြူရောင်ဒီဇိုင်နာဂါဝန်လေးကို ဝတ်ဆင်ကာ ဆံပင်ကို အထုံးလေး ထုံးထားသော ရဲ့ကျင်မုန့်မှာ အလွန်ပင် ချစ်စရာကောင်းနေသည်။

သူ(မ)သည် အစ်ကိုဖြစ်သူ အေးအေးလူလူ နံနက်စာ စားနေသော ထမင်းစားခန်းထဲသို့ ရွှင်မြူးစွာ ခုန်ပေါက်ဝင်လာသည်။ ထို့နောက် ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်နှင့် ပုစွန်ကောက်ညှင်းထုပ်ကို ကောက်ယူကာ ပါးစပ်ထဲသို့ ထိုးထည့်လိုက်မိ၏။

“အင်း... အရမ်းစားလို့ ကောင်းတာပဲ။”

ရဲ့ကျင်ချန်က သူ(မ)ကို တစ်ချက်ကြည့်ကာ ပြောလာသည်။

“မင်းကတော့ တကယ့်ကိုပဲ... စားစရာမြင်တာနဲ့ သိက္ခာတွေအကုန် မြောင်းထဲပစ်လိုက်တော့တာပဲ။ တစ်နေ့ကျရင် တစ်ယောက်ယောက်က မင်းကို အစားအသောက်နဲ့ ဖြားယောင်းပြီး ဖမ်းသွားရင်တောင် မင်းကတော့ သူတို့အတွက် ပိုက်ဆံတွေ ကူရေပေးနေဦးမှာ။”

ထိုစကားကြောင့် ရဲ့ကျင်မုန့် နှုတ်ခမ်းစူလိုက်မိသည်။

အစားအသောက် မက်တာက သူ(မ)အပြစ်လား။ ကမ္ဘာပေါ်မှာ အရသာရှိတဲ့ အစားအစာတွေ အများကြီး ရှိနေတာက လူတွေ စားဖို့အတွက်ပဲ မဟုတ်ဘူးလား။

ထို့ကြောင့် ရဲ့ကျင်မုန့်သည် သူ(မ)အစ်ကို၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ပါးစပ်ထဲရှိ ကဏန်းဥပေါက်စီကို မျိုချကာ ဆန်ပြုတ်ကို အေးအေးဆေးဆေး သောက်ရင်း ပြန်လည် ညည်းညူလိုက်သည်။

“အစ်ကိုက ကုမ္ပဏီမှာ အတင်းအလုပ်သင်လုပ်ခိုင်းလို့လေ။ နွေရာသီကျောင်းပိတ်ရက် ရောက်တာတောင် အေးအေးဆေးဆေး မနားရသေးဘူး။”

ရဲ့ကျင်မုန့် မြိန်ရှက်စွာ စားနေသည်ကို ကြည့်ရင်း ရဲ့ကျင်ချန်၏ မျက်ဝန်းထဲတွင် အပြုံးရိပ်များ ထင်ဟပ်လာသည်။

“ကျောင်းပြန်ဖွင့်ရင် မင်းက ဒုတိယနှစ် ရောက်တော့မှာ။ အခုကတည်းက လေ့လာထားတာက နောင်မှာ ဘာသာရပ်ဆိုင်ရာတွေအတွက် အထောက်အကူဖြစ်လိမ့်မယ်။”

ထို့နောက် သူသည် တူကို ချလိုက်ပြီး တစ်ရှူးဖြင့် နှုတ်ခမ်းထောင့်များကို သုတ်လိုက်သည်။ ပြီးမှ ကုလားထိုင်တွင် အေးအေးလူလူ မှီလိုက်ရင်း နှာခေါင်းကို အသာအယာ ပွတ်ကာ ချောင်းတစ်ချက် ဟန့်လိုက်၏။

“အဟမ်း... နောက်ပြီး မင်းက ဒီဇိုင်းပညာမှာ ပါရမီပါတဲ့သူပဲ။ တခြားသူတွေဆီက အတွေ့အကြုံရရုံတင် မဟုတ်ဘူး။ မင်းရဲ့ အိုင်ဒီယာတွေကလည်း ကျွမ်းကျင်ဒီဇိုင်းပညာရှင်တွေအတွက် စိတ်ကူးသစ်တွေရစေမှာ။”

ရုတ်တရက် ချီးကျူးခံလိုက်ရသဖြင့် ရဲ့ကျင်မုန့်၏ ပါးဖောင်းဖောင်းလေးမှာ အနည်းငယ် နီမြန်းသွားပြီး ပို၍ ချစ်စရာကောင်းသွားသည်။

“အစ်ကို... ငါ့ကို မြှောက်မနေနဲ့။ ငါ မယုံဘူးနော်။”

“ကုမ္ပဏီက ထမင်းစားဆောင်မှာ ဟင်းပွဲအသစ်တွေ ထပ်တိုးဖို့ စီစဉ်နေတယ်လို့ ကြားတယ်...”

“အစ်ကို... စိတ်မပူပါနဲ့၊ ငါ တကယ် ကြိုးစားပြီး အလုပ်လုပ်ပါ့မယ်”

...

တစ်ချိန်တည်းမှာပင်။

လင်းယွင်မြို့၊ ရွှီမိသားစုကျေးရွာရှိ စတုရန်းမီတာ ၂၀ ခန့်သာရှိသော စုတ်ချာလှသည့် အခန်းလေးတစ်ခုအတွင်းတွင် ကောင်မလေးတစ်ဦးသည် သစ်သားခုတင်ပေါ်၌ လဲလျောင်းနေ၏။ သူ(မ)မှာ အသက် ၁၇ ၊ ၁၈ နှစ်ခန့်သာ ရှိသေးပုံရပြီး နဖူးတွင်လည်း ချွေးစက်များ ထွက်နေသည်။ သူ(မ)သည် မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကြုတ်ထားရာ အိပ်မက်ဆိုးတစ်ခု မက်နေပုံရသည်။

ခုတင်နှင့် မျက်နှာချင်းဆိုင် ပြတင်းပေါက်အောက်ရှိ စားပွဲလေးပေါ်တွင် စာအုပ်များကို စနစ်တကျ စီထား၏။ ကြွက်မည်းကြီးတစ်ကောင်သည် စားပွဲပေါ်တွင် ဝပ်နေပြီး စားစရာတစ်ခုခုကို ရှာဖွေနေပုံရသည်။

"ဂလွမ်" ခနဲ အသံနှင့်အတူ ထိုကြွက်သည် စားပွဲပေါ်ရှိ ခွက်အလွတ်ကို တိုက်မိကာ လန့်ဖျပ်၍ ပြေးလွှားသွားတော့သည်။

ခုတင်ပေါ်တွင် အိပ်ပျော်နေသော မိန်းကလေးမှာလည်း ထိုအသံကြောင့် ရုတ်တရက် နိုးလာခဲ့လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment