အခန်း (၆)
ရဲ့ကျင်ချန်က လက်ထဲတွင် လင်ပန်းတစ်ချပ်ကို ကိုင်ကာ ရဲ့ကျင်မုန့်ထံ ရောက်လာပြီး သူ(မ)နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ရဲ့ကျင်မုန့်က ထူးထူးဆန်းဆန်း အစားအသောက်ကို အာရုံမစိုက်ဘဲ ဖုန်းဖြင့် တစ်ယောက်ယောက်ထံ စာပို့နေသည်ကိုသာ မြင်သောအခါတွင် ဖြစ်နိုင်ခြေက တစ်ခုတည်းသာ ရှိလေ၏။
“ရှစ်ရှူးနင်နဲ့ စာပို့နေတာပဲ ဖြစ်ရမယ်။”
ရဲ့ကျင်ချန်က အတည်ပြုသည့် လေသံမျိုးဖြင့် ဆိုလိုက်သည်။ အစ်ကိုဖြစ်သူကို မြင်လိုက်ရသောအခါတွင် ရဲ့ကျင်မုန့်က ပြုံးပြကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏။
“ဟုတ်တယ်၊ အစ်ကို။ စက်တင်ဘာကျရင် စစ်တပ်ကနေ ပြန်လာတော့မယ်လို့ ရှစ်ရှူးနင်က ပြောတယ်။”
ရဲ့ကျင်ချန်က ခဏစဉ်းစားလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
“အချိန်ကို တွက်ကြည့်လိုက်ရင် သူပြန်လာရမဲ့အချိန်ကျပြီပဲ။”
“ငါ့အတွက် လက်ဆောင်ပါတယ်လို့ ရှစ်ရှူးနင်က ပြောတယ်။”
ရဲ့ကျင်မုန့်က ဝမ်းသာအားရ ဆိုလိုက်၏။
“သူပြန်လာရင် တက္ကသိုလ်ပြန်တက်မယ်တဲ့လေ။ ဒီလိုဆိုရင် ငါတို့ နေ့တိုင်း အတူတူပျော်ပါးလို့ရပြီပေါ့။”
ရဲ့ကျင်မုန့်တစ်ယောက် အမှန်တကယ် ဝမ်းသာနေခြင်း ဖြစ်၏။
ရဲ့ကျင်မုန့်နှင့်အတူ ကြီးပြင်းလာသော အစ်ကိုကြီးတချို့က သူ(မ)ကို အတော်လေး ချစ်ကြသော်လည်း ရဲ့ကျင်ချန်က သူ(မ)ထက် ခြောက်နှစ်ကြီးပြီး အသက်အရွယ်ကွာဟချက် ရှိ၏။
ဟယ်ကျွင်းထင်နှင့် ရှစ်ရှူးနင်က အသက်တူတူဖြစ်ပြီး ဟယ်ကျွင်းထင်သည် အမြဲတမ်းဆိုသလိုပင် မပြုံးမရွှင်ဖြင့် ခပ်တည်တည်နေတတ်သောအမူအရာမျိုး ရှိသဖြင့် ရဲ့ကျင်မုန့် ကြောက်ရသည်။ ထို့ကြောင့် ရဲ့ကျင်မုန့်သည် အတက်ကြွဆုံးသော ရှစ်ရှူးနင်နောက်လိုက်ရသည်ကိုသာ အကြိုက်ဆုံးဖြစ်လေ၏။
ဟိုင်မြို့တော် ရှစ်လုပ်ငန်းစု၏ ဒုတိယသားအနေဖြင့် ရှစ်ရှူးနင်သည် အပြင်ပန်းတွင် အတော်လေး ပေါ့ပေါ့တန်တန်ရှိသလို ထင်ရသော်လည်း ညီမလေးရဲ့ကျင်မုန့်ကိုမူ အလွန်ဂရုစိုက်ပေးကာ သိမ်မွေ့ညင်သာလှ၏။
(၁၉)နှစ်အရွယ် ရှစ်ရှူးနင်က စစ်တပ်ထဲတွင် လုပ်အားပေးတာဝန်ထမ်းဆောင်ရန် သွားသောအခါ၌ အားလုံးက သူ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နှစ်ဆိုသောအချိန်ကာလက ကုန်ဆုံးသွားခဲ့ပြီး ယခုတော့ သူ ပြန်လာပေတော့မည်။
“ကောင်းပြီ၊ မြန်မြန်စား။ နေ့လယ်ကျ လုပ်စရာတွေရှိသေးတယ်။”
ညီမဖြစ်သူ၏ ဝမ်းသာနေသော အမူအရာလေးကို မြင်သောအခါတွင် ရဲ့ကျင်ချန်သည် သူ(မ)၏ခေါင်းလုံးလုံးကို ပွတ်ကာ နူးညံ့စွာ သတိပေးလိုက်မိသည်။
ဘေးစားပွဲတွင် ထိုင်နေသော အမျိုးသမီးဝန်ထမ်းက ထိုမြင်ကွင်းကို မြင်သောအခါ စိတ်ထဲတွင် အော်လိုက်မိ၏။
:‘အားးး သူဌေးလေးရဲ့ ခေါင်းပွတ်ပေးတာက ချစ်ဖို့ကောင်းလိုက်တာ။ သူ့ညီမလေးအဖြစ်ပဲ ကူးပြောင်းလိုက်ချင်တော့တယ်။’'
မီးဖိုချောင်အကူအဖြစ် လုပ်နေသော ရွှီဝမ်ဝမ်ပင်လျှင် ထိုမြင်ကွင်းကြောင့် ကြောင်ငေးနေမိသည်။
‘'သူဌေးလေးရဲ့,ရဲ့ ညီမလေးကို မနာလိုလိုက်တာ။ ငွေဇွန်းကိုက်မွေးလာပြီး လူတိုင်းက ချစ်ကြတယ်၊ ချစ်စရာလည်းကောင်းတယ်....ဟင်း.... ဒါမျိုးကတော့ ငါ အိပ်မက်ပဲမက်လို့ရတယ်။"
ရွှီဝမ်ဝမ်ဘေးမှ ကောင်မလေးက အားကျသည့်လေသံဖြင့် ပြောလိုက်၏။
သို့သော်လည်း ရွှီဝမ်ဝမ်တစ်ယောက်ကမူ စိတ်ခံစားချက်များ ရှုပ်ထွေးလို့နေသည်။
သူ(မ)၏အတိတ်ဘဝတွင် မာနကြီးပြီး ရိုင်းစိုင်းသော ရဲ့ကျင်မုန့်ကို စည်းကမ်းမလိုက်နာသည့်အတွက် ရဲ့မိသားစုက မကြိုက်ကြပေ။
လူများက သူ(မ)ကို မျက်နှာသာပေးနေရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ရဲ့ကျင်မုန့်သည် ရဲ့လုပ်ငန်းစု၏ ရှယ်ယာတစ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ တစ်ရာခိုင်နှုန်းဟု ဆိုသော်ငြားလည်း ရဲ့လုပ်ငန်းစု၏ နှစ်စဉ်အမြတ်ဝေစုအရဆိုလျှင် လူအများစု၏ တစ်သက်လုံးရသည့်ဝင်ငွေထက်ပင် ပိုများနေသေးသည်။
သို့သော်လည်း ယခုဘဝတွင် ရဲ့ကျင်ချန်၏ ရဲ့ကျင်မုန့်အပေါ်ထားသော စိတ်သဘောထားသည် သူ(မ)ကို အတော်လေး မြတ်နိုးချစ်ခင်နေသည်မှာ သိသာလှ၏။ ဘာကြောင့် ထိုသို့ ဖြစ်ရသနည်း။
ပြန်လည်မွေးဖွားလာတာရဲ့ အကျိုးသက်ရောက်မှုများလား။ မဟုတ်ရင် အခုအထိ အချိန်မကျသေးလို့လား။
ယခုလောလောဆယ်တော့ ရွှီဝမ်ဝမ် အဖြေရှာမရပေ။
ထိုသို့ ဖြစ်နေသဖြင့် သူ(မ)သည် အချိန်အတိုင်းအတာတစ်ခုအထိ တောင့်ထားရပေဦးမည်။ လက်ရှိရဲ့ကျင်မုန့်က သူ(မ)ကို ဆန့်ကျင်ခြင်းမျိုး မရှိသောကြောင့် သူ(မ)သည်လည်း ပြန်တုံ့ပြန်စရာအကြောင်းမရှိပေ။
အထူးသဖြင့် ရဲ့မိသားစုကို သူ(မ)ဘက်က စပြီး မရှာနိုင်ပေ။ ထိုသို့သာဆိုလျှင် မိမိကို ရူးသွားပြီဟု ထင်ကြလိမ့်မည်ဖြစ်၍ မတန်ပေ။
ထို့ကြောင့် အရာအားလုံးကို ခေတ္တမျှ ဘေးဖယ်ထားပြီး ငွေရှာရန်သာ အားထုတ်ကာ ကိစ္စအားလုံးကို ကျောင်းဖွင့်မှ ရှင်းတော့မည်ဟု ရွှီဝမ်ဝမ် ဆုံးဖြတ်လိုက်သည်။
ကုမ္ပဏီက ပရောဂျက်ကြီးတစ်ခုကို အဆုံးသတ်ပြီးပြီ ဖြစ်သောကြောင့် ရဲ့ကျင်မုန့်လည်း စပြီး အလုပ်ကြိုးစားနေလေပြီ။ ဒီဇိုင်းဌာနတစ်ခုလုံးက နေ့မအားညမအား အလုပ်များနေပြီး စိတ်ကျေနပ်စေလောက်သည့် ဒီဇိုင်းပုံများဆွဲနိုင်အောင် ကြိုးစားအားထုတ်နေကြရသည်။
ယခင်က ရဲ့ကျင်ချန် ပြောခဲ့သကဲ့သို့ပင် ရဲ့ကျင်မုန့်သည် ဖက်ရှင်ဒီဇိုင်းတွင် အတော်လေး ထူးခြားသည့် ပါရမီမျိုး ပါ၏။ သူ(မ)သည် ယခုတွင် ကုမ္ပဏီ၌ လက်ထောက်ဒီဇိုင်နာတစ်ယောက်သာ ဖြစ်သော်လည်း ဒီဇိုင်းများတွင် သူ(မ)၏ ထူးခြားလှသော ကိုယ်ပိုင်အမြင်နှင့် ရှုထောင့်တို့ကို ပေါင်းစပ်ထည့်သွင်းနိုင်သည်။
အစက ဒီဇိုင်နာများသည် ထိုမိန်းကလေးမှာ ဟန်ရေးပြပြီး မိမိဘာသာ ထင်ပေါ်အောင် လုပ်ချင်နေသည်ဟု တွေးကြသော်လည်း နောက်ပိုင်းတွင် ရဲ့ကျင်မုန့်၏အိုင်ဒီယာကို သုံးပြီး အထူးပြုဒီဇိုင်းထုတ်ထားသည့် အဝတ်အစားများက အမှန်ပင် မျက်စိအာရုံကို ဖမ်းစားနိုင်၏။
ရင့်ကျက်မှုနှင့် ဖြူစင်မှုတို့ ထိပ်တိုက်တွေ့ဆုံရာမှ ဖြစ်ပေါ်လာသော ဓာတုတုံ့ပြန်မှုမျိုးပင်။
သို့နှင့် ရဲ့ကျင်မုန့်နှင့် ရွှီဝမ်ဝမ်တို့၏ နွေရာသီအားလပ်ရက်ကာလမှာ ပြီးဆုံးသွားပြီး ကျောင်းဖွင့်မည့် စာသင်နှစ်သို့ ရောက်ရှိလာခဲ့လေသည်။
***
Aurora Novel Translation Team