အခန်း (၈)
ရဲ့ကျင်မုန့်သည် ရွှီဝမ်ဝမ်ကို မြင်သည်နှင့် ခုတင်ပေါ်မှ ဝုန်းခနဲ ထရပ်ကာ နွေးထွေးပျူငှာစွာ နှုတ်ဆက်လိုက်တော့သည်။
"တိုက်ဆိုင်လိုက်တာ၊ နင်လည်း ဟိုင်ချန်တက္ကသိုလ်ကမှန်း မသိခဲ့ဘူး။"
သူ(မ)က ဘေးနားက အလွတ်ဖြစ်နေသော ခုတင်ကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
"အဲဒါ နင့်ခုတင်ပဲ၊ ကူပြီး ရှင်းပေးရမလား။”
ရွှီဝမ်ဝမ်ကမူ သတိပြန်ဝင်လာပြီး အလွန်ရင်းနှီးနေသော ဤမျက်နှာကို စိုက်ကြည့်နေမိသည်။ ယခင်ဘဝကကဲ့သို့ ရိုင်းစိုင်းစော်ကားသည့် အသွင်မျိုး မရှိသေးသော်လည်း သူ(မ)၏ ရင်ထဲတွင်မူ မုန်းတီးရွံရှာစိတ်များမှာ မထိန်းချုပ်နိုင်အောင် ပေါ်ပေါက်လာခဲ့သည်။ သူ(မ)၏ မျက်ဝန်းများတွင်လည်း အေးစက်စက် အကြည့်များ ဖြတ်ပြေးသွား၏။
ရွှီဝမ်ဝမ်သည် သူ(မ)အနားသို့ တိုးလာသော ရဲ့ကျင်မုန့်ကို ကိုယ်စောင်းကာ ရှောင်ဖယ်လိုက်ပြီး အေးစက်ပြတ်သားသော အသံဖြင့် ဆိုလိုက်သည်။
“မလိုပါဘူး၊ ဘယ်လိုလုပ်ပြီး မိန်းကလေးရဲ့လိုလူမျိုးကို ငါ့အတွက်နဲ့ အောက်ကျနောက်ကျခံပြီး သန့်ရှင်းရေးလုပ်ခိုင်းဖို့ ဒုက္ခပေးရမှာလဲ။”
ရဲ့ကျင်မုန့်မှာ အေးစက်လှသော ထိုလေသံကြောင့် မှင်တက်သွားရသည်။ ဤမျှ ချောမောလှပသော မိန်းကလေးမှာ နူးညံ့သိမ်မွေ့သော ရုပ်သွင်မျိုး ရှိသော်လည်း သူ(မ)၏ မျက်ဝန်းများက ဓားတစ်စင်းကဲ့သို့ စူးရှနေပြီး ပြောလိုက်သော စကားလုံးများမှာလည်း အလွန်တရာ ရက်စက်လှသည်။ သို့သော်လည်း ဤစကားလုံးများမှာ နည်းနည်လေး ရင်းနှီးနေသလိုပင်။
ခေတ္တမျှ စဉ်းစားပြီးနောက်တွင် ရဲ့ကျင်မုန့်သည် လွန်ခဲ့သော ရက်အနည်းငယ်က သူ(မ)ဖတ်ခဲ့သော အွန်လိုင်းဝတ္ထုထဲမှ စာသားတချို့ကို ရုတ်တရက် သတိရသွားသည်။
ထိုဝတ္ထုထဲတွင် ဇာတ်လိုက်မင်းသမီးမှာ လူတိုင်း၏ အချစ်ကို ခံယူထားရသော မင်းသမီးလေးတစ်ပါး ဖြစ်သည်။ သူ(မ)သည် စိတ်ထားကောင်းပြီး ရိုးအ,လွန်းသဖြင့် သူငယ်ချင်းများများရရန်အတွက် သာမန်ကျောင်းသားများတက်သည့် ကျောင်းသို့ ပြောင်းရွှေ့လာကာ အတန်းဖော်များကို အမြဲကူညီလေ့ရှိသည်။
သို့သော်လည်း ဆင်းရဲသော မိန်းကလေးတစ်ယောက်မှာမူ ထိုမင်းသမီးလေးအပေါ် အလွန်ပင် ရန်လိုခဲ့၏။ ထိုမိန်းကလေးနှစ်ယောက်လုံး လူသားများဖြစ်သော်လည်း တစ်ယောက်က ရွှေမင်းသမီးလေးဖြစ်ပြီး မိမိကမူ ဘာကြောင့် အစာပင်ဝအောင် မစားနိုင်သည့်သူမျိုး ဖြစ်နေရသနည်းဟု အမြဲတမ်း ခံစားခဲ့ရသည်။
ထို့ကြောင့် မင်းသမီးလေးက သူ(မ)ကို ကူညီရန် ကမ်းလှမ်းလိုက်တိုင်း ထိုမိန်းကလေးက သူ(မ)ကို အထင်သေး၍ လှောင်ပြောင်နေသည်ဟု ထင်မြင်ကာ "မင်းသမီးလေးအနေနဲ့ အောက်ကျနောက်ကျခံပြီး ကူညီပေးရအောင်အထိ ကျွန်မ ဒုက္ခမပေးချင်ပါဘူး" ဟု အေးစက်စွာ ပြောလေ့ရှိသည်။
နောက်ပိုင်းတွင်မူ ထိုမိန်းကလေးမှာ မနာလိုစိတ်ကြောင့် မင်းသမီးလေးကို ထီးနန်းပေါ်မှ ဆွဲချရန် အမျိုးမျိုး ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အပြင် သူ(မ)ကိုယ်တိုင်သာ ပြန်ဝဋ်လည်ခဲ့ရ၏။
'အင်း၊ ဒါဆိုရင် နွေရာသီမှာ အလုပ်လာလုပ်တဲ့ ဒီတစ်ယောက်ကလည်း ငွေကြေးအဆင်မပြေဖြစ်နေတာ သေချာပြီ။ ငါ့မှာက စီအီးအိုအစ်ကိုရှိနေတော့ ငါတို့နှစ်ယောက်လုံး လူသားချင်း အတူတူပဲကို ကံကြမ္မာတွေက ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲဆိုပြီး သူ(မ)က မနာလိုဖြစ်နေတာပဲ။ ငါ့ကို ဒုက္ခပေးမဲ့ ဗီလိန်မလေး ဖြစ်လာဖို့ ကြံစည်နေတာ ဖြစ်မယ်။’
ဤသို့ တွေးမိသည်နှင့် ရဲ့ကျင်မုန့်တစ်ယောက် အခြေအနေအရပ်ရပ်ကို သူ(မ)ဘာသာ သဘောပေါက်နားလည်သွားပြီဟု ခံစားလိုက်ရ၏။
ထိုသို့သာဆိုလျှင် အရည်အချင်းပြည့်မီသော စံပြလူငယ်တစ်ယောက် ဖြစ်လာစေရန်အတွက် ထိုမိန်းကလေးကို လမ်းမှန်ဆီ ပြန်ရောက်နိုင်အောင် ကူညီပေးရမည်။ ထိုမှသာ မိန်းမလှလေး ဗီလိန်ဖြစ်သွားခြင်းမှ တားဆီးနိုင်မည်သာ ဖြစ်၏။
ရွှီဝမ်ဝမ်တစ်ယောက်မှာတော့ ရဲ့ကျင်မုန့်က သူ(မ)ကို လမ်းပျောက်နေသော သိုးငယ်လေးတစ်ကောင်အလား ထင်မှတ်ကာ ကယ်တင်ရန်အတွက် အားအင်တက်ကြွနေသည်ကို လုံးဝ မသိရှာပေ။ သူ(မ)သည် သူ(မ)၏ အထုတ်အပိုးများကိုသာ တည်ငြိမ်မြန်ဆန်စွာဖြင့် သေသေချာချာ သိမ်းဆည်းနေမိသည်။
မိမိကိုယ်ကိုယ် စိတ်ဓာတ်ခိုင်မာအောင် ပြင်ဆင်ပြီးနောက်တွင် ရဲ့ကျင်မုန့်သည် ရှေ့မှောက်ကလူကို စတင်၍ အကဲခတ်ချင်လာသည်။
ရန်သူကို အနိုင်ယူချင်လျှင် ရန်သူ့အကြောင်းကို အရင်ဆုံး သိအောင်လုပ်ရမည် မဟုတ်ပါလား။
"ဂျူနီယာညီမလေး... ညီမလေးက ဖက်ရှင်ဒီဇိုင်းဌာနကပဲလား။"
ရဲ့ကျင်မုန့်က လေသံအေးအေးလေးဖြင့် မေးလိုက်သည်။
‘ဂျူနီယာညီမလေး ဟုတ်လား။’
ဤစကားကို ကြားလိုက်ရသောအခါတွင် ရွှီဝမ်ဝမ်၏ လှုပ်ရှားမှုများမှာ ရုတ်တရက် ရပ်တန့်သွားရသည်။ ရဲ့ကျင်မုန့်မှာလည်း သူ(မ)နှင့် အတန်းတူ မဟုတ်ပါလား။
ရွှီဝမ်ဝမ်သည် နားမလည်နိုင်သော အမူအရာဖြင့် ရဲ့ကျင်မုန့်ကို လှည့်ကြည့်ကာ ပြန်မေးလိုက်သည်။
“နင်က ဒီနှစ်မှတက်မဲ့ ကျောင်းသားသစ် မဟုတ်ဘူးလား။”
“အိုး... မဟုတ်ဘူးလေ။ အစ်မက ဒုတိယနှစ်ပါ။ အစ်မလည်း ဖက်ရှင်ဒီဇိုင်းဌာနကပဲ။”
ရွှီဝမ်ဝမ်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ သူ(မ)ဘာသာ ခပ်တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"သူ(မ)က ဘယ်လိုဖြစ်ပြီး ဒုတိယနှစ် ဖြစ်နေရတာလဲ။”
နားပါးလှသော ရဲ့ကျင်မုန့်က ထိုခပ်တိုးတိုးလေးရေရွတ်သံကို မလွတ်သွားခဲ့ဘဲ ချက်ချင်းပင် ရှင်းပြလိုက်တော့သည်။
"ဪ၊ ငါက မူလတန်းတုန်းက ပထမတန်းကို ကျော်တက်ခဲ့တာလေ။ အခု ငါ့အသက်က (၁၈) နှစ်ပဲ ရှိသေးပေမဲ့ ရွယ်တူတွေထက် တစ်တန်းပိုကြီးနေတာ။”
ရဲ့ကျင်မုန့်၏ စကားကို ကြားလိုက်ရသည့်အခါတွင် ရွှီဝမ်ဝမ်၏ ဦးနှောက်မှာ ပို၍ပင် ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။
ဒါ မဖြစ်နိုင်ဘူးလေ။
သူ(မ)၏ ယခင်ဘဝက အခြေအနေများနှင့် လုံးဝကို ကွဲပြားခြားနားနေပါတကား။ ယခင်က သူတို့နှစ်ဦးမှာ အတန်းဖော်များ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။
ရဲ့ကျင်မုန့်သည် ရွှီဝမ်ဝမ်ထံမှ တုံ့ပြန်မည့်စကားကို နေ့တစ်ဝက်လောက်ကြာအောင် စောင့်လိုက်ရသည်။ သူ(မ)ဘာသာ အရူးမလုပ်တော့ရန် ဆုံးဖြတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း စသည်ကသာ ပိုကောင်းမည်ဟု သဘောပေါက်သွား၏။ တစ်နေ့တွင်မူ ရန်သူဘက်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ပေလိမ့်မည်။
ထို့ကြောင့် သူ(မ) ခုတင်တွင် ပြန်ထိုင်လိုက်ပြီး ဗီဒီယိုအတိုအထွာများကိုသာ ကြည့်နေမိ၏။
"ယဉ်ကျေးမှုမရှိတဲ့ မင်္ဂလာဆောင်နောက်ပြောင်ကျီစယ်မှုတွေကို ဆန့်ကျင်ကြပါ။ မကြာသေးခင်ကပဲ သတို့သားတစ်ယောက်ဟာ မင်္ဂလာအခမ်းအနားအတွင်းမှာ သတိလစ်မေ့မြောသွားခဲ့ပါတယ်။ အကြောင်းရင်းကတော့ သတို့သားအရံဖြစ်သူက သူ့ကို မင်္ဂလာလက်ဆောင်အဖြစ် အားတိုးဆေးတစ်ဘူး ပေးခဲ့လို့ပါပဲ။”
"ရှောင်မေလို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ငယ်စဉ်ကတည်းက ဘဲလေးအကပညာကို သင်ယူခဲ့သူပါ။ ဒါပေမဲ့ သူ(မ)ဟာ ဒေသခံလူမိုက်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး....”
"ဒီနေ့တော့ အားလုံးကို ရေဘဝဲတစ်ကောင် ပြမယ်။ ဝါး.... ဗိုက်ထဲမှာ ဥလေးတွေအပြည့်ပဲ၊ အားလုံး စိတ်ဝင်စားတယ်ဆိုရင် Like လေးတွေ ပေးခဲ့ကြပါဦး။”
"အပြိုင်ကမ္ဘာတွေရှိတယ်ဆိုတာကို ခင်ဗျားတို့ ယုံကြည်ကြသလား။ ဒီစကြဝဠာကြီးထဲမှာ သင်နဲ့ တူတဲ့ တခြားလူတွေ မရေမတွက်နိုင်အောင် ရှိတယ်ဆိုတာကိုရော ယုံပါသလား။”
***
Aurora Novel Translation Team