အခန်း (၁၀)
တတိယထပ် ဒုတိယမြောက်စားသောက်ဆိုင်တွင် ဖြစ်၏။
ရဲ့ကျင်မုန့်က ရွှီဝမ်ဝမ်ကို ကြက်သားနှပ်ပေးသည့် အပေါက်လေးရှေ့သို့ ခေါ်သွားပြီး စားစရာမီနူးတချို့ ရွေးချယ်ပြီးနောက် စားပွဲအလွတ်တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြကာ မိမိတို့နံပါတ်ခေါ်လာမည်ကို စောင့်နေကြလေသည်။
သူတို့နှစ်ဦးကြားရှိ အခြေအနေက အနည်းငယ် ထူးဆန်းလို့နေသည်။
“မုန့်မုန့်.....”
ထိုအချိန်တွင် ဆွဲဆောင်မှုရှိသော အသံချိုချိုလေးက သူတို့နှစ်ဦးလုံး၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရွှီဝမ်ဝမ်တစ်ယောက် တောင့်တင်းသွားသည်ကို ရဲ့ကျင်မုန့် သတိမထားမိလိုက်ပေ။ သူ(မ)က ဘေးနားတွင် လာရပ်သောလူကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ထကာ သူ့ကို နှုတ်ဆက်လိုက်သည်။
“ထင်ကော၊ အတန်းဆင်းလာပြီလား။”
“အင်း။”
ဟယ်ကျွင်းထင်၏အသံက အေးစက်နေသော်လည်း သူ့မျက်နှာကမူ နူးညံ့လာခဲ့သည်။
ဟယ်ကျွင်းထင်က သူ၏လင်ပန်းကို ချ၍ ဝင်ထိုင်လိုက်သည်။
“ဟုတ်သားပဲ။ ကောကို မိတ်ဆက်ပေးရမယ်။”
ရဲ့ကျင်မုန့်က ရွှီဝမ်ဝမ်၏ဘေးသို့ လျှောက်သွားပြီး သူ(မ)၏လက်ကို ဆွဲယူလိုက်၏။
“ဒါက ညီမရဲ့ အခန်းဖော်အသစ်လေ။ ရွှီဝမ်ဝမ်လို့ ခေါ်တယ်။ မေဂျာတူဂျူနီယာလေးပေါ့။”
ထို့နောက်တွင် သူ(မ)က ရွှီဝမ်ဝမ်ကို မိတ်ဆက်ပေးလိုက်သည်။
“ဒါက ဟယ်ကျွင်းထင်။ သူက စီးပွားရေးကျောင်းကလေ၊ အခုဆိုရင် စီနီယာပေါ့။”
ထို့နောက် သူ(မ)က ရွှီဝမ်ဝမ်နားသို့ တိုးတိုးလေးကပ်ကာ ပြောလိုက်သည်။
“သူ မျက်နှာသေကြီးရဲ့ အရူးလုပ်တာကို မခံနဲ့နော်။ တကယ်တော့ သူက လူကောင်းတစ်ယောက်ပါ။”
ရဲ့ကျင်မုန့် မိတ်ဆက်ပေးပြီးနောက်တွင် အစက အတော်လေး ပျာယာခတ်နေသော ရွှီဝမ်ဝမ်၏အမူအရာမှာ တည်ငြိမ်သွားခဲ့လေပြီ။ သူ(မ)က ဟယ်ကျွင်းထင်ကို အသာခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်၏။
“တွေ့ရတာ ဝမ်းသာပါတယ်၊ စီနီယာ။”
ဟယ်ကျွင်းထင်ကလည်း အပြန်အလှန်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“နံပါတ် (၁၁) အပေါက်ဝမှာ အော်ဒါ လာယူလို့ရပါပြီ။”
“ဪ၊ ငါတို့ရဲ့ ကြက်သားနှပ် ရပြီပဲ။ နင်တို့ အရင်ထိုင်နှင့်ဦး။ ငါ သွားယူလိုက်ဦးမယ်။”
ထို့နောက် ရဲ့ကျင်မုန့်က အော်ဒါသွားယူလေ၏။
“အတူတူထိုင်စားရင် စိတ်မဆိုးဘူး မဟုတ်လား။”
ဟယ်ကျွင်းထင်က အသာအယာ မေးလိုက်သည်။
“အမ်၊ မဟုတ်တာ...ရပါတယ် ရပါတယ်။”
ရွှီဝမ်ဝမ်က အတန်ငယ် တုန်ယင်နေသော လေသံလေးဖြင့် ပြန်ဖြေလိုက်၏။
နှစ်ဦးသား တိတ်ဆိတ်စွာ မျက်နှာချင်းဆိုင်နေကြလေသည်။
ယခင်ဘဝက ရဲ့ကျင်မုန့်က ဟယ်ကျွင်းထင်ကို နှစ်ပေါင်းများစွာကြာအောင် တစ်ဖက်သတ် သဘောကျခဲ့ဖူးသည်။ သို့သော်လည်း ဟယ်ကျွင်းထင်က ရဲ့ကျင်မုန့်ကို အရိုင်းအစိုင်းတစ်ယောက်ဟု မြင်ကာ စကားတစ်ခွန်းကိုသာ ပြန်ပြောလေ့ရှိ၏။
“သွားစမ်း။”
ထိုသို့ဆိုလျှင်ပင် ရဲ့ကျင်မုန့်က မသေနိုင်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ ခေါင်းမာမာဖြင့် အခွင့်အရေးရတိုင်း ဟယ်ကျွင်းထင်၏ နားတွင် တွယ်ကပ်နေတတ်သည်။
ထိုစဉ်အခါက ရွှီဝမ်ဝမ်သည် ဟယ်ကျွင်းထင်နှင့် ကော်ဖီဆိုင်တစ်ခုတွင် စတင်ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။ ရွှီဝမ်ဝမ်သည် သူ(မ)၏ နေ့စဉ်လူနေမှုစရိတ်အတွက် ထိုကော်ဖီဆိုင်တွင် အချိန်ပိုင်းအလုပ် လုပ်နေခဲ့သည်။
ထိုအချိန်တုန်းက ရဲ့ကျင်မုန့်၏ ပစ်မှတ်ထားခြင်းကို မခံရသေးမီဖြစ်ရာ သူ(မ)၏ တစ်ကိုယ်လုံးတွင် ယုံကြည်မှုအပြည့်နှင့် တောက်ပရွှန်းလဲ့နေသော အရှိန်အဝါများ ရှိနေခဲ့သည်။ ထိုသို့သော ယုံကြည်မှုအပြည့်နှင့် တက်ကြွလန်းဆန်းနေသော မိန်းကလေးတစ်ဦး ဖြစ်နေခြင်းကြောင့်ပင် ဟယ်ကျွင်းထင်၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ထိုအချက်ကပင် ရွှီဝမ်ဝမ်အတွက် အိပ်မက်ဆိုးများ၏ အစ ဖြစ်ခဲ့၏။
ထိုအချိန်က ဟယ်ကျွင်းထင်သည် မိသားစုစီးပွားရေးလုပ်ငန်းကို အမြန်ဆုံး လွှဲပြောင်းရယူနိုင်ရန်အတွက် ဟယ်လုပ်ငန်းစုတွင် အလုပ်သင်အဖြစ် စတင်လုပ်ကိုင်နေပြီဖြစ်ရာ ကျောင်းဝင်းထဲသို့ ပြန်လာရန် အချိန်သိပ်မရခဲ့ပေ။ ထို့ကြောင့်ပင် ရဲ့ကျင်မုန့်သည် ရွှီဝမ်ဝမ်ကို ဗြောင်ကျကျ ဒုက္ခပေးနိုင်ခဲ့သည်။
ဟယ်ကျွင်းထင်သည် အချိန်ရသည့်အခါတိုင်း ရွှီဝမ်ဝမ်ထံသို့ လာရောက်လေ့ရှိပြီး သူ(မ)အတွက် ဒီဇိုင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် မုန့်ပဲသရေစာများကို ယူဆောင်လာပေးတတ်သည်။ သို့သော်လည်း ဟယ်ကျွင်းထင်က သူ(မ)အပေါ် ထားရှိသည့် ခံစားချက်များကို ဖွင့်ဟမပြောခင် အချိန်အထိ ရွှီဝမ်ဝမ်မှာ ဘာကိုမှ အလေးအနက်ထားပြီး မတွေးတောခဲ့မိချေ။
ထိုစဉ်က ရွှီဝမ်ဝမ်သည် ဤအမျိုးသားနှင့် ဝေးဝေးတွင် နေထိုင်ရန် အမှန်တကယ်ပင် ဆန္ဒရှိခဲ့သည်။ သို့မှသာ ထိုသို့သော ညှဉ်းပန်းနှိပ်စက်မှုများကို ခံရမည် မဟုတ်ဟု သူ(မ) ထင်ခဲ့မိသည်လေ။
သို့သော်လည်း နောက်ပိုင်းတွင် ရဲ့ကျင်မုန့်၏ နည်းပရိယာယ်များကို ဟယ်ကျွင်းထင် သိရှိသွားသောအခါတွင် ရွှီဝမ်ဝမ်ကို ကာကွယ်ရန်အတွက် ရဲ့ကျင်မုန့်ကို စတင်ပစ်မှတ်ထားလာခဲ့သည်။
သို့ရာတွင် ရဲ့မိသားစု၏ ဂုဏ်သိက္ခာကို ထောက်ထားသောကြောင့် သူသည် အစွန်းရောက်သည်အထိတော့ မလုပ်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ထိုအချိန်မှစ၍ ရဲ့ကျင်မုန့်တစ်ယောက် အချိန်အတန်ကြာသည်အထိ အတော်လေး ငြိမ်သက်သွားခဲ့သည်။
ထိုသို့ဖြင့် အချိန်ကြာမြင့်စွာ အပြန်အလှန် ဆက်ဆံလာခဲ့ကြရင်း ရွှီဝမ်ဝမ်၏ နှလုံးသားမှာလည်း တဖြည်းဖြည်း ယိမ်းယိုင်လာခဲ့ရသည်။ သို့တိုင် သူ(မ)၏ ခံစားချက်များကို မဖော်ပြနိုင်သေးခင်မှာပင် ဟယ်ကျွင်းထင်မှာ စီမံကိန်းတစ်ခုအတွက် ပြည်ပသို့ ထွက်ခွာသွားခဲ့ရ၏။
သူ(မ) ကွယ်လွန်သွားသည့်အချိန်အထိ သူ့ကို နောက်တစ်ကြိမ် ထပ်မံ မြင်တွေ့ခဲ့ရခြင်း မရှိတော့ပေ။
...............
“စားစရာ ရပါပြီ။”
မကြာခင်၌ပင် ရဲ့ကျင်မုန့်က ကြက်သားနှပ်ပန်းကန်ကြီးဖြင့် ပြန်ရောက်လာသည်။
“ဝမ်ဝမ်၊ မြန်မြန်မြည်းကြည့်။ အရမ်း စားလို့ကောင်းတယ်။”
သူ(မ)က ကြက်ခြေထောက်ကြီးတစ်ခုကို ကောက်ယူ၍ ရွှီဝမ်ဝမ်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။
“မုန့်မုန့်၊ မင်းက တခြားသူတွေကို ဒီလိုမျိုး ကျွေးမွေးပြုစုတတ်လိမ့်မယ်လို့ မထင်ထားဘူး။”
ဟယ်ကျွင်းထင်က ပြောလိုက်ပြီး သူ့မျက်ဝန်းထဲ၌ ရယ်ချင်စိတ်များဖြင့် ပြည့်နှက်နေ၏။
“ညီမလေးက ကိုယ့်ဂျူနီယာကိုယ် ဂရုစိုက်ပေးတာပါ။”
ရဲ့ကျင်မုန့်က နေရခက်စွာ ဖြေလိုက်သည်။
သူ(မ)က ဝမ်ဝမ် အမြင်ကြည်စေချင်သောကြောင့် လုပ်ပေးနေခြင်းသာ။ ထို့ကြောင့် နောင်တွင် ဝမ်ဝမ် ဗီလိန်ဖြစ်လာနိုင်ခြေက လျှော့ပါးသွားပြီး သူ(မ)၏ ကယ်ဆယ်ရေးအစီအစဉ်သည်လည်း အောင်မြင်သွားပေလိမ့်မည်။
ရဲ့ကျန်မုန့်ကတော့ များစွာ စွန့်လွှတ်အနစ်နာခံနေရပြီ ဖြစ်၏။
***
Aurora Novel Translation Team