အခန်း (၃)
"ဟတ်ချိုး..."
စာရွက်စာတမ်းများကို မိတ္တူကူးနေသော ရဲ့ကျင်မုန့်တစ်ယောက် ရုတ်တရက် နှာချေလိုက်မိသည်။
“အာ... ဘယ်သူကများ ငါ့အတင်းပြောနေတာပါလိမ့်။”
ရဲ့ကျင်မုန့်သည် သူ(မ)၏ နှာခေါင်းလုံးလုံးလေးကို ပွတ်သပ်ရင်း ပျော်ရွှင်စွာဖြင့် တစ်ယောက်တည်း ရေရွတ်လိုက်သည်။
“ဒီမနက် ငါ အလုပ်တွေ ကောင်းကောင်းလုပ်နိုင်လို့ အစ်ကိုက ချီးကျူးနေတာ နေမှာပါ။”
ထို့နောက် သူ(မ)သည် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်မိသည်။
“၁၁ နာရီတောင် ထိုးပြီပဲ၊ ထမင်းစားဖို့ တစ်နာရီ လိုသေးတယ်။ ငါ့အစ်ကိုက ငါ့ကို ဒီလောက် အားကိုးနေမှတော့ ငါလည်း ငါ့ကိုယ်ငါ ဆုချတဲ့အနေနဲ့ နေ့လယ်စာစားရင် ကြက်ပေါင်တစ်ခု ပိုစားရမယ်... ဟဲဟဲ။”
ထိုသို့ ပြောပြီးနောက် သူ(မ)သည် မိတ္တူကူးထားသော စာရွက်စာတမ်းများကို ကိုင်ကာ သူ(မ)၏ အလုပ်ခုံရှိရာသို့ ရွှင်မြူးစွာ ပြန်လျှောက်သွားတော့သည်။
အခြားတစ်ဖက်တွင်မူ ရွှီဝမ်ဝမ်သည် ခေါက်ဆွဲခြောက် ပြုတ်စားရင်း လက်စားချေမည့် အစီအစဉ်များကို ရေးဆွဲနေသည်။
ယခင်ဘဝကအတိုင်းပင် ဟိုင်မြို့တော် တက္ကသိုလ်က ရွှီဝမ်ဝမ်ကို ပညာသင်ဆုအဖြစ် ကျောင်းလခ လျှော့ပေါ့ပေးထားသဖြင့် သူ(မ)အနေဖြင့် နေထိုင်စရိတ်အတွက်သာ ပြင်ဆင်ရန် လိုအပ်သည်။
ရွှီဝမ်ဝမ်သည် မြို့နယ်ရှိ စူပါမားကတ်တစ်ခုတွင် ငွေကိုင်အဖြစ် အချိန်ပိုင်း အလုပ်လုပ်နေခြင်းဖြစ်ပြီး ယနေ့မှာ သူ(မ)၏ အားလပ်ရက် ဖြစ်၏။ ယခုအခါ သူ(မ)သည် ဤအလုပ်မှ ထွက်ပြီး ဟိုင်မြို့တော်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။
သူ(မ)၏ အတိတ်ဘဝမှ မှတ်ဉာဏ်များအရ ရဲ့မိသားစုပိုင်လုပ်ငန်းစုကြီးသည် နွေရာသီကျောင်းပိတ်ရက်တိုင်းတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုပြီးစ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများအတွက် အလုပ်အကိုင်များ ခေါ်ယူလေ့ရှိသည်။
တခြားနေရာများထက် လုပ်ခလစာ ပိုကောင်းသည့်အပြင် နေစရိတ်လည်း အခမဲ့ ပေးထားသေးသည်။
ရဲ့လုပ်ငန်းစုမှာ မြို့တိုင်းနီးပါးတွင် လုပ်ငန်းခွဲများနှင့် ဆိုင်ခွဲများ ရှိသောကြောင့် တစ်နိုင်ငံလုံးရှိ အခက်အခဲဖြစ်နေသော ကျောင်းသားများအတွက် နေထိုင်စရိတ်ရှာဖွေရန် အခွင့်အလမ်းပေးထားခြင်း ဖြစ်၏။
ရဲ့မိသားစုနှင့် စောစောစီးစီး ထိတွေ့နိုင်ရန်အတွက် ရွှီဝမ်ဝမ်သည် ဟိုင်မြို့တော်ရှိ ရဲ့လုပ်ငန်းစုရုံးချုပ်သို့ တိုက်ရိုက်သွားကာ နွေရာသီအလုပ်တစ်ခုရှာရန် စီစဉ်လိုက်သည်။ ဤနည်းလမ်းကသာ ရဲ့မိသားစုနှင့် နီးစပ်နိုင်မည့် တစ်ခုတည်းသော အခွင့်အလမ်းပင်။
ထိုသို့ တွေးတောရင်း ရွှီဝမ်ဝမ်သည် အိမ်တွင်ရှိသည့် တစ်ခုတည်းသော လျှပ်စစ်ဒယ်အိုးလေးကို ပိတ်လိုက်ပြီး ပြုတ်ထားသော ခေါက်ဆွဲများကို ပန်းကန်ထဲသို့ ခပ်ထည့်ကာ စတင်စားသောက်တော့သည်။
နေ့လယ်ခင်းတွင် ရွှီဝမ်ဝမ်သည် သူ(မ) အချိန်ပိုင်း အလုပ်လုပ်ရာ မြို့လေးရှိ စူပါမားကတ်သို့ ဘတ်စ်ကားဖြင့် သွားကာ စတိုးဆိုင်မန်နေဂျာကို အကြောင်းစုံ ရှင်းပြလိုက်သည်။
မန်နေဂျာမှာလည်း အကျိုးသင့်အကြောင်းသင့် နားလည်ပေးတတ်သူတစ်ယောက် ဖြစ်၏။ ရွှီဝမ်ဝမ်၏ မိသားစုအခြေအနေကို သိရှိထားသဖြင့် သူ(မ)ကို အခက်တွေ့အောင် မလုပ်ဘဲ လွန်ခဲ့သော လဝက်က လုပ်ခလစာများကို ဘဏ္ဍာရေးဌာနတွင် တွက်ချက်ကာ ချက်ချင်း ထုတ်ပေးခဲ့သည်။
မန်နေဂျာကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် ရွှီဝမ်ဝမ်လည်း ထွက်လာခဲ့သည်။
အိမ်သို့ ပြန်ရောက်သောအခါ သူ(မ)သည် ဦးစွာ မြို့ပေါ်ရှိ ဆိုင်များသို့ သွားကာ နေ့စဉ်သုံးပစ္စည်းအချို့ ဝယ်ယူလိုက်သည်။ ထို့နောက် ယခင်က ဘယ်သောအခါမျှ မဝယ်ရက်ခဲ့သော အဝတ်အစားနှင့် ဖိနပ်လှလှလေးတချို့ကိုလည်း အဝတ်အထည်ဆိုင်နှင့် ဖိနပ်ဆိုင်လေးများတွင် ဝယ်လိုက်၏။
သို့သော် ဤမြို့ပေါ်ရှိ ဆိုင်လေးများမှာ အလွန်ဈေးသက်သာသဖြင့် ဤပစ္စည်းများအားလုံးအတွက် ယွမ်ငွေ ၅၀၀ ကျော်သာ ကုန်ခဲ့သည်။ ထို့ပြင် သူ(မ)သည် အသုံးပြုရလွယ်ကူဆဲဖြစ်သည့် တစ်ပတ်ရစ် စမတ်ဖုန်းတစ်လုံးကိုလည်း ယွမ်ငွေ ၅၀၀ ကျော်ဖြင့် ဝယ်ယူလိုက်သေးသည်။
အိမ်ပြန်ရောက်သောအခါ သူ(မ)၏ ပစ္စည်းအားလုံးကို စုစည်းကာ အထုပ်အပိုးပြင်တော့သည်။ မနက်ဖြန်တွင် သူ(မ)သည် ရထားဘူတာသို့ သွားကာ ဟိုင်မြို့တော်သို့ သွားမည့် လက်မှတ်ကို ဝယ်ယူရပေမည်။
~~~
ရဲ့ကျင်မုန့်မှာ တစ်နေ့လုံး အလုပ်လုပ်ပြီးနောက် ကုမ္ပဏီတံခါးဝသို့ ထွက်လာရာ သူ(မ)အစ်ကိုဖြစ်သူ၏ ကားမှာ အဆင်သင့် စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။ ရဲ့ကျင်မုန့်က ဝမ်းသာအားရ ပြေးသွားကာ ကားပေါ်သို့ တက်လိုက်သော်လည်း ကားထဲတွင် သူ(မ)၏ အစ်ကိုကို မတွေ့ရဘဲ ဒရိုင်ဘာဖြစ်သူ ဦးလေးလီကိုသာ တွေ့လိုက်ရသည်။
မှန်ပါသည်၊ သူ(မ)၏ အစ်ကိုမှာ အာဏာရှင်ဆန်သော ဥက္ကဋ္ဌတစ်ဦး ဖြစ်လေရာ ကုမ္ပဏီတွင် အပျော်လုပ်နေသည့် သူ(မ)ထက် စောစီးစွာ ထွက်လာလိမ့်မည် မဟုတ်ပေ။
“မမလေး... ခဏလောက် စောင့်ပေးပါဦး၊ သခင်လေးရဲ့က အခု ဆင်းလာပါလိမ့်မယ်။”
ဦးလေးလီက ပြောလိုက်သည်။
“ဟုတ်ကဲ့... ဦးလေးလီ။”
ဆယ်မိနစ်ပင်မကြာမီ ရဲ့ကျင်ချန်သည် ကုမ္ပဏီတံခါးဝတွင် ပေါ်လာတော့သည်။ ကားပေါ်သို့ တက်လာပြီးနောက် ရဲ့ကျင်ချန်မှာ ဖုန်းကစားနေသော ရဲ့ကျင်မုန့်ကို ကြည့်ကာ မေးလိုက်၏။
“ဒီနေ့ အခြေအနေ ဘယ်လိုလဲ။”
“ဒီနေ့ကတော့ ရှယ်ပဲ၊ အထူးသဖြင့် ပြည်ကြီးငါးသုပ်က အရမ်းစားလို့ ကောင်းတာလေ။”
ရဲ့ကျင်မုန့်က တက်ကြွစွာ ပြောလိုက်သည်။
ရဲ့ကျင်ချန်မှာ ဒေါသထွက်ထွက်နှင့် ရယ်မိသွားပြီးနောက် ရဲ့ကျင်မုန့်၏ ခေါင်းကို ဒေါက်ခနဲ မြည်အောင် ခေါက်လိုက်သည်။
“ပြည်ကြီးငါးသုပ်က စားလို့ကောင်းတယ် ဟုတ်လား။ ဒါဆို အခု ခေါင်းကို ခေါက်လိုက်တဲ့ အရသာကရော ဘယ်လိုနေလဲ... ဟင်။”
ရဲ့ကျင်ချန်က သွားကြိတ်ကာ ပြောလိုက်သည်။
“ငါက အစားအသောက် ကောင်း၊ မကောင်း မေးနေတာလား။”
ရဲ့ကျင်မုန့်သည် နာကျင်သွားသော နေရာကို လက်ဖြင့် အုပ်ကာ အော်ဟစ်လိုက်မိသည်။ သူ(မ)သည် ရဲ့ကျင်ချန်ကို မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ကြည့်ကာ ဝမ်းနည်းမှုနှင့်အတူ ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်၏။
“အစ်ကို... အစ်ကိုက အရမ်းဆိုးတာပဲ။ သတိထားနော်... ငါ အဖေနဲ့ အမေကို တိုင်ပြောပစ်မှာ။ အဖေနဲ့ အမေ အားလပ်ရက်ခရီးက ပြန်လာရင် အစ်ကို့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ထားလိုက်... ဟွန်း။”
သူ(မ)က ပြောပြောဆိုဆိုနှင့် ဖုန်းကို ကောက်ကိုင်ကာ ဖုန်းဆက်တော့မည့်ပုံစံ လုပ်ပြလိုက်သည်။
ရဲ့ကျင်ချန်မှာ ဆွံ့အသွားရ၏။
အင်းလေ... မိသားစုလေးယောက်ရှိသည့်အနက် သူ၏ ညီမလေးမှာ အမြင့်ဆုံးအဆင့်တွင် ရှိနေပြီး သူကမူ အနိမ့်ဆုံးအဆင့်တွင်သာ ရှိလေရာ သူ(မ)ကို သူ မပြစ်မှားရဲပေ။
ရဲ့ကျင်ချန်သည် ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်ရ၏။
“ဦးလေးလီ... ဒီည ညစာစားဖို့ ယွီရှန့်ဆိုင်ကိုပဲ သွားကြရအောင်။”
“အိုး... အစ်ကိုရယ်၊ အစ်ကို့ကို ချစ်လိုက်တာ... အစ်ကိုက အကောင်းဆုံးပဲ... မွ။”
***
Aurora Novel Translation Team