အခန်း (၁၄)
ဆောင်းဦးလယ်ပွဲတော်၏ အားလပ်ရက် ပထမဆုံးနေ့တွင် ရွှီဝမ်ဝမ်သည် ကျောင်းထဲ၌သာ ပျင်းရိနေရသည်ကို မတောင့်ခံနိုင်တော့ပေ။ ထို့ကြောင့် နေ့လယ်စာစားပြီးနောက် ကျောင်းမှ ထွက်လာပြီး ကျောင်းနှင့် အနီးဆုံးဖြစ်သော ယွင်ဟိုင်ဈေးဝယ်စင်တာတွင် လျှောက်ပတ်ကြည့်ရန် ထွက်လာခဲ့၏။
ရွှီဝမ်ဝမ်က ဘာမှဝယ်ယူရန် ရည်ရွယ်ချက်မရှိပေ။ သူ(မ)က ဆိုင်များထဲမှ အဝတ်အထည်ဒီဇိုင်းများကို ကြည့်ရှုကာ လက်ရှိခေတ်ရေစီးကြောင်းကို လေ့လာရန်သာ လာခဲ့ခြင်း ဖြစ်သည်။
သူ(မ)၏ အတိတ်ဘဝတွင် ကျောင်းစတက်ကတည်းက စားဝတ်နေရေးအတွက် အချိန်ပိုင်းအလုပ်များသာ ဖိလုပ်ခဲ့ရသဖြင့် ဖက်ရှင်လောကကို စိတ်ဝင်စားရန် အချိန်မရခဲ့ပေ။
ထို့ပြင် သူ(မ)သည် ဝေးလံခေါင်သီသော တောင်ပေါ်ရွာလေးမှ လာသူဖြစ်သဖြင့် ဖက်ရှင်နှင့် ပတ်သက်၍ အလွန် ဗဟုသုတနည်းပါးပြီး စာအုပ်ထဲမှ သီအိုရီများကိုသာ လေ့လာသင်ယူခဲ့ရသူပင်။
လက်ရှိဘဝတွင်မူ နွေရာသီကျောင်းပိတ်ရက်၌ပင် ပထမနှစ်အတွက် နေထိုင်စရိတ် လုံလောက်ရန် ပိုက်ဆံရှာထားပြီးသားဖြစ်ရာ အချိန်ပိုင်းအလုပ်ရှာရန် အလောတကြီး မလုပ်တော့ပေ။
သူ(မ)သည် ဖက်ရှင်ဒီဇိုင်းဘာသာရပ်ကို ရွေးချယ်ထားသူဖြစ်ရာ မိမိ၏ အားနည်းချက်များကို ဖြည့်ဆည်းရန် ဗဟုသုတများ ရှာဖွေရမည်ဟု တွေးလိုက်မိ၏။
ယွင်ဟိုင်ဈေးဝယ်စင်တာသည် ရဲ့လုပ်ငန်းစုပိုင်ဖြစ်ပြီး ဈေးဝယ်ခြင်း၊ စားသောက်ခြင်းနှင့် အပန်းဖြေခြင်းများ စုံလင်စွာရှိသည့် နေရာကြီးတစ်ခုပင်။
အဆိုပါနေရာတွင် ရဲ့လုပ်ငန်းစု၏ ကိုယ်ပိုင်အဝတ်အထည်များ၊ လက်ဝတ်ရတနာနှင့် အလှကုန်ပစ္စည်းများသာမက တခြား တန်ဖိုးကြီးဇိမ်ခံပစ္စည်းများနှင့် ဈေးနှုန်းသင့်တင့်သော တံဆိပ်များစွာ ရှိနေသည်။
ရွှီဝမ်ဝမ်သည် အရင်ဆုံး ဈေးနှုန်းသက်သာသော အဝတ်အထည်ဆိုင်တချို့ကို ပတ်ကြည့်ပြီးနောက် တန်ဖိုးကြီးဇိမ်ခံဆိုင်များဘက်သို့ သွားရန် ပြင်လိုက်သည်။
အဝတ်တစ်ထည်ကို သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ပေးရသည့် အဆိုပါတံဆိပ်များသည် သာမန်တံဆိပ်များနှင့် ဘာများကွာခြားနေသနည်းဆိုသည်ကို သူ(မ) သိချင်သည်။
ဈေးဝယ်စင်တာ၏ ၆ ထပ်ရှိ ဘိလိယက်ခန်းမထဲတွင်မူ ရဲ့ကျင်မုန့်သည် ထိုင်ခုံပေါ်တွင် ထိုင်၍ လီမွန်ဆိုဒါသောက်ရင်း သူ(မ)၏အစ်ကိုများ ဘိလိယက်ထိုးနေသည်ကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။
'အား... ပျင်းစရာကောင်းလိုက်တာ။’
ထို့နောက် သူ(မ)က မတ်တတ်ရပ်ကာ အညောင်းအညာဆန့်လိုက်သည်။ ဘိလိယက်ထိုးပြီးခါစ မတ်တတ်ပြန်ရပ်လိုက်သည့် ရဲ့ကျင်ချန်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး အင်္ကျီစလေးကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကို... ငါ အပြင်မှာ လေကောင်းလေသန့်လေးရှူရင်း လျှောက်ပတ်ကြည့်လိုက်ဦးမယ်နော်။"
ဘေးနားမှ ရှစ်ရှူးနင်က ချက်ချင်း ခေါင်းလှည့်လာကာ
"ငါ လိုက်ခဲ့ပေးမယ်လေ။"
ထိုသို့ ဆိုကာ လက်ထဲမှ ဘိလိယက်ထိုးတံကို ချရန် ပြင်လိုက်သည်။
"အာ... မလိုက်လာပါနဲ့တော့၊ အစ်ကိုရှူးနင်ရဲ့။ အစ်ကိုတို့ပဲ ဆက်ဆော့ကြပါ။ ဒါ ကျွန်မတို့ရဲ့ ကိုယ်ပိုင်စင်တာပဲဥစ္စာ... လမ်းမပျောက်ပါဘူး။”
ရဲ့ကျင်မုန့်က ချစ်စဖွယ်ပြုံး၍ ပြန်ဖြေလိုက်သည်။ ထို့နောက် သူ(မ)က နောက်လှည့်ကာ လက်ယမ်းပြရင်း ဘိလိယက်ခန်းမထဲမှ ခုန်ပေါက်ကာ ထွက်သွားတော့သည်။
"သူ(မ)က ဒီစင်တာထဲမှာ ဘယ်သူ့ထက်မဆို လမ်းကျွမ်းတာပဲ။"
ရဲ့ကျင်ချန်က ပြောလိုက်ပြီး ဟယ်ကျွင်းထင်နှင့် ရဲ့ကျင်ချန်တို့က ရှစ်ရှူးနင်ကို ကြည့်ကာ မျက်ခုံးပင့်ပြလိုက်ကြသည်။
"အချိန်တွေ အများကြီး ရှိပါသေးတယ်ကွာ... အခုချက်ချင်းကြီး အလောတကြီး လိုက်စရာမလိုပါဘူး။"
ရှစ်ရှူးနင်၏ ချောမောသော မျက်နှာလေးသည် နီမြန်းသွားရကာ နေရခက်စွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဆိုလိုက်သည်။
“အဟမ်း... ဆက်ဆော့ရအောင်ပါ။"
…
ရွှီဝမ်ဝမ်က XJ ဟုခေါ်သော နာမည်ကြီးအဝတ်အထည်ဆိုင်ထဲသို့ လမ်းလျှောက်ဝင်သွားသည်။
ဝယ်သူက အရောင်လွင့်နေသော အဝတ်အစားများ ဝတ်ထားသည်ကို မြင်လိုက်ရသည့် အရောင်းဝန်ထမ်းသည် ချက်ချင်းပင် မျက်လုံးလှန်ပြကာ ရွံရှာစက်ဆုပ်သည့် အမူအရာ ပြလိုက်သည်။
ရွှီဝမ်ဝမ်ကတော့ သူ(မ)ကို ဂရုမစိုက်ဘဲ ဆိုင်ထဲမှ အဝတ်အစားများကို ဖြည်းဖြည်းချင်း လိုက်ကြည့်နေ၏။
အင်း... ဒီဆိုင်က ဒီဇိုင်နာတွေက ဒီလောက်တောင် ထူးခြားတဲ့အကြိုက် ရှိကြတာလား။
ပန်းရောင်လက်တိုရှပ်အင်္ကျီတစ်ထည်သည် လည်ပင်းမှ ခါးအထိ အညိုရောင်သိုးမွေးထူထူများဖြင့် ဖုံးလွှမ်းနေပြီး အောက်နားလေးမှာသာ သိုးမွေးမပါဘဲ ပန်းရောင်အထည်သက်သက် ဖြစ်နေသည်။
ရွှီဝမ်ဝမ် မျက်မှောင်ကြုတ်မိသည်။
'ဒီလက်တိုက နွေရာသီဝတ်ဖို့လား၊ ဆောင်းရာသီဝတ်ဖို့လား။' သူ(မ)ကတော့ ဤကဲ့သို့သော ဖက်ရှင်မျိုးကို နားမလည်နိုင်ပေ။
ထို့နောက် ရွှီဝမ်ဝမ်က ခေါင်းလှည့်ကြည့်လိုက်ရာ ဘာအလှဆင်ဒီဇိုင်းမှမပါသော သာမန်အဖြူရောင်တီရှပ်တစ်ထည်ကို ယွမ် ၂၂,၈၀၀ နှင့် ရောင်းနေသည်ကို တွေ့လိုက်ရသည်။
'ဪ... ဒါက ချည်သားစစ်စစ် မဟုတ်ဘဲ ရွှေသားစစ်စစ် ဖြစ်နေတာ ထင်ပါရဲ့။ ချမ်းသာတဲ့သူတွေကတော့ တကယ်ကို ပိုက်ဆံအလဟဿ ဖြုန်းတီးကြတာပဲ...'
ရွှီဝမ်ဝမ်က အဆိုပါ ယွမ် ၂၂,၈၀၀ တန် ချည်သားစစ်စစ်တီရှပ်နှင့် သူ(မ)၏ ယွမ် ၃၉ တန် တီရှပ်တို့ ဘာများကွာခြားသနည်းဆိုသည်ကို သိချင်စိတ်ဖြင့် ကိုင်ကြည့်ရန် ပြင်လိုက်သည်။ သူ(မ) ကိုင်မည်အလုပ်၌ပင် သူ(မ)ကို စောင့်ကြည့်နေသည့် အရောင်းဝန်ထမ်းက ချက်ချင်းပင် အော်ငေါက်လိုက်သည်။
"မကိုင်နဲ့၊ ဒီတီရှပ်က ယွမ် ၂၂,၀၀၀ ကျော်တန်တာ။ ညစ်ပတ်သွားရင် နင် အလျော်ပေးနိုင်မှာ မဟုတ်ဘူး။"
ပြီးနောက် သူ(မ)က လျှောက်လာပြီး အဆိုပါတီရှပ်ကို တခြားတစ်နေရာသို့ အမြန်ရွှေ့လိုက်တော့သည်။
ဤသည်ကို ကြားလိုက်ရသည့် ရွှီဝမ်ဝမ်က မျက်မှောင်ကြုတ်ကာ လက်သီးကို တင်းတင်းဆုပ်၍ ပြန်လည်တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် ဆိုင်မန်နေဂျာက အဝင်ဝ၌ ဖော်လံဖားသည့်အသံဖြင့် အော်လိုက်သည်ကို ကြားလိုက်ရသည်။
"မမလေး... ရောက်လာပါပြီလား။"
ရွှီဝမ်ဝမ် မော့ကြည့်လိုက်ရာ မိတ်ကပ်ကို ထူပိန်းအောင် လိမ်းခြယ်ထားပြီး တောက်ပစွာ ဝတ်စားဆင်ယင်ထားသည့် အမျိုးသမီးတစ်ဦး လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရလေသည်။
***
Aurora Novel Translation Team