အခန်း (၁၃)
လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ရဲ့ကျင်မုန့်သည် ရှစ်ရှူးနင်အကြောင်းကို ရွှီဝမ်ဝမ်ထံ ပြောပြထားဖူးသည်။
ရွှီဝမ်ဝမ်က ယခုဘဝမှ ရှစ်ရှူးနင်အကြောင်းကို အတော်အသင့် သိရှိထားပြီးလေပြီ။ အတိတ်ဘဝတွင် ရှစ်ရှူးနင်သည် စစ်ထဲမဝင်ခဲ့ဘဲ ဒုတိယမျိုးဆက် သူဌေးသားလေးတစ်ဦးသာ ဖြစ်ခဲ့ပြီး ရဲ့ကျင်မုန့်နှင့် ဆက်ဆံရေးမှာလည်း အလွန်ဆိုးရွားခဲ့သည်။
ယခုဘဝတွင်မူ သူတို့နှစ်ဦးမှာ ဆက်ဆံရေးကောင်းမွန်နေသဖြင့် ရွှီဝမ်ဝမ်အနေဖြင့် အထူးအဆန်း မဖြစ်တော့ပေ။
ရဲ့ကျင်မုန့်၏ သနားစဖွယ်အခြေအနေကို မြင်သောအခါ ရွှီဝမ်ဝမ်က တစ်ရှူးတချို့ ကမ်းပေးလိုက်ပြီး ညင်သာစွာ မေးလိုက်သည်။
“ခွင့်တိုင်လို့ မရဘူးလား။”
ရဲ့ကျင်မုန့်က ခေါင်းခါလိုက်ပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ ပြန်ပြောလိုက်သည်။
“ခွင့်တိုင်လို့ မရဘူး။”
“ကဲပါ... ဒါဆိုလည်း နင့်အစ်ကိုရှူးနင်ကို အကျိုးအကြောင်း ပြောပြထားလိုက်ပေါ့။ ပြီးမှ ပြန်ချော့တဲ့အနေနဲ့ ထမင်းတစ်နပ် ဝယ်ကျွေးလိုက်လေ။”
“အင်း... ဒီလိုပဲ လုပ်ရတော့မှာပေါ့။”
...
နောက်တစ်နေ့ နံနက်စောစောတွင် ရွှီဝမ်ဝမ်က စာဖတ်ရန်အတွက် စာကြည့်တိုက်သို့ ချက်ချင်း ပြေးတော့သည်။ ရဲ့ကျင်မုန့်ကတော့ တစ်နေ့တာတိုက်ပွဲကို စတင်ရပြန်သည်။
တစ်နေကုန် အတန်းတက်ရသဖြင့် ရဲ့ကျင်မုန့်မှာ မူးနောက်နေတော့သည်။ နောက်ဆုံးတွင် နောက်ဆုံးအတန်း ပြီးဆုံးသွားသောအခါ ရဲ့ကျင်မုန့်သည် ပြဋ္ဌာန်းစာအုပ်များကို အမြန်သိမ်းဆည်းကာ အဆောင်သို့ မြန်မြန်ပြန်လာခဲ့၏။
ကျောင်းလွယ်အိတ်ကို ချ၊ အိမ်ပြန်မည့် ကျောပိုးအိတ်ကို ကောက်လွယ်ပြီး ရွှီဝမ်ဝမ်ကို နှုတ်ဆက်ကာ ထွက်လာခဲ့လေသည်။
ဟိုင်မြို့တက္ကသိုလ်၏ ကျောင်းဂိတ်ဝတွင် တောက်ပလှပသော Lamborghini ကားတစ်စီးမှာ ဖြည်းညင်းစွာ ဆိုက်ကပ်လာပြီး လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို ရရှိနေသည်။
ရဲ့ကျင်မုန့်တစ်ယောက် ကျောင်းဂိတ်ဝသို့ ပြေးထွက်လာချိန်တွင် ရဲ့ကျင်ချန်၏ ကားကို မတွေ့ရသေးပေ။
အစ်ကို ငါ့ကို လာမကြိုသေးတာလား မသိဘူး။
သူ(မ) ရဲ့ကျင်ချန်ထံ ဖုန်းခေါ်ရန် ပြင်နေစဉ်မှာပင် ကားဟွန်းသံကို ကြားလိုက်ရသည်။
“တီ တီ တီ...”
အသံလာရာသို့ ကြည့်လိုက်ရာ တောက်ပသော Lamborghini ကားက သူ(မ)ကို မီးမှိတ်တုတ်မှိတ်တုတ်နှင့် အချက်ပြနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ကားတံခါးမှာ ဖြည်းညင်းစွာ ပွင့်လာပြီး အရပ်ရှည်ရှည် ခံ့ခံ့ညားညား လူရိပ်တစ်ခု ကားပေါ်မှ ဆင်းလာခဲ့သည်။
ရဲ့ကျင်မုန့် မှင်တက်နေစဉ်မှာပင် ရှစ်ရှူးနင်က သူ၏ ခြေတံရှည်ကြီးများဖြင့် လျှောက်လှမ်းလာခဲ့၏။
“ဘာဖြစ်လို့လဲ... ဝတုတ်မလေးမုန့်မုန့်က နှစ်နှစ်လောက်ပဲ ခွဲလိုက်ရတာကို ငါ့ကို မမှတ်မိတော့ဘူးလား။”
ရှစ်ရှူးနင်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားပြီး သူ့မျက်ဝန်းများမှာလည်း အရောင်တောက်နေသည်။ သူ့လေသံမှာ နူးညံ့ပြီး ဆွဲဆောင်မှု ရှိလှပေသည်။
ရဲ့ကျင်မုန့် သတိပြန်ဝင်လာပြီး ရှစ်ရှူးနင်၏ မျက်နှာကို အူကြောင်ကြောင်လေး စိုက်ကြည့်နေမိသည်။
“အစ်ကိုရှူးနင်။”
ယခုမှ သတိရသွားသကဲ့သို့ ရဲ့ကျင်မုန့်သည် ရှစ်ရှူးနင်ထံသို့ ပြေးဝင်ကာ အားရပါးရ ဖက်လိုက်မိတော့သည်။
“အစ်ကိုရှူးနင်...ကျွန်မ အစ်ကို့ကို အရမ်းလွမ်းနေတာ။”
ရှစ်ရှူးနင်၏ သန်မာသော လက်မောင်းများက သူ(မ) ပြုတ်မကျအောင် ပွေ့ပိုက်ထားပေးသည်။ သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးမှာ ပို၍ ကျယ်ပြန့်သွားပြီး ညင်သာစွာ ပြောလိုက်သည်။
“အင်း... ငါလည်း ဝတုတ်မလေးမုန့်မုန့်ကို လွမ်းနေတာပါ။”
ထိုစကားကို ကြားသည်နှင့် ရဲ့ကျင်မုန့်သည် ရှစ်ရှူးနင်၏ ကိုယ်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ကာ ခါးထောက်ပြီး ပါးလေးနှစ်ဖက် ဖောင်းနေအောင် စိတ်ဆိုးပြလိုက်သည်။
“ဟွန့်... ဝတုတ်မလေးလို့ မခေါ်နဲ့၊ ကျွန်မက မဝပါဘူးနော်။”
ရှစ်ရှူးနင်က စိတ်ဆိုးနေသော ကြောင်ပေါက်စလေးနှင့် တူသည့် ရဲ့ကျင်မုန့်ကို ငုံ့ကြည့်လာသည်။ သူက လက်လှမ်းပြီး သူ(မ)၏ နီမြန်းနေသော ပါးလေးကို ဆွဲကာ ချော့လိုက်သည်။
“ဟုတ်ပါပြီ... ဝတုတ်မလေးမုန့်မုန့်က မဝပါဘူး။”
ရဲ့ကျင်မုန့် : ဟွန့်...မခေါ်တော့ဘူး။
“ကဲ သွားရအောင်... ငါ မင်းကို ညလယ်စာ ဝယ်ကျွေးမယ်။”
ရဲ့ကျင်မုန့် : ဟွန့်... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်။
အကင်ဆိုင်တွင် ရဲ့ကျင်မုန့်က ရှစ်ရှူးနင် အခွံနွှာပေးထားသော ပုစွန်ထုပ်လေးများကို စားနေသည်။ ထို့နောက် သူ(မ) ခေါင်းလေးစောင်းကာ ပြောလိုက်မိသည်။
“အစ်ကိုရှူးနင်... အစ်ကိုက တကယ် ပြောင်းလဲသွားတာပဲ။”
“ဪ... ဘယ်လို ပြောင်းလဲသွားတာလဲ။”
ရှစ်ရှူးနင်က နားမလည်သလို မေးလိုက်သည်။
ရဲ့ကျင်မုန့်က ရှစ်ရှူးနင်ကို ကြည့်လိုက်သည်။ ယခင်က ကောက်ကောက်လေးဖြစ်ခဲ့သော ဆံပင်များမှာ ယခုတော့ သေသပ်လှပသော ကေတိုလေး ဖြစ်နေပြီ။ ဖြူဝင်းသော သူ့အသားအရေမှာလည်း ကျန်းမာသော ဂျုံရောင်သန်းသည့် အသားအရေသို့ ပြောင်းလဲသွားသည်။ သူ့တစ်ကိုယ်လုံးမှာ ပို၍ တက်ကြွဖျတ်လတ်နေပုံရသည်။
ရဲ့ကျင်မုန့်က တခစ်ခစ် ရယ်ရင်း ပြောလိုက်၏။
“ပိုပြီး ချောလာတာလေ။”
ရှစ်ရှူးနင်၏ မျက်ခုံးများ ပင့်တက်သွားပြီး သူ၏ အပြုံးထဲတွင် နောက်ပြောင်ကျီစယ်လိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။
“ဪ... ဒါဆို ဝတုတ်မလေးမုန့်မုန့်က ငါ့ကို သဘောကျသွားပြီပေါ့။”
ရဲ့ကျင်မုန့်၏ မျက်နှာလေး နီမြန်းသွားကာ ကြက်ပေါင်ကို ခပ်ပြင်းပြင်းတစ်ချက် ကိုက်လိုက်သည်။
ဟွန့်၊ ခုနက ပြောလိုက်တဲ့ စကားကို ပြန်ရုပ်သိမ်းတယ်။ ဒီလူက အရင်အတိုင်း စနောက်နေတုန်းပဲ။
ရှစ်ရှူးနင်က မျက်စောင်းထိုးခံလိုက်ရသဖြင့် နှာခေါင်းကို ပွတ်ကာ စကားလွှဲလိုက်မိသည်။
“ဒီနေ့ နေ့လယ်ကပဲ ကျောင်းပြန်တက်ဖို့ ကိစ္စတွေ အကုန်လုပ်ပြီးပြီ။ ဆောင်းဦးလယ်ပွဲတော်ပြီးရင် စီးပွားရေးတက္ကသိုလ်မှာ အတန်းဆက်တက်တော့မှာ။”
ရဲ့ကျင်မုန့်၏ မျက်လုံးလေးများ လင်းလက်သွားသည်။
“ကောင်းလိုက်တာ။ ဒါဆို အစ်ကိုက ဒုတိယနှစ်ကနေ ပြန်စမှာပေါ့။”
ရှစ်ရှူးနင်က ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်၊ ငါ ပထမနှစ်ပြီးတော့ စစ်ထဲဝင်သွားတာဆိုတော့ အခုပြန်တက်ရင် ဒုတိယနှစ်ပေါ့။”
“ဟေး၊ အခု ကျွန်မတို့တွေ အတန်းတူသွားပြီ။ ကျောင်းမပြီးခင်အထိ အတူတူပျော်ပါးလို့ရပြီပေါ့။”
...
ညလယ်စာစားပြီးနောက် ရှစ်ရှူးနင်က ရဲ့ကျင်မုန့်ကို တံခါးဝအထိ လိုက်ပို့ပေးသည်။ ထို့ပြင် ကားပေါ်မှ အထုပ်ကြီးတစ်ထုပ်ကိုလည်း ရဲ့ကျင်မုန့်ကို ပေးရန် ထုတ်ယူလိုက်သည်။
“ဒါတွေက ရှန်းနင်မြို့ကနေ ဝယ်လာတဲ့ ဒေသထွက်အစားအသောက်တွေလေ။ အရသာ တော်တော်ကောင်းတယ်။ ယူသွားပြီး မြည်းကြည့်လိုက်ဦး။”
ရှစ်ရှူးနင်က ရဲ့ကျင်မုန့်၏ ခေါင်းလေးကို ဖွဖွလေး ပွတ်ကာ နူးညံ့စွာ ပြောလိုက်သည်။
ရဲ့ကျင်မုန့်က ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်၏။
“ကျေးဇူးပါ၊ အစ်ကိုရှူးနင်။”
“အင်း... အထဲကို မြန်မြန်ဝင်တော့၊ စောစောနားဦး။”
“အစ်ကိုရှူးနင်လည်း စောစောနားပါနော်။ ဂွတ်နိုက်။”
***
Aurora Novel Translation Team