အခန်း (၂)
"ဟင့်အင်း... မဟုတ်ဘူး။"
ကောင်မလေးသည် အသံကုန်အော်ဟစ်ကာ ခုတင်ပေါ်တွင် ရုတ်တရက် ထထိုင်လိုက်မိသည်။ သူ(မ)သည် အသက်ကို ပြင်းထန်စွာ ရှူသွင်းနေရပြီး စိတ်တည်ငြိမ်သွားရန် အတော်ကြာ အချိန်ယူလိုက်ရ၏။ သူ(မ)မျက်ဝန်းအစုံကို တင်းတင်းမှိတ်လိုက်ပြီးမှ ပြန်လည်ဖွင့်ကြည့်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
ဤနေရာသည်... သူ(မ) တက္ကသိုလ်မတက်မီက နေထိုင်ခဲ့သည့် ကျေးရွာရှိ အိမ်ကလေး ဖြစ်သည်။ သူ(မ) ဤနေရာသို့ မည်သို့ ပြန်ရောက်လာရသနည်း။
ရွှီဝမ်ဝမ်သည် စိတ်ရှုပ်ထွေးစွာဖြင့် နဖူးကို အသာအယာ ပွတ်သပ်နေမိ၏။ ထို့ပြင် သူ(မ)သည် ရဲ့ကျင်မုန့်၏ လက်ချက်ဖြင့် မီးလောင်တိုက်သွင်းခံရကာ သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။ ဘာတွေများ ဖြစ်နေသနည်း။
"ဒါက အိပ်မက်တစ်ခုပဲလား။"
သို့သော်လည်း တောက်လောင်နေသည့် ထိုမီးလျှံများကြားမှ ပူလောင်လှသော နာကျင်မှုကို ပြန်လည် စဉ်းစားမိသောအခါ ၎င်းမှာ အိပ်မက်တစ်ခုမျှသာဟု မိမိကိုယ်ကိုယ် ယုံကြည်အောင် မည်သို့မျှ ဖျောင်းဖျ၍ မရနိုင်တော့ပေ။
"ဒေါက် ဒေါက် ဒေါက်။"
ရွှီဝမ်ဝမ် စဉ်းစားနေစဉ်မှာပင် ရုတ်တရက် တံခါးခေါက်သံ ပေါ်ထွက်လာသည်။
“မိန်းကလေးဝမ်ဝမ်... မိန်းကလေးဝမ်ဝမ်။”
အလွန်အမင်း စိတ်လှုပ်ရှားနေသည့် အသံတစ်ခု အခန်းထဲသို့ ပျံ့လွင့်လာသည်။ ဤအသံမှာ ရွာသူကြီး၏ အသံပင်။
ရွှီဝမ်ဝမ် ခဏမျှ ကြောင်အသွားစဉ် ရွာသူကြီးက ထပ်မံ၍ အော်ပြောလိုက်ပြန်သည်။
"မိန်းကလေးဝမ်ဝမ်... နိုးလာပြီလား၊ ဟိုင်မြို့တက္ကသိုလ်က လူတွေ မင်းကို လာရှာနေကြတယ်။"
"လာပါပြီ... လာပါပြီ။"
ရွှီဝမ်ဝမ်မှာ ထပ်မံစဉ်းစားရန် အချိန်မရှိတော့ဘဲ ခုတင်ပေါ်မှ ချက်ချင်းဆင်းကာ တံခါးဖွင့်ရန် ပြေးသွားလိုက်သည်။
တံခါးဖွင့်လိုက်သောအခါ ရွာသူကြီးနှင့်အတူ သပ်ရပ်စွာ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားနှစ်ဦးကို တွေ့လိုက်ရ၏။ ရွှီဝမ်ဝမ် သူတို့ကို မှတ်မိသည်။ ထိုအိပ်မက်ဟု ခေါ်ဆိုရမည့် အရာထဲတွင်လည်း ဟိုင်မြို့တော်တက္ကသိုလ် ကျောင်းဝင်ခွင့်ဌာနမှ ဤဆရာနှစ်ဦး သူ(မ)ထံသို့ ရောက်လာခဲ့ဖူးသည်။
သူ(မ)၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရမှတ်မှာ ၇၃၅ မှတ်အထိ ရရှိခဲ့ပြီး ပြည်နယ်အဆင့်ပထမရသူနှင့် ၂ မှတ်သာ ကွာခြားခဲ့သည်။ ထူးချွန်သော ကျောင်းသားများကို တက္ကသိုလ်ဆရာများက ကိုယ်တိုင်ကိုယ်ကျ လာရောက်စည်းရုံးခြင်းမှာ ထူးဆန်းသော အရာတော့ မဟုတ်ပေ။
"ရွှီဝမ်ဝမ်... ဆရာက ဟိုင်မြို့တော် တက္ကသိုလ်ကျောင်းဝင်ခွင့်ဌာနက ကျောက်ဝမ်ပါ။ အခုလို မနက်စောစော စိတ်အနှောင့်အယှက် ပေးမိတဲ့အတွက် တကယ် အားနာပါတယ်။"
သူတို့ထဲမှ တစ်ဦးက ပြောလိုက်သည်။
...
တစ်နာရီခန့် ကြာပြီးနောက် ရွှီဝမ်ဝမ်သည် ရွာသူကြီးနှင့် ဆရာနှစ်ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ အခန်းထဲသို့ ပြန်ဝင်၍ ထိုင်လိုက်သောအခါမှ သူ(မ) ရုတ်တရက် သဘောပေါက်သွားသည်မှာ ဖြစ်ပျက်ခဲ့သမျှအားလုံးက အိပ်မက်တစ်ခု မဟုတ်ခဲ့ခြင်းပင်။
ယခုလေးတင် ဖြစ်ပျက်သွားသမျှ အရာအားလုံးသည် အိပ်မက်ထဲကအတိုင်း ထပ်တူကျနေသည်။ နံရံတွင် ချိတ်ဆွဲထားသော ပြက္ခဒိန်ကို မော့ကြည့်လိုက်သောအခါမှ သူ(မ)သည် ပြန်လည်မွေးဖွားလာခြင်းဖြစ်ကြောင်း နားလည်သွားတော့သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးခါစ နွေရာသီကာလသို့ သူ(မ) ပြန်ရောက်လာခဲ့ပြီ ဖြစ်၏။
ရွှီဝမ်ဝမ်၏ မျက်ဝန်းအစုံမှာ နီမြန်းလာကာ သူ(မ)လက်နှစ်ဖက်မှာလည်း စိတ်လှုပ်ရှားမှုကြောင့် ထိန်းမရအောင် တုန်ယင်နေသည်။
အတိတ်ဘဝတုန်းကလည်း သူ(မ)သည် ယခုကဲ့သို့ပင် ဟိုင်မြို့တော် တက္ကသိုလ်သို့ တက်ရောက်ခွင့်ရခဲ့သည်။
မိဘမဲ့တစ်ဦးအနေဖြင့် သူ(မ)သည် ဆင်းရဲနွမ်းပါးလှသော ဤကျေးရွာလေးမှ နောက်ဆုံးတွင် ထွက်ခွာနိုင်တော့မည် ဖြစ်ရာ လှပသော ဘဝသစ်တစ်ခုက သူ(မ)ကို ကြိုဆိုနေလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း သူ(မ)ကို စောင့်ကြိုနေခဲ့သည်မှာ ငရဲခန်းတစ်ခုသာပင်။
အစပိုင်းတွင် သူ(မ)၏ တက္ကသိုလ်ဘဝမှာ သာမန်အတိုင်း အဆင်ပြေချောမွေ့နေခဲ့သော်လည်း ပထမနှစ် ဒုတိယနှစ်ဝက်သို့ ရောက်သောအခါ အတန်းထဲမှ ရဲ့ကျင်မုန့်က သူ(မ)ကို စတင်၍ ရန်စတိုက်ခိုက်လာခဲ့သည်။ တခြားကျောင်းသားများသည်လည်း ရဲ့ကျင်မုန့်၏ မိသားစုဩဇာကြောင့် သူ(မ)ကို ဖားကြပြီး ရွှီဝမ်ဝမ်ကိုမူ ဝိုင်းဝန်းဖဲကြဉ်ခဲ့ကြသည်။
ဟိုင်မြို့တော်ရှိ ဂုဏ်သရေရှိ ရဲ့မိသားစုမှ သမီးပျိုက သူ(မ)ကဲ့သို့ သာမန်မိန်းကလေးတစ်ဦးကို ဘာကြောင့် ပစ်မှတ်ထားနေသနည်းဆိုသည်ကို သူ(မ) နားမလည်ခဲ့ပေ။
ရဲ့ကျင်မုန့် တိတ်တခိုး ချစ်မြတ်နိုးနေခဲ့သည့် ဟယ်ကျွင်းထင်က သူ(မ)ကို ဖွင့်ပြောလိုက်သည့် ညရောက်မှသာ သူ(မ) ကြုံတွေ့နေရသမျှ ဒုက္ခအားလုံးသည် ဟယ်ကျွင်းထင်၏ စိတ်ဝင်စားမှုကြောင့် ဖြစ်သည်ကို သိရှိသွားခဲ့သည်။
ထို့ကြောင့် သူ(မ)သည် ဟယ်ကျွင်းထင်ကို ငြင်းပယ်ခဲ့၏။ သို့သော် ဤလုပ်ရပ်က မာနကြီး၍ ခပ်စိမ်းစိမ်းနေတတ်သော ရဲ့ကျင်မုန့်ကို ပို၍ ရူးသွပ်လောက်အောင် မနာလိုဖြစ်စေခဲ့သည်။
နောက်ပိုင်းတွင် ရဲ့ကျင်မုန့်၏ အစ်ကိုဖြစ်သူ ရဲ့ကျင်ချန်မှာ ယာဉ်မတော်တဆမှုဖြစ်ပွားကာ သွေးအမြောက်အမြား ဆုံးရှုံးခဲ့သည်။ သူ(မ)သည် ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးနေချိန်နှင့် တိုက်ဆိုင်ပြီး သွေးအမျိုးအစားလည်း တူညီနေသဖြင့် ရဲ့ကျင်ချန်ကို ကယ်တင်ရန် သွေးလှူဒါန်းဖြစ်ခဲ့သည်။
ထိုအချိန်တွင် သူနာပြုတစ်ဦးက သူ(မ)သည် သခင်မရဲ့နှင့် ရုပ်ချင်းဆင်တူနေသဖြင့် ရဲ့ကျင်ချန်၏ ညီမဟု မှားယွင်းစွာ ထင်မှတ်ခဲ့မိသည်။ သို့သော် ရဲ့ကျင်မုန့်ကမူ သူ(မ)သည် မိဘများ၏ မျက်နှာသာရအောင် တမင်တကာ ကြိုးစားနေသည်ဟု သံသယဝင်ကာ ပို၍ မုန်းတီးလာခဲ့သည်။
သို့ရာတွင် ရဲ့မိသားစုကမူ ထိုသူနာပြု၏ စကားကို အမှတ်မထင် သဘောမထားဘဲ အလေးအနက်ထားခဲ့ကြ၏။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သူ(မ)သည် ရဲ့မိသားစု၏ ရင်သွေးအစစ်အမှန် ဖြစ်ကြောင်း သိရှိသွားကြသည်။ မိသားစုနှစ်စုမှာ ဆေးရုံတစ်ခုတည်းတွင် တစ်ရက်တည်း ကလေးမွေးဖွားခဲ့ကြသော်လည်း ဆေးရုံ၏ ပေါ့ဆမှုကြောင့် အိုင်ဒီလက်ပတ်ချင်း မှားယွင်းသွားကာ ကလေးချင်း လဲသွားခဲ့ခြင်း ဖြစ်သည်။
ရဲ့ကျင်မုန့်သည် ပိုက်ဆံကို စိတ်ကြိုက်သုံးစွဲနိုင်သော်လည်း သူ(မ)၏ မာနကြီး၍ ခေါင်းမာသော စရိုက်ကြောင့် မိသားစု၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝ မရရှိခဲ့ပေ။ ယခုအခါ အဆင့်အတန်းပြောင်းလဲသွားမှုကို သူ(မ) လက်မခံနိုင်ဘဲ တစ်ညတည်းနှင့် စိတ်ပိုင်းဆိုင်ရာ အလဲလဲအပြိုပြိုဖြစ်သွားခဲ့ရသည်။
သူ(မ)သည် ရွှီဝမ်ဝမ်အပေါ် ရန်ငြိုးထားဆဲဖြစ်ရာ သူ(မ)ကို ပြန်ပေးဆွဲခဲ့ပြီး ရဲ့မိသားစုတစ်ခုလုံး မီးလောင်တိုက်သွင်းခံရသည်ကို ကြည့်ရှုခိုင်းခဲ့သည်။ ရွှီဝမ်ဝမ်ကိုယ်တိုင်လည်း သေလုမြောပါး နှိပ်စက်ခံရပြီးနောက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရသည်။
အတိတ်ဘဝမှ မှတ်ဉာဏ်များက တစ်ဟုန်ထိုး ဝင်ရောက်လာသဖြင့် ရွှီဝမ်ဝမ်သည် သွားများကို တင်းတင်းကျပ်ကျပ် စေ့ထားမိပြီး သူ(မ)မျက်နှာမှာလည်း သွေးမရှိသကဲ့သို့ ဖြူလျော့နေ၏။
နီမြန်းနေသော သူ(မ)၏ မျက်ဝန်းအစုံမှာ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး နှလုံးသားမှာလည်း အဆုံးမဲ့ဝမ်းနည်းမှုနှင့် မုန်းတီးမှုတို့အကြား အကျဉ်းကျနေသကဲ့သို့ ခံစားရကာ အသက်ရှူရန်ပင် ခက်ခဲနေတော့သည်။
သူ(မ)သည် ရဲ့ကျင်မုန့်ကို မုန်းတီးသကဲ့သို့ အတိတ်ဘဝက သူ(မ)၏ အားနည်းမှုကိုလည်း မုန်းတီးမိသည်။ ရွှီဝမ်ဝမ်က လက်သီးကို တင်းတင်းဆုပ်ကာ မျက်လုံးများကို ခပ်တင်းတင်း ပိတ်လိုက်သည်။
ပြန်လည်ဖွင့်ကြည့်လိုက်သောအခါ သူ(မ)၏ မျက်နှာမှာ ဖြူလျော့နေဆဲဖြစ်သော်လည်း မျက်ဝန်းထဲမှ ကြောက်ရွံ့မှုများမှာ အေးစက်လှသော အမုန်းတရားများအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
ကောင်းကင်ဘုံက သူ(မ)ကို နောက်တစ်ကြိမ် အခွင့်အရေးပေးခဲ့ပြီဖြစ်ရာ ဤအခွင့်အရေးကို သူ(မ) လက်လွှတ်မခံဘဲ ရဲ့မိသားစုကို သေချာပေါက် ကာကွယ်ရမည်။
"ရဲ့ကျင်မုန့်... အရင်ဘဝတုန်းက နင် ငါ့မိသားစုကို ဖျက်ဆီးပြီး ငါ့ကို သေအောင်လုပ်ခဲ့တယ်။ ဒီဘဝမှာတော့ အဲဒီသွေးကြွေးအားလုံးကို နင် အပြည့်အဝ ပြန်ပေးဆပ်ရတော့မယ်။"
***
Aurora Novel Translation Team