no

Font
Theme

အခန်း (၄)

ဟိုင်မြို့တော် အရှေ့ပိုင်း မီးရထားဘူတာ။

ရထားပေါ်တွင် တစ်နေ့နှင့် တစ်ညလုံး စီးနင်းလိုက်ပါလာပြီးနောက် ရွှီဝမ်ဝမ်သည် သူ(မ)၏ ခရီးဆောင်အိတ်ကို ဆွဲကာ ဘူတာရုံပြင်ပသို့ ထွက်လာခဲ့သည်။

မျက်စိရှေ့မှောက်တွင် မြင်တွေ့နေရသည့် ရင်းနှီးပြီးသား ဘူတာရုံရင်ပြင်ကြီးကို ကြည့်ရင်း သူ(မ)၏ ရင်ထဲ၌ မထိန်းချုပ်နိုင်အောင် စိတ်လှုပ်ရှားလာမိ၏။ အသက်ရှင်နေရခြင်းမှာ အမှန်တကယ် ကောင်းလှပေသည်။

ယခုအချိန်မှာ မနက် ၈ နာရီ ကျော်ရုံသာ ရှိသေးသည်။ ရွှီဝမ်ဝမ်သည် ဦးစွာ မနက်စာအဖြစ် ပန်ကိတ်တစ်ခု ဝယ်စားလိုက်ပြီးနောက် ကုန်တိုက်တစ်ခုကို ရှာဖွေကာ ထိုနေရာမှ အခမဲ့ဝိုင်ဖိုင်ကို ချိတ်ဆက်လိုက်သည်။ ထို့နောက် ရဲ့လုပ်ငန်းစု၏ နွေရာသီအလုပ်ခေါ်ယူမှု သတင်းအချက်အလက်များကို အွန်လိုင်းတွင် စတင်ရှာဖွေပါတော့သည်။

[ရဲ့လုပ်ငန်းစု၊ ယွင်ဟိုင်‌ဈေးဝယ်စင်တာတွင် နွေရာသီအချိန်ပိုင်းဝန်ထမ်းများ ခေါ်ယူခြင်း။ အရောင်းဝန်ထမ်း၊ လမ်းညွှန်ဝန်ထမ်း၊ လက်ကမ်းစာစောင်ကမ်းမည့်သူ၊ ကိုယ်ဟန်ပြမယ်စသည်ဖြင့်။ အလုပ်အကိုင်နေရာ အကန့်အသတ်ရှိသဖြင့် အထက်တန်းအောင်လက်မှတ်နှင့်အတူ ယွင်ဟိုင်‌ဈေးဝယ်စင်တာသို့ အင်တာဗျူးလာရောက်ဖြေဆိုရန်။ လိပ်စာ - နန်ယွင်လမ်း၊ အမှတ် ၁၃၆၈၊ ဆက်သွယ်ရန် - မန်နေဂျာစွေ့၊ ဖုန်း - ၁၈၅****]

[ရဲ့လုပ်ငန်းစု၊ ပိုင်ဟောင်အဆောက်အအုံတွင် နွေရာသီဝန်ထမ်းများ ခေါ်ယူခြင်း။ အရောင်းဝန်ထမ်း၊ လမ်းညွှန်ဝန်ထမ်းများ ပါဝင်သည်... ဆက်သွယ်ရန်လိပ်စာ - မန်နေဂျာလျို၊ ဖုန်း - ၁၆၇****]

[ရဲ့လုပ်ငန်းစုရုံးချုပ်တွင် နွေရာသီဝန်ထမ်းများ ခေါ်ယူခြင်း။ သန့်ရှင်းရေးဝန်ထမ်း ၃ ဦး၊ မီးဖိုချောင်အကူ ၂ ဦး၊ ပန်းကန်ဆေးသူ ၃ ဦး။ အထက်တန်းအောင်လက်မှတ်နှင့်အတူ ရဲ့လုပ်ငန်းစုရုံးချုပ် ပထမထပ်သို့ အင်တာဗျူးလာရောက်ဖြေဆိုရန်။ လိပ်စာ - ဝမ်ဟူအလယ်လမ်း၊ အမှတ် ၈၈၈၊ ဆက်သွယ်ရန် - မဒမ်ဝူ၊ ဖုန်း - ၁၃၂****]

ထိုအလုပ်ခေါ်စာကို မြင်လိုက်ရသောအခါ ရွှီဝမ်ဝမ်၏ မျက်ဝန်းများမှာ တောက်ပသွားသည်။ ရဲ့လုပ်ငန်းစုရုံးချုပ်တဲ့လား။ ထို့နောက်တွင်မူ သူ(မ)၏ မျက်ဝန်းအစုံမှာ ပြန်လည်မှေးမှိန်သွားပြန်၏။ ဤကြေညာချက် တက်လာသည်မှာ ရက်အတော်ကြာပြီ ဖြစ်သောကြောင့် သူ(မ)အတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

သို့သော်လည်း ရွှီဝမ်ဝမ်သည် မြေအောက်ရထားဘူတာသို့ ဦးတည်လိုက်သည်။ သူ(မ)၏ ကံကြမ္မာကို စမ်းသပ်ကြည့်ချင်သေးသည်။ ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ရသရွေ့ မည်သည့်အရာကိုမျှ အတပ်ပြော၍ မရနိုင်ပေ။ အကယ်၍ အခွင့်အရေးရှိနေသေးလျှင် မည်သို့ လုပ်မည်နည်း။

တစ်နာရီခန့် ကြာပြီးနောက်။

ရွှီဝမ်ဝမ်သည် ရဲ့လုပ်ငန်းစုအဆောက်အအုံ၏ မျက်စောင်းထိုးတွင် ရပ်ကာ အထပ် ၂၀ နီးပါး မြင့်မားသည့် အဆောက်အအုံကြီးကို မော့ကြည့်နေမိသည်။ အဆောက်အအုံထိပ်ဆုံးရှိ "ရဲ့လုပ်ငန်းစု" ဟူသော စာလုံးကြီးလေးလုံးမှာ အထူးပင် ထင်ရှားလှပေသည်။

ရွှီဝမ်ဝမ်က သူ(မ)၏ ခရီးဆောင်အိတ်ကို ဆွဲကာ လျှောက်သွားလိုက်၏။ တံခါးဝရှိ လုံခြုံရေးဝန်ထမ်းမှာ ဆံပင်ကျစ်ထားသည့် သွယ်လျသော မိန်းကလေးတစ်ဦး လာနေသည်ကို မြင်သောအခါ တာဝန်အရ သူ(မ)ကို တားဆီးရန် အရှေ့သို့ လှမ်းလာခဲ့သည်။

"ညီမလေး... ဒါက ရဲ့လုပ်ငန်းစုပါ၊ ဘာကူညီပေးရမလဲခင်ဗျ။"

“နွေရာသီအလုပ်အတွက် လူပြည့်သွားပြီလားဆိုတာ သိချင်လို့ပါ၊ အစ်ကို။”

ရွှီဝမ်ဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။

လုံခြုံရေးဝန်ထမ်းက ခေါင်းခါပြလိုက်၏။

"ညီမလေး နောက်ကျသွားပြီ၊ ရုံးချုပ်က ဝန်ထမ်းအများကြီး ခေါ်တာ မဟုတ်ဘူးလေ။ အလုပ်ခေါ်စာတင်တဲ့နေ့ကတည်းက လူပြည့်သွားပြီ။”

ထို့နောက် လုံခြုံရေးဝန်ထမ်းက သိချင်စိတ်ဖြင့် ဆက်မေးလိုက်သည်။

"ဒါနဲ့... မလာခင် ဘာလို့ ဖုန်းဆက်မမေးတာလဲ။ အလကားသက်သက် လာလိုက်ရတာပေါ့။"

ထင်ထားသည့်အတိုင်းပင် ဖြစ်သည်။ ရွှီဝမ်ဝမ်မှာ ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားရ၏။ လုံခြုံရေးဝန်ထမ်း၏ အမေးကို ကြားသောအခါ သူ(မ)သည် ခေါင်းကို ရှက်ကိုးရှက်ကန်း ပွတ်သပ်ရင်း ဖြေလိုက်သည်။

"ညီမမှာ... ဆင်းမ်ကတ်မရှိသေးလို့ပါ၊ ကျေးဇူးတင်ပါတယ် အစ်ကို။"

သူ(မ)သည် အိတ်ကို ဆွဲကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

ထိုစဉ် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက ကုမ္ပဏီဧည့်ခန်းမထဲမှ ထွက်လာသည်။ သူ(မ)က ကုမ္ပဏီထမင်းစားဆောင်၏ တာဝန်ခံပင်။ ထွက်ခွာသွားတော့မည့် မိန်းကလေးကို မြင်သောအခါ သူ(မ)က လုံခြုံရေးကို လှမ်းမေးလိုက်မိ၏။

"ရှောင်လျို... အဲဒီကလေးမလေးက ဘာလာလုပ်တာလဲ။"

"ဪ... မန်နေဂျာဝမ်၊ သူ(မ)က နွေရာသီအတွက် အလုပ်လာလျှောက်တာပါ။ ဒါပေမဲ့ လူပြည့်သွားပြီဆိုတော့ ကျွန်တော် ပြန်လွှတ်လိုက်တာ။"

ထိုစကားကို ကြားသောအခါ မန်နေဂျာဝမ်က အပြင်ဘက်မှ မိန်းကလေးကို ချက်ချင်း လှမ်းအော်ခေါ်လိုက်သည်။

"ညီမလေး... ခဏလောက် စောင့်ပါဦး။"

ရွှီဝမ်ဝမ်မှာ အသံကြားသဖြင့် ရပ်တန့်ကာ နားမလည်နိုင်သော မျက်နှာလေးဖြင့် လှည့်ကြည့်လိုက်သည်။

"ဘာကိစ္စရှိလို့လဲဟင်။"

မန်နေဂျာဝမ်သည် ရွှီဝမ်ဝမ်ထံသို့ လျှောက်လာပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ငါက ကုမ္ပဏီထမင်းစားဆောင်ရဲ့ တာဝန်ခံပါ၊ ငါ့မျိုးရိုးနာမည်က ဝမ်လို့ ခေါ်တယ်။ ညီမလေးက နွေရာသီအတွက် အလုပ်လာလျှောက်တာ၊ မဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ... လွန်ခဲ့တဲ့ ရက်ပိုင်းက ကောင်မလေးတစ်ယောက်က သူ(မ)ရဲ့ စာမေးပွဲရလဒ် မကောင်းဘူးဆိုတာ သိသွားလို့ အလုပ်ထွက်သွားတယ်။ သူ(မ)က အိမ်ပြန်ပြီး စာပြန်လုပ်တော့မယ်တဲ့။ ငါလည်း နောက်ထပ် လူမခေါ်တော့ဘူးလို့ စိတ်ကူးထားတာ။ ဒါပေမဲ့ ညီမလေးက အဝေးကနေ အိတ်တွေတရွတ်တိုက်ဆွဲပြီး လာရတာဆိုတော့ တော်တော်လေး ပင်ပန်းနေမှာပဲ။ ငါတို့ဆီမှာလည်း မီးဖိုချောင်အကူတစ်ယောက် လိုနေတာနဲ့ အတော်ပဲ။ ညီမလေး အလုပ်ဝင်ချင်လား။"

ထိုစကားကို ကြားလိုက်ရသောအခါ ရွှီဝမ်ဝမ်၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားတော့သည်။

"တကယ်လားဟင်... ကျေးဇူးအများကြီးတင်ပါတယ်၊ မန်နေဂျာဝမ်။"

"မလိုပါဘူး၊ အထက်တန်းအောင်လက်မှတ် ပါလာတယ် မဟုတ်လား။ အရင်ဆုံး စာရင်းသွင်းလိုက်မယ်၊ ပြီးရင် ညီမလေးရဲ့ အိတ်တွေကို ဝန်ထမ်းအဆောင်မှာ သွားထားပြီး ငါနဲ့အတူ မီးဖိုချောင်ကို လိုက်ခဲ့ပေါ့။"

"ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ်။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment